ကျန်းယိပိုင်၏ ရည်မှန်းချက်
Vol. 41 Ch. 406
"ညီလေးချန်၊ မင်းရဲ့တပည့်က အဆင့်တက်ဖို့ အခက်အခဲဖြစ်နေလို့ သူ့ကို လေ့ကျင့်ပေးဖို့ ငါ့ကို အကူအညီတောင်းထားတာ မဟုတ်ဘူးလား။"
ယခုမှ ထွက်လာရသော ကျန်းယိပိုင်က အဆင့်တက်နေသာ လီချင်းရန်ကို ကြောင်အမ်းအမ်း စိုက်ကြည့်ရင်း ဇဝေဇဝါနှင့် လက်ညှိုးထိုးပြလိုက်သည်။ "ဒါက ဘာဖြစ်နေတာလဲ။ သူက ဉာဏ်အလင်းပွင့်သွားတာလား"
"အင်း…" ချန်ဟွိုက်အန်က မချိပြုံးလေး ပြုံးလိုက်သည်။
"အံ့ဩစရာပဲ၊ မင်းရဲ့ တပည့်က တကယ်ကို အံ့ဩစရာပဲ။"
ကျန်းယိပိုင်က အံ့ဩတကြီးနှင့် လျှာသပ်ပြီး ချန်ဟွိုက်အန်ကို အကဲခတ်ကြည့်လိုက်သည်။ "သူ့ရဲ့ဆရာဖြစ်တဲ့ မင်းကလည်း တော်တော်လေး ဟုတ်နေတာပဲ။ ဉာဏ်အလင်းပွင့်တယ်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင်ကံတရားဆိုပေမဲ့ အဲဒါကို ပေါ့ပေါ့ပါးပါးလေး လှုံ့ဆော်ပေးနိုင်တယ်ဆိုတာက တကယ့် ဆရာကောင်းတစ်ယောက်ရဲ့ လက္ခဏာပဲ။"
"သူ ဉာဏ်အလင်းပွင့်အောင် မင်း ဘယ်လိုလုပ်လိုက်လဲဆိုတာ ဒီအစ်ကိုကြီးကို ပြောပြလို့ ရမလား။"
ကျန်းယိပိုင်က သင်ယူချင်စိတ်ဖြင့် မေးလိုက်သည်။
မည်သို့ဆိုစေ သူက လုံးဝ သေသွားခြင်း မဟုတ်ပေ။ သူ့အတွက် မျှော်လင့်ချက် ရှိသေးသည် မဟုတ်ပါလား။
တစ်နေ့ကျလျှင် သူလည်း ကမ္ဘာတစ်ဝန်းတွင် တပည့်အများအပြား ရှိလာနိုင်သေးသည်။
သို့သော် ချန်ဟွိုက်အန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အောက်ကိုသာ ငုံ့ကြည့်နေ၏။
"ဪ။ အခု လျှို့ဝှက်ထားတယ်ပေါ့။ ဒါက ဘယ်လို သဘောထားလဲ။"
ကျန်းယိပိုင်က လှောင်ပြုံးပြုံးလိုက်ပြီး လက်ချောင်းများနှင့် စတင် တွက်ချက်လိုက်သည်။
မိနစ်အနည်းငယ်ကြာသော် သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူက အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်သည်။
သူက ချန်ဟွိုက်အန်ကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာအမူအရာက ထူးဆန်းနေပြီး ခုနက တွက်ချက်ရရှိလိုက်သည်ကို မယုံကြည်တဲ့ပုံ ပေါက်နေသည်။ မယုံနိုင်စွာဖြင့် ခေါင်းကိုခါယမ်းပြီး သူက ထပ်မံ၍ တွက်ကြည့်သည်။ သို့သော် ပိုတွက်လေလေ၊ အခြေအနေများက ပို၍ ကိုက်ညီမှုမရှိလေလေ ဖြစ်နေသည်။ ချန်ဟွိုက်အန်ကို သူကြည့်သောအကြည့်က ပိုပိုပြီး ဂနာမငြိမ် ဖြစ်လာ၏။
