နှာခေါင်းအောက်တည့်တည့်မှာ
Vol. 41 Ch. 410
"ဝိညာဉ်ရတနာတစ်ခု ဖန်တီးဖို့ ဟုတ်လား။"
ရှန်းထျန်ကောက ခေါင်းငုံ့မနေတော့ဘဲ ဓားကျောင်းတော် ဘိုးဘေးကြီးကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားက ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်မှာပဲ ရှိသေးတာလေ။ ဝိညာဉ်ရတနာ တစ်ခုကို ဒီလောက်စောစော ဖန်တီးဖို့ မလိုပါဘူး။ ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင် ဝိညာဉ်ရတနာတွေက အရိုင်းဆန်ပြီးတော့ ထိန်းချုပ်ရ ခက်ခဲတယ်။ မဟာတက်လှမ်းခြင်းအဆင့် စွမ်းအားမရှိဘဲနဲ့ သူတို့ကို သေချာ ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."
ချန်ဟွိုက်အန်က နှုတ်ခမ်းကို တွန့်လိုက်၏။
ထိန်းချုပ်ရခက်တယ် ဟုတ်လား။
အဘိုးကြီးကျန်းက ငါ့ရဲ့ သေတူရှင်မကွဲ အဖော်လို ဖြစ်နေတာကို။
ပြီးတော့ ငါက မဟာတက်လှမ်းခြင်းအဆင့်စွမ်းအားကိုလည်း ရယူသုံးစွဲနိုင်တယ်လေ။ မသုံးနိုင်ဘူး ဆိုရင်တောင် ကြေးခွံနက်ဓားထဲမှာရှိတဲ့ ဓားဝိညာဉ်က အဘိုးကြီးကျန်း ဖြစ်နေသရွေ့ ငါက လွတ်လွတ်လပ်လပ် သုံးနိုင်မှာပဲ။
"အပိုတွေ မပြောနဲ့။ ပြောစမ်း။ မင်း လုပပေးမှာလား၊ မလုုပ်ပေးဘူးလား။"
"လုပ်ပေးပါ့မယ်။ ချက်ချင်း လုပ်ပေးပါ့မယ်။" ရှန်းထျန်ကောက ချန်ဟွိုက်အန်၏ဓားကို တားရင်း အနေခက်စွာ ရယ်မောလိုက်သည်။
ချန်ဟွိုက်အန်က ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်သည်။
ရှန်းထျန်ကောက ကြမ်းပြင်ပေါ်မှ ဓားသန္ဓေသားကို သတိကြီးစွာဖြင့် ကောက်ယူလိုက်သည်။ ထို့နောက် တွေးလိုက်၏။
ဒီလူက ပစ္စည်းတွေကို မြေကြီးပေါ် ဒီအတိုင်း ပစ်ချထားတာဆိုတော့ အဲဒါတွေက ဘယ်လောက်တောင် ကောင်းနေမှာမို့လို့လဲ။
ကျွမ်းကျင်တဲ့ ပန်းပဲဆရာတစ်ယောက်တောင် ကုန်ကြမ်းမရှိဘဲနဲ့ အုတ်လုပ်လို့ မရဘူး။
ကုန်ကြမ်းတွေက အဆင့်မီမနေဘူးဆိုရင် ငါ့မှာ လက်ခြောက်ဖက်၊ ခေါင်းသုံးလုံး ရှိနေရင်တောင်မှ အလုပ်ဖြစ်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့... အရိုက်မခံရဘဲနဲ့ ဒီဓားကျောင်းတော် ဘိုးဘေးကြီးကို ဘယ်လိုများ ရှင်းပြရမလဲ။
ပြီးတော့ ကောင်းကင်ရေကန် ဝိညာဉ်အရည်က တစ်ပုလင်းပဲ ရှိတာ။
ဓားကျောင်းတော် ဘိုးဘေးကြီးရဲ့ ဓားအတွက် သုံးလိုက်ရင် သူတော်စင်ယွိယောင် အပ်ထားတဲ့ ကိစ္စအတွက် သုံးလို့ရတော့မှာ မဟုတ်ဘူး။
သူတော်စင် ယွိယောင်က မဟာတက်လှမ်းခြင်းအဆင့်လေ...
