ကျူးရှစ်ကောင်များ ( ၂ )
Vol. 12 Ch. 177
ကောင်းကင်ယံမှ အနီရောင် မှေးမှိန်သွားကာ နေမင်းကြီး ပျောက်ကွယ်သွားပြီး ကျောက်ကျုံးဟန်၏ ရင်ထဲ ခံစားချက်လှိုင်းတံပိုးများ ရိုက်ခတ်နေစဉ် ရှိရင်းစွဲအရောင်အဆင်း ကင်းမဲ့နေခဲ့ပြီဖြစ်သည့် မည်းနက်တောက်ပြောင်သော ပင်လယ်ပြင်ပေါ်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
ဆိပ်ကမ်းအပြင်ဘက်ရှိ ပင်လယ်ပြင်ပေါ်တွင် မရေမတွက်နိုင်သော အလင်းစက်ကလေးများ တဖျပ်ဖျပ်ဝင်းလက်လာပြီး ကောင်းကင်ကြီးကို အလင်းပေးနေသည့်အလားပင်။ ထိုစူးရှတောက်ပသော အလင်းက ချီရွှဲ့ထုံဂိုဏ်းဆိပ်ကမ်းအားလုံးရှိ ဂိုဏ်းသားများ၏ အာရုံကို ဆွဲဆောင်သွားသည်။
နေရာတိုင်းမှ ဆူဆူညံညံအသံများ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ဆိပ်ကမ်းအသီးသီးရှိ မှော်လှေများထဲမှ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ကြသည့် ဆိပ်ကမ်းပေါ်မှ လူအများစုသည်လည်း အလျင်အမြန် ပျံသန်းလာကြသည်။
ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းအပြင်ဘက်ရှိ အရှိန်တညီးညီး တောက်ပသော အလင်းစက်များက အမျှင်တန်းလေးများအသွင် ပြောင်း၍ ပင်လယ်မျက်နှာပြင်တစ်လျှောက် အလျင်အမြန် စီးဆင်းသွားသည်။ ၎င်းတို့က ဆက်လက်ကူးခတ်နေကြပြီး တဖြည်းဖြည်း ကျစ်လျစ်သိပ်သည်းသော အုပ်စုကြီး ဖြစ်လာသည်။
ဆိပ်ကမ်းအပြင်ဘက်ရှိ ပင်လယ်ကြီးတစ်ခုလုံးတွင် ထိုအလင်းစက်ကလေးများဖြင့် ပြည့်နှက်နေပြီး ပင်လယ်ကြီးက ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။
မကြာခင် မရေမတွက်နိုင်သော အလင်းစက်များက ဆိပ်ကမ်းဝင်ပေါက်ကို ကျော်ဖြတ်ကာ ဆိပ်ကမ်းအားလုံးတွင် ပြည့်နှက်သွားသည်။
ထိုမြင်ကွင်းကြောင့် ချီရွှဲ့ထုံဂိုဏ်းကျင့်ကြံသူများ ပို၍ပင် အံ့သြတုန်လှုပ်သွားရသည်။ ရွှီချင်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားပြီး မှော်လှေပေါ်တွင် ရပ်၍ လှမ်းကြည့်လိုက်သည်။
ထိုအလင်းများ ထုတ်လွှတ်နေသည်မှာ လက်တစ်ဝါးအရွယ် ရစ်ခွေသတ္တဝါများ ဖြစ်သည်။
၎င်းတို့၏ ဆန့်ထုတ်နိုင်သော ခန္ဓာကိုယ်များတွင် အလင်းရင်းမြစ်များ ထွက်ပေါ်နိုင်သော သွေးကြောများကို ပိုင်ဆိုင်ထားဟန်တူသည်။ ၎င်းတို့ တဖျပ်ဖျပ်ဝင်းလက်နေပုံမှာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ရပ် ဖြစ်နေသည်။
“ ကျူးရှစ်ကောင်တွေ …”
ရွှီချင်းက ပင်လယ်မှတ်တမ်းပေါ်မှ စာသားများကို ပြန်လည်တွေးတောလိုက်သည်။
