အခန်း (၁၄၃-၁၄၄)
Vol. 11 Ch. 143-144
အပိုင်း(၁၄၃)
နဂါးဖြူလေး၏ ကိစ္စသည် ကျန်းလျိုအတွက် အတော်လေး အရေးကြီးသော်လည်း သူက အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။ ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံပြီးနောက် ကျန်းလျိုသည် ဤကိစ္စ၏ အသေးစိတ် အချက်အလက်များကို ဂရုတစိုက် မေးမြန်းစုံစမ်းခဲ့၏။
ထိုအခါ... နဂါးဖြူလေးသည် ကွမ်ယင် ရုပ်ပွားတော်ရှေ့သို့ တစ်ယောက်တည်း သွားရောက် ရှိခိုးပူဇော်ခဲ့ပြီးနောက် စွန်ဝူခုန်းနှင့် စကားစမြည်ပြောဆိုကာ အနောက်ဘက် ကောင်းကင်ဘုံသို့ ဘွဲ့ထူးခံယူရန် သွားရသည့် သူ၏ ရည်ရွယ်ချက်ကို ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုအခါ ထိုအသေးစိတ် အချက်အလက်များက ကျန်းလျိုအား တိတ်တဆိတ် ခေါင်းညိတ်သွားစေခဲ့သည်။
နဂါးဖြူလေးသည် အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်မည့် ကြီးမြတ်သော သာသနာပြုခရီးစဉ်၏ သစ္စာရှိသော ထောက်ခံအားပေးသူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သူသည် စွန်ဝူခုန်းအား လိမ်လည်မည် မဟုတ်ဟု ခံစားရသော်လည်း ကျန်းလျိုကတော့ သူ့ကို အလွယ်တကူ မယုံကြည်ခဲ့သေးချေ။
"အင်း... ဒါက တကယ်ကို အရေးကြီးတဲ့ သတင်းပဲ… ဒီကိစ္စရဲ့ အမှန်တရားနဲ့ ပတ်သက်လို့တော့ ငါတို့ နောက်မှ သေချာ ဂရုတစိုက် စုံစမ်းရမယ်..."
ခဏတာ စဉ်းစားပြီးနောက် ကျန်းလျိုက ပြောလိုက်၏။
ကျန်းလျိုအတွက်တော့ စွန်ဝူခုန်း ပြန်လည်သယ်ဆောင်လာသော သတင်းမှာ အမှန်ပင် အရေးကြီးသော်လည်း ဂရုတစိုက် စုံစမ်းစစ်ဆေးမှုများ လိုအပ်နေဆဲ ဖြစ်လေသည်။
ဥပမာအားဖြင့် နဂါးဖြူလေးနှင့် ကျင်းမြစ် နဂါးမင်းကြီးတို့မှာ တကယ်ပဲ ဆွေမျိုးတော်စပ်ခြင်း ရှိ၊ မရှိ၊ သူတို့၏ ဆက်ဆံရေးက မည်သို့ရှိသည်၊ သူတို့ အမြဲတမ်း ပြေလည်မှု ရှိခဲ့သလား စသည့် မေးခွန်းများပင် ဖြစ်၏။
စွန်ဝူခုန်း၏ စရိုက်လက္ခဏာမှာ များသောအားဖြင့် စိတ်မြန်လက်မြန် ရှိတတ်သည်။သို့သော်လည်း ၎င်းကို ဖော်ပြရန် စကားလုံးတစ်လုံး ရှိလေသည်။ ၎င်းမှာ 'ကောက်ကျစ်စဉ်းလဲခြင်း' ပင် ဖြစ်၏။ အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းတစ်လျှောက်လုံးတွင် စွန်ဝူခုန်းသည် ဉာဏ်နီဉာဏ်နက် များသော အခိုက်အတန့်များ အမှန်တကယ် ရှိခဲ့လေသည်။
ထို့ကြောင့် ရေရှည် အမြော်အမြင် ကင်းမဲ့နေသော်လည်း စွန်ဝူခုန်းမှာ အတော်လေး ဉာဏ်နီဉာဏ်နက်များဆဲဖြစ်ပြီး သူနှင့် ကျန်းလျိုတို့၏ ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်းကို ကောင်းစွာ နားလည်ထားလေသည်။
ထို့ကြောင့် နဂါးဖြူလေး၏ စစ်မှန်သော ရည်ရွယ်ချက်ကို ကြားပြီးနောက် ဤကိစ္စကို ကျန်းလျိုအား အသိပေးရန် လိုအပ်သည်ဟု သူက တွေးတောခဲ့ခြင်း ဖြစ်လေသည်။
ကျင့်ကြံခြင်းဖြင့် တိတ်ဆိတ်သော ညတစ်ည ကုန်လွန်သွားခဲ့၏။ တစ်ညတာလုံး ကျင့်ကြံအားထုတ်မှုမှ အတွေ့အကြုံမှတ် အတော်များများကို ကျန်းလျို ရရှိလိုက်လေသည်။
...
နောက်တစ်နေ့ နံနက်...
