အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း (၅၉၂) - အပြစ်အနာအဆာကင်းသော အခြေခံတည်ဆောက်ခြင်းနှင့် အလှည့်ကိုးကြိမ် ရွှေအမြုတေ (၃)
သူ၏ ပုံမှန် ကျင့်ကြံခြင်း အချိန်များတွင် ပုစဉ်းပိုးတုံးလုံး ကျင့်စဉ်ကို အသုံးပြုကာ သက်တမ်းကို ခုနစ်နှစ်ခန့် ဆွဲဆန့်ထားလေ့ရှိ၏။ ထိုတွက်ချက်မှုအရ ဆိုရလျှင် သူသည် နှစ်ပေါင်း နှစ်ထောင်ကျော်တိုင်အောင် အသက်ရှည်ရှည် နေနိုင်မည်သာ ဖြစ်၏။
ဤအချက်ကို ရှင်းလင်းစွာ သိမြင်သွားပြီးနောက် စုယွီသည် သူ၏ စိတ်အာရုံများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ အကြည့်တို့က ဝိညာဉ်ရေကန်ထဲရှိ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်ထံသို့ ရောက်ရှိသွားတော့သည်။ သူ့ရင်ထဲတွင် တစ်ချက်လှုပ်ခါသွားပြီးနောက် နှုတ်မှ ထုတ်ဖော်ပြောလိုက်၏။
“လာစမ်း.. ငါတို့ သိုင်းလက်ရည် ယှဉ်ကြည့်ရအောင်”
မျက်တောင်တစ်ခတ်မျှ အချိန်အကြာဝယ်…ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် ရှိသမျှ ခွန်အားကို ထုတ်သုံးလိုက်သည်။ ၎င်း၏ လိပ်ခွံကြီးကို ပင့်တင်လိုက်၏။ ခေါင်းနှင့် ခြေလက်များကို အတွင်းသို့ ဆွဲသွင်းလိုက်၏။ ထို့နောက် စုယွီ၏ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ်မှ လက်ဝါးခုတ်ချက်ကို အံကြိတ်ကာ ခံယူရန် ပြင်ဆင်လိုက်တော့သည်။
ဘုန်းခနဲ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် လွင့်စင်သွားကာ ၎င်း၏ ဝိညာဉ်ရေကန်ထဲသို့ ဝုန်းခနဲ ပစ်ကျသွားလေတော့သည်။
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်၏ လိပ်ခွံကာကွယ်မှု ကျိုးပဲ့မသွားသည်ကို စုယွီ သတိထားမိလိုက်ချိန်တွင် မျက်နှာမှာ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားပြီး ပြောလိုက်သည်။
“နောက်တစ်ခါ ထပ်လာမယ်”
သို့ဖြစ်သော်ငြားလည်း ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် ဝိညာဉ်ရေကန်၏ အောက်ခြေသို့ ကျုံ့ဝင်သွားကာ တဆတ်ဆတ်တုန်ရီနေလျက် ငိုယိုတောင်းပန်လေတော့သည်။
“တော်ပါတော့ သခင်ရယ်.. တကယ်ပြောတာပါ.. နောက်တစ်ချက်ဆိုရင် ကျွန်တော် အမှုန့်ဖြစ်သွားလိမ့်မယ်”
“အဆင့်လေး ဝိညာဉ်အရည် တစ်စက်.. မဟုတ်ဘူး.. ဆယ်စက် ပေးမယ်”
ပင်လယ်လွှမ်းမိုး ရွှမ် လိပ်မှာမူ တုံ့ခနဲပင် မလှုပ်ရှားပေ။
စုယွီသည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“အစက်တစ်ရာ ပေးမယ်ကွာ”
ရွှီးခနဲ အသံနှင့်အတူ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် ဝိညာဉ်ရေကန်ထဲမှ ရိပ်ခနဲ ပြေးထွက်လာတော့သည်။ ၎င်း၏ အရှိန်အဝါသည် တစ်ဟုန်ထိုး တိုးတက်လာကာ နက်နဲသော အကာအကွယ်တစ်ခုက ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ မြေပြင်ပေါ်တွင် တွားသွားလျက် သေရမည်ကိုပင် မကြောက်ရွံ့တော့သည့်ဟန်ဖြင့် နေ၏။
“ကောင်းပါပြီဗျာ.. သခင် ပျော်ဖို့သာ အဓိကပါပဲ”
စုယွီသည် ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ်ကို ထပ်မံထုတ်ဖော်လိုက်ပြီး ပင်လယ်လွှမ်းမိုး ရွှမ် လိပ်၏ လိပ်ခွံကို သည်းကြီးမည်းကြီး တိုက်ခိုက်တော့သည်။ အလှည့်ကိုးကြိမ် ရွှေအမြုတေ၏ ခွန်အားကို အပြည့်အဝ ထုတ်သုံးလိုက်သောအခါမှသာ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်၏ ကာကွယ်မှုကို သီသီလေး ချိုးဖျက်နိုင်ခဲ့၏။
'ဒီကောင်လေးက တော်တော် အကြောမာတဲ့ သတ္တဝါပဲ..'
