အခန်း (၅၉၅-၅၉၇)
Vol. 40 Ch. 595-597
အခန်း (၅၉၅) - ပင်လယ်ပြင်ထက်မှ ရွှမ်လိပ်သတ္တဝါ (၃)
စုယွီ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသော်လည်း အရှေ့သို့ လျင်မြန်စွာ ခြေလှမ်းလိုက်ပြီးနောက် အရိုအသေပေးလိုက်သည်။
“အကြီးအကဲကို အရိုအသေပေးပါတယ် ခင်ဗျာ”
ဟွမ်ကျူးက လက်မြှောက်ကာ ဟန့်တားလိုက်၏။ သူမ၏ စူးရှသော မျက်လုံးများက စုယွီအား အကဲခတ်သလို မမှိတ်မသုန် စိုက်ကြည့်နေပြီးနောက် မေးခွန်းထုတ်လိုက်သည်။
“မင်းရဲ့ မွေးရပ်မြေ အပျက်အစီးနယ်မြေမှာ ကောက်ရခဲ့တဲ့ ဥက မိစ္ဆာလိပ်ရဲ့ ဥလားကွ”
ထိုစကားကို ကြားလိုက်ရချိန်တွင် စုယွီက ချက်ချင်းပင် ရိုးသားဖြူစင်ဟန်ရှိသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ချိတ်ဆွဲလိုက်တော့သည်။
“အကြီးအကဲက ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး မေးရတာလဲ ခင်ဗျာ”
တာအိုဆရာ ထျန်းယွီက သူ့အား စိမ်းစိမ်းကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ဝင်ရောက်ပြောဆိုလိုက်၏။
“တခြား အင်အားစုတွေက နားမလည်ရင် နေလိမ့်မယ်... ဒါပေမဲ့ မင်းလက်ထဲက ဥကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးထားတဲ့ ငါကများ မသိဘဲ နေပါ့မလားကွ... ပင်လယ်မျိုးနွယ်စုရဲ့ ရွှမ်လိပ်တွေက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး တစ်ခုလုံးကို မွှေနှောက်ချောက်ခြား နေတာက အကြောင်းပြချက် တစ်ခုခု ရှိနေလို့ပေါ့”
“သူတို့ရဲ့ ရှေးဟောင်း ရွှမ်လိပ်မျိုးနွယ်စု သွေးမျိုးဆက်ထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စက ဘာရှိဦးမှာလဲ”
စုယွီက အသံထွက်ကာ ရယ်မောလိုက်ပြီးနောက် ချော့မော့ပြောဆိုလိုက်သည်။
“ဆရာက တကယ့်ကို ဆရာပါပဲ ခင်ဗျာ... အကြီးအကဲလည်း အတူတူပါပဲ... ခင်ဗျားတို့အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစားမှုက မြစ်ရေယဉ်ကြောလိုပဲ အဆုံးအစမရှိ စီးဆင်းနေပါတယ် ခင်ဗျာ”
“တော်ပါ”
တာအိုဆရာ ထျန်းယွီက ကပျာကယာ လှမ်း၍ တားလိုက်၏။ ထို့နောက် သူ၏ စည်းကမ်းမဲ့လှသော တပည့်ဖြစ်သူအား မကြည်မလင် မျက်စောင်းတစ်ချက် ပစ်သွင်းလိုက်တော့သည်။ ထို့နောက် လက်ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို လုံခြုံသွားစေရန် အခင်းအကျင်း အချို့ကို ခင်းကျင်းလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“စကားများမနေနဲ့တော့... အရင်ဆုံး အဲဒီဥကို စစ်ဆေးရအောင် ထုတ်ပြစမ်း”
စုယွီသည် ပခုံးတစ်ချက် တွန့်လိုက်၏။ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်အား ထုတ်ဖော်ပြသရန် ပြဿနာ ရှိမည်ဟု သူ မယူဆပါချေ။ အကြောင်းမူကား အရာရာကို ဖုံးကွယ်ထားခြင်းထက် ထုတ်ဖော်လုပ်ဆောင်ခြင်းက ပို၍ အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ယခင်ကတည်းက သူ တွက်ဆထားခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် ဤသားရဲကို မမွေးမြူနိုင်စရာ အကြောင်းပြချက်လည်း မရှိချေ။
မည်သို့ပင်ဖြစ်စေ သူ၏ အမြင်တွင် ဆရာဖြစ်သူရော အကြီးအကဲ ဟွမ်ကျူးပါ ယုံကြည်စိတ်ချရသူများ ဖြစ်ကြ၏။
သူသည် မှော်လက်နက် နန်းတော်ကို ဆင့်ခေါ်လိုက်ပြီးနောက် အတွင်း၌ရှိသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို အပြင်သို့ ထုတ်ယူလိုက်လေတော့သည်။
အရှည် (၁၅) ပေခန့် ကြီးထွားသော ဧရာမ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့နှစ်ဦးစလုံးမှာ မှင်သက် အံ့အားသင့်သွားကြ၏။
ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးထံမှ ဖြာထွက်နေသော လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည့် ရှေးဟောင်း သွေးမျိုးဆက် အရှိန်အဝါကြီးကို ခံစားလိုက်ရချိန်တွင် ယခင် နန်းတော်သခင်ကြီး ချန်ရစ်ခဲ့သော အဆင့် (၄) အထွတ်အထိပ် သားရဲယဉ်ပါးဆရာ ဟွမ်ကျူးပင်လျှင် မသိမသာ တုန်ရီသွားပြီး မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
တာအိုဆရာ ထျန်းယွီကလည်း မျက်လုံးများ ပြူးကျယ်သွားလျက် ရေရွတ်လိုက်သည်။