ဆရာတော်ကြီး ကျင်းချီသည် ထုံးစံအတိုင်း အိပ်ရာမှထကာ မျက်နှာသစ်နေစဉ် ကျောင်းတော်မှ တပည့်နှစ်ပါး ရောက်လာသည်။ တစ်ပါးက ရေထမ်းလာပြီး အခြားတစ်ပါးက မျက်နှာသုတ်ပုဝါနှင့် ကိုယ်လက်သန့်စင်ရေး ပစ္စည်းများကို ကိုင်ဆောင်လျက် ဆရာတော် ရွှမ်ကျန်း ရှိရာ ဇင်အခန်းဆီသို့ ဦးတည်သွားနေကြသည်ကို ရုတ်တရက် မြင်လိုက်ရ၏။
"ညီတော်... မြန်မြန်သွားကြစို့ တခြား နောင်တော်တွေ ငါတို့ထက် အရင်ဦးမသွားပါစေနဲ့... မနေ့က ဆရာတော် ရွှမ်ကျန်းကို လမ်းပြပေးခဲ့တဲ့ နှစ်ပါးက ဆရာတော့်ဆီကနေ အော်တိုကို ရခဲ့ကြတယ်... ဆရာတော် ရွှမ်ကျန်း ကိုယ်တိုင် ပေးတဲ့ တကယ့် အဖိုးတန် ရတနာပဲလေ... ငါတို့လည်း ရနိုင်ဖို့ မျှော်လင့်ပါတယ်..."
ရေထမ်းလာသော ဘုန်းကြီးက အလျင်စလို ပြောလိုက်၏။
"မနေ့က အဲဒီကောင်နှစ်ကောင် ဘယ်လောက်တောင် ကြွားနေကြလဲ ဆိုတာ မင်း မြင်တယ်မလား… စာလုံးနှစ်လုံးလေး ရတာကိုပဲလေ... ဒီနေ့ ငါလည်း အဲဒါကို ရအောင် ယူရမယ်..."
မျက်နှာသုတ်ပုဝါများ ကိုင်ဆောင်လာသော အခြား ဘုန်းကြီးမှာ သိသာစွာ စိတ်အနှောင့်အယှက်ဖြစ်နေသော်လည်း ပို၍ပင် စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် ထပ်ပြောလိုက်လေသည်။ သူတို့နှစ်ဦးမှာ အလွန် လျင်မြန်စွာ လျှောက်သွားကြ၏။
သူတို့ ဖြတ်သွားပြီးနောက် အချိန်တိုလေး အတွင်းမှာပင် နောက်ထပ် ဘုန်းကြီးနှစ်ပါး ထပ်မံ ဖြတ်လျှောက်သွားကြလေသည်။
သို့သော် သူတို့ ကိုင်ဆောင်လာကြသည်မှာ ကိုယ်လက်သန့်စင်ရေး ပစ္စည်းများ မဟုတ်ဘဲ နံနက်စာ ဖြစ်လေသည်။ ပူပူနွေးနွေး ဆန်ပြုတ်တစ်ပန်းကန်၊ ပေါက်စီနှစ်လုံးနှင့် အရန်ဟင်းလျာ အနည်းငယ်တို့ ဖြစ်လေသည်။
…
"ဆရာတော်ကြီး... ဒီနေ့ တော်တော်စောစော ထပါလား..."
လူလတ်ပိုင်းအရွယ် ဘုန်းကြီးတစ်ပါးက ကျင်းချီထံသို့ ချဉ်းကပ်လာပြီး တောင်ဝှေးကို ကမ်းပေးရင်း ပြောလိုက်၏။
ကျောင်းထိုင်ဆရာတော် ကျင်းချီမှာ အသက် ၂၀၀ ကျော်နေပြီဖြစ်ပြီး သူ၏ နေ့စဉ် ဆွမ်းကိစ္စများကို ပုံမှန်အားဖြင့် သူကိုယ်တိုင်သာ ပြင်ဆင်လေ့ရှိလေသည်။
"အင်း... ဒီနေ့ ငါ့စိတ်ထဲ လန်းဆန်းနေလို့ စောစောထလိုက်တာ... ဟိုလူတွေက ဘာတွေ ဖြစ်နေကြတာလဲ..."
ကျင်းချီက တောင်ဝှေးကို လှမ်းယူရင်း မေးလိုက်သည်။
တစ်ညတာလေး ကုန်လွန်သွားရုံမျှဖြင့် ဆရာတော် ရွှမ်ကျန်းမှာ ပို၍ပင် ကြည်ညိုလေးစားခံနေရပုံ ပေါ်သည် မဟုတ်ပါလော။
"သြော်... မနေ့ညက ကျောင်းတော်က တပည့်နှစ်ပါးက ဆရာတော် ရွှမ်ကျန်းကို လမ်းပြပေးခဲ့တယ်လေ... မထွက်သွားခင် ဆရာတော် ရွှမ်ကျန်းက သူတို့ကို သူ့ရဲ့ ဘွဲ့တော်ကို ကိုယ်တိုင်ရေးပေးလိုက်ပြီး အော်တိုလို့ ခေါ်တယ်တဲ့… သူတို့က အရမ်းကို ဝမ်းသာသွားကြတာ... ဒါကြောင့် ဒီနေ့ တပည့်အများစုက ဆရာတော် ရွှမ်ကျန်းရဲ့ စိတ်တိုင်းကျဖြစ်အောင် ပြုစုချင်ကြပြီး အော်တိုလေး ရဖို့ မျှော်လင့်နေကြတာပါ..."