ဟူး... ဘယ်လို လုပ်ရပါ့မလဲ။
သူ စိုးရိမ်ပူပန်စွာဖြင့် သေတ္တာကို ဖွင့်လိုက်သည်။
တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ တည့်တည့် ပန်းထွက်သွားကာ သူ၏ မျက်နှာကို ရိုက်ခတ်သွား၏။
ချင်းယွန်ဘုံတွင် ဤကဲ့သို့သော ပစ္စည်း၏ အငွေ့အသက်မျိုးက ပို၍ပင် ပြင်းထန်သေးသည်။ ကောင်းကင်ကို ဖောက်ထွင်းသွားသော ဓားတစ်လက်လိုပင်။
ဂိုဏ်းတစ်ခုလုံးက တောက်ပမှုတွင် လွှမ်းခြုံသွားပြီး ထိုအလင်းရောင်ထဲတွင် နဂါးများနှင့် ဇာမဏီများ၏ ဟစ်ကြွေးသံများကို သဲ့သဲ့လေး ကြားနိုင်ပေသည်။
မော့ကြည့်လိုက်ရာ ရောင်စုံတိမ်တိုက်များ စုရုံးလာ၏။
တောက်ပမှုက ကောင်းကင်ယံကိုပင် လှုပ်ခတ်သွားစေပြီး ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ တပည့်များအားလုံး ကျင့်ကြံခြင်းမှ ရုတ်တရက် နိုးထလာကြပြီး တခြားဂိုဏ်းတစ်ခုက ဝင်တိုက်နေပြီဟု ထင်သွားကြသည်။
"ဒါ…ဒါက... ဒါက ကောင်းကင်ကိုးထပ် ကြယ်သံမဏိပဲ။"
ပစ္စည်းကို သိလိုက်ရသောအခါ ရှန်းထျန်ကော၏အသံများ တုန်ရီသွား၏။
ရက်အနည်းငယ်အတွင်း ထိုသို့ယှဉ်ပြိုင်ဘက်ကင်းသော ဝိညာဉ်ရတနာအဆင့် ပစ္စည်းကို ထပ်မံ မြင်တွေ့လိုက်ရသည်ကို သူ မယုံနိုင်အောင် ဖြစ်သွားသည်။
သူ နောက်ဆုံး မြင်တွေ့ခဲ့ရသည်မှာ သူတောင်စင်ယွိယောင် လာရောက်လည်ပတ်စဉ်က ဖြစ်သည်။
သူတော်စင်ယွိယောင်က အပ်နှံထားသော ဝိညာဉ်ရတနာအတွက် အဓိက ပစ္စည်းကို သူ့အား ပြသခဲ့သည်။
၎င်းသည်လည်း ကောင်းကင်ကိုးထပ် ကြယ်သံမဏိ တစ်တုံး ဖြစ်သည်။
ထိုစဉ်က သူသည် ထောင့်စွန်းလေးကိုသာ မြင်ခဲ့ရသော်လည်း ၎င်းနှင့်တင် လုံလောက်သည်။ သူ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။
ရှန်းထျန်ကောက ကြယ်သံမဏိကို ဇနီးမယားလို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သို့သော် မကြာမီတွင် သူ မျက်မှောင်ကြုတ်သွား၏။
ဒီကြယ်သံမဏိတုံးက... ထူးထူးဆန်းဆန်း ရင်းနှီးနေသလိုပဲ။
သူတော်စင်ယွိယောင် ငါ့ကို ပြခဲ့တဲ့ တစ်တုံးနဲ့ တော်တော်လေး တူနေတယ်...
