အခန်း (၁၄၇-၁၄၈)
Vol. 11 Ch. 147-148
အပိုင်း(၁၄၇)
ကျင်းချီဆရာတော်သည် သနားစဖွယ် ငိုကြွေးနေပြီး မျက်ရည်များမှာလည်း ပိုးပိုးပေါက်ပေါက် ကျဆင်းနေလေသည်။ အစပိုင်းတွင် ဒေါသကြောင့် မျက်ကန်းဖြစ်နေပြီး သတိမထားမိခဲ့သော်လည်း ကျန်းလျိုက ဤမျှ တဲ့တိုး မေးခွန်းထုတ်လိုက်သောအခါ သူသည် သတိပြန်ဝင်လာပြီး နက်ရှိုင်းသော နောင်တများဖြင့် ပြည့်နှက်သွားခဲ့သည်။
၎င်းမှာ ရုတ်တရက် အကြောင်းပြချက်မရှိ ဒေါသပေါက်ကွဲကာ စိတ်လိုက်မာန်ပါ လုပ်ရပ်များကို ကျူးလွန်မိပြီးနောက် အသိတရား ပြန်ဝင်လာချိန်တွင် အဆုံးမဲ့ နောင်တများ ရရှိကာ မိမိကိုယ်ကို ပါးရိုက်ချင်စိတ် ပေါက်သွားသည့် အခြေအနေမျိုးနှင့် တူနေပေသည်။
"အော မိ သော ဖော... ဆရာတော်… ဒီလို လုပ်စရာ မလိုပါဘူး... တပည့်တော်တို့ထဲမှာ အမှားကင်းတဲ့သူ ဘယ်သူရှိလို့လဲ... အကယ်၍ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အဆိပ်သုံးပါးကိုသာ ရှောင်ရှားနိုင်မယ်ဆိုရင် တပည့်တော်တို့တွေ ဗုဒ္ဓအဖြစ်ကိုတောင် ရောက်ရှိနေပြီ မဟုတ်လား..."
ကျင်းချီဆရာတော်သည် ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေပြီး နောင်တရနေပုံပေါ်သည်ကို မြင်သောအခါ ကျန်းလျိုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ကို နှစ်သိမ့်ရန် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
"ဆရာတော်လေး ငါ့ကို ခွင့်လွှတ်ပေးပြီလား..."
ကျင်းချီဆရာတော်သည် ခွင့်လွှတ်မှုကို တောင့်တလျက် အပြစ်ရှိစိတ်နှင့် မျှော်လင့်ချက် မျက်လုံးများဖြင့် ကျန်းလျိုကို မော့ကြည့်ကာ မေးလိုက်သည်။
"သေချာတာပေါ့... ဘယ်သူက အမှားကင်းလို့လဲ... နောက်ပြီး ဆရာတော်က တပည့်တော်ကို တကယ် ထိခိုက်နစ်နာအောင်မှ မလုပ်ခဲ့တာပဲ မဟုတ်လား..."
ကျန်းလျိုက အနည်းငယ် ခေါင်းညိတ်ပြလျက် ပြန်ဖြေလိုက်သည်။
...
ရတနာခန်းအတွင်းမှ ထွက်လာသောအခါ ကျန်းလျို၏ လက်ထဲတွင် ပုလဲများဖြင့် ပြည့်စုံစွာ သီကုံးထားသော ပုလဲသင်္ကန်း တစ်စုံကို ကိုင်ဆောင်ထားလေသည်။ ၎င်းသည် ကျင်းချီဆရာတော်မှ သူ့အား အတင်းအကျပ် ပေးအပ်လိုက်သော အမှန်တကယ် ရှားပါးလှသည့် ရတနာတစ်ပါး ဖြစ်ပေသည်။
တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းမှာ သူ့အား သင်္ကန်းတစ်စုံ ပေးမည်ဆိုသော ကတိကို ဖြည့်ဆည်းရန်ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာ သူ အပြစ်ရှိသလို ခံစားနေရခြင်းကြောင့် ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ မူလက ကျန်းလျိုသည် ထွက်ခွာရန် ရည်ရွယ်ထားသော်လည်း ကျင်းချီဆရာတော်က သူ့အား မထွက်ခွာရန် တားဆီးပြောဆိုခဲ့လေသည်။
အကယ်၍ ကျင်းချီဆရာတော်က နှင်ထုတ်သည့် အမိန့်ပေးပြီးနောက်တွင် သူ အမှန်တကယ် ထွက်သွားခဲ့မည်ဆိုလျှင် ကျင်းချီဆရာတော်သည် သူ၏ ဘဝလက်ကျန် အချိန်များကို အပြစ်ရှိစိတ် လွှမ်းမိုးမှုဖြင့် ဖြတ်သန်းရနိုင်ပေသည်။
ထို့ကြောင့် ကျင်းချီဆရာတော်သည် ကျန်းလျိုအား ကွမ်ယင် ဘုံကျောင်းတော်တွင် နောက်ထပ် ရက်အနည်းငယ်မျှ ဆက်နေရန် အပြင်းအထန် တောင်းဆိုခဲ့လေသည်။
ကျင်းချီဆရာတော်၏ ဆက်နေရန် တောင်းဆိုမှုနှင့် ပတ်သက်၍မူ ကျန်းလျိုသည် ဟန်ဆောင် တုံ့ဆိုင်းနေမှု အနည်းငယ်ဖြင့် သဘောတူလိုက်လေသည်။