“ဟေ... ဒါက ဥတစ်လုံးတည်း မဟုတ်တော့ဘူးပဲ... အကောင်ပါ ပေါက်နေပြီလားကွ”
ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး အပြင်သို့ ရောက်ရှိလာချိန်တွင် တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့ထံမှ အရှိန်အဝါများကို အာရုံခံမိသွား၏။ အထိတ်တလန့်နှင့် သတိကြီးစွာထားကာ စုယွီ၏ အနောက်သို့ ကပျာကယာ ပုန်းကွယ်လိုက်ပြီး ၎င်း၏ ခေါင်းနှင့် ခြေလက်လေးဖက်စလုံးကို လိပ်ခွံအတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။
၎င်း၏ အပြုအမူကို ကြည့်ရင်း စုယွီ၏ နှုတ်ခမ်းများ အလိုလို ရွဲ့သွားသည်။ နောက်သို့ လှည့်ကာ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ လိပ်ခွံကို ဆောင့်ကန်လိုက်ပြီး ဆူပူလိုက်တော့၏။
“မင်းက ဘာလို့ ပုန်းနေရတာလဲ... သခင့် အနောက်မှာ လာပုန်းနေရလား... နောင်ကျရင် ငါ့အတွက် ဝင်အသေခံပေးဖို့ မင်းကို အားကိုးလို့ ရပါဦးမလားကွ”
ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးမှာ ဆွံ့အသွားသည်။
'ငါ့သခင်က အမြဲတမ်း ဒီလောက်တောင် ဗြောင်ကျကျ ပြောတတ်တာလား'
ရှေးဟောင်း သွေးမျိုးဆက် ရွှမ်လိပ်ကြီးကို စုယွီက ခြေဖြင့် ဆောင့်ကန်နေသည်ကို မြင်တွေ့လိုက်ရသောအခါ တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့မှာ ဆွံ့အကာ ဘာပြောရမှန်းပင် မသိတော့ချေ။
ဟွမ်ကျူးက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးအား မမှိတ်မသုန် စိုက်ကြည့်နေရင်း လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ်လိုက်သည်။
“ဒါ... ဒါက ရှေးဟောင်းခေတ် ကာလတုန်းက သမုဒ္ဒရာလောကကြီးကို အုပ်စိုးခဲ့တဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးပဲ”
ယခင်က ထိုဥတွင် မည်သည့် သက်စောင့်စွမ်းအင် အရိပ်အယောင်မျှ မရှိခဲ့သဖြင့် သူမအနေဖြင့် များစွာ အာရုံမစိုက်ခဲ့မိသောကြောင့် စုယွီ ရရှိခဲ့သော ဥမှာ မည်သည့် သားရဲဥ ဖြစ်ကြောင်း သူမ မသိခဲ့ပါချေ။
သို့သော် ဤအခိုက်အတန့်၌ သူမ၏ အရှေ့တွင် အကူအညီမဲ့နေဟန် ရှိသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို ကြည့်ရင်း သူမ၏ ရင်တွင်း၌ တဆတ်ဆတ် တုန်လှုပ်နေမိတော့သည်။
အံ့ဩစရာတော့ မရှိပေ။
ထို့ကြောင့်လည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ မိစ္ဆာမျိုးနွယ်စုများကို ရန်စရန်ပင် ပင်လယ်မျိုးနွယ်စုများက ဝန်မလေးခဲ့ခြင်း ဖြစ်၏။ ဤအရာအားလုံးသည် ရှေးဟောင်းခေတ်က သမုဒ္ဒရာကို အုပ်စိုးခဲ့သည့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ သွေးမျိုးဆက် အမွေအနှစ်ကြောင့်ပင် ဖြစ်၏။
အကယ်၍သာ ပင်လယ်မျိုးနွယ်စုများက ဤပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို အောင်မြင်စွာ ပြန်လည်ရယူသွားနိုင်ခဲ့ပါလျှင် နောင်အနာဂတ်ကာလ၌ ဖူလင် ပင်လယ်ပြင်ဒေသ တစ်ခုလုံးကို ၎င်းတို့ လောကကို အုပ်စိုးသွားနိုင်ပေလိမ့်မည်။
ထိုအခါ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ လူသားမျိုးနွယ်စု၏ အင်မော်တယ် ဂိုဏ်းကြီးများပင်လျှင် ၎င်းတို့ကို ထိန်းချုပ် နှိမ်နင်းနိုင်စွမ်း ရှိတော့မည် မဟုတ်ဘဲ ပင်လယ်မျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုကိုပင် ခံရနိုင်သည်။
တာအိုဆရာ ထျန်းယွီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။ သူ၏ တပည့်ဖြစ်သူက ခေါင်းပြူထွက်လာသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးအား ထပ်မံ၍ ဆူပူကြိမ်းမောင်းနေသည်ကို သူ မြင်တွေ့နေရ၏။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် လည်လည်ဝယ်ဝယ် ရှိရန်နှင့် ကိုယ်လွတ်ရုန်းရန်သာ မတွေးဘဲ သခင်ဖြစ်သူကို အရင်ဆုံး ကာကွယ်ပေးရန် စုယွီက လမ်းညွှန် သင်ကြားပေးနေခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ယခင်က ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ ကာကွယ်မှုစွမ်းအားကို တာအိုဆရာ ထျန်းယွီ ကိုယ်တိုင် စမ်းသပ်ခဲ့ဖူးပြီး ဖြစ်ရာ ထိုကာကွယ်မှုမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်ကို သူ သိရှိထား၏။
