← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း - ၇၃

ရဲအရာရှိနှစ်ဦး ရောက်ရှိလာခြင်းမှာ ကန်နွန် ကိုယ်စားလှယ်အဖွဲ့ကို ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။ မီဆုရှီတာ ကူယိုကိုသည် ချက်ချင်း ရှေ့တိုးလာကာ ရဲများကို ပြောလိုက်သည်။ “မင်္ဂလာပါ ရဲအရာရှိတို့ ကျွန်မက ဗွိုက်စင် ကန်နွန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ရဲ့ စကားပြန်ပါ... ဒီလူမိုက် ၈ ယောက်က ကျွန်မတို့အဖွဲ့ဝင် ၃ ယောက်ကို တမင်တကာ ရန်စတိုက်ခိုက်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တာကို တိုင်ကြားချင်ပါတယ်”

ဒဏ်ရာရသူများမှာ ဗွိုက်စင်နိုင်ငံသားများဖြစ်ပြီး နာမည်ကြီးကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်များဖြစ်ကြောင်း သိလိုက်ရသောအခါ ရဲအရာရှိနှစ်ဦးမှာ အခြေအနေကို ရိပ်မိသွားကြသည်။ ဤသည်မှာ ရိုးရိုးလမ်းဘေးရန်ပွဲမှသည် သံတမန်ရေးရာ အငြင်းပွားမှုအဆင့်ထိ ရောက်ရှိသွားနိုင်သော အမှုပင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရွှမ်ဟူ ရဲစခန်း၏ အရေးကြီးအမှုစစ်ဆေးရေးဌာနသို့ အမြန်ဆက်သွယ်ကာ အကူအညီတောင်းခံလိုက်ကြသည်။

ယဲ့ဖုန်း အမှုပြီးကတည်းက ရွှမ်းဟူရဲစခန်း၏ အရေးကြီးအမှုစစ်ဆေးရေးဌာနမှာ ဖိအားများအောက်တွင် ရှိနေသည်။ အထူးသဖြင့် ဌာနမှူး ချန်ကွမ်းလျန် ပင် ဖြစ်သည်။ အကယ်၍ ဒုရဲမှူးကြီး ရှန့်ယန်ချန်း သာ မရှိလျှင် သူသည် ရာထူးမှ ဖယ်ရှားခံရပြီး လဲ့ယာခွန် နှင့် အစားထိုးခံရနိုင်ချေ ရှိသည်။

လဲ့ယာခွန်သည် အရေးကြီးအမှုစစ်ဆေးရေးဌာန၏ ဌာနမှူးရာထူးကို မရရှိခဲ့သော်လည်း အခွင့်အရေးကို အသုံးချကာ ရာဇဝတ်မှုခင်းအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းပြီး ၎င်း၏ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်သည်။

အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် ချန်ကွမ်လျန်သည် ကိုယ်တိုင်ဦးဆောင်ကာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့သည်။ အခင်းဖြစ်နေရာရှိ ရဲအရာရှိနှစ်ဦးမှာ လူနာတင်ကားခေါ်ကာ ဒဏ်ရာရသူ ဗွိုက်စင်သား ၃ ဦးကို ရွှမ်းဟူ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်။ မီဆုရှီတာ ကူယိုကိုမှာမူ ထွက်ဆိုချက်ပေးရန်အတွက် ရဲများနှင့်အတူ ရဲစခန်းသို့ လိုက်ပါသွားခဲ့သည်။

ချန်ကွမ်လျန်သည် ချန်အစားအသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် နားကပ်တစ်ဖက်တို့အဖွဲ့ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့ ဒီလူမိုက်အုပ်စုတွေ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား”

နားကပ်တစ်ဖက်က မချိသွားဖြဲ လုပ်ပြကာ “ဌာနမှူးချန်... ဒါက ကျုပ်တို့ကို အပြစ်တင်လို့ မရဘူးဗျ ကျုပ်ရဲ့ ညီအစ်ကိုတွေ အကုန်လုံး သက်သေခံနိုင်တယ်၊ ဒီတစ်ခါတော့ ဟိုကောင်တွေက အရင်စတာဗျ ကျုပ်တို့ကတောင် စခန်းမှာ အဖမ်းခံမလို့ လုပ်နေတာ” ဟု ပြောသည်။

ရှီလဲ့က ရုတ်တရက် ဝင်ပြောလိုက်သည်။ “ဌာနမှူးချန်၊ ကျွန်တော် သူတို့အတွက် သက်သေခံပေးနိုင်ပါတယ်.. အဲဒီ ဗွိုက်စင်သားတွေက အရင်စပြီး တိုက်ခိုက်ခဲ့တာပါ”

ထိုအခါမှ ချန်ကွမ်လျန်က ရှီလဲ့ကို သတိထားမိသွားသည်။ သူသည် ရှီလဲ့ဘေးမှ လင်းယွီမော့နှင့် မုရွှမ်းတို့ကို အံ့သြစွာ ကြည့်လိုက်ပြီးနောက် စနောက်လိုက်သည်။ “ရှီလဲ့... မင်းကတော့ ကံကောင်းတဲ့ကောင်ပဲဟေ့”

မီဆုရှီတာ ကူယိုကိုသည် ချန်ကွမ်လျန်က ရှီလဲ့၏အမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ရှီလဲ့က ရယ်မောကာ “ဌာနမှူးချန်... အစားအသောက်ကို ကြိုက်တာစားလို့ရပေမဲ့ စကားကိုတော့ ကြိုက်တာပြောလို့ မရဘူးဗျ..ကျုပ်တို့က ခင်ပေမဲ့ ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်နော်”

