ပိုလိုချင်မိခြင်း
Vol. 41 Ch. 404
မိစ္ဆာနှိမ်နင်းသူဗျူရို၏ လေ့ကျင့်ရေးကွင်းပြင်တွင် ပုံရိပ်နှစ်ခုက လှပသွက်လက်သော ငှက်နှစ်ကောင်လို ကခုန်နေကြ၏။
ချန်ဟွိုက်အန် သတိထားမိလိုက်သည်က သူ၏ အထူးတိုက်ခိုက်ရေး အတတ်များကို အသုံးမပြုနိုင်ဘဲ "ကြာစိမ်းဓားသိုင်းကျမ်း"ကိုသာ သုံးပြီး တိုက်ခိုက်ပါက လီချင်းရန်က သူ့ကို ယှဉ်တိုက်နိုင်နေခြင်းပင်။
၎င်းက ဆရာဖြစ်သော သူ့အတွက်တော့ အနည်းငယ် မျက်နှာပျက်စရာ ဖြစ်သည်။
ချန်ဟွိုက်အန်က လီချင်းရန်အတွက် အခက်အခဲအဆင့်ကို မြှင့်တင်ရန် ပြင်လိုက်ချိန်မှာပင်..
"အား။" လီချင်းရန်က ဘာကိုမှ မတိုက်မိဘဲ ရုတ်တရက် ခြေချော်ပြီး သူ့ရှေ့တည့်တည့်တွင် မှောက်လျက် လဲကျသွား၏။
သူက ခေါင်းကိုကုတ်၊ နှုတ်ခမ်းလေးစူရင်း ပြောလိုက်သည်။ "ဆရာ။ ဒီစတုတ္ထဓားကွက်ဖြစ်တဲ့ သက်တန့်တိမ်တိုက်ထဲကမြူခိုးများက သင်ရတာ တော်တော်လေး ခက်နေတုန်းပဲ။ ဆရာ သုံးတာကို ကြည့်နေရရုံနဲ့ ဘာမှ နားမလည်ဘူး။ အဲဒါကို သင်ဖို့ ပိုပြီးတော့ တိုက်ရိုက်ကျတဲ့ နည်းလမ်းမရှိဘူးလား။"
ချန်ဟွိုက်အန်က မျက်လုံးမှေးလိုက်သည်။ "ဘာလဲ။ မင်းရဲ့ စိတ်ထဲကို အဲဒီပညာတွေ တိုက်ရိုက် ထည့်ပေးစေချင်တာလား။"
နတ်ဘုရားအလင်းပွင့်ခြင်း ဆိုသည်မှာ သိုင်းပညာများကို အမြန်သင်ယူရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်မှာ မှန်ပေသည်။
သို့သော် အားနည်းချက်လည်း ရှိပေသည်။ ဥပမာ- အလင်းပွင့်စေသော နည်းလမ်းကြောင့် ကျွမ်းကျင်မှု အဆင့်တစ်ခုကို ရောက်သွားလျှင် ထိုလူက ထိုအဆင့်မှာပင် အကြာကြီး ပိတ်မိနေနိုင်၏။ အခြေခံသဘောတရားများကို အပြည့်အဝ နားမလည်ဘဲ ရှေ့ဆက်ရန် ခက်ခဲပေလိမ့်မည်။ မဟုတ်လျှင် သူတို့က ထိုပညာရပ်ကို သုံးတော့ သုံးနိုင်မည်၊ သို့သော်လည်း မည်သို့ အလုပ်လုပ်ကြောင်း လုံးဝ နားမလည်သော အခြေအနေမျိုး ဖြစ်နေပေလိမ့်မည်။
"ကိုယ်တိုင် သင်ယူတာကို ဘာမှမယှဉ်နိုင်ပါဘူး။" လီချင်းရန်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
ချန်ဟွိုက်အန်က ဘာမှမပြောဘဲ တိတ်နေသော် သူက သတ္တိမွေးပြီး ဆက်ပြောသည်။ "ကျွန်မ ထင်တာကတော့... ဆရာက ကျွန်မရဲ့လက်ကို ကိုင်ပြီးတော့ ဓားကွက်တွေကို သင်ပေးရင်၊ ပြီးတော့ ဓားချက်တိုင်းမှာ စိတ်ဝိညာဉ် ချီစွမ်းအင်ကို ဘယ်လို စီးဆင်းစေရမလဲဆိုတာ သင်ပေးရင် ပိုပြီး မြန်မြန် တတ်လာမယ် ထင်တာပဲ။"
