အခန်း (၁၅၃-၁၅၄)
Vol. 11 Ch. 153-154
အပိုင်း(၁၅၃)
ကျင်းချီဆရာတော်၏ ပေါက်ကွဲပြောဆိုမှုများကိုကြည့်ရင်း ဘေးရှိ ဝက်ဝံနက် မိစ္ဆာနှင့် အခြား မိစ္ဆာဘုရင်များအားမှာ တိတ်တဆိတ် ထိတ်လန့် နေကြလေသည်။
ထိုဘုန်းတော်ကြီးအိုကြီးမှာ ဤမျှ ရူးသွပ်နေပြီး ကွမ်ယင်ဗောဓိသတ်အား ဤမျှ ရဲတင်းစွာ ကျိန်ဆဲရဲလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
သူတို့၏ဘေးတွင်မူ ပခုံးပေါ်၌ ရွှေတုတ်ကို တင်ထားသော စွန်းဝူခုန်းသည် သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အမူအရာဖြင့် ကွမ်ယင်ဗောဓိသတ်ကို ခပ်စောင်းစောင်း ကြည့်နေလေသည်။
စွန်းဝူခုန်း၏ အမြင်တွင်မူ ကျင်းချီဆရာတော်၏ စကားများသည် သူ့အတွက် အလွန် ထိမိနေပေသည်။ ကွမ်ယင် ဘုံကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်က ယခုအခါ ပြောင်းလဲသွားပြီး ကွမ်ယင်အား ကျိန်ဆဲနေသည်ကို မြင်ရခြင်းက စွန်းဝူခုန်းအား အတိုင်းမသိ ကြည်နူးဝမ်းမြောက်မှုများကို ခံစားရစေခဲ့သည်။
ကျန်းလျို၏ အတွေးများသည်လည်း စွန်းဝူခုန်းနှင့် ကွာခြားမှု မရှိပေ။ သူသည် ကျင်းချီဆရာတော်၏ ကျိန်ဆဲမှုများကို ပို၍ပင် သဘောကျနေခဲ့ပြီး ကျင်းချီဆရာတော်အား မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း ကျန်းလျို၏ အမြင်တွင်မူ သူ မိစ္ဆာပူးကပ်ခံရခြင်းမှာ သေချာပေါက် ကွမ်ယင်ဗောဓိသတ်၏ ကွယ်ရာမှ ကြိုးကိုင်မှုကြောင့်သာ ဆိုသည်ကိုသေချာပေါက်သိနေသည်။
ကံဆိုးစွာပင်... ကျင်းချီဆရာတော်၏ စကားများက ယုတ္တိတန်သော်လည်း မိုးယိုသည့် အမိုးအောက်တွင် နေရသူများသည် ခေါင်းငုံ့ရမည်သာ ဖြစ်ပေသည်။ ကျင်းချီဆရာတော်၏ ဤပေါက်ကွဲမှုသည် သူ၏ နောက်ဆုံး ရူးသွပ်မှုများ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
"နေဦး… ခဏလေး..."
ထိုအချိန်မှာပင် ကျန်းလျိုသည် အစောပိုင်းက သူ လက်ခံရရှိခဲ့သော မစ်ရှင်ကို ပြန်လည် သတိရသွားပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။
အမှန်တကယ်တော့ သူ မစ်ရှင်ကို စတင်ရရှိခဲ့စဉ်က ကျန်းလျို၏ အတွေးများသည် ရက်ရောလှသော ဆုလာဘ်များဆီသို့သာ အဓိက ဆွဲဆောင်ခံခဲ့ရသည်။ မစ်ရှင်၏ အနှစ်သာရအကြောင်းကို စဉ်းစားရန် အချိန်မရမီမှာပင် ကွမ်ယင် ဘုံကျောင်းတော် မီးလောင်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။
နဂါးမြင်းဖြူက သူတို့ကို မီးဘေးမှ ကယ်တင်ပေးသည်ကို စောင့်ဆိုင်းပြီးနောက် ကျင်းချီဆရာတော်နှင့် အခြားသူများက တိုက်ခိုက်လာသဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုးကွင်းတောင်ဝှေးကို ထုတ်သုံးရန် အတင်းအကျပ် ဖိအားပေးခံရကာ ကွမ်ယင်ဗောဓိသတ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အတွင်း ကျန်းလျိုသည် မစ်ရှင်ကို သေချာစွာ စဉ်းစားရန် အချိန်မရခဲ့ချေ။
မစ်ရှင်၏ အမည်မှာ "ဆန့်ကျင်တော်လှန်ခြင်း" ဖြစ်သည်။ မစ်ရှင်၏ လိုအပ်ချက်မှာ မဟာယနဂိုဏ်း၏ အကြံအစည်များကို အောင်မြင်စွာ ဆန့်ကျင်တော်လှန်ရန် သက်သက်သာလော။ သို့တည်းမဟုတ်... မဟာယနဂိုဏ်း၏ အကြံအစည်များကို ဖျက်ဆီးပစ်ရန်လော။
စကားလုံးများ၏ အဓိပ္ပာယ်အရ မဟာယနဂိုဏ်း၏ အကြံအစည်များအောက်တွင် အသက်ရှင် ကျန်ရစ်ရုံဖြင့် လုံလောက်သည်ဟု ဆိုလိုခြင်း ဖြစ်မည်။ မဟာယနဂိုဏ်း၏ အကြံအစည်များကို ဖျက်ဆီးပစ်ရန် မဟုတ်ပေ။
အသက်ရှင် ကျန်ရစ်ရန်လော။ မည်သူက အသက်ရှင် ကျန်ရစ်ရမည်နည်း။ သူ ကိုယ်တိုင်လော။ သို့မဟုတ်... ထိုအကြံအစည်တွေထဲတွင် စတေးခံရမည့် စစ်တုရင်ရုပ်တွေလော။
"အောမိတော်ဖော… ချီးကျူးစရာ ကောင်းလှပေတယ်… ချီးကျူးစရာ ကောင်းလှပေတယ်... ကျင်းချီ… မင်းက မိစ္ဆာလမ်းစဉ်ထဲကို ဝင်ရောက်သွားပြီဆိုတော့… ဤနေရာကနေပြီး မင်းကို တိရစ္ဆာန်ဘုံမှာ ဘဝကိုးဆက် ဝင်စားစေမယ်... သာမန်လူတွေရဲ့ ဒုက္ခဆင်းရဲကို အမှန်တကယ် ခံစားရစေပြီး… တစ်နေ့နေ့မှာ မင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားဖို့ မျှော်လင့်ပါတယ်..."