“ကဲ... နောက်တာတွေ တော်ပြီ... ရှီလဲ့၊ မင်း အဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်တာလား” ချန်ကွမ်လျန်က တည်တည်တံ့တံ့ မေးသည်။

“ဒါပေါ့” ရှီလဲ့က ဝန်ခံလိုက်သည်။ “ကျွန်တော်နဲ့ ကျွန်တော့်အတန်းဖော် နှစ်ယောက် ဒီဆိုင်မှာ စားနေရင်း အဖြစ်အပျက်တစ်ခုလုံးကို မြင်တွေ့ခဲ့တာပါ”

ချန်ကွမ်လျန်က ပြုံးကာ “ကောင်းပြီလေ၊ ရှီလဲ့... ငါ့ကို အကူအညီတစ်ခု ပေးပါဦး... ရဲစခန်းကို လိုက်ခဲ့ပြီး ထွက်ဆိုချက်ပေးပါဦး” ဟု ပြောသည်။

“ပြဿနာမရှိပါဘူး” ရှီလဲ့က ဘာအပြစ်မှမရှိသည့်အလား တောက်ပစွာ ပြုံးပြလိုက်သည်။

“ရှီလဲ့... မင်းရဲ့ အတန်းဖော်နှစ်ယောက်လည်း အဖြစ်အပျက်ကို မြင်ခဲ့တာဆိုရင် သူတို့လည်း ရဲစခန်းကို လိုက်ပြီး ထွက်ဆိုချက်ပေးရင် ကောင်းမလားလို့” ဟု ချန်ကွမ်လျန်က ဆိုသည်။

ရှီလဲ့က မျက်မှောင်ကြုတ်ကာ “ဌာနမှူးချန်... အခု ၆ နာရီတောင် ထိုးတော့မယ်။ မိန်းကလေးနှစ်ယောက်ကို ရဲစခန်းခေါ်သွားတာ မသင့်တော်ဘူး ထင်တယ်... ဒီမှာပဲ အကျဉ်းချုပ် ထွက်ဆိုချက်ယူလိုက်ပါလား... ကျွန်တော်ကတော့ ခင်ဗျားတို့နောက်ကို လိုက်ခဲ့ပြီး အသေးစိတ် ထွက်ဆိုပေးပါ့မယ်” ဟု အကြံပေးလိုက်သည်။

ချန်ကွမ်လျန်က မှောင်စပြုနေသော ကောင်းကင်ကို ကြည့်ကာ “ကောင်းပြီလေ” ဟု သဘောတူလိုက်သည်။

ထွက်ဆိုချက်ယူသည့် ရဲအရာရှိမှာ တောက်ကျွင်း ဖြစ်သည်။ သူက “ဟေ့... ရှီလဲ့၊ မင်း ကျောင်းမှာ တော်တော်လေး အခြေအနေကောင်းနေတာပဲ” ဟု စနောက်သည်။

ရှီလဲ့က တောက်ကျွင်း၏ ကျောကို ပုတ်ကာ “အကိုကြီးတောက်... ကျွန်တော်က ခင်ဗျားလောက် ဘယ်ဟုတ်ပါ့မလဲ အကိုကြီးတောက်... ထွက်ဆိုချက်ယူရင် ကျွန်တော့်ကို နည်းနည်းလောက် ကြည့်ပေးပါဦးနော်”

“စိတ်မပူပါနဲ့ ရှီလဲ့ရာ၊ ရိုးရိုးရှင်းရှင်း မေးခွန်းလေးတွေပဲ မေးမှာပါ...မင်းသူငယ်ချင်းတွေကို အခက်အခဲ မဖြစ်စေရဘူး” တောက်ကျွင်းက ရယ်မောကာ လင်းယွီမော့နှင့် မုရွှမ်းတို့ကို မေးလိုက်သည်။ “ညီမတို့... ဘယ်ဘက်က အရင်စပြီး တိုက်ခိုက်တာလဲဆိုတာ ပြောပြပေးပါဦး”

“ဗွိုက်စင်သား သုံးယောက်ပါ” မုရွှမ်းက တည်ငြိမ်စွာ ဖြေပြီး လင်းယွီမော့ကလည်း ခေါင်းငြိမ့်ထောက်ခံသည်။

တောက်ကျွင်းသည် ရိုးရှင်းသော မေးခွန်းအချို့ကို မေးမြန်းပြီးနောက် ထွက်ဆိုချက်ကို အပြီးသတ်လိုက်သည်။ လင်းယွီမော့က ရှီလဲ့ကို စိုးရိမ်တကြီး ကြည့်နေသည်။ ရှီလဲ့က သူမအနားသို့ သွားကာ “ယွီမော့၊ မုရွှမ်း... စိတ်မပူကြနဲ့... ငါ ရဲစခန်းကို ခဏသွားပြီး ထွက်ဆိုချက်ပေးရုံတင်ပါ... နင်တို့ အဆောင်ကို အရင်ပြန်နှင့်ကြ၊ ငါ ခဏနေရင် ပြန်လာခဲ့မယ်” ဟု ပြောလိုက်သည်။

လင်းယွီမော့က ရှီလဲ့ကို သေချာကြည့်ကာ “နင် ပြန်လာမယ်လို့ ပြောပြီးသားနော်” ဟု ဆိုသည်။

