အခန်း (၁၄၅-၁၄၆)
Vol. 11 Ch. 145-146
အပိုင်း(၁၄၅)
တရားဓမ္မ ဆွေးနွေးပွဲဟု ခေါ်သော ထိုပွဲမှာ မကြာမီ ပြီးဆုံးသွားခဲ့ပြီး ကျန်းလျိုသည် သူ၏ တရားဓမ္မ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ရန် သူ၏ ဇင်အခန်းသို့ ပြန်သွားခဲ့သည်။သို့သော်လည်း ဤဆွေးနွေးမှုက ကွမ်ယင် ကျောင်းတော်ရှိ လူတိုင်းအား လွန်စွာ အထင်ကြီးလေးစားသွားစေခဲ့သည်။ အထူးသဖြင့် 'ပုံသဏ္ဌာန်မဲ့ ဂါထာတော်' နှင့် 'ဗောဓိဂါထာ' တို့ကို နှိုင်းယှဉ်ထားသော တင်စားချက် ပုံပြင်လေးက အားလုံးကို နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်စေခဲ့သည်။
ကျန်းလျိုသည် ကွမ်ယင် ဘုံကျောင်းတော်တွင် နောက်ထပ် တစ်ရက်မျှ ထပ်မံ နေထိုင်သည်။ နေ့ဘက်တွင်လည်’ သိပ်လုပ်စရာ မရှိသောကြောင့် ကျန်းလျိုသည် သူ၏ ဇင်အခန်းထဲတွင် တံခါးပိတ်၍ ကောင်းကင်နဂါး ဓမ္မတေးသံကို လေ့ကျင့်ရာ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ အတွေ့အကြုံမှတ်များလည်း သိသိသာသာ တိုးလာခဲ့လေသည်။
ဖြစ်နိုင်လျှင် ကျန်းလျိုသည် ကွမ်ယင် ဘုံကျောင်းတော်တွင် အဆင့်များစွာ တက်နိုင်ရန် လအနည်းငယ်မျှ ကြာကြာ နေချင်သေးသည်။ ထိုသို့ဆိုလျှင် တကယ်ကို ကောင်းမွန်ပေမည်။ သို့ရာတွင် ကွမ်ယင် ဘုံကျောင်းတော်ရှိ ရဟန်းများ၏ ရူးသွပ်မတတ် ပြင်းပြသော စိတ်အားထက်သန်မှုကို တွေးမိသောအခါ ကျန်းလျိုသည် အနည်းငယ် လွှမ်းမိုးခံရသလို ခံစားလိုက်ရသည်။
ညဉ့်နက်ချိန်၌ အနောက်အရပ်မှ သတိမပြုမိနိုင်သော တောက်ပမှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ကျင်းချီဆရာတော်၏ ဇင်အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ခြေချိတ်ထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို လေ့ကျင့်နေသော ကျန်းလျိုကတော့ သိရှိလိုက်ခြင်း မရှိပေ။ သို့သော် အခန်း၏ ထုပ်တန်းပေါ်တွင် လှဲလျောင်းနေသော စွန်းဝူခုန်းမှာမူ သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ အချိန်နှင့် ဟင်းလင်းပြင် နယ်နိမိတ်များကို ဖြတ်ကျော်သွားသကဲ့သို့ သူ၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ထိုမျောက်မင်းသည် ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။ သူ၏အပြုံးတွင် ပြောင်လှောင်လိုစိတ် အပြည့် ပါဝင်နေလေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် မိုးလင်းစ အရုဏ်ဦး၏ ပထမဆုံး အလင်းရောင်နှင့်အတူ ကောင်းကင်ကြီး ရောင်နီပျိုးလာချိန်တွင် ကျန်းလျိုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။ တစ်ညတာ ကျင့်ကြံခြင်းက သူ့အတွက် အတွေ့အကြုံမှတ် ၁၀,၀၀၀ ကျော်ကို ရရှိစေခဲ့ပြီး ၎င်းမှာ ကျန်းလျိုအတွက် ယခင်ကထက် ပိုမိုမြန်ဆန်သော ရရှိမှုနှုန်း ဖြစ်သည်။ ကောင်းကင်နဂါး ဓမ္မတေးသံ၏ တတိယအဆင့်ကို အမှန်ပင် အထင်သေး၍ မရပေ။
ကံမကောင်းစွာဖြင့် သူသည် အတွေ့အကြုံမှတ်ဘားကို မမြင်နိုင်ချေ။ ထိုနေ့က ရရှိခဲ့သော အတွေ့အကြုံမှတ် ၅၀၀,၀၀၀ က သူ့ကို အဆင့် ၂၃ သို့ ရောက်ရှိစေခဲ့သော်လည်း အဆင့် ၂၄ နှင့် မည်မျှ ဝေးကွာနေသေးသည်ကိုမူ သူ လုံးဝ မသိရှိပေ။
ကျန်းလျို ထလာပြီး ဇင်အခန်း၏ တံခါးကို ဖွင့်လိုက်ချိန်တွင် ရဟန်းများစွာသည် အပြင်ဘက်၌ စောင့်ဆိုင်းနေကြပြီး ယမန်နေ့ကကဲ့သို့ပင် တစ်ဦးစီတိုင်းက မိမိတို့ မျက်နှာသစ်ရန် ပစ္စည်းများ၊ နံနက်စာနှင့် သစ်သီး သရေစာများကို ကိုင်ဆောင်ထားကြသည်ကို တွေ့လိုက်ရသည်။
"ရွှမ်ကျန်းဆရာတော်... ကျေးဇူးပြုပြီး သန့်စင်လိုက်ပါဦး..."
