ဟားဟားဟား၊ ဒါ တော်တော် ပျော်စရာကောင်းတာပဲ
Vol. 41 Ch. 407
[ ဂုဏ်ယူပါတယ်။ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးက နှောင်းပိုင်း ရွှေရောင်ဝိညာဉ်အမြုတေအဆင့်ကို ဖောက်ထွက်သွားပါပြီ။ လစဉ်ကြေး ဆုလာဘ်များကို ခွဲဝေပေးနေပါသည် ]
[ ရရှိလိုက်သော ပစ္စည်း - အန္တိမအဆင့် ကံစမ်းမဲသေတ္တာ (ပစ်မှတ်ထားသော ဗားရှင်း) ]
ချန်ဟွိုက်အန်၏ဖုန်း မြည်သွားသည်။ သေချာပေါက် ဆုလာဘ် အသိပေးချက်ပင်။
သူက ဖုံးကွယ်ရန်ပင် မကြိုးစားတော့ဘဲ အန္တိမအဆင့် ကံစမ်းမဲသေတ္တာကို ချက်ချင်း ဖော်ထုတ်လိုက်သည်။
ကျန်းယိပိုင်နှင့် လီချင်းရန်တို့က ချန်ဟွိုက်အန်၏ လက်ထဲရှိ ခရမ်းရွှေရောင် တောက်ပနေသော သေတ္တာကို မြင်လိုက်ရသောအခါ နှစ်ယောက်လုံး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
"ညီလေးချန်၊ အဲဒါက ဘာကြီးလဲ။"
"ဒါက ဝိညာဉ်ရတနာ ဓားသန္ဓေသားလေ။" ချန်ဟွိုက်အန်က အန္တိမအဆင့် ကံစမ်းမဲသေတ္တာကို ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်တွင် မာနကြီးသော အပြုံးတစ်ခု ပေါ်လာကာ ပြန်ဖြေလိုက်သည်။
နောက်ဆုံးတော့လည်း ပိုက်ဆံပေးပြီး အနိုင်ယူတဲ့ အင်မော်တယ်ချန်ရဲ့ ပထမဆုံး ဝိညာဉ်ရတနာ ရောက်လာပြီပေါ့။
"ဒီဟာက ဓားသန္ဓေသား ဟုတ်လား။" ကျန်းယိပိုင်က သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။ "ဒီနေ့ မင်း စိတ်ကြည်နေလို့ ဒီအဘိုးကြီးကို နောက်နေတာလား။"
"ဆရာ ဆိုလိုတာက ဒီသေတ္တာကိုယ်တိုင်က ဓားသန္ဓေသား ဖြစ်လာနိုင်တာလား။" လီချင်းရန် မျက်တောင်ခတ်လိုက်သည်။ သူက ချန်ဟွိုက်အန်ကို ရာခိုင်နှုန်းပြည့် ယုံကြည်သည်။ အကယ်၍ သူက ဒီသေတ္တာကို အင်မော်တယ်လက်နက်တစ်ခုလို့ ပြောလျှင်ပင် သူ ယုံကြည်လိမ့်မည်။
"ငါတော့ အဲဒီိလို မမြင်ဘူး။" ကျန်းယိပိုင်က နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး လောကရှိ ပစ္စည်းအမျိုးအစားပေါင်းစုံကို မြင်တွေ့ခဲ့ဖူးသည်။ ဝိညာဉ်ရတနာတစ်ခု ဖန်တီးနိုင်သည့် ပစ္စည်းများကိုပင် သူ အနည်းဆုံး ဆယ်ခု သို့မဟုတ် ထိုထက်မက မြင်တွေ့ခဲ့ဖူးပြီး ထွက်ပေါ်လာသည့် အခိုက်အတန့်တိုင်း ကောင်းကင်ဘုံဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သည်။
ထိုသေတ္တာသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည်မှာ ထင်ရှားသော်လည်း အဆိုပါ ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက မီသေးပေ။
"အဟက်" ချန်ဟွိုက်အန်က တိုးတိုးလေး ရယ်မောလိုက်သည်။
ရွှေလက်ချောင်း မရှိတဲ့လူက အဲဒါရှိတဲ့လူကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။