ပထမအချက်အနေဖြင့် ဖြစ်နိုင်လျှင် ထွက်ခွာမည့် အချိန်ကို နောက်ဆုတ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ သူသည် အငြိုးအတေး ထားတတ်သူ သဘောထား သေးသိမ်သူ တစ်ယောက် မဟုတ်သော်လည်း ကျင်းချီဆရာတော်သည် နောင်တရနေသည်။ ကျန်းလျို ကိုယ်တိုင်လည်း မည်သည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမျှ မရှိခဲ့သောကြောင့် သူက ခွင့်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကွမ်ယင် ဘုံကျောင်းတော်တွင် အချိန်အနည်းငယ် ထပ်မံ အချိန်ဖြုန်းနေရန် သူ ဆုံးဖြတ်လိုက်လေသည်။
ဒုတိယအချက်နှင့် အရေးအကြီးဆုံးအချက်မှာ ရုတ်တရက် မောဟစိတ်များ ဝင်လာခြင်းပင် ဖြစ်သည်။ လောဘ၊ ဒေါသနှင့် မောဟဟူသော အဆိပ်သုံးပါး ပေါ်လာခြင်းမှာ မထူးဆန်းသော်လည်း မည်သို့ပင်ဆိုစေ ကျင်းချီဆရာတော်သည် နှစ်ပေါင်း ၂၀၀ တိုင်အောင် အသက်ရှင်နေထိုင်လာပြီး ဗုဒ္ဓတရားတော်များကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူ ဖြစ်သည်။ ကျန်းလျိုအပေါ် အကြောင်းပြချက်မရှိဘဲ မနာလိုစိတ်များ ဖြစ်ပေါ်လာကာ ဒေါသအတွေးများ ဝင်လာခြင်းမှာ သာမန်မဟုတ်ပေ။
ကျန်းလျိုသည် အမှန်တရားကို စုံစမ်းဖော်ထုတ်ရန်အတွက်လည်း ဆက်လက် နေထိုင်ချင်သေးသည်။
ကျန်းလျို ရတနာခန်းမှ ထွက်လာချိန်တွင် အနီးအနား၌ လှဲလျောင်းရင်း မက်မွန်သီး စားနေသော စွန်းဝူခုန်းသည် မတ်တပ်ရပ်ကာ ကျန်းလျို၏ အနီးသို့ ခုန်ပေါက်ရောက်ရှိလာပြီး မေးလိုက်သည်။
"ဆရာတော်... ကျွန်တော်တို့ အခု သွားကြတော့မလို့လား..."
"မဟုတ်ဘူး... ငါတို့ ဒီမှာ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေကြဦးမယ်..."
ကျန်းလျိုက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့... ဟိုဘုန်းကြီးအိုကြီးက ကျွန်တော်တို့ကို မောင်းထုတ်လိုက်တာ မဟုတ်ဘူးလား..."
စွန်းဝူခုန်းမှာ အံ့အားသင့်သွားသည်။ ဆရာတော်သည် သူတို့ကို အလိုမရှိသော နေရာမျိုးတွင် ကပ်တွယ်နေမည့်သူမျိုး မဟုတ်ပေ။
"အကြောင်းပြချက် အမျိုးမျိုး ရှိတယ်... အခန်းထဲ ပြန်ရောက်မှ ဆွေးနွေးကြတာပေါ့..."
ကျင်းချီဆရာတော်၏ အခြေအနေနှင့် ပတ်သက်၍ ကွမ်ယင် ဘုံကျောင်းတော်၌ ပွင့်ပွင့်လင်းလင်း ပြောဆိုရန် မသင့်တော်ပေ။ ထို့ကြောင့်ကျန်းလျိုသည် စွန်းဝူခုန်းနှင့် သေချာပေါက် ဆွေးနွေးရန် စီစဉ်ထားလေသည်။
မည်သို့ပင်ဆိုစေ သူသည် ကျယ်ပြန့်သော ဗဟုသုတနှင့် အတွေ့အကြုံများ ရှိသည့် မဟာပညာရှိကြီး တစ်ဦး ဖြစ်ပေသည်။ ကျင်းချီဆရာတော် ဤသို့ ပြုမူနေခြင်းအပေါ် စွန်းဝူခုန်း မည်သို့ ထင်မြင်သနည်း ဟု ကျန်းလျို သိချင်နေမိသည်။
အနည်းဆုံးတော့ စွန်းဝူခုန်း၏ ထူးခြားသော စွမ်းရည်များဖြင့် သူ့ကို စုံစမ်းခိုင်းခြင်းက ရလဒ်ကောင်းအချို့ ရရှိနိုင်ပေသည်။
ကျင်းချီဆရာတော်အား နှုတ်ဆက်ပြီးနောက် ကျန်းလျိုသည် ကွမ်ယင် ဘုံကျောင်းတော်ရှိ အခြားရဟန်းများနှင့် တပည့်များ နောက်မှလိုက်ပါလာလျက် သူ၏ ဇင်အခန်းသို့ ပြန်သွားလေသည်။
ကျန်းလျို၏ ဘေးမှ လျှောက်လာရင်း စွန်းဝူခုန်းသည် ကျင်းချီဆရာတော်အား သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ရှိနေလေသည်။
"ဟေး ဆရာတော်... အထဲမှာ အဲဒီဘုန်းကြီးအိုကြီးနဲ့ ဘာတွေများ ပြောခဲ့ကြတာလဲ..."