ကွမ်ယင်ဗောဓိသတ်သည် တိုးညင်းစွာ ရေရွတ်လိုက်ပြီး နောင်တရသည့် အမူအရာကို ပြသကာ ပြောလိုက်လေသည်။
"ဟား ဟား ဟား... မင်းက တကယ်ကို အဆိပ်ပြင်းတာပဲ… ရွှမ်ကျန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖိုးတန် ရတနာတစ်ခုက ကာကွယ်ပေးထားလို့သာပေါ့… မဟုတ်ရင် ဒီနေ့ ငါ သူ့ကို သေမင်းဆီကို ဆွဲခေါ်သွားခဲ့နိုင်ရင် မင်းတို့ မျက်နှာတွေ ဘယ်လို ဖြစ်သွားမလဲဆိုတာ တကယ်ကို ကြည့်ချင်သေးတယ်..."
ကွမ်ယင်၏ ပြစ်ဒဏ်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် ကျင်းချီဆရာတော်သည် သက်ညှာပေးရန် မတောင်းဆိုတော့ဘဲ ကျယ်လောင်စွာနှင့် မကျေမနပ်ဖြင့် ကန့်ကွက်လိုက်လေသည်။
"သေမယ့်အချိန် ရောက်နေတာတောင် နောင်တမရဘူးပဲ..."
ကွမ်ယင်သည် မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်ပြီး ကျောက်စိမ်းရေပုလင်းထဲသို့ လက်နှိုက်ကာ မိုးမခကိုင်းကို ထုတ်ယူလိုက်ပြီး ရိုက်ချရန် သူမ၏ ကျောက်စိမ်းလက်ဖဝါးကို မြှောက်လိုက်လေသည်။
"ခဏစောင့်ပါဦး..."
ကွမ်ယင် လှုပ်ရှားတော့မည့် အချိန်မှာပင် ကျန်းလျိုက ရုတ်တရက် အော်ပြောလိုက်သည်။
"ရွှမ်ကျန်း... မင်း ဘာပြောချင်လို့လဲ..."
ရုတ်တရက် ကျန်းလျိုက ဝင်ပြောလာသောကြောင့် ကွမ်ယင်မှာ အံ့အားသင့်စွာဖြင့် သူ့ကို ကြည့်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဝက်ဝံနက် မိစ္ဆာ၊ နဂါးမြင်းဖြူနှင့် စွန်းဝူခုန်းတို့သည်လည်း ကျန်းလျိုထံသို့ လှည့်ကြည့်လိုက်ကြသည်။
"အောမိတော်ဖော... ကျင်းချီဆရာတော်ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်စရာ ဖြစ်ပေမယ့် သူက ကျွန်တော့်ကို မသတ်နိုင်ခဲ့ပါဘူး... တိတိကျကျ ပြောရရင်… ဒီပြစ်မှုက လူသတ်ဖို့ ကြိုးစားမှု သက်သက်ပဲ မဟုတ်ဘူးလား..."
ကျန်းလျိုက အနည်းငယ် ရပ်တန့်ကာ စကားလုံးများကို စီစဉ်ပြီးနောက် ဆက်ပြောလေသည်။
"လူတွေက တစ်ခါတလေတော့ မှားတတ်ကြတာပါပဲ... အမှားလုပ်မိပြီးနောက်မှာ အမှားလုပ်မိတဲ့သူကို ပြုပြင်ဖို့ အခွင့်အရေး တစ်ခုပေးတာက… ပြစ်ဒဏ်ပေးတာထက် ပိုအဓိပ္ပာယ် မရှိဘူးလား... 'ငါ ငရဲကို မဆင်းရင် ဘယ်သူဆင်းမလဲ' လို့ တိကျန်းဗောဓိသတ်က တစ်ခါက ပြောခဲ့ဖူးပါတယ်... ကျွန်တော်လည်း တိကျန်းဗောဓိသတ်ရဲ့ ကြီးမြတ်တဲ့ သဘောထားကြီးမှုကို အတုယူပြီး… သူ့ကို ချမ်းသာခွင့်ပေးဖို့ ဗောဓိသတ်ကို တောင်းဆိုချင်ပါတယ်..."
ထိုစကားများကို ကြားသောအခါ တစ်ဖွဲ့လုံး အံ့အားသင့်သွားကြလေသည်။
‘ဒီဘုန်းကြီးအိုကြီးက သူ့ကို သတ်ချင်နေတာကိုတောင် သူက ဘာလို့ ပြန်တောင်းပန်ပေးနေရတာလဲဟ... ငါ့ဆရာ ရူးသွားတာလား... စိတ်ဖောက်သွားတာလား...’
စွန်းဝူခုန်းက ကျန်းလျိုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ အနာဂတ်တွင် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများကို အတူတကွ ရင်ဆိုင်ရန် ထိုဘုန်းကြီးအိုကြီးကို သူ၏ဘက်သို့ သွေးဆောင်စည်းရုံးလို၍များလော။
သို့သော်လည်း... ဘုန်းကြီးအိုကြီး၏ စွမ်းအားက အားနည်းလွန်းမနေဘူးလော။
ဘေးရှိ နဂါးမြင်းဖြူနှင့် ဝက်ဝံနက် မိစ္ဆာတို့မှာလည်း ကျန်းလျိုအား အံ့အားသင့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် အမျိုးမျိုးသော လေးစားမှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ ထိုကဲ့သို့သော သဘောထားကြီးမြတ်မှုမျိုးကို သူတို့ဆိုလျှင် ဘယ်တော့မှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
"မင်းက ဘာလို့ ငါ့ကို ကယ်ချင်ရတာလဲ... ခုနလေးတင် ငါက မင်းကို သတ်ဖို့ ကြိုးစားခဲ့တာကို မင်း မသိဘူးလား..."
