အခန်း (၁၄၉-၁၅၀)
Vol. 11 Ch. 149-150
အပိုင်း(၁၄၉)
အဟွတ် အဟွတ်...
ကျန်းလျိုသည် ခြေချိတ်ထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံကို ကျင့်ကြံနေရင်း မဟာယနဂိုဏ်းနှင့် မည်သို့ ရင်ဆိုင်ရမည်ကို တိတ်တဆိတ် စဉ်းစားနေလေသည်။ ရုတ်တရက် မီးခိုးငွေ့များ လှိမ့်ဝင်လာသည်ကို ခံစားလိုက်ရပြီး သူ့အား အဟွတ် အဟွတ်ဟု အကြိမ်အနည်းငယ် ချောင်းဆိုးသွားစေသည်။
သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ အပြင်ဘက်၌ မီးရောင်များကို မြင်တွေ့လိုက်ရပြီး တစ်ချိန်တည်းလိုလိုပင် မရပ်မနား အော်ဟစ်သံများပါ ထွက်ပေါ်လာလေသည်။
"ဆရာတော်… မီး... မီး..."
စွန်းဝူခုန်းသည် မတ်တပ်ရပ်ကာ ကျန်းလျို၏ အနီးသို့ ရောက်ရှိလာပြီး ပြောလိုက်သည်။
"သွားကြစို့… အပြင်ထွက်ပြီး သွားကြည့်ရအောင်..."
အကြောင်းပြချက် မရှိဘဲ ကွမ်ယင် ဘုံကျောင်းတော်က ဘာကြောင့် မီးလောင်ရသနည်း။ ထူးခြားမှု တစ်ခုခုကို ခံစားမိသည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် မတ်တပ်ရပ်၍ ပြောလိုက်သည်။
လူတစ်ယောက်နှင့် မျောက်တစ်ကောင်...
သူတို့နှစ်ဦး ဇင်အခန်း အပြင်ဘက်သို့ ထွက်လာသောအခါ ပြင်းထန်စွာ လောင်ကျွမ်းနေသော ခရမ်းရင့်ရောင် မီးတောက်ကြီးကို မြင်တွေ့လိုက်ရ၏။ ရဟန်းအများအပြားမှာ မီးငြှိမ်းသတ်ရန် ကြိုးစားနေကြလေသည်။
သို့ရာတွင် ခရမ်းရင့်ရောင် မီးတောက်များပေါ်သို့ ရေများ လောင်းချနေသော်လည်း လုံးဝ ထိခိုက်မှု မရှိသလောက်ပင် ဖြစ်နေသည်။
"ဝူခုန်း… ဒါက ဘယ်လို မီးတောက်မျိုးလဲ..."
ရေလောင်း၍ မရဘဲ ထူးဆန်းသော ခရမ်းရင့်ရောင် တောက်ပနေသည့် မီးတောက်များကို မြင်သောအခါ ကျန်းလျိုက မေးလိုက်သည်။
"ဒါက သစ်သားမီးတောက်ပဲ… ရေနဲ့ ငြှိမ်းသတ်လို့ မရဘဲ ထာဝရ လောင်ကျွမ်းနေတယ်လို့ ကောလာဟလ ထွက်နေတဲ့ ကောင်းကင်နဲ့ မြေကြီးကြားက ထူးဆန်းတဲ့ မီးတောက် တစ်မျိုးလေ... အဲဒါက အစစ်အမှန် သမာဓိ မီးတောက်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ... ဒါပေမဲ့ ကြည့်ရတာ မိစ္ဆာချီစွမ်းအင်တွေ စွန်းထင်းနေပုံ ရတယ်... ပိုပြီး တိတိကျကျ ပြောရရင် အဲဒါကို သမာဓိ မိစ္ဆာမီးတောက်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ သတ်မှတ်ရမယ်... ဒါပေမဲ့ ကွမ်ယင် ဘုံကျောင်းတော်က ဘယ်မိစ္ဆာကိုများ စော်ကားမိလို့ တစ်ယောက်ယောက်က ကျောင်းတော်ကို မီးရှို့ဖို့ သစ်သားမီးတောက်ကို သုံးခဲ့ရတာလဲ..."
စွန်းဝူခုန်းသည် သူ၏ စွမ်းရည်မြင့်မားသော အမြင်အာရုံဖြင့် တစ်ချက်ကြည့်ရုံနှင့် ခရမ်းရင့်ရောင် မီးတောက်များ၏ ဇာစ်မြစ်ကို အကဲဖြတ်နိုင်ခဲ့သည်။
"ဝူခုန်း… အရင်ဆုံး မီးငြှိမ်းသတ်လိုက်ဦး..."
