← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 11 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 11 Ch. 151-152

အပိုင်း(၁၅၁)

မိစ္ဆာဘုရင်များအားလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသောအခါ ဝက်ဝံနက် မိစ္ဆာသည် ခေါင်းညိတ်၍ တုံ့ပြန်လိုက်ပြီး ကျင်းချီဆရာတော်ထံသို့ လှမ်းကြည့်လိုက်လေသည်။

ကျင်းချီဆရာတော်သည် မိစ္ဆာဘုရင်များ အထူးသဖြင့် နတ်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ဝက်ဝံနက် မိစ္ဆာကို ကြည့်ကာ ယုံကြည်မှုများ တစ်ဟုန်ထိုး မြင့်တက်လာပြီး ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် လေမည်းဂူမှ အတူတကွ ထွက်ခွာလာကြပြီး ကွမ်ယင် ဘုံကျောင်းတော်ဆီသို့ ပျံသန်းသွားကြလေသည်။

"အခု ငါ ဘာလုပ်သင့်သလဲ..."

ဝက်ဝံနက် မိစ္ဆာနှင့် မိစ္ဆာဘုရင်များ တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြပြီး သူတို့၏ မိစ္ဆာချီစွမ်းအင်များ ကောင်းကင်အထိ ထိုးတက်သွားသောအခါ ဆရာလင်းရွှီ၏ ရင်တွင်း၌ အရေးတကြီး စိုးရိမ်မှုများကို ခံစားလိုက်ရလေသည်။ သူ ကူညီချင်သော်လည်း ထိုနေရာသို့ ရောက်သွားပြီးနောက် မည်သူ့ကို ထောက်ခံရမည်နည်း။

ကွမ်ယင် ဘုံကျောင်းတော်တွင် နဂါးမြင်းဖြူသည် မီးကို ငြှိမ်းသတ်ရန်နှင့် ကျောင်းတော် လုံးဝ ပျက်စီးမသွားစေရန် ၎င်း၏ နဂါးပုလဲ၏ မူလစွမ်းအင်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထက်ဝက်နီးပါး ပျက်စီးသွားသော သူတို့၏ ကျောင်းတော်ကို ငေးကြည့်ရင်း ရဟန်းများမှာ မျက်ရည်ကျလုမတတ် ဖြစ်နေကြလေသည်။

"သူ မရှိတော့ဘူး... ငါတို့ နေရာအနှံ့ ရှာပြီးပြီ ဒါပေမဲ့ ဆရာတော့် အရိပ်အယောင်ကို ဘယ်မှာမှ မတွေ့ရဘူး... အခု ငါတို့ ဘာလုပ်ကြမလဲ..."

ဤကဲ့သို့သော အဖြစ်အပျက်မျိုး ကြုံလာရသောအခါ ရဟန်းများသည် ကျင်းချီဆရာတော်၏ လမ်းညွှန်မှုကို မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ကွမ်ယင် ဘုံကျောင်းတော်၏ ဆရာတော် ပျောက်ဆုံးနေသောကြောင့် ရဟန်းများမှာ သူတို့၏ ကျောထောက်နောက်ခံကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်နေကြလေသည်။

"ဒါ တော်တော်လေး ထူးဆန်းတယ်..."

အကြောင်းပြချက် မရှိဘဲ မီးလောင်သွားသော ဘုံကျောင်းတော်နှင့် ကျင်းချီဆရာတော် ပျောက်ဆုံးသွားမှုကို ကြည့်ရင်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အလိုလို ခံစားမိကာ ကျန်းလျိုက သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်လေသည်။

ဤအရာအားလုံးသည် မဟာယနဂိုဏ်းနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေရမည်ဟုလည်း သူ ခံစားမိလေသည်။

ဘုန်း.... ဘုန်း... ဝရုန်း...

ထိုစဉ်မှာပင် သဲများနှင့် ကျောက်ခဲများ လွင့်စင်လာပြီး ကောင်းကင်ကြီးမှာ မှောင်မိုက်သွားလေသည်။

ထို့နောက်... ညကောင်းကင်ယံသည် တိုက်ခတ်လာသော မိစ္ဆာလေရိုင်းများနှင့် တစ်သားတည်း ဖြစ်သွားပြီး ကြည်လင် စင်ကြယ်နေသော ညတစ်ညသည် အမှောင်ထုထဲတွင် ဖုံးလွှမ်းသွားခဲ့လေပြီ။

စွန်းဝူခုန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲ သွား၏။ သူက မျက်လုံးများက တောက်ပလာကာ မည်းမှောင်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်လေသည်။

"ဆရာတော်… သတိထားပါ... ကျွန်တော်တို့ဆီကို မိစ္ဆာသတ္တဝါ အုပ်စုကြီးတစ်ခု လာနေတယ်...”

ဝှစ်... ဝှစ်... ဝှစ်...

