← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈) - တာအိုသားတော် နေရာ (၃)

ထို့နောက် စုယွီသည် တာအိုဆရာ ထျန်းယွီ၊ ဟွမ်ကျူးတို့နှင့်အတူ အင်မော်တယ် ဂိုဏ်းသို့ ပြန်လာခဲ့ပြီး တာယွီ တောင်ထွတ်ပေါ်တွင် အခင်းအကျင်းတစ်ခု ခင်းကျင်းကာ ပင်လယ်မျိုးနွယ်စု၏ ရွှမ်လိပ်ကို လုံခြုံစွာ ဖုံးကွယ်ထားရှိခဲ့သည်။ သူတို့သည် စုယွီနှင့် တာအိုဆရာ ထျန်းယွီတို့သာ ဝင်ထွက်ခွင့်ရှိသော လျှို့ဝှက် ဘေးမဲ့တောလေး တစ်ခုကို အောင်မြင်စွာ တည်ဆောက်ခဲ့ကြ၏။

ထိုကိစ္စရပ်များ အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် သူတို့နှစ်ဦးနှင့် ဟွမ်ကျူးတို့သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ဆီသို့ နောက်တစ်ဖန် ပြန်လည် ထွက်ခွာလာခဲ့ကြ၏။

စုယွီသည် အခြေစိုက်စခန်းမှ ခွင့်ပန်ထွက်ခွာလာခဲ့ပြီး သူ၏ ရုပ်သွင်ကို ဖုံးကွယ်ကာ မှောင်ခိုဈေးကွက်ရှိ ယွင်ရှောင် ဆေးလုံး စံအိမ်ဆီသို့ ပြန်လာခဲ့သည်။ လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင်တို့ကို ဝမ်ပေါင် လေလံပွဲသို့ ခေါ်ဆောင်သွားရန် သူ ရည်ရွယ်ထား၏။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်နှင့် အလှမ်းဝေးသော လူသူကင်းမဲ့သည့် တောင်ကုန်းတစ်ခုထက်တွင်။

မိစ္ဆာမျိုးနွယ်စုများ၏ ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခု တည်ရှိနေ၏။

ရွှမ်လိပ် မျိုးဆက်မှ ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးသည် မြပြာရောင် သွေးပုလဲကို နေ့စဉ် အသက်သွင်းကာ သူတို့၏ ရှေးဟောင်း သွေးမျိုးဆက် တည်ရှိမှုကို အာရုံခံနိုင်ရန် သွေးမျိုးဆက် လှုံ့ဆော်မှု နည်းလမ်းများကို အသုံးပြုနေ၏။ သို့သော် ထိုနည်းလမ်းကို အသက်သွင်းလိုက်ချိန်တွင် သူ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပျက်ယွင်းသွားတော့သည်။

ဤ အဆင့် (၄) အထွတ်အထိပ် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ရှိရာ အရပ်ဆီသို့ ချက်ချင်း လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။

“ဒုက္ခပဲ.. ရှေးဟောင်း သွေးမျိုးဆက်ကို အာရုံခံလို့ မရတော့ဘူး ပျောက်သွားပြီ”

အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် အခြားသော အဆင့် (၄) အထွတ်အထိပ် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင် သုံးဦးသည်လည်း သူ၏ အနီးသို့ စုရုံးရောက်ရှိလာကြသည်။

ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးအသွင် ဖန်ဆင်းထားသည့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးက စိုးရိမ်ပူပန်မှုများ အထင်အရှားဖြင့် အော်ဟစ်လိုက်၏။

“ဘယ်လိုလုပ် အာရုံခံလို့ မရဖြစ်သွားတာလဲ.. နှစ်ပေါင်းများစွာ ကြာခဲ့ပြီကို အဲဒီသွေးမျိုးဆက်က အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ထဲမှာပဲ ရှိနေပြီး တစ်သဝေမှ မရွေ့ခဲ့တာပါ.. ဘာလို့ အခုလို အရေးကြီးတဲ့ အချိန်ကျမှ ပျောက်သွားရတာလဲ”

အခြား ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးက မှန်းဆကာ ပြောလိုက်သည်။

“ငါတို့ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေက အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ကို ပစ်မှတ်ထားနေတယ် ဆိုတာကို လူသားမျိုးနွယ်စုတွေ ရိပ်မိသွားလို့များလား.. ငါတို့ရဲ့ ရှေးဟောင်း သွေးမျိုးဆက်ကို ခိုးယူသွားတဲ့ လူသားကများ သွေးမျိုးဆက် အရှိန်အဝါကို ဖုံးကွယ်လိုက်တာ ဖြစ်နိုင်မလား”

ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုဝင် လေးဦးသည် အခြေအတင် ဆွေးနွေးကာ မှန်းဆနေကြသော်လည်း ကြီးမားလှသော အကျိုးဆက် တစ်ခုကိုမူ နှုတ်မှ ထုတ်မပြောရဲကြပါချေ။

သူတို့၏ ရှေးဟောင်း သွေးမျိုးဆက် အမွေအနှစ်ကား အမှန်တကယ်ပဲ ဆုံးရှုံးသွားခဲ့ပြီလော။

မြပြာရောင် သွေးပုလဲကို ပြန်လည် သိမ်းဆည်းလိုက်ရင်း ထိုပင်လယ်မျိုးနွယ်စုဝင်သည် အံကို တင်းတင်းကြိတ်ကာ ကြိမ်းဝါးလိုက်သည်။

“မိစ္ဆာ အရှင်သခင်ကြီးတွေကို သွားရှာရမယ်.. ရလဒ်က ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်စုတွေက ငါတို့ မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို ပြန်ပေးကို ပေးရမယ်”

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်။

စုယွီ လေလံပွဲသို့ တက်ရောက်နေချိန်တွင် တာအိုဆရာ ထျန်းယွီသည် လျှို့ဝှက် ကောင်းကင် နယ်မြေတစ်ခုဆီသို့ သွားရောက်ခဲ့သည်။ သူသည် အင်မော်တယ် နန်းတော်၊ လီဟော့ ခန်းမ၊ နဂါး နန်းတော် နှင့် အခြားသော အဓိက အင်အားစုကြီးများမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများနှင့် အတူတကွ ထိုင်ကာ အရှင်သခင်ဆယ်ပါး မြို့တော်မှ ဝိညာဉ်ခွဲထွက် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါးနှင့်အတူ မိစ္ဆာမျိုးနွယ်စုများ၏ ဝိုင်းရံပိတ်ဆို့မှုကို ဖြေရှင်းမည့် နည်းလမ်းများကို ဆွေးနွေး တိုင်ပင်နေ၏။

ဆွေးနွေးပွဲ တစ်လျှောက်လုံးတွင် တာအိုဆရာ ထျန်းယွီသည် စကားတစ်ခွန်းမျှ မဟခဲ့ပါချေ။ မိစ္ဆာမျိုးနွယ်စု သို့မဟုတ် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုများက အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ကို အဘယ်ကြောင့် တိုက်ခိုက်လိုသည် ဆိုသည့် အကြောင်းရင်းကိုလည်း မည်သူကမျှ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ကြပေ။

အကြောင်းရင်းက လုံးဝ အရေးမပါတော့ချေ။ ယခု အရေးအကြီးဆုံးမှာ မိစ္ဆာမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုတို့က လူသားမျိုးနွယ်စု ကျင့်ကြံသူများ၏ ခေါင်းပေါ်သို့ တက်နင်းနေကြခြင်းပင် ဖြစ်တော့သည်။

ထို့ကြောင့် အချိန်တိုအတွင်းမှာပင် အင်အားစု အားလုံးကြား၌ သဘောတူညီချက် တစ်ရပ်ကို လျင်မြန်စွာ ရရှိသွားခဲ့သည်။