ဇင်အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စိတ်ဝင်စားပုံရသော စွန်းဝူခုန်းက ကျန်းလျိုအား ရုတ်တရက် မေးလိုက်သည်။
"မင်းက ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ မျောက်လေးရဲ့..."
စွန်းဝူခုန်း ရုတ်တရက် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ကျန်းလျိုသည် အနည်းငယ် မှင်တက်သွားပြီး သူ့ကို ထူးဆန်းသလို ကြည့်လိုက်လေသည်။
"သေချာတာပေါ့... ကျွန်တော် သိချင်နေတာ... အဲဒီဘုန်းကြီးအိုကြီးက အကြံအစည် ခံလိုက်ရတာ... သူ့ရဲ့ စိတ်ဝိညာဉ်တွေ တိမ်သလ္လာဖုံးသွားပြီး လုံးဝ ယုတ္တိမရှိတဲ့ အလုပ်တွေကို လုပ်မိအောင် လှုံ့ဆော်ခံလိုက်ရတာပဲ... အဲဒါက သေမင်းဆီကို သွားတဲ့ လမ်းပဲလေ... ဒါပေမဲ့ ခုနလေးတင် ဆရာတော်နဲ့အတူ ရတနာခန်းထဲကနေ ထွက်လာပြီးနောက်မှာ သူက ပြန်ငြိမ်သက်သွားသလိုပဲနော်..."
စွန်းဝူခုန်းသည် ကျန်းလျို၏ ရှေ့တွင် ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
"စိတ်ဝိညာဉ်တွေ တိမ်သလ္လာဖုံးသွားတယ်... အကွက်ချခံလိုက်ရတယ်... အဲဒါက ဘာတွေလဲ..."
ကျန်းလျိုက မေးပင် မမေးရသေးသော်လည်း စွန်းဝူခုန်းက ထိုအချက်အလက်များကို သူ၏သဘောဖြင့် ပြောပြလာသောကြောင့် ကျန်းလျိုအား ဆက်လက် မေးမြန်းရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ဆရာတော်… ဆရာတော် သတိမထားမိဘူး မဟုတ်လား... လောကရဲ့ ကပ်ဘေးတွေက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ပလ္လင်ကို တိမ်သလ္လာဖုံးစေပြီး ပုံမှန်ရှိနေတဲ့ တည်ငြိမ်မှုကို ဆုံးရှုံးသွားစေနိုင်တယ်... အဲဒီလိုနဲ့ ကိုယ်တိုင်တောင် သတိမထားမိဘဲ သာမန်အချိန်ဆို မလုပ်မိမယ့် မိုက်မဲတဲ့ အလုပ်တွေကို လုပ်မိပြီး ကပ်ဘေးထဲ ကျဆင်းကာ သေဆုံးရတာပဲ… ဒါကြောင့် နတ်ဘုရားတွေနဲ့ ဗောဓိသတ်တွေတောင် ဒါကို မလွတ်မြောက်နိုင်ကြဘူး..."
စွန်းဝူခုန်းသည် ဆက်လက် ရှင်းပြလေသည်။
"မဟာယနဂိုဏ်းသားတွေဆိုရင်ကော... သူတို့က စိတ်တွေကို ခြယ်လှယ်တဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်ကြတယ်လေ... ဥပမာအားဖြင့်… မွေးရာပါ ဆိုးသွမ်းတဲ့ မိစ္ဆာတွေရဲ့ သဘာဝကို ပြောင်းလဲပြီး သူတို့ စိတ်ကြိုက် အသုံးချနိုင်တဲ့ နာခံတတ်တဲ့ နောက်လိုက်တွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်... အဲဒီလုပ်ရပ်ကို သူတို့က 'ကျွတ်တမ်းဝင်စေခြင်း' လို့ ခေါ်ကြတယ်..."
"ဒါပေမဲ့ သူတို့က စိတ်ကို ခြယ်လှယ်တဲ့နေရာမှာ ကျွမ်းကျင်နေတာဆိုတော့… အဆိုးကို အကောင်းပြောင်းတာတင် မကဘူး… အကောင်းကိုလည်း အဆိုးဖြစ်အောင် ပြောင်းပစ်နိုင်တယ်… လူတွေရဲ့ စိတ်ဝိညာဉ်ကို တိမ်သလ္လာဖုံးစေပြီး သူတို့ရဲ့ အတွေးတွေ မတည်ငြိမ်တော့အောင် လုပ်နိုင်တယ်... စိတ်ဆိုတဲ့ ရေကန်ထဲကို ခဲလုံးလေး တစ်လုံး ပစ်ချလိုက်ရုံနဲ့ လှိုင်းတံပိုးတွေ၊ မုန်တိုင်းတွေ ထန်လာစေနိုင်တယ်... ဟိုဘုန်းကြီးအိုကြီးက အကွက်ချခံလိုက်ရတာလို့ ကျွန်တော် သံသယရှိတယ်... ဒါပေမဲ့ ဆရာတော်က သူ့ကို ရတနာခန်းထဲကနေ ခေါ်ထုတ်လာပြီးတဲ့နောက်မှာတော့ သူက ပြန်ငြိမ်သက်သွားသလိုပဲနော်..."