ရဟန်းတိုင်းက ကျန်းလျိုအား ခေါ်ဝေါ်ရာတွင် သူတို့၏ မျက်လုံးများ၌ ရူးသွပ်မတတ် ကြည်ညိုလေးစားမှုများဖြင့် တောက်ပနေကြသည်။
တစ်ချိန်တည်းမှာပင် ကျင်းချီဆရာတော်သည်လည်း နိုးလာပြီး မျက်နှာသစ်နေစဉ် ရဟန်းများစွာက ကျန်းလျို၏ ဇင်အခန်းဆီသို့ သွားနေကြသည်ကို အချိန်ကိုက် တွေ့လိုက်ရသည်။ ထိုရဟန်းငယ်များသည် ယမန်နေ့ကထက်ပင် ပိုမို စိတ်အားထက်သန်နေပုံ ပေါ်သည်။ ယမန်နေ့ညက တရားဓမ္မနှင့် ပတ်သက်သည့် ဆွေးနွေးပွဲသည် သူ၏ ဂုဏ်သတင်းကို ကြီးမားစွာ တိုးတက်စေခဲ့သည်မှာ ထင်ရှားလှပေသည်။ ဤမြင်ကွင်းကို ကြည့်ရင်း ကျင်းချီဆရာတော်၏ မျက်မှောင် အနည်းငယ် ကုတ်သွားလေသည်။
၎င်းသည် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်သော်လည်း အကယ်၍ ပြိုင်ပွဲတစ်ခုအနေနှင့် သတ်မှတ်မည်ဆိုလျှင် သူ ရှုံးနိမ့်သွားသည် မဟုတ်ပါလော။ ကွမ်ယင် ဘုံကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် တစ်ပါးအနေဖြင့် ထိုသို့ ရှုံးနိမ့်ခဲ့ရခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို အတော်လေး ထိခိုက်စေခဲ့သည်။
ထပ်မံ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကွမ်ယင် ဘုံကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် အနေဖြင့် သူ မျက်နှာသစ်ရာတွင် လူတစ်ယောက်သာ ပြုစုစောင့်ရှောက်ပေးသည်။ သို့သော်လည်း ထိုရွှမ်ကျန်းတွင်မူ သူ့အား အစေခံရန် လုယက်နေသူ တစ်ဒါဇင်ခန့် ရှိနေပေသည်။ ဤအချက်က ကျင်းချီဆရာတော်၏ စိတ်နှလုံးကို ပို၍ပင် မတည်မငြိမ် ဖြစ်စေခဲ့သည်။
ကွမ်ယင် ဘုံကျောင်းတော်၏ အကြီးအကဲ အစစ်အမှန်က သူလား သို့မဟုတ် ရွှမ်ကျန်းလား။
အတော်လေး အနှောင့်အယှက်ဖြစ်စွာဖြင့် ကျင်းချီဆရာတော်သည် ကျန်းလျို၏ ဇင်အခန်းသို့ သွားရောက်ခဲ့ရာ သူ့အား ရဟန်းတစ်ဒါဇင်ခန့် ပြုစုစောင့်ရှောက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူက ဒေါသတကြီး ဆူပူလိုက်လေသည်။
"မင်းတို့အားလုံး ဘာတွေ လုပ်နေကြတာလဲ... ဒါက ဘယ်လို အပြုအမူမျိုးတွေလဲ...”
"ဆရာတော်..."
ကျင်းချီဆရာတော်၏ စကားများကို ကြားပြီး သူ၏ ဒေါသကို ခံစားမိသောအခါ ရဟန်းများအားလုံးသည် ခေါင်းငုံ့သွားကြပြီး သူ့အား မော့မကြည့်ရဲကြတော့ချေ။
"ရွှမ်ကျန်းဆရာတော်က အဝေးကြီးကနေ လာခဲ့တာဆိုတော့ ငါတို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံသင့်တာတော့ မှန်တယ်... ဒါပေမဲ့ မင်းတို့ရဲ့ အခုလို အပြုအမူတွေက ဆရာတော့်ကို အနှောင့်အယှက် ပေးနေသလို ဖြစ်နေပြီ... အခုချက်ချင်း ထွက်သွားကြစမ်း..."