အကြောင်းမူကား သူသည် ယခုအခါ ရွှေအမြုတေ အခြေခံ အလှည့်ကိုးကြိမ်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။ သို့သော်လည်း ၎င်း၏ ကာကွယ်မှုနှင့် နှိုင်းယှဉ်လျှင် ပင်လယ်လွှမ်းမိုး ရွှမ် လိပ်၏ ခွန်အားသည် သိသိသာသာ နိမ့်ကျနေပြီး သူ၏ ရွှေအမြုတေ အခြေခံ အလှည့်ရှစ်ကြိမ်တွင် ရှိစဉ်က အင်အားနှင့်သာ ခပ်ဆင်ဆင် တူညီသည်။
စုယွီထံမှ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ်၏ ရက်စက်ကြမ်းကြုတ်သော ထိုးနှက်ချက်များကို ခံယူပြီးနောက် ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် အသံကုန် အော်ဟစ်ကာ ဝိညာဉ်ရေကန်ထဲသို့ ဆုတ်ခွာသွားလေတော့သည်။ စုယွီက သူ၏ ကိုယ်ပိုင် အဆင့်လေး ဝိညာဉ်အရည် စက်တစ်ရာကို ပေးလိုက်သောအခါမှသာ ပင်လယ်လွှမ်းမိုး ရွှမ် လိပ်သည် ငိုယိုနေခြင်းကို ပျော်ရွှင်စွာ ရပ်တန့်လိုက်၏။ ထို့နောက် ရေကန်၏ အောက်ခြေသို့ ပြန်လည်နစ်မြုပ်သွားကာ ဝိညာဉ်အရည်များကို မျိုချပြီး အိပ်စက်သွားလေတော့သည်။
စုယွီသည် ခေါင်းကိုခါယမ်းကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် နောက်သို့ ချာခနဲ လှည့်ထွက်ကာ မှော်လက်နက် နန်းဆောင်အတွင်းမှ ထွက်ခွာလာခဲ့သည်။
အလှည့်ကိုးကြိမ် ရွှေအမြုတေအား ရရှိလေပြီ။
ဆက်လက်၍ သူလုပ်ဆောင်ရန် လိုအပ်သည်မှာ မူလဝိညာဉ်အဆင့်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးရန်၊ လေ့ကျင့်မှုမှတစ်ဆင့် ကျွမ်းကျင်မှုကို တဖြည်းဖြည်း စုဆောင်းရန်နှင့် မူလဝိညာဉ်အဆင့်သို့ အဆင့်တက်လှမ်းရန်သာ။ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများအတွက် လွန်စွာ ခက်ခဲလှပါသည်ဆိုသော အဆင့်တက်ရန် အဟန့်အတားသည် သူ့အဖို့မူ လုံးဝ ယုံမှားဖွယ်မရှိ အလွယ်တကူ ကျော်လွှားနိုင်သော အရာသာ ဖြစ်နေ၏။
သို့ဖြစ်သော်ငြားလည်း မူလဝိညာဉ်အဆင့်သို့ အဆင့်တက်လှမ်းရန် အထောက်အကူပြုသည့် ချီစုစည်းမှု ဆေးလုံးများနှင့် အခြားသော အကူအညီများ ပြင်ဆင်ခြင်းကဲ့သို့သော ကိစ္စများအတွက် သူ ခွန်အား ဖြုန်းတီးနေရန် မလိုအပ်ပေ။ ထိုအခိုက်အတန့်၌ ဓာတ်ကြီးငါးပါးကျင့်စဉ်ကို မူလဝိညာဉ်အဆင့်သို့ မြှင့်တင်လိုက်မည် ဆိုပါက သူ၏ အခြေခံအုတ်မြစ်ပိုင်းဆိုင်ရာ ခွန်အားများ လျော့ရဲသွားမည် ဖြစ်သည်။
ဓာတ်ကြီးငါးပါး ကျင့်စဉ်ထဲသို့ ပေါင်းစည်းရန်အတွက် မူလဝိညာဉ်အဆင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်များကို သူ ပိုမိုရှာဖွေရန် လိုအပ်၏။ ထို့အပြင် အကယ်၍ သူသာ မူလဝိညာဉ်အဆင့်သို့ တက်လှမ်းသွားပါက နောက်ဆက်တွဲ ကျင့်စဉ်များအတွက်လည်း စတင်စဉ်းစားသင့်နေပေပြီ။ အကြောင်းမူကား သစ်စိမ်းရောင် သက်တမ်းရစ်ခွေ ကျင့်စဉ်မှလွဲ၍ သူပိုင်ဆိုင်ထားသော အခြားကျင့်စဉ်များ အားလုံးသည် မူလဝိညာဉ် အဆင့်၌သာ ရှိနေသောကြောင့် ဖြစ်သည်။
ဝိညာဉ်ခွဲထွက် အဆင့်အတွက် နောက်ဆက်တွဲ ကျင့်စဉ်များကို ရှာဖွေရခြင်းက ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်၏။ ထိုမျှ အဆင့်မြင့်မားသော ကျင့်စဉ် အမွေအနှစ်မျိုးမှာ နေရာတိုင်းတွင် အလွယ်တကူ မတွေ့နိုင်ပေ။ အင်မော်တယ် စံအိမ်တော်နှင့် အင်မော်တယ် ဂိုဏ်းများတွင်ပင် ထိုကဲ့သို့သော ကျင့်စဉ်များကို အဖွဲ့အစည်း၏ အဖိုးတန် အမွေအနှစ်အဖြစ် သတ်မှတ်ထားလေ့ရှိကြသည်။
စုယွီ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာပြီး နှစ်ရက်အကြာဝယ်.. အန်းပေါ်ယီသည် ဝမ်ပေါင် ကုန်သည်အသင်းမှ မူလဝိညာဉ် အလယ်အဆင့်ရှိ အရှင်သခင် တစ်ဦးကို ခေါ်ဆောင်ကာ စုယွီထံသို့ လာရောက်တွေ့ဆုံသည်။ ၎င်းတို့သည် အဆင့်သုံး ထိပ်တန်းအရည်အသွေးရှိ ဆေးလုံး တစ်သောင်းကို အရောင်းအဝယ်ပြုလုပ်ခဲ့ကြပြီး ဝမ်ပေါင် ကုန်သည်အသင်းမှ ဤအချိန်အတောအတွင်း အပင်ပန်းခံ စုဆောင်းထားခဲ့သော ပစ္စည်းများကို စုယွီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ခဏအကြာမှာ အန်းပေါ်ယီနှင့် မူလဝိညာဉ်အဆင့်ရှိ အရှင်သခင်တို့ ထွက်ခွာသွားပြီးနောက် ဝမ်ပေါင် ကုန်သည်အသင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအသင်း၏ သီးသန့် အခန်းတစ်ခန်းအတွင်း၌ မူလဝိညာဉ် နောက်ဆုံးအဆင့်ရှိ အရှင်သခင်တစ်ဦးမှာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့၏။
ထိုနှစ်ဦး ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် မူလဝိညာဉ်အဆင့်ရှိ အရှင်သခင်ထံသို့ စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလဲ.. တစ်ခုခု သဲလွန်စ ရခဲ့ရဲ့လား”
