← Chapters

မင်း အဆင်သင့်ဖြစ်ပြီလား

Vol. 12 Ch. 1182

မင်း အဆင်သင့်ဖြစ်ပြီလား

Vol. 12 Ch. 1182

ထိုစကားသံကြီးမှာ ယခုအဆင့်၏ ကမ္ဘာထဲတွင် ပဲ့တင်ထပ်သွားပြီး သဘာဝဥပဒေသများကိုပင် အစားထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုနေရာတစ်ဝိုက်တွင် တထောင်းထောင်းထနေသော ဖုန်လုံးကြီးများနှင့် အပျက်အစီးများမှာ ရုတ်တရက် နှစ်ပေါင်းထောင်သောင်းများစွာမက ဖြတ်သန်းလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာများအားလုံး အစအနမကျန်လောက်အောင် ပျောက်ဆုံးသွားတော့သည်။

ကောင်းကင်ကြီးမှာလည်း ရှင်းလင်းမနေတော့ပဲ မီးခိုးရောင်သန်းကာ မှောက်မိုက်နေပြီဖြစ်ပြီး မြေပြင်ကြီးမှာလည်း နှစ်ပေါင်း ကုဋေကဋာ ကုန်ဆုံးသွားသည့်အလား ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

မိုးမြေဧရာဇ်၏ ရုပ်ထုကြီးသာ ကျန်ရစ်ခဲ့ပေသည်။ ထိုရုပ်ထုကြီးမှာမူ ထာဝရတိုင်အောင် တည်ရှိနေမည့်အရာတစ်ခုကဲ့သို့ နှစ်ပေါင်းမည်မျှပင် ကုန်ဆုံးသွားစေကာမူ ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။

ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားပြီး အသက်ရှူသံများ မြန်လာတော့သည်။ ထိုစကားတစ်ခွန်းမှာ ဤကဲ့သို့ ကြီးမားနက်နဲလှသော ပြောင်းလဲမှုများကို ဖြစ်သွားစေနိုင်လိမ့်မည်ဟု သူ လုံးဝမတွေးထားမိပေ။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ပြောင်းပြန်အလှန်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တိုတောင်းလှသော အခိုက်အတန့်လေးတစ်ခုအတွင်း နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားသည့်အလားပင်။

စိတ်ကူးကြည့်ရန် ပို၍မဖြစ်နိုင်သောအရာမှာ ကျင့်ကြံသူတစ်ယောက် ထိုအခြေအနေနှင့် ကြုံတွေ့လိုက်ရပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်းဟူသော မေးခွန်းပင်ဖြစ်သည်။ အလွန်ကြောက်မက်ဖွယ် ကောင်းနေမည်မှာ အမှန်ပင်။ စွမ်းအားကြီးမားလှသော လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ပြာပုံဘဝသို့ ရောက်သွားရမည်ဖြစ်သည်။

" မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါလား... လက်စသတ်တော့ မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတွေဆိုတာ ဒီလိုမျိုးကိုး "

ပိုင်ရှောင်ချန်းမှာ သူ၏ရှေ့တွင် ကမ္ဘာအသစ်ကြီးတစ်ခုသို့ သွားရာလမ်းတစ်လမ်း ပွင့်သွားသည့်အလား ခံစားနေရတော့သည်။ အစောင့်အရှောက်ဝိညာဥ်လေးမှာမူ အသားများတုန်ရီသွားပြီး မြေပြင်ပေါ်သို့ ထိုင်ချကာ ကြည်ညိုလေးစားမှုများ ထင်ဟပ်နေသည့် မျက်လုံးများဖြင့် ဦးချ၍ အရိုအသေပေးလိုက်တော့သည်။ သူ၏မျက်ဝန်းများထဲရှိ နက်ရှိုင်းသောတစ်နေရာတွင် လွမ်းဆွတ်တမ်းတနေမှုများနှင့် ဝမ်းနည်းမှုအရိပ်အယောင်များကို မြင်နိုင်သည်။

မိုးမြေဧကရာဇ်၏ စကားသံကြီး ထိုနေရာတစ်ခုလုံးတွင် ဆက်၍မြည်ဟည်းနေစဥ် လှိုဏ်ဂူကဲ့သို့သော အခန်းငယ်လေးထဲမှ လူမှာ ရှေ့သို့လှမ်းလာပြီး ပိုင်ရှောင်ချန်းဆီသို့ ချဥ်းကပ်လာတော့သည်။