လူလတ်ပိုင်း ဘုန်းကြီးက ပြန်ဖြေလိုက်၏။
"သြော်... နားလည်ပြီ..."
ဤစကားကို ကြားသောအခါ ကျင်းချီက အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
ဆရာတော် ရွှမ်ကျန်း၏ အဆင့်အတန်းအရ အခြား တပည့်များက သူ၏ လက်ရေးကို သိမ်းဆည်းထားချင်ကြသည်မှာ သဘာဝကျလှပေသည်။
ဇင်အခန်းအတွင်းတွင် ကျန်းလျိုသည် ဆယ်လီတစ်ဦးအဆင့် ဧည့်ခံပြုစုမှုကို တကယ်ပင် ခံစားနေရ၏။ တစ်စုံတစ်ယောက်က မျက်နှာသစ်ရန် ပစ္စည်းများကို ပြင်ဆင်ပေးထားပြီး နံနက်စာကိုလည်း လာရောက်ဆက်ကပ်ထားသည်။ နံနက်စာစားပြီးနောက် အချိုပွဲနှင့် သစ်သီးများကိုပင် အပြည့်အစုံ ပြင်ဆင်ပေးထားလေသည်။ လိုအပ်နေသည်ဟူ၍ ကျန်းလျိုအား လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးမည့်သူ တစ်ယောက်သာ ရှိတော့လေသည်။
ဤမျှ စိတ်အားထက်သန်လွန်းသော အပြုအမူများက လူတစ်ယောက်ကို တကယ်ပင် အနေရခက်သွားစေနိုင်၏။
"ဆရာတော် ရွှမ်ကျန်း... နံနက်စာလေးကရော အဆင်ပြေရဲ့လား..."
ကျန်းလျို ဆွမ်းဘုန်းပေးပြီး၍ ပိုးပိတ်စလေးဖြင့် ပါးစပ်ကို သုတ်နေစဉ်မှာပင် တောင်ဝှေးကို အားပြုကာ အနည်းငယ် ခါးကုန်းနေသော ကျင်းချီ၏ အိုမင်းသော အသံက ထွက်ပေါ်လာ၏။ သူသည် သိမ်မွေ့ကြင်နာသော အမူအရာဖြင့် ချဉ်းကပ်လာလေသည်။
ကျင်းချီ ချဉ်းကပ်လာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများမှာ မရိုမသေ မလုပ်ရဲကြတော့ဘဲ အားလုံး ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
"အင်း... အားလုံးက အရမ်းကို စိတ်အားထက်သန်လွန်းနေကြတော့ ဦးဇင်း နည်းနည်း အသားမကျသလို ဖြစ်နေလို့ပါ..."
ကျင်းချီ၏ စကားကို ကျန်းလျိုက အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒီလို ယဉ်ကျေးမှုမျိုးကို ဘယ်သူကမှ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး... ဆရာတော်လည်း နံနက်စာ ဘုန်းပေးပြီးပြီဆိုတော့… ဒီဘုန်းကြီးအိုက ဆရာတော့်ကို ကျမ်းစာတွေ ရွတ်ဖတ်ဖို့နဲ့ ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့ ခန်းမဆောင်ကြီးဆီကို ခေါ်သွားပေးပါရစေ..."
ကျင်းချီက ရွှင်လန်းစွာ ပြောလိုက်ရင်း ကျန်းလျိုအား ခန်းမဆောင်ကြီးဆီသို့ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခေါ်ဆောင်သွားလေသည်။
ကျန်းလျိုက သူ စတင်ရောက်ရှိလာစဉ်က ကွမ်ယင် ဘုံကျောင်းတော်ကို ကောင်းစွာ ဖူးမြော်ချင်ကြောင်း ပြောခဲ့သည် မဟုတ်ပါလော။
"ကျေးဇူးတင်ပါတယ်... ဆရာတော်..."
နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် လက်အုပ်ချီကာ ကျန်းလျိုက ပြောလိုက်ပြီး ကျင်းချီ၏ နောက်မှ လိုက်ပါသွားလေသည်။
"စကားမစပ်... ဆရာတော် ဒီဘုန်းကြီးအိုကြီး သိမ်းဆည်းထားဖို့အတွက် ဆရာတော့်ရဲ့ အော်တိုလေးတစ်ခုလောက် ပေးဖို့ အဆင်ပြေနိုင်မလား..."
အပြင်သို့ လျှောက်သွားနေစဉ် ကျင်းချီက ရုတ်တရက် မေးလိုက်၏။
"အာ... သေချာတာပေါ့..."
ကျင်းချီ၏ စကားကို ကြားသောအခါ ကျန်းလျိုမှာ ခဏတာ မှင်သက်သွားပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဆရာတော်..."
