← Chapters

ငါ အောင်သွားတာလား

Vol. 12 Ch. 1183

ငါ အောင်သွားတာလား

Vol. 12 Ch. 1183

" ငါ ဘာလုပ်မလဲ ငါဘာလုပ်ရမလဲ"

နေ့ရက်များ ကုန်လွန်သွားပြီး ပိုင်ရှောင်ချန်းသည် ယပ်တောင်အစုတ်ကြီးပေါ်က ပင်မရင်ပြင်တွင် အဆင့် ( ၁၀၀ ) အား ဝင်ရောက်ရသည့်နေရာကို စိုးရိမ်တကြီးကြည့်၍ ထိုင်နေဆဲဖြစ်သည်။

အဆင့် ( ၁၀၀ ) ကို ကျော်ဖြတ်ရန် အခွင့်အရေးမရှိသည့် အချက်အပေါ် စိတ်ပျက်ခြင်းတို့က သူ၏နှလုံးသားကို ဝါးမျိုတိုက်စားနေတော့သည်။

" အဓိပ္ပါယ်ကို မရှိဘူး။ အဆင့် ( ၁၀၀ ) က အရမ်းခက်နေတဲ့အချိန် မင်း ဘယ်လိုလုပ်ကျော်ဖြတ်နိုင်မှာတုန်း။ မင်း သေချာပေါက် လောကနတ်ဘုရားတစ်ပါးဖြစ်နေရမှာလေ။ ဒါပေမဲ့ လောကနတ်ဘုရားတစ်ပါးတောင် အသတ်ခံရလောက်တာကို ငါက ဒီရောက်နေတယ် "

သူက မျက်လုံးများ နီရဲနေရာမှ တဖြေးဖြေးကြက်သွေးရောင်သမ်းလာကာ ဆံပင်များကို ထိုးဖွလိုက်သည်။ နောက်ဆုံးတွင် သူက အိတ်ကိုပုတ်၍ အရက်အိုးအနည်းငယ်ထုတ်ပြီး စတင်သောက်တော့သည်။

သူက သုံးရက်တိတိ မရပ်မနား သောက်နေ၏။

သူက ရံဖန်ရံခါ ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်၊ စိတ်ညစ်လက်ညစ်ထိုင်လိုက်နှင့် တောင်စဥ်ရေမရ တတွတ်တွတ်လျှောက်ပြောနေလေသည်။ တချိန်တွင် အစောင့်အရှောက်ဝိညာဥ် နိုးလာပြီး သူ့အရှေ့တွင် ထိုင်ကာ သူနှင့်အတူ သက်ပြင်းချနေတော့သည်။ သူက နောက်ထပ်စိန်ခေါ်မှုတစ်ခု ကြိုးစားရန်အလား မတ်တတ်ရပ်လိုက်သည့်အချိန်တိုင်း အစောင့်အရှောက်ဝိညာဥ်က ဤသို့ပြောလေသည်။

" ဘာလို့ အရှင်မိုးမြေဧကရာဇ်က ဒီလိုလုပ်ခဲ့လဲဆိုတာ ငါတောင် မသေချာဘူး။ငါ သခင်အသစ် လိုချင်နေခဲ့တာ မင်းသိလား။ လူတွေအများကြီး အဲဒီလို အသေဆိုးနဲ့ နာနာကျင်ကျင် သေသွားတာကို ကြည့်ရတာက ဘာနဲ့တူလဲ မင်း မသိပါဘူးကွာ"

တစ်ခါတရံ သူက ဇာတ်လမ်းများ ပြောပြတတ်သည်။

" ငါ တချိန်တုန်းက မယုံနိုင်စရာကောင်းတဲ့ အပြင်ခန္ဓာကိုယ်နဲ့ ကြောက်စရာ ပြန်လည်ကုစားခြင်းစွမ်းအားတွေနဲ့ အတူရောက်လာတဲ့ လူတစ်ယောက်ကို မှတ်မိတယ်။ သူက သေချာပေါက် ငါ့သခင်အသစ် ဖြစ်လာလိမ့်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ဘာဖြစ်သွားခဲ့လဲ မင်း မှန်းကြည့်။ အင်း … မိုးမြေဧကရာဇ်က သူ့ကို သွေးပြားကြီးအဖြစ် ထုပစ်လိုက်တာ။ အို လူသားလေး "

ပိုင်ရှောင်ချန်း ထိုကဲ့သို့ဇာတ်လမ်းများအား ကြားရသည်နှင့်အမျှ ပို၍ ဂနာမငြိမ်ဖြစ်လာတော့သည်။