သူက ချန်ဟွိုက်အန်ဘက်သို့ လှည့်ကာ လက်ကိုယှက်လိုက်သည်။ "ဒါက ထိပ်တန်းအဆင့် ပစ္စည်းတစ်ခုပါပဲ။ ဓားသခင်ချန်။ ဒါကို ဘယ်ကနေ ရလာသလဲဆိုတာ မေးခွင့်ပြုပါ"
"ဘာလဲ။ အခု ဓားတစ်လက် ဖန်တီးဖို့အတွက် ငါ့ရဲ့ ကုန်ကြမ်းပေးတဲ့သူကိုပါ မင်းက စစ်ဆေးဖို့ လိုနေတာလား။" ချန်ဟွိုက်အန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"အာ... ကျွန်တော်က စပ်စုကြည့်ရုံပါ။ ပြောပြဖို့ အဆင်မပြေဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။"
"ဘာမှ အဆင်မပြေစရာ မရှိပါဘူး။" ချန်ဟွိုက်အန်က ခေတ္တရပ်ပြီးနောက် လည်ချောင်းဟန့်လိုက်သည်။
"ဟိုးအရင်တုန်းက ဒီအရှင်က တခြားကမ္ဘာတစ်ခုမှာ ကျင့်ကြံနေရင်းနဲ့ ဟွားကော်တောင်ကို အမှတ်မထင် ရောက်သွားတယ်။ အဲဒီမှာ မဟာပညာရှိအဆင့် မိစ္ဆာတစ်ကောင်နဲ့ ဆုံခဲ့တယ်။ အဲဒီကောင်က တိမ်ပေါ်မှာ မိုင်ပေါင်း ရှစ်သောင်းလောက် စီးနင်းနိုင်ပြီးတော့ အသွင်ပြောင်း(၇၂)မျိုးနဲ့ မီးတောက်နေတဲ့ ရွှေရောင်မျက်လုံးတွေလည်း ရှိတယ်။ ငါတို့ အစကတော့ ချကြတာပဲ။ ဒါပေမဲ့ နောက်တော့ အပြန်အလှန် လေးစားသွားကြတယ်။ နောက်ဆုံးတော့ သူ ငါ့ကို လက်ဆောင်အနေနဲ့ ဒီကြယ်သံမဏိကို ပေးလိုက်တာပဲ။"
ကြေးခွံနက်ဓားထဲမှ ကျန်းယိပိုင် - "..."
ရှန်းထျန်ကောက စူးစိုက်နားထောင်နေပြီး လုံးဝ နားမလည်သော်လည်း အပြည့်အဝ စိတ်ဝင်စားနေသည်။
သို့တိုင်အောင် ပစ္စည်း၏ မူလအစကို သူ သံသယမဝင်ခဲ့ပေ။
ဓားသခင်ချန်က အရမ်းကို အသက်ဝင်အောင် ပြောပြနေတာဆိုတော့ အဲဒါက ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ရမယ်။
လောကမှာ ရှားပါးတဲ့ပစ္စည်းတွေ ထောင်ပေါင်းများစွာ ရှိတာပဲ။
ဆင်တူတဲ့ ကြယ်သံမဏိ နှစ်တုံး တိုက်ဆိုင်စွာ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
"ပစ္စည်းကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အရန် ပစ္စည်းတစ်ခု လိုသေးတယ်။ ကောင်းကင်ရေကန် ဝိညာဉ်အရည်လေ။ ဓားသခင်ချန် ပြင်ဆင်ထားတာ ရှိလား မသိဘူး။"
ရှန်းထျန်ကောက ယခုအခါ ဓားဖန်တီးရန် စိတ်ဝင်စားနေပြီ ဖြစ်သည်။
ပန်းပဲပညာရှင် တစ်ယောက်အနေဖြင့် ဝိညာဉ်ရတနာတစ်ခု ဖန်တီးနိုင်ခြင်းသည် ရှားပါးသော သင်ယူမှု အတွေ့အကြုံတစ်ခုဖြစ်သလို ကိုယ်ပိုင် ဂုဏ်သတင်း ကျန်ရစ်စေရန် အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။ ချင်းယွန်ဘုံတွင် ဝိညာဉ်ရတနာများမှာ အလွန် ရှားပါးလှ၏။ အသစ်တစ်ခု ဖန်တီးနိုင်တိုင်း သူ၏ဒဏ္ဍာရီကို ပိုမို ကြီးကျယ်လာစေမည် ဖြစ်သည်။
"ကောင်းကင်ရေကန် ဝိညာဉ်အရည် ဟုတ်လား။" ချန်ဟွိုက်အန်က ခေါင်းခါလိုက်သည်။ "မရှိဘူး။"
"အရန်ပစ္စည်းမရှိရင် ဝိညာဉ်ရတနာကို ဖန်တီးလို့ မရဘူး..."