ကျန်းလျို သဘောတူလိုက်သည်ကို ကြားသော် ကျင်းချီ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်သွားလေသည်။
"ဒါနဲ့ ဆရာတော်က ဗောဓိသတ် ကွမ်ယင်ဆီကနေ ဗုဒ္ဓရဲ့ အမိန့်တော်ကို ခံယူရရှိထားတာဆိုတော့... တထာဂတဘုရားရှင်ကို ဖူးတွေ့ဖို့ ဒီအနောက်ဘက် ခရီးစဉ်က ဆရာတော့် ရင်ထဲမှာ ပြင်းပြတဲ့ ဆန္ဒတစ်ခု ဖြစ်နေမှာ သေချာပါတယ်... ဆရာတော့်ရဲ့ ကြီးမြတ်တဲ့ ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေဖို့ ဆရာတော့်ကို မတားဆီးရဲပါဘူး...ရှိခိုးပူဇော်ပြီးတာနဲ့ ဒီဘုန်းကြီးအိုက ဆရာတော့်ကို ကိုယ်တိုင် လိုက်ပို့ပေးမှာပါ ဒီဘဝမှာ ပြန်လည် ဆုံတွေ့ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်..."
ကျင်းချီက တောင်ဝှေးကို အားပြုကာ ကြည်ညိုလေးစားမှု အပြည့်ပါသော အသံဖြင့် ပြောလိုက်လေသည်။
ဗုဒ္ဓဘုရားရှင်ကို ဖူးတွေ့ရန် အနောက်ဘက်သို့ ခရီးသွားရခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ဘုန်းကြီးတိုင်း အားကျရမည့် အရာတစ်ခု ဖြစ်ပေမည် မဟုတ်ပါလော။
"အဟွတ်... အဟွတ်..."
ကျင်းချီ၏ စကားကို ကြားသောအခါ ကျန်းလျိုမှာ အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ပြီး
"တကယ်တော့... ဒီနေရာလေးကို ဦးဇင်း တော်တော် သဘောကျပါတယ်… ပြီးတော့ ဆရာတော်ကလည်း အသက် နှစ်ရာကျော်တိုင်အောင် နေထိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ တရားတော်တွေနဲ့ ပတ်သက်လို့ နက်နဲတဲ့ အသိပညာတွေ ရှိတယ်လေ... ဆရာတော်ဆီကနေ သွန်သင်မှုတွေ ခံယူဖို့အတွက် နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေချင်ပါသေးတယ်..."
ကျန်းလျိုက ပြောလိုက်၏။
"ဆရာတော် ရွှမ်ကျန်းရယ်... ဆရာတော်က မြှောက်ပြောလွန်းနေပါပြီ... ဒီဘုန်းကြီးအိုရဲ့ ဗုဒ္ဓတရားတော်တွေအပေါ် နားလည်သဘောပေါက်မှုက ဆရာတော်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ... ဘာပဲဖြစ်ဖြစ် ဆရာတော့်ရဲ့ 'ပုံသဏ္ဌာန်မဲ့ ဂါထာတော်' ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားနေခဲ့တာ ကြာပြီပဲဟာ..."
ကျင်းချီက ပန်းပွင့်လေးတစ်ပွင့်လို ဖူးပွင့်နေသော အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သော်လည်း အနည်းငယ် လန့်သွားသည့်ဟန်ဖြင့် လက်ကို ကမန်းကတန်း ဝှေ့ယမ်းပြလိုက်လေသည်။
"ဆရာတော်က နှိမ့်ချလွန်းပါတယ်... ဆိုရိုးစကား ရှိတယ်လေ 'လမ်းလျှောက်သွားတဲ့ လူသုံးယောက်မှာ ငါ့ရဲ့ဆရာ တစ်ယောက်ပါနိုင်တယ်' တဲ့..."
"ဆရာတော်ရယ်... ဒီဘုန်းကြီးအိုကို သိပ်မမြှောက်ပါနဲ့... ဆရာတော့်ရှေ့မှာ ဒီဘုန်းကြီးအိုရဲ့ ဗုဒ္ဓတရား အသိပညာကို ဘယ်တော့မှ ကြွားဝါရဲမှာ မဟုတ်ပါဘူး..."
"ကျုပ်တို့ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြရင်ရော ဘယ်လိုလဲ..."
"ဒါဆိုရင်လည်း... ဒီဘုန်းကြီးအိုက ဆရာတော့်ဆီက လမ်းညွှန်မှု တောင်းခံပါရစေ..."
အတော်ကြာ အခြေအတင် ပြောပြီး နောက်ဆုံးတွင်မှ ကျင်းချီ ဆရာတော်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သဖြင့် ကျန်းလျို တစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။
နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေဖို့ အတွက် သူ တကယ်ကို နှုတ်ခမ်းတွေ ပွန်းမတတ် အားစိုက်ထုတ်ခဲ့ရသည် မဟုတ်ပါလော။
***
အပိုင်း(၁၄၄)
တောင်ပိုင်းပင်လယ်၊ လော်ကျားတောင်...
"အောမိတော်ဖော … ကောင်းလှပေတယ်… ကောင်းလှပေတယ်..."