မုရွှမ်းက ရှီလဲ့ကိုကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ရှီလဲ့ ထိုမျှလွယ်လွယ်ကူကူ ပြန်လာနိုင်မည် မဟုတ်ကြောင်း သူမ သိနေသည်။ နိုင်ငံတကာသူငယ်ချင်းများကို ရိုက်နှက်ရန် သွေးထိုးပေးခြင်းမှာ အသေးအမွှားပြစ်မှု မဟုတ်ပေ။

မုရွှမ်းသည် ရှီလဲ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ လင်းယွီမော့ကို ဆွဲထူလိုက်သည်။ “ယွီမော့... တို့တွေ အရင်ပြန်ပြီး ရှီလဲ့ကို စောင့်နေကြရအောင်”

ရှီလဲ့က မုရွှမ်းကိုကြည့်ကာ ပြုံးပြလိုက်သည်။ “မုရွှမ်း... ယွီမော့ကို အပ်ခဲ့ပါရစေဦး”

“ရှီလဲ့... ဂရုစိုက်ဦးနော်” မုရွှမ်းက စိုးရိမ်စိတ်အချို့ဖြင့် ပြောလိုက်သည်။

အလှပန်းလေးနှစ်ဦး ထွက်သွားပြီးနောက် ရှီလဲ့နှင့် ချန်ကွမ်လျန်တို့သည် ရဲကားပေါ်တက်ကာ ရှုအန်ဟူရဲစခန်းသို့ အတူတူ ပြန်လာခဲ့ကြသည်။ ချန်ကွမ်လျန်က ကားမောင်းပြီး မီဆုရှီတာ ကူယိုကိုက ဘေးထိုင်ခုံတွင် ထိုင်သည်။ ရှီလဲ့၊ နားကပ်တစ်ဖက်နှင့် နောက်ထပ်လူမိုက်တစ်ဦးမှာ နောက်ခန်းတွင် ထိုင်ကြသည်။ ကျန်လူမိုက် ၆ ဦးမှာ တောက်ကျွင်းမောင်းသော ဗန်ကားဖြင့် လိုက်ပါလာကြသည်။ ရှီလဲ့မှာ သက်သေအဖြစ် လိုက်ပါလာခြင်းဖြစ်၍ လက်ထိပ်ခတ်မထားပေ။ သူသည် ဖုန်းကို ထုတ်ကာ ကုဒ်နံပါတ်အချို့ကို စာတိုအဖြစ် ရိုက်လိုက်သည်။

ခေတ္တအကြာတွင် ရှီလဲ့သည် “Send” ခလုတ်ကို နှိပ်လိုက်သည်။ ထိုအခါ ဘေးတွင်ထိုင်နေသော နားကပ်တစ်ဖက်၏ ဖုန်းမှာ ရုတ်တရက် မြည်လာသည်။ သူသည် လက်ထိပ်ခတ်ခံထားရသဖြင့် ဖုန်းကို ဘောင်းဘီအိတ်ထဲမှ အခက်အခဲဖြစ်စွာ ထုတ်လိုက်ရသည်။

“ထူးဆန်းလိုက်တာ... စာတိုတစ်စောင် ဝင်လာတယ်၊ ဒါပေမဲ့ ဘာမှမရှိပါလား” နားကပ်တစ်ဖက်က ဖုန်းကိုကြည့်ကာ တိုးတိုးလေး ရေရွတ်သည်။ ညာဘက်အစွန်တွင် ထိုင်နေသော ရှီလဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ရှီလဲ့၏ ဖုန်းမျက်နှာပြင်ပေါ်တွင် “ဖျက်ပြီးပါပြီ” ဟူသော စာလုံး ပေါ်လာသည်။

ပြတင်းပေါက်အပြင်ဘက်က ရှုခင်းများကို ကြည့်နေရင်း ရှီလဲ့၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေဆဲဖြစ်သည်။ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် သူသည် ရွှမ်ချင်းတက္ကသိုလ်၏ ဆာဗာအတွင်းသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် စနစ်၏ နောက်ပေါက် မှတစ်ဆင့် မိုဘိုင်းဝန်ဆောင်မှု အခြေစိုက်စခန်း ထဲသို့ ဝင်ရောက်သွားသည်။

နားကပ်တစ်ဖက်၏ ဖုန်းထဲက မှတ်တမ်းကို ဖျက်လိုက်ရုံဖြင့် မလုံလောက်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရှီလဲ့ နားကပ်တစ်ဖက်ကို ခေါ်ဆိုခဲ့သော မှတ်တမ်းမှာ မိုဘိုင်းဆာဗာတွင် ရှိနေဆဲဖြစ်ပြီး အသံဖမ်းယူထားမှုပင် ရှိနိုင်သောကြောင့်ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတိုင်း၌ အသံဖမ်းယူထားမှုများ ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပုံမှန်အားဖြင့် သူတို့သည် ထိုအသံမှတ်တမ်းများကို လိုက်လံစစ်ဆေးလေ့မရှိသော်လည်း သက်ဆိုင်ရာဌာနများက လိုအပ်လာပါက စစ်ဆေးကြမည်ဖြစ်သည်။

ကွန်ရက်၏ အမြန်နှုန်းမှာ ကန့်သတ်ချက်ရှိသဖြင့် ဆာဗာများကို ထိန်းချုပ်ရန် အနည်းငယ် ခက်ခဲနေသော်လည်း ချန်ကွမ်လျန်၏ ကားမှာ ရွှမ်းဟူရဲစခန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