သူ စကားပြောနေရင်း ချန်ဟွိုက်အန်၏မျက်နှာကို ခိုးကြည့်လိုက်သည်။ သူက ဆံပင်များကို နားနောက်သို့ ညင်သာစွာ သပ်တင်လိုက်ရာ ရှက်သွေးဖြာပြီး နီမြန်းနေသော နားရွက်လေး ပေါ်လာ၏။
ချန်ဟွိုက်အန် စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
ငါ့ရဲ့ ဒီကိုယ်ပွားက လက်ပဲ ကိုင်လို့ ရတာလေ။
တခြား ဘာမှလုပ်လို့မရဘူး။
ငါ့လို လူဟောင်းကြီး တစ်ယောက်အတွက်တော့ ဒါက နှိပ်စက်မှု တစ်မျိုးပဲ။
ထိုအချိန်မှာပင် သူ၏ဖုန်း အသံမြည်လာ၏။
သူ ဖုန်းကို ကောက်ကိုင်လိုက်ရာ ရွှေရောင်ဘောင်ခတ်ထားသော အနီရောင် စာသားများက မျက်စိကျိန်းမတတ် ပေါ်လာသည်။
[ ပုံရိပ်ယောင်ကောင်မလေးက "လက်တွေ့သင်ကြားပြသပေးမှု"ကို တောင်းဆိုနေပါသည် ]
[ အကန့်အသတ်ကမ်းလှမ်းချက် - သုံးခုထဲမှ တစ်ခုကို ရွေးချယ်ပါ ]
(၁)) ပညာသင်ယူခြင်းသည် တစ်ကိုယ်ရည် ကြိုးပမ်းမှုသာ ဖြစ်သည်။ (ပြတ်ပြတ်သားသား ငြင်းပယ်ပါ၊ ကုန်ကျစရိတ် မရှိ)
(၂) တိုက်ရိုက် နတ်ဘုရားအလင်းပွင့်ခြင်း။ (ဆုံးရှုံးမှုမရှိဘဲ အမြန်သင်ယူရန် ၁၉၉၈ယွမ်သာ ကျသင့်မည်)
(၃) စစ်မှန်သော ဆရာတစ်ဦးသည် တပည့်ဖြစ်သူ၏ သင်ယူမှု လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရမည်။ (သင်ခန်းစာများအတွင်း ခန္ဓာကိုယ် ထိတွေ့ခံစားမှု အပြည့်အဝကို ဖွင့်ပေးမည်။ အထူးကန့်သတ် ကမ်းလှမ်းချက် - ၉၉၉၉၈ယွမ် မဟုတ်၊ ၉၉၉၈ယွမ်လည်း မဟုတ်၊ ၁၈၈၈၈ယွမ်သာ)
[ မှတ်ချက် - နံပါတ်(၃)ကို ရွေးချယ်ပါက ပုံရိပ်ယောင်ကောင်မလေး၏ ဆန္ဒကို ဆန့်ကျင်သော မည်သည့် အလွန်အကျွံ ခန္ဓာကိုယ် ထိတွေ့မှုကိုမဆို တားမြစ်ထားပါသည် ]
[ လေးစားမှုနှင့် နားလည်မှုတို့က ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်သည် ]
ချန်ဟွိုက်အန် မျက်လုံးမှေးလိုက်သည်။
ဒီအခွင့်အရေးမျိုးက နောက်တစ်ခါ ပြန်လာမှာ မဟုတ်ဘူး။
"ငါ နံပါတ် (၃)ကို ရွေးတယ်။"
လင်းလက်နေသော အလင်းတန်းတစ်ခုက လီချင်းရန်ကို လွှမ်းခြုံသွား၏။
စနစ်၏သတိပေးချက်တစ်ခုလည်း တစ်ပြိုင်နက်တည်း ပေါ်လာသည်။
[ ခန္ဓာကိုယ် ထိတွေ့ခံစားမှုကို ဖွင့်ပေးလိုက်ပါပြီ။ လက်ကျန်အချိန် - ၂၄ နာရီ ]
"၂၄ နာရီဆိုတာ လီချင်းရန် ဒီဓားကွက်ကို အပြည့်အဝ တတ်မြောက်ဖို့ မလုံလောက်ဘူးလို့ ထင်တယ်။ နာရီ ၂၄၀လောက်အထိ တိုးပေးလို့ မရဘူးလား။ ဒါမှမဟုတ် နာရီ၂၄၀၀ လောက်…"
[ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါသည် ]
ချန်ဟွိုက်အန် - "..."
