တစ်ခုခု လွဲနေတယ်
Vol. 41 Ch. 409
လက်နက်ဂိုဏ်း။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။"
တပည့်တစ်ဦးက ဂိုဏ်းချုပ်ခန်းမထဲသို့ အပြေးအလွှား ဝင်လာပြီး လက်နက်ဂိုဏ်းချုပ် ရှန်းထျန်ကော၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"ပြောစရာရှိတာပြော။ လေလည်စရာရှိရင်လည်း မြန်မြန်လည်လိုက်။ ငါ ဒီမှာ အလုပ်ရှုပ်နေတယ်။"
ရှန်းထျန်ကောက ပြင်ဆင်ထားသော လက်ဆောင်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်နေသည်။
သူတော်စင် ယွိယောင် ဦးဆောင်မည့် ဤတက်လှမ်းခြင်း တွေ့ဆုံပွဲအတွက် သေချာပြင်ဆင်ရန် လိုအပ်သည်။
ယွိယောင်က သူ့ကို အထင်မကြီးလျှင်ပင် လက်ဗလာနှင့်သွားပြီး လက်နက်ဂိုဏ်းကို အရှက်ရစေ၍ မဖြစ်ပေ။
မည်သို့ဆိုစေ လက်နက်ဂိုဏ်းကလည်း ဂိုဏ်းကြီးတစ်ခုပင် ဖြစ်သည်။ လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းကို သိသူတိုင်းက လက်နက်ဂိုဏ်းကိုလည်း အလိုလို သိကြမည် ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်တွင် ဆေးလုံးများက မရှိမဖြစ် လိုအပ်သလို ကောင်းမွန်သော လက်နက်များကလည်း လိုအပ်ပေသည်။
တပည့်ဖြစ်သူက မတ်တတ်ရပ်လိုက်ပြီး ပြောသည်။ "ဂိုဏ်းချုပ်၊ ဓားကျောင်းတော် ဘိုးဘေးကြီး ရောက်နေတယ်။ ဂိုဏ်းချုပ်နဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။"
"ဓားကျောင်းတော် ဘိုးဘေးကြီး ဟုတ်လား"။ ရှန်းထျန်ကောက ဆံပင်ဖြူများနှင့် အနက်ရောင် ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခုကို မြင်ယောင်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ "သူက လက်နက်ဂိုဏ်းကို ဘာလာလုပ်တာလဲ။"
သူတို့က မျက်နှာချင်းဆိုင် နက်နက်ရှိုင်းရှိုင်း ဆက်ဆံခဲ့ဖူးခြင်း မရှိသော်လည်း၊ အကြောင်းတစ်ခုခုကြောင့် အဂ္ဂိရတ်ဂိုဏ်းတွင် ဖြစ်ခဲ့သောကိစ္စကြောင့်လည်း ဖြစ်နိုင်သည်။ ဓားကျောင်းတော် ဘိုးဘေးကြီးဆိုသည့် နာမည်ကို ကြားလိုက်ရုံဖြင့် သူ့ကို ခံစားချက်ဆိုးတစ်ခု ရစေသည်။
အဲဒီ ကမ္ဘာငယ်လေးထဲမှာ တစ်ခါ ဆုံဖူးခဲ့ကြတယ် ဆိုရင်တောင်မှပေါ့။
ဒါပေမဲ့လည်း သူ့နာမည်က လူထက် အရင် ရောက်နေတာကိုး...