နောက်ဆုံးတော့ သူက တွက်ချက်ခြင်းကို လက်လျှော့လိုက်ပြီး မျက်နှာက မှောင်မိုက်သွားသည်။
ချန်ဟွိုက်အန်ကို သူ လက်ညှိုးထိုးလိုက်ပြီး သူ၏ လက်ချောင်းများ သိသိသာသာ တုန်ရီနေသည်။ "မင်း... မင်းက မင်းရဲ့ တပည့်ကို ကြံစည်နေတာလား။ အရှက်မရှိတဲ့ကောင်။ ဒီလောက်ကောင်းတဲ့ တပည့်လေးကိုမှ အတူအိပ်ဖို့ လုပ်ရသလား။ သူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာတာကို ကြည့်နေရတာနဲ့တင် မလုံလောက်ဘူးလား။"
"မင်းက ဒီလိုလူမျိုး ဖြစ်နေမယ်လို့ တစ်ခါမှ မထင်ထားဘူး။"
"ညီလေးချန်၊ မင်းဆီကနေ ငါ တကယ်ကို... သင်ယူရဦးမယ်။"
ချန်ဟွိုက်အန် - ಠ_ಠ
တော်စမ်းပါ။
သူ့ဆီက သင်ယူမယ် ဟုတ်လား။
ကျန်းယိပိုင်ရဲ့ ပြစ်တင်ဝေဖန်တာကို ခံရဖို့ သူ အဆင်သင့် ဖြစ်နေခဲ့တာလေ။
ချန်ဟွိုက်အန်က ကျန်းယိပိုင်ကို စိုက်ကြည့်ပြီး သွားဖြီးပြလိုက်သည်။ "ခင်ဗျားကရော ဘာထူးလို့လဲ။"
"မြှောက်ပင့်လွန်းနေပါပြီ။" ကျန်းယိပိုင်က တခစ်ခစ် ရယ်မောရင်း သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ "မျက်နှာပြောင်မတိုက်ရင် ကောင်းကင်ဘုံက မင်းကို အပြစ်ပေးလိမ့်မယ်။ နှမြောစရာကောင်းတာက ငါ့တပည့်တွေ အားလုံးက ယောက်ျားလေးတွေ ဖြစ်နေပြီးတော့ ငါက အဲဒီလိုမျိုး စိတ်မဝင်စားဘူးလေ။ အဲဒါကြောင့် ဒီနှစ်တွေတစ်လျှောက်လုံး ငါ တစ်ယောက်တည်း အထီးကျန်နေခဲ့ရတာ။"
"မဖြစ်နိုင်တာ။ ချင်းယွန်ဘုံမှာ ပါရမီရှင်တွေ အများကြီး ရှိတာပဲ။ တပည့်မိန်းကလေး တစ်ယောက်လေးတောင် ခင်ဗျား မျက်စိမကျခဲ့ဘူးလား။" ချန်ဟွိုက်အန်က နားမလည်နိုင်စွာဖြင့် မေးလိုက်တယ်။ "ခင်ဗျားရဲ့ တပည့်လက်ခံတဲ့ စံနှုန်းက ဘာလဲ။"
"စံနှုန်းလား။ ရိုးရိုးလေးပါ။"
ကျန်းယိပိုင်က သူ့လက်ချောင်းလေများနှင့် ရေတွက်ပြလိုက်သည်။ "ပထမအချက်၊ သီးသန့်စိတ်ဝိညာဉ်အမြစ် ရှိရမယ်။ ဓားစိတ်ဝိညာဉ်အမြစ် ဖြစ်ရင် ပိုကောင်းတယ်။ ဒုတိယအချက်၊ စင်ကြယ်တဲ့ယန် ဒါမှမဟုတ် စင်ကြယ်တဲ့ယင် ဓားအသိကို နားလည်သဘောပေါက်ရမယ်။ တတိယအချက်၊ အသက် (၁၀၀)အောက် ဖြစ်ရမယ်။ စတုတ္ထအချက်၊ ငါ့ရဲ့ ကျင့်စဉ်ကို ဖိနှိပ်ထားပြီးတဲ့နောက် ငါ့ရဲ့ လက်ဝါးရိုက်ချက် သုံးချက်ကို ခံနိုင်ရည်ရှိရမယ်။ အဲဒီလောက်ပါပဲ၊ ဒီလောက် သေးငယ်တဲ့ အခြေအနေလေးတွေပါ။"
ချန်ဟွိုက်အန် - "..."