“မိစ္ဆာမျိုးနွယ်စုတွေ တိုက်ခိုက်လာမယ့် အချိန်ကို ထိုင်စောင့်နေရမှာလား.. ငါတို့ လူသားမျိုးနွယ်စုက အဲဒီလောက် အားနည်းမနေဘူး.. ဒီ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စု အုပ်စုကို နောက်ဆုံး သတိပေးချက် ထုတ်ပြန်မယ်.. ကုန်းမြေပေါ်က မြေကမ္ဘာအင်မော်တယ် နယ်မြေရဲ့ ပိုင်နက်ထဲကနေ အခုချက်ချင်း ဆုတ်ခွာသွား.. မဟုတ်ရင် သေဖို့သာ ပြင်ထားတော့”

“ဒါ့အပြင် တခြား မိစ္ဆာမျိုးနွယ်စုတွေကိုလည်း ငါတို့ လူသားမျိုးနွယ်စု ပိုင်နက်ထဲကနေ ချက်ချင်း ဆုတ်ခွာသွားဖို့ အမိန့်ပေးမယ်.. အဲဒီလိုမှ မဟုတ်ရင် ငါတို့က မိစ္ဆာမျိုးနွယ်စု အားလုံးကို မျိုးမဖြုတ်နိုင်ရင်တောင်မှ ငါတို့ရဲ့ အခြေခံ အုတ်မြစ် အင်အားတွေကို စတေးပြီး သူတို့ထဲက တစ်စု နှစ်စုလောက်ကိုတော့ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တယ်”

မှောင်ခိုဈေးကွက်ရှိ ဝမ်ပေါင် လေလံပွဲ ပြီးဆုံးပြီးနောက် စုယွီသည် မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ အခြေစိုက်စခန်းသို့ ပြန်လည် ရောက်ရှိလာချိန်တွင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ လူသားမျိုးနွယ်စု အင်အားစု အသီးသီး၏ သဘောတူညီချက် အကြောင်းကို သိရှိသွားခဲ့၏။

မြေကမ္ဘာအင်မော်တယ် နယ်မြေသည် မူလဝိညာဉ်အဆင့် အရှင်သခင်များ၊ အတွင်းစည်း တပည့်များနှင့် အပြင်စည်း တပည့်များကို အဆက်မပြတ် ဆင့်ခေါ် စုရုံးနေ၏။ အခြားသော အဓိက အင်အားစုကြီးများကလည်း ထိုနည်းတူပင် လုပ်ဆောင်နေကြ၏။

စုယွီက တီးတိုး ရေရွတ်လိုက်သည်။

'ရူးသွပ်စရာပဲ.. သူတို့က အကြီးအကျယ် လောင်းကြေးထပ်ပြီး ကစားနေကြတာပဲ'

သို့သော် မိုးကောင်းကင်ကြီး ပြိုကျလာလျှင်ပင် အရပ်ရှည်သူများသာ ထမ်းထားပါစေလေ။ သူကား သေးမွှားသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ် နယ်မြေမှ သာမန် တပည့်လေး တစ်ယောက်သာ။ ထို့ကြောင့် မကြာမီ ဖြစ်ပွားတော့မည့် ဤစစ်ပွဲကြီးတွင် မိစ္ဆာများနှင့် ပင်လယ်မျိုးနွယ်စုများကို ရင်ဆိုင်ရန်အတွက် သူသည် ရှေ့တန်း စစ်မျက်နှာပြင်သို့ သေချာပေါက် ရောက်ရှိနေမည် မဟုတ်ပါချေ။

လအနည်းငယ် ကုန်လွန်သွားပြီးနောက် လူသားမျိုးနွယ်စု၏ ပြင်းထန်သော သတိပေးချက်များ အောက်တွင် မိစ္ဆာမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုတို့သည် နောက်ဆုတ်သွားခြင်း အလျဉ်းမရှိသည့်အပြင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ကို ပိုမို ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက် တိုက်ခိုက်လာကြသည်။

သူတို့သည် လူသားမျိုးနွယ်စုနှင့် စစ်ခင်းရန် အပြတ်အသတ် ဆုံးဖြတ်ထားကြောင်း ထင်ရှားနေပေတော့သည်။

အခြေစိုက်စခန်း အတွင်း၌။

အင်အားစု အသီးသီးသည် တိုက်ပွဲဝင်ရန် အပြင်းအထန် ပြင်ဆင်နေကြ၏။ စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများသည်လည်း အသင့်အနေအထား ပြင်ဆင်နေကြသည်။

တစ်နေ့တွင် စုယွီသည် လော့ချန်ယွီနှင့် အခြားသူများကို ခေါ်ယူ စုရုံးလိုက်သည်။ သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အဆင့် (၃) အဆောင်လက်ဖွဲ့ နှစ်ထောင်ကျော်ခန့် ထွက်ပေါ်လာတော့၏။

“ဒီစစ်ပွဲက သိပ်ပြီး အန္တရာယ်များတယ်.. ဒါကြောင့် ငါတို့ အရန်သင့် သိမ်းထားတဲ့ ရတနာတွေကို ထုတ်သုံးရမယ့် အချိန်ရောက်ပြီ.. ဒီအဆောင်လက်ဖွဲ့တွေကို ငါ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တာ.. အခုတော့ တကယ် အသုံးဝင်လာပြီပဲ”

“လာကြ.. ငါတို့ အချင်းချင်း ခွဲယူကြရအောင်.. အချိန်ကျလာရင် ငါတို့ အတူတူ လှုပ်ရှားလို့ ရတယ်.. တစ်ယောက်ကို တစ်ယောက် ကျောထောက်နောက်ခံ ပေးထားနိုင်ရင် အများကြီး အကျိုးရှိမှာပဲ”

စုယွီသည် အဆင့် (၃) အဆောင်လက်ဖွဲ့ လေးထောင်နီးပါးနှင့် အဆင့် (၄) အဆင့်နိမ့် အဆောင်လက်ဖွဲ့ နှစ်ရာကျော်ခန့်ကို စုဆောင်းထားခဲ့ပြီး ဖြစ်သည်။

ဤမျှများပြားသော အရေအတွက်ကို သူတစ်ယောက်တည်းဖြင့် အားလုံး အသုံးပြုနိုင်မည် မဟုတ်ရာ လော့ချန်ယွီနှင့် အခြားသူများကိုပါ လက်နက် တပ်ဆင်ပေးနိုင်၏။

ထိုသို့ လုပ်ဆောင်ထားခြင်းဖြင့် သူတို့အုပ်စု လှုပ်ရှားနေချိန်တွင် အဆင့် (၄) မိစ္ဆာသားရဲ အနည်းငယ်က သူတို့ကို ဝင်ရောက် တိုက်ခိုက်လာလျှင်ပင် ဤအဆောင်လက်ဖွဲ့များကို အသုံးပြု၍ ၎င်းတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိနေမည်သာ ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း အဆင့် (၃) အဆောင်လက်ဖွဲ့များ တောင်လို ပုံနေသည်ကို မြင်တွေ့လိုက်ရသောအခါ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများမှာ အကြီးအကျယ် တုန်လှုပ် မှင်သက်သွားကြရလေတော့သည်။

'ဘယ်သူကများအားယ့်လက်ထဲမှာ အဆင့် (၃) အဆောင်လက်ဖွဲ့ ထောင်ချီပြီး ပိုင်ဆိုင်ထားနိုင်မှာလဲ’

အခန်း (၅၉၉) - မူလဝိညာဉ် အဆင့်နှင့် နီးကပ်လာပြီ

စုယွီ၏ ဘေးပတ်လည်တွင် လူအများအပြား စုရုံးနေကြသည်။ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်၊ ခုန်းယွင်၊ ကျန်မုန့်၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ပါဝင်၏။ ယခုအခါ လော့ချန်ယွီသည် မြေကမ္ဘာအင်မော်တယ် နယ်မြေရှိ တောင်ထွတ် (၁၈) ခုအနက် ဂူကျန့်တောင်ထွတ် သခင်၏ ကိုယ်ပိုင်တပည့် ဖြစ်လာခဲ့ပြီဖြစ်ကာ အရှင်သခင်မ ယူရော့ ကိုယ်တိုင် ရွေးချယ်ထားသော ဆက်ခံသူလည်း ဖြစ်၏။

