← Chapters

ငါ့ဆီ လာခဲ့စမ်းပါ

Vol. 41 Ch. 403

ငါ့ဆီ လာခဲ့စမ်းပါ

Vol. 41 Ch. 403

"ကြိုဆိုပါတယ်ရှင့်။"

စူပါမားကတ်ဝင်ပေါက်က အသံချဲ့စက်ကြောင့် စုချီနျန်နှင့် ယွဲ့ချန်ချီတို့ နှစ်ယောက်လုံး လန့်သွားကြသည်။

ငွေရှင်းကောင်တာမှ ကောင်မလေးက အနက်ရောင် ဝတ်စုံဝတ်ထားသော သူတို့နှစ်ယောက်ကို သတိထားပြီး ကြည့်လိုက်သော်လည်း ခဏစဉ်းစားပြီးနောက် စိတ်သက်သာရာ ရသွား၏။

စဉ်းစားကြည့်လေ။ အခုက ဘယ်ခေတ်ရောက်နေပြီလဲ။ မိစ္ဆာတွေနဲ့ စူပါဟီးရိုးတွေက ကမ္ဘာမြေကို လွှမ်းမိုးထားသလိုတောင် ဖြစ်နေပြီပဲ။

အမေရိကန်မှာ ဖုတ်ကောင်တွေ ပြည့်နှက်နေပြီ။ ဂျပန်မှာ ယိုကိုင်းတွေ လမ်းမတွေပေါ် သွားလာနေသလို၊ ဥရောပမှာလည်း သွေးစုပ်ဖုတ်ကောင်တွေနဲ့ ကြေးစား မုဆိုးတွေ ပြည့်နှက်နေတယ်။

ဒီရက်ပိုင်း ဘဏ်ဓားပြတိုက်တာတွေတောင် ရှားပါးနေပြီလေ။

စူပါမားကတ်ကို ဘယ်သူက လာဓားပြတိုက်မှာလဲ။

ထိုအတွေးနှင့်တင် သူက စိုးရိမ်မှုများကို ပခုံးတွန့်ပြီး ပစ်ပယ်လိုက်သည်။

သေချာတာပေါ့၊ သူတို့နှစ်ယောက်က မသင်္ကာစရာကောင်းပေမဲ့ ဒီရက်ပိုင်း ကော့စ်ပလေးလုပ်တဲ့သူတွေ အများကြီး ရှိနေတာပဲ။ ဘယ်သူက ဂရုစိုက်နေမှာလဲ။

"ဘာများ အထူးတလည် ရှာနေတာရှိလို့လဲရှင့်။" သူတို့နှစ်ယောက် ထိုအတိုင်း ရပ်နေသည်ကို မြင်သောအခါ သူက ယဉ်ကျေးစွာ မေးလိုက်သည်။

"အာ... ငါတို့... အင်း..." စုချီနျန် တုံ့ဆိုင်းသွား၏။ "ဒီမှာ ဝိညာဉ်ကျောက်တုံးတွေ လက်ခံလား။"

"...ရှင်။" ငွေရှင်းကောင်တာ ကောင်မလေး ကြောင်သွား၏။

ဝိညာဉ်ကျောက်တုံး ဟုတ်လား။ အဲဒါတွေက ဘာကြီးလဲ။

စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်လည်နိုးထလာတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုခုလို့တော့ ကြားရတာ ဟုတ်သလိုပဲ။ ဒါပေမဲ့... အဲဒီဟာတွေကို ဒီမှာ ပိုက်ဆံအနေနဲ့ သုံးလို့မရနိုင်တာ သေချာတယ် မဟုတ်လား။

"ရှင်တို့က ဇာတ်ကောင်နေရာ ဝင်သရုပ်ဆောင်တဲ့ ပွဲတစ်ခုခု လုပ်နေကြတာလား။" သူက ယဉ်ကျေးသော အပြုံးလေးနှင့် မေးလိုက်သည်။ "ဒါပေမဲ့ ရှင်တို့ သိထားဖို့က ဝိညာဉ်ကျောက်တုံးတွေကို တရားဝင် ငွေကြေးအဖြစ် သတ်မှတ်မထားဘူး။ ကျွန်မတို့က ငွေသားပဲ လက်ခံပါတယ်။"