"အင်း၊ မင်းဆီမှာရော ရှိလား။" ချန်ဟွိုက်အန်က မေးလိုက်သည်။
"ကျွန်တော်... ကျွန်တော့်ဆီမှာလည်း မရှိဘူး။" ရှန်းထျန်ကောကလည်း ခေါင်းခါလိုက်သည်။
သူက သူတော်စင်ယွိယောင် အပ်နှံထားသည့် ကိစ္စအတွက် ၎င်းကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။
ထို့ပြင် သူ့ကို မစော်ကားချင်သေးပေ။
"ကောင်းပြီလေ။ ဒီအရှင် ကိုယ်တိုင်ပဲ ရှာလိုက်တော့မယ်။"
ချန်ဟွိုက်အန်က သူ့ကို ဖိအားမပေးတော့ပေ။ သူက ကောင်းကင်တွက်ချက်မှုကို သုံးရန် ဂိမ်းထဲမှ ဖောက်သည်ဝန်ဆောင်မှုကို ဆွဲဖွင့်လိုက်သည်။
ဟုတ်တယ်။ ပုံရိပ်ယော်ကောင်မလေးဂိမ်းကို မသင်္ကာစရာကောင်းတယ်လို့ ငါ ထင်နေတာ။
ဒါပေမဲ့ အခုလောလောဆယ် ငါ့အတွက် ထွက်ပေါက် မရှိသေးဘူးလေ။
ဝက်ခြံထဲကနေ မလွတ်နိုင်သေးဘူးဆိုရင်တော့ ကောင်းကောင်းစားပြီး သန်မာအောင် လုပ်ထားရမှာပေါ့။
တစ်နေ့နေ့ ဖောက်ထွက်ဖို့အတွက် ခွန်အားတွေ လိုအပ်လိမ့်မယ်။
အခုအချိန်မှာတော ငါက ထောင်ဖောက်ဖို့အတွက် ခွန်အားမွေးနေတဲ့ ဝက်တစ်ကောင်ပဲ။
"ကောင်းကင်နက္ခတ် တွက်ချက်မှု။ ငါ့အတွက် ကောင်းကင်ရေကန် ဝိညာဉ်အရည်ကို ရှာပေး။"
ချန်ဟွိုက်အန်က စိတ်ထဲမှ ရွတ်ဆိုလိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် လက်ကွက်တစ်ခုကို ဖော်လိုက်သည်။
နောက်တစ်ခဏတွင် လက်နက်ဂိုဏ်း၏ အထက်တွင် အနက်ရောင် တိမ်တိုက်များနှင့် မိုးကြိုးများ လူးလွန့်လာသည်။
ထိုအခါမှ ရှန်းထျန်ကောက ချန်ဟွိုက်အန် ပြောခဲ့သော "ကိုယ်တိုင်ပဲ ရှာလိုက်မယ်" ဆိုသည်မှာ ကောင်းကင်နက္ခတ်တွက်ချက်မှုကို သုံးခြင်းဖြစ်ကြောင်း သဘောပေါက်သွား၏။
သူ ရူးနေပြီ။ ဒီလောက် သေးငယ်တဲ့ကိစ္စလေးအတွက် ကောင်းကင်နက္ခတ်တွက်ချက်မှုကို သုံးတယ်ဟုတ်လား။
ကံကြမ္မာကို ထိခိုက်ပြီး မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို သူ မကြောက်ဘူးလား။
ရှန်းထျန်ကော မှင်သက်နေစဉ်မှာပင် ထိတ်လန့်ဖွယ်ရာ ခံစားချက်တစ်ခုက သူ့အပေါ် လွှမ်းခြုံလာသည်။
ဒီကောင်းကင်နက္ခတ်တွက်ချက်မှုက... ဧကန္တ၊ အဲဒါက...
[ ကောင်းကင်နက္ခတ်တွက်ချက်မှု ပြီးဆုံးပါပြီ ]
[ ဒါက သင့်ရဲ့ ဒီနေ့အတွက် ပထမဆုံး အသုံးပြုမှု ဖြစ်ပါတယ်။ အခမဲ့ပါ ]
[ နီးရက်နဲ့ဝေး။ ချင်းယွန်ဘုံမှာရှိတဲ့ တစ်ခုတည်းသော ကောင်းကင်ရေကန် ဝိညာဉ်အရည်က လက်ရှိမှာ ရှန်းထျန်ကောရဲ့ ခါးပတ်ပေါ်က တတိယမြောက် သိုလှောင်အိတ်ထဲမှာ ရှိနေပါတယ်။ နောက်ထပ် တစ်သုတ်က ထျန်းချွမ်တောင်ထိပ်က ရေအေးစမ်းမှာ နောက်ထပ် ၁၇နှစ်နေမှ ဖြစ်တည်လာပါလိမ့်မယ် ]
ချန်ဟွိုက်အန် မျက်လုံးဖွင့်လိုက်ရာ သူ၏ အေးစက်စက် အကြည့်များက ရှန်းထျန်ကောအပေါ်သို့ ကျရောက်သွားသည်။
မျက်ခုံးထူထူနဲ့ ရိုးသားပုံပေါက်တဲ့ကောင်က တကယ်တမ်း လိမ်ညာတဲ့ကောင်၊ လူလိမ်ကြီးပဲ။