တာအိုဆရာမ ချင်းချွမ်သည်လည်း ကြီးမားလှသော ကံကြမ္မာအကျိုးပေးများနှင့် လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားပြီး နောင်တစ်ချိန်တွင် လမင်းတောင်ထွတ်၏ ဆက်ခံသူ ဖြစ်လာနိုင်မည့် အလားအလာများ ရှိနေ၏။

အေးအေးဆေးဆေး နေတတ်သော်ငြား အရေးပါလှသော တာအိုဆရာ ရှုဟိုင်မှာမူ လင်ယွမ်တောင်ထွတ် သခင်၏ ကိုယ်ပိုင်တပည့်တစ်ဦး ဖြစ်လာခဲ့တော့၏။ သူသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် တည်ငြိမ်စွာ တိုးတက်နေပြီး ရေတွက်၍မရနိုင်သော အခွင့်အရေးကောင်းများကို ရရှိထားသူ ဖြစ်သည်။

သို့ဖြစ်သော်ငြားလည်း ယခုအချိန်၌ ထိုသူများအားလုံးမှာ အကြီးအကျယ် တုန်လှုပ်နေကြရ၏။

စုယွီက အဆင့် (၃) အဆောင်လက်ဖွဲ့ အမြောက်အမြားကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြသလိုက်သောအခါ သူတို့အားလုံးမှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မှင်သက်တုန်လှုပ် သွားကြရလေတော့သည်။

သူတို့၏ အမြင်တွင် စုယွီကို မည်သည့်အခါမျှ အထင်သေး အမှတ်တမဲ့ သဘောမထားခဲ့ကြသည်မှာ အမှန်ပင်။

သို့သော် ထိုအဆင့် (၃) အဆောင်လက်ဖွဲ့ အားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့သည် စုယွီမှာ သူတို့ စိတ်ကူးထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေကြောင်း နားလည်သဘောပေါက် သွားကြသည်။ သူ၏ ဖုံးကွယ်ထားသော စွမ်းအား အတိမ်အနက်ကို မည်သူကမျှ ခန့်မှန်းနိုင်စွမ်း မရှိပါချေ။

စုယွီသည် ထိုရတနာများကို စတင် ဝေငှပေးလိုက်၏။ အချိန်အတော်ကြာ စုဆောင်းထားခဲ့သော အဆင့် (၃) အဆောင်လက်ဖွဲ့များမှာ နောက်ဆုံးတွင် အသုံးဝင်လာခဲ့တော့၏။

လူသားမျိုးနွယ်စု ကျင့်ကြံသူများနှင့် မိစ္ဆာမျိုးနွယ်စုများအကြား မကြာမီ ဖြစ်ပွားတော့မည့် ထိပ်တိုက်ရင်ဆိုင်မှုကြီးကား အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း ၎င်းသည် အရင်းအမြစ်များကို လုယူစုဆောင်းရန် အခွင့်အရေး တစ်ရပ်လည်း ဖြစ်သည်။

အကယ်၍ သူတို့သာ သားရဲများနှင့် မိစ္ဆာ အမြောက်အမြားကို သုတ်သင်နိုင်ခဲ့ပါလျှင် စုယွီ ထုတ်ပေးလိုက်သော ဤအဆောင်လက်ဖွဲ့များက သူတို့ကို ဧရာမ အကျိုးအမြတ်ကြီးတစ်ခု ရရှိစေရန် စွမ်းဆောင်ပေးနိုင်မည် ဖြစ်၏။

ခမ်းနား ကြီးကျယ်သော ခန်းမဆောင်ကြီး အတွင်း၌။

တာအိုဆရာ ထျန်းယွီသည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်တွင် နောက်ထပ် ဆွေးနွေးမှု တစ်ခုကို ပြုလုပ်ပြီးနောက် ပြန်လည် ရောက်ရှိလာသည်။ ခန်းမဆောင် အတွင်း၌ မြေကမ္ဘာအင်မော်တယ် နယ်မြေမှ မူလဝိညာဉ်အဆင့် အရှင်သခင် (၃၀) ကျော် စုဝေးနေကြပြီး စုယွီနှင့် လော့ချန်ယွီ အပါအဝင် တပည့် အနည်းငယ်လည်း ထိုအထဲတွင် ပါဝင်နေ၏။

တာအိုဆရာ ထျန်းယွီ၏ အင်အားကို ပံ့ပိုးပေးရန်အတွက် နောက်ထပ် မူလဝိညာဉ် အထွတ်အထိပ်အဆင့် အရှင်သခင် တစ်ပါးလည်း မြေကမ္ဘာအင်မော်တယ် နယ်မြေသို့ ရောက်ရှိလာခဲ့၏။

မျောင်းယင် အရှင်သခင်မ ဟု လူသိများသော သူမသည် လွန်ခဲ့သော အတိတ်ကာလက မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စံအိမ်တော် အရှင်သခင် ကိုယ်တိုင် အခြားသော အင်မော်တယ် ဂိုဏ်းများထံမှ အနိုင်ယူ သိမ်းပိုက်ခဲ့သော ပါရမီရှင် တာအိုလက်တွဲဖော်များ အနက်မှ တစ်ဦး ဖြစ်သည်။

သူမသည် အပြင်ထွက်လေ့ ထွက်ထ သိပ်မရှိသလို မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ ပြဿနာ ကိစ္စရပ်များကိုလည်း ဝင်ရောက် စွက်ဖက်လေ့ မရှိပါချေ။

သို့ဖြစ်သော်ငြားလည်း ယခုတစ်ကြိမ်တွင် လူသားမျိုးနွယ်စုများ ပူးပေါင်း၍ မိစ္ဆာမျိုးနွယ်စုကို ဆန့်ကျင် တိုက်ခိုက်မည့် အရေးကိစ္စ ဖြစ်သောကြောင့် စံအိမ်တော် အရှင်သခင် ကိုယ်တိုင်က သူမအား တာအိုဆရာ ထျန်းယွီနှင့်အတူ နယ်မြေမှ အဖွဲ့ဝင်များကို ဦးဆောင်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

တာအိုဆရာ ထျန်းယွီသည် အထွတ်အထိပ် နေရာတွင် ဝင်ထိုင်လိုက်ပြီး ထိုနေရာရှိ မူလဝိညာဉ်အဆင့် အရှင်သခင်များအား လှမ်းကြည့်လိုက်သည်။ ထို့နောက် တည်ကြည်ပြတ်သားစွာဖြင့် ပြောလိုက်၏။

“ဆုံးဖြတ်ချက် ကျသွားပြီ... ကျုပ်တို့ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး ဆီကို ချီတက်ကြမယ်... ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေ သွေးထိုးလှုံ့ဆော်ထားတဲ့ မိစ္ဆာကြီးတွေ အားလုံး အဲဒီမှာ စုရုံးနေကြတယ်”

“သူတို့က တိုက်ချင်တယ် ဆိုမှတော့ ငါတို့ လူသားတွေကလည်း တိုက်ရမှာပေါ့”

“ဒီမိစ္ဆာတွေကို အသေအလဲ ဆုံးမ မပေးရင်... တကယ့် အုပ်စိုးသူ အစစ်အမှန် ဆိုတာ ငါတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေက လူသားမျိုးနွယ်စုတွေပဲ ဆိုတာကို သူတို့ မေ့သွားကြလိမ့်မယ်”

“ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုနဲ့ ပတ်သက်ပြီး ပြောရရင်တော့... သူတို့က ကုန်းမြေပေါ် တက်ပြီး ပြဿနာ ရှာချင်နေတယ် ဆိုမှတော့... သူတို့ကို ကုန်းပေါ်မှာပဲ ထာဝရ အိပ်စက်ခိုင်းလိုက်ပြီး ပင်လယ်ထဲ ပြန်မသွားနိုင်အောင် လုပ်ပေးလိုက်တာပေါ့”