သောက်ကျိုးနည်း အဲဒါက ရိုးရိုးလေး ဟုတ်လား။
အဲဒီအထဲက တစ်ချက်တည်းဆိုရင်တောင် တော်တော်လေး မြင့်မားတဲ့ စံနှုန်းတစ်ခု ဖြစ်နေပြီ။
အထူးသဖြင့် စတုတ္ထအချက်ပဲ။
မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဆင့်တူရောက်အောင် ကျင့်စဉ်ကို ဖိနှိပ်ထားရင်တောင် သုံးချက်လောက်ဆို မျိုးဆက်သစ် အများစုကို ကြေမွသွားစေနိုင်တယ်။ ဒါက ဒဏ္ဍာရီအဆင့် ကစားသမားတစ်ယောက်က ကြေးအဆင့်မှာ ဝင်ကစားနေသလိုပဲ။
"ဒါဆို တပည့်မိန်းကလေး တစ်ယောက်မှ စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူးပေါ့။"
"တစ်ယောက်မှ မရှိဘူး။" ကျန်းယိပိုင်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
"ခင်ဗျား... စံနှုန်းကို နည်းနည်းလောက် လျှော့ဖို့ စဉ်းစားမကြည့်ဘူးလား။" ချန်ဟွိုက်အန်က တုံ့ဆိုင်းစွာ မေးလိုက်သည်။
"ငါက ဘယ်လိုလုပ် စံနှုန်းကို လျှော့လို့ရမှာလဲ။" ကျန်းယိပိုင်က တုန်လှုပ်သွားပုံရသည်။ "ဒါက တိုက်ရိုက်တပည့် အတွက်လေ။ ရွေးချယ်မှုက တင်းကျပ်ရမယ်။ ပိုတင်းကျပ်ရမယ်၊ ပြီးတော့ ထပ်ပြီး ပိုတင်းကျပ်ရမယ်။"
"ဒါပေမဲ့ ခင်ဗျားက တာအိုလက်တွဲဖော် လိုချင်တယ်ဆို…"
"လိုချင်တော့ရော ဘာဖြစ်လဲ။" ကျန်းယိပိုင်က ဂရုမစိုက်ပေ။ "တာအိုလက်တွဲဖော်ဆိုရင်တောင် ငါ့ရဲ့ လက်ဝါးရိုက်ချက် သုံးချက်ကို ခံနိုင်ရမယ်။"
ချန်ဟွိုက်အန် - "......"
ဒီအဘိုးကြီးမှာ တာအိုလက်တွဲဖော် ဒါမှမဟုတ် ချစ်စရာ တပည့်မိန်းကလေးတွေ မရှိတာ အံ့ဩစရာ မဟုတ်တော့ဘူး။
"ဒါနဲ့ မင်းရဲ့တပည့် ဉာဏ်အလင်းပွင့်သွားတာကို ကြွားချင်ရုံ သက်သက် ငါ့ကို ဆင့်ခေါ်လိုက်တာလား။" ကျန်းယိပိုင်က ယခင်အကြောင်းအရာက သိပ်မသင့်တော်ကြောင်း ထင်လိုက်ပြီး ပုံမှန်စကားပြောဆိုမှုသို့ ပြန်သွားခဲ့သည်။
"အင်းလ။ အခု ငါ မြင်ပြီးပြီဆိုတော့။ ဓားထဲမှာ ပြန်ပြီး အနားယူတော့မယ်"
"မလောပါနဲ့ဦး။" ချန်ဟွိုက်အန်က ကျန်းယိပိုင်၏ ဝိညာဉ်ပုံစံကို မျက်လုံးမှေးကြည့်ပြီး အသေအချာ အကဲခတ်လိုက်သည်။ အမှန်တကယ်ပင် သူ့ဆီတွင်လည်း မီးခိုးရောင် အငွေ့အသက် အစအနတွေ ရှိနေ၏။
ယခင်က သူ၏ ခွန်အားနှင့် နတ်ဘုရားအာရုံ လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့၍ ၎င်းကို သူ မမြင်နိုင်ခဲ့ပေ။
သို့သော် ယခု တန်ခန်း၏အကူအညီဖြင့် ကျန်းယိပိုင်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရလေပြီ။