ကျင်းချီဆရာတော်သည် တင်းမာစွာ အမိန့်ပေးလိုက်၏။
ဤသို့ ဆူပူကြိမ်းမောင်းခံရသောအခါ ရဟန်းများမှာ ကြောက်ရွံ့သွားကြပြီး ပြန်လည် မပြောရဲကြတော့ပေ။ သူတို့သည် ခေါင်းငုံ့ကာ အမြန်ထွက်ခွာသွားကြရာ တစ်ပါးမျှပင် ကျန်ရစ်မနေတော့ချေ။
ကွမ်ယင် ဘုံကျောင်းတော်ရှိ တပည့်များ၏ အလွန်အမင်း စိတ်အားထက်သန်သော အပြုအမူများက အနည်းငယ် လွန်ကဲနေသည်မှာ မှန်သော်လည်း ကျင်းချီဆရာတော်၏ ကြားဝင်ဟန့်တားမှုက ကျန်းလျိုအား အနည်းငယ် အံ့အားသင့်သွားစေသည်။
တစ်ညတည်း မတွေ့လိုက်ရသည်နှင့် ကျင်းချီဆရာတော်က စိတ်ပြောင်းသွားသည်လား...။
"အောမိတော်ဖော… ကျောင်းတော်က တပည့်တွေက စည်းကမ်းမရှိကြတော့ ဆရာတော့်ကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီ..."
တပည့်များကို မောင်းထုတ်ပြီးနောက် ကျင်းချီဆရာတော်က ကျန်းလျိုအား ပြောလိုက်သည်။
"ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး… ကိစ္စသေးသေးလေးပါ..."
ကျန်းလျိုက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"ဆရာတော်က သက်ရှိသတ္တဝါတွေ အားလုံးအတွက် စစ်မှန်တဲ့ ကျမ်းစာတွေကို ပင့်ဆောင်ဖို့ အနောက်အရပ်ကို ခရီးနှင်နေတာပဲ... ကျမ်းစာတွေကို တစ်ရက်စောစော ရလေလေ သတ္တဝါတွေကို ဒုက္ခဆင်းရဲကနေ တစ်ရက်စောစော ကယ်တင်နိုင်လေလေပါပဲ... အခုလည်း အချိန်နှောင်းနေပြီဆိုတော့… ဆရာတော် အမြန်ဆုံး ခရီးဆက်သင့်တယ်..."
ကျင်းချီဆရာတော်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
ကျင်းချီဆရာတော်၏ စကားကြောင့် ကျန်းလျိုမှာ ဆွံ့အသွားခဲ့သည်။ ထိုဘုန်းတော်ကြီးအိုကြီးက သူ့ကို နှင်ချနေသည်လား။
ယခင်ကလည်း သူ ဤသို့ ပြောခဲ့ဖူးသော်လည်း ကျန်းလျိုက တရားဓမ္မ ဆွေးနွေးမည်ဆိုသော အကြောင်းပြချက်ဖြင့် အာပေါက်မတတ် ဖျောင်းဖျပြောဆိုခဲ့ပြီးမှ နေထိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ ယခု ဒုတိယနေ့ ရောက်မှပင် ကျင်းချီဆရာတော်က ဤကိစ္စကို ထပ်ပြောနေပြန်ပြီ ဖြစ်သည်။
"ကျင်းချီဆရာတော်… ဒီနေ့ ဆရာတော့်ရဲ့ စိတ်အခြေအနေ သိပ်မကောင်းဘူး ထင်တယ်နော်..."
ကျန်းလျိုသည် အလျင်စလို ပြန်မဖြေဘဲ ကျင်းချီဆရာတော်အား ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
ကျင်းချီဆရာတော်သည် ယဉ်ကျေးပျူငှာပုံ ပေါက်နေဆဲ ဖြစ်သော်လည်း ကျန်းလျိုမှာ လူပိန်း တစ်ယောက်မဟုတ်ပေ။ ယနေ့တွင် ကျင်းချီဆရာတော်သည် ယမန်နေ့ကထက် များစွာ ခပ်တန်းတန်း နိုင်နေပြီး လှိုက်လှဲမှု မရှိတော့ကြောင်း သူ ရှင်းလင်းစွာ ခံစားမိလေသည်။
"ဆရာတော်က နောက်နေပြန်ပါပြီ… ငါကတော့ အရင်လိုပါပဲ… ရှေးဟောင်းရေတွင်းလို ငြိမ်သက်နေတဲ့ ဇင်နှလုံးသားနဲ့ပါပဲ..."