စွန်းဝူခုန်း စကားပြောအပြီးတွင်ပင် လွင့်စဉ်နေသော သဲများနှင့် ကျောက်ခဲများ၊ ဟိန်းဟောက်နေသော မိစ္ဆာလေရိုင်းများကြားမှ ကောင်းကင်ယံမှ အလင်းတန်းများ ကျဆင်းလာသည်။ ထို့နောက် လူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ကျော်၏ ပုံသဏ္ဌာန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကျန်းလျိုသည် ထိုသူများကို မသိချေ။ သို့ရာတွင် သူတို့ကို ဦးဆောင်လာသော ဘုန်းတော်ကြီးအိုကြီးကမူ ကျန်းလျိုအား မှင်တက်သွားစေခဲ့သည်။

"ဆရာတော်... ဆရာတော်က ကျင်းချီဆရာတော်လား..."

ကျန်းလျိုသည် မိစ္ဆာချီစွမ်းအင်များ ထွက်ပေါ်နေပြီး အနီရင့်ရောင် သင်္ကန်းကို ရုံထားသော ဘုန်းကြီးအိုကြီးကို ကြည့်ကာ မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"ကျောင်း... ကျောင်းထိုင်ဆရာတော်..."

ကွမ်ယင် ဘုံကျောင်းတော်မှ ရဟန်းများသည်လည်း ကျင်းချီ၏ အသွင်အပြင်ကို မြင်သောအခါ မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်ကြလေသည်။

ယခုအခါ မိစ္ဆာပူးကပ်ခြင်း ခံထားရသော ကျင်းချီသည် ရုပ်သွင်အားဖြင့် ပြောင်းလဲသွားပုံ မပေါ်သော်လည်း သူ၏ တစ်ကိုယ်လုံးရှိ အရောင်အဝါမှာမူ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

"ကျွတ် ကျွတ် ကျွတ်... တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းပါလား... ကောင်းကင်နတ်အဆင့် ဝက်ဝံမိစ္ဆာ တစ်ကောင်နဲ့ မိစ္ဆာဘုရင်အဆင့် မိစ္ဆာ တစ်ဆယ့်သုံးကောင်က ငါ စွန်းဝူခုန်းရှေ့မှာ ရမ်းကားရဲမယ်လို့ ထင်နေကြတာလား..."

စွန်းဝူခုန်း၏ အရပ်အမောင်းမှာ ပုသေးပိန်လှီပြီး ခြောက်နှစ် ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် တူနေသော်လည်း သူ၏ မျက်လုံးများမှ ရွှေရောင်မီးတောက်များ လောင်ကြွမ်း နေလေသည်။ ပေါ်လာသော ပုံရိပ်များကို ကြည့်ရင်း သူက လှောင်ပြောင် သရော်လိုက်လေသည်။

သို့သော်လည်း လက်သီးများကို ပွတ်သပ်ကာ လက်ဖဝါးများကို ပွတ်တိုက်နေသော မျောက်၏ မျက်နှာပေါ်ရှိ စိတ်အားထက်သန်သော အမူအရာက သူ တိုက်ခိုက်ချင်နေပြီ ဖြစ်ကြောင်း ထင်ရှားစွာ ပြသနေလေသည်။

"ဟွန့်... မင်းက သာမန် မြင်းထိန်း တစ်ယောက်ပါပဲ… ဘယ်လိုလုပ် ဒီလောက် မောက်မောက်မာမာ ကြွားဝါရဲရတာလဲ..."

ဝက်ဝံနက် မိစ္ဆာသည် စွန်းဝူခုန်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု မရှိသော်လည်း စကားပြောရာတွင် အရှုံးမပေးလိုသဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။ သူ၏ ပါးစပ်ကလည်း လှောင်ပြောင်ရာတွင် အတားအဆီး မရှိပေ။

"ဟုတ်တယ်... ကောလာဟလတွေကို အပြည့်အဝ ယုံလို့မရဘူးလို့ ငါလည်း ထင်တယ်... ဒီပုသေးပိန်လှီတဲ့ မျောက်က တကယ်ရော အဲဒီလောက် စွမ်းလို့လား..."

ဝက်ဝံနက် မိစ္ဆာ၏ စကားအပြီးတွင် ပန်းပွင့်မြွေမိစ္ဆာကလည်း ဝင်ရောက်ပြောဆိုလာပြီး ယဉ်ကျေးမှု အလျဉ်းမရှိဘဲ ဝင်ရောက် လှောင်ပြောင်လေသည်။

စွန်းဝူခုန်းအတွက် သူ အကြားချင်ဆုံး အရာက ချီးကျူးစကားတွေပင် ဖြစ်ပေသည်။ ပြောင်းပြန်အားဖြင့် သူ အမုန်းဆုံးကကော အဘယ်နည်း။

လှောင်ပြောင်သံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်း အား ဒေါသပုန်ထသွားစေခဲ့သည်။ သူသည် နားထဲသို့ လက်နှိုက်ကာ တောက်ပနေသော ရွှေတုတ်ကို ဆွဲထုတ်လိုက်၏။ လေတစ်ချက် မှုတ်လိုက်သည်နှင့် ၎င်းက ကြီးမားလာလေသည်။

"ခွေးကောင်တွေ... မင်းတို့က သေလမ်းကို ရှာနေမှတော့ ငါ စွန်းဝူခုန်းက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."