အစောင့်အရှောက်ဝိညာဥ်က အလွန်လေးနက်သောအကြံဉာဏ်များ ပေးနေစဥ် သူ၏သက်ပြင်းချသံများက အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။

" မင်းသိလား ပိုင်ရှောင်ချန်း ငါတို့နှစ်ယောက် ရန်ဖြစ်ငြင်းခုံပြီးနောက်ပိုင်း မိတ်ဆွေတွေဖြစ်လာဖို့ တကယ် မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ ငါ့နှလုံးသားရဲ့ အောက်ခြေကနေပြီးတော့ မင်းအသက်ကို မစွန့်လွှတ်ဖို့ ငါတိုက်တွန်းတယ်။ ဒါက အဓိပ္ပါယ်မရှိဘဲ နေမှာ... မိုးမြေဧကရာဇ်က ငါ့ကို သခင်အသစ်မရစေချင်ဘူးလို့ ငါတကယ်ကြီး ခံစားနေရတယ်ကွာ။ အဲဒီ အီးပေါလောအဖိုးကြီး “

" အာ ဘာပဲဖြစ်ဖြစ်။ အရေးအကြီးဆုံးက မင်း အသက်ရှင်နေဖို့ပဲ။ မင်း အဆင့် ( ၁၀၀ )ကို မကျော်ဖြတ်နိုင်ရင် မကျော်ဖြတ်နိုင်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ မင်းမှာ ယပ်တောင်အပေါ် လုပ်ပိုင်ခွင့်အာဏာနည်းနည်းပါးပါးရှိတာပဲ။ ငါတို့ အတူတူအလုပ်လုပ်နိုင်တယ်လေ။ မပူပါနဲ့။ ငါ မင်း လိုအပ်တာဘာမဆို လုပ်နိုင်အောင် ကူညီပေးပါ့မယ်"

သုံးရက်ကြာပြီးနောက် ပိုင်ရှောင်ချန်းမှာ အတန်အသင့် မူးနေပြီး အစောင့်အရှောက်ဝိညာဥ်က အဆင့် ( ၁၀၀ ) မည်မျှကြောက်စရာကောင်းကြောင်း တတွတ်တွတ်ပြောနေတော့သည်။ ရုတ်တရက် ပိုင်ရှောင်ချန်းက သူ၏အရက်အိုးကို ချပြီး အစောင့်အရှောက်ဝိညာဥ်ကို လှမ်းကြည့်လိုက်သည်။

" မင်း ဘယ်တုန်းက ဒီလောက် တွေးပေးတတ်လာတာတုန်း " သူက မေးသည်။

" ငါက အမြဲဒီလိုပါပဲကွ"

အစောင့်အရှောက်ဝိညာဥ်က အကြွင်းမဲ့သော လေးနက်ခြင်းတို့ဖြင့် ပြန်ဖြေသည်။ သူက ဖြောင့်မတ်ခြင်း၏ စံနမူနာကဲ့သို့ လေသံဖြင့် ပြောသည်။

" မင်းအတွက် ခက်ခဲအောင်လုပ်ဖို့လေးနဲ့ ငါ ဒါတွေ အားလုံး လုပ်နေတာလို့ မင်းထင်လား။ မှားတယ်ကွ။ ငါက မင်းကို ကယ်ဖို့ ကြိုးစားနေတာ။ အီးပေါလောအဖိုးကြီး မင်းကို မသတ်စေချင်လို့ကွ။ ငါမင်းကို အသက်ရှင်စေချင်တယ်။ ဒါမှ ငါ့အတွက် စကားပြောဖို့ လူရမှာလေ။ ငါ့အတွက် အဲဒါက ဘာနဲ့တူလဲ မင်းမသိပါဘူး။ ငါ ဒီမှာ နှစ်ထောင်ပေါင်းများစွာ ရောက်နေလို့ အချိန်တွေကိုတောင် မမှတ်မိတော့ဘူး သိလား။ အဲဒါ သိပ်ကို အထီးကျန်တာ.. "

သူက မျက်လုံးများထဲတွင် ခါးသီးနာကြည်းသောအကြည့်များဖြင့် အဝေးကို ကြည့်နေသော်လည်း တချိန်တည်းမှာပင် မျက်လုံးထောင့်စွန်းမှ ပိုင်ရှောင်ချန်းကို သတိထားလျက် စိုက်ကြည့်ရင်း သက်ပြင်းထပ်ချလိုက်ပြန်သည်။