ဆံပင်ဖြူဖြူနဲ့ ချောမောတဲ့ ကောင်လေးတစ်ယောက်ရယ်၊ အချိုးအစားကျတဲ့ အလှလေးတစ်ယောက်ရယ်က ဝတ်စုံပြည့်နဲ့လေ။ သေချာပေါက် ကော့စ်ပလေး လုပ်နေတာပဲ။

စုချီနျန် အံကို တင်းတင်းကြိတ်လိုက်၏။

လခွမ်းတဲ့မှ။ ဘိုးဘေးကြီးဆီကနေ ဒီကမ္ဘာက ပိုက်ဆံတောင်းဖို့ ငါ မေ့သွားတယ်။

အခုတော့ အချိန်မရှိတော့ဘူ။ကိစ္စတွေကို မြန်မြန် အဆုံးသတ်ဖို့ လိုနေပြီ။

"ငါတို့ကို ခွင့်လွှတ်ပါ…"

သူက ငွေရှင်းကောင်တာ ကောင်မလေးကို လက်အုပ်ချီလိုက်ပြီး ဆိုင်ထဲကို တည့်တည့် ပြေးဝင်သွားတော့သည်။

စုချီနျန်က အလိုအလျောက် စုပ်ယူနိုင်သော သိုလှောင်လက်စွပ်အား အသက်သွင်းလိုက်သည်ကို ကောင်မလေးက မယုံနိုင်သလို စိုက်ကြည့်နေ၏။

နောက်တစ်စက္ကန့်တွင်တော့ သူ တစ်သက်လုံး မေ့နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုက မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ဆိုင်ထဲမှ ပစ္စည်းတိုင်းက လေဆင်နှာမောင်းတစ်ခု၏ သိမ်းကျုံးယူဆောင်ခြင်းကို ခံလိုက်ရပြီး ရူးသွပ်နေသော နဂါးတစ်ကောင်လို စုချီနျန်ဆီကို စီးဝင်သွား၏။ စက္ကန့်ပိုင်းအတွင်းမှာပင် စူပါမားကတ် တစ်ခုလုံးက လက်စွပ်ထဲ ပြောင်သလင်းခါအောင် စုပ်ယူခံလိုက်ရတော့သည်။

ငွေရှင်းကောင်တာပင် မကျန်တော့။ သူက မြေပြင်ပေါ် ခွေကျသွားပြီး တုန်ရီနေ၏။

"ရှင်…ရှင်တို့ တကယ်ပဲ ဓားပြတိုက်နေတာလား။"

"အာ။ ဒကာလေးရယ်။ အဲဒီလို နားခါးစရာ စကားတွေ မပြောပါနဲ့။"

စုချီနျန်က ကရုဏာသက်နေသော အမူအရာနှင့် လက်အုပ်ချီလိုက်သည်။ "မှန်ပါတယ်။ ငါတို့ အားလုံးကို ယူလိုက်တယ်။ ဒါပေမဲ့ ပိုက်ဆံမပေးဘူးလို့ တစ်ခါမှ မပြောခဲ့ဘူးလေ။ မင်းသိလား။ သာမန်လူတစ်ယောက်က ရတနာတွေ သယ်ဆောင်ထားရင် အန္တရာယ်ရှိတယ်။ မင်းလက်ထဲမှာ ဒီလောက်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးရှိနေတာကို တခြား ကျင့်ကြံသူတစ်ယောက်ယောက်သာ တွေ့သွားရင်..."

သူက ပြဇာတ်ဆန်ဆန် ခေတ္တရပ်လိုက်၏။

ယွဲ့ချန်ချီက လေးနက်သော မျက်နှာနှင့် ဝင်ပြောလိုက်သည်။

"သေဆုံးပြီးတော့ တာအိုပြိုကွဲသွားမှာပေါ့။"

"ဒါက ငါတို့ရဲ့ လျော်ကြေးပါ။" စုချီနျန်က ညင်သာစွာ ပြုံးလိုက်၏။

သူ့အတွက် သတ်မှတ်အချိန် ကုန်သွားလေပြီ။ သူ့ပတ်လည်မှ နေရာလွတ်က တုန်ခါနေပြီး သူ၏ပုံရိပ်က ဝေဝါးလာသည်။

ငွေရှင်းကောင်တာ ကောင်မလေးအတွက် ၎င်းက လက်တွေ့ဘဝမှ စူပါဟီးရိုး တစ်ယောက်နှင့် ဆုံတွေ့လိုက်ရသလိုပင်။