သူက ကံစမ်းမဲသေတ္တာကို ဖွင့်လိုက်ရာ ခရမ်းရွှေရောင် အလင်းဝန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ အမြင်အာရုံတွင် ရွှေရောင်စာသားများ ပေါ်လာ၏။
[ ပစ်မှတ်ထားသော ဆုလာဘ်တစ်ခုကို ရွေးချယ်ရန် ယွမ်ငွေ သုံးစွဲလိုပါသလား ]
"သုံးမယ်…" ချန်ဟွိုက်အန် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဒီအရှင်က ဝိညာဉ်ရတနာ ဓားသန္ဓေသားလေး လိုချင်တာကွ။
[ ရှာဖွေနေပါသည်… ]
[ ချင်းယွန်ဘုံတွင် ကျန်ရှိနေသော ဝိညာဉ်ရတနာ ဓားသန္ဓေသား အရေအတွက် - တစ်ခု။ ဆွဲထုတ်ယူရန်အတွက် သတ်မှတ်ထားသော ပေးချေမှု ယွမ် သိန်း၅၀ လိုအပ်ပါသည် ]
စာသားများ ပျောက်ကွယ်သွား၏။ ချန်ဟွိုက်အန်က ဖုန်းကို ထုတ်ကာ မည်သို့ ငွေပေးချေရမည်ကို စဉ်းစားနေသည်။ မည်သို့ဆိုစေ ယခုတစ်ကြိမ် သူက လက်တွေ့ကမ္ဘာတွင် သေတ္တာကို ဖွင့်နေရသည် မဟုတ်ပါလား။
ထိုအခါ သူ၏ မျက်စိထောင့်မှ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ အန္တိမအဆင့် ကံစမ်းမဲသေတ္တာပေါ်တွင် QR ကုဒ်တစ်ခု ပေါ်လာခြင်းပင်။
"...နောက်နေတာတော့ မဟုတ်ပါဘူးနော်။"
လန်းလိုက်တာ။ ခေတ်နဲ့အညီ ရင်ပေါင်တန်းနိုင်တာပဲ။ QRကနေ ငွေပေးချေတာကို ထောက်ပံ့ရုံသာမကဘဲ၊ လုံးဝကို ရွေးချယ်မနေဘူး။ Yipay၊ UnionPay၊ GreenChat အားလုံးက အဆင်ပြေနေတယ်။
သူက ဖုန်းနှင့် စကင်ဖတ်လိုက်သည်။
တွီ။ သိန်း ၅၀၀က သူ၏ စာရင်းမှ ထွက်သွားသည့် အခိုက်အတန့်တွင်….
ဝုန်း…
အန္တိမအဆင့် ကံစမ်းမဲသေတ္တာမှ ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပန်းထွက်သွား၏။ ၎င်းမှ ဖြစ်ပေါ်လာသော လေပြင်းကြောင့် လီချင်းရန်နှင့် ကျန်းယိပိုင်တို့ လုံးဝ အငိုက်မိသွားကြသည်။
တစ်ယောက်က မျက်လုံးများ မဖွင့်နိုင်တော့ဘဲ နောက်တစ်ယောက်မှာ ဝိညာဉ်ခန္ဓာကိုယ် ဖြစ်သည့်အတွက် နံရံသို့ တည့်တည့် လွင့်စင်သွားခဲ့သည်။
"အ…အစွမ်းထက်လိုက်တာ။ ရတနာတစ်ခုဆီက အရမ်းကို ပြင်းထန်တဲ့ အလင်းရောင်ပဲ။" ကျန်းယိပိုင် မှင်သက်သွားသည်။ "တကယ်ပဲ ဝိညာဉ်ရတနာတစ်ခု ပေါ်လာတာများလား။"
ရွှေရောင်အလင်းတန်းက မိစ္ဆာနှိမ်နင်းသူဗျူရို၏ အမိုးကို ဖောက်ထွင်းသွားကာ တိမ်လွှာများကို ခွဲထွက်သွားပြီး၊ ဂြိုဟ်ကို ပတ်နေသော ဂြိုဟ်တုတစ်ခုကိုပင် ဖောက်ထွင်းသွားခဲ့သည်။
ခွန်းလွန် အင်မော်တယ်နန်းတော်တွင် တရားထိုင်နေသော နန်းတော်သခင်မ ဟွာကျင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