ကားပေါ်မှ ဆင်းသည်နှင့် ရှီလဲ့က ချက်ချင်း မေးလိုက်သည်။ “ဌာနမှူးချန်... ဒီမှာ အိမ်သာ ဘယ်မှာလဲ...စောစောက တစ်ခုခု မှားစားမိလို့ထင်တယ်၊ ဗိုက်က အရမ်းနာနေလို့”

ချန်ကွမ်လျန်က ရယ်မောကာ “ရှီလဲ့... မင်းကို ငါပြောသားပဲ၊ ငါတို့ဌာနက အိုးရန် ရဲ့ လက်ရာက အကောင်းဆုံးပဲလို့...မင်းက အပြင်မှာ သွားစားတော့ ဒီလိုဖြစ်မှာပေါ့၊ ခံရမှာပဲ”

ရှီလဲ့က အလောတကြီးဟန်ဖြင့် “ဌာနမှူးချန်... နောက်မနေပါနဲ့၊ အိမ်သာ ဘယ်မှာလဲလို့”

“အရေးကြီးအမှုစစ်ဆေးရေးဌာနက တတိယထပ်မှာ... ဘယ်ဘက်အစွန်ဆုံးမှာ ရှိတယ်၊ မြန်မြန်သွား” ချန်ကွမ်လျန်က ရယ်မောကာ လမ်းညွှန်လိုက်သည်။

ရှီလဲ့သည် တတိယထပ်သို့ အမြန်ပြေးတက်သွားသည်။ နားကပ်တစ်ဖက်မှာ ခေါင်းငုံ့နေရင်း သူ၏ မျက်လုံးထဲတွင် စိတ်သက်သာရာရမှုများ ပေါ်လာသည်။ ဆိုင်တွင်ရှိစဉ်က ရှီလဲ့နှင့် ချန်ကွမ်လျန်တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြသည်ကို သူ တွေ့ခဲ့ရသည်။ ယခုလည်း သူတို့နှစ်ဦးမှာ စနောက်နေကြသဖြင့် ရှီလဲ့နှင့် ရဲဌာနမှာ တော်တော်လေး ရင်းနှီးကြောင်း သူ သိလိုက်ရသည်။

နားကပ်တစ်ဖက်၏ စိတ်ထဲတွင် ရှီလဲ့မှာ ယဲ့ဖုန်းနှင့် တစ်ဖွဲ့တည်းဟု ထင်ထားသော်လည်း ရဲများနှင့် ဤမျှ ရင်းနှီးနေသည်မှာ ရှီလဲ့၏ အစီအစဉ်များက အလွန်ပင် နက်နဲလှကြောင်း သူ ကောက်ချက်ချလိုက်သည်။

‘တော်သေးတာပေါ့၊ ငါက အစ်ကိုကြီးရှီဘက်မှာ ရှိနေလို့’ နားကပ်တစ်ဖက်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

တတိယထပ်က အိမ်သာထဲတွင် ရှီလဲ့သည် ဖုန်းကို ကိုင်ကာ ရွှမ်ချင်းတက္ကသိုလ် ဆာဗာကို ထိန်းချုပ်နေသည်။ မိုဘိုင်းဝန်ဆောင်မှုစခန်းမှတစ်ဆင့် “Delete” အမိန့်ကို ပို့လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ရှီလဲ့သည် ထိုစခန်းကို ကြိုတင် ဟက်ထားခဲ့သဖြင့် အဆင်ပြေသွားခြင်းဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်း၏ ဆာဗာများမှာ လုံခြုံရေး အလွန်ကောင်းမွန်သော်လည်း ၂၀၀၆ ခုနှစ်တွင် တာ့ရှား၏ မိုဘိုင်းဝန်ဆောင်မှုစနစ်မှာ အချက်အလက် အမြောက်အမြားကို ကိုင်တွယ်နိုင်စွမ်း မရှိသေးပေ။

မိုဘိုင်းဝန်ဆောင်မှုစနစ်၏ အချက်အလက်များကို အခြေစိုက်စခန်းများက အရင်လုပ်ဆောင်ပြီးမှ ရလဒ်များကို ဌာနချုပ်ရှိ ဆူပါကွန်ပျူတာသို့ ပို့ဆောင် သိမ်းဆည်းခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အခြေစိုက်စခန်းများတွင် လုပ်ပိုင်ခွင့် အများအပြား ရှိနေခြင်းပင် ဖြစ်သည်။

ရှီလဲ့၏ ဖျက်ဆီးရေးအမိန့်သည် အခြေစိုက်စခန်းမှတစ်ဆင့် ဆူပါကွန်ပျူတာအတွင်းသို့ ဝင်ရောက်သွားပြီး ရှီလဲ့နှင့် နားကပ်တစ်ဖက်တို့အကြား ခေါ်ဆိုမှုမှတ်တမ်းအားလုံးကို စနစ်ထဲမှ တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

ဖုန်းထဲမှ အကြောင်းပြန်စာကို ကြည့်ကာ ရှီလဲ့သည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။

သူသည် ဖုန်းကို သိမ်းကာ အရေးကြီးအမှုစစ်ဆေးရေးဌာနသို့ လျှောက်သွားလိုက်သည်။ ရှီလဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ခပ်အေးအေး မေးလိုက်သည်။ “အိုရန် ဘယ်မှာလဲ”