ပင်လယ်မှတ်တမ်း၌ ကျူးရှစ်ကောင်များနှင့် ပတ်သက်၍ များများစားစား ဖော်ပြမထားပေ။ နေဝင်ချိန်၌ နီစွေးသောတိမ်များထဲတွင် ရွှေရောင်ယှက်သန်းနေခဲ့ပါက နေဝင်သွားသည်နှင့် ထိုဖြစ်စဉ် ရံဖန်ရံခါ ဖြစ်တတ်သည်။ ထိုအကြောင်းကို အထူးတလည် မပြောပြထားဘဲ အန္တရာယ်မရှိသော ဖြစ်၍ ဟုသာ ပြောထားသည်။
သို့သော်လည်း သမားတော်ကြီးပိုင် ချန်ထားခဲ့သော ဆေးပင်စာအုပ်အထူကြီးထဲတွင် ကျူးရှစ်ကောင်များက အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ဖြစ်ကြောင်း ရွှီချင်း သိခဲ့ရသည်။ ၎င်းတို့က ဆေးစွမ်းကို သဟဇာတဖြစ်အောင် လုပ်ရာတွင် ထူးကဲသော အာနိသင်ရှိသည်။
ယခုတိုင်အောင် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးမှ မထွက်သွားရသေးသော ဂိုဏ်းတူအစ်မတင်းနှင့် ကျောက်ကျုံးဟန်တို့သည်လည်း ထိုမြင်ကွင်းကို သတိထားမိလိုက်ကြသည်။ ဂိုဏ်းတူအစ်မတင်းက ခံ့ညားထည်ဝါသော ပင်လယ်ကြီးကို တအံ့တသြ ငေးကြည့်နေသည်။
ကျောက်ကျုံးဟန်က အလျင်အမြန် ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်မ၊ အဲဒီအကြောင်းကို ကျနော် သိတယ်။ ကြယ်ခရုတွေလို့လည်း ခေါ်တဲ့ ကျူးရှစ်ကောင်တွေကြောင့် ဒီလိုဖြစ်တာ။ အဲဒီကောင်တွေက တစ်ခါတလေ တိမ်နီတွေနောက်က ပင်လယ်ပြင်အထက်မှာ ပျံနေတတ်တယ်။ သူတို့က ဘယ်လိုလင်းအောင် လုပ်ရမလဲပဲသိတာ၊ ဘာမှအသုံးမဝင်ဘူး။ လှရုံကလွဲပြီး ဘာမှသုံးစားမရတဲ့ကောင်တွေပေါ့ ”
ကျောက်ကျုံးဟန်က ခပ်လှမ်းလှမ်းရှိ ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ရွှီချင်း၏အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ တစ်ခုခုကို ရွဲ့စောင်းပြောနေသည့် ကျောက်ကျုံးဟန်ကို သူ စိတ်ဝင်စားရန် အချိန်မရှိပေ။ သူ နားပင်မထောင်ဘဲ သူ့စိတ်က ပင်လယ်ပြင်ပေါ်သို့သာ ရောက်နေသည်။
ပင်လယ်ရေ လူးလွန့်နေသည်နှင့်အမျှ အလင်းများ ထုတ်လွှတ်နေနေသည့် ကျူးရှစ်ကောင်များက တစ်ခုခုနှင့် လိမ်ယှက်ကာ ဝေးကွာသွားကြသည်။ တချို့အလင်းများက ပြိုင်တူလင်းလက်နေကြပြီး တချို့အလင်းများက ဟန်ချက်မညီဘဲ လင်းလက်နေသည်။
ပြိုင်တူလင်းလက်နေသော အလင်းများက အတူတကွ ပေါင်းစပ်သွားကြမည်ဖြစ်ပြီး ထပ်၍ ဝေးကွာသွားတော့မည် မဟုတ်ပေ။ ဟန်ချက်မညီဘဲ လင်းလက်နေသော အလင်းစက်များက တစ်ခုနှင့် တစ်ခု ထိတွေ့ပြီးနောက် ၎င်းတို့နှင့် ဟန်ချက်ညီနိုင်မည့် အလင်းစက်များကို လိုက်ရှာနေသည့်အလား ခွဲထွက်သွားကြသည်။
ရွှီချင်းက ခွဲထွက်သွားသော အလင်းစက်များကို အာရုံစိုက်နေသည်။