ဒီဂိမ်းစနစ်ကတော့ ဟာကွက်လေးတောင် မပေးဘူးပဲ။
ကောင်းပြီလေ။ ဒါဆိုရင်တော့ ငါလည်း အားနာနေမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် လီချင်းရန်က ငါ့ရဲ့ ရည်းစားပဲလေ။
စည်းကို မကျော်သရွေ့တော့ အဆင်ပြေတာပဲ မဟုတ်လား။
"ဆရာ... ကျွန်မ တစ်မျိုးကြီး ခံစားနေရတယ်..."
လီချင်းရန်က ပတ်ဝန်းကျင်ကို ဇဝေဇဝါနှင့် ဝေ့ကြည့်လိုက်သည်။ သူက လက်သီးကို ဆုပ်ကြည့်သည်။ ပါးလေးများကို ဆွဲကြည့်သည်။ မြေကြီးကိုပင် ခြေဆောင့်ကြည့်သေးသည်။ ၎င်းက သူ ဂနာမငြိမ်ဖြစ်နေ၍ မဟုတ်ပေ။ ရုတ်တရက်ကြီး ဤကမ္ဘာနှင့်သူက လုံးဝ တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရ၍ပင်။
ယခင်က အမြဲ ခံစားနေရသော ဤကမ္ဘာနှင့် ကင်းကွာနေသော ခံစားချက်ကြီး ပျောက်ကွယ်သွားလေပြီ။
ယခုတော့ အရာအားလုံးက ထိတွေ့၍ ရနေပြီ ဖြစ်သည်။
"ဘာတွေ ထူးခြားနေလို့လဲ။ ရော့ နို့သကြားလုံးလေး စားလိုက်ဦး။"
ချန်ဟွိုက်အန်က သူ့အိတ်ထဲမှ "ယုန်ဖြူ" နို့သကြားလုံးလေး တစ်လုံးကို ထုတ်၊ အခွံခွာပြီး နှုတ်ခမ်းနားကို တေ့ပေးလိုက်သည်။
လီချင်းရန်က စားမည့်ပုံစံနှင့် ရှေ့ကို တိုးလာပြီးမှ ရပ်လိုက်ပြီး နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဆရာကတော့ ကျွန်မကို ထပ်နောက်နေပြန်ပြီ။ ဒီပုံစံနဲ့ ကျွန်မ အဲဒါကို ပုံမှန်အတိုင်း စားလို့မရဘူးဆိုတာ သိသားနဲ့။"
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိမှာလဲ။"
"ဟွန့်။ အား... ဝေါင်။" လီချင်းရန်က ပါးစပ်ကို အကျယ်ကြီး ဟလိုက်သည်။ မည်သည်ကိုမှ ထိ၍ရမည်မဟုတ်ဟု ထင်ပြီး သကြားလုံးနှင့်အတူ ဆရာဖြစ်သူ၏ လက်ချောင်းများကိုပါ အားရပါးရ ကိုက်လိုက်ရာ…
တကယ်ကြီး ကိုက်မိသွား၏။ လက်ချောင်းများကိုရော၊ သကြားလုံးကိုရောပင်။
ထူးဆန်းသော အထိအတွေ့ကြောင့် လီချင်းရန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ချန်ဟွိုက်အန်က မိမိ၏ လက်ချောင်းများအား လီချင်းရန် ငုံထားသည်ကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေ၏။
လီချင်းရန်ကလည်း ဆရာဖြစ်သူကို အံ့ဩတကြီး ပြန်ကြည့်နေသည်။