ကြာပန်းပလ္လင်ထက်၌ ထိုင်တော်မူနေသော ကွမ်ယင်ဗောဓိသတ်သည် ကျောက်စိမ်းရေပုလင်းကို ကိုင်ဆောင်ထားရင်း ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်၏။ သူမ၏ မျက်ခုံးနှစ်ခုကြား၌ အနည်းငယ် သောကရောက်နေဟန် ရှိနေသည်။
"အနောက်အရပ်က စစ်မှန်တဲ့ ကျမ်းစာတွေကို ပင့်ဆောင်ဖို့အတွက် အခက်အခဲရှစ်ဆယ့်တစ်ပါးကို ကျော်ဖြတ်ရမယ်လို့ သတ်မှတ်ထားပေမယ့် ဒီအတိုင်းဆိုရင် ရှစ်ဆယ့်တစ်ပါးပြည့်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကွမ်ယင်ဗောဓိသတ်က တိုးညင်းစွာ ရေရွတ်လိုက်၏။ အရှေ့ဘက် တာ့ထန်ပြည်မှ စတင်ကာ အနောက်ဘက်ကောင်းကင်ဘုံရှိ မဟာမိုးကြိုးကျောင်းတော်ကြီးအထိ မိုင်ပေါင်း တစ်သိန်းရှစ်သောင်း ကွာဝေးပြီး ကျော်ဖြတ်ရန် ခက်ခဲသော တောင်တန်းများနှင့် အန္တရာယ်များ ပြည့်နှက်နေသည်မှာမှန် ပေသည်။ သို့သော်လည်း ကျမ်းစာပင့်ဆောင်ရေး အစီအစဉ်ကို တာဝန်ယူရသူ တစ်ဦးအနေဖြင့် ရွှမ်ကျန်းဆရာတော်၏ ခရီးစဉ်လမ်းကြောင်းအရ အခက်အခဲရှစ်ဆယ့်တစ်ပါး၏ ထက်ဝက်မျှပင် ပြည့်အောင် စုဆောင်းရန် မဖြစ်နိုင်ကြောင်း ကွမ်ယင်ဗောဓိသတ် သိရှိထားပေသည်။
ထိုသို့ဆိုလျှင် အခက်အခဲရှစ်ဆယ့်တစ်ပါး မပြည့်ဘဲ အနောက်ဘက်ကောင်းကင်ဘုံသို့ ရောက်ရှိသွားပါက မည်သို့ လုပ်ရမည်နည်း။
"နေပါဦး… အခက်အခဲတချို့ကို ငါတို့ကိုယ်တိုင် ဖန်တီးလိုက်ရင်ကော ဘယ်လိုနေမလဲ..."
ခဏမျှ စဉ်းစားပြီးနောက် ကွမ်ယင်ဗောဓိသတ်၏ ခေါင်းထဲသို့ အကြံတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။ အကယ်၍ ဤအခက်အခဲရှစ်ဆယ့်တစ်ပါးကို အလိုအလျောက် မစုဆောင်းနိုင်လျှင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြည့်မီအောင် ဖြည့်ဆည်းရန် နည်းလမ်းရှာရပေမည်။ ဥပမာအားဖြင့် ဗုဒ္ဓနယ်မြေ (သို့မဟုတ်) ကောင်းကင်ဘုံမှ သက်ရှိအချို့ကို လူ့ပြည်သို့ စေလွှတ်ကာ အခက်အခဲများ ဖန်တီးစေခြင်းဖြင့် လိုအပ်သော အခက်အခဲများကို စုဆောင်း၍ မရနိုင်ပါသလော။
ဤအကြံအစည်မှာ အကြမ်းဖျင်းမျှသာ ရှိသေးပြီး မည်သို့ အကောင်အထည်ဖော်ရမည်ကို သေချာစွာ စီစဉ်တွေးတောရန် လိုအပ်ပေသည်။ ဤသို့ ကိုယ်တိုင် ဖန်တီးထားသော အခက်အခဲများသည် သတ်မှတ်ထားသော အခက်အခဲရှစ်ဆယ့်တစ်ပါးတွင် အကျုံးဝင်ပါမည်လော။ ဤအချက်ကို သေချာစွာ စဉ်းစားရန် လိုအပ်ပေသည်။
အတန်ကြာ စဉ်းစားပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် အဝေးဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။ သူမ၏ အကြည့်သည် အချိန်နှင့် ဟင်းလင်းပြင် နယ်နိမိတ်များကို ကျော်ဖြတ်သွားသကဲ့သို့ ကွမ်ယင် ဘုံကျောင်းတော်အတွင်းသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်၌ ကွမ်ယင် ဘုံကျောင်းတော်အတွင်း ကျန်းလျိုသည် ဗုဒ္ဓမြတ်စွာအား ရိုသေစွာ ရှိခိုးပူဇော်နေခြင်းကြောင့် သူမ၏ စိတ်ထဲတွင် တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
"အင်း… သူက အခု ငါ့ရဲ့ ဘုံကျောင်းတော်မှာ တည်းခိုနေတာလား… တိုက်ဆိုင်လိုက်တာ…ဒါကများ ကောင်းကင်ဘုံရဲ့ အလိုတော်လား..."