အခန်း (၅၉၆) - တာအိုသားတော် နေရာ (၁)
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တာအိုဆရာ ထျန်းယွီ၏ အကြည့်များက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးထံမှ ခွာ၍ ဟွမ်ကျူးထံသို့ ရောက်ရှိသွားသည်။
“ဒီကောင်လေးကို ဘယ်လို စီစဉ်ကြရင် ကောင်းမလဲ... ခင်ဗျား ဘယ်လို ထင်သလဲ”
ဟွမ်ကျူးသည် တုန်လှုပ်နေသော စိတ်အစဉ်ကို ဖြည်းညှင်းစွာ ပြန်လည် ထိန်းချုပ်လိုက်၏။ သူမ၏ မျက်ခုံးများကို တွန့်ချိုးလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“သာမန် ရှေးဟောင်း သွေးမျိုးဆက် လိပ်တစ်ကောင်သာ ဆိုရင်တော့ ပိတ်ဆို့ခံထားရတဲ့ ပင်လယ်မျိုးနွယ်စုတွေ လက်လျှော့ပြီး ပင်လယ်ထဲ ပြန်ဆုတ်သွားကြလိမ့်မယ်... ဒါပေမဲ့ ဒီအကောင်က ရှေးဟောင်းခေတ်ကာလ လိပ်မျိုးနွယ်စုတွေရဲ့ အရှင်သခင် ပင်လယ်လွှမ်းမိုး ရွှမ်လိပ် ဖြစ်နေတယ်လေ... ပင်လယ်မျိုးနွယ်စုတွေက ဒီအကောင်ကို ရှာဖွေတဲ့ ကိစ္စကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်မိတယ်”
ဟွမ်ကျူးသည် စကားကို ခေတ္တ ရပ်တန့်လိုက်ပြီးနောက် ခေါင်းခဲမတတ် စဉ်းစားကာ ဆက်လက် ပြောဆိုလာပြန်သည်။
“ဒီနေရာကို ပင်လယ်မျိုးနွယ်စုတွေ ဘယ်လို လုပ်ပြီး ရှာတွေ့သွားလဲ ဆိုတာကတော့ သွေးမျိုးဆက် အာရုံခံနိုင်စွမ်းကြောင့် ဖြစ်ဖို့ များတယ်... ဒီမြို့တော်ထဲမှာ ရှိနေတဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ရဲ့ သွေးမျိုးဆက်ကို သူတို့ အာရုံခံမိသွားတာ နေမှာ... ပင်လယ်မျိုးနွယ်စုတွေရဲ့ အာရုံခံနိုင်စွမ်းကနေ ရှောင်တိမ်းဖို့ကတော့ လွယ်ကူပါတယ်...”
သူမသည် တာအိုဆရာ ထျန်းယွီအား မမှိတ်မသုန် ကြည့်လိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် ရှင်းပြလိုက်၏။
“ရှင်.. အာရုံ လှည့်စားမှု ကျောက်တုံးကို ရှာတွေ့ခဲ့တယ် မဟုတ်လား... အဲဒီ အာရုံ လှည့်စားမှု ကျောက်တုံးရဲ့ စွမ်းအားနဲ့ဆိုရင် သွေးမျိုးဆက် အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ဖို့ အခင်းအကျင်း တစ်ခုကို အလွယ်တကူ ခင်းကျင်းလို့ ရတယ်လေ... ဒီ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်က အခင်းအကျင်းထဲကနေ ထွက်မသွားသရွေ့ ပင်လယ်မျိုးနွယ်စုတွေ ဘယ်လိုမှ ခြေရာခံလို့ ရမှာ မဟုတ်တော့ဘူး...”
တာအိုဆရာ ထျန်းယွီ၏ မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်များ ယှက်သန်းသွားပြီး မျက်မှောင်ကြုတ်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
“အာရုံ လှည့်စားမှု ကျောက်တုံးက အင်မော်တယ် ဂိုဏ်းရဲ့ ရတနာ တစ်ပါးပဲ... အရှင်သခင်ဆယ်ပါး မြို့တော်ရဲ့ လက်ရှိ ပြဿနာတွေ ဖြေရှင်းပြီးသွားရင် ဂိုဏ်းကို ပြန်အပ်ရမှာကွ...”
ဟွမ်ကျူးသည် စုယွီအား မျက်လုံးများ ကျဉ်းမြောင်းကာ စူးစိုက်ကြည့်လိုက်ပြီးနောက် အကြံတစ်ခု ရသွားဟန်ဖြင့် ရှင်းလင်းပြ၏။
“ဒါက လွယ်ပါတယ်... ရှောင်ယွီရဲ့ တံဆိပ်ပြား ကျေးဇူးကြောင့်သာ ကျွန်မတို့ အာရုံ လှည့်စားမှု ကျောက်တုံးကို ရခဲ့တာလေ... အဲဒါသာ မပါရင် ရှင် အပျက်အစီး နယ်မြေထဲကို ဝင်နိုင်ခဲ့မှာတောင် မဟုတ်ဘူး... ဒါကြောင့် ရှောင်ယွီမှာလည်း အသိအမှတ်ပြုခံရမယ့် ဂုဏ်ကျေးဇူးတွေ ရှိနေပါတယ်... ဒါ့အပြင် ရှောင်ယွီက ရှေးဟောင်း ဝိညာဉ်သားရဲ သွေးမျိုးဆက် ပါတဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကိုလည်း ရှာတွေ့ခဲ့တယ်... ပြီးတော့ အောင်အောင်မြင်မြင် သားဖောက်နိုင်ခဲ့သလို သခင်အဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရတယ်... ဒီကိစ္စအတွက်လည်း သူ့မှာ ဂုဏ်ကျေးဇူး ရှိနေတာပဲ... ဒါပေမဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ် ပေါ်လာတဲ့ သတင်းသာ ပေါက်ကြားသွားရင်တော့ တခြား ပြဿနာတွေ ထပ်တက်လာနိုင်တယ်လို့ ကျွန်မ စိုးရိမ်မိတယ်...”