ထိုသို့ပြောရင်း စွန်းဝူခုန်း သည် ရှေ့သို့ ခုန်တက်ကာ ဝက်ဝံနက် မိစ္ဆာဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။ ထို့နောက်... သူ၏ လက်ထဲရှိ ရွှေရောင်တုတ်ကို သုံး၍ တောင်တစ်လုံးကဲ့သို့ လေးလံသော အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်လေသည်။

စွန်းဝူခုန်း ပြေးဝင်လာသည်ကို မြင်သောအခါ ဝက်ဝံနက် မိစ္ဆာသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လှံရှည်တစ်ချောင်းကို ဆင့်ခေါ်ကာ ရွှေတုတ်ကို ကာကွယ်လိုက်လေသည်။

ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ဝက်ဝံနက် မိစ္ဆာသည် အရပ်ရှည်ပြီး တောင့်တင်းခိုင်မာကာ စွန်းဝူခုန်းမှာမူ ပုသေးပိန်လှီပြီး ကြီးမားသော ဝက်ဝံနက်ကြီးအပေါ်သို့ ခုန်အုပ်နေသည့် မျောက်တစ်ကောင်နှင့် လုံးဝ တူနေပေသည်။

ဘုန်း...

ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ စွန်းဝူခုန်းသည် ဝက်ဝံနက် မိစ္ဆာကို နောက်သို့ တွန်းကန်လိုက်ရာ မ၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် ရှည်လျားသော ခြစ်ရာနှစ်ကြောင်း ထင်ကျန်ရစ်စေခဲ့သည်။

စောင့်ကြည့်နေသော မိစ္ဆာဘုရင် တစ်ဆယ့်သုံးပါးမှာ ထိုမြင်ကွင်းကြောင့် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။ ဝက်ဝံနက် ခေါင်းဆောင်သည် ရှေးဟောင်း သွေးမျိုးဆက်များရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့သော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။ သို့ရာတွင် တိုက်ပွဲစကတည်းက သူသည် ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

မိစ္ဆာဘုရင်များသည် စွန်းဝူခုန်း၏ စွမ်းအားကြောင့် သူတို့ ထိတ်လန့်သွားကြသော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး ဟန့်တားရန်အတွက် အသီးသီး လှုပ်ရှားလိုက်ကြလေသည်။

တိုက်ပွဲနည်းဗျူဟာကို ကြိုတင် သတ်မှတ်ထားပြီး ဖြစ်သည်။ လူတိုင်းသည် ဝက်ဝံနက် မိစ္ဆာကို ကူညီရန် စွန်းဝူခုန်းကို ဝိုင်းဝန်း အာရုံလွှဲကြမည် ဖြစ်သည်။ သူတို့၏ မိစ္ဆာ ဘုရင်ကြီးကို တစ်ယောက်တည်း လုံးဝ တိုက်ခိုက်ခိုင်းမည် မဟုတ်ချေ။

မိစ္ဆာဘုရင်များက စွန်းဝူခုန်း၏ စွမ်းအားကို အံ့အားသင့်နေသလို စွန်းဝူခုန်း ကိုယ်တိုင်ကလည်း သူ၏ရှေ့ရှိ ဝက်ဝံနက်ကို ကြည့်ကာ ပို၍ပင် အံ့အားသင့်သွားပြီး အော်ပြောလိုက်သည်။

"မင်း ဝက်ဝံနက်… မင်းရဲ့ ခွန်အားက တကယ်ကို အံ့မခန်းပဲ... သီးသန့် ခွန်အားပိုင်းမှာဆိုရင် မင်းက ထိုက်ရိအဆင့်က သာမန် နတ်တစ်ပါးနဲ့ ယှဉ်လို့ရတယ်..."

နတ်အဆင့် သုံးဆင့် ရှိသည်။ ကောင်းကင်နတ်အဆင့်၊ ထိုက်ရိအဆင့်နှင့် တာ့လော်အဆင့်တို့ ဖြစ်ကြပြီး အဆင့်တစ်ခုစီသည် ယခင်အဆင့်များနှင့် အလွန် ကွာခြားလှသည်။ ၎င်းတို့ကြားရှိ ကျင့်ကြံခြင်း ကွာဟချက်မှာ လောကီအဆင့်များထက် များစွာ ပိုမို ကြီးမားလှပေသည်။