မိစ္ဆာပူးကပ်ခံထားရသော ကျင်းချီပင်လျှင် အံ့အားသင့်သွားပြီး ကျန်းလျိုအား မယုံနိုင်စွာ ကြည့်လိုက်လေသည်။
"အောမိတော်ဖော… ကျင်းချီဆရာတော်က တပည့်တော်ကို ဘာကြောင့် အတင်း သတ်ချင်နေရသလဲ ဆိုတာကိုတော့ မသိပေမယ့်… ဆရာတော်က တပည့်တော်ကို ပုလဲသင်္ကန်း တစ်စုံ လက်ဆောင်ပေးခဲ့တယ်လေ... ဒီကျေးဇူးကြွေးကို မဆပ်ဘဲနေလို့ မရဘူး..."
ကျန်းလျိုသည် ဆင်ခြေတစ်ခုအနေဖြင့် ရတနာခန်းတွင် ပုလဲသင်္ကန်း ရရှိခဲ့သည့် အဖြစ်အပျက်ကို အသုံးပြုကာ ပြောလိုက်လေသည်။
"ဒီ... ဒီသင်္ကန်းလေး တစ်စုံအတွက်နဲ့လား..."
ကျင်းချီသည် ကျန်းလျိုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
"သင်္ကန်းက ပေါ့ပါးပေမယ့်… အဲဒီအချိန်တုန်းက ဆရာတော် ပေးခဲ့တဲ့ စေတနာက ကြီးမားလှပါတယ်..."
ကျန်းလျိုက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
"ငါ... ငါ..."
ကျင်းချီ တစ်ယောက် ဘာပြန်ပြောရမှန်း မသိ ဆွံ့အ သွားခဲ့သည်။ သူသည် ကျန်းလျို၏ ဟန်ပန်ကို မြင်ပြီး သူ၏ စကားများသည်လည်း မှားယွင်းပုံ မပေါ်သည့်အပြင် ဤအချိန်၌ လိမ်လည်ရန် အကြောင်းပြချက် မရှိကြောင်းကို နားလည်လိုက်သည်။ ချက်ချင်းပင်... ကျင်းချီ၏ ရင်ထဲ၌ ရောထွေးနေသော ခံစားချက်များ တစ်ဟုန်ထိုး မြင့်တက်လာပြီး ကျန်းလျိုအပေါ် အပြစ်ရှိစိတ်များ လွှမ်းမိုးသွားလေသည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျင်းချီသည် ကျန်းလျို၏ရှေ့တွင် ဒူးထောက်ချလိုက်ပြီး အလေးအနက် ဦးညွှတ်လိုက်၏။ သူ၏မျက်နှာပေါ်တွင် နောင်တရသော မျက်ရည်များဖြင့် ဖုံးလွှမ်းနေလေသည်။
"ဆရာတော်လေး… ဆရာတော့်ရဲ့ ကြီးမားတဲ့ ကြင်နာမှုနဲ့ ကရုဏာတရားက အရမ်းကို ထိမိလွန်းလှပါတယ်... တပည့်တော် ရှက်လည်း ရှက်ပါတယ်… မထိုက်တန်ဘူးလို့လည်း ခံစားရပါတယ်... နောင်ဘဝတွေမှာ ဆရာတော်လေးရဲ့ ကျေးဇူးကို တပည့်တော် ပြန်ဆပ်ပါရစေ..."
ကျင်းချီကပြောလိုက်လေသည်။
စကားများ အဆုံးသတ်သွားသည်နှင့်အမျှ ကျင်းချီသည် ခေါင်းမော့ကာ ကွမ်ယင်ဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်လေသည်။
"လာလေ… ငါ့ကို တိရစ္ဆာန်ဘုံထဲ ပစ်ချတော့မှာ မဟုတ်ဘူးလား... လာလေ...ငါ မင်းကို မကြောက်ဘူး..."
ကွမ်ယင်ဗောဓိသတ်သည် ကြာပန်းပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်သော်လည်း သူမ၏ မျက်နှာမှာ မတည်ငြိမ်တော့ဘဲ ပါးရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ကျင်းချီသည် ကွမ်ယင် ဘုံကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် ဖြစ်သည်။ အတိုချုပ် ပြောရလျှင် ကွမ်ယင်ဗောဓိသတ်၏ လူဖြစ်သည်။
သို့သော် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများရှေ့တွင် သူက သူမကို ဒူးမထောက်ဘဲ ဘေးရှိ ရွှမ်ကျန်းကိုသာ ဒူးထောက်ခဲ့သည်။
သို့ရာတွင်... အလွန် မြင့်မားသော ဝိညာဉ် ကျင့်ကြံမှုရှိပြီး နာမည်ကြီး ဗောဓိသတ် တစ်ပါးဖြစ်သည့်အလျောက် ဤအဆင်မပြေသော ခံစားချက်သည် ကွမ်ယင်၏ မျက်နှာပေါ်တွင် လျှပ်တစ်ပြက်မျှသာ ပေါ်လာခဲ့လေသည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကွမ်ယင်က ပြောလိုက်၏။
"ရွှမ်ကျန်း… ဗုဒ္ဓရဲ့ ကရုဏာတရားက မှန်ကန်ပေမယ့်… အဲဒါက ရိုးရိုးရှင်းရှင်း အလိုလိုက် အကြိုက်ဆောင်တာမျိုး မဖြစ်သင့်ဘူးဆိုတာကို မင်း နားလည်ရမယ်… အဲဒါက မကောင်းဆိုးဝါးတွေကို ပိုပြီး ရမ်းကားလာစေဖို့ သက်သက်ပဲ..."