တဆက်တည်း၌ပင် သူမက အဖြစ်နိုင်ဆုံး အခြေအနေများကို ထောက်ပြလာတော့သည်။
“ဥပမာပြောရရင် တချို့လူတွေက ရှောင်ယွီရဲ့ ပါရမီနဲ့ ကျင့်ကြံဆင့်က နိမ့်ကျနေတော့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို ထိန်းချုပ်ခွင့် မရှိသင့်ဘူးလို့ တွေးကောင်း တွေးကြလိမ့်မယ်... ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို အင်မော်တယ် ဂိုဏ်းဆီ အပ်ပြီး သခင်အသစ် ရှာပေးဖို့တောင် အကြံပြုလာနိုင်တယ်...”
ထိုစကားများကို ကြားလိုက်ရသောအခါ တာအိုဆရာ ထျန်းယွီ၏ မျက်နှာပေါ်တွင် အံ့အားသင့်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း အလျဉ်းမရှိဘဲ လေးလေးနက်နက် ခေါင်းညိတ်လိုက်တော့သည်။
“အဲဒါ ကျုပ် စိုးရိမ်နေတဲ့ ကိစ္စပဲ... လောလောဆယ်တော့ ဒီကိစ္စကို ခင်ဗျားနဲ့ ကျုပ်ပဲ သိသေးတယ်... ခင်ဗျားကို ကျုပ် ယုံပါတယ်... ဒါပေမဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ရဲ့ သွေးမျိုးဆက်ကို ဖုံးကွယ်ဖို့ အခင်းအကျင်း တစ်ခု ခင်းကျင်းရာမှာ အာရုံ လှည့်စားမှု ကျောက်တုံးကို အသုံးပြုလိုက်ရင်တော့ တခြားလူတွေ သေချာပေါက် သိသွားကြလိမ့်မယ်... အဲဒီအချိန်ကျရင် အခြေအနေကို ကျုပ်တို့ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး...”
ဟွမ်ကျူးသည် ခစ်ခနဲ ရယ်မောလိုက်ပြီးနောက် စုယွီအား စိုက်ကြည့်ကာ အကြံပေးလိုက်၏။
“တကယ်တော့ ဒါကလည်း လွယ်ပါတယ်... ဒီကောင်လေးကို သူ့ရဲ့ စွမ်းအား နည်းနည်းလောက် ထုတ်ပြခိုင်းလိုက်... ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်ပြီး တာအိုသားတော် နေရာအတွက် ယှဉ်ပြိုင်ခိုင်းလိုက်ပေါ့... အဲဒီလိုဆိုရင် အာရုံ လှည့်စားမှု ကျောက်တုံးနဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို သူ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရသွားလိမ့်မယ်... ဘယ်သူမှလည်း ဝင်ရောက် စွက်ဖက်လို့ ရမှာ မဟုတ်တော့ဘူး...”
ထိုစကားများကို ကြားလိုက်ရချိန်တွင် တာအိုဆရာ ထျန်းယွီ၏ ရင်ထဲ၌ တစ်ချက် လှုပ်ခါသွားပြီး သူသည်လည်း စုယွီအား စူးစိုက်ကြည့်လိုက်တော့သည်။ တာအိုဆရာ ထျန်းယွီက လေးနက်စွာဖြင့် မေးမြန်းလိုက်၏။
“မင်း ဘယ်လို ထင်သလဲ... ပင်လယ်လွှမ်းမိုး ရွှမ်လိပ် ကိစ္စကို အင်မော်တယ် ဂိုဏ်းကို သိခွင့်ပေးလိုက်ရမလား... ဂိုဏ်းကို မပြောပြဘူး ဆိုရင်တော့ ဒီကောင်လေးကို မင်းဘာသာမင်း ကျွေးမွေး ပြုစုရလိမ့်မယ်... ဒါပေမဲ့ ဂိုဏ်းကိုသာ ပြောပြလိုက်မယ် ဆိုရင် ဂိုဏ်းချုပ်ကြီးက ဒီကောင်လေးရဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အရင်းအမြစ်တွေ အားလုံးကို လိုလိုလားလား ထောက်ပံ့ပေးလိမ့်မယ်... အဲဒီအခါကျရင် သူ့ရဲ့ သွေးမျိုးဆက်ကိုလည်း ကျုပ်တို့ ဖုံးကွယ်ထားလို့ ရပြီလေ... အဲဒီလိုမှ မဟုတ်ဘဲ မင်းက သူ့ကို ဟိုဒီ ခေါ်သွားနေမယ် ဆိုရင် နောင်တစ်ချိန်မှာ ပင်လယ်မျိုးနွယ်စုတွေရဲ့ ပစ်မှတ်ထားတာ ခံရပြီး ခန့်မှန်းလို့မရတဲ့ အန္တရာယ်တွေ ကျရောက်လာနိုင်တယ်...”
စုယွီသည် အတန်ကြာ စဉ်းစားခန်း ဝင်သွားသည်။ တာအိုသားတော် နေရာဆိုသည်မှာ သူ၏ နှလုံးသားကို အသက်ရှူမှားလောက်အောင် ဆွဲဆောင်နိုင်ခြင်း အလျဉ်းမရှိပေ။
တာအိုသားတော် ဟူသည်မှာ အင်မော်တယ် ဂိုဏ်းထံမှ ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို ရရှိမည့် ဂိုဏ်းချုပ်ကြီး၏ ဆက်ခံသူများထဲမှ တစ်ဦးပင် ဖြစ်၏။ အရင်းအမြစ်များနှင့် ပတ်သက်၍မူ သူသည် ဝိညာဉ်ကျောက်တုံးများကို လိုလေသေးမရှိ ဖူလုံစွာ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ မူလဝိညာဉ် အဆင့် ကျင့်စဉ်များ၊ တာအို နိယာမများနှင့် ဝိညာဉ်ခွဲထွက် အဆင့်၏ အမွေအနှစ်များကသာ သူ၏ စိတ်ဝင်စားမှုကို အမှန်တကယ် ဆွဲဆောင်နိုင်ကောင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။
ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့၏ အကြည့်များအောက်တွင် စုယွီသည် မည်သည့် အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ဟဝန်ခံလိုက်တော့သည်။
“ဆရာ... အကြီးအကဲ... တာအိုသားတော် ဖြစ်လာဖို့ ကျွန်တော် စိတ်မဝင်စားပါဘူး ခင်ဗျာ... ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို မွေးမြူရမယ့် ကိစ္စကိုတော့ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်... လောလောဆယ်တော့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို တခြားလူတွေ မြင်သွားတာမျိုး.. မဖြစ်စေချင်သေးပါဘူး...”
စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် စုယွီသည် တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့အား ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်၏။
“ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးကို သိခွင့်ပေးလိုက်ရင်တော့ အဆင်ပြေပါတယ် ခင်ဗျာ...”
တာအိုဆရာ ထျန်းယွီသည် တပည့်ဖြစ်သူ၏ စရိုက်လက္ခဏာကို ကောင်းစွာ သိရှိထားသူ ဖြစ်ပေရာ တာအိုသားတော် နေရာကို ငြင်းပယ်လိုက်ခြင်းမှာ သူ၏ အမြင်တွင် အံ့ဩဖွယ်ရာ မဟုတ်တော့ချေ။ သို့ဖြစ်သော်ငြားလည်း သူ၏ ပါးစပ်မှ အလိုလို ထုတ်မေးမိသွားတော့သည်။
“ဒီကောင်စုတ်လေး... အခု မင်းရဲ့ တာအို အုတ်မြစ်နဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့်ကို ရောက်နေပြီလဲ”
ရုတ်တရက် စုယွီထံမှ အရှိန်အဝါများ အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရှိန်အဝါသည် ရွှေအမြုတေ အဆင့် (၄) မှနေ၍ ရွှေအမြုတေ အဆင့် (၇) သို့ တဟုန်ထိုး တိုးတက်သွားတော့သည်။ ထို့နောက် သူက ရိုသေလေးစားစွာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
“ကျွန်တော် အဆင့် (၄) ရွှေအမြုတေကို အနိုင်နိုင် တည်ဆောက်ထားနိုင်ပြီး အမြုတေ တည်ဆောက်ခြင်း အဆင့် (၇) ကို ရောက်နေတာပါ ခင်ဗျာ...”
အတန်ကြာ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီထံမှ သူ၏ ဆေးပညာနှင့် အဆောင်လက်ဖွဲ့ ပညာရပ်များကို ဖုံးကွယ်ထားရန် မလိုအပ်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် စုယွီက ဆက်လက်၍ ဖွင့်ဟဝန်ခံလိုက်၏။
“မကြာသေးခင်ကမှ ဆေးပညာနဲ့ အဆောင်လက်ဖွဲ့ ပညာရပ်တွေမှာ ချိုးဖြတ်မှု တချို့ ရခဲ့ပြီး အဆင့် (၄) အဆင့်နိမ့်ကို ရောက်သွားပါပြီ ခင်ဗျာ...”
အဆင့် (၄) ရွှေအမြုတေ ပေတကား။
တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် တလက်လက် တောက်ပသွားကြသည်။ စုယွီ၏ ဆေးပညာနှင့် အဆောင်လက်ဖွဲ့ ပညာရပ်များသည် အဆင့် (၄) အဆင့်နိမ့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့နှစ်ဦးစလုံးမှာ နေရာတွင်ပင် တောင်တင်းသွားကြတော့သည်။
“...”
တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့ထံမှ မည်သည့် စကားသံမျှ ထွက်ပေါ်မလာတော့ချေ။
'အမြုတေ တည်ဆောက်ခြင်း အဆင့် (၇) ရှိသော အဆင့် (၄) ဆေးဆရာနှင့် အဆောင်လက်ဖွဲ့ ဆရာတဲ့လား...'
တာအိုဆရာ ထျန်းယွီသည် တပည့်ဖြစ်သူ၏ ဆေးပညာဘက်တွင် ထူးချွန်သော ပါရမီကို ကောင်းစွာ သိရှိထားပြီး ဖြစ်သော်ငြားလည်း ယုံမှားဖွယ်မရှိအောင် တုန်လှုပ်ချောက်ချားသွားရပေတော့သည်။
အခန်း (၅၉၇) - တာအိုသားတော် နေရာ (၂)
'ဟုန်ယွဲ့’။
သူသာ ငယ်ရွယ်နုပျိုသော ရုပ်သွင်ကို ပြန်လည်ရယူလိုက်မည်ဆိုပါက သံသယကင်းကင်းဖြင့် အလွန်ချောမောခန့်ညားသော လူငယ်လေး တစ်ဦး ဖြစ်လာပေလိမ့်မည်။
သို့ဖြစ်သော်ငြားလည်း မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ အရှင်သခင် တစ်ပါးအနေဖြင့် ရင့်ကျက်တည်ငြိမ်သော ရုပ်သွင်ကသာ သူ၏ ဂုဏ်သိက္ခာနှင့် အာဏာစက်ကို ပိုမို ပေါ်လွင်စေမည်မှာ အသေအချာပင် ဖြစ်၏။ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အရှင်သခင်၏ နာမည်ရင်းကို စုယွီ မသိသော်လည်း သူ၏ တာအိုဘွဲ့နာမည်မှာ 'ဟုန်ယွဲ့' ဟု ခေါ်တွင်ကြောင်းကိုမူ ကြားဖူးထားသည်။
သို့သော် စံအိမ်တော်၏ အရှင်သခင် ဖြစ်လာပြီးနောက်ပိုင်းတွင်မူ သူ၏ မျိုးနွယ်စုဝင်များနှင့် အခြားသော အင်အားစုများက သူ၏ တာအိုဘွဲ့နာမည်ဖြင့် ခေါ်ဝေါ်ခြင်း ရှားပါးသွားပြီး အရှင်သခင် ဟူသော ဂုဏ်ပုဒ်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။