ကျင်းချီဆရာတော်က အနည်းငယ် ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
"အဲဒါဆို...ဒီရဟန်းငယ်က ဆရာတော် မနှစ်သက်စရာ တစ်ခုခုများ လုပ်မိလို့လား..."
ကျန်းလျိုသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
"ဒါက..."
ဤစကားကို ကြားသောအခါ ကျင်းချီဆရာတော်သည် မသိမသာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက်...
"ဆရာတော့်ကို သင်္ကန်းတစ်စုံ လှူဒါန်းမယ်လို့ ကျွန်တော် ကတိပေးထားခဲ့တယ်လေ... ကျေးဇူးပြုပြီး ရွေးချယ်ဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ..."
စကားလမ်းကြောင်းလွှဲကာပြောလိုက်လေသည်။
"အောမိတော်ဖော… ဆရာတော့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... အနောက်ဘက်ကောင်းကင်ဘုံကို သွားမယ့် ဒီခရီးစဉ်မှာ အချိန်တွေ အများကြီး ထပ်မဖြုန်းသင့်တော့တာ အမှန်ပါပဲ... ဆရာတော့်ကို နှုတ်ဆက်ခွင့်ပြုပါ..."
ကျန်းလျိုသည် ကျင်းချီဆရာတော်၏ သင်္ကန်းလှူဒါန်းမည့် ကမ်းလှမ်းမှုကို ခေါင်းယမ်း၍ ပြန်ပြောလိုက်ပြီး လက်ခံမည့် အစီအစဉ် မရှိကြောင်း ပြသလိုက်သည်။
ကျင်းချီဆရာတော်သည် ခေတ္တမျှသာ ရပ်တန့်သွားခဲ့သော်လည်း အထူးသဖြင့် စကားလမ်းကြောင်း လွှဲသွားမှုကြောင့် တစ်ခုခု မှားယွင်းနေကြောင်း ကျန်းလျို ခံစားလိုက်ရသည်။ ကျင်းချီဆရာတော်သည် သူ့အပေါ် မကျေမနပ် ဖြစ်နေကြောင်း သိသာထင်ရှားလှပေသည်။
အကြောင်းရင်းကို မသိရသော်လည်း တစ်စုံတစ်ယောက်က မိမိအပေါ် အေးစက်စက် ဆက်ဆံနေပြီဆိုလျှင် သူက မျက်နှာပြောင်တိုက်ပြီး ဆက်နေရဲဦးမည်လော။
"အောမိတော်ဖော… ဒီရဟန်းအိုကြီးက ကတိတည်ပါတယ်... ဆရာတော် ငါနဲ့ လိုက်ခဲ့ပါ..."
ကျင်းချီဆရာတော်က ပြောလိုက်သည်။ သူသည် အနည်းငယ် မနာလိုဖြစ်ကာ ကျန်းလျိုအား ချက်ချင်း ထွက်သွားစေချင်သော်လည်း နံသာတိုင် အမာရွတ် တစ်ဆယ့်နှစ်ခု ရှိသော ဆရာတော် တစ်ပါး၏ အဆင့်အတန်းအရ ကျန်းလျိုအား စော်ကားရန် အကြံအစည် မရှိဘဲ သင်္ကန်းတစ်စုံ လက်ဆောင်ပေးရန် တင်းခံနေခြင်း ဖြစ်သည်။
"ဒါဆိုရင်လည်း… ဆရာတော့်ရဲ့ စေတနာကို ဒီရဟန်းငယ်က မငြင်းဆန်တော့ပါဘူး..."
ကျန်းလျိုသည် ခဏမျှ စဉ်းစားပြီးနောက် ကမ်းလှမ်းမှုကို မငြင်းတော့ဘဲ လက်ခံလိုက်လေတော့သည်။
***
အပိုင်း(၁၄၆)
ကျန်းလျိုတို့သည် ကျင်းချီဆရာတော်၏ လမ်းပြမှုဖြင့် ကွမ်ယင် ဘုံကျောင်းတော်၏ ရတနာခန်းအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
ရတနာခန်း ပွင့်သွားသောအခါ ထိုမြင်ကွင်းက တကယ်ကို အံ့မခန်းပင်။ တန်ဖိုးကြီးမားသော စွမ်းအင်များနှင့်အတူ ရတနာများသည် တောက်ပနေလေသည်။ ၎င်းတို့သည် ရွှေနှင့် ကျောက်မျက်ရတနာများကဲ့သို့ သာမန် လောကီပစ္စည်းများ မဟုတ်ဘဲ သင်္ကန်းများ၊ ဇင်တောင်ဝှေးများနှင့် သစ်သားငါး ခေါက်တုံးများကဲ့သို့သော ဗုဒ္ဓဘာသာ အသုံးအဆောင် ပစ္စည်းမျိုးစုံ ဖြစ်ကြသည်။
ထိုအထဲတွင် သင်္ကန်းများမှာ အရေအတွက် အများဆုံး ဖြစ်လေသည်။
"ဆရာတော်… ဒါကတော့ ပုလဲသင်္ကန်းပါပဲ... ပုတီးစေ့တိုင်းကို အရည်အသွေးမြင့် ပုလဲတွေနဲ့ သီကုံးထားတာပါ..."