"တပည့်တော် နားလည်ပါတယ်… ဒါပေမဲ့ ငရဲမှာ နေထိုင်တဲ့ တိကျန်းဗောဓိသတ်တောင်မှ အမှန်တရား၊ ကောင်းမြတ်မှုနဲ့ အလှတရားတွေ ရှိနေတယ်လို့ ယုံကြည်နေသေးတာပဲ... ကျင်းချီဆရာတော့်ကို ဘာလို့ အခွင့်အရေး တစ်ခု မပေးနိုင်ရမှာလဲ..."
ကျန်းလျိုသည် ကွမ်ယင်ကို အလေးအနက် ကြည့်ကာ ပြန်ပြောလိုက်သည်။
အမှန်စင်စစ်... ကျန်းလျိုတွင် ကျင်းချီ အပေါ် သံယောဇဉ်တော့ သိပ် မရှိလှ။ သူသည် သူ့ကို သတ်ဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။ နောက်ပြီး ကျင်းချီမှာ ကွမ်ယင်၏ လူသာ ဖြစ်သည်။ သူ သေသေရှင်ရှင် သိပ်ပြီး ဂရုမစိုက်လှ။ ဒုက္ခရောက်နေသည့် လူတိုင်းကို လိုက်လံ ကယ်တင်ရအောင် သူ ဗောဓိသတ် တစ်ယောက်လည်း မဟုတ်ပါချေ။
သို့ရာတွင် "ဆန့်ကျင်တော်လှန်ခြင်း" မစ်ရှင်မှ အတွေ့အကြုံမှတ် ၃၀၀,၀၀၀ နှင့်အတူ ဆုလာဘ်အဖြစ် ရာဇဝင် အရည်အသွေး ရတနာသေတ္တာ တစ်လုံး ရရှိမည်ဖြစ်ရာ ကြိုးပမ်း အားထုတ်ရန် လုံးဝ ထိုက်တန်ပေသည်။
ကျင်းချီကို ကယ်တင်ရန် အပြည့်အဝ ဆုံးဖြတ်ထားပုံပေါ်သော ကျန်းလျို၏ ပြတ်သားသည့် မျက်လုံးများကို အကဲခတ်ပြီးနောက် ကွမ်ယင်သည် မျက်လွှာချကာ ပြောလိုက်သည်။
"အောမိတော်ဖော… ရွှမ်ကျန်း... မင်းက သက်ညှာပေးဖို့ တောင်းဆိုနေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးပါမယ်... ဒါပေမဲ့ ဒီလို အပြစ်တွေကို ကျူးလွန်ခဲ့တဲ့အတွက်… ကျင်းချီဟာ ငါ့ရဲ့ မဟာယနဂိုဏ်းမှာ လုံးဝ ဆက်နေခွင့် မရှိတော့ဘူး..."
သူမ၏ စကားအဆုံးတွင် ကွမ်ယင်သည် သူမ၏ မိုးမခကိုင်းကို ညင်သာစွာ ခါယမ်းလိုက်လေသည်။ သူမ၏ လှုပ်ရှားမှုနှင့်အတူ ကျင်းချီ၏ ခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ရှစ်ခုမှာ တစ်ခုပြီးတစ်ခု တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ နံသာတိုင် အမာရွတ်များ ပျောက်ကွယ်သွားခြင်းနှင့်အတူ ကျင်းချီသည်လည်း ရဟန်းတစ်ပါး မဟုတ်တော့ချေ။
မဟာယနဂိုဏ်းမှ နှင်ထုတ်ခြင်း ခံလိုက်ရပြီ ဖြစ်သော်လည်း ကျင်းချီသည် မည်သည့် ပြင်းထန်သော တုံ့ပြန်မှုကိုမျှ မပြသခဲ့ပေ။ ထို့အစား... အေးစက်စက် လျစ်လျူရှုမှုများကိုသာ ပြသနေလေသည်။ ကျင်းချီအတွက်မူ မဟာယနဂိုဏ်းမှ နှင်ထုတ်ခံရခြင်းက ဂရုစိုက်စရာ မဟုတ်တော့ပေ။ သူ၏ ရင်ထဲတွင် ဝမ်းမြောက်မှု၊ ကျေးဇူးတင်မှုနှင့် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေလေသည်။
ထိုဝမ်းမြောက်မှုမှာ ကျန်းလျို၏ ကြားဝင်တောင်းပန်ပေးမှုကြောင့် တိရစ္ဆာန်ဘုံသို့ ကျရောက်မည့်ဘေးမှ လွတ်ကင်းသွားသောကြောင့် ဖြစ်သည်။ ကျေးဇူးတင်မှုနှင့် အပြစ်ရှိစိတ်မှာလည်း ကျန်းလျိုအပေါ်တွင် ဖြစ်လေတော့သည်။
***
အပိုင်း(၁၅၄)
ကျင်းချီအား မဟာယနဂိုဏ်းမှ ပေါ့ပေါ့ပါးပါး နှင်ထုတ်လိုက်ပြီးနောက် ကွမ်ယင်၏ အကြည့်သည် သူတို့၏ဘေးရှိ ဝက်ဝံနက် မိစ္ဆာထံသို့ ကျရောက်သွားလေသည်။
"အောမိတော်ဖော..."