ကွမ်ယင် ဘုံကျောင်းတော်ရှိ ရဟန်းများမှာ မီးငြှိမ်းသတ်ရန် ရုန်းကန်နေရစဉ် ပြင်းထန်သော မီးတောက်များကို မြင်သောအခါ ကျန်းလျိုက ပြောလိုက်သည်။
"ဆရာတော်… ကျွန်တော့်ရဲ့ ရေထိန်းချုပ်တဲ့ မန္တန်က သိပ်ပြီး ထူးခြားလှတာ မဟုတ်ဘူး... ဒီသစ်သား မိစ္ဆာမီးတောက်ကို ငြှိမ်းသတ်ဖို့က လွယ်မှာ မဟုတ်ဘူး..."
စွန်းဝူခုန်းက ခေါင်းကို ကုတ်ကာ ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် ကူညီပါရစေ..."
စွန်းဝူခုန်း စကားပြောအပြီးတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ကျန်းလျို၏ စကားကို ကြားပြီး မိမိဆန္ဒအလျောက် ကူညီရန် ပြေးလာပုံရသော နဂါးမြင်းဖြူ ဖြစ်လေသည်။
"မင်းက..."
အနီးသို့ ရောက်လာသော နဂါးမြင်းဖြူကို ကြည့်ရင်း ကျန်းလျို အနည်းငယ် တုံ့ဆိုင်းသွားသည်။
ယခုအချိန်အထိ နဂါးမြင်းဖြူသည် မည်သည့် တရားဝင် အဆင့်အတန်းမျှ မရှိဘဲ သူ၏နောက်သို့ လိုက်ပါနေခဲ့ခြင်း ဖြစ်ရာ အမည်ခံအားဖြင့် သူ့အား အမိန့်ပေးရန် အခွင့်အရေး မရှိဟု ကျန်းလျို ခံစားခဲ့ရသည်။
သို့ရာတွင် ကိစ္စရပ်က အရေးတကြီး ဖြစ်နေသောကြောင့် ကျောင်းတော်ကို မီးဘေးမှ ကယ်တင်ရေးသည် ပိုမို အရေးကြီးသဖြင့် အခမ်းအနား အစီအစဉ်များကို သူ ဂရုမစိုက်နိုင်တော့ချေ။
"ဒါဆိုလည်း ကျေးဇူးပြုပြီး မင်းကိုပဲ တာဝန်လွှဲလိုက်တော့မယ်..."
ကျန်းလျိုက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
ကျန်းလျို ခေါင်းညိတ်လိုက်သည်နှင့် တစ်ပြိုင်နက် နဂါးမြင်းဖြူသည် ခေါင်မိုးပေါ်သို့ တန်းတန်းမတ်မတ် ခုန်တက်သွားလေသည်။ ထို့နောက် ပါးစပ်ကို ဟကာ တောက်ပစွာ လင်းလက်နေသော နဂါးပုလဲ တစ်လုံးကို ထွေးထုတ်လိုက်သည်။
ဖျောက်... ဖျောက်... ဖျောက်...
မြူမှုန်မိုးဖွဲလေးများ စတင် ရွာကျလာပြီး မကြာမီတွင် သည်းထန်စွာ ရွာသွန်းသော မိုးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထူးဆန်းသည်မှာ မိုးသည်းထန်စွာ ရွာသွန်းလာသည်နှင့်အမျှ ကွမ်ယင် ဘုံကျောင်းတော်ရှိ မီးကို အမှန်တကယ် ထိန်းချုပ်နိုင်လာပြီး တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။
အတန်ကြာပြီးနောက် သစ်သားမီးတောက်များ အပြီးတိုင် ငြိမ်းသွားသောအခါ နဂါးမြင်းဖြူသည် နဂါးပုလဲကို ပြန်မျိုချရန် ပါးစပ်ကို ပိတ်လိုက်လေသည်။
သို့သော် မီးကို ငြှိမ်းသတ်ပြီးနောက်တွင် နဂါးပုလဲ၏ အရောင်အဝါမှာ သိသိသာသာ မှေးမှိန်သွားခဲ့ပြီး နဂါးမြင်းဖြူသည်လည်း ပို၍ အားအင်ကုန်ခမ်းနေပုံ ပေါ်လေသည်။
...