"ဒါဆို မင်းဆိုလိုတာက… ကျင်းချီ ပြောင်းလဲသွားတာက မဟာယနဂိုဏ်းက တိတ်တဆိတ် အကွက်ချနေတဲ့ ရလဒ်ပေါ့..."
စွန်းဝူခုန်း၏ စကားများကြောင့် ကျန်းလျိုမှာ မှင်တက်သွားလေသည်။
အမှန်တရားက ဤသို့ ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကျန်းလျိုသည် ကျင်းမြစ် နဂါးမင်းကြီးကို ရုတ်တရက် သတိရသွားသည်။
ကျန်းလျိုက သတိပေးခဲ့ပြီး တစ်စုံတစ်ရာကို သဘောပေါက်သွားပုံ ရသော်လည်း နဂါးမင်းကြီးသည် နောက်ဆုံးတွင် ယုတ္တိကင်းမဲ့စွာ ပြုမူခဲ့ပြီး သေဆုံးခြင်းသို့ ရောက်ရှိသွားခဲ့ရသည်မှာ ထူးဆန်းနေသည် မဟုတ်ပါလော။
မဟာယနဂိုဏ်းက ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့ခြင်းများ ဖြစ်နိုင်မည်လော။
ထို့အပြင် နတ်ဘုရားများခန့်အပ်ခြင်း အစောပိုင်းကာလတွင် ကျိုးဘုရင်သည် နွီဝါးနတ်သမီး ကျောင်းဆောင်၌ ရုတ်တရက် စိတ်လွတ်သွားကာ သေမင်းဆီသို့ ဦးတည်သွားစေသည့် ရူးသွပ်သော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်ဆိုသော ဒဏ္ဍာရီကိုလည်း သူ ပြန်လည်အမှတ်ရသွားသည်။ ထိုအရာက...။
***
အပိုင်း(၁၄၈)
ညဉ့်ယံသည် နက်ရှိုင်းနေလေပြီ။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကွမ်ယင် ဘုံကျောင်းတော်ရှိ လူအားလုံးနီးပါး နှစ်ခြိုက်စွာ အိပ်ပျော်နေကြသော်လည်း ယနေ့တွင်မူ ကျင်းချီသည် အိပ်ချင်စိတ် အလျဉ်းမရှိဘဲ ဖြစ်နေလေသည်။
နေ့ဘက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ရွှမ်ကျန်းဆရာတော်အပေါ် မနာလိုဖြစ်ခဲ့မှုက သူ့ကို ရူးသွပ်မတတ် နှိပ်စက်နေခဲ့ရာ သူသည် ထလာပြီး သင်္ကန်းကို ရုံကာ ကွမ်ယင် ရုပ်ပွားတော်ရှေ့တွင် ဒူးထောက်လျက် သူ၏ လုပ်ရပ်များအတွက် နောင်တတရားများ ရနေလေသည်။
"ဗောဓိသတ်... ကျွန်တော်မျိုးရဲ့ ကျင့်ကြံမှုက မလုံလောက်ခဲ့ပါဘူး... ဒီနေ့ ကျွန်တော်မျိုးရဲ့ ရင်ထဲမှာ မနာလိုစိတ်တွေ ဖြစ်ပေါ်လာပြီး ဒေါသတွေ ထွက်ခဲ့မိတယ်... ရွှမ်ကျန်းဆရာတော်ရဲ့ တင်းမာတဲ့ သတိပေးမှုသာ မပါခဲ့ဘူးဆိုရင်… အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး..."
ကွမ်ယင် ရုပ်ပွားတော်ရှေ့တွင် နောင်တရစွာ ခေါင်းငုံ့လျက် သူက တိုးညင်းစွာ ရေရွတ်လိုက်လေသည်။
သူသည် ရွှမ်ကျန်းဆရာတော်၏ ခွင့်လွှတ်မှုကို ရရှိခဲ့သော်လည်း မိမိကိုယ်ကိုမူ ခွင့်မလွှတ်နိုင်ခဲ့ပေ။
ဒူးထောက်၍ နောင်တရနေစဉ် ကျင်းချီသည် ကျောင်းဆောင်အတွင်း၌ တောက်ပသော အလင်းရောင်များ လင်းထိန်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ကွမ်ယင် ရုပ်ပွားတော်သည် တောက်ပသော ရွှေရောင် ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်နေကြောင်း မြင်တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ရုပ်ပွားတော်၏ မျက်လုံးများသည် အသက်ဝင်နေသကဲ့သို့ သူ့ကို တည့်တည့် စိုက်ကြည့်နေလေသည်။
ဗောဓိသတ် ကိုယ်ထင်ပြလာပြီ။
ကွမ်ယင်ဗောဓိသတ် ကိုယ်ထင်ပြလာသည်ကို မြင်သောအခါ ကျင်းချီသည် အံ့သြမှု၊ ဝမ်းမြောက်မှုနှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသော ခံစားချက်ကို ခံစားလိုက်ရလေသည်။
"အောမိတော်ဖော… ကျင်းချီ... ရွှမ်ကျန်းရဲ့ စစ်မှန်တဲ့ ကျမ်းစာတွေကို ရှာဖွေဖို့ အနောက်အရပ်ကို သွားတဲ့ ခရီးစဉ်က ငါတို့ မဟာယနဂိုဏ်းအတွက် ကြီးမားတဲ့ ကုသိုလ်တော် တစ်ခုပဲ... သူက ငါတို့ မဟာယနဂိုဏ်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်... မင်းက သူ့ရဲ့ ခွင့်လွှတ်မှုကို ရရှိထားပေမယ့်လည်း… မင်းရဲ့ ပြစ်မှုအတွက်တော့ ပြစ်ဒဏ်ပေးခံရမှာပဲ..."