ဒါပေါ့။ အခု သတင်းတွေထဲမှာ သူတို့အကြောင်းတွေ ပြည့်နှက်နေပေမဲ့ လမ်းပေါ်မှာ ဒီအတိုင်း သွားရင်းလာရင်း ဆုံတွေ့နိုင်လောက်တဲ့အထိတော့ မများသေးဘူးလေ။

စုချီနျန်က ပိုက်ဆံပေးမည်ဟု ပြောခဲ့သော်လည်း ပေးမည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။

ယွဲ့ချန်ချီက မျက်မှောင်အနည်းငယ် ကြုတ်ပြီး စောင့်နေခဲ့သည်။ သို့သော်လည်း သူ့ကို ဆက်တိုက် ပေးနေသော အဓိပ္ပာယ်ပါသည့် အကြည့်ကို ရိပ်မိသွားချိန်တွင်…

သူ သဘောပေါက်သွား၏။

အဲဒီကပ်စေးနှဲအဘိုးကြီးက ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပိုက်ဆံရှင်းခိုင်းနေတာပဲ။

သူ၏မျက်နှာက ရှုံ့မဲ့သွားသည်။

"ကောင်းပြီလေ…"

သူက ငွေရှင်းကောင်တာ ကောင်မလေးရှေ့ကို ဝိညာဉ်ကျောက်တုံး အိတ်တစ်အိတ် ပစ်ချလိုက်ပြီး စုချီနျန်ကို မျက်စောင်းထိုးလိုက်၏။

"အဲဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ငါးဆယ်ပဲ။ မညည်းနဲ့။ အဲဒါက ငါ့ရဲ့ တစ်ပတ်စာ မုန့်ဖိုး အကုန်ပဲ။ နင်တို့ရဲ့ သာမန်လူတွေ ကမ္ဘာက အရာအားလုံးအတွက် အလုံအလောက်ထက်တောင် ပိုသေးတယ်။"

သူ၏တန်ဖိုးဖြတ်မှုက ချင်းယွန်ဘုံမှလာခြင်း ဖြစ်သည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးက ရွှေတစ်တုံး သို့မဟုတ် ငွေတစ်ထောင်ခန့် တန်ကြေးရှိသည်။

အလုံး ငါးဆယ်ဆိုလျှင် စူပါမားကတ် တစ်ခုလုံးကို ရှင်းပစ်နိုင်ရုံသာမက မြို့ကြီးတစ်မြို့တွင် အသင့်အတင့်ကောင်းသော အိမ်တစ်လုံးပင် ဝယ်၍ရနိုင်သည်။

ဆိုင်အပြင်ဘက်တွင် စုချီနျန်၏အချိန် ကုန်သွားလေပြီ။

"ရတနာတွေ အများကြီးပဲ။ ငါသာ မှန်မှန်ကန်ကန် သုံးတတ်ရင် ငါ့ကို သဘောကျတဲ့သူ အရေအတွက်က သေချာပေါက် နှစ်ဆ တိုးလာတော့မှာပဲ။ ငှိ…ငှိ…ငှိ"

သူက ကာမရာဂစိတ်နှင့် ပြုံးဖြီးနေရင်း သူ့ခန္ဓာကိုယ်က အလင်းရောင်အဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

အခြေတည်ဝိညာဉ်အဆင့်တွင်သာ ရှိနေသေးသော ယွဲ့ချန်ချီက အချိန်ကျန်နေသေး၏။

သူက ဘိုးဘေးကြီးဆီ ပြန်ပြီး သတင်းပို့ရန် လိုအပ်သည်။ ထို့နောက် ဆုံးရှုံးသွးသော အရာတချို့ကို ပြန်ရအောင် ကြိုးစားကောင်း ကြိုးစားရပေမည်။။

"အာ၊ စူပါဝူးမန်း မမ။ ဒီ…အဲ... ဝိညာဉ်ကျောက်တုံးက..."

ကောင်မလေးက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ "ဒါကို ဘယ်လိုများ သုံးရမှာလဲ။ ကျွန်မ ဒါတွေကို ဘယ်မှာ သွားလဲရမှာလဲ။"

ယွဲ့ချန်ချီက ခေါင်းကို စောင်းပြီး စဉ်းစားလိုက်သည်။

"နင် တကယ် မသိဘူးဆိုရင် အနီးဆုံး မိစ္ဆာနှိမ်နင်းသူဗျူရိုကို သွားလိုက်။ သူတို့က နင့်ကို စျေးကောင်းကောင်း ပေးလိမ့်မယ်။"

….