အခြားတစ်နေရာ ကွမ်ယင် ဘုံကျောင်းတော်မှ မိုင်နှစ်ဆယ် သုံးဆယ်ခန့် ကွာဝေးသော တောင်ကြီးတစ်တောင်ထဲတွင် အနီရင့်ရောင် သင်္ကန်းကို ရုံထားပြီး မိစ္ဆာချီစွမ်းအင်များ ထုတ်လွှတ်နေသော ကျင်းချီသည် ကွမ်ယင် ဘုံကျောင်းတော်မှ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာလေသည်။ ထို့နောက် သူ လှည့်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ဗောဓိသတ်က ခံစားချက် ကင်းမဲ့နေမှတော့ တရားမစောင့်ဘူးလို့ သူ့ကို အပြစ်တင်လို့ မရနိုင်တော့ပေ။ ကွမ်ယင် ဘုံကျောင်းတော်သည် ဆက်လက် တည်ရှိနေရန် မလိုအပ်တော့ချေ။
"အဲဒီမှာ ရပ်လိုက်စမ်း… ဘယ်သူလဲ..."
ကင်းလှည့်နေသော မိစ္ဆာငယ် တစ်ကောင်သည် ကျင်းချီ၏ ရှေ့သို့ ခုန်ထွက်လာပြီး အော်ဟစ်လိုက်သည်။
သို့ရာတွင် ကျင်းချီ စကားပြောရန် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျင်းချီကို မှတ်မိသွားပြီး...
"အိုး... ကျင်းချီဆရာတော်ပဲ… ရှားရှားပါးပါး ဧည့်သည်ပါလား... မင်းကြီးက ဒီရက်ပိုင်း ဆရာတော့်အကြောင်း ပြောနေတာ..."
မိစ္ဆာငယ်ကပြောလိုက်သည်။
…
လေမည်းတောင်၊ လေမည်းဂူ...
မိစ္ဆာငယ်၏ ရိုသေကျိုးနွံစွာ လမ်းပြမှုအောက်တွင် ကျင်းချီဆရာတော်သည် လေမည်းဂူအတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။ သူ၏ ရင်းနှီးကျွမ်းဝင်နေသော ဟန်ပန်က ဤဂူနှင့် အလွန် ရင်းနှီးကျွမ်းဝင်မှု ရှိနေကြောင်း ဖော်ပြနေပေသည်။
ထိုနည်းတူစွာပင် ဂူအတွင်းရှိ မိစ္ဆာငယ်များသည်လည်း ကျင်းချီဆရာတော် ရောက်ရှိလာခြင်းအပေါ် အံ့အားသင့်ခြင်း မရှိကြတော့ပေ။
ကျင်းချီဆရာတော်သည် လေမည်းဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် တစ်ယောက်တည်း ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ မိစ္ဆာငယ်တစ်ကောင်သည် လေမည်းဂူ၏ သခင်ဖြစ်သော ဝက်ဝံနက် မိစ္ဆာထံ သွားရောက် သတင်းပို့လေသည်။
သူ့ ဘေးရှိ စားပွဲပေါ်တွင် အရည်အသွေးကောင်းသော ဝိုင်တစ်ဝက်ခန့်နှင့် အသားအချို့ ရှိနေသေးရာ ဝက်ဝံနက် မိစ္ဆာ၏ ယနေ့ညစာမှာ မဆိုးလှကြောင်း ထင်ရှားနေလေသည်။
မကြာမီတွင် မိစ္ဆာငယ်တစ်ကောင်သည် သစ်သီးအချို့ကို ယူဆောင်လာပြီး တည်ခင်းပေးကာ ဝိုင်နှင့် အသားများကို ရှင်းလင်းရန် ရည်ရွယ်ဟန်ရှိသည်။
"နေဦး… အဲဒါတွေကို ရှင်းလင်းစရာ မလိုဘူး..."
ကျင်းချီဆရာတော်သည် မိစ္ဆာငယ်၏ လုပ်ရပ်ကို ဟန့်တားကာ ပြောလိုက်သည်။ သူသည် ဝိုင်အိုးကို ကောက်ကိုင်လိုက်ပြီး သူ့အတွက် ခွက်တစ်ခွက် အပြည့်ငဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။ ထို့နောက်... ချက်ပြုတ်ထားသော အသားတစ်တုံးကို ယူ၍ အားပါးတရ ကိုက်စားလိုက်လေသည်။
ဤမြင်ကွင်းက သူ၏ဘေးရှိ မိစ္ဆာငယ်ကို ဆွံ့အသွားစေခဲ့သည်။ ကျင်းချီဆရာတော်သည် ယခင်နှင့် လုံးဝ ကွာခြားနေပုံ ပေါ်လေသည်။
မိစ္ဆာငယ်များ မှင်တက်နေစဉ်မှာပင် မကြာမီ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်၍ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဟား ဟား ဟား… ကျင်းချီဆရာတော်… ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိလာတာ အနှစ်တစ်ရာတောင် ရှိနေပြီပဲ... မလာတာတောင် ရက်အတော်ကြာပြီဆိုတော့… ငါက မင်းနဲ့ တရားဓမ္မအကြောင်း ဆွေးနွေးဖို့တောင် စဉ်းစားနေတာ..."