နားကပ်တစ်ဖက်နှင့် ကျန်လူမိုက် ၇ ယောက်မှာ တန်းစီရပ်နေကြပြီး ချန်ကွမ်လျန်က သူတို့ကို စစ်မေးနေသည်။ ရှီလဲ့၏ အသံကို ကြားသောအခါ ချန်ကွမ်လျန်က စနောက်သည်။ “ဘာလဲ အခုမှ အိုရန်ရှန်း ကို သတိရနေတာလား... စောစောကတော့ အတန်းဖော်မလေး နှစ်ယောက်နဲ့ စားနေပြီးတော့”

ရှီလဲ့သည် အိုးရန်ရှန်း၏ ခုံတွင် အေးအေးလူလူ ဝင်ထိုင်လိုက်သည်။ ထို့နောက် အံဆွဲကိုဖွင့်ကာ နွားနို့ဗူးတစ်ဗူးကို ထုတ်သောက်လိုက်သည်။

“ဌာနမှူးချန်... ခင်ဗျား အိုးရန်ကို သွားတိုင်မှာတော့ မဟုတ်ပါဘူးနော်”

ချန်ကွမ်လျန်က တမင်တကာ မျက်နှာတည်လိုက်ပြီး “ရှီလဲ့... မင်းရဲ့ အပြုအမူအရတော့ ငါ သေချာပေါက် တိုင်တန်းရမှာပဲ” ဟု ဆိုသည်။

“ဟေ့... ဌာနမှူးချန်၊ ကျုပ်တို့က သူငယ်ချင်းဟောင်းတွေပဲလေ.. ဒီလောက်တော့ မရက်စက်ပါနဲ့” ရှီလဲ့သည် နွားနို့ဗူးကို ကိုင်ကာ ချန်ကွမ်လျန်၏ စားပွဲပေါ်တွင် ခွထိုင်လိုက်သည်။

ဤသို့ ပုံမှန်ဆန်သော အပြုအမူက နားကပ်တစ်ဖက်ကို ပို၍ပင် ရှိန်သွားစေသည်။ ရဲဌာနက အဆင့် (A) အလိုရှိတရားခံ၏ အပေါင်းအပါတစ်ယောက်မှာ ရဲအရာရှိတစ်ဦးနှင့် သူငယ်ချင်း ဖြစ်နေသည်မှာ အံ့သြစရာပင်။

နားကပ်တစ်ဖက်၏ စိတ်ထဲတွင် ရှီလဲ့၏ အကြံအစည်များမှာ အတိုင်းအဆမရှိ နက်နဲလှသည်ဟု မှတ်ယူလိုက်သည်။

မီဆုရှီတာ ကူယိုကို၏ မျက်နှာမှာမူ ညိုမှောင်နေသည်။ သူမသည် ရှီလဲ့ကို မရေမရာသော မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲတွင် ဒွန်တွဲနေသည်။

နောက်ဆုံးတွင် ကူယိုကိုက “အရာရှိချန်... ကျွန်မ တစ်ခုခု တိုင်ကြားချင်ပါတယ်” ဟု ပြောလိုက်လေသည်။

အခန်း - ၇၄

မီဆုရှီတာ ကူယိုကိုသည် ကန်နွန်ကိုယ်စားလှယ်အဖွဲ့နှင့် ရှီလဲ့တို့အကြား ဖြစ်ပျက်ခဲ့သမျှကို အကုန်အစင် ပြောပြလိုက်သည်။ အိချီရိုက ဟိုတယ်တွင် လင်းယွီမော့နှင့် မုရွှမ်းတို့ကို မည်သို့နှောင့်ယှက်ခဲ့ပုံ၊ ထို့နောက် ရှီလဲ့က သူတို့ထံ ဖုန်းဆက်ကာ နောက်လမ်းကြားသို့ လာခိုင်းခဲ့ပုံတို့ကိုပါ အသေးစိတ် ထွက်ဆိုခဲ့သည်။

ရှီလဲ့ကတော့ ဂရုမစိုက်ဟန်ဖြင့် နွားနို့ကိုသာ အေးအေးလူလူ ဆက်သောက်နေသည်။ ချန်ကွမ်လျန်က ရှီလဲ့ကို ခက်ခဲသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

“ရှီလဲ့... ကူယိုကို ပြောတာတွေက အမှန်ပဲလား”

တကယ်လို့သာ ဒါတွေက အမှန်ဆိုရင် ရှီလဲ့ဟာ သေချာပေါက် အဓိက သံသယဖြစ်ဖွယ်ရာ လူပင် ဖြစ်သည်။

ရှီလဲ့က ခြေထောက်ချိတ်ထိုင်ကာ ပိုက်ဖြင့် နွားနို့ကို စုပ်သောက်နေသည်။ ခေတ္တအကြာတွင် နွားနို့ဗူးကို စားပွဲပေါ်တင်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ဌာနမှူးချန်... အမှန်ပေါ့ဗျ ဗွိုက်စင်က ကန်နွန်ကိုယ်စားလှယ်အဖွဲ့ကို စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပါ”

ချန်ကွမ်လျန်၏ မျက်နှာမှာ ပို၍ တည်သွားသည်။ “ရှီလဲ့... ကူယိုကိုရဲ့ ပြောကြားချက်အရ ခင်ဗျားတို့က ဟိုတယ်မှာ တွေ့ရမှာလေ..ဘာလို့ နေရာပြောင်းလိုက်တာလဲ”