"ဒါကတော့ ရွှေစစ်စစ်ကနေ ထုတ်ယူထားတဲ့ အပ်ချည်ကြိုးတွေနဲ့ ယက်လုပ်စီခြယ်ထားတဲ့ ရွှေပိုးကြိုးသင်္ကန်းပါ..."
"ဒီသင်္ကန်းကတော့ ပိုပြီး အဖိုးတန်သေးတယ် နှစ်တစ်ရာ သက်တမ်းရှိတဲ့ နှင်းပိုးကောင်တွေရဲ့ ပိုးချည်တွေနဲ့ ရက်လုပ်ထားတာလေ... ဒီသင်္ကန်းကို ရုံထားရင် ဆောင်းရာသီမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြစေတယ်..."
"သေချာတာပေါ့… ဒီသင်္ကန်းတွေမှာ ဗုဒ္ဓတရားတော်ရဲ့ ကောင်းချီးတွေလည်း ပါဝင်တယ်... ဒါတွေကို ဝတ်ဆင်ထားရင် မိစ္ဆာတွေရဲ့ အဆိပ်အတောက်ကနေ ကာကွယ်ပေးနိုင်တယ်... ဆရာတော် မျက်စိကျတဲ့ တစ်စုံတစ်ရာ ရှိမယ်ဆိုရင် ဒီရဟန်းအိုကြီးက လက်ဆောင်အဖြစ် ဆက်ကပ်ချင်ပါတယ်..."
ကျင်းချီဆရာတော်က ကမ်းလှမ်းလိုက်လေသည်။
မည်သို့ပင်ဆိုစေ... ကျင်းချီဆရာတော်သည် နံသာတိုင် အမာရွတ် ရှစ်ခုကို ပိုင်ဆိုင်ထားပြီး နှစ်ပေါင်း ၂၀၀ တိုင်အောင် အသက်ရှင်နေထိုင်လာခဲ့သော အလွန်တရာ ကြည်ညိုလေးစားခံရသည့် ဆရာတော်တစ်ပါး ဖြစ်ပေသည်။ သူသည် အသက်အရွယ် ကြီးရင့်နေပြီဟု ထင်ရသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ အထင်ကြီးလောက်စရာပင် ဖြစ်သည်။ ဤရတနာများအားလုံးသည် ထူးခြားသော အံ့ဖွယ်စွမ်းရည် အသီးသီး ပါရှိကြသည့် ဗုဒ္ဓရတနာများ ဖြစ်ကြပေသည်။
"ဒါဆိုရင်… ဒီသင်္ကန်းတွေ အားလုံးက အရည်အသွေးမြင့် ပစ္စည်းတွေပေါ့..."
ကျန်းလျိုသည် သင်္ကန်းအချို့ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်၍ စစ်ဆေးကြည့်လိုက်ရာ သက်ဆိုင်ရာ ဂုဏ်သတ္တိ အချက်အလက်များ ပေါ်လာသောကြောင့် သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာလေသည်။
ဤသင်္ကန်းများ၏ ဂုဏ်သတ္တိ အချက်အလက်များမှာ အမှန်တကယ်ပင် အလွန် ကောင်းမွန်လှပေသည်။ အနည်းဆုံးတော့ ၎င်းတို့အားလုံးမှာ အရည်အသွေးမြင့် ပစ္စည်းများ ဖြစ်ကြသည်။
ကျင်းချီဆရာတော်သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ဘေးမှ တိတ်ဆိတ်စွာ ရပ်ကြည့်နေ၏။ ကျန်းလျို၏ မျက်လုံးများထဲရှိ ပြင်းပြသော အကြည့်ကို သတိပြုမိသောအခါ ရွှမ်ကျန်းဆရာတော်က ၎င်းတို့၏ အမှန်တကယ် တန်ဖိုးကို သိရှိသွားပြီဟု တွေးကာ သူသည် စိတ်ထဲမှ မပြုံးဘဲ မနေနိုင်တော့ချေ။
တစ်ဖက်လူတွင် နံသာတိုင် အမာရွတ် တစ်ဆယ့်နှစ်ခု ရှိနေခြင်းက သူ့ထက် အမှန်တကယ် များပြားနေသောကြောင့် ကျင်းချီဆရာတော်သည် မနာလို ဖြစ်မိသော်လည်း ဘာမှ မတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရုံသာ ရှိသည်။
သို့ရာတွင် ယခုအခါ ဤအဖိုးတန် သင်္ကန်းများကို အငမ်းမရ ကြည့်နေသော ကျန်းလျို၏ အကြည့်ကို မြင်လိုက်ရသောအခါ ကျင်းချီဆရာတော်၏ စိတ်ထဲတွင် ရုတ်တရက် ကျေနပ်သွားသလို ခံစားလိုက်ရလေသည်။