ကွမ်ယင် ရုပ်ပွားတော်က ပြောလိုက်ရာ ထိုစကားသံများသည် လေထဲတွင် ပဲ့တင်ထပ်သွားလေသည်။
"မူလက မင်းဟာ တစ်သက်တာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးရင် နတ်ဝိညာဉ်တောင်တော်ကို ဝင်ရောက်ဖို့ ကံပါလာခဲ့တယ်... ဒါပေမဲ့ ရွှမ်ကျန်းအပေါ် ကျူးလွန်ခဲ့တဲ့ မင်းရဲ့ အမှားကြောင့် သေဆုံးပြီးတဲ့နောက် မင်းရဲ့ အပြစ်တွေကို ဆပ်ဖို့ တိရစ္ဆာန်ဘုံမှာ ဝင်စားရလိမ့်မယ်..."
"သနားညှာတာပါ ဗောဓိသတ်... ကျေးဇူးပြုပြီး သနားညှာတာတော်မူပါ..."
ထိုစကားများကို ကြားသောအခါ ကျင်းချီ၏ မျက်နှာမှာ ဖြူရော်သွားပြီး သက်ညှာပေးရန် အော်ဟစ်တောင်းပန်လေတော့သည်။
မနာလိုမှုကြောင့် ပြောမိသည့် လှောင်ပြောင်စကား အနည်းငယ်မျှကြောင့် သူ၏ နောက်ဘဝတွင် တိရစ္ဆာန်ဘုံသို့ ပစ်ချခံရမည်လော။ ဤပြစ်ဒဏ်သည် အနည်းငယ် လွန်ကဲလွန်းနေသည် မဟုတ်ပါလော။
အထူးသဖြင့် သူသည် ရွှမ်ကျန်းဆရာတော်၏ ခွင့်လွှတ်မှုကို ရရှိပြီးဖြစ်နေသည့်တိုင်အောင်ပင်။
"အောမိတော်ဖော… ကောင်းလှပေတယ်… ကောင်းလှပေတယ်..."
သို့သော်လည်း ကျင်းချီ၏ တောင်းပန်မှုအပေါ် ကွမ်ယင်ဗောဓိသတ်သည် ပျော့ပျောင်းသွားသည့် အရိပ်အယောင် လုံးဝ မပြခဲ့ဘဲ ရုပ်ပွားတော်တစ်ဝိုက်ရှိ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွားကာ မျက်လုံးများရှိ အသက်ဝင်နေသည့် အသွင်အပြင် ပျောက်ကွယ်မသွားမီ မြင့်မြတ်သော ဂါထာတစ်ခုကိုသာ ချန်ရစ်ခဲ့လေသည်။
"ဗောဓိသတ်… ဗောဓိသတ်... ကျေးဇူးပြုပြီး တပည့်တော်အတွက် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတော်မူပါ..."