မဟာမိုးကြိုးဘုရားကျောင်းတွင် အိပ်ပျော်နေသော ဘုန်းတော်ကြီးအို တစ်ပါးက သူ၏ ခေါင်းတလားအဖုံးကို ခြေဖြင့် ကန်ဖွင့်လိုက်ပြီး ထထိုင်ကာ အလင်းတန်းရှိရာသို့ မျက်လုံးမှေးကြည့်လိုက်သည်။
"အော်မီတော်ဖော်... ကံစပ်တဲ့ ရတနာပဲ။ ငါ့ရဲ့ ကံကြမ္မာပဲ။"
နိုင်ငံတစ်ဝန်းရှိ လျှို့ဝှက်ဂိုဏ်းများ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက အလင်းတန်းကို မငြိမ်မသက်ဖြစ်စွာ စိုက်ကြည့်နေကြသည်။
သို့သော် ရွှေရောင်အလင်းတန်းက သုံးစက္ကန့်ပင် မပြည့်ခင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဟွာကျင်းနှင့် ဘုန်းတော်ကြီးအိုတို့ နှစ်ဦးလုံး လှုပ်ရှားရန် ပြင်နေစဉ် လမ်းတစ်ဝက်တွင် အေးခဲသွားကြ၏။
သူတို့က ရတနာ၏ တည်နေရာကို တွက်ချက်ရန် အလျင်အမြန် လုပ်ဆောင်လိုက်ကြသည်။ သို့သော် ရလဒ်များကြောင့် သူတို့၏ မျက်နှာများ တွန့်လိမ်သွားသည်။
ပျောက်သွားပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှာခေါင်းအောက်ကနေ ပျောက်ကွယ်သွားတာ။
ကောင်းကင်ဘုံဖြစ်စဉ် တစ်ခုလုံးက သူတို့ အိပ်မက်မက်နေတဲ့ စိတ်ကူးယဉ်မှု တစ်ခုလိုမျိုးပဲ။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။" ဟွာကျင်း မျက်လုံးမှေးလိုက်သည်။
ငါ့ရဲ့ လက်ရှိ ကျင့်စဉ်အဆင့်နဲ့လား။ ငါ စိတ်ထင်တာ လုံးဝ မဖြစ်နိုင်ဘူး။
ကောင်းကင်ရေတွင်း အသစ်တစ်ခု ပွင့်လာတာ ဖြစ်ရမယ်။ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ အများကြီး ပေါက်ကွဲထွက်လာလို့ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ရတနာတစ်ခု ထွက်ပေါ်လာတာပဲ။ ဝင်စားခြင်း သံသရာတိုင်းမှာ အဲဒီလိုပဲ ဖြစ်တတ်တာ။
ဒါပေမဲ့... ဒီတစ်ကြိမ်မှာတော့ ရတနာက ပိုစောပြီး ထွက်လာတာပဲ။
အလင်းတန်းရဲ့ ဦးတည်ရာကို ကြည့်ရရင် Cပြည်နယ်မှာ ဖြစ်နေတဲ့ပုံပဲ။
ဒါပေမဲ့ ဒီအဆင့်ရှိတဲ့ ရတနာတစ်ခုက ကျပန်း နေရာရွှေ့ပြောင်းနိုင်ပြီး တည်နေရာတွေကို အကြိမ်ကြိမ် ပြောင်းလဲနိုင်တဲ့ အလားအလာ အမြဲတမ်း ရှိနေတယ်။
"သတင်းဖြန့်လိုက်။ တာ့ရှားဒေသ တစ်ခုလုံးမှာ ရတနာကို ချက်ချင်း စတင် ရှာဖွေကြ။ မဟာမိုးကြိုး ဘုရားကျောင်းက အဲဒီကတုံးတွေကို ငါတို့ထက် အရင် ရသွားခွင့် လုံးဝ ပေးလို့ မဖြစ်ဘူး။"
သူ၏ စကားသံ အဆုံးတွင်၊ ကန့်လန့်ကာနောက်မှ တပည့်နှစ်ဦးက အမိန့်ပေးရန် အလျင်အမြန် ထွက်ခွာသွားကြသည်။ မကြာမီတွင်ပင် မဟာမိုးကြိုးဘုရားကျောင်းမှလည်း အလားတူ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ပုံမှန်အားဖြင့် ငြိမ်သက်နေသော ရှေးဟောင်း လျှို့ဝှက်ဂိုဏ်းကြီး နှစ်ခုက ဤကောင်းကင်ဘုံဖြစ်စဉ်ကြောင့် ရုတ်တရက် အလွန် တက်ကြွလာခဲ့ကြသည်။
...