ထိုအချိန်တွင် အထက်ကောင်းကင်ယံ၌ အနက်ရောင်လျှပ်စီးတန်းများလက်နေပြီး တဂျိန်းဂျိမ်းမြည်သံများဖြင့် ပြည့်နှက်နေသည်။ ပိုင်ရှောင်ချန်း၏တွက်ချက်မှု အရဆိုလျှင် ထိုလျှပ်စီးတန်း တစ်တန်းချင်းစီမှာ မကြာသေးခင်က လောကနတ်ဘုရားအဆင့် လက်သီးချက်ကြောင့် ပေါ်ထွက်လာသည့် မိုးသက်မုန်တိုင်းကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။

သူ၏ တွက်ချက်မှုမှာလည်း မှန်ပေသည်။ ထိုလျှပ်စီးတန်း တစ်တန်းချင်းစီတိုင်းက လောကနတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။

ယခုလက်ရှိတွင်မူ မိုမြေဧကရာဇ်၏ပုံရိပ်မှာ ရှိရှိသမျှ အရာအားလုံးထဲတွင် အရေးအပါဆုံး၊ အထင်ရှားဆုံး အရာတစ်ခု ဖြစ်သွားပြီဖြစ်သည်။

သို့သော်လည်း ထိုမျှနှင့် မပြီးသေးပေ။ မိုးမြေဧကရာဇ်ကြီး ချဥ်းကပ်လာသည်နှင့်အမျှ ကမ္ဘာကြီးထဲရှိ နက်ရှိုင်းသောနေရာများမှ ရုပ်အလောင်းများမှာလည်း နိုးထလာကြသည်။ ထိုရုပ်အလောင်းများမှာ များပြားလွန်းလှသည့်အတွက် ရေတွက်၍ပင်မရနိုင်ပေ။ သူတို့၏ အသားစိုင်များမှာ စုတ်ပြဲကာ သွေးအလိမ်းလိမ်းဖြစ်နေပြီး သူတို့၏မျက်ဝန်းများထဲတွင်လည်း သေဆုံးခါနီး နောက်ဆုံးအချိန်လေးတွင် ပေါ်လာတတ်သည့် မျှော်လင့်ချက်ကင်းမဲ့မှုများ၊ ငေးငိုင်တွေဝေနေမှုများဖြင့် ပြည့်နှက်နေသည်။

ဤရုပ်အလောင်းများ သေဆုံးနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူတို့ထံမှ ကောင်းကင်ဧကရာဇ်အဆင့်နှင့် လောကနတ်ဘုရားအဆင့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

မသေဆုံးခင်အချိန်လေးတွင် ရုန်းကန်၍ ဒူးထောက်နေရာမှ ထနိုင်ရန် ကြိုးစားခဲ့ပါသော်လည်း ကျရှုံးခဲ့ရသည့် ဧရာမဘီလူးကြီးအချို့ကိုပင် ပိုင်ရှောင်ချန်း မြင်လိုက်ရသေးသည်။

ပိုင်ရှောင်ချန်းမှာ လျှပ်စီးတန်းများသာမက ဤရုပ်အလောင်းများကြောင့်ပါ အံ့သြတုန်လှုပ်နေရပြီဖြစ်သည်။ ထိုအချိန်တွင် မိုးမြေဧကရာဇ်၏ ပုံရိပ်ကြီးမှာ ပိုင်ရှောင်ချန်းဆီသို့ မရောက်သေးပါသော်လည်း တစ်ကမ္ဘာလုံးသို့ ပဲ့တင်ထပ်သွားစေနိုင်သည့် အသံဖြင့် ဆိုလိုက်တော့သည်။

" မင်း အဆင့်ကိုးဆယ့်ကိုးကို အောင်မြင်သွားပြီ။ အခုတစ်ဆင့်ပဲ ကျန်တော့တယ် "

သူ၏စကားသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှပြီး တစ်ကမ္ဘာလုံးတွင် ပြင်းထန်သော ဖိအားကြီးတစ်ခုဖြင့် ပြည့်နှက်သွားစေတော့သည်။

ပိုင်ရှောင်ချန်းမှာ အသားများတုန်ရီနေပြီး သူ့အပေါ်သို့ သက်ရောက်နေသည့် ကြောက်မက်ဖွယ် ဖိအားကြီးကြောင့် သူ၏အသွေးအသားများနှင့် အရိုးများမှာ တဖျစ်ဖျစ်မြည်နေပြီဖြစ်သည်။ သူသည် လှိုင်းထန်လှသော ပင်လယ်ပြင်ကြီးထဲရှိ လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး မိုးမြေဧကရာဇ်က တစ်ချက်လောက်တွေးလိုက်ရုံမျှဖြင့် သူ့အားပြာကျသွားစေနိုင်လောက်သည်အထိ အားအင်ချည့်နဲကာ စွမ်းအားများကင်းမဲ့နေပြီ ဖြစ်သည်။