သူမ၏ အကြည့်များက ကွမ်ယင် ဘုံကျောင်းတော်ထံ စူးစိုက်သွားချိန်တွင် ကွမ်ယင်ဗောဓိသတ်၏ စိတ်ထဲ၌ အတွေးများစွာ ရှုပ်ထွေးသွားခဲ့သည်။
ကိုယ်တိုင် ဖန်တီးထားသော အခက်အခဲများသည် အခက်အခဲရှစ်ဆယ့်တစ်ပါးတွင် ပါဝင်ပါမည်လော။ ဤအချက်ကို အမှန်တကယ် စမ်းသပ်ကြည့်ရန် တန်ပေသည်။ ပို၍ အရေးကြီးသည်မှာ အကယ်၍ ဤနည်းလမ်းသာ အမှန်တကယ် အလုပ်ဖြစ်မည်ဆိုလျှင် အနာဂတ်တွင် နတ်ဘုရားများ နှင့် ဗုဒ္ဓများထဲမှ မည်သူက လူ့ပြည်ဆင်း၍ အခက်အခဲများကို ရင်ဆိုင်စေကာမူ သူမက ဦးဆောင်သွားမည်ဖြစ်သည်။ သူမ၏ ဘုံကျောင်းတော်ကို ပထမဆုံး အခက်အခဲအဖြစ် ထားရှိလိုက်ခြင်းဖြင့် အခြားသူများ ကန့်ကွက်စရာ အကြောင်းမရှိတော့ပေ။
အတွေးတစ်ခုနှင့်အတူ ကွမ်ယင်ဗောဓိသတ်သည် ခေတ္တမျှ နက်နက်နဲနဲ စဉ်းစားလိုက်ပြီးနောက် အစီအစဉ်တစ်ခုကို ဆုံးဖြတ်လိုက်လေသည်။ သူမသည် လက်ချောင်းများဖြင့် ကြာပန်းပုံစံ ဟန်ပန်တစ်ခုကို ပြုလုပ်ကာ ညင်သာစွာ ညွှန်ပြလိုက်ရာ အလင်းတန်းတစ်ခုသည် ကောင်းကင်ယံ၌ လျှပ်တစ်ပြက် တောက်ပသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
...
ကွမ်ယင် ဘုံကျောင်းတော်အတွင်း၌မူ ကျန်းလျိုသည် ဗုဒ္ဓအား ရှိခိုးပူဇော်ခြင်းကို အမြန်အဆန် အဆုံးသတ်လိုက်ပြီးနောက် ကျင်းချီနှင့်အတူ တရားဓမ္မအကြောင်း ထိုင်၍ ဆွေးနွေးနေလေသည်။
ဤသို့ ဆွေးနွေးရာတွင် ကျင်းချီသည် မိမိကိုယ်ကို အလွန် နှိမ့်ချထားပြီး လမ်းညွှန်မှုများကို ရိုးသားစွာ တောင်းခံနေ၏။ အထူးသဖြင့် ကျန်းလျို၏ ပုံသဏ္ဌာန်မဲ့ ဂါထာတော်သည် လူသိများ ထင်ရှားနေပြီး ဖြစ်သောကြောင့်ပင်။
"အောမိတော်ဖော… ပုံသဏ္ဌာန်မဲ့ ဂါထာတော်က ကောင်းမွန်ပေမယ့် ကွမ်ယင်ဗောဓိသတ်က တပည့်တော်ကို အနောက်အရပ်က ကျမ်းစာတွေကို ပင့်ဆောင်ဖို့ လမ်းညွှန်ခဲ့တဲ့နေ့မှာ တပည့်တော် နောက်ထပ် ဂါထာတစ်ပုဒ်ကို ရေးဖွဲ့ခဲ့ပါသေးတယ်… အဲဒါကတော့ ဗောဓိဂါထာပါပဲ..."
ပုံသဏ္ဌာန်မဲ့ ဂါထာတော်အား ကျင်းချီမှ မရပ်မနား ချီးကျူးနေသည်ကို ကြားသောအခါ ကျန်းလျိုသည် ထိုသို့ပြောလိုက်ပြီး ဗောဓိဂါထာ၏ မူရင်းစာသားကို ရွတ်ဆိုပြလိုက်သည်။
“ဗောဓိ၌ မူလက မည်သည့် သစ်ပင်မျှ မရှိ တောက်ပသော ကြေးမုံသည်လည်း ခုံမဟုတ်ပေ…မူလကပင် အရာဝတ္ထု တစ်ခုမျှ မရှိခဲ့ပါလျှင်… ဖုန်မှုန့်တို့သည် မည်သည့်နေရာ၌ သွားရောက် ကပ်ငြိနိုင်အံ့နည်း…”
ဤဗောဓိဂါထာကို ကြားလိုက်ရသောအခါ ကွမ်ယင် ဘုံကျောင်းတော်အတွင်း လာရောက် နားထောင်နေကြသော ကျင်းချီနှင့် ရဟန်းများစွာတို့မှာ အလွန်တရာ အံ့ဩမှင်တက်သွားကြသည်။ ဤဗောဓိဂါထာ၏ အနှစ်သာရမှာ သိသိသာသာ အဆင့်တစ်ဆင့် ပိုမြင့်နေကြောင်း သဘောပေါက်သွားကြသည်။ သို့သော်လည်း မည်သည့်နေရာ၌ အတိအကျ ကောင်းမွန်နေသနည်း ဆိုသည်ကိုမူ လတ်တလောတွင် စကားဖြင့် ဖော်ပြရန် ခက်ခဲနေပေသည်။
"အောမိတော်ဖော… ဆရာတော်လေးက တကယ်ကို ကောင်းကင်အင်ပါယာက ဆရာတော်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်… အသက်ငယ်ပေမယ့် တရားဓမ္မအပေါ် နားလည်သဘောပေါက်မှုက တကယ်ကို အံ့မခန်းပါပဲ… ဆရာတော်လေးနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ နှစ်နှစ်ရာ သက်တမ်းက အလကား ဖြစ်သွားရပြီ..."