"သူ ဘာလာလုပ်လဲဆိုတာတော့ မပြောပါဘူး။၊ ဂိုဏ်းချုပ်ကို တွေ့ချင်တယ်လို့ပဲ ပြောပါတယ်။"
"ကျွတ်၊ ငါ တက်လှမ်းခြင်း တွေ့ဆုံပွဲကို သွားတက်ရဦးမယ်။ သူ့ကို သွားပြောလိုက်။ အင်း... ငါ ဂိုဏ်းကနေ ထွက်သွားပြီလို့ ပြောလိုက်။ မနက်ဖြန်ကျရင် ဓားကျောင်းတော် အပျက်အစီးတွေဆီ လက်ဆောင်တွေ အများကြီးနဲ့ ကိုယ်တိုင် လာလည်မယ်လို့ ပြောလိုက်။"
ရှန်းထျန်ကောက ၎င်းမှာ လုံလောက်ပြီဟု တွေးလိုက်သည်။ သူ တွေ့ရန် ငြင်းနေခြင်း မဟုတ်။ ယနေ့က အဆင်မပြေ၍သာ။
ဓားကျောင်းတော် ဘိုးဘေးကြီးက မည်မျှ အထင်ကြီးစရာ ကောင်းနေပါစေ၊ သူက ဟင်းလင်းပေါင်းစည်းခြင်းအဆင့်တွင်သာ ရှိနေသေးသည်။ မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်နေသော ယွိယောင်နှင့်တော့ မယှဉ်နိုင်ပေ။
သေချာတာပေါ့။ မဟာတက်လှမ်းခြင်းအဆင့်က လူတစ်ယောက်ကို သူ ဦးစားပေးရမည် ဖြစ်သည်။ အထူးသဖြင့် ယခု ယွိယောင်က တာအိုကို နားလည်သဘောပေါက်ပြီး အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းသွားပုံရသည့် အချိန်မျိုးတွင် ဖြစ်သည်။
ဆိုရိုးစကားရှိတယ်လေ။ လူတွေ သေခါနီးရင် စကားတွေက ကြင်နာတတ်လာတယ်တဲ့။
ယွိယောင်က အလင်းရောင်ကို မြင်သွားပြီ။
ကောက်ကျစ်တဲ့ လမ်းစဉ်တွေက တက်လှမ်းခြင်းဆီ ဘယ်တော့မှ မရောက်နိုင်ဘူးဆိုတာကို သူ နားလည်သွားပြီ။
ဘာပဲဖြစ်ဖြစ် ကျုံးကျိုးလျှို့ဝှက်နယ်မြေတွင် လက်နက်ဂိုဏ်းက သိပ်အများကြီး မဆုံးရှုံးခဲ့ဘူး။၊ ပြီးတော့ ယွိယောင်ပေးတဲ့ လျော်ကြေးက ဆုံးရှုံးမှုထက်တောင် ပိုများနေသေးတယ်။
အကျိုးအမြတ် ပါလာပြီဆိုရင် ဘယ်လို ရန်ငြိုးမျိုးကများ မကျေအေးနိုင်ဘဲ နေနိုင်မှာလဲ။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။"
တပည့်ဖြစ်သူက ခေါင်းညိတ်ပြီး ထွက်သွားသည်။
"ဘိုဘေးကြီး။ ကျွန်တော်တို့ ဂိုဏ်းချုပ်က သူ ဒီနေ့ ဂိုဏ်းကနေ ထွက်သွားပြီလို့ ပြောပါတယ်။ မနက်ဖြန်ကျရင် လက်ဆောင်တွေ အများကြီးနဲ့ လာလည်ပါ့မယ်တဲ့။"
ရိုသေစွာ ဦးညွတ်နေသော လက်နက်ဂိုဏ်း တပည့်ကို ကြည့်ရင်း ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။
ဒါက လက်နက်ဂိုဏ်းချုပ်ဆီက သတင်းစကား ဖြစ်ရမယ်။
သူ ပြောလိုက်တာ ဘယ်လောက်တောင် လွဲချော်သွားသလဲ ဆိုတာကို ကိုယ်တိုင် နားထောင်ကြည့်သင့်တယ် မဟုတ်လား။
ချန်ဟွိုက်အန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ တပည့်ဖြစ်သူက အလျင်အမြန် သဘောပေါက်သွားသည်။ သူ၏မျက်နှာက ဖြူရော်သွားပြီး ခြေထောက်များ စတင် တုန်ယင်လာသည်။
သူက ပုံမှန်အားဖြင့် ဤမျှ မအပေ။
ဓားကျောင်းတော် ဘိုးဘေးကြီး၏ အငွေ့အသက်က အရမ်းကို ဖိနှိပ်လွန်းနေ၍သာ ဖြစ်သည်။ သူ့လည်ပင်းမှာ ဓားတစ်လက် ဖိထားသလို ခံစားနေရ၏။ အသက်တပင် ကောင်းကောင်း မရှူနိုင်ပေ။ ဖြောင့်ဖြောင့်တွေးရန်မှာ ဝေလာဝေး။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိအားများက သူ့ကို စကားမှားသွားစေခြင်း ဖြစ်သည်။
အမှားကို သိလိုက်ရသဖြင့် သူက အလျင်အမြန် ပြင်ပြောလိုက်သည်။ "တောင်း…တောင်းပန်ပါတယ်... ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့ ဂိုဏ်းချုပ်က မထွက်သွားခင်မှာ ပြောခဲ့တာပါ။ တကယ်လို့ ဓားကျောင်းတော် ဘိုးဘေးကြီး လာရင် သူ မရှိဘူးလို့ ပြောလိုက်တဲ့။ ဒါပေမဲ့ မနက်ဖြန် သူ သေချာပေါက် လာလည်ပါ့မယ်တဲ့။"
ချန်ဟွိုက်အန် - "......"