မျောင်းယင် အရှင်သခင်မက သူ့အား ကြည့်ကာ မေးလိုက်၏။

“ဦးလေးဆရာ... အစီအစဉ်က ဘယ်လိုလဲ... ကျုပ်တို့က ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးဆီ ချီတက်မယ် ဆိုရင် အရှင်သခင်ဆယ်ပါး မြို့တော်ရဲ့ တခြား အရပ်မျက်နှာတွေက သားရဲတွေနဲ့ မိစ္ဆာတွေကို ဘယ်လို လုပ်ကြမလဲ”

တာအိုဆရာ ထျန်းယွီက တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။

“အရှင်သခင်ဆယ်ပါး မြို့တော်က အဲဒီလောက် အရေးမကြီးပါဘူး... ခံစစ်စည်း သုံးခုနဲ့ မြို့တော်ကို ကာကွယ်ဖို့ လူတချို့ ကျန်နေခဲ့ရင် လုံလောက်ပါတယ်”

“ကျုပ်တို့ တကယ် လုပ်ရမယ့် အလုပ်က ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးကို မြေလှန်ပစ်ဖို့ပဲ”

ဤတာဝန်ကား အလွန်တရာ ခက်ခဲကြမ်းတမ်းလှပြီး အောင်မြင်ရန်အတွက် လူသားမျိုးနွယ်စု အင်အားစုများ အားလုံးထံမှ အရင်းအမြစ် အရင်းအမြစ်များ လိုအပ်၏။

လူသားမျိုးနွယ်စု၏ အင်အားစု အသီးသီးသည် ဤစစ်ပွဲကြီးအတွက် တစ်နှစ်နီးပါးခန့် အချိန်ယူ ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။

*

ထိုနေ့သို့ ရောက်သောအခါ ..ကောင်းကင်ပြာကြီးသည် ကြည်လင် တောက်ပနေပြီး လောကကြီး တစ်ခုလုံး သာယာ လှပနေ၏။

မြေကမ္ဘာအင်မော်တယ် နယ်မြေ အတွင်းအပြင်၌ စုဝေးနေသော ကျင့်ကြံသူ (၁၀၀၀၀၀) နီးပါး အပြင် အခြားသော လူ (၁၀၀၀) ခန့် ပါဝင်သည့် အင်အားစု တစ်ခုလည်း ရောက်ရှိလာခဲ့၏။ သူတို့သည် သွေးရောင် လွှမ်းသော အနီရောင် ဝတ်ရုံများကို ဆင်မြန်းထားကြပြီး သွေးစွန်းသော လူသတ်အငွေ့အသက်များ၊ မိစ္ဆာဆန်သော အရှိန်အဝါများ ၎င်းတို့ထံမှ ဖြာထွက်နေ၏။ လူတိုင်း၏ လက်ထဲတွင် သာမန် မှော်လက်နက်များနှင့် လုံးဝ မတူညီသော လေးလံလှသည့် လက်နက်ကြီးများကို ကိုင်ဆောင်ထားကြ၏။

စုယွီ၊ တာအိုဆရာ ရှုဟိုင်၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် အခြားသူများသည် တောင်ပံဖြန့်လိုက်လျှင် မီတာ (၁၀) ဂဏန်းကျော် ကျယ်ဝန်းသော ဧရာမ သားရဲကြီး အဖြစ် အသွင်ပြောင်းထားသည့် ထိုက်ရွှီ၏ ကျောပြင်ပေါ်တွင် မတ်တတ်ရပ်ကာ လူအုပ်ကြီးထဲတွင် ရောနှော နေကြသည်။

သာမန် တိုင်းပြည် တစ်ခုမှ စစ်တပ်ကြီး တစ်ခုအလား ထင်မှတ်ရသော ထိုအင်အားစုကို ကြည့်ရင်း စုယွီနှင့် အခြားသူများမှာ အံ့အားသင့် မှင်သက်သွားကြပြီး မေးလိုက်မိကြ၏။

“သူတို့က ဘယ်သူတွေလဲ”

စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့မှာ ဘာဆိုဘာမျှ မသိကြပါချေ။

သို့သော် တာအိုဆရာ ရှုဟိုင်က တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားဟန်ဖြင့် တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“ငါတို့ရဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေမှာ ရှေးဟောင်းခေတ် ကာလကတည်းက တည်ရှိခဲ့တဲ့ လျှို့ဝှက် အင်အားစု တစ်ခု ရှိတယ်လို့ ငါ ကြားဖူးတယ်... အင်မော်တယ် တစ်သောင်း နန်းတော်က တိုက်ခိုက်ရေး ကျင့်ကြံသူ စစ်တပ်ကြီး လိုမျိုးပဲ... သူတို့ကို မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီး လို့ ခေါ်ကြတယ်တဲ့”

“ဒါပေမဲ့ အရင်တုန်းကတော့ မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီးဟာ နယ်မြေထဲမှာ အခြေမစိုက်ဘဲ လူသူကင်းမဲ့တဲ့ တောရိုင်းနယ်မြေ တွေထဲမှာပဲ နေထိုင်ကြတယ်... သူတို့က တစ်ဖက်မှာ အရင်းအမြစ် ထွက်ရှိမယ့် နေရာသစ်တွေကို ရှာဖွေရင်း အင်မော်တယ် နယ်မြေအတွက် နယ်မြေချဲ့ထွင် ပေးကြတယ်လေ”

“အခြား တစ်ဖက်မှာကျတော့ မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီးရဲ့ အဖွဲ့ဝင်တွေ အားလုံးဟာ ရှေးဟောင်း ခန္ဓာကိုယ်အားပြု ကျင့်ကြံသူတွေချည်းပဲ... သူတို့က သီးသန့် စနစ်တစ်ခုကို ဖန်တီးထားပြီး တောရိုင်းနယ်မြေ တွေထဲက သားရဲတွေ၊ မိစ္ဆာတွေနဲ့ သွေးထွက်သံယို တိုက်ခိုက်ရင်း သူတို့ရဲ့ စွမ်းရည်တွေကို အဆင့်မြှင့်တင် ကြတာပဲ”

“အခု မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီး ရောက်လာပြီ ဆိုမှတော့... အင်မော်တယ် ဂိုဏ်းကြီးတွေက ဒီစစ်ပွဲကို တကယ် အတည်ပေါက် တိုက်တော့မယ် ဆိုတာ ရှင်းနေပါပြီ... တခြား အင်အားစုတွေ ဘက်ကလည်း ဒီလိုပဲ ဖြစ်မှာပါ”

ထိုစကားများကို ကြားလိုက်ရသောအခါ စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့မှာ အနည်းငယ် ဆွံ့အသွားကြသည်။ မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီး တဲ့လား။ သူတို့မှာ ဤကိစ္စနှင့် ပတ်သက်၍ အပ်ကျသံမျှပင် ကြားဖူးခဲ့ခြင်း မရှိချေ။

စုယွီ နှင့် လော့ချန်ယွီ တို့ နှစ်ဦးစလုံးသည် မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီးအား နောက်ထပ် တစ်ကြိမ် အသေအချာ လှမ်းကြည့်လိုက်ကြပြန်၏။ ဘာပဲပြောပြော သူတို့ နှစ်ဦးစလုံးသည်လည်း ခန္ဓာကိုယ်အားပြု ကျင့်စဉ်များကို လေ့ကျင့်ထားသူများ ဖြစ်ကြသည် မဟုတ်ပါလော။ အထူးသဖြင့် စုယွီဆိုလျှင် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ အဆင့် (၄) သို့ပင် ရောက်ရှိနေပြီဖြစ်ကာ မူလဝိညာဉ် အဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေချေပြီ။

'ဒီ မြေကမ္ဘာ အင်မော်တယ် စစ်တပ်ကြီး ဆက်ခံထားတဲ့ ရှေးဟောင်း ခန္ဓာကိုယ်အားပြု ကျင့်စဉ်က ငါ့ရဲ့ ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်နဲ့ ယှဉ်နိုင်ပါ့မလား မသိဘူး...'