အသံတိတ်သွားသည်နှင့် တစ်ပြိုင်နက် အသားမည်းမည်းနှင့် တောင့်တင်းသန်မာသော လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူကား လေမည်းတောင်၏ သခင်၊ ဝက်ဝံနက် မိစ္ဆာပင် ဖြစ်တော့သည်။
ဝက်ဝံနက် မိစ္ဆာ၏ စကားများအရ သူသည် ကျင်းချီဆရာတော်နှင့် ဆက်ဆံရေးကောင်းမွန်ပုံ ရလေသည်။
သို့ရာတွင် ဝက်ဝံနက် မိစ္ဆာသည် အနီးသို့ ရောက်လာပြီး ကျင်းချီဆရာတော် ဝိုင်သောက်ကာ အသားကို အားရပါးရ စားနေသည်ကို မြင်သောအခါ သူကိုယ်တိုင်လည်း အလစ်အငိုက် မိသွားလေသည်။
"ကျင်းချီဆရာတော်… မင်း... မင်း..."
သူသည် မျက်လုံးများ ပြူးကျယ်သွားကာ ကျင်းချီဆရာတော်အား မယုံနိုင်သလို ကြည့်ရင်း ပြောလိုက်သည်။
သူပြောခဲ့သလိုပင် နှစ်တစ်ရာတိုင်အောင် ရင်းနှီးကျွမ်းဝင်ခဲ့ပြီးနောက် ကျင်းချီဆရာတော်အကြောင်းကို သူ ကောင်းစွာ သိသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဤသို့ နားလည်ထားခြင်းကြောင့်ပင် ယခု ကျင်းချီဆရာတော်၏ မြင်ကွင်းကို လက်ခံရန် ခက်ခဲနေခြင်း ဖြစ်ပေသည်။
"ဘာဖြစ်လို့လဲ... ငါက ဒီဝိုင်ကို သောက်လို့ မရဘူးလား... ဒီအသားကို စားလို့ မရဘူးလား..."
ကျင်းချီဆရာတော်က ဝက်ဝံနက် မိစ္ဆာကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
ဝက်ဝံနက် မိစ္ဆာသည် ဘာမျှ ထပ်မပြောတော့ဘဲ ကျင်းချီဆရာတော်၏ ရှေ့တွင် ထိုင်လိုက်လေသည်။
ကျင်းချီဆရာတော် တစ်ယောက် ပြင်းထန်သော မိစ္ဆာချီစွမ်းအင်များ ထွက်ပေါ်နေလျက် သောက်စားနေသည်ကို ကြည့်ရင်း သူ စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း စကားလုံးများ ထွက်မလာမီမှာပင် အခြား မိစ္ဆာငယ်တစ်ကောင် ပြာပြာသလဲ ပြေးဝင်လာလေသည်။
"မင်းကြီး… ကျင်းချီဆရာတော်... ဒုက္ခပါပဲ… ဆရာတော့်ရဲ့ ကွမ်ယင် ဘုံကျောင်းတော် မီးလောင်နေတယ် ထင်တယ်... အမြန် သွားငြှိမ်းသတ်မှ ရမယ်… မဟုတ်ရင် ကျောင်းတော် ပြာကျသွားလိမ့်မယ်..."
မိစ္ဆာငယ်သည် ကျင်းချီဆရာတော်ကို စူးစိုက်ကြည့်ရင်း အလောတကြီး ပြောလိုက်သည်။
***
အပိုင်း(၁၅၀)
"ကိစ္စမရှိဘူး… လောင်ပါစေ... ပြာကျသွားတာကမှ အကောင်းဆုံး ဖြစ်လိမ့်မယ်..."
ကွမ်ယင် ဘုံကျောင်းတော် မီးလောင်နေသည့် သတင်းကို ကြားသောအခါ ကျင်းချီဆရာတော်သည် ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းကာ ပြန်ဖြေလိုက်သည်။
နှစ်ပေါင်း ၂၀၀ တိုင်အောင် ကွမ်ယင်ကို ကိုးကွယ်ပူဇော်လာခဲ့သော်လည်း ဤရလဒ်မျိုးနှင့် အဆုံးသတ်ရခြင်းက စိတ်ပျက်ဖွယ် ကောင်းလှပေသည်။ ဗုဒ္ဓအပေါ် သူ၏ ယုံကြည်မှုများ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ကွမ်ယင် ဘုံကျောင်းတော်ကို ဆက်လက် ရပ်တည်ခွင့်ပေးထားခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
"ကျင်းချီဆရာတော်… ဘာတွေ ဖြစ်ခဲ့တာလဲ... မင်း... မင်း မိစ္ဆာပူးကပ်ခြင်းထဲကို ကျရောက်သွားတာလား..."