သမားတော်ကြီးပိုင် ပြောပြခဲ့သည့် ဗဟုသုတများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။ သူက ဘေးပတ်လည်တွင် ဟိုဟိုသည်သည် သွားလာနေသော ကျူးရှစ်ကောင်များကို ကြည့်၍ အခွင့်အရေးကို တိတ်ဆိတ်စွာ စောင့်နေသည်။
ကျူးရှစ်ကောင်အားလုံးက ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်လာနိုင်သည် မဟုတ်ပေ။ သူ စောင့်နေသည်မှာ အချိန်အတော်ကြာသည့်တိုင်အောင် လက်တွဲဖော်မရသေးသော ကျူးရှစ်ကောင်အဖိုများသာ ဖြစ်သည်။ ထိုကဲ့သို့ ကျူးရှစ်ကောင်များသည်သာ ခန္ဓာကိုယ်ထဲတွင် သန္ဓေပြောင်းလဲခြင်းအနည်းငယ် ရှိနေမည်ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အထောက်အပံ့ဖြစ်စေသော ဆေးဖက်ဝင်ပစ္စည်းများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ရွှီချင်း၏ တိတ်ဆိတ်ငြိမ်သက်ခြင်းသည် ကျောက်ကျုံးဟန်ကို သူ့ကိုယ်သူ ပို၍ ဘဝင်ခိုက်သွားစေပြီး သူ မေးကို ပင့်လိုက်သည်။
“ အဲဒီအကြောင်းကို ဂိုဏ်းထဲမှာမှတ်တမ်းတင်ထားပေမဲ့ အသုံးဝင်တာ ဘာမှမရှိပါဘူး။ ပြီးတော့ အဲဒီဖြစ်စဉ်ကလည်း ခဏလောက်ပဲ၊ ပြီးရင် ပျောက်သွားမှာ ”
ဂိုဏ်းတူအစ်မတင်းက ကျူးရှစ်ကောင်များကို ကြည့်လိုက်သည်။ ကျောက်ကျုံးဟန်၏ စကားများကြောင့် သူမ၏မျက်နှာပေါ်တွင် အထင်သေးသောအမူအရာများ ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ အလင်းထုတ်ပေးလည်း ကောင်းတာပဲ။ အဲဒီအလင်းက သူတို့ကိုယ်သူတို့ တောက်ပစေရုံတင်မကဘူး၊ ကြည့်နေတဲ့သူတွေကိုတောင် တောက်ပစေနိုင်တယ်။ ဘာအလင်းမှမရှိတဲ့ ကျီးကန်းတွေနဲ့ စာရင်တော့ ပိုကောင်းပါတယ် ”
ကျောက်ကျုံးဟန်က မျက်ခုံးများကို ပင့်၍ စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်၌ သူတို့နှစ်ယောက်၏ စကားသံများကို လျစ်လျူရှုထားသော ရွှီချင်း၏ မျက်လုံးများ ရုတ်တရက် မှေးသွားသည်။ သူက ညာလက်ကို မြှောက်၍ ပင်လယ်မျက်နှာပြင်ကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ ရေငွေ့များက ရေစက်များအသွင် ပြောင်းလဲသွားပြီး အတူတကွ စုစည်းသွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ၎င်းတို့က လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲကာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ မရေမတွက်နိုင်သော ကျူးရှစ်ကောင်များထံ ပြေးဝင်သွားသည်။
လက်ကြီးက ကျူးရှစ်ကောင်တစ်ကောင်ကို ဖမ်းဆုပ်၍ ရွှီချင်းထံ ပြန်ရောက်လာသည်။ လက်ကြီး ပျောက်ကွယ်သွားသည်နှင့် ရွှီချင်း၏ လက်ထဲ ကျူးရှစ်ကောင်တစ်ကောင် ကျလာသည်။
လက်ဖဝါးအရွယ် ကျူးရှစ်ကောင်၏ တစ်ကိုယ်လုံး အရစ်များဖြင့် ဖုံးလွှမ်းထားသည်။ ခရုခွံပါးစပ်မှ ပျံ့နှံ့နေသော အလင်းက တဖြည်းဖြည်း မှိန်ဖျော့လာသည်။