သူတို့ တွေးထင်ထားသည့် အတိုင်းပင် ဖြစ်သည်။

မကြာမီ အချိန်အတွင်းမှာပင် အခြားသော အင်အားစု အသီးသီးသည်လည်း သူတို့၏ လျှို့ဝှက် ဖဲချပ်များကို အသီးသီး ထုတ်ဖော် ပြသလာကြတော့၏။ အင်မော်တယ် တစ်သောင်း နန်းတော်မှ တိုက်ခိုက်ရေး ကျင့်ကြံသူ စစ်တပ်ကြီး၊ လီဟော့ ခန်းမမှ ရုပ်သေး စစ်တပ်ကြီး နှင့် ကျောက်စိမ်းနဂါး နန်းတော်မှ သားရဲယဉ်ပါး စစ်တပ်ကြီး အစရှိသည်တို့ ပါဝင်သည်။

ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ခု၏ လျှို့ဝှက် အင်အားစုများ အပြင် အခြားသော အဖွဲ့အစည်းများသည်လည်း သူတို့၏ ခွန်အားများကို တဖြည်းဖြည်း ထုတ်ဖော် လာကြရာ လောကကြီး တစ်ခုလုံး ပွက်လောညံ သွားတော့သည်။

ဤမျှ ခမ်းနား ကြီးကျယ်လှသော မြင်ကွင်းကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရခြင်းက စုယွီနှင့် အခြားသူများအတွက် တကယ့်ကို မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့၏။

“သွားကြစို့... ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး ဆီကို”

ခမ်းနား ကြီးကျယ်လှသော အင်မော်တယ် စွမ်းအားများ အပြည့်အဝ ပါဝင်နေသည့် အသံ တစ်သံ ကောင်းကင်ယံမှ ကျဆင်းလာရာ ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူများ အားလုံး၏ မျက်နှာများမှာ အလွန်တရာ လေးနက် တည်ကြည် သွားကြသည်။ ထိုအသံပိုင်ရှင်မှာ ဝိညာဉ်ခွဲထွက် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါး ဖြစ်ကြောင်း အထင်အရှားပင်။

ထိုအသံမှာ စိမ်းသက်နေပြီး အသံပိုင်ရှင် မည်သူမည်ဝါ ဖြစ်ကြောင်းကို စုယွီ မခွဲခြားနိုင်ခဲ့ချေ။

သူ တွေ့ဖူးသမျှ ဝိညာဉ်ခွဲထွက် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဆို၍ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ စံအိမ်တော် အရှင်သခင် တစ်ပါးတည်းသာ ရှိသည်။

ဝိညာဉ်ခွဲထွက် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည် ကိုယ်ထင်ပြခြင်း မရှိကြသော်လည်း အမိန့်တစ်ခွန်းတည်းဖြင့် အဖွဲ့အစည်း အားလုံးသည် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးဆီသို့ ဟုန်းခနဲ ချီတက် သွားကြလေတော့သည်။ အချို့က မှော်လက်နက်များကို အသုံးပြုကြပြီး အချို့က ပျံသန်းရေး လှေပျံများ၊ တိုက်ပွဲဝင် သင်္ဘောပျံများ သို့မဟုတ် ယဉ်ပါးပြီးသား သားရဲကြီးများကို အသုံးပြုကာ ချီတက် ကြသည်။

အင်မော်တယ် ရှစ်ပါး ပင်လယ်ကို ဖြတ်ကူးသည့်အလား လူတိုင်းက မိမိတို့၏ ကိုယ်ပိုင် ထူးခြားသော မှော်စွမ်းရည်များကို အသီးသီး ထုတ်ဖော် ပြသနေကြ၏။

လောကကြီး တစ်ခုလုံး၏ နေရာအနှံ့အပြားတွင် သန်းနှင့်ချီသော လူသားမျိုးနွယ်စု ကျင့်ကြံသူများဖြင့် ပြည့်နှက် ဖုံးလွှမ်း နေတော့၏။

အခန်း (၆၀၀) - မူလဝိညာဉ် အဆင့်နှင့် နီးကပ်လာပြီ (၂)

ထိုနှစ်အတွင်းမှာပင် လူသားမျိုးနွယ်စုဝင် တစ်သန်းခန့်သည် မြို့တော်မှ ထွက်ခွာကာ မိစ္ဆာမျိုးနွယ်စုတို့၏ ပိုင်နက်နယ်မြေဖြစ်သော ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးကို ကျူးကျော် ဝင်ရောက်ခဲ့ကြသည်။ ထိုအုပ်စုကြီးထဲတွင် စုယွီမှာ သာမန် စစ်သည်တစ်ဦးအလား ရောနှော လိုက်ပါသွားခဲ့၏။

ခရီးတစ်ဝက်သို့ ရောက်သောအခါ...

မိစ္ဆာမျိုးနွယ်စုများက စတင် တန်ပြန် တိုက်ခိုက်လာကြသည်။ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော မိစ္ဆာသားရဲတို့သည် ရက်စက်ကြမ်းကြုတ်သော ဒီရေလှိုင်းကြီး တစ်ခုအလား အရပ်မျက်နှာ အသီးသီးမှ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လာကြတော့သည်။ ၎င်းတို့၏ အရေအတွက်မှာ အလွန်တရာ များပြား ပြွတ်သိပ်နေသဖြင့် အဆုံးသတ်ကိုပင် မမြင်နိုင်တော့ချေ။

“တိုက်ခိုက်ကြ”

ဝိညာဉ်ခွဲထွက် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါး၏ အေးစက်စက် အမိန့်ပေးသံသည် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားပြန်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အပြင်ဘက်ဆုံး ကာကွယ်ရေးတပ်မှ လူသားမျိုးနွယ်စု ကျင့်ကြံသူများက ပထမဆုံး စတင် လှုပ်ရှားလိုက်ကြ၏။ အခင်းအကျင်း ဆရာများ ထွက်ပေါ်လာပြီး မြေကြီးထဲသို့ အလံပေါင်းများစွာ စိုက်ထူကာ မိစ္ဆာသားရဲ ဒီရေလှိုင်းကြီး၏ တိုက်ခိုက်မှုကို ဟန့်တားရန်အတွက် အခင်းအကျင်းများကို လျင်မြန်စွာ ခင်းကျင်းလိုက်ကြသည်။

ထို့နောက် ရုပ်သေး သားရဲများ၏ တိုက်ခိုက်မှု လှိုင်းလုံးကြီးများ ဆက်တိုက် ရောက်ရှိလာ၏။ ၎င်းတို့ကို ရှေ့တန်းမှ စတင် ဖြန့်ကြက်ချထားလိုက်သည်။

ဤနည်းလမ်း နှစ်ခုဖြင့် တိုက်ခိုက်မှုကို အရှိန်သတ်လိုက်ပြီးနောက် အနောက်ဘက်ရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် သူတို့၏ မှော်လက်နက်များကို ထိန်းချုပ်ကာ မိမိတို့၏ အကွာအဝေး အတွင်းရှိ မိစ္ဆာသားရဲများကို သုတ်သင်ရန်အတွက် မှော်အတတ်ပညာများကို စတင် ထုတ်ဖော် ကြတော့သည်။

အန္တရာယ်နှင့် ကြုံတွေ့လာရပါက တစ်ခါသုံး စွမ်းအားမြင့် မှော်လက်နက်များ၊ အဆောင်လက်ဖွဲ့များနှင့် အခြားသော နည်းလမ်းများကိုပါ အသုံးပြုနိုင်သေးသည် မဟုတ်ပါလော။

မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို သုံးဖက်သုံးတန်မှ ဟန့်တားလိုက်ပြီးနောက် အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ ဦးဆောင်မှုအောက်ရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် တန်ပြန် တိုက်ခိုက်မှုများကို စတင်ကာ မိစ္ဆာများကို အမြစ်ပြတ် ချေမှုန်းပစ်ကြလေတော့သည်။