ရောက်ရှိလာသော စံအိမ်တော် အရှင်သခင်သည် မြင့်မြတ်သော စိတ်ဝိညာဉ် ကိုယ်ပွား တစ်ခုသာ ဖြစ်ပေ၏။ ဟွမ်ကျူးထံမှ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူက သားရဲယဉ်ပါးဆရာနှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး တာအိုဆရာ ထျန်းယွီအား ပြုံးပြလိုက်သည်။
“ဦးလေးဆရာ”
ထို့နောက် သူသည် စုယွီဘက်သို့ လှည့်ကာ ချီးကျူးစကား ဆိုလာတော့သည်။
“ဦးလေးဆရာရဲ့ အဖိုးတန် တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်ပါပေတယ်... ပင်လယ်လွှမ်းမိုး ရွှမ်လိပ် တစ်ကောင်ကို ရှာတွေ့နိုင်တယ် ဆိုတော့ မင်းရဲ့ ကံတရားက ငါ့ကိုတောင် မနာလို ဖြစ်စေတယ်ကွ”
“မင်းက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို ရှာတွေ့ခဲ့တာဟာ ငါတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွက်လည်း ကြီးမားတဲ့ ကံကောင်းမှု ယူဆောင်လာပေးတာပါပဲ”
“ခုလေးတင် ဦးလေးဆရာမ ဟွမ်ကျူးက ငါ့ကို အရာအားလုံး ပြောပြပြီးသွားပြီ... ညီငယ် မင်းအနေနဲ့ တာအိုသားတော် နေရာအတွက် မယှဉ်ပြိုင်ချင်ဘူး ဆိုမှတော့ အစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါ အတင်းအကျပ် မဖိအားပေးတော့ပါဘူး”
“ဒါပေမဲ့ ဒီနေ့က စပြီး မင်းဟာ အင်မော်တယ် ဂိုဏ်းရဲ့ တာအိုသားတော် တစ်ပါးနဲ့ တန်းတူညီမျှတဲ့ အဆင့်အတန်း၊ အခွင့်အာဏာတွေကို ရရှိစေရမယ်”
“အဲဒီ အာရုံ လှည့်စားမှု ကျောက်တုံးကိုတော့ ဦးလေးဆရာကပဲ ဆက်လက် ထိန်းချုပ်ထားလိမ့်မယ်... တာယွီတောင်ထွတ် တစ်ခုလုံးကို လွှမ်းခြုံထားနိုင်မယ့် အခင်းအကျင်းတစ်ခု ခင်းကျင်းပြီး ဒီကောင်လေးရဲ့ သွေးမျိုးဆက် အရှိန်အဝါကို ဖုံးကွယ်ထားလို့ ရတယ်... မင်းအတွက် လိုအပ်မယ့် ကျင့်ကြံခြင်း အရင်းအမြစ် အရင်းအမြစ်တွေကိုလည်း အင်မော်တယ် ဂိုဏ်းကပဲ အပြည့်အဝ ထောက်ပံ့ပေးသွားလိမ့်မယ်”
“ဒီလို ကိစ္စမျိုးတွေမှာ အင်မော်တယ် ဂိုဏ်းက ဘယ်တော့မှ တွန့်တိုလေ့ မရှိပါဘူး”
“ဒါပေမဲ့ မင်းက သူ့ကို ဂိုဏ်းထဲ ခေါ်လာမယ် ဆိုရင်တော့ သတိကြီးကြီး ထားရမယ်... ပင်လယ်မျိုးနွယ်စုတွေ ရိပ်မိသွားတာမျိုး မဖြစ်ရလေအောင် အခင်းအကျင်း နယ်ပယ်ထဲကနေ သူ့ကို ဘယ်တော့မှ အပြင်ထွက်ခွင့် မပေးရဘူး”
“ငါတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်က ပင်လယ်မျိုးနွယ်စုတွေကို ကြောက်လို့တော့ မဟုတ်ဘူး... ဒါပေမဲ့ ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေတော့ တက်လာနိုင်တယ်လေ”
“ကျန်တဲ့ ကိစ္စတွေကိုတော့ ငါ ဝင်မစွက်ဖက်တော့ပါဘူး”
တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ချက်ချင်း ပွင့်လန်းသွားကြ၏။ တာအိုဆရာ ထျန်းယွီက စုယွီအား လှမ်းကြည့်ကာ သတိပေးလိုက်သည်။
“မင်းရဲ့ အစ်ကိုကြီးကို မြန်မြန် ကျေးဇူးတင်စကား မဆိုသေးဘူးလား”
စုယွီသည် အရိုအသေပေးကာ လေးနက်စွာဖြင့် ပြောလိုက်၏။
“ရက်ရောလှတဲ့ လက်ဆောင်မွန်အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ခင်ဗျာ”
စံအိမ်တော် အရှင်သခင်က သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မမြင်ရသော စွမ်းအား တစ်ရပ်က စုယွီအား မတ်တတ်ရပ်စေရန် ပင့်မပေးလိုက်သည်။ ထို့နောက် သူက အရှင်သခင်ဆယ်ပါး မြို့တော်၏ အပြင်ဘက်သို့ ရှုမျှော်ကြည့်ကာ သတိပေးလိုက်၏။
“အရှင်သခင်ဆယ်ပါး မြို့တော်က လတ်တလောမှာတော့ အေးချမ်းမှာ မဟုတ်သေးဘူး... ဦးလေးဆရာနဲ့ ညီငယ်တို့ အနေနဲ့ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို ဂိုဏ်းထဲ ပြန်ပို့ပြီး ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ”
“ဒီအကောင်လေး ဖြစ်ဖြစ်၊ ညီငယ်.. မင်းပဲဖြစ်ဖြစ်... ပိုပြီး အစွမ်းထက်လာတဲ့ အချိန် မရောက်မချင်း ဘယ်တော့မှ အပြင်ထုတ် မပြနဲ့”
ထိုစကားများ အဆုံးတွင် မြင့်မြတ်သော စိတ်ဝိညာဉ် ကိုယ်ပွားကြီးမှာ လေထဲတွင် ဖြည်းညှင်းစွာ ပျော်ဝင် ပျောက်ကွယ်သွားတော့သည်။