ပိုင်ရှောင်ချန်းက ရီဝေဝေနှင့် အစောင့်အရှောက်ဝိညာဥ်ကို လှမ်းကြည့်ပြီး တစ်ခုခု မသင်္ကာစရာကောင်းကြောင်း သဘောပေါက်လိုက်သည်။ ရုတ်တရက် သူက ထရပ်ပြီးနောက် လှိုက်လှိုက်လှဲလှဲ ရယ်ချင်ယောင်ဆောင်လိုက်သည်။

" မင်း တစ်ပတ်ရိုက်ဖို့ ကြိုးစားနေတာမလား"

သူက ပြောသည်။

" မင်း ငါ့ကို အဆင့် ( ၁၀၀ )ထဲ မသွားစေချင်တာ မဟုတ်လား "

အစောင့်အရှောက်ဝိညာဥ်က အထိတ်တလန့် ထရပ်လိုက်သည်။

" ငါ လိမ်နေတာ မဟုတ်ဘူးကွ။ မင်း သေချာပေါက် လုံးဝ အဲဒီအဆင့်ကို မသွားရဘူး။ ငါမင်း ကို မသေစေချင်ဘူးကွ "

အစောင့်အရှောက်ဝိညာဥ်၏ အမူအရာကို သူ မြင်သည်နှင့် ခါတိုင်းထက်ပို၍ မသင်္ကာဖြစ်သွားကာ သူ၏ မျက်လုံးများ ဝင်းလက်သွားလေသည်။ သူက အေးစက်စက်နှာမှုတ်၍ ယပ်တောင်အရိုးထံ စတင်လမ်းလျှောက်သွားတော့သည်။

" ငါ မင်းရဲ့ မလောက်လေး မလောက်စားအကြံအစည်ကို မြင်တယ်ကွ "

သူက ရှေ့သို့ ခပ်မြန်မြန်လျှောက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

အစောင့်အရှောက်ဝိညာဥ်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ငိုချင်နေတော့သည်။ သူက ပိုင်ရှောင်ချန်းနောက် ကမန်းကတန်းလိုက်ရင်း ခါးခါးသီးသီးပြောသည်။

" မင်း ငါ့ကို ယုံကို ယုံရမယ်။ အဲဒါ မလုပ်စမ်းပါနဲ့။ ငါ မင်းကို မဆုံးရှုံးချင်ဘူး..... အားးး မင်း ဘာလို့ ငါ့ကို မယုံတာတုန်း။ ငါတကယ်စိတ်ရင်းနဲ့ မင်းကို အကောင်းဆုံးဖြစ်စေချင်တာပါ "

အစောင့်အရှောက်ဝိညာဥ်က ဗလုံးဗထွေးလျှောက်ပြောနေသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ ပို၍သံသယဝင်လာတော့သည်။ သူက အဆင့် ( ၁၀၀ ) အပြင်ဘက် ရောက်သည်အထိ မြန်မြန်ရွေ့လျားနေ၏။ ထိုနေရာတွင် သူက အဆင့်ထဲ ဝင်ရောက်ရန်အလား သူ၏ခြေထောက်ကို မြှောက်လိုက်သည်။

သူက လှည့်၍ စိန်းစိန်းဝါးဝါး ကြည့်ကာ ပြောသည်။

" ငါ့ကို အမှန်တိုင်းပြော အစောင့်အရှောက်ဝိညာဥ်စုတ်လေး။ အဆင့်က အတုဟုတ်တယ်မလား "

အစောင့်အရှောက်ဝိညာဥ်မှာ တခဏနှလုံးခုန်ရပ်သွားပြီး အချိန်မရွေးငိုတော့မည့်အလား တွေတွေကြီး ရပ်ကြည့်နေလေသည်။

ပိုင်ရှောင်ချန်းမှာ သူက ငေးကြောင်ကြောင်အမူအရာဖြင့် ရပ်နေသည်ကို မြင်သောအခါ ချက်ချင်း စိတ်တက်ကြွသွားလေသည်။ သူက ခြေချရင်း အဆင့် ( ၁၀၀ ) အတွင်း ပြန်ပေါ်လာ၏။ အရာအားလုံးက ဖျက်စီးတတ်သော အသတ်အဖြတ်အရှိန်အဝါနှင့်အတူ ပတ်ဝန်းကျင်ကို ပြည့်နှက်သွားစေသော အံ့သြတုန်လှုပ်ဖွယ်စွမ်းအင်ဖြင့် ယခင်ကနှင့် တစ်ထပ်တည်း ဖြစ်ပျက်သွား၏။