ကွမ်ယင်၏ အကြည့်ကို သတိပြုမိသည်နှင့် တစ်ပြိုင်နက် သူမ စကားမပြောနိုင်မီ ကျန်းလျိုက ကြိုတင်၍ ဝင်ပြောလိုက်လေသည်။ သူသည် ဝက်ဝံနက် မိစ္ဆာကို တင်းမာစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း မိစ္ဆာဆိုး… ကျင်းချီနဲ့ ပူးပေါင်းပြီး ဒီရဟန်းငယ်ကို သတ်ချင်တယ်ပေါ့... ဒီနေ့ ကျင်းချီက မဟာယနဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရပြီ... မင်းလည်း မင်းရဲ့ ပြစ်မှုတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
ထို့နောက်... ကျန်းလျိုက သူ၏လက်ကို မြှောက်လိုက်ရာ ခေါင်းစွပ်ကွင်းတစ်ခုက ပျံဝဲ သွားလေသည်။
ဝက်ဝံနက် မိစ္ဆာသည် မရှောင်တိမ်းရဲဘဲ ခေါင်းငုံ့ကာ သူ၏ ခေါင်းပေါ်သို့ ခေါင်းစွပ်ကွင်း ကျရောက်လာစေရန် ခွင့်ပြုလိုက်လေသည်။
ကွမ်ယင်သည် လက်ဖဝါးထဲတွင် ခေါင်းစွပ်ကွင်းတစ်ခု ပေါ်လာပြီး ပစ်လွှတ်ရန် အသင့်ဖြစ်နေသော်လည်း ကျန်းလျိုက အရင်ဆုံး လှုပ်ရှားလိုက်သည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး ခေါင်းစွပ်ကွင်းကို မသိမသာ ပြန်သိမ်းလိုက်လေသည်။
ဝက်ဝံနက် မိစ္ဆာ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်အဆင့်မျှသာ ရှိသော်လည်း သူသည် အစစ်အမှန် ထိုက်ရိ နတ်အဆင့်ရှိ သတ္တဝါများနှင့် အဓိကအဆင့်ကြီး တစ်ခုကို ကျော်ဖြတ်ကာ ခွန်အားချင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ ဤထူးခြားသော စွမ်းအားက သူ၏ ပြိုင်ဘက်ကင်းမှုကို သက်သေပြရန် လုံလောက်နေပေသည်။
သူသည် သူ၏ ခွန်အားဖြင့် စွန်းဝူခုန်းကိုပင် အထင်ကြီးသွားစေနိုင်ခဲ့သည်။ ၎င်းမှာ မည်သည့် မိစ္ဆာမဆို ရရှိနိုင်သော ဂုဏ်ကျေးဇူးမျိုး မဟုတ်ချေ။
ခေါင်းစွပ်ကွင်းကို ကွမ်ယင်က ပေးသနားခဲ့ပြီး သူမက မန္တန်ရွတ်နည်းကို သိထားသည်မှာ မှန်သော်လည်း၊ ခေါင်းစွပ်ကွင်းကို သူ ကိုယ်တိုင် စွပ်ပေးခဲ့ခြင်း ဖြစ်သည်။ ကွမ်ယင်သည် သူ့ဆီကနေ လုယူရလောက်အောင် အရှက်ကင်းမဲ့လိမ့်မည်လော။
"အောမိတော်ဖော ..."
ကွမ်ယင်သည် ပစ်လွှတ်တော့မည့် သူမ၏ ခေါင်းစွပ်ကွင်းကို မချင့်မရဲဖြင့် ပြန်သိမ်းလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်သဖြင့် ဗုဒ္ဓဂါထာကိုသာ တိတ်တဆိတ် ရွတ်ဆိုလိုက်လေသည်။
သူမက စွန်းဝူခုန်းကို နှိမ်နင်းရန် အသုံးပြုလိမ့်မည်ဟု မျှော်လင့်ကာ ခေါင်းစွပ်ကွင်းကို ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း.... သူက စကားပြောစွမ်းရည် သက်သက်ဖြင့် စွန်းဝူခုန်းကို သူ့ထံ ပူးပေါင်းရန် ဖျောင်းဖျနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
ထို့အပြင်... သူက ဝက်ဝံနက် မိစ္ဆာထံ ခေါင်းစွပ်ကွင်းကို ပစ်လွှတ်လိုက်လိမ့်မည်ဟု သူမ ပို၍ပင် မထင်မှတ်ထားခဲ့ချေ။
ရွှမ်ကျန်းကို အပြစ်တင်ရမည်လော။ ခေါင်းစွပ်ကွင်းကို သူမကိုယ်တိုင် သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သူ မည်သူ့ကို စွပ်ပေးမည်ဆိုသည်မှာ သူ၏ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်ပေသည်။ သူမ သူ့ကို အပြစ်တင်နိုင်ပါမည်လော။
ကွမ်ယင်၏ ရည်ရွယ်ချက်များကို မည်သို့ပင် ဆိုစေကာမူ ခေါင်းစွပ်ကွင်း ဝက်ဝံနက် မိစ္ဆာ၏ ခေါင်းပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် တုံ့ဆိုင်းမနေဘဲ ခေါင်းစွပ်ကွင်း မန္တန်ကို ချက်ချင်း ရွတ်ဆိုလိုက်လေသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ဝက်ဝံနက် မိစ္ဆာသည် သူ၏ ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလှိမ့်နေပြီး သူ၏ ခေါင်းပေါ်မှ ခေါင်းစွပ်ကွင်းကို ဖယ်ရှားရန် အသည်းအသန် ကြိုးစားရင်း နာကျင်စွာ အော်ဟစ်နေလေသည်။
သို့သော် စွန်းဝူခုန်းပင်လျှင် ခေါင်းစွပ်ကွင်းကို မဖယ်ရှားနိုင်ခဲ့ပါက သူက မည်သို့ ဖယ်ရှားနိုင်မည်နည်း။
"ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ဆရာတော်... ချမ်းသာပေးပါ..."
ခေါင်းကိုက်ဝေဒနာမှာ ဦးခေါင်းကွဲထွက်မတတ် ဖြစ်နေပြီး ကိုယ်တိုင်လည်း မဖယ်ရှားနိုင်သောကြောင့် ဝက်ဝံနက် မိစ္ဆာသည် ဒူးထောက်လျက် အကြိမ်ကြိမ် သက်ညှာပေးရန် တောင်းပန်နေတော့သည်။
ဝက်ဝံနက် မိစ္ဆာက ခေါင်းစွပ်ကွင်း မန္တန်၏ ပြင်းထန်မှုကို ခံစားပြီးနောက် နောက်ဆုံးတွင် ကျန်းလျိုသည် မန္တန်ရွတ်ဆိုခြင်းကို ရပ်တန့်လိုက်ပြီး ကွမ်ယင်ဘက်သို့ အကြည့်လွှဲကာ ပြောလိုက်သည်။
"ဗောဓိသတ်… ဒီမိစ္ဆာဆိုးတွေကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်... သူတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့လည်း တောင်းဆိုပါတယ်..."