ထိုအလင်းက ပကတိ ပျောက်ကွယ်သွားတော့မည့်အခိုက် ရွှီချင်း၏ ညာလက်က ရုတ်တရက် အေးစက်စက်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။ ထိုအအေးဓာတ်က ကျူးရှစ်ကောင်ကို လွှမ်းခြုံသွားပြီး ရေခဲတုံးအဖြစ်သို့ အေးခဲသွားသည်။
၎င်းက အလင်း မပျောက်ခင် အေးခဲခံလိုက်ရသည်။
လက်ထဲရှိ ရေခဲတုံးကို ကြည့်၍ ရွှီချင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ သူက ၎င်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ပင်လယ်ပြင်ကို ဆက်ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ဆိပ်ကမ်းခုနစ်ဆယ့်ကိုးတွင် ရွှီချင်းကဲ့သို့ လုပ်သည့် လူအနည်းငယ် ရှိသည်။ ထိုလူများက ကျူးရှစ်ကောင်များ၏ ဆေးဖက်ဝင်သည့်အကြောင်းကို ကောင်းစွာ သိထားကြသည်ဖြစ်၍ သတ်မှတ်ချက်နှင့် ပြည့်မီသော ကျူးရှစ်ကောင်များကို အလျင်အမြန် ဖမ်းလိုက်ကြသည်။
သူတို့သာ မဟုတ်ပေ၊ တခြားဆိပ်ကမ်းများမှ ဂိုဏ်းသားတချို့သည်လည်း လှုပ်ရှားလိုက်ကြသည်။ ထိုအကောင်များကို ဖမ်းဆီးရန် တောင်ပေါ်မှနေ၍ ဆိပ်ကမ်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာနေကြသော လူရိပ်တချို့ပင် ရှိသည်။
သူတို့ထဲမှ အများစုက ဒုတိယမြောက်တောင်ထိပ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုမြင်ကွင်းသည် ထိုအကောင်များက အသုံးမဝင်ကြောင်း ဆိုနေခဲ့သော ကျောက်ကျုံးဟန်၏ မျက်နှာကို မမြင်နိုင်သော လက်ဝါးကြီးဖြင့် ရိုက်လိုက်သည့်အလားပင်။ သူ အံ့သြမှင်သက်ကာ ဆွံ့နေတော့သည်။
ဂိုဏ်းတူအစ်မတင်းသည်လည်း ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရပြီး သိချင်စိတ်ပြင်းပြစွာဖြင့် ရွှီချင်းအနီးသို့ ခပ်သွက်သွက်ကလေး သွားလိုက်သည်။ ရွှီချင်း၏မှော်လှေရှိသည့် လှေရပ်နားရာနေရာသို့ ရောက်သောအခါ အလျင်အမြန် ပြောလိုက်သည်။
“ မောင်လေးရွှီ၊ ဘာလို့ နင်နဲ့ အဲဒီလူတွေက ကျူးရှစ်ကောင်တွေကို ဖမ်းနေရတာလဲဟင် ”
သူမသည် ပြောနေရင်း ရွှီချင်း၏စရိုက်ကို သိထားသည်ဖြစ်၍ ဝိညာဉ်လက်မှတ်တစ်စောင်ထုတ်ကာ ပေးလိုက်သည်။
“ ကျူးရှစ်အဖိုကောင်တွေ သေခါနီးအချိန်မှာ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေတဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်းဖြစ်သွားတယ် ”
ရွှီချင်းက ဝိညာဉ်လက်မှတ်ကို လက်မခံဘဲ တင်းရွှယ်ကို ရှင်းပြလိုက်သည်။