ကျင်းချီသည် စိုးရိမ်တကြီးနှင့် အသည်းအသန် အသံကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
မဟာယန ကျင့်ကြံသူ တစ်ဦးအနေဖြင့် ပိုမိုကောင်းမွန်သော နောက်ဘဝတစ်ခုကို ရည်မှန်းကြပေသည်။ ယခု အသက် ၂၀၀ ကျော်နေပြီဖြစ်ပြီး နေထိုင်ရန် နှစ်များစွာ မကျန်တော့သည့်အချိန်တွင် သေဆုံးပြီးနောက် တိရစ္ဆာန်ဘုံ၌ ဝင်စားရမည်ဟု ရုတ်တရက် သိလိုက်ရခြင်းမှာ အမှန်တကယ်ပင် ပြင်းထန်လှသော ပြစ်ဒဏ်ကြီး တစ်ရပ် ဖြစ်ပေတော့သည်။
လှောင်ပြောင်စကား အနည်းငယ်မျှဖြင့် ပြောင်းလဲသွားရသည်အထိ နံသာတိုင် အမာရွတ် ခံယူထားသော တပည့်တစ်ဦး၏ တန်ဖိုးသည် ဗောဓိသတ်၏ ရင်ထဲ၌ ဤမျှသာ ရှိပါသလော။
နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ဗုဒ္ဓတရားတော်များကို ကျင့်ကြံလာခဲ့ပြီးနောက် သူ ရင်ဆိုင်ရမည့် နိဂုံးချုပ်မှာ ဤအရာပင်လော။
ကျင်းချီ ဆရာတော်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး သက်ညှာပေးရန် ဆက်လက် တောင်းပန်နေသော်လည်း သူ၏ရှေ့ရှိ ကွမ်ယင် ရုပ်ပွားတော်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။ သူ၏ တောင်းပန်မှုများကြောင့် စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင် လုံးဝ မရှိသည်မှာ ထင်ရှားလှပေသည်။
အချိန်ကြာမြင့်စွာ တောင်းပန်နေသော်လည်း ဗောဓိသတ်ထံမှ ပျော့ပျောင်းသွားသည့် အရိပ်အယောင် မတွေ့ရသောအခါ သူ၏ နှစ်ပေါင်း ၂၀၀ တိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံလာခဲ့မှုများက ဤကဲ့သို့သော ကံကြမ္မာမျိုးသာ ရရှိခဲ့သည်ကို ကျင်းချီ ပြန်လည် တွေးတောမိသွားလေသည်။
သူသည် ကွမ်ယင် ဘုံကျောင်းတော်ကို စည်ပင်ဝပြောလာသည်အထိ စီမံခန့်ခွဲခဲ့သော်လည်း ဤမျှ သေးငယ်သော အမှားလေးတစ်ခုကိုပင် ခွင့်မလွှတ်နိုင်ပါသလော။
တဖြည်းဖြည်းနှင့် ကျင်းချီ၏ တောင်းပန်စကားများ ရပ်တန့်သွားလေသည်။ သူသည် ကွမ်ယင် ရုပ်ပွားတော်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများနှင့် ရူးသွပ်မှုများ ပြည့်နှက်နေလေတော့သည်။
ဤသို့ဆိုလျှင် ဗုဒ္ဓတရားတော်ကို ဆက်လက် ကျင့်ကြံနေခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
ခွေးတစ်ကောင်ကို ထောင့်ကပ်အောင် လိုက်လျှင် နံရံကို ကျော်တက်မည်ဖြစ်ပြီး ယုန်တစ်ကောင်ကို ထောင့်ကပ်အောင် လုပ်လျှင်ပင် ပြန်ကိုက်လိမ့်မည် ဆိုသည့် ဆိုရိုးစကား ရှိပေသည်။
ယခုအချိန်တွင် သူ၏ ရင်တွင်း၌ မုန်းတီးမှုများ ပေါ်ပေါက်လာသည်မှာ မြေပြိုကျမှုနှင့် ဆူနာမီလှိုင်းလုံးကြီးများ ရိုက်ခတ်လာသကဲ့သို့ပင် ပြင်းထန်နေလေသည်။
သူ၏ မျက်လုံးများမှာ သွေးလွှမ်းနေ၏။ ကျင်းချီသည် ကွမ်ယင်အပေါ်နှင့် မဟာယနဂိုဏ်းအပေါ်ကိုပါ မုန်းတီးသွားရုံသာမက ရွှမ်ကျန်းအပေါ်တွင်လည်း မုန်းတီးစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုဘုန်းတော်ကြီးစုတ်သာ ရောက်မလာခဲ့လျှင် သူ ကိုယ်တိုင်လည်း ဤကဲ့သို့သော အခြေအနေမျိုးသို့ မည်သို့ ရောက်ရှိသွားနိုင်မည်နည်း။
"ဟွန့်... ဟွန့်... ဟွန့်... ရွှမ်ကျန်းဆရာတော်က မင်းတို့အတွက် အဲဒီလောက်တောင် အရေးပါနေတာလား... ဒါဆိုရင် ငါသေရမယ်ဆိုရင်တောင် သူ့ကိုပါ ငါနဲ့အတူ ခေါ်သွားဦးမယ်... အဲဒီလိုဆိုရင်တော့ ငါ့အတွက် အရှုံးလို့ မသတ်မှတ်နိုင်တော့ဘူး..."
သွေးလွှမ်းနေသော မျက်လုံးများနှင့်အတူ မကောင်းဆိုးဝါး ဆန်သော ချီစွမ်းအင်အမည်းများက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထွက်ပေါ်လာလေတော့သည်။
တစ်ချိန်က ကရုဏာကြီးမားပြီး ဉာဏ်ပညာရှိသော ဆရာတော်သည် ယခုအခါတွင် ဆိုးယုတ်၍ နိမိတ်မကောင်းကာ ရူးသွပ်နေပုံ ပေါ်နေလေပြီ။
ကျင်းချီဆရာတော်သည် မိစ္ဆာပူးကပ်ခြင်းသို့ ကျရောက်သွားခဲ့လေပြီ။
...