"ဪ။ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်တဲ့ မင်းတို့ ဂိုဏ်းချုပ်က ဒီအရှင် ဘယ်အချိန် ရောက်လာမလဲဆိုတာကို ကြိုဟောနိုင်တာလား။"
ချန်ဟွိုက်အန် လှောင်ပြုံး ပြုံးလိုက်သည်။ လက်နက်ဂိုဏ်းချုပ်က သူ့ကို မတွေ့ချင်ရုံ သက်သက် ဖြစ်ကြောင်း သူ သေချာသိသည်။
ထို့ပြင် သူက ဂိုဏ်းထဲတွင် ရှိနေသေးသည်မှာ လုံးဝ သေချာသလောက်ပင်။
ဒီအထိ ရောက်လာမှတော့ သူနဲ့မတွေ့ဘဲ ဘယ်လိုလုပ် ပြန်သွားလို့ ရမှာလဲ။
သူက မဟာတက်လှမ်းခြင်းအဆင့် ပထမအတိဒုက္ခ၏ အထွတ်အထိပ်တွင် ရှိနေသည်။ သူ၏အငွေ့အသက်ကို တစ်စက္ကန့်တောင် မပြည့်သော အချိန်လေးသာ ပြသခဲ့သော်လည်း ၎င်းက ပေါင်းစည်းခြင်းအဆင့် ဂိုဏ်းချုပ်တစ်ယောက် ထိုအတိုင်း လျစ်လျူရှုထား၍ ရနိုင်သောအရာမျိုး မဟုတ်ပေ။
မြေပုံကို ဆွဲထုတ်ကြည့်လိုက်ရာ အများစုက အစိမ်းရောင်ဖြစ်ပြီး အဝါရောင် အစက်အနည်းငယ် ရှိနေသည်။
အဝါရောင်နှင့် အစိမ်းရောင်ကြား တဖျပ်ဖျပ် လင်းနေသော အစက်တစ်ခုမှာ အကြီးဆုံး ဖြစ်သည်။ ၎င်းက လက်နက်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိနေ၏။။
အဲဒါက ဂိုဏ်းချုပ် မဟုတ်ဘူးဆိုရင် ငါ့ဓားကိုငါ ပြန်စားလိုက်မယ်။
မျက်လုံးများကို မှေးလိုက်ပြီး၊ ချန်ဟွိုက်အန်က ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်တစ်ခဏတွင် ရိုးရှင်းစွာ ပြင်ဆင်ထားသော အခန်းတစ်ခန်းထဲသို့ ရောက်ရှိသွား၏။
မဟာတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် နေရာလွတ် အတတ်များအပေါ် သူ၏ ကျွမ်းကျင်မှုက အလွန်တရာ တိုးတက်လာခဲ့သည်။ ဟင်းလင်းပြင်ပေါင်းစည်ခြင်း ကျင့်စဉ်အဆင့်ကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း သူ၏ အသံမထွက်သလောက်ဖြစ်သော နေရာရွှေ့ပြောင်းခြင်းက ပြီးပြည့်စုံလုနီးပါး ဖြစ်၏။
ကြီးမားလှသော စွမ်းအား ကွာဟချက်နှင့်အတူ သူက ရှန်းထျန်ကော၏ အနောက်ဘက် တည့်တည့်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။
"ဟူး... ဓားကျောင်းတော် ဘိုးဘေးကြီးက ငါ့ကို ဘာလို့ တွေ့ချင်နေလဲဆိုတာ ငါလည်း မသိဘူး။ ကောင်းတဲ့ကိစ္စလို့တော့ မခံစားရဘူး။"
"ထားလိုက်ပါတော့။ ဒီကောင်းကင်ရေကန် ဝိညာဉ်အရည်ကို သူတော်စင်ယွိယောင်ဆီ သွားပေးတာ ပိုကောင်းမယ်။ ဝိညာဉ်ရတနာ တစ်ခု ဖန်တီးဖို့ ကွက်တိ လုံလောက်တယ်။"
ရှန်းထျန်ကောသည် ထိုနေ့က ယွိယောင် သူ့ကို မည်သို့ တောင်းဆိုခဲ့ကြောင်း တွေးနေမိသည်။