မိစ္ဆာငယ်ကို လက်ယမ်း၍ ထွက်သွားခိုင်းပြီးနောက် ဝက်ဝံနက် မိစ္ဆာက အံ့အားသင့်စွာ မျက်လုံးပြူးလျက် မေးလိုက်သည်။
သူ နှစ်တစ်ရာတိုင်အောင် သိကျွမ်းလာခဲ့သော ကျင်းချီဆရာတော် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခြင်းမှာ ယုံနိုင်စရာ မရှိပေ။
"ဟားဟား… မိစ္ဆာပူးကပ်ခြင်းက ဘာများ ဆိုးလို့လဲ..."
ဝက်ဝံနက် မိစ္ဆာ၏ စကားကို ကြားသောအခါ ကျင်းချီဆရာတော်သည် ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် ရူးသွပ်နေသည့် အမူအရာဖြင့်
"ငါက ကွမ်ယင် ဘုံကျောင်းတော်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး စီမံခန့်ခွဲခဲ့တယ်… နေ့တိုင်း မပျက်မကွက် နံ့သာတိုင်တွေ ပူဇော်ခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးတော့ ငါ ဘာရလိုက်လဲ... ရွှမ်ကျန်းအပေါ် ဝေဖန်တဲ့ စကားအနည်းငယ် ပြောမိရုံလေးနဲ့ သူတို့က ငါ့ကို တိရစ္ဆာန်ဘုံထဲ ပစ်ချတော့မလို့ လုပ်နေကြတာလေ... ငါက ဗုဒ္ဓအဖြစ်ကို မရရှိနိုင်ဘူးဆိုရင် ဘာလို့ မိစ္ဆာတစ်ကောင် မဖြစ်ရမှာလဲ..."
ထိုသို့ ပြောရင်း ကျင်းချီဆရာတော်သည် ဝိုင်အိုးကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး ဝက်ဝံနက် မိစ္ဆာကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဝက်ဝံနက်… ငါ့လက်ထဲမှာ ကြီးမားတဲ့ အခွင့်အရေး တစ်ခု ရှိတယ်… မင်း ငါနဲ့ ပူးပေါင်းပြီး အဲဒါကို ရယူရဲလား..."
"ဘာအခွင့်အရေးလဲ..."
ကျင်းချီဆရာတော်၏ စကားကို ကြားသောအခါ ဝက်ဝံနက် မိစ္ဆာက မေးလိုက်သည်။
"အဲဒီရွှမ်ကျန်းက အနောက်အရပ်ကနေ ကျမ်းစာတွေ ရှာဖွေဖို့ ရောက်လာတာလေ သူ့ရဲ့ အသားတစ်တုံးကို စားလိုက်ရုံနဲ့ ထာဝရ အသက်ရှင်နိုင်တယ်လို့ ကောလာဟလတွေ ထွက်နေတယ်... ခရီးတစ်လျှောက်မှာလည်း သူက ရတနာတွေ အများကြီး သယ်ဆောင်လာမှာ သေချာတယ်... မင်း ငါနဲ့ ပူးပေါင်းရဲလား..."
ကျင်းချီဆရာတော်သည် ဝက်ဝံနက်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒါက..."
ဝက်ဝံနက် မိစ္ဆာသည် ကျင်းချီဆရာတော်၏ အကြံပြုချက်ကို ကြားသောအခါ အနည်းငယ် အခက်ကြုံသွားသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်မှ ရွှမ်ကျန်းဆရာတော် ဟုတ်သလော။ သူက လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည့်သူ မဟုတ်ချေ။
"မင်း မရဲဘူးဆိုရင်လည်း ထားလိုက်ပါတော့... ငါတစ်ယောက်တည်း သွားမယ်... ရွှမ်ကျန်းက ငါ့ရဲ့ ဒိုင်းကာအဖြစ် ရှိနေသရွေ့… ငါက အဝီစိငရဲမှာ ထာဝရ ဖိနှိပ်ခံရမယ်ဆိုရင်တောင် နောင်တရစရာ အကြောင်းမရှိဘူး..."