သုံးဖက်သုံးတန်မှ သားရဲ ဒီရေလှိုင်းကြီးကို သုတ်သင် ရှင်းလင်းပြီးနောက် လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် တစ်စုတစ်စည်းတည်း ပြန်လည် စုရုံးကာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးဆီသို့ ဆက်လက် ချီတက် ကြသည်။

မိစ္ဆာသားရဲတွေ တဲ့လား...။

မည်မျှပင် အရေအတွက် များပြားနေပါစေ လူသားများ၏ ချီတက်ရာ လမ်းကြောင်းကို သူတို့ မဟန့်တားနိုင်ကြပါချေ။

အင်အားစု အသီးသီးမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် ရှေ့သို့ မှန်မှန် တိုးဝင်လာကြသည်။ သားရဲ ဒီရေလှိုင်းကြီး၏ နှောင့်ယှက်မှုကြောင့် သူတို့၏ တိုးတက်မှု အရှိန်အဟုန်မှာ အနည်းငယ် နှေးကွေး သွားခဲ့သော်ငြားလည်း လူသားမျိုးနွယ်စု ကျင့်ကြံသူများကို ဟန့်တားနေသော မိစ္ဆာသားရဲ အားလုံးမှာမူ လုံးဝ (လုံးဝ) အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ကြရသည်။

တစ်နှစ်ကျော် ကုန်လွန်သွားပြီးနောက်...

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် ထူထပ်သော မြူခိုးများနှင့် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသည့် အဆုံးအစမဲ့ လူသူကင်းမဲ့သော တောအုပ်ကြီး၏ အပြင်ဘက်သို့ ဆင်းသက် ရောက်ရှိလာကြသည်။

တောရိုင်း နယ်မြေ၏ အနက်ရှိုင်းဆုံး တစ်နေရာ၊ ရွှေရောင် နန်းတော်ကြီး တစ်ခု အတွင်း၌...

လူယောင် ဖန်ဆင်းထားသော မိစ္ဆာမျိုးနွယ်စု အဖွဲ့ဝင်များသည် တစ်ယောက်ပြီး တစ်ယောက် ဤနေရာသို့ စုရုံးရောက်ရှိ လာကြသည်။ တောရိုင်း နယ်မြေ၏ အပြင်ဘက်ကို လှမ်းကြည့်နေကြသော သူတို့၏ မျက်နှာများမှာ အလွန်တရာ လေးနက် တည်ကြည် နေကြ၏။ လွန်ခဲ့သော တစ်နှစ်တာ ကာလ တစ်လျှောက် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် သူတို့ မျိုးနွယ်စု၏ ကြီးမား ခမ်းနားလှသော ခွန်အားကို အထင်အရှား ပြသခဲ့ပြီး ဖြစ်သည်။

တားဆီး၍ မရနိုင်လောက်အောင်ပင်။

သို့သော်ငြားလည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများ ဆင်းသက်လာသည်ကို ကြည့်ရင်း သူတို့အနေဖြင့် အလွန်အမင်း စိုးရိမ် ပူပန်မှု သို့မဟုတ် ထိတ်လန့်မှုများကို မပြသခဲ့ကြပါချေ။

ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး ဆိုသည်မှာ သာမန် နေရာတစ်ခု မဟုတ်ဘဲ သူတို့၏ ပိုင်နက်နယ်မြေ၊ သူတို့၏ ကိုယ်ပိုင် အိမ်ကွင်း ဖြစ်သည်။

‘လူသားတွေက တိုက်ခိုက်ရဲတယ် ဆိုရင်... သူတို့ကို ပြန်လည် မောင်းထုတ်နိုင်မယ်လို့ ငါတို့ အပြည့်အဝ ယုံကြည်ထားတယ်။

ဒီကျင့်ကြံသူတွေကို ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး ထဲမှာ ထောင်ချောက်ဆင် ပိတ်လှောင်ထားဖို့တောင် ငါတို့ လုပ်နိုင်သေးတယ်’

အနည်းငယ် စိတ်ပျက်စရာ ကောင်းသည်မှာ ဤစမ်းသပ်မှု တစ်ပတ်အပြီးတွင် အပြင်ဘက်ရှိ အင်အားစုများကို လူသားမျိုးနွယ်စုများကသာ ကြီးစိုးထားဆဲ ဖြစ်ခြင်းပင်။ မိစ္ဆာမျိုးနွယ်စုမှာမူ အနည်းငယ် အားနည်းနေဆဲ ဖြစ်ပြီး လူသားများနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသေးချေ။

သူတို့၏ အကြည့်များကို လွှဲဖယ်လိုက်ပြီးနောက် လူယောင် ဖန်ဆင်းထားသော မိစ္ဆာ အရှင်သခင် အချို့သည် ဗိမာန်တော် အတွင်းရှိ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုများကို လှမ်းကြည့်လိုက်ကြသည်။

မိစ္ဆာ အရှင်သခင် တစ်ပါးက တည်ငြိမ်စွာဖြင့် စကားဆိုလာ၏။

“အခု ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီ ဆိုတော့... မင်းတို့ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေ လှုပ်ရှားရမယ့် အချိန် ရောက်ပြီ”

“ငါတို့ရဲ့ ဘိုးဘေးကြီး ထွက်သွားပါပြီ”

ဟု ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုက အေးဆေး တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။

ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အပြင်ဘက်၌...

စုယွီသည် မြေကမ္ဘာအင်မော်တယ် နယ်မြေမှ တပည့်များ၏ လူအုပ်ထဲတွင် ရောနှောနေ၏။ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အပြင်ဘက်တွင် စခန်းချ နေရာများကို တစ်ခုပြီးတစ်ခု တည်ဆောက်ထားကြတော့၏။ မိစ္ဆာမျိုးနွယ်စုများ၏ အခိုင်အမာ ခံတပ်ကြီး ဖြစ်သော ဤတောအုပ်ကြီးသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး ဒီအတိုင်း ဝင်တိုက်ရုံမျှဖြင့် အလွယ်တကူ အောင်မြင်နိုင်မည် မဟုတ်ချေ။ မိစ္ဆာမျိုးနွယ်စုများ၏ ပထဝီဝင် အနေအထား အသာစီးရမှုများကို ဖျက်ဆီးရင်း တစ်ဆင့်ချင်းစီ ထိုးဖောက် ဝင်ရောက်ရမည် ဖြစ်၏။

ထိုအချိန်တွင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အပြင်ဘက်၌ ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ဆင်းသက် လာခဲ့သည်။

လက်ဝါးတစ်ချက် ရိုက်နှိပ်လိုက်သည်နှင့် နတ်ဘုရား စွမ်းရည် တစ်ရပ် ထွက်ပေါ်လာပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်းကြီးမှာ ကျိုးပဲ့လုမတတ် ဖြစ်သွားရသည်။

နောက်တစ်စက္ကန့်မှာပင် မည်သူမည်ဝါမှန်း မသိရသော လူသားမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာကာ သူ့အား တားဆီးလိုက်ပြီး ပြောလိုက်၏။

“အကြီးအကဲ ရွှမ်လိပ်... ခင်ဗျားက ကျုပ်တို့ လူသားမျိုးနွယ်စုတွေနဲ့ အဆက်အသွယ် ဖြတ်ချင်နေတာလား”

“ဒါမှမဟုတ်... ခင်ဗျားတို့ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုတွေက ပင်လယ်ထဲမှာ သိပ်ပြီး ဗိုလ်ကျ စိုးမိုးနေလို့ ကုန်းပေါ်အထိပါ တက်လာချင်နေတာလား”

“ကျုပ်တို့ကိုရော မေးပြီးပြီလား”

လူသားမျိုးနွယ်စု အဖွဲ့ဝင် အနည်းငယ် ထွက်ပေါ်လာပြီး အရှေ့ရှိ ရှေးဟောင်း ပုံရိပ်ကြီးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်တစ်စက္ကန့်မှာပင် သူတို့သည် ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ တိုက်ခိုက် နေကြတော့၏။