သူ့ကိုသူ ပြန်၍ တည်ငြိမ်အောင် မထိန်းသိမ်းရသေးခင် မိုးမြေဧကရာဇ်ကြီးမှာ ဒုတိယအကြိမ်အဖြစ် စကားထပ်ပြောလိုက်တော့သည်။

" နောက်ဆုံးအဆင့်ကို အောင်မြင်ဖို့အတွက် ... မင်း ငါ့ရဲ့ထောက်ခံချက်ကို ရအောင်ယူရမယ်။ တကယ်လို့ မင်းငါ့ထောက်ခံချက်ရသွားပြီဆိုရင် မင်းက ငါ့ရဲ့ အမွေဆက်ခံသူ တပည့်ဖြစ်သွားပြီး ငါ့ရဲ့ အမွေအနှစ်ရတနာကို ဆုလာဒ်အဖြစ် ရရှိမှာဖြစ်တယ် "

သူသည် ထောက်ခံချက်ဆိုသော စကားလုံးကို ဆိုရာတွင် သဘာဝဥပဒေသများနှင့် အချိန်၏စွမ်းအားများပင် ပါဝင်နေသည့်အလားပင်။ ပိုင်ရှောင်ချန်းအတွက်မူ အချိန်ကို ဆွဲဆန့်လိုက်သကဲ့သို့ဖြစ်သွားပြီး အရာအားလုံး နှေးကွေးသွားသည့်အလားပင်။

" ဒီမိုးမြေဧကရာဇ်က စွမ်းအားကြီးလှပါလား "

ပိုင်ရှောင်ချန်းမှာ စိုးထိတ်မှုများနှင့် မယုံကြည်နိုင်မှုများကြောင့် မျက်လုံးများ ပြူးကျယ်နေပြီဖြစ်သည်။ အကယ်၍ သူသာ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဆိုပါက သူ့ကိုယ်သူ ဣန္ဒြေဆည်နိုင်ဦးမည် ဖြစ်ပါသော်လည်း ယခု မိုးမြေဧကရာဇ်တစ်ပါး ဖြစ်နေသောကြောင့် သူက မတ်တတ်ရပ်နေနိုင်ရန်ပင် မနည်းအားတင်းထားရသည်။

စိတ်လှုပ်ရှားမှုကြောင့်မဟုတ်ပါပဲ ဤဖိအားကြီးကို ခုခံနိုင်ရန်အတွက် မသိစိတ်မှ နေ၍ သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်နေစေသောကြောင့် သူ၏မျက်လုံးများ နီမြန်းနေပြီဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူအများစုမှာ သူတို့ကိုပြောနေသည့် စကားများကို အာရုံစိုက်နိုင်မည် မဟုတ်ပါသော်လည်း ယခုတွင်မူ မိုးမြေဧကရာဇ်ကြီး၏ အသံမှ အံ့သြဖွယ်စွမ်းအားများမှာ ပိုင်ရှောင်ချန်း၏ အသိစိတ်ထဲသို့ အတင်းဝင်ရောက်နေတော့သည်။

" တကယ်လို့ မင်းက ငါ့ထောက်ခံချက်ကို မရဘူးဆိုရင် ဒီနေရာမှာ မြှုပ်နှံခံရမယ် "

ထိုစကားများကို ဆိုလိုက်ချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် စူးရှတောက်ပသော အလင်းရောင်များ ဖျတ်ခနဲ လက်သွားပြီး လေပြင်းများတိုက်ခတ်လာသဖြင့် မရေမတွက်နိုင်လောက်အောင် များပြားလှသော ဝိညာဥ်အသေကောင်များ၏ အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။

ထိုအချင်းအရာများ ဖြစ်ပျက်နေစဥ် မိုးမြေဧကရာဇ်ကြီး၏ ပုံရိပ်ကြီးမှာ လေထဲတွင် ဖြည်းညင်းစွာ ဖြတ်လျှောက်၍ ပိုင်ရှောင်ချန်းထံသို့ ဆက်လက် ချဥ်းကပ်လာနေသောကြောင့် ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံး အပြင်းအထန် တုန်ရီနေကြပြီး အနက်ရောင်လျှပ်စီးတန်းများမှာလည်း ပြိုးပြိုးပြက်ပြက် လက်နေကြတော့သည်။