ဝက်ဝံနက် မိစ္ဆာ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ကျင်းချီဆရာတော်က မတ်တပ်ထရပ်လိုက်သည်။
"အနှစ်တစ်ရာ မိတ်ဆွေသံယောဇဉ်တွေ ပြီးတဲ့နောက်မှာတော့ လမ်းခွဲရမယ့်အချိန် ရောက်လာပြီပဲ... ဒီနေ့ပြီးရင်တော့ ငါတို့တွေ ထပ်တွေ့ဖြစ်ကြတော့မှာ မဟုတ်ဘူး...”
"ကျင်းချီဆရာတော်… ခဏစောင့်ပါဦး..."
ကျင်းချီဆရာတော် ထွက်ခွာဖို့ ပြင်နေသည်ကို မြင်သောအခါ ဝက်ဝံနက် မိစ္ဆာက အော်ဟစ်လိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက… ငါ ဝက်ဝံနက်ဟာ လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့ရတယ်... တစ်ချိန်တည်းမှာပဲ တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်... မိုင်ထောင်ချီ ဝေးတဲ့ ဒီနေရာအထိ ထွက်ပြေးလာခဲ့ပြီး ဆရာတော့်ရဲ့ အကူအညီကြောင့်သာ အသက်ချမ်းသာရာ ရခဲ့တာပါ... နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ရဲ့ ဗုဒ္ဓတရားတော် ဆွေးနွေးမှုတွေက ငါ့ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်စေခဲ့တယ်... ဆရာတော့်ရဲ့ ကြီးမားတဲ့ ကျေးဇူးတရားက ငါ့ကို ဘဝသစ်တစ်ခု ပေးလိုက်တာနဲ့ အတူတူပါပဲ..."
"ဒီနေ့ ဆရာတော်က ငါ့ရဲ့ အကူအညီကို တောင်းခံလာမှတော့… ငါ ဝက်ဝံနက်မှာ ကျင့်စဉ်လမ်းဆုံးပြီး သေဆုံးရမယ် ဆိုရင်တောင ဆရာတော့်ကို ကူညီဖို့ တာဝန်ရှိပါတယ်... ဒါက အဲဒီတုန်းက ဆရာတော့်ဆီက ရခဲ့တဲ့ အသက်ကယ်ကျေးဇူးကို ပြန်ဆပ်တာ သက်သက်ပါပဲ..."
ဝက်ဝံနက် မိစ္ဆာသည် လေးနက်ပြတ်သားသော အသံဖြင့် ပြောလိုက်လေသည်။
"ကောင်းလှပြီ..."
ကျင်းချီဆရာတော်က ဝက်ဝံနက် မိစ္ဆာ၏ သဘောတူညီမှုကြောင့် ပြုံးလိုက်ပြီး အားတက်သရော ခေါင်းညိတ်ကာ ပြောလိုက်သည်။
နှစ်တစ်ရာတိုင်အောင် သိကျွမ်းလာခဲ့ပြီးနောက် ကျင်းချီဆရာတော်သည် ဝက်ဝံနက် မိစ္ဆာနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေပေသည်။ ဤသူမှာ သာမန် မိစ္ဆာအမျိုးအစား မဟုတ်ဘဲ လွန်ခဲ့သော နှစ်တစ်ရာက လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ကာ လွတ်လပ်သော နတ်အဆင့် ခန္ဓာကိုယ်ကို ရရှိထားသူတစ်ဦး ဖြစ်ပေသည်။ သူ၏ အကူအညီဖြင့် အောင်မြင်ရန် အခွင့်အလမ်းများက ပို၍ပင် ကြီးမားသွားလေပြီ။
"ဒါပေမဲ့ ရွှမ်ကျန်းဆရာတော်ရဲ့ ဘေးမှာ အမွေးအမျှင်တွေ ဖုံးနေတဲ့ မျက်နှာနဲ့ မိုးကြိုးနတ်ဘုရားလို ပါးစပ်မျိုးရှိတဲ့ မျောက်တစ်ကောင် လိုက်ပါလာတယ်... သူ လှုပ်ရှားတာကို ငါ မမြင်ဖူးပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး မင်းထက်တောင် ပိုမြင့်မယ်လို့ ငါ ခံစားမိတယ်..."
ကျင်းချီဆရာတော်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သော်လည်း သတိပေးသည့်ဟန် အနည်းငယ် ပါဝင်နေလေသည်။
"ဒီအကြောင်းကို ကျွန်တော် သိပါတယ်..."
ဝက်ဝံနက် မိစ္ဆာက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘုံသုံးပါးနဲ့ လမ်းကြောင်းခြောက်သွယ်လုံးကို ပဲ့တင်ထပ်သွားစေလောက်တဲ့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး နတ်စွမ်းရည်ရှိသူတိုင်းကို သတိပေးလိုက်သလို ဖြစ်သွားခဲ့တယ်... ငါလည်း အဲဒါကို ကြားလိုက်တယ်... အဲဒီမျောက်က ကောင်းကင်ဘုံကို ပရမ်းပတာဖြစ်အောင် မွှေနှောက်ခဲ့လို့ ဝူရှင်းတောင်အောက်မှာ ဖိနှိပ်ခံထားရတဲ့ စွန်းဝူခုန်းပဲလေ..."