C ပြည်နယ်၊ မိစ္ဆာနှိမ်နင်းသူဗျူရို။
ချန်ဟွိုက်အန်က အန္တိမအဆင့် ကံစမ်းမဲသေတ္တာထဲ မည်သည့်အရာ ရှိသလဲဆိုတာကို သေချာပင် မကြည့်လိုက်ရပေ။ သူက ၎င်းကို ကစားသူ သိုလှောင်ခန်ထဲသို့ တည့်တည့် ပစ်ထည့်လိုက်သည်။
အလင်းရောင်ပြပွဲ ပြီးဆုံးသွားမှသာ သူ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချနိုင်ခဲ့သည်။
လခွမ်းတဲ့မှ၊ ဒါက အရမ်းကို ထင်ပေါ်လွန်းတယ်။
ဒီလိုဟာမျိုးတွေကို လက်တွေ့ကမ္ဘာမှာ နောက်တစ်ခါ ထပ်ဖွင့်လို့ လုံးဝ မဖြစ်ဘူး။
နောက်တစ်ခါဆိုရင် ဂိုဏ်းကြီးတွေ အားလုံး ငါ့နောက်ကို လိုက်လာကြတော့မှာပဲ။ ဒီတစ်ခါကိုတောင် ခြေရာခံနေတဲ့သူတွေ ရှိလောက်ပြီ။ ချင်းယွန်ဘုံကို မြန်မြန်ပြန်ပြီး ငြိမ်ငြိမ်လေး နေရမယ်။
"ညီလေးချန်။ ရတနာက ဘယ်မှာလဲ။ ငါ သေချာတောင် မကြည့်လိုက်ရဘူး။" ကျန်းယိပိုင်က ချန်ဟွိုက်အန်ကို စိုက်ကြည့်ရင်း သကြားလုံးတောင်းနေတဲ့ ကျောင်းသားလေး တစ်ယောက်လို မျက်လုံးများ တောက်ပနေသည်။
ကြေးခွံနက်ဓား၏ ဓားဝိညာဉ် တစ်ခုအနေဖြင့် အကယ်၍ သူက ကောင်းမွန်သော ဓားသန္ဓေသားတစ်ခုနှင့် တွဲဖက်လိုက်ရပါက သူ၏ အက်ကွဲနေသော ဝိညာဉ်ကို အများကြီး ပိုမိုမြန်ဆန်စွာ တည်ငြိမ်စေပြီး ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်လိမ့်မည်။
"ခင်ဗျား ခုနလေးတင် အဲဒါကို လှောင်နေခဲ့တာလေ။"
"အဟမ်း... အတွေ့အကြုံများတဲ့ ငါလို အဘိုးကြီးတောင်မှ အကဲဖြတ်မှု ညံ့ဖျင်းတဲ့ အချိန်တွေ ရှိတတ်တယ်..."