" မင်းရဲ့ ဘေးပတ်ပတ်လည်မှာ မြင်နေရတဲ့ ရုပ်အလောင်းတွေက ကြယ်တာရာစုံလင်တဲ့ ကောင်းကင်ကြီးရဲ့ မဟာစစ်ပွဲကြီး မဖြစ်ပွားသေးခင် အချိန်က အရာတွေပဲ။ အဲဒီရုပ်အလောင်းတွေက အခုလိုစိန်ခေါ်ခဲ့ပြီး ကျရှုံးခဲ့တဲ့ လူတွေရဲ့ ရုပ်အလောင်းတွေပဲ။ သူတို့ထဲက ဘယ်သူကမှ ငါ့ ထောက်ခံချက်ကို မရခဲ့ကြဘူး။ ငါလက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်ရုံနဲ့ သူတို့သေဆုံးသွားကြပြီး ငါ့ယပ်တောင်ကြီးကို မောင်းနှင်ပေးနေတဲ့ အသွေးအသား၊ စိတ်စွမ်းအင်တွေအဖြစ်ကို ရောက်သွားခဲ့ကြတယ် "

မိုးမြေဧကရာဇ်ကြီးမှာ ရုပ်အလောင်းများကို ဖြတ်၍လျှောက်လှမ်းလာရင်း သူ၏ပုံပန်းသွင်ပြင်များမှာ တဖြည်းဖြည်းပို၍ ကြည်လင်ပြတ်သားလာသည်။ သူသည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်ပြီး အလွန်ခံ့ညားကာ ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံး ကိန်းအောင်းနေသည်ဟုပင် ထင်ရသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူတစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သက်ရှိဝိညာဥ်များအားလုံးကို ဝပ်တွားခယ သွားစေနိုင်မည်ဖြစ်သည်။

" ကြယ်တာရာစုံလင်တဲ့ ကောင်းကင်ကြီးရဲ့ စစ်ပွဲကြီးပြီးဆုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ။ အဲဒီအချိန်ကစပြီး အခုအထိ ဒီအဆင့်ကိုတက်လှမ်းနိုင်ခဲ့တာ မင်းပထမဆုံးပဲ။ အခုငါမင်းကို မေးခွန်းတစ်ခုမေးမယ်... မင်းအဆင်သင့်ဖြစ်ပြီလား "

ယခုတွင် မိုးမြေဧကရာဇ်ပုံရိပ်ကြီးမှာ ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်တွင် ရပ်နေပြီဖြစ်သည်။ သူသည် မည်သည့်ကြယ်တာရာကောင်းကင်ကိုမဆို အမှုန့်ချေပစ်လိုက်နိုင်သည့် တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ပိုးမွှားတစ်ကောင်ကဲ့သို့ ခံစားနေရတော့သည်။

ယခုသူကြုံတွေ့နေရသည့် ဖိအားနှင့်စွမ်းအင်မျိုးမှာ အရာရာတိုင်းကို အထင်မြင်သေးသောအကြည့်များဖြင့် ကြည့်နိုင်သည့် အမျိုးအစားပင်ဖြစ်သည်။ တစ်ချက်လောက် တွေးလိုက်ရုံမျှဖြင့် အရာအားလုံးကို ချေမှုန်းပစ်နိုင်စွမ်း ရှိနေသည်။ ထိုစွမ်းအင်မှာ ပိုင်ရှောင်ချန်းအား မဝါးမျိုခင် သူ၏အဖြေကို စောင့်ဆိုင်းနေသည့်ပုံ ပေါ်နေသည်။

ပိုင်ရှောင်ချန်းကမူ အရူးတစ်ယောက်သာ ' အဆင်သင့်ဖြစ်ပြီ ' ဟုဖြေမည်ဖြစ်ကြောင်း တွေးလိုက်သည်။ ဤကဲ့သို့ ကြီးမားလှသည့် စွမ်းအင်ကြီးနှင့်ရင်ဆိုင်ရပါက သေချာပေါက် ထွက်ပေါ်လာမည့် တစ်ခုတည်းသောရလဒ်မှာ သေဆုံးခြင်းပင် မဟုတ်ပါလော။

" ကျွန်တော်... "

သူစကားစပြောရန် ပြင်လိုက်စဥ် သူ၏စိတ်နှလုံးထဲတွင် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေသည့် ခံစားချက်ကြီးတစ်ခုဖြင့် ပြည့်နှက်သွားသဖြင့် သူသည် ပြတ်ပြတ်သားခေါင်းယမ်းလိုက်ပြီး ဆိုလိုက်တော့သည်။