“အဲဒီအချိန်က ၅ နာရီကျော်နေပြီလေ၊ ထမင်းစားရတော့မှာပေါ့ မဟုတ်ဘူးလားဟိုတယ်ဆိုတာ အဆင့်မြင့်နေရာကြီးဗျ၊ ကျွန်တော့်မှာ သူတို့ကို အဲဒီမှာကျွေးဖို့ ပိုက်ဆံမရှိဘူး...ဒါကြောင့် နောက်လမ်းကြားကို ခေါ်ပြီး လမ်းဘေးဆိုင်မှာ ကျွေးဖို့ လုပ်လိုက်တာပါ” ရှီလဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။

ရှီလဲ့၏ ရှင်းပြချက်မှာ နားထောင်ကောင်းသော်လည်း အသေးစိတ် စစ်ဆေးကြည့်လျှင် အားနည်းချက်များ ရှိနေသည်။ ချန်ကွမ်လျန်မှာ ရှီလဲ့၏ စကားဖြင့် အလွယ်တကူ အရူးလုပ်၍ရသောသူ မဟုတ်ပေ။ သူက ဆက်မေးသည်။ “ရှီလဲ့... ခင်ဗျားပြောသလိုဆိုရင် ဟိုတယ်မှာ သူတို့ကို သွားတွေ့ပြီး နောက်လမ်းကြားကို အတူတူ လာခဲ့လို့ ရတာပဲ မဟုတ်လား”

မီဆုရှီတာ ကူယိုကိုကလည်း ကြားဖြတ်ပြောသည်။ “မစ္စတာရှီလဲ့... ကျွန်မမှတ်မိသလောက်တော့ အိချီရိုရဲ့ မသင့်တော်တဲ့ စကားတွေကြောင့် ရှင် တော်တော် ဒေါသထွက်နေတာလေ ရှင့်သူငယ်ချင်းမလေး နှစ်ယောက်သာ မတားရင် ရှင် အဲဒီနေရာမှာတင် လက်ပါတော့မလို့ မဟုတ်လား”

ရှီလဲ့က ဘာမှ ပြန်မပြောဘဲ မျက်ခုံးသာ မြှင့်ပြလိုက်သည်။

“ဌာနမှူးချန်... ကျွန်တော့်အမြင်တော့ ဒါက တိုက်ဆိုင်မှုသက်သက် ဖြစ်မှာပါ..ရှီလဲ့က အဲဒီလောက် စိတ်လိုက်မာန်ပါ လုပ်မယ့်သူ မဟုတ်ပါဘူး” ဟု တောက်ကျွင်းက အလောတကြီး ဝင်ပြောသည်။

ချန်ကွမ်လျန်က နှာခေါင်းရှုံ့ကာ “တောက်ကျွင်း... တို့တွေက ပြည်သူ့ရဲတွေလေ၊ အလုပ်ကို ဥပဒေအတိုင်းပဲ လုပ်ရမယ်... ပုဂ္ဂိုလ်ရေး ခင်မင်မှုတွေ ထည့်တွက်လို့မရဘူး...ရှီလဲ့မှာ အပြစ်မရှိရင် တို့တွေက သူ့ဘက်က ရပ်တည်ပေးမှာပါ.... ဒါပေမဲ့ သူက သံသယဖြစ်ဖွယ်ရာလူဆိုရင်တော့ တရားမျှတစွာ စုံစမ်းရမယ်...နားလည်လား..”

“နားလည်ပါပြီ ဌာနမှူးချန်” တောက်ကျွင်းက ခေါင်းငြိမ့်လိုက်သည်။

ရှီလဲ့က တောက်ကျွင်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “အကိုကြီးတောက်... ကျေးဇူးပါဗျ.. ကျွန်တော့်ကို ယုံလိုက်ပါ၊ ဖြူတဲ့သူက ဖြူပြီး ညစ်တဲ့သူက ညစ်နေမှာပါ...ကန်နွန်အဖွဲ့က ကျွန်တော့်ကို အသရေဖျက်ချင်တယ်ဆိုရင်တော့ အဲဒီလောက် မလွယ်ဘူးနော်”

နားကပ်တစ်ဖက်သည် ရှီလဲ့၏ တရားစွဲခံရသလို ဟန်ဆောင်နေမှုကို ကြည့်ကာ အံ့သြနေမိသည်။ အကယ်၍ ရှီလဲ့က သူ့ကို ထိုကောင်တွေကို ရိုက်ရန် ကိုယ်တိုင် မခိုင်းခဲ့လျှင် ရှီလဲ့မှာ အမှန်တကယ် အပြစ်ကင်းစင်သူဟု သူပင် ယုံမိတော့မည်။

“ရှီလဲ့... ဒါက ခင်ဗျားနဲ့ တကယ်ပဲ ပတ်သက်မှု မရှိဘူးလား” ချန်ကွမ်လျန်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ရှီလဲ့က ခေါင်းခါပြသည်။ “ကျွန်တော်နဲ့ လုံးဝ မပတ်သက်ပါဘူး ဒီလူမိုက်တွေက အဲဒီ အိချီရိုဆိုတဲ့ကောင်ရဲ့ လမ်းလျှောက်ပုံကို ကြည့်မရလို့ ဝင်ရိုက်တာ ဖြစ်မှာပေါ့”

ဘေးတွင် ရပ်နေသော အာမောင်း က ချက်ချင်း ဝင်ထောက်ခံသည်။ “ဟုတ်ပါတယ်... ဟုတ်ပါတယ် အကိုကြီး ပြောတာ မှန်တယ်... အဲဒီကောင်က ကြည့်ရတာ အရမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာ၊ ကျုပ်တို့ ကြည့်မရလို့ ဝင်ချလိုက်တာ”