သို့သော် ကျန်းယိပိုင်ဆီမှ မီးခိုးရောင် အငွေ့အသက်က အရမ်းကို မှေးမှိန်လွန်၏။ မြင်ရရုံလေးပင်။
"အစ်ကိုကြီး၊ ဒီကမ္ဘာက ဝင်စားခြင်း သံသရာအကြောင်းကို ခင်ဗျား သိလား"
"ဝင်စားခြင်း သံသရာ ဟုတ်လား။"
"ခင်ဗျား မကြုံဖူးသေးတဲ့ပုံပဲ။" ကျန်းယိပိုင်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို ကြည့်ပြီး ချန်ဟွိုက်အန်က သူ လက်ရှိသိထားသမျှ အားလုံးကို ပြောပြလိုက်သည်။
"အဲဒီလိုမျိုး ရှိတယ်ပေါ့။"
ကျန်းယိပိုင်၏မျက်နှာအမူအရာက တင်းမာသွားသည်။
ချန်ဟွိုက်အန်၏စကားများကို သူ သံသယမဝင်ပေ။
"ညီလေးချန်၊ တကယ်တော့ ကမ္ဘာမြေကို ပြန်ရောက်ပြီးကတည်းက တစ်ခုခု လွဲနေတယ်လို့ ငါ ခံစားမိပြီးသား။ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ စွမ်းအင်တစ်ခုက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ အဲဒါက ကောင်းကင်ဘုံအတိဒုက္ခကို ရင်ဆိုင်နေရသလိုမျိုး ခံစားရတယ်။"
"ဒါပေမဲ့ မင်းကို မလန့်စေချင်လို့ ငါ့ဘာသာငါပဲ သိမ်းထားလိုက်တာ။"
ချန်ဟွိုက်အန် ချက်ချင်း နားလည်သွားသည်။
ကျန်းယိပိုင်က မီးခိုးရောင် အငွေ့အသက်ကို မမြင်နိုင်ပေမဲ့ သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မဟာတက်လှမ်းခြင်းအဆင့် နတ်ဘုရားအာရုံက အဲဒီ ပုံမှန်မဟုတ်တဲ့ အရာကို ဖမ်းယူမိနေတုန်းပဲ။
"ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ခင်ဗျားမှာ အကြံအစည် တစ်ခုခုများ ရှိလား။"
ကျန်းယိပိုင်က ခဏစဉ်းစားပြီးနောက် ရုတ်တရက် မော့ကြည့်လိုက်သည်။ "ညီလေးချန်၊ ဒါက အရေးကြီးတယ်။ မင်း ငါ့ကို ပြောပြခဲ့တာတွေအပေါ် အခြေခံကြည့်ရသလောက် ငါတို့ အချိန်ထပ်ဆွဲနေမယ်ဆိုရင် ကမ္ဘာကြီး တစ်ခုလုံးက တက်လှမ်းသူတွေ ဖြစ်ကုန်လိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်။ မင်းက ကစားပွဲကို ပြောင်းလဲချင်တယ်ဆိုရင်၊ ကမ္ဘာကြီး တစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်ရလိမ့်မယ်။"
"အတိအကျပဲ။" ချန်ဟွိုက်အန်က ခေါင်းညိတ်ပြီး မချိပြုံးလေး ပြုံးလိုက်သည်။ "ကျွန်တော်က သန်မာပေမဲ့ ကမ္ဘာကြီး တစ်ခုလုံးကို ရင်ဆိုင်နိုင်မယ်လို့တော့ မထင်ဘူး။ တက်လှမ်းသူ အရေအတွက်ကို လျှော့ချချင်ပေမဲ့၊ ကျွန်တော့်ရဲ့ အနေအထားကြောင့် ပေါ်ပေါ်ထင်ထင် လုပ်လို့မရဘူးလေ..."