"သူက ဗုဒ္ဓရဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတာ... နောက်ဆုံးတော့ သူ့ရဲ့ အနောက်အရပ် ခရီးစဉ်မှာ ကာကွယ်ပေးဖို့အတွက် ရွှမ်ကျန်းက သူ့ကို ကယ်တင်ပေးခဲ့တာပဲ..."
"မင်း သိနေတာလား... ဒါဆို မင်းလည်း အဲဒီမျောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးပေါ့..."
ရွှမ်ကျန်း၏ ဘေးရှိ မျောက်၏ ကြီးမားလှသော နောက်ခံအကြောင်းကို သိလိုက်ရသောအခါ ကျင်းချီဆရာတော်မှာ ရုတ်တရက် ထိတ်လန့်သွားလေသည်။
"စိတ်မပူပါနဲ့ စွန်းဝူခုန်းက အစွမ်းထက်ချင် ထက်မယ်… ဒါပေမဲ့ ငါကလည်း အလကားကောင်တော့ မဟုတ်ပါဘူး... ငါ လေမည်းတောင် ပတ်ဝန်းကျင်က ညီအစ်ကို မောင်နှမတွေကို အကူအညီ တောင်းလိုက်မယ်... ငါတို့ သူ့ကို မနိုင်ဘူးဆိုရင်တောင်မှ… အဲဒီ မြင်းထိန်းကို အချိန်အတန်ကြာအောင် အလုပ်ရှုပ်သွားစေဖို့ သေချာပေါက် လုပ်နိုင်ပါတယ်..."
ဝက်ဝံနက် မိစ္ဆာသည် ကျင်းချီဆရာတော်၏ သံသယများကို ချေဖျက်ရန် ယုံကြည်မှုရှိသော ဟန်ပန်ဖြင့် ပြောလိုက်လေသည်။
"ဒီလိုဆိုရင်လည်း မင်းကိုပဲ တာဝန်လွှဲလိုက်တော့မယ်... အဲဒီမျောက်ကို အလုပ်ရှုပ်နေအောင်သာ လုပ်ထားပါ… ရွှမ်ကျန်းကိုတော့ ငါကိုယ်တိုင် ရှင်းလိုက်မယ်... စိတ်ချပါ ငါတို့အားလုံး ထာဝရအသက်ကို ရစေတဲ့ အသားကို ခွဲဝေစားကြတာပေါ့..."
ကျင်းချီဆရာတော်သည် ဝက်ဝံနက် မိစ္ဆာ၏ ယုံကြည်မှုကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး သဘောတူညီစွာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
အစီအစဉ်ကို ဆွေးနွေးပြီးနောက် ဝက်ဝံနက် မိစ္ဆာသည် အကူအညီ ခေါ်ယူရန် လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုလိုက်လေသည်။
အချိန်တိုအတွင်းမှာပင် အလင်းတန်း တစ်ဒါဇင်ကျော်သည် ကောင်းကင်ယံကို ဖြတ်သန်းကာ လေမည်းတောင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ဤသူများအားလုံးသည် မိုင်တစ်ထောင် ပတ်လည်ရှိ မိစ္ဆာဘုရင်များ ဖြစ်ကြပေသည်။
လူ့အသွင်သို့ ပြောင်းလဲလိုက်သောအခါ ထိုမိစ္ဆာများသည် အမျိုးသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်လာကြသည်။ ထင်ရှားသည်မှာ သူတို့အားလုံးသည် ဝက်ဝံနက် မိစ္ဆာအား သူတို့၏ အကြီးအကဲအဖြစ် လေးစားကြခြင်းပင် ဖြစ်သည်။
"အားလုံးပဲ … ကျုပ် ဝက်ဝံနက်နဲ့ ခင်ဗျားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိလာတာ အနှစ်တစ်ရာ ရှိနေပြီ... ဒီနေ့ ကျုပ် ခင်ဗျားတို့ အားလုံးကို အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် စုဝေးလိုက်တာပါ..."