အခန်း (၅၉၃) - ပင်လယ်ပြင်ထက်မှ ရွှမ်လိပ်သတ္တဝါ (၁)
ဝမ်ပေါင် ကုန်သည်အသင်း၏ မူလအစကား ဝမ်ရှန်း အင်မော်တယ် နန်းတော်ကြီးဆီသို့ ခြေရာခံ ကောက်ယူရပေမည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ထိပ်သီး ကျင့်ကြံခြင်း မိသားစုကြီး လေးခုတို့ စုပေါင်း တည်ထောင်ခဲ့ကြခြင်း ဖြစ်ပေ၏။
နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်လာခဲ့ပြီးနောက် ယခုအခါ ဝမ်ပေါင် ကုန်သည်အသင်းကြီးသည် ဝမ်ရှန်းနန်းတော် အတွင်းရှိ အင်မော်တယ် မြို့တော်များကို အခြေခံ အုတ်မြစ်အဖြစ် တည်ဆောက်ထားနိုင်ခဲ့တော့၏။ ထို့အပြင် အရှင်သခင်ဆယ်ပါး မြို့တော် ကဲ့သို့သော ဘက်မလိုက်သည့် ဧရာမ မြို့တော်ကြီးများကိုပါ ချုပ်ကိုင်လွှမ်းမိုးထားနိုင်ခဲ့ရာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခွင်၌ ၎င်းတို့၏ ဂုဏ်သတင်းကား မိုးတိမ်ကိုပင် ထိုးဖောက်နေချေပြီ။
မူလဝိညာဉ် အလယ်အလတ်အဆင့်တွင် ရှိသော အရှင်သခင် ဟယ်ရှင်း သည် ဝမ်ပေါင် ကုန်သည်အသင်းကြီး၏ အမာခံ အကြီးအကဲ တစ်ပါး ဖြစ်သည်။ ထိုကဲ့သို့သော အမာခံ အကြီးအကဲပေါင်း နှစ်ဆယ်တိတိ အသင်းကြီးထဲတွင် ကိန်းဝပ်နေကြ၏။ ၎င်းတို့အပြင် ပြင်ပကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းပေးရသည့် ပူဇော်ခံ အကြီးအကဲများလည်း ရှိသေးရာ ထိုသူများမှာ မတူညီသော မိသားစု အသီးသီးမှ ဆင်းသက်လာကြသည့် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများပင် ဖြစ်၏။
ယခု သီးသန့်ခန်းဆောင် အတွင်း၌ စောင့်ဆိုင်းနေသော မူလဝိညာဉ် နှောင်းပိုင်းအဆင့် အရှင်သခင်ကြီးသည် ထိုပူဇော်ခံ အကြီးအကဲများထဲမှ တစ်ပါး ဖြစ်သည်။ တတိယ အကြီးအကဲ ဟု လူသိများပြီး သူ၏ နာမည်ရင်းမှာ လေ့ထုံ ဖြစ်ကာ အရှင်သခင် လေ့ယန် ဟူသော တာအိုဘွဲ့နာမဖြင့် သိုင်းလောကတစ်ခွင် ကျော်ကြားသူ ဖြစ်၏။
ဟယ်ရှင်းသည် လေ့ထုံ၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ မျက်မှောင်ကြုတ်လျက် စကားဆိုလိုက်သည်။
“ခန့်မှန်းရ တော်တော်ခက်တယ်ဗျာ... သူ့ဆီမှာ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ မှော်လက်နက် တစ်ခုခု ရှိနေလောက်တယ်”
“ဒီလောက်တောင် လုံလုံခြုံခြုံ ဖုံးကွယ်ထားနိုင်မှတော့ သူ့ရဲ့ ရုပ်သွင်ကလည်း အတုဖြစ်ဖို့ များတယ်... ယွင်ရှောင် ဆေးလုံးစံအိမ်ရဲ့ နောက်ကွယ်က အင်အားကို စုံစမ်းချင်ရင် သူ့ဆီကနေ စတင်တာပဲ ရမယ်”
“ဟို ရွှေအမြုတေ အဆင့် မိန်းမပျို သုံးယောက်ကိုလည်း ကျုပ် စုံစမ်းပြီးသွားပြီ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျိုလင်ဂူ ကုန်သည်အသင်းဆီကနေ သူဝယ်လာခဲ့တဲ့ အစေခံမလေးတွေပဲဗျ... သူတို့လည်း သူ့အကြောင်း သိပ်သိမှာ မဟုတ်ပါဘူး”
လေ့ထုံ၏ မျက်မှောင်တို့ တွန့်ချိုးသွားကာ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ယှက်သန်းလာသည်။
“သူက ဘယ်လိုလုပ် ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်ရတာလဲ... ဘာအကြောင်းကြောင့်များလဲ”
မှောင်ခိုလောက အတွင်း၌ မတူညီသော အင်အားစုများအကြား အရောင်းအဝယ် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လေ့ ရှိကြသော်လည်း တစ်ဖက်လူ၏ နောက်ခံ အကြောင်းရင်းကို စူးစမ်း ဖော်ထုတ်ရန်မှာ သိပ်တော့ မခက်ခဲလှပေ။
အကြောင်းမူကား အန်းပေါ်ယီ ယခင်က ပြောခဲ့ဖူးသည့်အတိုင်း ခိုင်မာသော နောက်ခံ အင်အားစု တစ်ခုမျှ မရှိဘဲနှင့် မှောင်ခိုလောကထဲတွင် ခြေကုပ်ယူ ရှင်သန်နိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်တည်း။
အကယ်၍ ယွင်ရှောင် ဆေးလုံးစံအိမ်သာ စစ်မှန်သော ခွန်အား မရှိခဲ့လျှင် အခြားသော လောဘသားကောင် အင်အားစုများ၏ ဝါးမြိုခံလိုက်ရမည်မှာ ယုံမှားဖွယ် မရှိချေ။
အဆိုးဆုံး အခြေအနေကို တွေးကြည့်ရလျှင် ယွင်ရှောင် ဆေးလုံးစံအိမ်သည် အချိန်ကာလ မြစ်ရေယဉ်ကြောထဲတွင် ပျောက်ကွယ်သွားသော ဖုန်မှုန့် အစက်အမွှားလေး တစ်ခု အဖြစ်သာ အဆုံးသတ်သွားပေလိမ့်မည်။
သို့ဖြစ်သော်ငြားလည်း ယွင်ရှောင် ဆေးလုံးစံအိမ်မှ ထိုလူသည် ထိုမျှ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု လေ့ထုံ နှင့် ဟယ်ရှင်း တို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ဟယ်ရှင်း ကိုယ်တိုင်ကိုယ်ကျ စုံစမ်း ခြေရာခံခဲ့သော်လည်း အပ်ကျသံမျှပင် သဲလွန်စ မရခဲ့ချေ။