သို့သော် ကောင်းကင်နတ်အဆင့် ဝက်ဝံမိစ္ဆာ တစ်ကောင်က ထိုက်ရိ နတ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ခွန်အား ရှိနေသည်လော။ စွန်းဝူခုန်း ဤမျှ အံ့အားသင့်သွားသည်မှာ မဆန်းတော့ပေ။

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုသည်လည်း ထိုနည်းတူစွာ အံ့အားသင့်သွားလေသည်။ နတ်အဆင့်တွင် အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ်များမှာ အလွန် များပြားပြီး ကျင့်ကြံခြင်း ကွာဟချက်မှာလည်း အလွန်အမင်း ကြီးမားလှပေသည်။ ထိုဝက်ဝံနက်၏ ခွန်အားက ဤမျှ ကြီးမားသော အဆင့်တစ်ခုကို ဖြတ်ကျော်နိုင်သည်လော။

ဝက်ဝံနက်၏ ပါရမီက အလွန် ထူးခြားလှသည်။ ထို့ကြောင့်ပင်... မူရင်းဝတ္ထုတွင် ကွမ်ယင်ဗောဓိသတ်က သူ့ကို စိတ်ဝင်စားခဲ့ပြီး သူမ သိမ်းဆည်းထားသော ခေါင်းစွပ်ကွင်းကို အသုံးပြုကာ ဝက်ဝံနက် မိစ္ဆာကို သူမ၏ တောင်စောင့်နတ်ဘုရားအဖြစ် ပြန်လည် ခေါ်ဆောင်သွားခြင်း ဖြစ်ပေလိမ့်မည်။

မူရင်းဝတ္ထုတွင် သူမ သိမ်းသွင်းခဲ့သော အခြားသတ္တဝါ တစ်ကောင်မှာ အစစ်အမှန် သမာဓိ မီးတောက်ကို ကိုင်တွယ်နိုင်စွမ်းရှိသည့် နွားမိစ္ဆာဘုရင်၏ တစ်ဦးတည်းသောသား ဟုန်ဟိုင်အာ ဖြစ်ကြောင်း ထည့်သွင်း စဉ်းစားကြည့်ပါက ကွမ်ယင်၏ စိတ်ဝင်စားမှုမှာ ယုတ္တိတန်လှပေသည်။

ဤရှုထောင့်မှ ကြည့်မည်ဆိုလျှင် ကွမ်ယင်၏ ရင်ထဲ၌ ဝက်ဝံနက်၏ တန်ဖိုးသည် ဟုန်ဟိုင်အာနှင့် နှိုင်းယှဉ်နိုင်ပါသလော။

သို့ရာတွင်... ကျန်းလျိုသည် သူ၏ဘေး၌ ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲကို သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ သူ၏ မျက်လုံးများသည် ကျင်းချီထံတွင်သာ ရှိနေပြီး သူ မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်လိုနေလေသည်။

ဤနေ့သည် အမှန်တကယ်ပင် အပြောင်းအလဲများလှသော နေ့တစ်နေ့ ဖြစ်ပေသည်။ ယခင်က သူ၏ရှေ့၌ ငိုကြွေးကာ နောင်တရနေခဲ့ပြီး အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားရသနည်း။ မဟာယနဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်များသည် အမှန်တကယ်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှပါသလော။

"ကျင်းချီဆရာတော်… ဒါက ဘာသဘောလဲ..."

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းလျိုက မေးလိုက်သည်။

ဝှစ်....

သို့သော် ကျန်းလျို စကားမဆုံးမီမှာပင် ကျင်းချီသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ၏ရှေ့သို့ ရောက်ရှိနေလေပြီ။

သူသည် လက်ဝါးကို မြှောက်လိုက်ရာ မိစ္ဆာမီးတောက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ကျန်းလျိုထံသို့ ရိုက်ချလိုက်လေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့် ဖြစ်ပြီး မိစ္ဆာဘုရင် တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ထိုကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ရှိသည့် ပုဂ္ဂိုလ် တစ်ဦးကို ကျန်းလျိုသည် မည်သို့ ရင်ဆိုင်ရဲမည်နည်း။ သူသည် တောက်ပခြင်း ဖိနပ် ၏ အထူးစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်၏။ ရင်ထဲတွင်တော့ သူ ပို၍ပင် အံ့အားသင့်သွားခဲ့ရလေသည်။

သူသည် ကျင်းချီဆရာတော် အပေါ် မည်သည့်အမှားမျှ မလုပ်ခဲ့ဟု ယုံကြည်ထားသည် မဟုတ်ပါလော။ ယခုတွင်မူ ထိုဘုန်းတော်ကြီးအိုကြီးက သူ့အား စကားပြောခွင့်ပင် မပေးတော့ချေ။

***

အပိုင်း(၁၅၂)

"ဒီတော့ မင်းဆီမှာ ရတနာ ပါလာတာပဲ..."