ဝက်ဝံနက် မိစ္ဆာသည် စကားကို လှည့်ပတ်မနေဘဲ တဲ့တိုးပင် ပြောလိုက်ပြီး သူနှင့် ကျင်းချီဆရာတော်တို့၏ အစီအစဉ်ကို မိစ္ဆာဘုရင်များအား ချပြလိုက်လေသည်။
ထိုစကားများကို ပြောလိုက်သောအခါ မိစ္ဆာဘုရင်များ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ အချို့က အံ့အားသင့်သွားကြပြီး အချို့က စိတ်လှုပ်ရှားသွားကြကာ အချို့ကမူ တုံ့ဆိုင်းသွားကြသည်။
"ကျုပ် ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ပါဘူး... ဒီလှုပ်ရှားမှုက လုံးဝ မိမိဆန္ဒအလျောက်ပါပဲ... အကယ်၍ ခင်ဗျားတို့ ဆန္ဒရှိတယ်ဆိုရင်… အောင်မြင်သွားတဲ့အခါ ထာဝရအသက်ကို ရစေတဲ့ အသားဝေစုကို လက်လွတ်ရမှာ မဟုတ်ပါဘူး... အကယ်၍ တစ်ယောက်ယောက်က ဆန္ဒမရှိဘူး ဆိုရင်လည်း ကျုပ်ရဲ့ လေမည်းဂူထဲမှာ နေပြီး မထွက်သွားခင် တစ်ညတာ အနားယူလို့ ရပါတယ်..."
ဝက်ဝံနက် မိစ္ဆာသည် သူ၏ အစီအစဉ်ကို ရှင်းပြပြီးနောက် မိစ္ဆာဘုရင်များကို ကြည့်ကာ ပြောလိုက်သည်။
"နောင်တော် ဝက်ဝံနက်က ဘယ်လိုတွေ ပြောနေတာလဲ... ပြီးခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ နောင်တော်က ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကို ရက်ရက်ရောရော လမ်းညွှန်ပြသပေးခဲ့တာလေ... အဲဒီလောက် ကြီးမားတဲ့ ကျေးဇူးတရားတွေ တင်နေပါလျက်နဲ့… ကျွန်တော် ပန်းပွင့်မြွေမိစ္ဆာက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ..."
ပိန်ပါးသော မိစ္ဆာဘုရင် တစ်ပါးသည် ဝက်ဝံနက် မိစ္ဆာ စကားပြောအပြီးတွင် သူ၏ ရပ်တည်ချက်ကို ဦးဆောင်၍ ဖော်ပြလိုက်လေသည်။
"ဒီအဘိုးကြီးကလည်း မင်းကြီး ဝက်ဝံနက်ရဲ့ အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ်... ထာဝရအသက်ကို ရစေတဲ့ အသားအတွက် သွားရည်ကျနေတာ ကြာပြီလေ..."
နောက်ထပ် ခါးကုန်းနေသော အသက်ကြီးကြီး မိစ္ဆာဘုရင် တစ်ပါးကလည်း ပါဝင်ရန် အသင့်ရှိကြောင်း ဖော်ပြလိုက်သည်။
"တောင်းပန်ပါတယ် နောင်တော် ဝက်ဝံနက်… ဒါပေမဲ့ ကျွန်တော် ဆရာလင်းရွှီကတော့ ပါဝင်ဖို့ ဆန္ဒမရှိပါဘူး..."
မိစ္ဆာဘုရင်များက သူတို့၏ ရပ်တည်ချက်ကို ကြေညာနေစဉ် ပညာရှိဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တောင်းပန်သည့်ဟန်ဖြင့် သူ၏ ငြင်းဆန်မှုကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
"အင်း… ဆရာလင်းရွှီက မသွားချင်ဘူးဆိုရင်လည်း… လေမည်းဂူထဲမှာပဲ နေခဲ့ပါ... ကျုပ် အတင်းအကျပ် မလုပ်ပါဘူး..."
ဆရာလင်းရွှီအား တစ်ချက်ကြည့်ပြီးနောက် ဝက်ဝံနက် မိစ္ဆာသည် ထပ်မပြောတော့ချေ။ ကိုယ်ပိုင်ဆန္ဒများကို အတင်းအကျပ် ဖိအားပေး၍ မရပေ။
သို့သော်လည်း... မိစ္ဆာဘုရင်များသည် ဝက်ဝံနက် ဘုရင်အား လွတ်လပ်သော နတ်အဆင့် ကျင့်ကြံခြင်းအဆင့်ကြောင့်သာမက နှစ်များစွာ သူ၏ လမ်းညွှန်မှုများကြောင့်ပါ လေးစားကြခြင်း ဖြစ်သည်။ ထို့ကြောင့်... ဆရာလင်းရွှီမှလွဲ၍ အခြား မိစ္ဆာဘုရင် မည်သူကမျှ ထပ်မံ ငြင်းဆန်ခြင်း မပြုခဲ့ကြချေ။
***