"ဂိုဏ်းချုပ်ရှန်းက ဝိညာဉ်ရတနာတွေကို ဖန်တီးနိုင်တဲ့ တစ်ဦးတည်းသော ပန်းပဲပညာရှင်လို့ ကျွန်မ ကြားထားပါတယ်။ ကျွန်မအတွက် တစ်ခုလောက် ဖန်တီးပေးဖို့ တောင်းဆိုချင်လို့ပါ။ ဒါပေမဲ့ ကျွန်မဆီမှာ အရန် ပစ္စည်းတွေ၊ ပြီးတော့ ကျွမ်းကျင်တဲ့ ပန်းပဲဆရာ မရှိဘူး။ တကယ်လို့ ရှင်က ယောင်ချီ မြင့်မြတ်နယ်မြေကို လာပြီး ကူညီပေးမယ်ဆိုရင် ရှင်နဲ့ထိုက်တန်တဲ့ ဆုလာဘ်ကို ကျွန်မ ပေးပါ့မယ်။"
လိုအပ်နေသော ပစ္စည်းမှာ ကောင်းကင်ရေကန် ဝိညာဉ်အရည် ဖြစ်သည်။
ဝိညာဉ်ရတနာများ ဖန်တီးရာတွင် ၎င်းက မရှိမဖြစ် လိုအပ်သည်။
သူ့ဆီတွင် ထိုအရာ ရှိနေကြောင်းကို ယွိယောင် မည်သို့ သိသွားကြောင်း သူ လုံးဝ မသိခဲ့ပေ။
သူက ၎င်းကို ယွိယောင်ထံ ပေးသင့်မပေးသင့်ပင် မဆုံးဖြတ်ရသေးပေ။
သို့သော် ထိုအချိန်တွင် ယွိယောင်က ချက်ချင်းပင် ကြီးမားသော ရိုးသားမှုကို ပြသပြီး အရင်းအမြစ် အမျိုးမျိုးကို ကမ်းလှမ်းခဲ့သည်။
လူသားဆေးလုံးက ထိုအထဲမှ တစ်ခုပင်။
ဆေးလုံး၏ အစွမ်းထက်သော အာနိသင်များကို တွေးမိပြီး ရှန်းထျန်ကော သက်ပြင်း မချဘဲ မနေနိုင်ခဲ့ပေ။
"ယွိယောင်ဆီက အဲဒီလူသားဆေးလုံးက တကယ်ကို တစ်ခုခုပဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါကို အစားထိုးလိုက်ပြီးတဲ့နောက် ငါ့ရဲ့ သက်တမ်းက အများကြီး တိုးလာသလို ခံစားရတယ်။ ဒါပေမဲ့ လူသားဆေးလုံးကို ဖန်တီးတဲ့ နည်းလမ်းက အရမ်းကို ရက်စက်လွန်းတယ်။ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဆန့်ကျင်နေတာပဲ။"
နောက်ဆုံးတစ်နေ့ ကောင်းကင်တာအိုက စာရင်းလာရှင်းလျှင် ပိုကြောက်စရာကောင်းသော အတိဒုက္ခတစ်ခုကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အပြည့်အဝ သိထားလျက်နှင့် သူက ထိုဆေးလုံးကို သောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ထိုမျှလောက် အသက်ရှည်ရှည် နေရလိမ့်မည်ဟု မထင်ခဲ့ပေ။
"ရှန်းထျန်ကော။ မင်းရဲ့ အပြစ်ကို မင်း ဝန်ခံလား။"
သူ့အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အော်သံကြောင့် ရှန်းထျန်ကော ဝိညာဉ်လွင့်မတတ် လန့်သွားသည်။
သူက တူတစ်လက်ကို အလျင်အမြန် ဆွဲထုတ်ကာ အနောက်သို့ လွှဲရိုက်လိုက်သော်လည်း လက်ချောင်းတစ်ချောင်းတည်းက ထိုရိုက်ချက်ကို ကာကွယ်လိုက်သည်။
ဒုတ်…
အဆင့်မြင့် ဝိညာဉ်လက်နက် တူ၏ မျက်နှာပြင်က ရိုက်ခတ်မှုကြောင့် ချိုင့်ဝင်သွားသည်။
တူပင်လျှင် လက်ချောင်းတစ်ချောင်းကို မခံနိုင်ခဲ့ပေ။
"မင်းက ခုခံရဲသေးတယ်ပေါ့။"
ချန်ဟွိုက်အန်က သူ၏လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ တူမှာ အပိုင်းပိုင်း ကွဲထွက်သွား၏။
သူ၏အနောက်တွင် ရှိနေသူမှာ ဓားကျောင်းတော် ဘိုးဘေးကြီး ဖြစ်နေကြောင်း မြင်သောအခါ ရှန်းထျန်ကော ဖြူရော်သွားသည်။
"ဘိုးဘေးကြီး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ..."