အတန်ကြာ ခေါင်းခဲမတတ် စဉ်းစားပြီးနောက် လေ့ထုံက သက်ပြင်းချကာ ပြောလိုက်၏။
“ထားလိုက်ပါတော့ဗျာ... ခင်ဗျားရဲ့ စူးရှတဲ့ မျက်စိအောက်မှာတောင် ကိုယ့်ကျင့်ကြံဆင့်ကို လုံအောင် ဖုံးကွယ်ထားနိုင်တဲ့သူက သာမန်တော့ ဘယ်ဟုတ်ပါ့မလဲ”
“ဒီလူကို သွားမစတာ အကောင်းဆုံးပဲ”
ဟယ်ရှင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကွေးတက်သွားကာ ကောက်ကျစ် စဉ်းစားသော အပြုံးတစ်ခု ပေါ်လာသည်။
“မဟုတ်သေးဘူးလေ... ကျုပ်တို့ ကိုယ်တိုင် သွားမစနိုင်ပေမယ့် တခြားလူတွေ မစနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ... လူတစ်ယောက်ယောက်ကများ သူတို့ရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ပေးလိုက်မယ် ဆိုရင် ကျုပ်တို့အတွက်တော့ ဒါဟာ အထိရောက်ဆုံးပဲ မဟုတ်လား”
“လူတွေက ဥစ္စာဓနအတွက် သေရဲသလို ငှက်တွေကလည်း အစားအစာအတွက် အသက်စွန့်ရဲကြတယ်လေဗျာ... အခု သူ့လက်ထဲမှာ အဖိုးတန် ရတနာတွေ အပုံလိုက်ကြီး ရှိနေတာဆိုတော့ တော်တော်များများ ရူးသွပ်သွားလောက်တယ်”
လေ့ထုံ တစ်ချက် စဉ်းစားလိုက်သော်လည်း ဝင်ရောက် ဟန့်တားခြင်း မပြုတော့ပေ။ အကြောင်းမှာ ဤသည်ကား သူတို့ မကြာခဏ အသုံးပြုလေ့ရှိသော သာမန် နည်းဗျူဟာ တစ်ခုသာ ဖြစ်နေသောကြောင့်တည်း။
စုယွီ၏ သတိပေးချက်ကြောင့် ထိုသူများကို ပေါ့ပေါ့တန်တန် သဘောမထားရဲသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ယွင်ရှောင် ဆေးလုံးစံအိမ်က အဆင့် (၃) အဆင့်မြင့် ဆေးလုံး (၁၀၀၀၀) တိတိကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်ခဲ့သည့်အပြင် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် အဆင့် (၅) ပစ္စည်းများကိုပါ လိုက်လံ စုဆောင်းနေသည်ကို တွေ့ရသောအခါ သူတို့၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားသည်အထိ ထိတ်လန့်သွားကြရသည်။
ဤမျှ လျှို့ဝှက်ဆန်းကြယ်လှသော အင်အားစုကြီးက သူတို့၏ နှလုံးသားများကို မအေးချမ်းနိုင်အောင် ခြောက်လှန့်နေခဲ့ချေပြီ။
ယွင်ရှောင် ဆေးလုံးစံအိမ်၏ စစ်မှန်သော အင်အား အတိမ်အနက်ကို နားလည်ထားခြင်းက ဝမ်ပေါင် ကုန်သည်အသင်းကြီး အတွက် အလွန် အကျိုးရှိမည်မှာ ဧကန်မလွဲပင်။
အနည်းဆုံးတော့ သူတို့၏ အတိုင်းအတာကို သိထားလျှင် ယွင်ရှောင် ဆေးလုံးစံအိမ်နှင့် မည်သို့ ဆက်ဆံရမည်ကို သိရှိလာမည် ဖြစ်ကာ တစ်ဖက်လူ၏ လှည့်စား ခြယ်လှယ်ခြင်းကို မခံရဘဲ အရောင်းအဝယ် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် လေ့ထုံက သတိပေးစကား တစ်ခွန်းသာ ဆိုလိုက်တော့၏။
“သေချာ ဂရုစိုက်လုပ်ပါဗျာ... အသင်းကြီးရဲ့ အင်အားကိုတော့ လုံးဝ သွားမသုံးနဲ့... အသင်းကြီးက ဒီလို ပြဿနာမျိုးတွေကို ဆွဲမသွင်းချင်ဘူး”
ဟယ်ရှင်းက ပခုံးတစ်ချက် တွန့်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ကျုပ် ဘာမှ ဝင်မလုပ်ပါဘူး... ယွင်ရှောင် ဆေးလုံးစံအိမ်က သိပ်ကို ချမ်းသာကြွယ်ဝနေတယ် ဆိုတဲ့ သတင်းကို တချို့ လူတွေ ဒါမှမဟုတ် အင်အားစုတွေဆီကို တိတ်တဆိတ် သတင်းပါးလိုက်ရုံလေးပါ”
ထိုကိစ္စကို ဆွေးနွေးပြီးနောက် သူတို့သည် ရက်အနည်းငယ် အတွင်း ကျင်းပမည့် လေလံပွဲ အကြောင်းကို ဆက်လက် ပြောဆိုလိုက်ကြသည်။
ဝမ်ပေါင် ကုန်သည်အသင်းကြီး၏ နာမည်ဂုဏ်သတင်းကား အလွန် ကြီးမားလှပေရာ လေလံပွဲနှင့် ပတ်သက်သည့် သတင်းများမှာ လွန်ခဲ့သော နှစ်များစွာ ကတည်းကပင် လေပြေအလား ဂယက်ထနေခဲ့ပြီး ဖြစ်ပေ၏။
ထို့အပြင် မိစ္ဆာမျိုးနွယ်စုများက အရှင်သခင်ဆယ်ပါး မြို့တော်ကို ဝိုင်းရံ ပိတ်ဆို့လိုသော အခြေအနေကို အခွင့်ကောင်း ယူလိုက်ရာ ယခုအခါ အရှင်သခင်ဆယ်ပါး မြို့တော်ကြီး အတွင်း၌ ကျင့်ကြံသူများဖြင့် ပြည့်နှက် ကျပ်ညပ်နေတော့၏။
ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် ကျင်းပမည့် လေလံပွဲကြီးကား သာမန်ထက် ထူးကဲသော ဧရာမ ပွဲတော်ကြီး တစ်ခု ဖြစ်လာမည်မှာ ကြိုတင် ပြဋ္ဌာန်းထားပြီးသားပင် ဖြစ်တော့သည်။
ယွင်ရှောင် ဆေးလုံးစံအိမ်ထံမှ ယခုလေးတင် ရရှိခဲ့သော အဆင့် (၃) အဆင့်မြင့် ဆေးလုံး (၁၀၀၀၀) အပြင် ဝမ်ပေါင် ကုန်သည်အသင်းကြီးသည် အခြားသော အဖိုးတန် ရတနာ အမြောက်အမြားကိုလည်း စုဆောင်းရရှိထားပြီး ဖြစ်ရာ ကြီးမား ခမ်းနားလှသော လေလံပွဲကြီး တစ်ခုကို ကျင်းပရန် လုံလောက်နေချေပြီ။
*
တဆက်တည်း၌ပင် ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်း၌...