စံအိမ်တော် အရှင်သခင်၏ ကိုယ်ပွား ပျောက်ကွယ်သွားတော့မှသာ စုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ဟင်းခနဲ ချနိုင်တော့သည်။ ကိုယ်ပွားတစ်ခုသာ ဖြစ်လင့်ကစား ဝိညာဉ်ခွဲထွက် အဆင့်၏ အရှိန်အဝါက သူ၏ ရင်ဘတ်ပေါ်သို့ ကြီးမားလှသော ကျောက်တုံးကြီး ဖိချထားသကဲ့သို့ အသက်ရှူရ ကြပ်စေပြီး ဖိအားများကို ပြင်းထန်စွာ ခံစားခဲ့ရ၏။
သူသည် ယခုအခါ အမြုတေ တည်ဆောက်ခြင်း အဆင့် (၉) သို့ ရောက်ရှိနေပြီဖြစ်ကာ အလှည့်ကိုးကြိမ် ရွှေအမြုတေကို ပိုင်ဆိုင်ထားသော်ငြားလည်း ဝိညာဉ်ခွဲထွက် အဆင့်ရှိ စံအိမ်တော် အရှင်သခင်ကြီး၏ ရှေ့မှောက်တွင်မူ တည်ငြိမ်မှုရရှိရန် အလွန်တရာ ခဲယဉ်းလှဆဲ ဖြစ်၏။
'ဝိညာဉ်ခွဲထွက် အဆင့်... ငါ အဲဒီအဆင့်ကို ရောက်ဖို့ အချိန်ဘယ်လောက်တောင် ကြာဦးမလဲ မသိဘူး...'
စုယွီ၏ ရင်တွင်း၌ တိတ်တဆိတ် မျှော်လင့်တောင့်တနေမိသည်။ အကယ်၍ သူသာ ဝိညာဉ်ခွဲထွက် အဆင့်သို့ ရောက်ရှိသွားပြီး ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကလည်း အဆင့် (၅) ကျင့်ကြံဆင့်သို့ ရောက်ရှိသွားပါက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ တည်ရှိမှုကို အခြားသူများ သိသွားမည်ကို သူ နည်းနည်းမျှ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။
တာအိုဆရာ ထျန်းယွီက သူ့အား ကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း ရယ်မောလိုက်သည်။
“မင်း မြင်တဲ့အတိုင်းပဲ... မင်းရဲ့ အစ်ကိုကြီးက မင်းအပေါ် တကယ်ကို ဂရုစိုက်ရှာပါတယ်”
“ကဲ... စံအိမ်တော် အရှင်သခင် ကိုယ်တိုင်က ခွင့်ပြုချက် ပေးသွားပြီ ဆိုမှတော့ ဒီကောင်လေးရဲ့ သွေးမျိုးဆက် အရှိန်အဝါကို ဖုံးကွယ်ဖို့ အာရုံ လှည့်စားမှု ကျောက်တုံးကို ငါ ယုံယုံကြည်ကြည်နဲ့ အသုံးပြုပြီး အခင်းအကျင်း ခင်းကျင်းလို့ ရပြီပေါ့”
“မင်းရဲ့ မှော်လက်နက် နန်းတော်ကို ထုတ်လိုက်... အဲဒီအထဲမှာ အခင်းအကျင်း ခင်းကျင်းပြီးမှ ဂိုဏ်းကို ပြန်သယ်သွားကြတာပေါ့”
စုယွီက ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လိုက်၏။
“ဟုတ်ကဲ့ပါ”
သူက လက်ကို တစ်ချက် ဝှေ့ယမ်းကာ မှော်လက်နက် နန်းတော်ကို ဆင့်ခေါ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဧရာမ နန်းတော်ကြီး တစ်ဆောင်က သူတို့ရှေ့မှောက်တွင် ထွက်ပေါ်လာပြီး တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူး၊ စုယွီနှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်တို့ အားလုံး အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
မှော်လက်နက် နန်းတော်အတွင်းသို့ ရောက်ရှိသွားချိန်တွင် တာအိုဆရာ ထျန်းယွီက ဝိညာဉ်ရေကန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပင်လယ်လွှမ်းမိုး ရွှမ်လိပ်အား ထိုအထဲသို့ ဝင်ရောက်ခိုင်းလိုက်၏။
ထို့နောက် သူက စိတ်အာရုံကို စုစည်းလိုက်ရာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော သရဲတစ္ဆေဆန်ဆန် ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။ တာအိုဆရာ ထျန်းယွီက အာရုံ လှည့်စားမှု ကျောက်တုံးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“အာရုံ လှည့်စားမှု ကျောက်တုံး... နဂါးတစ်ရာ လွှမ်းခြုံခြင်း အခင်းအကျင်းကို ငါ ခင်းကျင်းတော့မယ်... မင်း ဝင်ကူပေးရမယ်”
အာရုံ လှည့်စားမှု ကျောက်တုံးထဲမှ အိုမင်းရင့်ရော်နေသော အသံ ထွက်ပေါ်လာ၏။
“ပြဿနာ မရှိပါဘူး”
မကြာမီမှာပင် အဘိုးအို မျက်နှာ တစ်ခုက လူတိုင်း၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။ ထိုမျက်နှာက စုယွီအား ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လာတော့သည်။
“မင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ကွာ... မင်းနဲ့ တွေ့ရမယ် ဆိုတာကို ငါ ကြိုသိနေခဲ့သားပဲ”
တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့မှာ မှင်သက်သွားကြပြီး စုယွီသည်လည်း ထိုအဘိုးအို မျက်နှာကြီးကို ကြည့်ရင်း အံ့အားသင့်သွားရ၏။
အာရုံ လှည့်စားမှု ကျောက်တုံးသည် ဒဏ္ဍာရီလာ လက်နက်ဝိညာဉ် ပါဝင်သည့် အဆင့် (၅) အခင်းအကျင်း တာအို ရတနာ တစ်ပါး ဖြစ်၏။ သို့ဖြစ်သော်ငြားလည်း စုယွီမှာ ယခင်က နာမည်သာ ကြားဖူးခဲ့ပြီး ယခုမှသာ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ရခြင်း ဖြစ်၏။
'ဒီကောင်လေးနဲ့ ရေစက်ဆုံနေတာလား'
တာအိုဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့က စုယွီအား ထူးဆန်းသော အကြည့်များဖြင့် ဝေ့ကြည့်လိုက်ကြသည်။ အာရုံ လှည့်စားမှု ကျောက်တုံးက လေလုံးထွားနေသည်ဟု သူတို့ မထင်မှတ်ကြပေ။ အကြောင်းမူကား အာရုံ လှည့်စားမှု ကျောက်တုံး ကဲ့သို့သော ရတနာသည် ဝိညာဉ်ရေးရာ ဉာဏ်ရည်ဉာဏ်သွေး ပါရှိပြီး သာမန်လူများ နားလည်သဘောပေါက်ရန် ခက်ခဲသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်သည်။
'အာရုံ လှည့်စားမှု ကျောက်တုံးက စုယွီနဲ့ တကယ်ပဲ ရေစက်ဆုံနေတာ နေမှာ'
တာအိုဆရာ ထျန်းယွီသည် တံဆိပ်ပြား ကိစ္စကို ပြန်လည် တွေးတောမိလိုက်သည်။ ယခုအခါတွင်လည်း အာရုံ လှည့်စားမှု ကျောက်တုံးကို အသုံးပြု၍ အခင်းအကျင်း ခင်းကျင်းကာ စုယွီ၏ ပင်လယ်လွှမ်းမိုး ရွှမ်လိပ် သွေးမျိုးဆက် အရှိန်အဝါကို ဖုံးကွယ်ပေးရမည် မဟုတ်ပါလော။
'ဒါ ရေစက်ဆုံတာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ'
“ဟေ”
“ဒါ တကယ့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးပဲ... ဘုရားရေ... ဒီဝိညာဉ် သားရဲက ရှေးဟောင်း ခေတ်ကာလတုန်းကတောင် တွေ့ရခဲတဲ့ အကောင်ပဲ”
ထိုအခိုက်အတန့်တွင် အာရုံ လှည့်စားမှု ကျောက်တုံး၏ လက်နက်ဝိညာဉ်သည် သူ၏ အနောက်ဘက် ဝိညာဉ်ရေကန်ထဲမှ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကို သတိထားမိသွားဟန် တူ၏။ အဘိုးအို မျက်နှာကြီးက ချာခနဲ လှည့်ကြည့်လိုက်ပြီး အလွန်အမင်း အံ့အားသင့်သွားကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
အချိန်အတန်ကြာသောအခါ သူက ရှေးဟောင်း ပင်လယ်လွှမ်းမိုး ရွှမ်လိပ် မျိုးနွယ်စုနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များစွာကို ရှင်းလင်းပြောပြလာရာ တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူးနှင့် စုယွီတို့ အားလုံး အသိအမြင်များ ကျယ်လွင့်သွားရသည်။
'ဒီ အာရုံ လှည့်စားမှု ကျောက်တုံးရဲ့ လက်နက်ဝိညာဉ်က စကားပြောရတာ တော်တော် ဝါသနာပါတာပဲ'
နောက်ဆုံးတွင် အာရုံ လှည့်စားမှု ကျောက်တုံး၏ လက်နက်ဝိညာဉ် အကူအညီဖြင့် တာအိုဆရာ ထျန်းယွီသည် အဆင့် (၅) မဟာ အခင်းအကျင်းကြီး တစ်ခုကို အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့သည်။ သို့သော် ဤကိစ္စသည် အာရုံ လှည့်စားမှု ကျောက်တုံး လက်နက်ဝိညာဉ်၏ ကျေးဇူးကြောင့်သာ အဓိက ဖြစ်၏။ ၎င်းသာ မပါဝင်ပါက တာအိုဆရာ ထျန်းယွီသည် အဆင့် (၅) မဟာ အခင်းအကျင်းကြီး တစ်ခုကို ခင်းကျင်းနိုင်စွမ်း လုံးဝ ရှိမည် မဟုတ်ပါချေ။
အဆင့် (၅) စိတ်လှည့်စားမှု အခင်းအကျင်း ရတနာ တစ်ပါးဖြစ်သော အာရုံ လှည့်စားမှု ကျောက်တုံး လက်နက်ဝိညာဉ် ပါဝင်နေသောကြောင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်၏ သွေးမျိုးဆက် အရှိန်အဝါကို ဖုံးကွယ်ရန်မှာ ခက်ခဲသော ကိစ္စရပ် တစ်ခု မဟုတ်တော့ပေ။
ဤကိစ္စများ အားလုံး ပြီးစီးသွားချိန်တွင် ရက်အတော်ကြာမြင့်ခဲ့တော့၏။
[t.n : အလှည့်ကိုးကြိမ် ရွှေအမြုတေ - ကျင့်ကြံခြင်းအဆင့်တွင် အမြုတေကို အကြိမ်ကြိမ် သန့်စင်ပြီး ကိုးကြိမ်မြောက်ရောက်သောအခါ အမြင့်ဆုံးသော အရည်အသွေးကို ရရှိသည့် ရွှေအမြုတေကို ဆိုလိုပါသည်။]