၎င်းက တကယ့် လက်ချောင်းကြီးဆိုသည်ကို မယုံနိုင်သလိုမျိုးပင်။
သူက စမ်းသပ်သည့်အနေဖြင့် လျှာလေးနှင့် တစ်ချက်လျက်ကြည့်လိုက်၏။
အင်း။ တကယ့် အစစ်ကြီးပဲ။
လေထုကြီး တစ်ခုလုံး အေးခဲသွားသလိုပင်။
"အဲ..." လီချင်းရန်၏ လည်ပင်းမှ မျက်နှာတစ်ခုလုံးကို ရှက်သွေးများ ချက်ချင်း ဖြာတက်သွားပြီး နားရွက်များနှင့် လည်ကုပ်များအထိ ဒီရေလို တိုးဝင်သွားတော့သည်။
"သကြားလုံးက... စားလို့ ကောင်းလား။"
ချန်ဟွိုက်အန်က အနေခက်သည်ကို ဖျောက်ရန် စကားလမ်းကြောင်း လွှဲလိုက်သည်။
သူ့လက်ချောင်းများကို လီချင်းရန်၏ ပါးစပ်ထဲမှာ ထားရမလား၊ ချက်ချင်း ပြန်ဆွဲထုတ်ရမလား ဆိုသည်ကိုပင် သူ မဝေခွဲနိုင်တော့။
"အင်း... ကောင်းပါတယ်။"
လီချင်းရန်က အကြည့်လွှဲပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
သူက လက်ချောင်းကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး သကြားလုံးကိုသာ ပါးစပ်ထဲတွင် ထားလိုက်သည်။ သူ ခေါင်းငုံ့ထားပြီး လက်ကလေးများက အဝတ်အစား အစွန်းများကို လိမ်နေမိ၏။
"ငါ့ဆီမှာ အများကြီး ရှိသေးတယ်။ မင်း ကြိုက်တယ်ဆိုရင် ချင်းယွန်ဘုံကို ပြန်တဲ့အခါ အထုပ်လိုက် ယူလာပေးမယ်။"
ချန်ဟွိုက်အန်က ရေခဲသေတ္တာထဲမှ နောက်ထပ် သကြားလုံးများ သွားယူရန် လှည့်လိုက်သည်။
"ချင်းယွန်ဘုံကို ပြန်မယ်…" ဆိုသော စကားလုံးက လီချင်းရန်၏စိတ်ကို တစ်ခုခု ထိခိုက်သွားပုံရသည်။
သူ ခေါင်းမော့လာ၏။
သူ၏မျက်လုံးများထဲတွင် ပြင်းပြသော ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။
သူက ရှေ့ကို သုံးလှမ်းလောက် အမြန် တိုးလာလိုက်သည်။
ဝုန်း ဝုန်း ဝုန်း…
ချန်ဟွိုက်အန်က သူ့နောက်မှ မြန်ဆန်သော ခြေသံများကို ကြားလိုက်ရ၏။
သူ နားမလည်နိုင်ဘဲ လှည့်ကြည့်လိုက်ချိန် နွေးထွေးပြီး နူးညံ့သော ခန္ဓာကိုယ်လေးတစ်ခုက သူ့ကို နောက်မှနေ၍ ဖက်ထားသည်ကို ခံစားလိုက်ရသည်။
သူက နေရာတွင်ပင် ရပ်တန့်သွား၏။
လီချင်းရန်၏ မြန်ဆန်ပြီး တုန်ရီနေသော အသက်ရှူသံများကို သူ ကြားနေရသည်။
"ချင်းရန်…"
သူက စမ်းသပ်သည့်အနေဖြင့် ခေါ်လိုက်၏။
"ဆရာ။ ကျေးဇူးပြုပြီး ဘာမှ မပြောပါနဲ့ဦး..."