" ကျွန်တော်အဆင်သင့် မဖြစ်သေးဘူး "

ထိုအခါ မိုးမြေဧကရာဇ်၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး အစောင့်အရှောက်ဝိညာဥ်လေးမှာမူ မျက်တောင်တဖျတ်ဖျတ်ခတ်၍ သူ့အားကြည့်လိုက်တော့သည်။ ထို့နောက် ထို အစောင့်အရှောက်ဝိညာဥ်လေး၏ မျက်နှာပေါ်တွင် ယခင်ကနှင့် လုံးဝမတူသော ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်လာတော့သည်။

" သြော် ဟုတ်သားပဲ။ သူက ဒီအဆင့်အကြောင်းကိုမှ မသိတာ... "

ကျယ်လောင်သော ထစ်ချုန်းသံများမြည်ဟည်းလာပြီး တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ပေါ်ပေါက်လာကာ ပိုင်ရှောင်ချန်းအား ဆွဲငင်၍ သူ့အား ဤအဆင့်ထဲမှ ဖယ်ရှားလိုက်တော့သည်။

အနည်းငယ်အကြာတွင် သူသည် အသက်ရှူသံများမြန်ဆန်နေပြီး မျက်ခုံးမှချွေးများကိုသုတ်လျက် အဆင့်တစ်ရာ၏ အပြင်ဘက်၊ ယပ်တောင်စုတ်ကြီး၏ မျက်နှာပြင်ပေါ်တွင် ပြန်၍ပေါ်လာသည်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ခံစားနေရပြီး အစောပိုင်းက သူ ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်ဖွယ် စွမ်းအင်ကြီးကို ရင်ဆိုင်ရန် မဆိုထားလင့် ကြက်တစ်ကောင်ကိုပင် ဖမ်းနိုင်စွမ်းမရှိတော့ပေ။

" ကြောက်စရာကြီးပဲ... "

သူက တွေးလိုက်သည်။ သူ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်မှာ မှန်သော်လည်း ထိုမိုးမြေဧကရာဇ်ကြီး၏ ပြင်းထန်သောစွမ်းအင်ကို ရင်ဆိုင်လိုက်ရသူတိုင်း ထိုသို့သောဆုံးဖြတ်ချက်ကိုသာ ချလိုက်ကြမည်ဖြစ်သည်။

" ဒါပေမဲ့ ဒီအဆင့်ကို ငါမအောင်ရင်လည်း တခြားအဆင့်တွေအကုန်လုံးက အလဟဿ ဖြစ်သွားမှာ... "

သူသည် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ထိုကိစ္စရပ်ကို အနည်းငယ်သုံးသပ်ကြည့်လိုက်တော့သည်။ အဆုံးသတ်တွင် သူက အံကြိတ်လိုက်၏။

" ယပ်တောင်ကြီးက နှစ်ပေါင်းများစွာတိုင်အောင် ပိုင်ရှင်ကိုရှာနေတာ။ ပြီးတော့ မိုးမြေဧကရာဇ်ကြီးရဲ့ ပုံရိပ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး အစိုးရိမ်လွန်နေတဲ့ပုံပဲ... သူငါ့ကို သက်ညှာပေးလောက်ပါတယ် "

ထိုသို့တွေးတောလိုက်ပြီးနောက် သူသည်ထိုအဆင့်ထဲသို့ ပြန်၍ဝင်သွားတော့သည်။

သူဝင်သွားသည်နှင့် တစ်ပြိုက်နက် မိုးမြေဧကရာဇ်ကြီး၏ ပုံရိပ်မှာ မတ်တတ်ထလာပြီး ပြင်းထန်သော စွမ်းအင်များနှင့်အတူ ရှေ့သို့လှမ်းလာပြီး ယခင်ကအတိုင်း ဆိုလိုက်ပြန်သည်။

ပိုင်ရှောင်ချန်းမှာ ပါးစပ်ဟ၍ ပြန်ဖြေရန်ပြင်လိုက်စဥ် မိုးမြေဧကရာဇ်ကြီးမှာ သူ၏လက်ကိုဆန့်ထုတ်လိုက်သောအခါ ပြင်းထန်လှသော အဖျက်အဆီးစွမ်းအင်များက ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် သေဆုံးတော့မည့်ပမာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည်တုန်တုန်ရီရီနှင့် ပြန်ဖြေလိုက်တော့သည်။

" အမ်... အဆင်သင့်မဖြစ်သေးဘူးဗျ။ နောက်မှ ထပ်လာခဲ့မယ်နော် "

All Chapters