"ဒါပေမဲ့ ခင်ဗျား မာနကြီးနေတုန်းက ပုံစံကို ကျွန်တော် ပိုသဘောကျတယ်~"
ကျန်းယိပိုင်က ပါးစပ်ဟလိုက်ပြီး ထို့နောက် ပြန်ပိတ်လိုက်ကာ၊ မြေကြီးထဲ ဝင်ပုန်းချင်နေသည့်ပုံ ပေါက်သွားသည်။
ချန်ဟွိုက်အန်က သူ့ကို ဆက်မစတော့ပေ။ "ဒီနေရာက စကားပြောရမယ့် နေရာမဟုတ်ဘူး။ ချင်းယွန်ဘုံကို အရင် ပြန်သွားကြရအောင်။"
ဘေးကင်းစေရန်အတွက် သူက ကျန်းယိပိုင်ကို ကြေးခွံနက်ဓားထဲသို့ ချက်ချင်း ပြန်ဝင်ခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လီချင်းရန်၏ ဝိညာဉ်လွှင့်ချိန် ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် သူက အခြေအနေကို စောစီးစွာ အဆုံးသတ်လိုက်သည်။
ချန်ဟွိုက်အန်က ဗီအာဦးထုပ်ကို ထုတ်ကာ စွပ်လိုက်သည်။
သူတို့ သုံးယောက်စလုံး ချင်းယွန်ဘုံသို့ တစ်ပြိုင်နက်တည်း ပြန်သွားခဲ့ကြသည်။
...
ဓားကျောင်းတော်ဂိုဏ်း ရင်ပြင်။
ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ နေရာလွတ်ထဲမှ ထွက်လာခဲ့ကြသည်။
ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ဂိုဏ်းရင်ပြင်က ယခုအခါ လင်းရှီးတောင်ကြား၊ အဂ္ဂိရတ်ဂိုဏ်းနှင့် ကျန့်ဝူ မြင့်မြတ်နယ်မြေတို့မှ တပည့်များဖြင့် ပြည့်နှက်နေသည်။
ရယ်မောသံများနှင့် အော်ဟစ်သံများ ဆက်တိုက် ပဲ့တင်ထပ်နေ၏။
လေထုထဲတွင် ထူးဆန်းသော အနံ့တစ်ခုပင် ရှိနေသေးသည်။
"အစပ်ချောင်းလေးတွေ။ လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ အစပ်ချောင်းလေးတွေ။ ဓားကျောင်းတော် သီးသန့်ကင်။ တစ်ထုပ်ကို ဝိညာဉ်ကျောက်တုံး ၅ တုံးတည်းပါ။"
"ချိုချဉ်တွေ၊ ယုန်ဖြူ နို့သကြားလုံး၊ ဝါဂွမ်းသကြားလုံး... သာမန်လူတွေ ကမ္ဘာက သကြားလုံးတွေနဲ့ လုံးဝကို ကွာခြားတယ်။ အရမ်းချိုတာ၊ နှစ်တစ်ထောင် အစာရှောင်ထားရင်တောင်မှ သူတို့က မင်းရဲ့ နှလုံးသားကို သိမ်းပိုက်သွားလိမ့်မယ်။"
ချန်ဟွိုက်အန်၏ မျက်စိရှေ့တွင် မှောင်မိုက်သွား၏။
လခွမ်းတဲ့မှ။ ဂိုဏ်းရင်ပြင်က စျေးတန်းလို ဖြစ်နေပြီ။။
ဓားကျောင်းတော်မှ တပည့်များအားလုံးက ဘယ်ကမှန်းမသိသော လျှို့ဝှက်ဆန်းကြယ်သည့် ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်။
စျေးနှုန်းများက သင့်တင့်ပုံရသော်လည်း တကယ်တမ်း လုံးဝကို ခေါင်းပုံဖြတ်နေခြင်းပင်။
ဝီ…
မော်တာလည်သံတစ်ခုက သူတို့၏ အာရုံကို ဖမ်းစားသွား၏။
သူတို့ မော့ကြည့်လိုက်ရာ လူအုပ်ကြီး၏ အလယ်တည့်တည့်တွင် စုချီနျန်က ခန္ဓာကိုယ် တစ်ဝက်ကို အဝတ်လျှော်စက် တစ်လုံးထဲသို့ ထိုးထည့်ထားပြီး ရူးသွပ်နေသလို လည်ပတ်နေလေသည်။
ဓားကျောင်းတော် ဂိုဏ်းချုပ်က အရူးတစ်ယောက်လို တဟားဟား ရယ်မောရင်း စက်ဝိုင်းပုံ လည်ပတ်နေ၏။
"ပျော်စရာကောင်းလိုက်တာ။"
"ဟားဟားဟား။ ဒါက တကယ့်ကို အံ့ဩစရာပဲ။”
…