ဇင်အခန်းအတွင်း၌ ကျန်းလျိုသည် ခြေချိတ်ထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို လည်ပတ်စေရင်း အတွေ့အကြုံမှတ်များကို စဉ်ဆက်မပြတ် ရယူနေလေသည်။ သို့သော် သူသည် စိတ်ထဲတွင် နှစ်မြုပ်နေခြင်း မရှိဘဲ အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေ၏။
ယနေ့ ကျင်းချီ၏ ပြောင်းလဲသွားမှုသည် လုံးဝ ပြောင်းပြန်ဖြစ်သွားခြင်းဟု ဆိုနိုင်ပေသည်။ ဤအရာအားလုံးမှာ မဟာယနဂိုဏ်း၏ ခြယ်လှယ်မှုဖြစ်ကြောင်း စွန်းဝူခုန်းက သိထားသော်လည်း မဟာယနဂိုဏ်းသည် အနောက်အရပ်သို့ သွားမည့် ခရီးစဉ်အတွက် ကျင်းချီအား အဘယ်ကြောင့် အတားအဆီးများ ဖန်တီးစေလိုကြောင်းကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သူတို့က သူ့ကို စစ်မှန်သော ကျမ်းစာများကို အမြန်ဆုံး ရရှိစေချင်သည် မဟုတ်လေသလော။
သို့ရာတွင် အတန်ကြာ စဉ်းစားပြီးနောက် ကျန်းလျိုသည် ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို နားလည်သွားခဲ့သည်။
‘မဟာယနဂိုဏ်းက ကျင်းချီကို သေမင်းဆီ ပို့ချင်နေတာပဲ...’
ဆိုလိုသည်မှာ အနောက်အရပ် ခရီးစဉ်တွင် သူသည် အခက်အခဲရှစ်ဆယ့်တစ်ပါး အတိအကျကို ရင်ဆိုင်ရမည်ပေါ့။
ဤအတွေးဖြင့် ကျန်းလျို၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာလေသည်။ အနောက်အရပ်သို့ ခရီးနှင်ရန် အခက်အခဲရှစ်ဆယ့်တစ်ပါး ပြည့်စေရန်အတွက် မဟာယနဂိုဏ်းသည် နှစ်ပေါင်း ၂၀၀ ကျော်တိုင်အောင် ကျင့်ကြံလာခဲ့သော တပည့်ဖြစ်သူ ကျင်းချီအား ခံစားချက်ကင်းမဲ့စွာ စတေးခံရန် ဝန်မလေးခဲ့ပေ။
ထို့ကြောင့်လည်း ထိုနေ့က ဝူရှင်းတောင်တွင် သူ၏ ဘဝအတွေ့အကြုံများကို စွန်းဝူခုန်းအား ဝေမျှပြောပြချိန်၌ ရုလိုင်ဗုဒ္ဓများနှင့် ဗောဓိသတ်များသည် အခြားသူများကို အလွန်အမင်း ခြယ်လှယ်ရုံသာမက မိမိတို့၏ လူများကိုပါ ခြယ်လှယ်တတ်ကြောင်း စွန်းဝူခုန်းက အသံကျယ်လောင်စွာဖြင့် လှောင်ပြောင်ခဲ့ခြင်း ဖြစ်ပေမည်။
ကောင်းကင်နှင့် မြေကြီးသည် စစ်တုရင်ခုံ ဖြစ်ပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများသည် ကစားသမားများ ဖြစ်ကြသည်။ ကောင်းကင်အောက်ရှိ သက်ရှိသတ္တဝါ အားလုံးသည် ဤစစ်တုရင်ခုံပေါ်ရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများ ကစားရန် သက်သက်မျှသာဖြစ်သော စစ်တုရင်ရုပ်များသာ ဖြစ်နေကြပါသလော။
သူ ကိုယ်တိုင်လည်း ဤစစ်တုရင်ခုံပေါ်မှ အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ ကျင်းချီတွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားသောအခါ ကျန်းလျိုသည် ပို၍ပင် ကိုယ်ချင်းစာစိတ် ဝင်လာပြီး သက်ရှိသတ္တဝါများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကစားစရာအဖြစ် သတ်မှတ်ထားသော နတ်ဘုရားများနှင့် ဗုဒ္ဓများအပေါ် တော်လှန်လိုစိတ်များ သူ၏ ရင်ထဲတွင် ပြည့်နှက်လာလေသည်။
“ဒီခြယ်လှယ်မှုက နတ်ဘုရားတွေနဲ့ ဗောဓိသတ်တွေရဲ့ လက်ချက် တကယ် ဖြစ်မယ် ဆိုရင် ဒီတစ်ကြိမ် ငါ မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမှာ မဟုတ်ဘူး...”
ကျန်းလျို၏ နှလုံးသားသည် ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်ပြီး ယခင်ကထက် ပိုမို ပြတ်သားစွာဖြင့် ဆန့်ကျင်တော်လှန်ရန် မတ်တပ်ရပ်လိုက်လေသည်။
ဒင် - 'ဆန့်ကျင်တော်လှန်ခြင်း' မစ်ရှင် ကို အသက်သွင်းလိုက်ပါပြီ... မစ်ရှင် လိုအပ်ချက်များ - မဟာယနဂိုဏ်း၏ အကြံအစည်များကို အောင်မြင်စွာ ဆန့်ကျင်တော်လှန်ရန်... ဆုလာဘ်များ - အတွေ့အကြုံမှတ် ၃၀၀,၀၀၀ ၊ ကျပန်း ရာဇဝင်လာ အရည်အသွေး ရတနာသေတ္တာ ၁ခု...