ကျန်းလျိုသည် ကောင်းကင်အင်ပါယာမှ ဆရာတော်တစ်ပါး ဖြစ်သော်လည်း သူ့ထံတွင် ရတနာများစွာ ရှိပုံမပေါ်ချေ။ ဤသို့ တွေးမိသောအခါ ကျင်းချီဆရာတော်သည် သူ့ထံတွင် တစ်ဖက်လူထက် သာလွန်နိုင်သည့် နေရာတစ်ခု အနည်းဆုံး ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
ဤအတွေးဖြင့် မူလကတည်းက မနာလို ဖြစ်နေသော ကျင်းချီဆရာတော်သည် ရွှမ်ကျန်းဆရာတော်အား ဖိနှိပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။
"အောမိတော်ဖော… ရွှမ်ကျန်းဆရာတော်က ပိုပြီး ကြွယ်ဝချမ်းသာတဲ့ ကောင်းကင်အင်ပါယာကနေ လာခဲ့တာပဲ... ဒီရဟန်းအိုကြီး မျက်စိကျယ်သွားအောင် ဆရာတော်ဆီမှာ ဘယ်လို ရတနာတွေ ပါလာသလဲဆိုတာ မေးခွင့်ပြုပါ..."
ကျင်းချီဆရာတော်က မေးလိုက်သည်။
ကျင်းချီဆရာတော်၏ စကားကို ကြားသောအခါ ကျန်းလျိုမှာ အံ့အားသင့်သွားပြီး သူ၏ လက်ထဲရှိ ပုလဲသင်္ကန်းကို ချထားကာ တစ်ဖက်လူကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
‘အရင်တုန်းက သူက ကြွားဝါဖို့ ငြင်းဆန်နေခဲ့တာ မလား... အခုကျမှ ရုတ်တရက်ကြီး ဘာထဖြစ်တာလဲဟ...’
ယနေ့ ကျင်းချီဆရာတော်သည် သူ၏ ပုံမှန် အခြေအနေမျိုး မဟုတ်သည်မှာ အလွန်ပင် ထင်ရှားလှပေသည်။ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၌ အခက်အခဲရှစ်ဆယ့်တစ်ပါးသည် အခွင့်အရေးရှစ်ဆယ့်တစ်ပါးလည်း ဖြစ်ပေသည်။ သို့ဖြစ်၍ ကျန်းလျို ပထမဆုံး ရောက်ရှိလာချိန်တွင် ကွမ်ယင် ဘုံကျောင်းတော်မှ လူများ၏ အေးတိအေးစက် စကားများအပြင် မူရင်းဝတ္ထုမှ ကြိုတင်သိရှိထားသည့် အချက်များကြောင့် သူသည် ဇာတ်လမ်းကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်ဆွဲတင်ရန် ဆန္ဒရှိခဲ့သည်။
သို့ရာတွင် သူ၏ ဦးခေါင်းထက်ရှိ နံသာတိုင် အမာရွတ်များကို ထုတ်ဖော်ပြသလိုက်သောအခါ ကွမ်ယင် ဘုံကျောင်းတော်ရှိ ရဟန်းများက သူ့အပေါ် အလွန် ရိုသေလေးစားစွာ ဆက်ဆံလာကြသည်။ထို့အပြင် ကျင်းချီဆရာတော်ကလည်း ငွေကြေးနှင့် သင်္ကန်းတို့ကို လှူဒါန်းရန် ကမ်းလှမ်းလာသောကြောင့် ကျန်းလျိုအနေဖြင့် သူတို့အပေါ် အကြမ်းဖက်ရန် မည်သို့ အကြောင်းပြချက် ရှာနိုင်မည်နည်း။
ထို့ကြောင့် သူသည် သူတို့အပေါ် အကြံအစည်ထုတ်ခြင်းကို ရပ်တန့်ခဲ့လေသည်။
သို့သော် တစ်ညတာ အိပ်စက်ပြီးနောက် နိုးထလာချိန်တွင် ကျင်းချီဆရာတော်သည် လုံးဝ ပြောင်းလဲသွားကာ မူရင်းဝတ္ထုထဲက ပုံစံအတိုင်း တစ်ထပ်တည်း ဖြစ်သွားခဲ့ချေပြီ ဖြစ်သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။
"အောမိသောဖော... ဒီရဟန်းငယ်က ဒီခရီးစဉ်မှာ ဘယ်လို ရတနာမှ ယူမလာခဲ့ပါဘူး..."