နားကပ်တစ်ဖက်ကလည်း “အဲဒီအချိန်က ကျုပ် နားကလော်နေတာလေ၊ မတော်တဆ ခြေထောက်က ထွက်သွားပြီး ဟိုဝတုတ်လေးကို ခလုတ်တိုက်မိစေတာပါ... သူက ကျုပ်ကို ပြန်ဆဲပြီး သူ့သူငယ်ချင်းတွေကိုပါ ခေါ်ပြီး ကျုပ်ကို ရိုက်ခိုင်းလိမ့်မယ်လို့ မထင်ထားဘူး” ထိုသို့ပြောရင်း နားကပ်တစ်ဖက်က သူ၏ တီရှပ်ကို မပြလိုက်ရာ ရင်ဘတ်ပေါ်က ဖူးယောင်နေသော ဒဏ်ရာကို တွေ့လိုက်ရသည်။ “ဌာနမှူးချန်... ကြည့်ပါဦး၊ ဒါ ဟိုကောင်တွေ ရိုက်ထားတာ မယုံရင် ဆရာဝန်ခေါ်ပြီး စစ်ကြည့်လို့ရတယ်၊ ဒါ အခုမှ ရထားတဲ့ ဒဏ်ရာ အစစ်ဗျ”

တောက်ကျွင်းက အနားတိုးကြည့်ပြီး ချန်ကွမ်လျန်ကို ခေါင်းငြိမ့်ပြသည်။ “ဌာနမှူးချန်... ဒီဒဏ်ရာက အခုမှ ရထားတာ အမှန်ပဲဗျ..လွန်ခဲ့တဲ့ နှစ်နာရီအတွင်း ရထားတာပဲ ဖြစ်ရမယ်”

မီဆုရှီတာ ကူယိုကိုက အလောတကြီး ပြောသည်။ “ရဲအရာရှိကြီး... ကျွန်မတို့ဘက်က ပြန်တိုက်ခိုက်တာက သူတို့က ခြိမ်းခြောက်နေလို့ပါ”

ချန်ကွမ်လျန်က နားကပ်တစ်ဖက်ကို ကြည့်ကာ ပြင်းထန်သောလေသံဖြင့် မေးသည်။ “နားကပ်တစ်ဖက်... မင်း ရှီလဲ့ကို သိလား... ငါသတိပေးလိုက်မယ်၊ ဒီအမှုက နိုင်ငံတကာ အငြင်းပွားမှု ဖြစ်နိုင်တယ်.... မင်းသာ ဖုံးကွယ်ထားရင် ဥပဒေအရ ထောင်ဒဏ် အပြင်းအထန် ချမှတ်ခံရနိုင်တယ်နော်”

နားကပ်တစ်ဖက်၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသည်။ သူ၏ မျက်လုံးများက ကစားနေပြီး “မသိဘူး” ဟု ဖြေလိုက်သည်။

ချန်ကွမ်လျန်က အော်ဟောက်လိုက်သည်။ “မင်း သိလား၊ မသိဘူးလား”

နားကပ်တစ်ဖက်၏ နဖူးတွင် ချွေးများ စို့လာသည်။ သူသည် ခေါင်းငုံ့ထားကာ ချန်ကွမ်လျန်ကိုရော ရှီလဲ့ကိုပါ မကြည့်ရဲပေ။ သူသည် ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

ချန်ကွမ်လျန်က ရှီလဲ့ကို လှည့်ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်နေသည်။ ယခင်က ရှီလဲ့ကို စုံစမ်းစဉ်က သူသည် အားကိုးရာမရှိသော မိဘမဲ့တစ်ဦးသာ ဖြစ်သည်။ အဘယ်ကြောင့် ဤလူမိုက်များက သူ့စကားကို နားထောင်နေရသနည်း။ အဘယ်ကြောင့် သူတို့၏ အသက်ကို ရင်းပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနေကြသနည်း။

နားကပ်တစ်ဖက်ဆီမှ ဘာသတင်းမှ မရနိုင်သဖြင့် ချန်ကွမ်လျန်က ကျန်လူမိုက်များကို စစ်မေးသည်။ သို့သော် ထိုလူမိုက်များမှာ နားကပ်တစ်ဖက်ထံမှ ရှီလဲ့၏ နောက်ကြောင်းကို ကြားထားပြီး ဖြစ်သည်။ သူတို့ ဘယ်လိုလုပ် အမှန်အတိုင်း ပြောရဲပါမည်နည်း။

ရဲဖမ်းလျှင် အလွန်ဆုံးမှ ၁၅ ရက် သို့မဟုတ် တစ်လသာ အချုပ်ထဲနေရမည်။ သို့သော် ရှီလဲ့ကို သစ္စာဖောက်လျှင်မူ ယဲ့ဖုန်းနှင့် အပေါင်းအပါများ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု သူတို့ တွေးနေကြသည်။