ကျန်းလျို၏ စိတ်ဓာတ် ခိုင်မာသွားသည်နှင့် တစ်ပြိုင်နက် စနစ်၏ သတိပေးသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ ဤမစ်ရှင် အသက်ဝင်လာခြင်းက ကျန်းလျိုအား အလွန်တရာ အံ့အားသင့်သွားစေသည်။
မစ်ရှင်၏ ဖော်ပြချက်အရ ကျင်းချီ၏ အဖြစ်အပျက်သည် မဟာယနဂိုဏ်း၏ အကြံအစည် ဖြစ်ကြောင်း အမှန်တကယ် သေချာသွားသော်လည်း ဤမစ်ရှင်အတွက် ဆုလာဘ်များမှာ လွန်ကဲစွာ ရက်ရောလွန်းနေသည်။
အတွေ့အကြုံမှတ် ၃၀၀,၀၀၀ ကို အသာထား...။ ဆုလာဘ်အနေဖြင့် ရာဇဝင်လာ အရည်အသွေး ရတနာသေတ္တာ တစ်လုံးကို တကယ် ရရှိမည်လော။ ၎င်းက ရာဇဝင်လာ အရည်အသွေး ပစ္စည်းတွေကို သေချာပေါက် ရရှိစေမည့် သေတ္တာမျိုးလော။
ယခုအချိန်အထိ သူ၏ လက်ဝယ်တွင် ဒဏ္ဍာရီလာ အရည်အသွေး ပစ္စည်းသုံးခု ဖြစ်သည့် ဝိဒျာရာဇာ သရဖူ၊ တောက်ပခြင်း ဖိနပ် နှင့် ဟွာလီ ဥပဒေသ လက်စွပ် တို့ကိုသာ ပိုင်ဆိုင်ထားသည်။ ယခုအချိန်အထိ ရာဇဝင်လာ အရည်အသွေး ပစ္စည်း တစ်ခုကိုမျှ မကြုံတွေ့ခဲ့ဖူးချေ။ ယခု ဤမစ်ရှင်ကို ပြီးမြောက်ခြင်းဖြင့် သူသည် ရာဇဝင်လာ အရည်အသွေး ပစ္စည်းတစ်ခုကို အမှန်တကယ် ဆုချခံရမည်လော။
‘လုပ်ကြည့်လိုက်တာပေါ့...’
ကျန်းလျို၏ ရင်ထဲတွင် မဟာယနဂိုဏ်း၏ အကြံအစည်များကို ဆန့်ကျင်တော်လှန်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ဤမစ်ရှင် ပေါ်ထွက်လာခြင်းက ကျန်းလျို၏ စိတ်ပိုင်းဖြတ်မှုကို ပိုမို ခိုင်မာသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် မစ်ရှင် ပေါ်ထွက်လာခြင်းနှင့်အတူ ကျန်းလျိုသည် မစ်ရှင်စနစ်အကြောင်း အကြမ်းဖျင်း သဘောတရားကိုလည်း နားလည်သွားခဲ့လေသည်။
သူ၏ စိတ်နှလုံးသည် အရေးကြီးသော ကိစ္စရပ်အချို့ကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားသောအခါ ၎င်းသည် မစ်ရှင်များကို အလိုအလျောက် အသက်ဝင်စေလိမ့်မည် ဖြစ်သည်။ ဤသို့ အသက်ဝင်လာသော မစ်ရှင်များသည် သူ၏ ရည်မှန်းချက်များနှင့် ကိုက်ညီနေပြီး အချိုပေါ်သကာလောင်းသကဲ့သို့ ဖြစ်နေသည်။ ပြီးမြောက်ပြီးနောက်တွင် ဆုလာဘ်များကို ရယူနိုင်မည် ဖြစ်သည်။
တစ်စုံတစ်ယောက်က အကူအညီ လိုအပ်၍ သူ၏ အကူအညီကို တောင်းခံလာသောအခါတွင်မူ မစ်ရှင်တစ်ခုကို သွယ်ဝိုက်သောနည်းဖြင့် အသက်ဝင်စေမည် ဖြစ်သည်။ သွယ်ဝိုက်သော မစ်ရှင်များနှင့် အကြီးမားဆုံး ကွာခြားချက်မှာ ကျရှုံးမှုအတွက် ပြစ်ဒဏ်ပင် ဖြစ်ပြီး နှုတ်မှ ကတိပေးထားသည်များကို မဖြစ်မနေ ဖြည့်ဆည်းပေးရမည် ဖြစ်သည်။
သို့သော်လည်း ဤအချက်ကြောင့်ပင် သွယ်ဝိုက်သော မစ်ရှင်များမှ ရရှိသော ဆုလာဘ်များသည် ယေဘုယျအားဖြင့် ပို၍ ရက်ရောလေ့ရှိကြသည်။ ကံကြမ္မာသည် ရဲရင့်သူတို့ကို မျက်နှာသာပေးတတ်သည် မဟုတ်ပါလော။
အဟွတ် အဟွတ်...
***