သူ လက်မခံရသည့် အဓိကအချက်မှာ တင်းရွှယ်က အခြေတည်အဆင့်အကြောင်း ကျောက်စိမ်းပေလွှာများအား အလကား ပေးခဲ့သည်ကို တွေးမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ဆက်လက်၍ အသေးစိတ် ရှင်းပြလိုက်၏။
“ ကြယ်ခရုလို့လည်း ခေါ်တဲ့ ကျူးရှစ်ကောင်တွေက ခရုအမျိုးအစားထဲ ပါတယ်။ ပင်လယ်အောက်က တောင်အက်ကွဲကြောင်းတွေထဲမှာ နေရတာကို သဘောကျတဲ့ ဝိညာဉ်ဆေးကောင်းတစ်လက်ပဲ။ အဲဒီကောင်တွေက မိတ်လိုက်ရာသီမှပဲ ပင်လယ်ပြင်ပေါ်ကို ထွက်လာတတ်တာ။ အဲဒီလို ထွက်လာတဲ့အခါတိုင်း အနီရောင်တိမ်တိုက်တွေမှာ ရွှေရောင်ဖျော့ဖျော့ ဝင်းလက်သွားတယ်။ တားမြစ်ပင်လယ်က နေရာတိုင်းမှာ အဲဒီလိုမျိုး ဖြစ်တတ်တယ်။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာ မသိသလို အဲဒီအကောင်တွေရဲ့ ခြေရာကို လိုက်ရှာရတာလည်း ခက်တယ်။ အဲဒါကြောင့် အဲဒီကောင်တွေကို ကုန်းတွင်းပိုင်းမှာ မြင်ရခဲတယ် ”
“ အရသာက ချိုအေးပြီး နည်းနည်း အဆိပ်ရှိတယ်။ စိတ်ကို တည်ငြိမ်စေတယ်။ ခရုခွံရေကို ယင်ယန်အစွန်းရောက်ပညာကိုသုံးပြီး ဝိညာဉ်အားဖြည့်ဆေးလုံး ဖော်နိုင်တယ် ”
“ ဒါပေမဲ့ ဆေးဖော်စပ်နည်းအသစ်တွေမှာတော့ ကျူးရှစ်ကောင်တွေကို ကပ်ပါးခန္ဓာအနေနဲ့ သုံးပြီး သူတို့ဝိညာဉ်ကို အသုံးချကြတယ်။ ကျူးရှစ်ကောင်ကို သဘာဝမီးဖိုအဖြစ် ပြောင်းပြီး ဆေးကောင်းတွေ ဖော်စပ်နိုင်တယ်။ အဲဒါက ပြင်းထန်တဲ့ဆေးအာနိသင်တွေကို ပျောက်စေပြီးတော့ သဟဇာတဖြစ်အောင် လုပ်ပေးတယ် ”
ရွှီချင်းက စကားပြောပြီးနောက် ပင်လယ်ကြီးကို ဆက်ကြည့်လိုက်ပြီး ဖမ်းနိုင်သည့် ကျူးရှစ်ကောင်များကို ရှာဖွေလိုက်သည်။
ဂိုဏ်းတူအစ်မတင်းက နားမလည်သော်လည်း ရွှီချင်း၏ စကားလုံးများက အထင်ကြီးစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ရွှီချင်းကို မျက်လုံးရွဲကြီးများဖြင့် ကြည့်၍ မေးမြန်းလိုက်သည်။
“ ဒါဆို အဲဒီကောင်လေးတွေက ဘာလို့ လင်းနေတာလဲဟင် ”
“ မိတ်လိုက်ရာသီမှာ ကျူးရှစ်ကောင်တွေက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့ ခန္ဓာကိုယ်ကနေ အလင်းမျိုးစုံ ထုတ်လွှတ်ကြတယ် ”
“ အဲဒါကြောင့် အလင်းတွေ ပေါ်လာတာ။ တစ်ကောင်နဲ့ တစ်ယောက် ထိကပ်သွားလို့ နှစ်ကောင်လုံးက အလင်းတွေ ပြိုင်တူ ထုတ်လွှတ်နေရင် မိတ်လိုက်နိုင်တယ်။ တကယ်လို့ အဖိုကောင်က အလင်းကို တချိန်တည်း ထုတ်လွှတ်မပေးနိုင်ရင် အမကောင်ရဲ့ အထင်သေးခြင်း ခံရတယ်။ နောက်ဆုံးကျ အဖိုကောင်က မိတ်လိုက်ဖော်အမကောင်ကို ရှာမတွေ့ဘဲ တဖြည်းဖြည်း အလင်းပျောက်ပြီး သေသွားရတယ် ”
ရွှီချင်းသည် ပြောနေရင်း သတ်မှတ်ချက်များဖြင့် ပြည့်မီသော နောက်ထပ် ကျူးရှစ်ကောင်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။