အစကေတာ့ ငါက ဂိုဏ်းချုပ်ကို ပိုက်ဆံပေးဖို့ စီစဉ်ထားခဲ့တာ။
အခုတော့ မဟုတ်တော့ဘူး။
ချင်းယွန်ဘုံမှာ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်တဲ့နေရာပဲ။
ဒီအတိုင်း ယူလိုက်ဖို့ အချိန်ရောက်ပြီ။ ဘာလို့ ယဉ်ကျေးနေရမှာလဲ။
ထိုအကြည့်ကို မြင်လိုက်ရသော် ရှန်းထျန်ကော၏နှလုံးသားက တစ်ချက် ခုန်သွား၏။
ထို့နောက် ချန်ဟွိုက်အန် ရုတ်တရက် သူ့ရှေ့တွင် လက်ခနဲ ပေါ်လာသည်။
ရှန်းထျန်ကောက သူ လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ပေ။
တစ်စက္ကန့်အကြာတွင် ချန်ဟွိုက်အန်က မူလနေရာကို ပြန်ရောက်နေလေပြီ။
ယခု သူ့လက်ထဲတွင် သိုလှောင်အိတ် တစ်လုံးကို ကိုင်ထား၏။
"စီနီယာ၊။ အဲဒါ ကျွန်တော့်ရဲ့ သိုလှောင်အိတ်ပါ။"
"ငါ သိတယ်။"
ချန်ဟွိုက်အန်က ရှန်းထျန်ကော၏ ဖြူရော်နေသော မျက်နှာကို လျစ်လျူရှုကာ အတားအဆီးကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးလိုက်သည်။
၎င်းအတွင်းရှိ ပစ္စည်းများ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြန့်ကျလာ၏။
ဝိညာဉ်ကျောက်တုံးများ၊ ကျောက်စိမ်းပြားများ၊ ဆေးလုံးများ၊ ပုံမှန်အမှိုက်များပင်။
သို့သော် ကြွေပုလင်း တစ်လုံးကတော့ ထင်းနေသည်။ ကြမ်းပြင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ပတ်ဝန်းကျင်ရှိ လေထုကို ချက်ချင်း အေးခဲသွားစေသည်။
ရှန်းထျန်ကော ပုလင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏မျက်နှာက ပို၍ပင် ဖြူရော်သွားသည်။
ဓားကျောင်းတော် ဘိုးဘေးကြီးအနေဖြင့် ကောင်းကင်ရေကန် ဝိညာဉ်အရည်ကို မမှတ်မိစေရန်သာ သူ ဆုတောင်းနိုင်တော့သည်။
ဓားကျောင်းတော်က ကျင့်ကြံသူများမှာ လုံးဝကို ဓားရူးများဟု လူများက အမြဲ ပြောလေ့ရှိကြ၏။
သူတို့က ဓားသိုင်းကလွဲရင် ဘာမှ မသိကြဘူးတဲ့...
ချန်ဟွိုက်အန်က ကြွေပုလင်းကို ကောက်ယူလိုက်သည်။
ထိုအခါ ချက်ချင်းပင် သူ၏ အမြင်အာရုံတွင် အချက်အလက်များ ပေါ်လာ၏။
[ ကောင်းကင်ရေကန် ဝိညာဉ်အရည် (ကောင်းမွန်သောအရည်အသွေး) ]
[ ထျန်းချွမ်တောင်ထိပ်ရှိ ရေအေးစမ်းတွင် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖြစ်ပေါ်သော ရှားပါး အရန်ပစ္စည်းတစ်ခု။ ဝိညာဉ်ရတနာ ဖန်တီးရာတွင် မရှိမဖြစ် လိုအပ်သည်။ ထုတ်လုပ်ရန် ခက်ခဲသော်လည်း ဝိညာဉ်ရတနာများကို ကိုင်တွယ်အသုံးပြုနိုင်စွမ်းရှိသည့် ကျင့်ကြံသူ အရေအတွက် ကန့်သတ်ချက်ကြောင့် ဝယ်လိုအား နည်းပါးသည် ]
ချန်ဟွိုက်အန်က ပုလင်းကိုကိုင်ကာ ရှန်းထျန်ကောဆီသို့ လျှောက်သွားလိုက်သည်။
သူ စကားတစ်ခွန်းမှ မပြောခဲ့။
ကြင်နာပြီး နူးညံ့သော အပြုံးလေးတစ်ခုသာ ပြုံးပြလိုက်၏။
"ဟဲ ဟဲ…”
…