"သဘောပေါက်ပြီ။" ကျန်းယိပိုင်က မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ "ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ကြေးခွံနက်ဓားက ဝိညာဉ်ရတနာတစ်ခု ဖြစ်လာတာ ငါ့ရဲ့ ဝိညာဉ်ကို ပြန်ကောင်းမွန်အောင် မင်း ကူညီပေးပြီး ခန္ဓာကိုယ်တစ်ခု ရှာပေး။ တက်လှမ်းသူတွေကို ပေါ်ပေါ်ထင်ထင် နှိမ်နင်းဖို့ ကမ္ဘာမြေပေါ်မှာ ဂိုဏ်းတစ်ခု ငါ တည်ထောင်မယ်။ တစ်ချိန်တည်းမှာပဲ မင်းက ငါ့ဂိုဏ်းကြီးထွားလာဖို့ ချင်းယွန်ဘုံက အရင်းအမြစ်တွေကို သုံးပြီး နောက်ကွယ်ကနေ လှုပ်ရှားပေး။ ကျင့်ကြံသူ အများစုက တက်လှမ်းသူတွေ မဟုတ်သရွေ့ ဒါမှမဟုတ် ၅၀/၅၀ ဖြစ်နေရင်တောင်မှ ငါတို့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေး တစ်ခု ရှိတယ်။ မင်း ဘယ်လိုထင်လဲ။"
"ခင်ဗျားက ကမ္ဘာမြေပေါ်မှာ နောက်ထပ် ကျန့်ဝူ မြင့်မြတ်နယ်မြေတစ်ခု တည်ထောင်ဖို့ စီစဉ်နေတာလား။" ချန်ဟွိုက်အန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျန်းယိပိုင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ပြီး ရဲတင်းစွာ ရယ်မောလိုက်သည်။ "ဘာဖြစ်လို့ မရရမှာလဲ။"
"အရင်တုန်းကလည်း ငါ ကျန့်ဝူ မြင့်မြတ်နယ်မြေကို အစကနေ တည်ထောင်ခဲ့တာပဲ။ အခု ငါ့မှာ ခန္ဓာကိုယ်တစ်ခုပဲ လိုနေတာ။ ပြီးတော့ မင်းရဲ့ ထောက်ခံမှုနဲ့ဆိုရင် ကျန့်ဝူရဲ့ ဘုန်းကျက်သရေက ဒီကမ္ဘာမှာ ဘာလို့ ပြန်မထွန်းလင်းနိုင်ရမှာလဲ။"
ထိုအခိုက်အတန့်တွင် ကျန့်ဝူ မြင့်မြတ်နယ်မြေ ဘိုးဘေးကြီးဆီမှ ယုံကြည်မှုများ တောက်ပဖြာထွက်နေ၏။
ချန်ဟွိုက်အန် နားလည်လိုက်သည်။
ကျန်းယိပိုင်က ငါ့အတွက် အကာအကွယ် လုပ်ပေးဖို့ ဒါကို လုပ်နေတာပဲ။
ကျန့်ဝူ မြင့်မြတ်နယ်မြေရဲ့ အကာအကွယ်နဲ့ဆိုရင် ငါက နောက်ကွယ်မှာ လုံလုံခြုံခြုံ ကြီးထွားလာနိုင်တယ်။
ဘာမှထပ်မပြောနဲ့။
မျက်ရည်တွေ ဝဲလာပြီ။
ငါသာ မိန်းမတစ်ယောက် ဖြစ်မယ်ဆိုရင် ကျန်းယိပိုင်အတွက် ကလေးတွေတောင် မွေးပေးမိလောက်တယ်။
"ငါ့ကို မကြွေနဲ့။ ငါက ဒဏ္ဍာရီတစ်ခု သက်သက်ပဲ။" ချန်ဟွိုက်အန်၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို မြင်ပြီး ကျန်းယိပိုင်က ပြုံးလိုက်သည်။ "တကယ်လို့ ဒီကမ္ဘာကြီးက ဖျက်ဆီးခြင်း သံသရာထဲကို ကျရောက်ဖို့ ကံကြမ္မာ ပါလာခဲ့မယ်ဆိုရင်တောင် သူတို့က ဒီအဘိုးကြီးရဲ့ အရိုးတွေအပေါ်ကနေ အရင် ဖြတ်လျှောက်သွားရလိမ့်မယ်။"
"ဆရာ၊ ဦးလေးကျန်း၊ ဘာတွေ ပြောနေကြတာလဲ။"
အနောက်ဘက်မှ ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့က ထိုအကြောင်းအရာကို ချက်ချင်း ရပ်လိုက်ပြီး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
လီချင်းရန်က တရားထိုင်ခြင်းကို အသိမပေးဘဲ အဆုံးသတ်လိုက်ပြီ ဖြစ်သည်။
သူ၏မျက်နှာက တောက်ပနေပြီး အငွေ့အသက်မှာ ယခင်ထက် ပိုအားကောင်းနေ၏။
အသေအချာပင် သူက ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းကို ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့ အချင်းချင်း အကဲခတ်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး အထင်ကြီးသွားကြသည်။
ကျန်းယိပိုင်က လီချင်းရန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို အံ့ဩမှင်သက်သွား၏။
ထို့ပြင် ချန်ဟွိုက်အန် တွေးနေသည်မှာ သူ နောက်ဆုံးတွင် ဝိညာဉ်ရတနာကို ရတော့မည် ဆိုသည်ကိုပင်။
…