စုယွီသည် ဟယ်ရှင်းထံမှ ရရှိထားသော လေလံပွဲ ဖိတ်စာကို လင်းချင်းရှား ထံသို့ ကမ်းပေးလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
“လာမယ့် ရက်တွေကျရင် မင်းတို့ကို ပွဲစည်တဲ့ နေရာတွေဆီ လိုက်ပို့ပေးမယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးယောက်စလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ ဖုံးလွှမ်းသွားတော့သည်။ သူတို့သည် အပြင်ထွက်ခဲလှသလို စုယွီ နှင့်အတူ လမ်းလျှောက် ထွက်ရမည့် အခွင့်အရေးမျိုး ဆိုသည်မှာလည်း အလွန် ရှားပါးလှသည် မဟုတ်လော။
ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော လေလံပွဲကြီးသို့ လိုက်ပါခွင့် ရမည်ဟု စုယွီက ကိုယ်တိုင်ကိုယ်ကျ ပြောလာသောအခါ မိန်းမပျိုလေးများ၏ ရင်တွင်း၌ ပီတိဖြစ်သွားရသည်မှာ သဘာဝပင် ဖြစ်၏။
လင်းချင်းရှားက ဖိတ်စာကို သေချာစွာ သိမ်းဆည်းလိုက်ပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေးရှင်”
ထို့နောက် စုယွီသည် သူ၏ လက်ထဲသို့ ရောက်ရှိလာသော ပစ္စည်းများကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်သော အဆင့် (၅) ပစ္စည်း အမျိုးအစားပေါင်း နှစ်ဆယ်ကျော် ပါဝင်နေ၏။ ထိုပစ္စည်း တစ်ခုချင်းစီကို အခင်းအကျင်း၏ အခြေခံ အုတ်မြစ်နှင့် အဓိက အချိတ်အဆက်များ ဖန်တီးရာတွင် အမြောက်အမြား အသုံးပြုရမည် ဖြစ်သည်။ ထိုသို့ ဖန်တီးပြီးမှသာ ဟင်းလင်းပြင် ကျောက်တုံးကို အဓိက အသက်သွေးမျိုးဆက် အဖြစ် အသုံးပြုကာ နယ်မြေဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်မည် ဖြစ်၏။
ထိုပစ္စည်းများသည် ကြောက်မက်ဖွယ် ကောင်းလှသော ဟင်းလင်းပြင် စွမ်းအားများကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ရာ ပစ္စည်းတစ်ခုစီတိုင်းသည် အလွန် ရှားပါးလှပြီး အားလုံးမှာ အဆင့် (၅) နှင့် အထက်တွင် ရှိနေကြသည်။
ယခု လက်ရှိ စုယွီ၏ လက်ဝယ်တွင် ဝမ်ပေါင် ကုန်သည်အသင်းကြီးထံမှ စုဆောင်းရရှိထားသော ပစ္စည်းများ အပါအဝင် ပစ္စည်း အမျိုးအစား ရှစ်မျိုးကို စုစည်းမိနေပြီ ဖြစ်၏။ သို့သော် အမျိုးအစား ခြောက်မျိုးမှာမူ အရေအတွက် လုံလောက်မှု မရှိသေးပေ။ ထို့ကြောင့် ယေဘုယျအားဖြင့် တွက်ကြည့်မည် ဆိုလျှင် သူလိုအပ်သော ပစ္စည်းများ၏ ငါးပုံတစ်ပုံခန့်ကိုသာ စုဆောင်းရရှိသေးကြောင်း သိနိုင်သည်။
ဤမျှလောက် ပစ္စည်းများအတွက်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်း (၁၅၀) သို့မဟုတ် သန်း (၁၆၀) ခန့် ကုန်ကျသွားခဲ့တော့၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အဆင့် (၅) ပစ္စည်းများ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ပစ္စည်း တစ်ခုချင်းစီအတွက် လိုအပ်သော အရေအတွက်မှာလည်း ခန့်မှန်း၍ပင် မရနိုင်အောင် ကြီးမား များပြားလွန်းလှ၏။
ဤအဆင့် (၅) ပစ္စည်းများကို အလယ်အလတ်အဆင့် မှော်လက်နက်များ ဖန်တီးရာတွင်ပင် အသုံးပြုနိုင်သေးသည် မဟုတ်ပါလော။
ဝိညာဉ်ကျောက်တုံးများ အကြောင်း ပြောရမည် ဆိုလျှင်တော့...
စုယွီ၏ လက်ဝယ်၌ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာခန့် ကျန်ရှိနေပါသေးသည်။
အဆင့် (၅) ပစ္စည်းများကား အလွန်တရာ အဖိုးတန်လွန်းလှရာ ယခင်က ၎င်းတို့ကို လိုက်လံ စုဆောင်းရသည်မှာ စုယွီအတွက် အင်မတန် ခက်ခဲကြမ်းတမ်းသော အလုပ်တစ်ခု ဖြစ်ခဲ့၏။
ထိုသို့သာ မဟုတ်ခဲ့လျှင် သူသည် ဝမ်ပေါင် ကုန်သည်အသင်းကြီးထံမှ ထိုပစ္စည်းများကို လဲလှယ် ရယူရန်အတွက် အဆင့် (၃) အဆင့်မြင့် ဆေးလုံး (၁၀၀၀၀) တိတိကို ဖန်တီး ထုတ်ပေးခဲ့မည် မဟုတ်ချေ။
အခန်း (၅၉၄) - ပင်လယ်ပြင်ထက်မှ ရွှမ်လိပ်သတ္တဝါ (၂)
'တခြား ပစ္စည်းတွေက ဖြည်းဖြည်းချင်း စုဆောင်းလို့ ရပေမဲ့ ဟင်းလင်းပြင် သတ္တုကတော့... အင်း... အခုချိန်မှာ ရှာရခက်သားပဲ...'