ကျန်းလျို၏ လျှပ်တစ်ပြက် ရွေ့လျားနိုင်စွမ်းနှင့် ရှောင်တိမ်းနိုင်စွမ်းကို မြင်သောအခါ ကျင်းချီဆရာတော်၏ မုန်းတီးမှုသည် သုံးဆမျှ တိုးပွားသွားလေသည်။

ဤရွှမ်ကျန်းသည်လည်း လူကောင်း မဟုတ်ပေ။ ယခင်က မျက်စိကျယ်စေရန် ရတနာများ ရှိမရှိ မေးမြန်းခဲ့စဉ်က ဘာမှ မရှိပါဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ သို့သော် ယခု ဘာတွေ ဖြစ်နေသနည်း။ ခုနက ရွေ့လျားသွားသည့် စွမ်းရည်သည် ဗုဒ္ဓရတနာတစ်ခု၏ အစွမ်း မဟုတ်ပါလော။

ဒေါသအတွေးများဖြင့် ပေါက်ကွဲနေသော ကျင်းချီဆရာတော်သည် ကျန်းလျိုအပေါ် အလွန်အမင်း ဒေါသထွက်သွားသည်။ လက်ဝါးကို မြှောက်ကာ သူ့ထံသို့ ဖြန့်ကြက်လိုက်ရာ အားကောင်းသော မိစ္ဆာချီစွမ်းအင် လှိုင်းလုံးကြီး တစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားကို ဖြစ်ပေါ်စေခဲ့ရာ ကျန်းလျိုမှာ မိမိကိုယ်ကို တည်ငြိမ်အောင် ရပ်တည်ရန် ခက်ခဲသွားပြီး ထိန်းချုပ်၍မရဘဲ ကျင်းချီဆရာတော်ထံသို့ ဆွဲယူခြင်း ခံလိုက်ရလေသည်။

ကျင်းချီဆရာတော်၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော အငွေ့အသက်များကို မြင်သောအခါ ထိုဘုန်းတော်ကြီးအိုကြီးသည် အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ကျန်းလျို နားလည်သွားလေသည်။ သူက ဂါထာ တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ မိမိ တစ်ဦးတည်းသာ မြင်နိုင်သော ဟင်းလင်းပြင် အကာအကွယ် အတားအဆီးတစ်ခု ချက်ချင်း ပေါ်လာလေသည်။

ထို့နောက် ကျန်းလျိုသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ကိုးကွင်းတောင်ဝှေး တစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။

ဘုန်း...

သူသည် ကိုးကွင်းတောင်ဝှေးကို ကိုင်ဆောင်လျက် မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ရာ လျှပ်တစ်ပြက်အတွင်း တောင်ဝှေးမှ တောက်ပသော ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းတို့က ကျန်းလျိုအား လုံးဝ ဖုံးလွှမ်းသွားကာ ရွှေရောင် အလင်းတန်း အတားအဆီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ကိုးကွင်းတောင်ဝှေးသည် ချိတ်ပိတ်ခံထားရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းသည် အပြည့်အဝ ချိတ်ပိတ်ခံထားရခြင်း မဟုတ်ဘဲ အထူးစွမ်းရည်များမှာ ကျန်ရှိနေသေးသည် ။အဆင့် ၉၀ အောက်ရှိ ပစ်မှတ်များ၏ တိုက်ခိုက်မှုများကို လုံးဝ အရာမထင် ဖြစ်သွားစေခြင်းပင်။

ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းရည်ကြောင့် တာ့လော် ရွှေရောင်နတ်ဘုရား တစ်ပါး ရောက်လာလျှင်ပင် ကျန်းလျိုအား ထိခိုက်နစ်နာအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

မိမိ၏ စုပ်ယူမှုစွမ်းအား လုံးဝ အရာမထင် ဖြစ်သွားသောအခါ ကျင်းချီဆရာတော်သည် တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

တိုက်ခိုက်မှု မျိုးစုံသည် ရွှေရောင် အလင်းတန်း အတားအဆီးပေါ်သို့ စဉ်ဆက်မပြတ် ရိုက်ခတ်နေလေသည်။

ထိုအတားအဆီးသည် ပါးလွှာသော အလွှာလေးတစ်ခုမျှသာဟု ထင်ရသော်လည်း ဖျက်ဆီး၍မရနိုင်သော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ကျင်းချီဆရာတော်သည် မညှာမတာ တိုက်ခိုက်နေသည့်တိုင် ၎င်းကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မပြုလုပ်နိုင်ခဲ့ချေ။

"ဟား ဟား ဟား... ဒါက မင်းဆီမှာ ဘယ်လို ရတနာမှ ပါမလာဘူးလို့ ပြောခဲ့တဲ့ အဓိပ္ပာယ်လား... မင်းက အစကတည်းက ငါ့ကို လှည့်စားနေခဲ့တာပဲ..."

အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သော်လည်း အချည်းနှီး ဖြစ်နေသောကြောင့် ကျင်းချီဆရာတော်သည် သူ၏ နည်းလမ်းများဖြင့် အတားအဆီး၏ ကာကွယ်မှုကို ချိုးဖျက်၍ မရနိုင်ကြောင်း သဘောပေါက် သွားခဲ့သည်။ ထို့ကြောင့်... သူက အချည်းနှီး ကြိုးစား မနေတော့ပဲ ရပ်တန့်လိုက်၏။ သို့ရာတွင် သူသည် ကျန်းလျိုကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။

"အခု နည်းနည်းလောက် စိတ်အေးသွားပြီလား... ငါတို့ သေချာ စကားပြောကြရအောင်လား..."

ကျင်းချီဆရာတော်သည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်ကို မြင်သောအခါ ကျန်းလျိုသည် ကိုးကွင်းတောင်ဝှေးကို ကိုင်ဆောင်ထားရင်း မိစ္ဆာပူးကပ်ခံထားရသော ကျင်းချီဆရာတော်ကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို အမှား တစ်ခါမှ မလုပ်ခဲ့ဘူးလို့ အမြဲတမ်း ယုံကြည်..."

"မင်းရဲ့ သောက်အဓိပ္ပာယ်မရှိတဲ့ စကားတွေ တော်လိုက်တော့..."

ကျန်းလျို စကားမဆုံးမီမှာပင် ကျင်းချီဆရာတော်သည် ရိုင်းစိုင်းစွာ ကြားဖြတ်ပြောလိုက်လေသည်။ တိုက်ခိုက်မှုများ အရာမထင်ကြောင်း သိနေသည့်တိုင် သူသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။ သူ၏ တိုက်ခိုက်လိုစိတ်မှာ ရူးသွပ်နေသော ကျားတစ်ကောင်ကဲ့သို့ အရိုင်းအစိုင်း ဆန်နေလေသည်။

ယခင်က သာမန် မနာလိုမှုမျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါ ကျင်းချီဆရာတော်သည် ကျန်းလျိုနှင့် သေချာစွာ စကားပြောရန်ပင် သည်းခံနိုင်စွမ်း မရှိတော့ချေ။

ဘုန်း... ဘုန်း... ဘုန်း...

တစ်ချိန်တည်း၌... ဘေးဘက်ရှိ စွန်းဝူခုန်းနှင့် မိစ္ဆာ ဘုရင်များ၏ တိုက်ပွဲမှာမူ သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာသည်နှင့် တူနေပေသည်။ ဝက်ဝံနက် မိစ္ဆာမှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် ကျင့်ကြံခြင်းအဆင့်အရ သူသည် စွန်းဝူခုန်းအောက် များစွာ နိမ့်ကျနေလေသည်။ ရွှေတုတ် လွှဲယမ်းလိုက်တိုင်း စွန်းဝူခုန်း၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် သူ ရုန်းကန်နေရလေသည်။

မိစ္ဆာဘုရင် တစ်ဆယ့်သုံးပါး၏ အကူအညီ ရှိနေသည့်တိုင်အောင် သူတို့သည် စွန်းဝူခုန်းအား ယာယီမျှသာ တားဆီးထားနိုင်ကြလေသည်။ သို့ရာတွင် အခြေအနေကို ကြည့်ရသလောက် သူတို့ အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ချေ။

"ဟေး… ဝူခုန်း... ဆော့မနေနဲ့တော့... သူတို့ကို မြန်မြန် အနိုင်ယူပြီး ငါ့ကို လာကူညီပါဦး..."

စွန်းဝူခုန်းသည် ဝက်ဝံနက် မိစ္ဆာများကို အားတက်သရော တိုက်ခိုက်နေသည်ကို မြင်သောအခါ ကျန်းလျိုသည် မအော်ဘဲ မနေနိုင်တော့ချေ။

အပေါ်ယံအားဖြင့် ကိုးကွင်းတောင်ဝှေး၏ ကာကွယ်မှုဖြင့် မည်သူမျှ သူ့အား ထိခိုက်အောင် မလုပ်နိုင်ဟု ထင်ရသော်လည်း ဤကာကွယ်မှုသည် စက္ကန့် ၃၀၀ မျှသာ ခံနိုင်ရည် ရှိပေသည်။ အချိန်တစ်ဝက်ခန့် ကုန်လွန်သွားပြီ ဖြစ်သောကြောင့် ကျန်းလျိုသည် အလွန် ယုံကြည်ချက် မရှိရဲတော့ချေ။