"နောင်အနာဂတ်မှာ သူတို့ မကောင်းမှု တစ်ခုခုကို ကျူးလွန်ရဲခဲ့ရင်… သူတို့ကို သေတဲ့အထိ နှိပ်စက်ဖို့ ဒီခေါင်းစွပ်ကွင်း မန္တန်ကို ကျွန်တော် သုံးမှာပါ..."
"ဆရာတော်လေး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ… ကျွန်တော် ဘာမကောင်းမှုမှ မလုပ်ရဲတော့ပါဘူး... လုံးဝ မလုပ်ပါဘူး..."
ခေါင်းစွပ်ကွင်း မန္တန်၏ နာကျင်မှုကို ခုနလေးတင် ခံစားခဲ့ရသော ဝက်ဝံနက် မိစ္ဆာသည် သိသိသာသာ ကြောက်ရွံ့နေပြီး သက်ညှာပေးရန် အလျင်စလို တောင်းပန်လိုက်လေသည်။
"အောမိတော်ဖော… ရွှမ်ကျန်း... မင်းက တကယ်ကို ကရုဏာကြီးမားပါတယ်... ဒါပေမဲ့ ဒီအနောက်အရပ် ခရီးစဉ်မှာ မင်းက ဒီဝက်ဝံနက်ကို ဘယ်လိုများ ထိန်းချုပ်နိုင်မှာလဲ... သူ့ကို ငါ့ရဲ့ ခရမ်းရောင် ဝါးတောထဲမှာ ငါကိုယ်တိုင် ကြီးကြပ်တာ ပိုကောင်းမယ် ထင်တယ်...”
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဤမျှ ထူးချွန်သော ပါရမီပါရှိသည့် ဝက်ဝံနက်ကို လက်လွှတ်ရမည်ကို နှမြောကာ မိမိလူအဖြစ် သိမ်းသွင်းရန် ကြိုးစားကြည့်သင့်သည်ဟု ခံစားမိသောကြောင့် ဗောဓိသတ်က စကားစလိုက်လေသည်။
"ဗောဓိသတ် ပြောတာကလည်း ယုတ္တိရှိတာပါပဲ..."
ဗောဓိသတ်၏ စကားများကို ကြားသောအခါ ကျန်းလျိုသည် ခေါင်းစောင်းကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
ကျန်းလျို၏ တုံ့ပြန်မှုကို မြင်သောအခါ ဗောဓိသတ်၏ ရင်ထဲတွင် ဝမ်းမြောက်မှု တစ်လှိုင်း ဖြစ်ပေါ်လာလေသည်။
သို့ရာတွင် သူမ စကားမပြောနိုင်မီမှာပင် ကျန်းလျို၏ နောက်ထပ် စကားတစ်ခွန်းက သူမ၏ ရင်ထဲမှ အစပြုနေသော ဝမ်းမြောက်မှုကို ဖယ်ရှားပစ်လိုက်လေသည်။
"ဒါကြောင့်… ဒီဝက်ဝံနက်ကို ကျွန်တော်နဲ့အတူ ခေါ်သွားပြီး ကျွန်တော့်ဘာသာ အနီးကပ် စောင့်ကြည့်တာက ပိုကောင်းမယ် ထင်တယ်... သူက အရမ်းလည်း အစွမ်းထက်တော့ ခရီးတစ်လျှောက်မှာ အများကြီး အသုံးဝင်လာနိုင်တယ်..."
သူသည် ဝက်ဝံနက် မိစ္ဆာထံသို့ အကြည့်ရောက်သွားပြီး အနောက်အရပ်သို့ သွားမည့် ခရီးစဉ်တွင် ဝက်ဝံနက် မိစ္ဆာကို အတူတကွ ခေါ်ဆောင်သွားရန် ဖြစ်နိုင်ခြေကို ရှင်းလင်းစွာ စဉ်းစားနေလျက် တိုးညင်းစွာ ပြောလိုက်လေသည်။
"အောမိတော်ဖော ဗုဒ္ဓ… ဒီအနောက်အရပ် ခရီးစဉ်က ရှည်လျားပြီး မဟာယနဂိုဏ်းရဲ့ ကိစ္စရပ်တွေအတွက် အလွန် အရေးကြီးတယ်လေ… မိစ္ဆာတစ်ကောင်ကို ဘယ်လိုလုပ် ခေါ်သွားလို့ ဖြစ်မှာလဲ…"
ကျန်းလျိုက ဝက်ဝံနက် မိစ္ဆာကို အမှန်တကယ် ခေါ်ဆောင်သွားရန် ရည်ရွယ်နေကြောင်း မြင်သောအခါ ဗောဓိသတ်သည် ငြင်းဆန်ရန် အလျင်အမြန် ခေါင်းယမ်းလိုက်လေသည်။
ကျမ်းစာပင့်ဆောင်သူ အတွက် သူမ ပြင်ဆင်ထားသော တပည့်များတွင် မဟာပညာရှိကြီး စွန်းဝူခုန်း၊ ထျန်းဖုန်း စစ်သူကြီး ကျူးပါကျဲ၊ ကျွမ်လျန် စစ်သူကြီး ရှားဝူကျင်း နှင့် အနောက်ဘက်ပင်လယ် နဂါးမင်းကြီး၏ အိမ်ရှေ့မင်းသား ဖြစ်ပြီး အသွင်ပြောင်းထားသော နဂါးမြင်းဖြူ တို့ ပါဝင်ပေသည်။ ဤပုဂ္ဂိုလ်များ အားလုံးသည် နတ်ဘုရားများနှင့် ဗုဒ္ဓများ နှင့် ဆက်နွှယ်မှု ရှိကြပြီး၊ အနောက်အရပ် ခရီးစဉ်အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်ကြသည်။
ဝက်ဝံနက် မိစ္ဆာက ယှဉ်ကြည့်လျှင် ထူးခြားသော ပါရမီများ ရှိနေသည့်တိုင် သူသည် မိစ္ဆာတစ်ကောင်မျှသာ ဖြစ်သောကြောင့် ကျမ်းစာပင့်ဆောင်ရန် အနောက်အရပ်သို့ သွားသည့် ခရီးစဉ်၏ ကုသိုလ်တော်များကို သူက မည်သို့ ဝေမျှခံစားနိုင်မည်နည်း။
ဗောဓိသတ်၏ တုံ့ပြန်မှုသည် ကျန်းလျို မျှော်လင့်ထားသည့်အတိုင်း ဖြစ်လေသည်။
ကျမ်းစာပင့်ဆောင်ရန် အနောက်အရပ်သို့ သွားသည့် ဤကိစ္စတွင် ကွမ်ယင်သည် တာဝန်ခံ ဒါရိုက်တာတစ်ဦးကဲ့သို့ ဖြစ်ပေသည်။ အစီအစဉ်တွင် မပါဝင်သော ပါဝင်သူတစ်ဦးက ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲသို့ ဝင်ရောက်လာခြင်းကို သူမက မည်သို့ သည်းခံနိုင်မည်နည်း။
"ဒါပေမဲ့ ဗောဓိသတ်… ခုနက ပြောသလိုဆိုရင်… သူ့ကို အတူတူ ခေါ်မသွားဘူးဆိုရင် ကျွန်တော်က သူ့ကို ဘယ်လို ထိန်းချုပ်ထားရမှာလဲ..."