ဂိုဏ်းတူအစ်မတင်း၏ မျက်နှာတွင် လေးစားခြင်းများဖြင့် ပြည့်နှက်နေသည်။ ယခု ရွှီချင်း အလုပ်ရှုပ်နေသည်ကို သူမ သိလိုက်၍ နောက်ထပ်မမေးတော့ဘဲ ကျူးရှစ်ကောင်များကို စူးစမ်းကြည့်လိုက်သည်။
ရွှီချင်း လှုပ်ရှားလိုက်တိုင်း သူမ အာရုံစိုက်ထား၏။ မကြာခင် လုပ်ပုံလုပ်နည်းကို သူမ သိသွားပြီး အကူအညီပေးရန် ပြင်လိုက်သည်။
ရွှီချင်းမှာ မည်သည့်အကူအညီမျှ မလိုအပ်ပေ။ သို့သော်လည်း အခြေတည်အဆင့်အကြောင်း ကျောက်စိမ်းပေလွှာများကြောင့် ဂိုဏ်းတူအစ်မတင်းက ဝန်ထုပ်ဝန်ပိုးဟူ၍ သူ ခံစားနေရပါသော်လည်း ဘာမှမပြောဘဲ သူမဘာသာ လုပ်စေလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ကျူးရှစ်ကောင်များကို ဖမ်းသည့်ဂိုဏ်းသားများ တစတစ များလာပြီး ညတစ်ည ကုန်လွန်သွားသည်။
မနက်ခင်းအလင်းတန်းများ ဖြာကျလာသောအခါတွင် ချီရွှဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းမျက်နှာပြင်ပေါ်တွင် တွယ်ကပ်နေခဲ့သော ကျူးရှစ်ကောင်များအားလုံး တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကာ ပင်လယ်အောက်သို့ ပြန်သွားကြသည်။ ခြောက်ကပ်ပြီး သေနေသော ကျူးရှစ်ကောင်အသေကောင်များသည်သာ ပင်လယ်ပြင်ပေါ် လွင့်မျောနေသည်။ ၎င်းတို့က ဆွေးမြေ့ကာ တားမြစ်ပင်လယ်၏ တစ်စိတ်တပိုင်းအဖြစ် ပြောင်းလဲသွားသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်သည်။
တစ်ညလုံး အလုပ်ရှုပ်နေခဲ့သော်လည်း ပျော်ရွှင်နေသော ဂိုဏ်းတူအစ်မတင်းသည်လည်း နှုတ်ဆက်စကားပြောကာ ထွက်သွားသည်။
ဂိုဏ်းတူအစ်မတင်း၏ နောက်တွင် ကျောက်ကျုံးဟန်က ခါးသက်သက်အမူအရာဖြင့် လိုက်သွားသည်။
သူက ရှေ့မှ ဂိုဏ်းတူအစ်မတင်း၏ နောက်ကျောအလှကို လှမ်းကြည့်လိုက်ပြီး မျက်လုံးများထဲတွင် ဆန္ဒများဖြင့် တောက်လောင်လာကာ ရင်ထဲတွင် တိတ်တဆိတ် ဆိုလိုက်သည်။
“ စောင့်ကြည့်နေလိုက်ပါ တင်းရွှယ်၊ အနှေးနဲ့အမြန် မင်း ငါ့ကို သဘောကျလာမှာပါ ”
( ဘာသာပြန်သူ၏ တစ်ကိုယ်ရေစာအမြင်၊ မူရင်းစာရေးဆရာအာကန်းက လက်တွဲဖော် မရှာနိုင်တဲ့ လူပျိုကြီးတွေကို ဖဲ့ဖို့ ဒီအခန်းကို ရေးခဲ့တယ်ထင်ပါတယ်။ ဘယ့်နှယ်ဗျာ … လက်တွဲဖော်မရှာနိုင်တဲ့ ကျူးရှစ်အဖိုကောင်တွေက သေရတယ်လို့ ။ တကယ်တော့ လက်တွဲဖော်မရှိတာမှာလည်း ကောင်းကွက်တွေ အများကြီးပဲ မဟုတ်လားဗျာ 😒😒 )
https://mmxianxia.com/wp-content/uploads/2023/02/download-3.jpeg
အောက်မှာ ကျူးရှစ်ကောင်တွေရဲ့ပုံကို ထည့်ပေးလိုက်ပါတယ်။