ဤသည်ကား ဝိညာဉ်ခွဲထွက် အဆင့်ကိုပင် ကျော်လွန်နေသော ဖြစ်တည်မှုများ၏ တိုက်ပွဲကြီး ဖြစ်သည်။

ရလဒ်ကို မည်သူကမျှ မသိရသော်လည်း အကြီးအကဲ ရွှမ်လိပ်သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၌ နောက်ထပ် ပေါ်မလာတော့သလို ထိုအချိန်မှစ၍ ကုန်းမြေပေါ်သို့ ခြေချခြင်း အလျဉ်းမရှိတော့ပါချေ။

ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်း၌ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် တစ်လခန့် အနားယူခဲ့ကြသည်။

ထို့နောက် မြေပြင်ပညာရှင်များနှင့် အခင်းအကျင်း ဆရာများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကာ ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်းရှိ မိစ္ဆာမျိုးနွယ်စုများ၏ ပထဝီဝင် အနေအထား အသာစီးရမှုများကို စတင် ဖျက်ဆီးပြီး တိုက်ခိုက်မှုများကို စတင်ကြလေတော့သည်။

စုယွီသည် လူသားမျိုးနွယ်စု ကျင့်ကြံသူများ၏ ‘စစ်တပ်’ နောက်မှ လိုက်ပါသွားရင်း ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်းသို့ အကြိမ်ကြိမ် ဝင်ထွက် နေခဲ့သည်။ သူသည် အစွမ်းကုန် မတိုက်ခိုက်ခဲ့သော်ငြားလည်း သူ၏ အဆောင်လက်ဖွဲ့များနှင့် အခင်းအကျင်းများကို အသုံးပြုကာ သောင်းနှင့်ချီသော မိစ္ဆာသားရဲများနှင့် မိစ္ဆာမျိုးနွယ်စု အဖွဲ့ဝင်များကို တိတ်တဆိတ် သုတ်သင် ရှင်းလင်းခဲ့၏။

လူသားမျိုးနွယ်စု နှင့် မိစ္ဆာမျိုးနွယ်စု များအကြား စစ်ပွဲကြီးသည် နှစ်ပေါင်း နှစ်ဆယ် နီးပါးခန့် ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်းရှိ မိစ္ဆာများသည် သူတို့၏ ပိုင်နက်ကို စွန့်လွှတ်ကာ တောရိုင်းနယ်မြေ ထဲသို့ ဆုတ်ခွာ ထွက်ပြေး သွားကြလေတော့သည်။

ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်း၌ ပုန်းအောင်းနေခဲ့သော ပင်လယ်မျိုးနွယ်စုမှ ရွှမ်လိပ် လေးဦးမှာမူ အစမှ အဆုံးတိုင်အောင် ကိုယ်ထင်ပြခြင်း လုံးဝ မရှိခဲ့ပါချေ။

တာ့ချန်မှ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးကို အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြပြီး မိစ္ဆာမျိုးနွယ်စုများ ခင်းကျင်းထားခဲ့သော အန္တရာယ်များသည့် ထောင်ချောက်များစွာကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ထို့အပြင် ဤနေရာရှိ မရေမတွက်နိုင်သော မိစ္ဆာများ စုဆောင်းထားခဲ့သည့် များပြားလှသော အရင်းအမြစ် အရင်းအမြစ်များကိုလည်း သိမ်းပိုက် ရယူနိုင်ခဲ့ကြ၏။

ဤဖြစ်ရပ်ပြီးနောက် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီးသည် တာ့ချန် နယ်မြေမှ ကျင့်ကြံသူများအတွက် နောက်ထပ် ဧရာမ အရင်းအမြစ် နယ်မြေကြီး တစ်ခု ဖြစ်လာတော့မည်မှာ ဧကန်မလွဲပင်။

…

လွန်ခဲ့သော ဆယ်နှစ်ခန့်က.. ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး တိုက်ပွဲကြီး ပြီးဆုံးပြီး မိစ္ဆာများ ထွက်ပြေးသွားပြီးနောက် အကျိုးအမြတ် အမျိုးမျိုးကို ရရှိခဲ့သော စုယွီသည် တောအုပ်ကြီးမှ ထွက်ခွာကာ အရှင်သခင်ဆယ်ပါး မြို့တော်သို့ ပြန်လာရန် ဆုံးဖြတ်လိုက်သည်။

အရှင်သခင်ဆယ်ပါး မြို့တော်၊ မှောင်ခိုဈေး၊

ယွင်ရှောင် ဆေးလုံး စံအိမ်ဝယ်၊

တာ့ချန် နယ်မြေမှ လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် ကောင်းကင်မိစ္ဆာ သန့်စင်တောအုပ်ကြီး အတွင်း၌ တိုက်ပွဲဝင်နေချိန်တွင် အရှင်သခင်ဆယ်ပါး မြို့တော်ရှိ အရင်းအမြစ် အားလုံးကို လူသားမျိုးနွယ်စု ကျင့်ကြံသူများ၏ ထောက်ပံ့ရေး လိုအပ်ချက်များအတွက် သိမ်းယူ အသုံးပြုခဲ့ကြသည်။

ထို့ကြောင့် မှောင်ခိုဈေးကြီးမှာ ဆယ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရ၏။

သို့သော်ငြားလည်း လူသားမျိုးနွယ်စုဘက်မှ အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့ခြင်းနှင့်အတူ မှောင်ခိုဈေးကြီးမှာ လျင်မြန်စွာ ပြန်လည် ဖွင့်လှစ်လာခဲ့သည်။ ယခုအခါ ၎င်းသည် လူနှင့် မိစ္ဆာတို့ စစ်ပွဲမှ ရရှိလာသော စစ်သုံ့ပန်း ပစ္စည်းများဖြင့် ပြည့်နှက်နေပြီး ပေါများ ကြွယ်ဝနေချေပြီ။

ယခင်ကထက်ပင် ပိုမို စည်ကား သိုက်မြိုက် နေလေတော့သည်။

လူသားမျိုးနွယ်စု အနေဖြင့်လည်း ကျင့်ကြံသူ တစ်သိန်းနီးပါး ကျဆုံးခဲ့ရသည်အထိ ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော်လည်း သူတို့ ရရှိလိုက်သော အကျိုးအမြတ်များမှာလည်း ထိုနည်းတူစွာပင် များပြားလွန်းလှ၏။ ယခုအခါ မှောင်ခိုဈေးကြီး အတွင်း၌ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သော အဆင့်မြင့် အရင်းအမြစ် အချို့ အပါအဝင် အရင်းအမြစ် အမျိုးမျိုး တောင်လို ပုံနေပြီး အရှင်သခင်ဆယ်ပါး မြို့တော်၏ မှောင်ခိုဈေးတွင် ၎င်းတို့ကို အလွယ်တကူ ရှာဖွေ ဝယ်ယူနိုင်နေပြီ ဖြစ်သည်။

ဆေးလုံး စံအိမ် ဆိုင်ခန်း အတွင်း၌ လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦးစလုံးမှာ တတိယအဆင့်နှင့် စတုတ္ထအဆင့် ကုန်ကြမ်း ပစ္စည်း အမျိုးမျိုးကို အလုအယက် ဝယ်ယူ စုဆောင်းနေကြသည်။

ဆေးလုံး စံအိမ်၏ အနောက်ဘက် ခြံဝင်း အတွင်း၌။

စုယွီသည် သူ၏ ကိုယ်ပိုင် စစ်သုံ့ပန်း ပစ္စည်းများကို စာရင်း ပြုစုနေ၏။

“မိစ္ဆာမျိုးနွယ်စုတွေက ထွက်ပြေးရင်း အရင်းအမြစ် အများစုကို ယူသွားကြတယ် ဆိုပေမယ့် ဆေးဥယျာဉ် တစ်ခု အပါအဝင် ပစ္စည်း တော်တော်များများကို ချန်ထားခဲ့ကြသေးတာပဲ...”