ရုတ်တရက် စွမ်းအားက သူ့ကို အတော်လေး အမူးပြေသွားစေချိန်တွင် သူ ကြောက်လန့်တုန်ရီသွားပြီး စိတ်ထဲတွင် အော်ဟစ်ငိုကြွေးနေတော့သည်။

" အစောင့်အရှောက်ဝိညာဥ်က ငါ့ကို တကယ် နှစ်သိမ့်ပေးနေတာလား။ ဒါမှမဟုတ် ငါ အသတ်ခံရအောင် ကြိုးစားနေတာလား။ သေစမ်း … ငါ နောက်ဆုံးအဆင့်မှာ တကယ်ကြီး ပိတ်မိမနေပါဘူးနော် ဟုတ်တယ်မလား"

သူ ရူးတော့မတတ် ခံစားနေရကာ စောင့်ကြည့်နေစဥ် မိုးမြေဧကရာဇ်၏ ပုံရိပ် နီးကပ်လာရာ တစ်ကမ္ဘာလုံး တသိမ့်သိမ့်တုန်လာတော့သည်။

" စိန်ခေါ်သူ … မင်း အဆင်သင့်ဖြစ်ပြီလား"

ကမ္ဘာကြီး တုန်ခါလာသဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ရဲရဲနီသွားတော့သည်။ သူကြောက်၍ နောက်ဆုတ်ပြန်လျှင် သူ့အတွက် လောကနတ်ဘုရားအဆင့်ရောက်ရန် ခက်ခဲမည်သာမက မည်သူမှ ယပ်တောင်၏ ပိုင်ရှင်အစစ်အမှန် ဖြစ်နိုင်လောက်မည် မဟုတ်ကြောင်း သူသိလေသည်။

သူသည် ဤအဆင့်ထိ ရောက်ရန် အပြင်းအထန်အားထုတ်ခဲ့ရ၏။ ထို့ပြင် ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများအားလုံး ဆင်းရဲဒုက္ခခံစားနေရသည်။ ထို့နောက် အင်ပါယာနန်းတော်က အဖြစ်အပျက်ကို သူ ပြန်တွေးမိကာ ဘာမှမစဥ်းစားနေတော့ဘဲ အော်ဟစ်လိုက်သည်။

" လာစမ်းပါ "

ယခင်အဆင့်ပြီးနောက် အလိုအလျောက် သူ့ထံပြန်ရောက်လာခဲ့သော လိပ်ဒယ်အိုးကို သူ ဆွဲထုတ်၍ သူ့ခေါင်းအပေါ် တင်လိုက်သည်။

" ကျုပ် အဆင်သင့်ဖြစ်ပြီး အရူးကြီး"

ပိုင်ရှောင်ချန်းကို ကြည့်နေသည့် မိုးမြေဧကရာဇ်၏ မျက်လုံးများ ရိပ်ခနဲဖြစ်သွားပြီးနောက် သူက သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ ပိုင်ရှောင်ချန်းက ချက်ချင်း သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားအပြည့် ထုတ်ပြီး မိုးမြေဧကရာဇ်ကို ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် လုံးဝမထင်မှတ်ထားစဖွယ် မိုးမြေဧကရာဇ်က လိပ်ဒယ်အိုးကို လှမ်းပြီး အသာအယာလေး ထုလိုက်လေသည်။

ထို့နောက် မည်သည့်မိုးသက်မုန်တိုင်းမျှ မရှိ။ စွမ်းအင်လှိုင်းတံပိုးများလည်း မရှိသလို အခိုးအငွေ့များလည်း မရှိချေ။ လိပ်ဒယ်အိုးကို အသာအယာထုပြီးနောက် မိုးမြေဧကရာဇ်၏ မျက်နှာထက်ဝယ် လွန်စွာ လေးနက်သော အမူအရာတစ်ခု လွှမ်းခြုံသွားပြီး သူက ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ။ မင်း အဆင့်သင့်ဖြစ်ပြီဆိုတော့ အောင်မြင်သွားပါပြီ။ ဂုဏ်ယူပါတယ်။ မင်းက ငါ့ရဲ့ ဆက်ခံသူပဲ။ ကြယ်တာရာကောင်းကင်ရဲ့ စစ်ပွဲပြီးကတည်းက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဆိုတော့ ငါ့ရဲ့ဒီပုံရိပ်ကလဲ အင်မတန် အားနည်းနေပြီ။ ထွက်သွားဖို့အချိန် ကျရောက်လာပြီ။ ရှောင်ချီကို ကောင်းကောင်းဆက်ဆံပါ။ ငါ့ရဲ့ ဆက်ခံသူအနေနဲ့ ငါ ဘယ်တော့မှ အဆုံးထိ မလျှောက်နိုင်ခဲ့တဲ့ လမ်းကြောင်းကို မင်း လျှောက်လှမ်းနိုင်ဖို့ မျှော်လင့်တယ်။ ငါ့ နာမည်ကိုမှတ်ထားပါ … ငါက အင်မော်တယ်ကမ္ဘာရဲ့ မိုးမြေဧကရာဇ်တစ်ပါးဖြစ်တဲ့ ကျိုးချန်ပဲ "