ကျန်းလျိုသည် စိတ်ထဲ၌ အတွေးပေါင်းများစွာ ရှုပ်ထွေးနေသော်လည်း မျက်နှာကို တည်ငြိမ်စွာထားပြီး ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။
ကျင်းချီဆရာတော် ပြောင်းလဲသွားရခြင်း၏ အကြောင်းရင်းကို နားမလည်သော်လည်း ကျန်းလျိုသည် သူ့အား ထိခိုက်နစ်နာစေလိုခြင်း မရှိသေးသဖြင့် သင်္ကန်းကို ထုတ်ပြရန် အကြံအစည် မရှိခဲ့ပေ။
ကျန်းလျို၏ အဖြေက ကျင်းချီဆရာတော်ကို ဝမ်းမြောက်သွားစေခဲ့၏။ သူသည် ထိုဆရာတော်ထက် သာလွန်သည့် နေရာတစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားပြီဟု ခံစားလိုက်ရလေသည်။
သို့ရာတွင် သူ၏ ဝမ်းမြောက်မှုသည် လျင်မြန်စွာပင် ဒေါသအဖြစ်သို့ ပြောင်းလဲသွား၏။ သူက ကျန်းလျိုကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"ဟမ့်... ဆရာတော်က ကြီးမြတ်တဲ့ ကောင်းကင်အင်ပါယာကနေ လာတာဖြစ်ပြီး ကွမ်ယင်ဗောဓိသတ်နဲ့ ထန်ဧကရာဇ် နှစ်ပါးစလုံးရဲ့ အမိန့်တော်နဲ့ အနောက်ဘက်ကောင်းကင်ဘုံကို သွားမယ့် တာဝန်ကို ယူထားတာပဲ... ဘယ်လိုလုပ် ရတနာတွေ မပါဘဲ နေမှာလဲ... ငါတော့ မယုံပါဘူး... ဆရာတော်ရယ်... ကျေးဇူးပြုပြီး နှမြောမနေပါနဲ့..."
ကျင်းချီဆရာတော်၏ စကားများကို ကြားသောအခါ ကျန်းလျို၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့မလို ခံစားလိုက်ရ၏။
သို့သော် ကျန်းလျိုသည် ဒေါသမထွက်ခဲ့ဘဲ ဤအရာအားလုံးကို ခြယ်လှယ်နေသည့် မမြင်ရသော လက်တစ်ဖက် ရှိနေကြောင်း ခံစားလိုက်ရသည်။ အကယ်၍ သူသာ ဒေါသထွက်လိုက်မည်ဆိုလျှင် အခြားသူတစ်ယောက်၏ အကြံအစည်ထဲသို့ တန်းတန်းမတ်မတ် ကျဆင်းသွားမည်သာ ဖြစ်ပေသည်။
ကျန်းလျိုသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ၏ ဒေါသကို မြိုသိပ်လိုက်ပြီး လှည့်ကာ ကျင်းချီဆရာတော်အား စူးစိုက်ကြည့်လိုက်သည်။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေရတာလဲ..."
ကျန်းလျိုသည် ဒေါသထွက်နေသော်လည်း သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျင်းချီဆရာတော်မှာ ဇဝေဇဝါ ဖြစ်သွားလေသည်။
"ဆရာတော်... စကားကို ဝေ့လည်ချောင်ပတ် လုပ်မနေတော့နဲ့… တပည့်တော် ဆရာတော့်ကို ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ထင်ပါတယ်... ဘာလို့ ဒီနေ့ တပည့်တော် ပစ်မှတ်ထားနေရတာလဲ... တပည့်တော် လုပ်မိတဲ့ အမှားတစ်ခုခု ရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."
ကျန်းလျိုက ကျင်းချီဆရာတော်ကို စိုက်ကြည့်ရင်း တဲ့တိုးပင် ပြောလိုက်သည်။
"ဒါက..."
ကျန်းလျို၏ စကားကြောင့် ကျင်းချီဆရာတော်မှာ အံ့အားသင့်သွားပြီး မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။
"အလျင်စလို မငြင်းပါနဲ့... တပည့်တော် ဆရာတော် မနှစ်သက်စရာ တစ်ခုခုများ လုပ်မိလို့လားလို့ ခုနကပဲ မေးခဲ့တယ်နော်... ဆရာတော် ဝန်မခံခဲ့ပေမယ့် ငြင်းလည်း မငြင်းခဲ့ဘူး... ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ ဆရာတော်... အကယ်၍ တပည့်တော် မှားနေတယ်ဆိုရင်လည်း ရိုးသားစွာ တောင်းပန်ဖို့ အသင့်ပါပဲ..."