စုယွီက ခေါင်းယမ်းကာ တွေးလိုက်၏။
'ရှာတွေ့ရင်တော့ အကောင်းဆုံးပဲပေါ့... မတွေ့ရင်လည်း မူလဝိညာဉ် အဆင့်ကို ချိုးဖြတ်ပြီးတဲ့အခါ အင်မော်တယ် ဂိုဏ်းကနေ လဲလှယ်လို့ ရမလားဆိုတာ ကြည့်ရမယ်... အရာအားလုံးကို အပြင်ဘက်ကနေချည်းပဲ လိုက်စုဆောင်းနေစရာမှ မလိုတာ...'
ထိုအခိုက် စုယွီ၏ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထပ်မံ ထုတ်ယူလိုက်တော့သည်။
လော့ချန်ယွီထံမှ သတင်းစကား တစ်ခု ရောက်ရှိလာ၏။
“ဆရာဦးလေး ထျန်းယွီက အာရုံလှည့်စားမှု ရွံ့ညွံတောကနေ ပြန်ရောက်လာပြီ... သူ အခု အရှင်သခင်ဆယ်ပါး မြို့တော်မှာ ရှိနေတယ်... နင်လည်း သူ့ဆီ သွားပူးပေါင်းရမယ်နော်...”
စုယွီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်
အယောင်များ ယှက်သန်းသွားကာ မေးလိုက်သည်။
“ဆရာက ကျွန်တော့်ကို ဘာကိစ္စကြောင့် ရှာနေတာလဲဆိုတာ အစ်မ သိလား...”
လော့ချန်ယွီက ပြန်ဖြေလာ၏။
“မိစ္ဆာမျိုးနွယ်စုနဲ့ ပတ်သက်နေမယ်လို့တော့ ထင်တယ်... ဒါပေမဲ့ သေသေချာချာတော့ မသိဘူးဟယ်...”
ဒုတိယနေ့သို့ ရောက်သောအခါ စုယွီသည် ယွင်ရှောင် ဆေးလုံးစံအိမ်မှ ထွက်ခွာ၍ အရှင်သခင်ဆယ်ပါး မြို့တော်ဆီသို့ ဦးတည်လိုက်သည်။ ယခင်က ဤမြို့တော် အတွင်း၌ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ ဝန်ခံထားခြင်း မရှိခဲ့ရာ အလွန်တရာ စောစီးစွာ ရောက်သွား၍ကား မဖြစ်ပေ။
လမ်းမထက်တွင် လျှောက်လှမ်းလာရင်း ကျင့်ကြံသူ အမြောက်အမြားကို စုယွီ တွေ့လိုက်ရ၏။ လူအုပ်ကြီးကား ကြက်ပျံမကျ စည်ကားသိုက်မြိုက်နေပြီး ယခင် အရှင်သခင်ဆယ်ပါး မြို့တော်၏ လူဦးရေထက် နှစ်ဆ သုံးဆခန့်ပင် ပိုမို များပြားနေချေပြီ။
ထို့အပြင် လမ်းဘေး ဝဲယာ တစ်လျှောက်၌ မိစ္ဆာသားရဲများနှင့် ပတ်သက်သော ပစ္စည်းအမြောက်အမြားကိုလည်း ရောင်းချနေကြသည်။
သာမန် ပစ္စည်းများကိုမူ စုယွီ စိတ်မဝင်စားပါချေ။ သို့သော် မိစ္ဆာသားရဲများ၏ သားရေ၊ သွေးအနှစ်သာရ နှင့် မိစ္ဆာအမြုတေများကို မြင်လိုက်ရသောအခါ သူ၏ စိတ်အာရုံကို ဖမ်းစားသွားတော့၏။ မိစ္ဆာမျိုးနွယ်စုများက အရှင်သခင်ဆယ်ပါး မြို့တော်ကို ဝိုင်းရံ ပိတ်ဆို့နေကြပြီ ဆိုလျှင် သေဆုံးသွားသော မိစ္ဆာသားရဲများလည်း အများအပြား ရှိနေမည်မှာ ယုံမှားဖွယ် မရှိပေ။
'အဆောင် လက်ဖွဲ့တွေ ဖန်တီးဖို့ မိစ္ဆာသားရဲ ပစ္စည်း တစ်သုတ်လောက် စုဆောင်းထားလို့ ရတာပဲ... ဒီလောက် အရေအတွက် များနေမှတော့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း အတော်လေး ထိုးကျသွားနိုင်တယ်... ပစ္စည်းတွေ စုဆောင်းလှောင်ဖို့ အကောင်းဆုံး အချိန်ပဲ...'
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ လက်ဝယ်၌ ဝိညာဉ်ကျောက်တုံးများလည်း အမြောက်အမြား ရှိနေသေးသည် မဟုတ်ပါလော။
ထိုသို့ ဦးနှောက်အား အလုပ်ပေး စဉ်းစားလာရင်း ဒေသခံ အခြေစိုက် စခန်းဖြစ်သော မြေကမ္ဘာ အင်မော်တယ် နန်းတော်ဆီသို့ စုယွီ ရောက်ရှိလာခဲ့သည်။ မကြာမီမှာပင် တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး လျိုဝေ့ဟူ၊ အရှင်သခင်မ ယွီရော့၊ အရှင်သခင်မ ယွဲ့လန်၊ အရှင်သခင်မ ကုလန်၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် အခြားသော ပုဂ္ဂိုလ်များ အပါအဝင် လူဒါဇင်ပေါင်းများစွာသည် ပင်မ ခန်းမဆောင်ကြီး အတွင်း၌ စုဝေးရောက်ရှိလာကြတော့သည်။
တာအိုဆရာ ထျန်းယွီက လူအုပ်ကြီးကို တည်ကြည် လေးနက်စွာ အကဲခတ်လိုက်ပြီး စုယွီကို တစ်ချက် စိုက်ကြည့်လိုက်၏။ ထို့နောက် အားလုံးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မိစ္ဆာမျိုးနွယ်စုတွေ အရှင်သခင်ဆယ်ပါး မြို့တော်ကို ဝိုင်းရံပိတ်ဆို့ရတဲ့ အကြောင်းရင်းက ရှင်းလင်းသွားပြီ... အဲဒါက ဖူလင် ပင်လယ်ပြင်က ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေနဲ့ ဆက်စပ်နေတယ်...”