စွန်းဝူခုန်းမှာ တိုက်ပွဲစကတည်းက သူ၏ အစွမ်းအစ အပြည့်အဝကို အမှန်တကယ် အသုံးမပြုခဲ့ချေ။ ကျန်းလျို၏ ကိုးကွင်းတောင်ဝှေးက သူ့ကိုယ်သူ ကာကွယ်ရန် လုံလောက်သည်ဟု ယူဆကာ စွန်းဝူခုန်းသည် ဤကောင်များနှင့် အနည်းငယ် ဆော့ကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဝူရှင်းတောင်မှ ထွက်ခွာလာကတည်းက ခက်ခဲကြမ်းတမ်းသော ပြိုင်ဘက်များကို မကြုံတွေ့ခဲ့ရသောကြောင့် ဤကဲ့သို့သော အခွင့်အရေးမျိုး မကြာခဏ မရနိုင်ချေ။

သို့သော် ကျန်းလျို၏ အော်သံကို ကြားသောအခါ သူ အကြာကြီး ထပ်ပြီး တောင့်ခံထားနိုင်မည် မဟုတ်ကြောင်း စွန်းဝူခုန်း နားလည်သွားလေသည်။

"ကောင်းပြီ... ငါ စွန်းဝူခုန်းက မင်းတို့နဲ့ ဆက်ကစားနေစရာ မလိုတော့ဘူး..."

အတွေးတစ်ခုနှင့်အတူ စွန်းဝူခုန်း၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အရောင်များ လင်းလက်လာ၏။ စကားပြောနေစဉ်မှာပင် စွန်းဝူခုန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ရွှေတုတ်ကို လွှဲယမ်းလိုက်သည်။

ဘုန်း...

မူလက တောင်ဝှေးအရွယ်အစားရှိသော တုတ်သည် ကောင်းကင်ကို ထောက်ပံ့ထားသော တိုင်လုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရန်သူများ အပေါ်သို့ ပြိုကျလာလေသည်။

အော်ဟစ်သံများနှင့်အတူ ရွှေတုတ် ရိုက်မိသွားသော မိစ္ဆာဘုရင်များစွာသည် လွင့်စင်သွားကြပြီး သွေးများ အန်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။ ထရန် ရုန်းကန်နေရသော်လည်း မတ်တပ်မရပ်နိုင်ကြတော့ချေ။

မိစ္ဆာဘုရင်များ၏ ခွန်အားသည် အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း စွန်းဝူခုန်း၏ တည်ရှိမှုသည် မိစ္ဆာများကြားတွင် သူတော်စင် တစ်ပါးကဲ့သို့ ဖြစ်နေပေသည်။ ဤမိစ္ဆာဘုရင်များက မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

အတည်ပေါက် တိုက်ခိုက်လိုက်သောအခါ စွန်းဝူခုန်း၏ ရှေ့တွင် သူတို့သည် ခွန်အားကြီးမားသော လူတစ်ယောက်ရှေ့မှ ကလေးငယ်များကဲ့သို့ ဖြစ်သွားကြလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

တိုက်ခိုက်မှု နှစ်ချက်ကို သီသီလေး ခံနိုင်ရည်ရှိသော ဝက်ဝံနက် မိစ္ဆာမှလွဲ၍ အခြား မိစ္ဆာဘုရင်များသည် စွန်းဝူခုန်း၏ ပြိုင်ဘက် မဟုတ်ကြပေ။ အကြိမ်အနည်းငယ် လွှဲယမ်းပြီးနောက် မိစ္ဆာဘုရင်များ အားလုံးသည် ဖယ်ရှားခံလိုက်ရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ဒဏ်ရာရပြီးသေဆုံး သွားကြလေသည်။

‘အောမိတော်ဖော…’

စွန်းဝူခုန်းသည် ဝက်ဝံနက် မိစ္ဆာကို သတ်တော့မည့် ဆဲဆဲတွင် ရုတ်တရက် အနောက်အရပ်မှ ခမ်းနားတောက်ပသော ဗုဒ္ဓအလင်းတန်း တစ်ခု ထွက်ပေါ်လာလေသည်။

ကြာပန်းပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်တော်မူလျက် ကွမ်ယင်ဗောဓိသတ်၏ ပုံရိပ်သည် လေထဲတွင် တိတ်ဆိတ်စွာ ဝဲပျံနေလေတော့သည်။

‘ကွမ်ယင် ဗောဓိသတ်…’

လေထဲတွင် ပေါ်လာသော ပုံရိပ်ကို မြင်လိုက်ရသောအခါ ထိုနေရာရှိ မိစ္ဆာများအားလုံးသည် ထိတ်လန့်သွားကြပြီး ကြောက်ရွံ့မှုများဖြင့် မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ကြလေသည်။

မထင်မှတ်ထားဘဲ ကွမ်ယင်ဗောဓိသတ် ကိုယ်တိုင် ကိုယ်ထင်ပြလာခဲ့ခြင်း ဖြစ်ပေသည်။

ကွမ်ယင်ဗောဓိသတ် ပေါ်လာသည်ကို မြင်သောအခါ ကျန်းလျို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားလေ၏။