"တကယ်ကို ပညာသင်ယူတဲ့နေရာမှာ အစဉ်အဆက် ဆိုတာ မရှိပါဘူး… တတ်မြောက်တဲ့သူကသာ ဆရာပါပဲ..."
ဗောဓိဂါထာကို အတန်ကြာ သေချာစွာ ခံစားနားလည်ပြီးနောက် ကျင်းချီက ရိုးသားစွာ ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
"ဆရာတော်က မြှောက်ပြောနေပါပြီ… ဒီတရားဓမ္မ ဆွေးနွေးမှုကနေ ဆရာတော့်အတွက် အသိအမြင် တစ်ခုခု ရသွားတယ်ဆိုရင် အဲဒါက ဆရာတော့်ရဲ့ ကိုယ်ပိုင် ကံကောင်းမှုပါပဲ..."
မိမိအား ကျေးဇူးတင်နေသော ကျင်းချီ၏ နှိမ့်ချရိုသေသည့် ဟန်ပန်ကို မြင်သောအခါ ကျန်းလျိုသည် ခေါင်းယမ်းလိုက်ပြီး ပြန်လည် ဖြေကြားလိုက်လေသည်။
"ပုံသဏ္ဌာန်မဲ့ ဂါထာတော်နဲ့တင် တရားဓမ္မ ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ဖော်ပြနိုင်ပြီလို့ ထင်ခဲ့ပေမယ့်… ဒီဗောဓိဂါထာ ထွက်ပေါ်လာချိန်မှာတော့ နောက်ထပ် အဆင့်တစ်ဆင့်ကို တက်လှမ်းသွားပြီး လောကီနဲ့ ကင်းကွာတဲ့ သဘောတရားတွေကို သိမ်မွေ့စွာ ဖော်ပြနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး... ဒါပေမဲ့ တပည့်တော်တို့လို ဉာဏ်ရည်နိမ့်ပါးသူကတော့ ဒီကွာခြားချက်တွေရဲ့ အပေါ်ယံလောက်ကိုပဲ နားလည်နိုင်စွမ်း ရှိပါတယ်... ဆရာတော်လေးလည်း ဒီမှာ ရှိနေတာဆိုတော့… တပည့်တော်တို့ကို ထပ်ပြီး လမ်းညွှန်ပြသပေးရင် မကောင်းဘူးလား..."
နောက်ပိုင်း ရေးဖွဲ့ထားသော ဗုဒ္ဓဂါထာသည် ပို၍ ကောင်းမွန်သော်လည်း မည်သည့်နေရာ၌ အတိအကျ သာလွန်နေသနည်း ဆိုသည်မှာ ကျင်းချီဆရာတော် ရှင်းပြရန် ခက်ခဲနေသော ပဟေဠိတစ်ခု ဖြစ်နေလေသည်။
သူ၏စကားကြောင့် နားထောင်နေကြသော ရဟန်းများ၏ မျက်နှာတွင် မျှော်လင့်တကြီး အမူအရာများ ပေါ်လွင်လာပြီး အားလုံး၏ အာရုံသည် ကျန်းလျိုထံသို့ ရောက်ရှိသွားကြ၏။
"ရှင်းပြရမယ်... တပည့်တော်က ဘာကို ရှင်းပြရမှာလဲ..."
ကျင်းချီဆရာတော်၏ စကားများက ကျန်းလျိုအား တိတ်တဆိတ် ဒုက္ခရောက်သွားစေသည်။ သူသည် ဗုဒ္ဓဂါထာ နှစ်ပုဒ်ကို ရွတ်ဆိုပြခဲ့သော်လည်း ဗုဒ္ဓကျမ်းစာများကို ဖတ်ရှုခဲ့ဖူးခြင်း မရှိသလောက် နည်းပါးလှသောကြောင့် သူ၏ တရားဓမ္မအပေါ် နားလည်မှုမှာ လုံးဝ မရှိသလောက်ပင် ဖြစ်နေသည်။ သို့သော် သူ အခက်ကြုံနေချိန်မှာပင် သူ၏ ယခင်ဘဝက ကြုံတွေ့ခဲ့ဖူးသော ပုံပြင်လေးတစ်ပုဒ်ကို သတိရသွားကာ သူ၏ စိတ်ထဲတွင် အကြံတစ်ခု လင်းလက်သွားလေသည်။
"တစ်ခါတုန်းက ဆွမ်းခံထွက်ဖို့ တောင်ပေါ်ကနေ ဆင်းလာတဲ့ ကိုရင်လေး တစ်ပါးနဲ့ ဘုန်းကြီး တစ်ပါးကို ကျုပ် မြင်ဖူးတယ်..."