စုယွီက မိစ္ဆာများ ထွက်ပြေးသွားပြီးနောက် အခြားသူများထက် လက်ဦးမှု ရယူကာ ဟင်းလင်းပြင် နတ်ဘုရား စွမ်းရည်များကို အသုံးပြု၍ သူ၏ မှော်လက်နက် နန်းတော် အတွင်းသို့ ရွှေ့ပြောင်းထားခဲ့သော ဝိညာဉ်သစ်သီး ဝိညာဉ်အပင်နှင့် အခြားသော အမည်မသိ အဆင့်ငါး ဝိညာဉ်အပင် တစ်ပင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သူ့ထံတွင် တတိယအဆင့်နှင့် စတုတ္ထအဆင့် ဝိညာဉ်ဆေးပင် အချို့လည်း ရှိနေသေး၏။ အားလုံးကို ယူရန် မဝံ့ရဲသဖြင့် အနည်းငယ်ကိုသာ သူ ရွှေ့ပြောင်းယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဤ ဝိညာဉ်သစ်သီး ဝိညာဉ်အပင်တွင် သစ်သီး တစ်လုံးမျှ မရှိသလို အခြား ဝိညာဉ်အပင် တစ်ပင်တွင်လည်း ဝိညာဉ်သစ်သီးများ မရှိသော်ငြားလည်း စုယွီမှာ အလွန်အမင်း ကျေနပ် အားရနေဆဲပင် ဖြစ်၏။

ရွှေအမြုတေ အဆင့်ရှိ သေးမွှားသော ကျင့်ကြံသူ တစ်ဦးဖြစ်သည့် သူသည် ဤစစ်ပွဲကြီး အတွင်း၌ အဖိုးတန် ဝိညာဉ်အပင် နှစ်ပင်ကို ရရှိနိုင်ခဲ့သည် မဟုတ်ပါလော။

သူ့လိုမျိုး အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့တဲ့ သူ ဘယ်သူ ရှိနိုင်ဦးမှာလဲ။

ဤ ဝိညာဉ်သစ်သီး ဝိညာဉ်အပင် တစ်ပင်တည်းဖြင့်ပင် သူတစ်ယောက်တည်း အချိန်အကြာကြီး လက်ဆင့်ကမ်း အမွေပေးနိုင်မည့် မူလဝိညာဉ် အဆင့် အရှင်သခင် အင်အားစု တစ်ခုကို တည်ထောင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ဝိညာဉ်အပင် နှစ်ပင် အပြင် စုယွီသည် သူ၏ အခြားသော အကျိုးအမြတ်များကိုပါ လှမ်းကြည့်လိုက်သည်။

ပထမဆုံး အနေဖြင့် မိစ္ဆာသားရဲများ၏ သွေး၊ သားရေ နှင့် အခြား အစိတ်အပိုင်းများ ဖြစ်ပြီး ၎င်းတို့မှာ အရေအတွက်အားဖြင့် ပြောမပြနိုင်အောင် များပြားလွန်းလှ၏။ သူနှင့် လော့ချန်ယွီ တို့၏ အဆောင်လက်ဖွဲ့များကို အသုံးပြု တိုက်ခိုက်မှုအောက်တွင် ရေတွက်၍ မရနိုင်လောက်အောင် များပြားသော မိစ္ဆာသားရဲများနှင့် မိစ္ဆာများမှာ သူတို့၏ လက်အောက်၌ ကျဆုံးသွားခဲ့ကြရသည်။

လော့ချန်ယွီနှင့် အခြားသူများကလည်း အဆောင်လက်ဖွဲ့များအတွက် အဖိုးအခ အဖြစ် သူတို့ ရရှိလာသော စစ်သုံ့ပန်း ပစ္စည်းများ၏ ထက်ဝက်ကို သူ့ထံ ပေးအပ်ခဲ့ကြသေးသည် မဟုတ်ပါလော။

အဆင့်နိမ့် ကုန်ကြမ်း ပစ္စည်းများကို ထည့်မတွက်လျှင်ပင် ယခု လက်ရှိ စုယွီ၏ လက်ဝယ်တွင် အရည်အသွေးမြင့် တတိယအဆင့် အဆောင်လက်ဖွဲ့များနှင့် စတုတ္ထအဆင့် ဆေးရည်များ ဖန်တီးရန် အသုံးပြုနိုင်မည့် ကုန်ကြမ်း ပစ္စည်း အနည်းဆုံး နှစ်သောင်းခန့် ရှိနေတော့၏။

ဤကုန်ကြမ်း ပစ္စည်းများဖြင့် စုယွီသည် လာမည့် နေ့ရက်များတွင် အလုပ်များနေတော့မည်မှာ သေချာလှ၏။

ကျင့်ကြံခြင်း နှင့် ပတ်သက်၍မူ စုယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ နတ်ဘုရား မျိုးစေ့ ပြန်လည် ရှင်သန်လာသည့် အချိန်မှစ၍ နှစ်ပေါင်း ဆယ်ကျော် ကုန်လွန်ခဲ့တော့၏။ သူ၏ ဒန်တျန် အတွင်းရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ် ဝိညာဉ်စွမ်းအင်တို့မှာ ပြီးပြည့်စုံလုနီးပါး ဖြစ်နေချေပြီ။

ကျွမ်းကျင်မှု ဇယားကွက်တွင် ရွှေအမြုတေ အဆင့် (၉) ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုမှာ (၉၈) ရာခိုင်နှုန်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

မူလဝိညာဉ် အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန် သိပ်မဝေးတော့ချေ။

“ချန်ယွီ နဲ့ တာအိုဆရာမ ချင်းချွမ် တို့ကလည်း အရှင်သခင်ဆယ်ပါး မြို့တော်ကနေ ဝိညာဉ်သစ်သီး တစ်လုံးကို လဲလှယ် ရယူနိုင်ခဲ့ကြတယ်... ဆရာက အဲဒါကို မူလဝိညာဉ် ဆေးလုံး အဖြစ် ဖော်စပ်ပေးခဲ့တာ ဆေးလုံး နှစ်လုံး ရခဲ့တယ်... နှစ်လုံးစလုံးက အကောင်းဆုံး အရည်အသွေးတွေချည်းပဲ... အခုတော့ သူတို့လည်း မူလဝိညာဉ် အဆင့်ကို ချိုးဖြတ် ဝင်ရောက်ဖို့ ပြင်ဆင်ဖို့အတွက် အင်မော်တယ် ဂိုဏ်းကို ပြန်သွားကြပြီ”

စုယွီက သူ၏ ရင်တွင်း၌ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

သူတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာ ကြာမြင့်ခဲ့တော့၏။

နှစ်ပေါင်း တစ်ရာ ကာလ အတွင်း သူ၊ လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည် ဤအဆင့်အထိ ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပြီး... မူလဝိညာဉ် အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန် တံခါးဝသို့ပင် ရောက်ရှိနေကြတော့၏။

မူလဝိညာဉ် အဆင့်က နီးကပ်နေပြီ ဆိုမှတော့... ဝိညာဉ်ခွဲထွက် အဆင့် ဆိုတာကရော အနာဂတ်မှာ သိပ်ဝေးနေဦးမှာလား။

ရက်အနည်းငယ် အကြာတွင်.. ဝမ်ပေါင် ကုန်သည်အသင်းမှ ဆိုင်ရှင် အန်းပေါ်ယီက သူတို့ထံတွင် ဟင်းလင်းပြင် သတ္တု ကုန်ကြမ်း တစ်ခုနှင့် ပတ်သက်သည့် သတင်းအချက်အလက် ရရှိထားကြောင်း၊ သူ့အနေဖြင့် စိတ်ဝင်စားမှု ရှိမရှိ လာရောက် မေးမြန်းခဲ့ကြောင်း လင်းချင်းရှားထံမှ တစ်ဆင့် စုယွီ ရုတ်တရက် ကြားသိလိုက်ရလေတော့သည်။

All Chapters