….

"ဘိုးဘေးကြီး၊ လီပုယီကို ရှင်းလင်းပြီးပါပြီ။"

C ပြည်နယ်က မိစ္ဆာနှိမ်နင်းသူဗျူရို ပင်မခန်းမထဲတွင် ယွဲ့ချန်ချီက ချန်ဟွိုက်အန်ကို အဖြူရောင် ကျောက်စရစ်ခဲလေး တစ်လုံး ကမ်းပေးလိုက်၏။

"ဒါက သူ့ရဲ့ ပြာတွေကနေ ဖန်တီးထားတာဖြစ်ပြီးတော့ သူ့ရဲ့ ဝိညာဉ် အပိုင်းအစကို သိမ်းဆည်းထားနိုင်တယ်။ တစ်စွန်းတစ်စလေးပါပဲ။ ဒါပေမဲ့ ပစ်မှတ်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။"

ချန်ဟွိုက်အန်က ၎င်းကို စစ်ဆေးလိုက်ပြီး နတ်ဘုရားအာရုံကို အတွင်းသို့ ပို့လွှတ်လိုက်ရာ…

…တွေဝေပြီး တွန့်လိမ်နေသော ဝိညာဉ်တစ်ခု အထဲတွင် ကွေးကွေးလေး ရှိနေသည်ကို တွေ့လိုက်ရ၏။

အင်း။ သေချာပေါက် သေသွားပြီပဲ။

"ပြီးတော့ ဒါပါ။"

သူက နတ်ဘုရား ဆင်းသက်ခြင်း အဆောင်ကို ဆွဲထုတ်လိုက်သည်။ အသုံးမပြုရသေးသော်လည်း ၎င်းမှ လွှမ်းမိုးနိုင်သော နတ်ဘုရား အငွေ့အသက်များ ဖြာထွက်နေတုန်းပင်။

"ဒါက ဘိုးဘေးကြီး ပြောခဲ့တဲ့ ဝှက်ဖဲ ဖြစ်ရမယ်။ ဆင့်ခေါ်ရေး အဆောင်တစ်ခုပါ။ ဒီကမ္ဘာမှာ နတ်ဘုရား ဆင်းသက်တဲ့ ထုံးတမ်းစဉ်လာတွေ ရှိနေသေးတယ်လို့ မမျှော်လင့်ထားဘူး။ ချင်းယွန်ဘုံမှာ အဲဒီလိုမျိုး မတွေ့ရတာ နှစ်တွေ တော်တော်လေး ကြာနေပြီ။"

ချန်ဟွိုက်အန် မျက်လုံးမှေးလိုက်ပြီး နောက်ကို သုံးလှမ်း ဆုတ်လိုက်သည်။

သူ့အတွက်တော့ ထိုအဆောင်က ကောင်းကင်ယံကို တည့်တည့် ထိုးတက်နေပြီး မီးခိုးရောင် ချီစွမ်းအင်များ ဖုံးလွှမ်းနေ၏။

ကောင်းသောအရာ မဟုတ်သည်မှာ သေချာသည်။ အထူးသဖြင့် မိုးကြိုးအင်မော်တယ်က ထိုအနံ့ နည်းနည်းလောက် ရသွားလျှင်ပင် သူ ပြာဖြစ်သွားပေမည်။

"ထားလိုက်ပါ.."

မီးခိုးရောင် ချီစွမ်းအင်က ယွဲ့ချန်ချီ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ရန် မကြိုးစားသည်ကို သူ သတိပြုမိလိုက်သည်။

ဆိုလိုသည်မှာ ချင်းယွန်ဘုံမှ ကျင့်ကြံသူများက ၎င်း၏သက်ရောက်မှုကို မခံရသည့် သဘောပင်။

ကောင်းတယ်။ အဲဒီအဓိပ္ပာယ်က လီချင်းရန်လည်း အတော်လေး ဘေးကင်းမယ်ဆိုတဲ့ သဘောပဲ။

"ချင်းယွန်ဘုံကို ပြန်ယူသွားလိုက်။" သူ ခေတ္တရပ်သွားပြီးနောက် ပြုံးလိုက်သည်။

"အခြေအနေနဲ့ ကိုက်ညီတဲ့ ကျင့်ကြံသူ ဘယ်သူမဆို ဒါကို အသက်သွင်းလို့ ရတယ် မဟုတ်လား။ ယွန်စုရှင်းကို ငါတို့ ကယ်တင်ပြီးတာနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေ ဒါမှမဟုတ် ယောင်ချီမြင့်မြတ်နယ်မြေက တစ်ယောက်ယောက်ကို ငါတို့ ဒါပေးလိုက်လို့ရတယ်။ အဲဒါက ဘယ်လို နတ်ဘုရားမျိုးကို ဆင့်ခေါ်မလဲဆိုတာ ငါ တကယ်ကို သိချင်နေပြီ။"