ကျန်းလျိုသည် ကျင်းချီဆရာတော်အား ဆင်ခြေပေးရန် အခွင့်အရေး မပေးတော့ဘဲ ဆက်ပြောလိုက်သည်။
"မဟုတ်ပါဘူး... ဘာမှ မရှိပါဘူး... မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး..."
ကျန်းလျို၏ ပွင့်လင်းလှသော မေးခွန်းများကြောင့် အလစ်အငိုက် မိသွားပြီး အကျပ်ရိုက်သွားကာ ကျင်းချီဆရာတော်သည် ခေါင်းယမ်းလိုက်လျက် ပြန်ဖြေလိုက်သည်။
"တပည့်တော် ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုရင် ဘာလို့ ဒီနေ့ တပည့်တော်နဲ့ ပတ်သက်သမျှ အားလုံးကို မနှစ်မြို့စရာလို့ ထင်နေရတာလဲ..."
ကျန်းလျိုသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကျင်းချီဆရာတော်အား တည်ငြိမ်သော အကြည့်ဖြင့် ရင်ဆိုင်ကာ မေးလိုက်သည်။
သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းအဆင့်အရ အလွန် ကွာခြားလှသော်လည်း ကျန်းလျိုသည် ဩဇာတိက္ကမပိုင်းတွင် ကျင်းချီဆရာတော်အား အခိုင်အမာ လွှမ်းမိုးထားနိုင်လေသည်။
ကျင်းချီဆရာတော်၏ ငြင်းဆိုမှုကို မစောင့်တော့ဘဲ ကျန်းလျိုက ထပ်လောင်းပြောလိုက်သည်။
"မလိမ်ပါနဲ့... ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး အနေနဲ့ မုသားစကား မဆိုသင့်ဘူးဆိုတာကို ဆရာတော် ပိုသိမှာပါ..."
"ငါ... ငါ..."
ကျန်းလျို၏ စကားများကြောင့် အထီးကျန် ထောင့်ကပ်သွားသလို ခံစားရပြီး ကျင်းချီဆရာတော်မှာ စကားထစ်သွားလေသည်။
ရုတ်တရက် ကျင်းချီဆရာတော်သည် သတိပြန်ဝင်လာပုံ ရလေသည်။
အမှန်တကယ် ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် ရွှမ်ကျန်းဆရာတော်သည် မည်သည့်အမှားမျှ မလုပ်ခဲ့ပေ။ သို့သော် ယနေ့တွင် သူသည် အဘယ်ကြောင့် ဤသို့ ပြုမူနေရသနည်း။ အဘယ်ကြောင့် မနာလိုဖြစ်ကာ သူနှင့်ပတ်သက်သမျှ အားလုံးကို မနှစ်မြို့စရာဟု ထင်နေရသနည်း။
ဝန်ခံရမည်လော...။ သူသည် အကြောင်းပြချက်မရှိဘဲ သူ့ကို ပစ်မှတ်ထားခဲ့ကြောင်း မည်သို့ နှုတ်ဟ၍ ဝန်ခံနိုင်မည်နည်း။
ငြင်းဆိုရမည်လော...။ ရဟန်းတို့မည်သည် မုသားစကား မဆိုသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့သော ငြင်းဆိုမှုကို သူ မည်သို့ ထုတ်ဖော်ပြောဆိုနိုင်မည်နည်း။
"ငါ... ငါ..."
ကျန်းလျို ရှေ့သို့ တိုးလာသည်နှင့်အမျှ ကျင်းချီဆရာတော်သည် နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားလေသည်။
ခဏအကြာတွင် ကျင်းချီဆရာတော်သည် မျက်ရည်များ ပြည့်နှက်လာကာ ငိုကြွေးလေတော့သည်။
"ရွှမ်ကျန်းဆရာတော်... ငါ ဘာဖြစ်သွားမှန်း ငါ့ကိုယ်ငါ မသိတော့ဘူး... ငါက ငါမဟုတ်တော့သလို ခံစားနေရတယ်... ဒီနေ့ ဘာလို့ ဒီလိုမျိုး ပြုမူနေမိလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်... ကျောင်းတော်က တပည့်တွေ ဆရာတော့်ကို အလုအယက် မြှောက်ပင့်နေကြတာကို မြင်တော့ ငါ့ရင်ထဲမှာ မနာလိုမှုတွေ ဒေါသတွေ ပြည့်နှက်သွားခဲ့တယ်... ဒါတွေအားလုံး ငါ့အမှားတွေပါပဲ..."
***