အမှန်တကယ်ပင် သူမ ရောက်လာသည့် အချိန်အခါသည် အပြစ်ဆိုစရာ မရှိအောင် ကွက်တိကျလှပေသည်။ စွန်းဝူခုန်းက အခြား မိစ္ဆာဘုရင်များကို အနိုင်ယူပြီး ဝက်ဝံနက် မိစ္ဆာကို အဆုံးသတ်တော့မည့် အချိန်၊ တိုက်ပွဲ၏ အခြေအနေမှာ လုံးဝနီးပါး ရှင်းလင်းသွားသည့် အချိန်နှင့် အတိအကျပင် ဖြစ်လေသည်။

သူမက ကွယ်ရာကနေ စောင့်ကြည့်မနေခဲ့ဟု ဆိုလျှင် ကျန်းလျို ထိုသို့ ပြောသူကို ပါးရိုက်မိပေလိမ့်မည်။

"ကျင်းချီ… မင်းရဲ့ အပြစ်ကို မင်း သိလား..."

ကြာပန်းပလ္လင်ထက်တွင် ထိုင်တော်မူနေသော ကွမ်ယင်ဗောဓိသတ်၏ ဟန်ပန်မှာ အလွန် တည်ငြိမ်အေးချမ်းလှပေသည်။ သူမသည် မြင့်မြတ်သော နေရာမှနေ၍ ကျင်းချီဆရာတော်အား ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိဘဲ အေးအေးဆေးဆေးပင် ကြည့်ရှုနေလေသည်။

"ဟား ဟား ဟား... အပြစ် ဟုတ်လား..."

ယခင်ကသာဆိုလျှင် ကွမ်ယင် ဘုံကျောင်းတော်၏ ကျောင်းထိုင်ဆရာတော် တစ်ပါးအနေဖြင့် ကွမ်ယင်ဗောဓိသတ် ကိုယ်ထင်ပြလာသည်ကို မြင်လျှင် ကျင်းချီဆရာတော်သည် ချက်ချင်းပင် ဦးချရှိခိုးမည်မှာ သေချာလှပေသည်။ သို့ရာတွင် ယခုအခါ ကျင်းချီဆရာတော်သည် မတ်မတ်ရပ်နေပြီး သူ၏ မျက်လုံးများထဲတွင် ရူးသွပ်သော အရောင်များ တောက်ပနေလျက်ရှိသည်။

"မင်းတို့လို ဗောဓိသတ်ဆိုတဲ့ ကောင်တွေက အထက်စီးကနေပြီး ငါတို့ကို အုပ်စိုးနေတာလေ... ငါ့ကို လူလို့တောင် တစ်ခါမှ မမြင်ခဲ့ဘူးပဲ... ငါ့အပြစ်တွေကို စီရင်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ..."

သူက ရိုင်းရိုင်းစိုင်းစိုင်းပင် အော်ဟစ်လိုက်၏။

"အောမိတော်ဖော... မင်းက မိစ္ဆာလမ်းစဉ်ထဲကို ဝင်ရောက်သွားပြီဆိုတော့ ဆက်ပြောနေလည်း အလကားပါပဲ..."

ကွမ်ယင်ဗောဓိသတ်သည် ကျင်းချီဆရာတော်၏ ကျိန်ဆဲမှုများကို ဒေါသထွက်သည့် အရိပ်အယောင် လုံးဝမပြဘဲ တုံ့ပြန်လိုက်သည်။ သူမသည် အလွန် သဘောထားကြီးမြတ်ပုံ ပေါ်နေပြီး စိတ်မကောင်းသည့် အမူအရာဖြင့်သာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်လေသည်။

"မိစ္ဆာလမ်းစဉ် ဟုတ်လား... မင်းတို့နောက်ကို လိုက်ပြီး နွားတွေ၊ မြင်းတွေလို အခိုင်းခံ၊ အသတ်ခံရရင်တောင် ပြန်မခုခံဘဲ နေတာကမှ လမ်းမှန် ဖြစ်နေတာ မဟုတ်လား... နည်းနည်းလေး မနာခံတာနဲ့ မိစ္ဆာလမ်းစဉ် ဖြစ်သွားရောလား... အဲဒါကိုပဲ မင်းတို့ ပါးစပ်က မိစ္ဆာလမ်းစဉ်လို့ ခေါ်နေကြတာလား..."

ကွမ်ယင်ဗောဓိသတ်၏ စကားများက ကျင်းချီဆရာတော်၏ လှောင်ပြောင်မှုကို ပိုမို ပြင်းထန်သွားစေခဲ့သည်။

အခြေအနေသည် ဤနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး သူ၏ ကံကြမ္မာလည်း အဆုံးအဖြတ် ခံရပြီး ဖြစ်လေသည်။ ကျင်းချီဆရာတော်သည် သူ၏ ရင်ထဲရှိ ကြည်ညိုလေးစားမှု အားလုံးကို လုံးဝ စွန့်ပယ်လိုက်ပြီး ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ သူ ပြောချင်ရာကို ပြောဆိုနေတော့သည်။

***

All Chapters