ဗောဓိသတ်၏ ကိုယ်ပိုင် စကားများကိုပင် သူမအပေါ် ပြန်လည် အသုံးပြုကာ ကျန်းလျိုသည် အခက်ကြုံနေသည့်ဟန်ဖြင့် မေးလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဗောဓိသတ်သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လှပသော မှန်ငယ်လေး တစ်ချပ် ရုတ်တရက် ပေါ်လာပြီး ကျန်းလျို၏ ရှေ့သို့ ကျဆင်းလာလေသည်။
"ဒီလိုဆိုရင်လည်း… မင်းကို မှော်ကြေးမုံ တစ်ချပ် လက်ဆောင်ပေးလိုက်မယ်... အဲဒီအပေါ်မှာ ဝက်ဝံနက် မိစ္ဆာရဲ့ မူလသွေး တစ်စက် ချထားလိုက်ရုံနဲ့… မင်းတို့တွေ မိုင်ထောင်ချီ ကွာဝေးနေရင်တောင် သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို မင်း စောင့်ကြည့်နိုင်လိမ့်မယ်..."
"အကယ်လို့ သူ မကောင်းမှု တစ်ခုခုကို ကျူးလွန်ရင်… သူ့ကို အပြစ်ပေးဖို့ ခေါင်းစွပ်ကွင်း မန္တန်ကို မင်း ရွတ်ဆိုနိုင်တယ်..."
"ကျေးဇူးတင်ပါတယ် ဗောဓိသတ်..."
ကျန်းလျိုသည် သူမထံမှ မှော်ကြေးမုံ ကို ယူလိုက်ရင်း ရိုးသားစွာ ကျေးဇူးတင်စကား ပြောလိုက်ပြီး သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက်နေလေသည်။
၎င်းမှာ မမျှော်လင့်ထားသော ဝမ်းမြောက်မှုတစ်ခု ဖြစ်ပေသည်။ ဤအရာက ဗောဓိသတ်ထံမှ ရတနာ တစ်ခုကို ခြိမ်းခြောက်တောင်းယူလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
"အောမိတော်ဖော ဗုဒ္ဓ… ရွှမ်ကျန်း မင်းကိုယ်တိုင်က သူတို့အတွက် တောင်းပန်နေမှတော့… ဒီနေ့ ငါက လူဆိုး ဝင်မလုပ်တော့ပါဘူး... ဒါပေမဲ့ ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့ မျှော်လင့်ပါတယ်..."
မှော်ကြေးမုံကို ကျန်းလျိုအား ပေးပြီးနောက် စိတ်အခြေအနေ မကောင်းဖြစ်သွားသော ဗောဓိသတ်က ပြောလိုက်၏။ သူမက ထွက်ခွာရန် အသင့်ဖြစ်နေကြောင်း ထင်ရှားနေလေသည်။
ကွမ်ယင် ဘုံကျောင်းတော်သို့ ဤတစ်ခေါက် လာရောက်ခြင်းမှာ မူလက ထူးချွန်သော ပါရမီပါရှိသည့် ဝက်ဝံနက် မိစ္ဆာကို နှိမ်နင်းသိမ်းသွင်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အမွေးတစ်မျှင်ကိုပင် မရရှိခဲ့သည့်အပြင် မှော်ကြေးမုံ တစ်ချပ်ကိုပါ ဆုံးရှုံးလိုက်ရလေပြီ။
ဖြတ်သွားသော ငန်းများထံမှပင် အမွေးနှုတ်တတ်သူဟု ဖော်ပြနိုင်သော ကွမ်ယင်၏ သဘာဝကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူမ၏ စိတ်အခြေအနေမှာ မည်သို့မျှ ကြည်သာနိုင်မည် မဟုတ်သည်မှာ ထင်ရှားပေသည်။
သို့ရာတွင် တိတ်တဆိတ် တွက်ချက်ကြည့်ပြီးနောက် ယနေ့၏ အခက်အခဲသည် အကျိုးသက်ရောက်သွားပြီ ဖြစ်ကြောင်း ကွမ်ယင် တွက်ချက်ရရှိလိုက်သည်။ ၎င်းက သူမကိုယ်တိုင် ဖန်တီးထားသော အခက်အခဲများသည် အခက်အခဲရှစ်ဆယ့်တစ်ပါး တွင် အမှန်တကယ်ပင် အကျုံးဝင်နိုင်ကြောင်း ညွှန်ပြနေသောကြောင့် ကွမ်ယင်၏ စိတ်အခြေအနေကို အနည်းငယ် ကောင်းမွန်သွားစေခဲ့သည်။
ကျမ်းစာပင့်ဆောင်ရန် အနောက်အရပ်သို့ သွားသည့် ခရီးစဉ် ၏ ကြီးကျယ်ခမ်းနားသော လုပ်ငန်းစဉ်ကြီးနှင့် နှိုင်းယှဉ်လျှင် ဝက်ဝံနက် မိစ္ဆာ တစ်ကောင်နှင့် မှော်ကြေးမုံ တစ်ချပ်မှာ သိသိသာသာကို အရေးပါမှု နည်းပါးလှပေသည်။
"ဗောဓိသတ်… ခဏစောင့်ပါဦး... နဂါးငယ်က ဗောဓိသတ်ရဲ့ လမ်းညွှန်မှုကြောင့် ကျမ်းစာပင့်ဆောင်သူ ကို စီးတော်ယာဉ်အဖြစ် အစေခံချင်ပေမယ့်… ကျမ်းစာပင့်ဆောင်သူက နဂါးငယ်ရဲ့ စကားတွေကို သိပ်ယုံကြည်ပုံ မပေါ်လို့ပါ..."