အရှင်သခင်မ ယူရော့ကား အေးစက်စက် မျက်နှာထားနှင့် နက်မှောင်သော အပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် နတ်မိမယ် တစ်ပါးအလားပင်။ သူမသည် လော့ချန်ယွီ၏ ဘေးတွင် ထိုင်နေပြီး ညီအစ်မများဟုပင် ထင်မှတ်ရသည်။ သူမက မျက်မှောင်ကို အနည်းငယ် တွန့်ချိုးလိုက်ပြီး မေးလိုက်၏။
“ဒီကိစ္စက ပင်လယ်မျိုးနွယ်စုတွေနဲ့ ဘယ်လိုလုပ် ဆက်စပ်နေရတာလဲ... သူတို့က ကျမတို့ မြေပြင်ဂိုဏ်းတွေရဲ့ ကိစ္စရပ်တွေကို ဝင်ရောက် စွက်ဖက်ရဲတယ်ပေါ့လေ... တိုက်ပွဲ ဖြစ်ချင်လို့ ယားယံနေကြတာလား...”
တာအိုဆရာ ထျန်းယွီက ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။
“အခြေအနေက မသေချာသေးဘူး... ဒါပေမဲ့ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုသာ တကယ် ဝင်ပါလာမယ် ဆိုရင် အခု သူတို့ သွေးထိုးလှုံ့ဆော်ထားတဲ့ မိစ္ဆာမျိုးနွယ်စုတွေနဲ့ ပေါင်းပြီး အရှင်သခင်ဆယ်ပါး မြို့တော်ကြီး အဖျက်ဆီးခံရမယ့် အန္တရာယ် ကျရောက်သွားနိုင်တယ်...”
အရှင်သခင်ကြီး လျိုဝေ့ဟူ က သူ့ကို လေးလေးနက်နက် ကြည့်ကာ မေးလိုက်၏။
“ကျုပ်တို့ ဂိုဏ်းရဲ့ အမိန့်က ဘာတဲ့လဲ...”
တာအိုဆရာ ထျန်းယွီက ပြန်ဖြေသည်။
“အမိန့်ရှိတယ်... ဘာပဲဖြစ်ဖြစ် အရှင်သခင်ဆယ်ပါး မြို့တော်ဆိုတာ ကျုပ်တို့ လူသားမျိုးနွယ်စုတွေရဲ့ မြို့တော်ပဲလေ... မိစ္ဆာမျိုးနွယ်စုတွေနဲ့ ပင်လယ်မျိုးနွယ်စုတွေ အရှင်သခင်ဆယ်ပါး မြို့တော်ကို ဖျက်ဆီးနေတာကို ကျုပ်တို့က လက်ပိုက်ကြည့်နေမယ် ဆိုရင် ကျုပ်တို့ရဲ့ မျက်နှာ ဘယ်မှာ သွားထားရမလဲ... နောင်ကျရင် မိစ္ဆာမျိုးနွယ်စုတွေ၊ ပင်လယ်မျိုးနွယ်စုတွေကို ကျုပ်တို့ ဘယ်လို ရင်ဆိုင်ရဲတော့မှာလဲ...”
“နောင်အနာဂတ်မှာ မိစ္ဆာတွေ .. ပင်လယ်မျိုးနွယ်စုဝင်တွေ ကျုပ်တို့ လူသားမျိုးနွယ်စုကို အထင်အမြင်သေးပြီး စော်ကားလာမှာကို ကျုပ် စိုးရိမ်တယ်...”
“ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်ကြီးက အမိန့်ချမှတ်လိုက်ပြီ... ဒီတစ်ကြိမ်မှာ မြေကမ္ဘာ အင်မော်တယ် နန်းတော်က ကျုပ်တို့ အဖွဲ့ဝင်တွေ အနေနဲ့ မိစ္ဆာမျိုးနွယ်စုတွေကို ခုခံကာကွယ်ဖို့ အရှင်သခင်ဆယ်ပါး မြို့တော်ကို ကူညီပေးရမယ်... ပြီးတော့ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေကို ဟန့်တားဖို့အတွက် တန်ပြန် တိုက်ခိုက်မှုတွေပါ လုပ်ဆောင်ရမယ်...”
ထိုစဉ်.. အမြဲတမ်း တည်ငြိမ်အေးဆေးစွာ နေတတ်သော အရှင်သခင်မ ယွဲ့လန် က အေးအေးဆေးဆေးပင် မေးလာ၏။
“တခြား အင်မော်တယ် နန်းတော်တွေကရော...”
တာအိုဆရာ ထျန်းယွီက ပြန်ဖြေလိုက်သည်။
“အတူတူပဲ... ဒီတစ်ကြိမ်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတစ်ခုလုံးက လူသားမျိုးနွယ်စုတွေနဲ့ သက်ဆိုင်နေတဲ့ ကိစ္စပဲ... ကျုပ်တို့ နိုင်ကို နိုင်မှ ဖြစ်မယ်... လုံးဝ အရှုံးပေးလို့ မဖြစ်ဘူး...”