သူ၏အသံက တုန်ရီနေသော်လည်း ထိုအထဲတွင် ခေါင်းမာမှုနှင့် သတ္တိများ ပါဝင်နေသည်။ "ကျွန်မ... ကျွန်မ ဒီလိုလေးပဲ ခဏလောက် နေချင်သေးလို့ပါ။ ဒီလိုလေး ခဏလောက် နေခွင့်ရရင် ကျိန်ဆိုရဲပါတယ်။ ကျွန်မ ရွှေရောင်အနှစ်သာရ နှောင်းပိုင်းအဆင့်ကို သေချာပေါက် ဖောက်ထွက်နိုင်လိမ့်မယ်... မဟုတ်ဘူး၊ အခြေတည်ဝိညာဉ်အဆင့်တောင်မှ ပြဿနာ မရှိဘူး။"
ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။
သူက မွေးရာပါစွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ ခန္ဓာကိုယ်မျိုးနဲ့ မွေးလာတာလား။
ငါ့တပည့်မလေးက ငါ့ဆီကနေ နည်းနည်းလောက် "စုပ်ယူ"လိုက်ရုံနဲ့ အဆင့်တွေ တက်ကုန်တာလား။
ဒါဆိုရင်တော့ ငါ့ဘဝကြီးက တကယ့်ကို အံ့ဩစရာပဲ။
နှမြောစရာကောင်းတာကတော့ ငါက မိန်းကလေး တစ်ယောက်တည်းကိုပဲ ချစ်တတ်တဲ့လူ ဖြစ်နေတာပဲ။ မဟုတ်ရင်တော့ စုချီနျန်လို လုပ်လိုက်မှာ သေချာတယ်။
စုချီနျန်မှာက "လမင်းဖြူ"တွေ တစ်ရာလောက် ရှိတာလေ။
သူသာဆိုရင် တပည့်မလေး တစ်ရာလောက် ထားလိုက်မှာပေါ့။
လီချင်းရန်က သူ၏ ပါးပြင်ကို ချန်ဟွိုက်အန်၏ ကျောပြင်နှင့် ကပ်ထားပြီး သူ့ဆီမှ အငွေ့အသက်များကို လောဘတကြီး ရှူရှိုက်နေသည်။ ထိုရင်းနှီးနေသော ခံစားချက်။ ထိုအရာက သူ့အပေါ် ဆရာဖြစ်သူ စိုက်ကြည့်နေချိန် သို့မဟုတ် သူ့အပေါ် အာရုံစိုက်နေချိန်တိုင်း ပေါ်လာတတ်သော ခံစားချက်မျိုးပင်။
ချင်းယွန်ဘုံမှ ကိုယ်ပွားနှင့်ယှဉ်လျှင် ဤနေရာမှ စစ်မှန်သောခန္ဓာကိုယ်ကသာ ယခုလိုအငွေ့အသက်မျိုး ရှိလေသည်။
ချင်းယွန်ဂိုဏ်း အစွန်အဖျားမှ စုတ်ပြတ်နေသော တဲအိမ်လေးမှသည် ဓားကျောင်းတော်၏ လျိုရှားတောင်ထွတ်အထိ...
ထိုအငွေ့အသက်ကသာ သူ့ကို စိတ်အေးချမ်းစေခဲ့သည်။ သူ့ကို လုံခြုံသည်ဟု ခံစားရစေခဲ့သည်။ ၎င်းက သူ အသည်းအသန် တောင့်တခဲ့ရသော အရာပင်။
ယခင်ကဆိုလျှင် ခဏတစ်ဖြုတ်သာ ခံစားခဲ့ရသည်။
သို့သော် ယနေ့တော့ သူ အဝကြီး ရှူရှိုက်ခွင့် ရနေလေပြီ။
လီချင်းရန်က သူ့ကျောပြင်တွင် မျက်နှာလေးကို ပွတ်သပ်ရင်း ကျေနပ်နေသော ကြောင်ပေါက်လေး တစ်ကောင်လို ညင်သာစွာ သက်ပြင်းချလိုက်သည်။
မဟုတ်သေးဘူး။ ဒါက မလုံလောက်သေးဘူး။
တစ်ခါ မြည်းကြည့်ပြီးရင် ပိုပြီး လိုချင်လာတာ သဘာဝပဲ။
အရင်ကတော့ ဆရာကို ဖက်ထားရုံနဲ့ လုံလောက်ပြီလို့ ထင်ခဲ့တာ။
အခုတော့... ငါ ပိုပြီးတော့ လိုချင်နေမိပြီ။
…