"ငါ မကြားချင်ဘူး။" ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို ဆွဲထုတ်ပြီး ရှန်းထျန်ကော၏ ခေါင်းကို ချိန်ထားလိုက်သည်။ "မင်းက လူသားဆေးလုံးကို စားခဲ့တယ်ပေါ့။ အဲဒီလို ညစ်ပတ်တဲ့ လုပ်ရပ်မျိုးက မိစ္ဆာလမ်းစဉ်နဲ့ ဘာမှမကွာဘူး။"
"ကျေးဇူးပြုပြီး ဘိုးဘေးကြီး၊ သနားညှာတာပါ။"
ရှန်းထျန်ကော၏ ခြေထောက်များ ခွေကျသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ အကြိမ်ကြိမ် တောင်းပန်နေခဲ့သည်။
ချန်ဟွိုက်အန် မျက်လုံးမှေးလိုက်ပြီး သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပွက်ပွက်ဆူလာသည်။ သို့သော် ၎င်းကို ဖိနှိပ်ထားလိုက်ပြီး ဆက်လက် ဖိအားပေးလိုက်သည်။
"မင်း အသက်ရှင်ချင်တယ်ပေါ့။ ကောင်းပြီလေ။"
သူက အိတ်ထဲမှ ဓားသန္ဓေသား တစ်ခုကို ဆွဲထုတ်ပြီး ရှန်းထျန်ကော၏ ရှေ့သို့ ပစ်ချလိုက်သည်။
"ဒါက ဝိညာဉ်ရတနာ ဓားသန္ဓေသားပဲ။ ငါ့ရဲ့ ကြေးခွံနက်ဓားကို ပြင်ပေးနိုင်မယ်ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။"
မူလက သူသည် လက်နက်ဂိုဏ်းချုပ်ကို မခြိမ်းခြောက်ချင်ခဲ့ပေ။
သို့သော် အရာအားလုံးက ပုံရိပ်ယောင်ကောင်မလေးဂိမ်းက ကြိုဟောထားသည့်အတိုင်း အတိအကျ ဖြစ်ပျက်နေသလိုပင်။
သူ ကောင်းကင်နက္ခတ်တွက်ချက်မှုကို သုံးခဲ့တုန်းက သူ၏ကျင့်ကြံခြင်းကို ကူညီပေးရန် လက်နက်ဂိုဏ်းချုပ်ကို ခြိမ်းခြောက်ရန် ဂိမ်းက သူ့ကို ပြောခဲ့သည်။
သူက ၎င်းကို ဟာသတစ်ခုဟူ၍သာ ထင်ထားခဲ့၏။
သို့သော် အခုတော့ သူ့ကို ကြက်သီးထဖွယ် ခံစားချက်တစ်ခု ပေးနေလေပြီ။ ကံကြမ္မာကိုယ်တိုင်က ကြိုးဆွဲနေသလိုမျိုးပင်။
ယခုအချိန်အထိ ထိုပုံရိပ်ယောင်ကောင်မလေးဂိမ်းက သူ့ကို အကျိုးအမြတ်များနှင့် စွမ်းအားမြှင့်တင်မှုများသာ ယူဆောင်လာပေးခဲ့သည်။
ထို့ပြင် အနာဂတ်နှင့် ပတ်သက်သော သူ၏ "ကြိုတင်ဟောကိန်း" လေးများက တခြားသူများဆီတွင် ဖြစ်ပျက်ခဲ့စဉ်က သိပ်ပြီးကြီးကျယ်သော ကိစ္စဟု မခံစားခဲ့ရပေ။
သို့သော် ယခု သူ့ဆီတွင် တိုက်ရိုက် ဖြစ်လာချိန်တွင်တော့... ကြောက်စရာကောင်းသည်ဟု ခံစားလာရသည်။
အဲဒီလိုဆိုရင်…
ငါက အဲဒီတက်လှမ်းသူတွေနဲ့ ဘာများ ကွာခြားနေတော့မှာလဲ။
ဒီပုံရိပ်ယောင်ကောင်မလေးဂိမ်းက...
ပြဿနာတစ်ခု ဖြစ်နေနိုင်တယ်။
…