ဗောဓိသတ် ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင် နဂါးမြင်းဖြူသည် ခုန်ထွက်လာခဲ့လေသည်။ သူ၏ ကိုယ်ပိုင် ပြဿနာများပင် မပြေလည်သေးသောကြောင့် ဗောဓိသတ်က ဤအတိုင်း မည်သို့ ထွက်သွားနိုင်မည်နည်း။
နဂါးမြင်းဖြူ ခုန်ထွက်လာသည်ကို မြင်သောအခါ ကွမ်ယင်သည် ခေါင်းလှည့်လာပြီး သူမ၏ အကြည့်သည် ကျန်းလျိုထံသို့ ကျရောက်သွားလေသည်။
"အမှန်ပါပဲ ရွှမ်ကျန်း... မူလက အနောက်ဘက်ပင်လယ် နဂါးမင်းကြီးရဲ့ တတိယမြောက် အိမ်ရှေ့မင်းသား ဖြစ်တဲ့ နဂါးဖြူလေး အောင်းလီဟာ နန်းတော်ရဲ့ ပုလဲကို မီးရှို့ခဲ့လို့ ကျောက်စိမ်းဧကရာဇ်က လင်းယုန်ငိုကြွေးချောက် အောက်မှာ ဒုက္ခခံစားရဖို့ ပြစ်ဒဏ်ပေးခဲ့တာပဲ... မင်းအတွက် စီးတော်ယာဉ်အဖြစ် အစေခံဖို့ မြင်းဖြူအဖြစ် အသွင်ပြောင်းဖို့ သူ့ကို ငါ လမ်းညွှန်ပေးခဲ့တာ..."
"အနောက်ဘက်ကောင်းကင်ဘုံ တောင်တန်းတွေဆီ သွားရမယ့် ခရီးက ရှည်လျားတယ်… ဒီစီးတော်ယာဉ် မပါဘဲနဲ့ မင်းရဲ့ သာမန် လူ့ခန္ဓာကိုယ်က ဒဏ်ခံနိုင်မှာ မဟုတ်ဘူး... မင်း အနောက်ဘက်ကောင်းကင်ဘုံကို ရောက်မှာ မဟုတ်သလို… ဗုဒ္ဓကိုလည်း ဖူးတွေ့နိုင်မှာ မဟုတ်ဘူး..."
"ဒါက တကယ်ပဲ ဗောဓိသတ်ရဲ့ လမ်းညွှန်မှု ဖြစ်နေမှတော့ ဒီထက် ပိုကောင်းတာ မရှိနိုင်တော့ပါဘူး..."
ဗောဓိသတ်၏ စကားများကို ကြားသောအခါ ကျန်းလျိုသည် အများကြီး မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
အမှန်တကယ်တော့ နဂါးဖြူလေး အနောက်ဘက်ကောင်းကင်ဘုံသို့ သွားချင်သည့် အဓိက ရည်ရွယ်ချက်ကို စွန်းဝူခုန်းက သူ့အား ပြောပြပြီးကတည်းက ကျန်းလျိုသည် သူ့ကို လက်ခံရန် စဉ်းစားထားပြီး ဖြစ်ပေသည်။
"ဆရာ့ကို ဂါရဝပြုပါတယ်..."
ကျန်းလျို သဘောတူညီစွာ ခေါင်းညိတ်သည်ကို ကြားသောအခါ နဂါးမြင်းဖြူမှာ အလွန် စိတ်လှုပ်ရှားသွားပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားလေသည်။
အနောက်အရပ်သို့ သွားသည့် ခရီးစဉ်တစ်လျှောက်လုံး မျက်နှာပြောင်တိုက်ပြီး နောက်မှ လိုက်လာခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး နောက်ဆုံးတွင် ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ရာ ၎င်းမှာ တကယ်ကို မလွယ်ကူလှချေ။
နဂါးဖြူလေးနှင့် ပတ်သက်သည့် ကိစ္စကို ဖြေရှင်းပြီးနောက် ဗောဓိသတ်သည် ထပ်မံ အချိန်ဆွဲရန် ရည်ရွယ်ချက် မရှိတော့ချေ။ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ အခက်အခဲများနှင့် နှိုင်းယှဉ်လျှင် ကျင်းချီနှင့် ဝက်ဝံနက် မိစ္ဆာတို့မှာ အလွန် အရေးကြီးသည့် ကိစ္စရပ်များ မဟုတ်တော့ပေ။
ဗောဓိသတ်သည် လာမည့် အခက်အခဲများအတွက် သေချာစွာ စဉ်းစားရန် တွေးတောရင်း ပြန်လည် ထွက်ခွာသွားခဲ့လေတော့သည်။
***