"အာ..." ယွဲ့ချန်ချီက သူ၏စိတ်ကူးကြောင့် မှင်သက်သွား၏။ "ဒီကမ္ဘာက နတ်ဘုရားတွေကို ချင်းယွန်ဘုံဆီ ဆင့်ခေါ်လို့ ရနိုင်လို့လား။"

"သိနိုင်ဖို့က တစ်နည်းပဲ ရှိတယ်လေ။"

ဂိုဏ်းဆင့်ခေါ်မိန့် အာနိသင် ကုန်ဆုံးသွားသည့်အခါ ယွဲ့ချန်ချီက ချင်းယွန်ဘုံကို ပြန်သွားခဲ့သည်။

သို့သော် ဖန်ကျင်းမြင့်မြတ်နယ်မြေကို မတိုက်ခိုက်ခင် ချန်ဟွိုက်အန်တွင် ပိုအရေးတကြီး ဖြေရှင်းစရာ ပြဿနာတစ်ခု ရှိနေ၏။

"ချင်းရန်။၊ ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းကို ဖောက်ထွက်ဖို့ ကြိုးစားကြည့်ရင် ဘယ်လိုလဲ။"

အကျဉ်းခန်း နံပါတ်(၀)တွင် ချန်ဟွိုက်အန်က လီချင်းရန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

၎င်းက တောင်းဆိုရန် ရဲတင်းလွန်းကြောင်း သူ သိသော်လည်း...

သူ့အနေဖြင့် ဝိညာဉ်ရတနာတစ်ခု အမှန်တကယ် လိုအပ်နေ၏။

မဟုတ်လျှင် ရတနာအများကြီး ပိုင်ဆိုင်ထားသော ထိုဆရာတော် ဖန်ယဲ့နှင့် မည်သို့ ယှဉ်တိုက်နိုင်မည်နည်း။

သို့သော် လီချင်းရန်က မိစ္ဆာချိပ်ပိတ်မျှော်စင် ခရီးစဉ်တွင် တိုက်ပွဲ ကြီးကြီးမားမားနှင့် မကြုံခဲ့ရသည့်အတွက်…

အဆင့်တက်ရန် အခွင့်အရေး မရခဲ့ပေ။

"ဆရာ၊ ကျွန်မ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်..."

သူ တစ်ညလုံး တရားထိုင်ခဲ့ပြီး အားစိုက်ထုတ်ရလွန်း၍ မျက်နှာများ နီရဲလာခဲ့သည်။ သို့သော် အတားအဆီးက နည်းနည်းလေးပင် ရွေ့မသွားခဲ့။

"မင်းနဲ့ အတူတူ လေ့ကျင့်ပေးရင် ဘယ်လိုလဲ။ ကိုယ်တိုင်ကိုယ်ကျ သင်ပေးပြီး တစ်ယောက်ချင်း လမ်းညွှန်မှု နည်းနည်းပေးမယ်လေ။"

လီချင်းရန်၏ တောက်ပသော မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။

သို့သော် သူ တုံ့ဆိုင်းနေခဲ့သည်။

"ဒါပေမဲ့ ဆရာ၊ ကျွန်မလည်း အခု ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်ကို ရောက်နေပြီလေ။ ကျွန်မတို့ တိုက်ခိုက်လေ့ကျင့်ရင်း... ဆရာ့ကို ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ။"

"ဘာပြောလိုက်တယ်။"

ချန်ဟွိုက်အန်က မျက်လုံးပြူးကာ လက်မောင်းကို ပင့်တင်လိုက်သည်။ "မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။ ငါ့ဆီ လာခဲ့စမ်းပါ။"

"...ဟုတ်ကဲ့ပါ။"

လီချင်းရန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သွားသည်။

သူက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။

"ဒါဆို ဆရာ တပည့်ကို အပြစ်မတင်နဲ့နော်။ တပည့် အလျှော့ပေးမှာ မဟုတ်ဘူး။”

…

All Chapters