ကျန်းလျိုသည် လည်ချောင်းဟန့်လိုက်ပြီး ဗုဒ္ဓဂါထာ နှစ်ပုဒ်ကို ရှင်းမပြတော့ဘဲ ပုံပြင်လေးကို စတင် ပြောပြလေတော့သည်။
ကျန်းလျို စတင်ပြောဆိုလိုက်သည်ကို ကြားသည်နှင့် တစ်ပြိုင်နက် အားလုံးသည် သတိထားမိသွားကြပြီး နားစွင့်လိုက်ကြသည်။
"တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ… လမ်းဘေးမှာ ဒဏ်ရာရပြီး အကူအညီ လိုအပ်နေတဲ့ ငယ်ရွယ်လှပတဲ့ အမျိုးသမီး တစ်ဦးကို သူတို့ မထင်မှတ်ဘဲ တွေ့လိုက်ရတယ်... ကိုရင်လေးကတော့ ဝိနည်းတော်တွေကို သတိရနေတာကြောင့် သူမကို မကူညီရဲဘူး... ဒါပေမဲ့ ဘုန်းကြီးကတော့ သိပ်မစဉ်းစားတော့ဘဲ အဲဒီအမျိုးသမီးကို ကျောပိုးပြီး ဆေးကုသမှု ခံယူဖို့ တောင်အောက်ကို ဆင်းသွားတာကြောင့် သူမရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်..."
"ဝိနည်းတော်တွေအရ အမျိုးသမီးတွေအပေါ် တပ်မက်မှုကို ရှောင်ကြဉ်ရမယ်လို့ ဆိုထားပေမယ့်… ဘုန်းကြီးကြီးက ဒီစည်းမျဉ်းကို တုံ့ဆိုင်းမှုမရှိဘဲ ချိုးဖောက်ခဲ့တာက ကိုရင်လေးအတွက်တော့ အရမ်းကို ခေါင်းစားစရာ ဖြစ်နေခဲ့တယ်... နောက်ဆုံး ညနေရောက်တဲ့အခါ ဆက်ပြီး မမျိုသိပ်ထားနိုင်တော့တဲ့ ကိုရင်လေးက 'ဆရာတော် ဘာလို့ ဒီဝိနည်းကို ဒီလောက် လွယ်လွယ်ကူကူ ချိုးဖောက်ခဲ့တာလဲ' လို့ မေးလိုက်တယ်..."
"အို... ဒါဆို ဘုန်းကြီးက ဘယ်လို ပြန်ဖြေလိုက်လဲ..."
ကျင်းချီဆရာတော်သည် စကားမဖြတ်ဘဲ မနေနိုင်တော့ချေ။
"ဘုန်းကြီးက 'အဲဒီအမျိုးသမီးကို ငါတို့ တောင်ပေါ်ကနေ ထွက်လာကတည်းက ငါ ချထားခဲ့ပြီးပြီ… ဒါပေမဲ့ မင်းကတော့ ဒီလောက် ဝေးတဲ့အထိ ရောက်နေတာတောင် သူ့ကို မချရသေးဘူးပဲ' လို့ ပြန်ဖြေခဲ့တယ်..."
ဤစကားသည် ကွမ်ယင် ဘုံကျောင်းတော်ရှိ ရဟန်းများအားလုံးကို ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ အကြီးအကျယ် တုန်လှုပ်သွားစေသည်။
တိုတောင်းသော ပုံပြင်လေးတစ်ပုဒ် သာဖြစ်သော်လည်း ၎င်းတွင် ပါဝင်သော ဗုဒ္ဓဘာသာ၏ သဘောတရားမှာ အလွန်တရာ နက်နဲလှပြီး တွေးတောဆင်ခြင်စရာများ ဖြစ်စေခဲ့သည်။
ကျင်းချီဆရာတော်ပင်လျှင် ထိုအကြောင်းကို နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်ပြီးနောက် လက်အုပ်ချီကာ ကျန်းလျိုအား ဦးညွှတ်၍ ပြောလိုက်သည်။
"အောမိတော်ဖော… 'ပုံသဏ္ဌာန်မဲ့ ဂါထာတော်' က ကိုရင်လေးနဲ့ တူပြီး… လူတွေကို ဝိနည်းတွေကို လိုက်နာဖို့နဲ့ မိမိရဲ့ မူလသဘာဝကို ပေါ့ဆမှုမရှိဘဲ ထိန်းသိမ်းဖို့ သင်ကြားပေးတာပါပဲ... ဒါပေမဲ့ 'ဗောဓိဂါထာ' ကတော့ ဘုန်းကြီးလိုပဲ ပြင်ပအရာတွေ အားလုံးကို ကျော်လွန်နေခဲ့ပြီပဲ..."
"ဆရာတော်လေး… ဒီဗုဒ္ဓဂါထာ နှစ်ပုဒ်ကြားက ကွာခြားချက်ကို ရှင်းပြဖို့ ဒီပုံပြင်လေးကို သုံးလိုက်တာ တကယ်ကို ရှင်းလင်းပြီး မှတ်သားလောက်စရာပါပဲ... ကျုပ်လို ဘုန်းကြီးအိုကြီးတောင် အံ့မခန်း ဖြစ်ရပါတယ်..."
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတော်လေး..."
ကျင်းချီဆရာတော်၏ စကားများနောက်တွင် တက်ရောက်လာကြသော အခြားရဟန်းများကလည်း တစ်သံတည်း ပြောဆိုလိုက်ကြလေသည်။
"ဒါက ဗုဒ္ဓဒဿနတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ သက်သက်ပါပဲ... အရမ်းကြီး ရိုသေပြနေစရာ မလိုပါဘူး..."
ကျန်းလျိုက ဦးညွှတ်၍ ပြန်လည်ဖြေကြားလိုက်သည်။
***