လူအုပ်ကြီး အလယ်တွင် စုယွီသည် အရှေ့သို့သာ စိုက်ကြည့်နေပြီး နှုတ်ဆိတ်နေ၏။ ဤကိစ္စရပ်များ အားလုံးကို ဖြစ်ပေါ်စေခဲ့သော နောက်ကွယ်မှ ‘ကြိုးကိုင်ခြယ်လှယ်သူ’ အစစ်အမှန်မှာ သူဖြစ်နေကြောင်းကို မည်သူကမျှ သိနိုင်မည် မဟုတ်ပါချေ။
ယခုတစ်ကြိမ်သည် လူသားမျိုးနွယ်စု နှင့် မိစ္ဆာမျိုးနွယ်စု များအကြား ရင်ဆိုင် တင်းမာမှုများသာ ရှိခဲ့သော ယခင် အာရုံလှည့်စားမှု ရွံ့ညွံတောမှ အခြေအနေမျိုးနှင့် မတူညီတော့ပေ။
ယခုတစ်ကြိမ်တွင် မိစ္ဆာမျိုးနွယ်စုများသည် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသားရဲ ဒီရေလှိုင်းကြီးများကို သွေးထိုး လှုံ့ဆော်လိုက်ကြတော့၏။ ထိုသားရဲအုပ်ကြီးသည် အရှင်သခင်ဆယ်ပါး မြို့တော်ကြီးကို သတ်ဖြတ် ဖျက်ဆီးပစ်ရန် အဟုန်ပြင်းစွာ တိုးဝင်လာနေကြချေပြီ။
မြို့တော်၏ အပြင်ဘက်ရှိ ကျင့်ကြံသူများ အကြားတွင်ပင် သေဆုံး ဒဏ်ရာရမှု အမြောက်အမြား ရှိနေခဲ့တော့၏။ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူများနှင့် မိစ္ဆာမျိုးနွယ်စုများ အကြား စစ်ပွဲကား ရှောင်လွှဲ၍ မရနိုင်တော့ချေ။
တကယ်တမ်း ဆိုရလျှင် စုယွီ ကိုယ်တိုင်ပင် ထိုအဖြစ်အပျက်ကို ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေမိသည်။ အခြေအနေတွေက ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ ရောက်သွားရပါသနည်း။ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ လူသားမျိုးနွယ်စု နှင့် မိစ္ဆာမျိုးနွယ်စု တို့သည် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲနှင့် စစ်ပွဲကြီး တစ်ရပ်ကို စတင် ဆင်နွှဲနေကြပြီ မဟုတ်ပါလော။
'ငါ ဥတစ်လုံး ကောက်ရခဲ့ပြီး အဲဒီကနေ လိပ်တစ်ကောင် ပေါက်လာခဲ့လို့များလား... ဒီကိစ္စလေးအတွက်နဲ့ လူသားမျိုးနွယ်စုနဲ့ မိစ္ဆာမျိုးနွယ်စုက စစ်ပွဲကြီး စတင်ဖို့ လိုအပ်လို့လား...'
'မိစ္ဆာမျိုးနွယ်စုတွေရဲ့ လုပ်ရပ် နောက်ကွယ်က အကြောင်းရင်းက ငါနဲ့ ဆက်စပ်နေတယ်ဆိုတာကို တခြားလူတွေသာ သိသွားမယ်ဆိုရင် တခြား အင်အားစုတွေ သို့မဟုတ် အရှင်သခင်ဆယ်ပါး မြို့တော်က လူတွေက ငါ့ကို အရှင်လတ်လတ် အရေခွံ ခွာပစ်ချင်ကြမလား မသိဘူး...'
'ဘုရားသခင် ကျေးဇူးကြောင့်သာ... ဖူဟိုင် ရွှမ်လိပ်လေး ငါ့လက်ထဲမှာ ရှိနေတယ် ဆိုတာကို ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေ အခုထိ မသိကြသေးဘူး... ငါ ဆက်ပြီး ဖုံးကွယ်ထားလို့ ရသေးတယ်...'
ထိုသို့သာ မဟုတ်ခဲ့လျှင် သူဘာပဲလုပ်လုပ် လူတိုင်း၏ စောင့်ကြည့်ခြင်းကို ခံရမည့် အခြေအနေဆိုးကြီးကို တွေးကြည့်မိရုံဖြင့် စုယွီ၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားရသည်။ အကယ်၍သာ ထိုသို့ ဖြစ်လာခဲ့လျှင် လုံခြုံမှု ဆိုသည်မှာ ရှိပါဦးမည်လော။
အရှင်သခင်ကြီးများနှင့် အကြီးအကဲများ အကြားမှ ပြောဆို ဆွေးနွေးမှုများကို နားထောင်ရင်း စုယွီ နှုတ်ဆိတ်နေဆဲပင်။ ထိုစဉ် လူအုပ်ကြီးထဲမှ တာအိုဆရာ ရှုဟိုင်က သူ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ အပြောင်းအလဲ မရှိဘဲ စုယွီကို ကြည့်လိုက်၏။ သို့သော် သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင် အချို့ ယှက်သန်းနေ၏။
အကြောင်းမူကား မိစ္ဆာလိပ်ကြီး၏ အသံသည် သူ၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်ကာ ဝင်ရောက်လာသောကြောင့်ပင်။
“ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု... တာ့ယွဲ့ နန်းတော်မှာ ရှေးဟောင်း ဥတစ်လုံး ကောက်ရခဲ့တယ်လို့ အရင်က လူတစ်ယောက် ပြောခဲ့ဖူးတာ ငါ မှတ်မိသေးတယ်... သူ ကောက်ရခဲ့တာ ဘယ်လို ဥမျိုးလဲ ဆိုတာ သူ့ကို မေးကြည့်လိုက်ပါလား...”
တာအိုဆရာ ရှုဟိုင်က စုယွီကို မသိမသာ အကဲခတ်လိုက်ပြီးနောက် အကြည့်ကို လျင်မြန်စွာ ပြန်လွှဲလိုက်ကာ စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။
'ဘာကို မေးရမှာလဲ... အဲဒီ ဥကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှန်းကို မသိတာ...'
မကြာမီမှာပင် အစည်းအဝေး ပြီးဆုံးသွားသည်။ မြေကမ္ဘာ အင်မော်တယ် နန်းတော် အနေဖြင့် လှုပ်ရှားရမည့် အချိန် မရောက်သေးပေ။
အတိအကျ ဘာလုပ်ရမည် ဆိုသည်ကို တာအိုဆရာ ထျန်းယွီက အရှင်သခင်ဆယ်ပါး မြို့တော်၊ အခြားသော ဂိုဏ်းများနှင့် အင်အားစုများ အကြား ဆွေးနွေး တိုင်ပင်ပြီးနောက် တာဝန်များ ခွဲဝေပေးပြီးချိန်ကျမှသာ သိရှိရမည် ဖြစ်၏။ ထို့အပြင် မည်မျှ အတိုင်းအတာအထိ အောင်မြင်မှု ရရှိမည် ဆိုသည်ကိုပါ စောင့်ကြည့်ရပေဦးမည်။
အစည်းအဝေး အပြီးတွင်...
စုယွီသည် တာအိုဆရာ ထျန်းယွီ၏ နောက်မှလိုက်၍ အနောက်ဘက် ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသည်။ သူ အံ့အားသင့်သွားရသည်မှာ ယခင်က သူနှင့်အတူ တာ့ယွဲ့ နန်းတော်သို့ ပြန်လာခဲ့သော အကြီးအကဲ ဟွမ်ကျူး ကိုပါ ထိုနေရာ၌ တွေ့လိုက်ရသောကြောင့်ပင်။