မိုးမြေဧကရာဇ်၏ ပုံရိပ်က သူ့ကို ခပ်ဖျော့ဖျော့ပြုံးပြပြီးနောက် လှည့်၍ ကောင်းကင်ထဲ လွင့်မျောသွားပြီး တစတစပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းပေါ်တွင် လိပ်ဒယ်အိုးကိုတင်ထားလျက် ကြောင်တောင်တောင် ရပ်နေလေသည်။ မိုးမြေဧကရာဇ်က ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ အိပ်မက်အလား ခံစားနေရတော့သည်။ ၄င်းမှာ လုံးဝအစစ်အမှန်မဟုတ်သည့်အလားပင်။ သူက ဘေးဘီဝဲယာကိုပင် အတန်ငယ်ကြည့်လိုက်ပြီးနောက် သူက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုရန် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။

သူ အမှန်တကယ်ပင် ရပ်နေခြင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ ပို၍ပင် ဇဝေဇဝါဖြစ်သွားတော့သည်။

" ဟမ် ငါဒီလို အောင်သွားတာလား။ နိုင်သွားပြီလား"

သူက အခြေအနေတစ်ရပ်လုံးနှင့်ပတ်သက်၍ အလွန်မသေမချာဖြစ်နေလျက် အဆင့်မှ သတိတကြီး ထွက်ခွာပြီး ယပ်တောင်အရိုးထံ ပြန်လိုက်သည်။ ထိုစဥ် စူးရှတောက်ပသော အရေမတွက်နိုင်သည့် အလင်းတန်းများ ယပ်တောင်ထံမှ တဟုန်ထိုးထွက်လာပြီး သူ့ထံသို့ တန်းတန်းမတ်မတ် စီးဝင်လာကြသည်။

ထိုအလင်းတန်းများက သူနှင့် ပေါင်းစည်းသွားသဖြင့် သူ၏ ယပ်တောင်အပေါ် ထိန်းချုပ်မှုအခိုးအငွေ့များ အရပ်မျက်နှာအနှံ့ ပျံ့ထွက်သွားလေသည်။

အခိုးအငွေ့များကြောင့် ဟိန်းသံကြီး ထွက်ပေါ်လာကာ ယပ်တောင်အရိုးများထဲရှိ အဆင့်များအားလုံး ပွင့်သွားပြီး သူ့စိတ်ထဲတွင် သူ၏အတွေးလေးတစ်ချက်က ယပ်တောင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အာရုံဖြင့် ပြည့်နှက်သွားတော့သည်။

သူက ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်လျက် နောက်ဆုံးတွင် အဆင့် ( ၁၀၀ ) ကို အမှန်တကယ် ကျော်ဖြတ်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

သူလုပ်ချင်လျှင် ယပ်တောင်ပျံသန်းသည့် ဦးတည်ချက်ကို ပြောင်းလဲနိုင်လေသည်။ ၄င်းမှာ သူ၏အပြည့်အဝထိန်းချုပ်မှုအောက်တွင် ရှိသည်။ သူ၏နှလုံးသားမှာ ယခု သူအလိုရှိသလို အသုံးပြုနိုင်သည့် ယပ်တောင်၏စွမ်းအားများကြောင့် မထိန်းချုပ်နိုင်လုနီးပါး စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။

"အစောင့်အရှောက်ဝိညာဥ်စုတ်လေး တကယ်ပဲ တပတ်ရိုက်ဖို့ ကြိုးစားနေခဲ့တာကိုး"

ရုတ်တရက် သူက အသံကျယ်ကြီးဖြင့် အော်လိုက်သည်။

" ကောင်းပြီ အစောင့်အရှောက်ဝိညာဥ်စုတ်လေး … ဒီကိုထွက်လာစမ်း။ ကိုယ်တော်ပိုင် စကားပြောချင်တယ်ကွ "

All Chapters