“တောက်ကျွင်း... သူတို့အားလုံးကို စစ်ဆေးရေးခန်းထဲ ခေါ်သွားပြီး တစ်ယောက်ချင်းစီ ခွဲစစ်စမ်း” ချန်ကွမ်လျန်၏ လေသံမှာ ဒေါသများဖြင့် ပြည့်နေသည်။ ကျွမ်းကျင်သော ရဲအရာရှိတစ်ဦးအနေဖြင့် ဤလူမိုက်များမှာ ရှီလဲ့ကို ကာကွယ်ပေးနေကြောင်း သူ ကောင်းကောင်း သိနေသည်။ သို့သော် ရှီလဲ့တွင် မည်သည့်အရာရှိ၍ ဤလူမိုက်များက ကာကွယ်ပေးနေကြသနည်း။

တောက်ကျွင်းက လူမိုက် ၈ ယောက်ကို ခေါ်သွားသည်။ မထွက်သွားမီ ရှီလဲ့က ခပ်တိုးတိုး ပြောလိုက်သည်။ “ဌာနမှူးချန်... ခင်ဗျား ဘယ်လိုပဲ မေးမေး၊ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ဒီလူမိုက်တွေက ကျွန်တော့်ကို အစကတည်းက မသိကြဘူး... ခင်ဗျား ဘယ်လောက်ပဲ မေးမေး ရလဒ်ထွက်မှာ မဟုတ်ဘူး လူတစ်ယောက်ကို အကွက်ဆင်တာက သူတို့အတွက် ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော်”

ဤစကားများသည် ချန်ကွမ်လျန်ကို ပြောနေသလို ရှိသော်လည်း အမှန်တကယ်မှာ လူမိုက် ၈ ယောက်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။

လူမိုက်များ၏ မျက်လုံးထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။ ရှီလဲ့က သူတို့ကို သတိပေးနေခြင်းပင်။

ရှီလဲ့သည် ထိုလူမိုက်များက သူ့ကို အဘယ်ကြောင့် ဤမျှ ရိုသေနေကြသည်ကို မသိသော်လည်း သူတို့က ရိုသေနေမှတော့ သူလည်း သူ့နည်းသူ့ဟန်ဖြင့် အသုံးချရမည် မဟုတ်လား။

လူမိုက်များကို ခေါ်သွားပြီးနောက် ဌာနတွင် မီဆုရှီတာ ကူယိုကို၊ ချန်ကွမ်လျန်နှင့် ရှီလဲ့တို့သာ ကျန်တော့သည်။

ရှီလဲ့သည် ချန်ကွမ်လျန်၏ စားပွဲပေါ်မှ ဆင်းကာ ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်လိုက်သည်။

မီဆုရှီတာ ကူယိုကိုက ရှီလဲ့ကို ကြောက်လန့်တကြား ကြည့်နေသည်။ သူမသည် ရှနိုင်ငံတွင် စကားပြန်လုပ်နေသူဖြစ်သဖြင့် ဤနိုင်ငံ၏ အခြေအနေကို ကောင်းကောင်း သိသည်။ ရှီလဲ့သည် ရဲစခန်းထဲတွင်ပင် ဤမျှ ရဲတင်းနေသည်မှာ သူ့နောက်ကွယ်တွင် အားကိုးစရာ တစ်ခုခု ရှိနေရမည်။ ကူယိုကိုမှာ နောက်ဆုတ်ချင်လာပြီဖြစ်သည်။ ရှီလဲ့က သူတို့ကို အန္တရာယ်ပြုမှာကို သူမ ကြောက်သော်လည်း ဤအတိုင်း အရှုံးမပေးချင်သေးပေ။

ချန်ကွမ်လျန်မှာမူ တရားမျှတမှုကို လိုလားသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရဲစခန်းတွင် သိပ်ပြီး လူကြိုက်မများခြင်း ဖြစ်သည်။

“ရှီလဲ့... မင်း ဘာလို့ ကန်နွန်ကိုယ်စားလှယ်အဖွဲ့ကို ဒီလိုလုပ်ရတာလဲ” ချန်ကွမ်လျန်က ရှီလဲ့ကို လက်သည်တရားခံအဖြစ် တိုက်ရိုက် စွပ်စွဲလိုက်သည်။

ရှီလဲ့က ကုလားထိုင်ကို မှီလိုက်ပြီး ပျင်းရိစွာ ပြောသည်။ “ဌာနမှူးချန်... ကျွန်တော် ထပ်ပြောမယ်နော်... ကျုပ်တို့က ခင်ပေမဲ့ ခင်ဗျား စကားကို ဖြစ်သလို ပြောလို့မရဘူး မဟုတ်ရင် ကျွန်တော် အသရေဖျက်မှုနဲ့ တရားစွဲမှာနော်”

ချန်ကွမ်လျန်က မျက်မှောင်ကြုတ်ကာ “ရှီလဲ့... မင်း သေသေချာချာ နေစမ်း မင်းက အခု နံပါတ်တစ် သံသယရှိသူပဲ.. ရဲတွေက မင်းဟာ လူမိုက်အုပ်စုကို စုစည်းပြီး ဗွိုက်စင်အဖွဲ့ကို ရိုက်ခိုင်းတယ်လို့ သံသယရှိနေတယ်”

“အားယားယား... ဌာနမှူးချန်၊ ခင်ဗျား နောက်ပြန်ပြီ” ရှီလဲ့က မီဆုရှီတာ ကူယိုကို ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောသည်။ “ဌာနမှူးချန်... ကျွန်တော် ဝန်ခံပါတယ်၊ အဲဒီ ဗွိုက်စင်သားတွေကို ကျွန်တော် ကြည့်မရဘူး... ဟိုတယ်မှာ အဲဒီ ပုပြတ်ဝတုတ် အကျည်းတန်ကောင်က ကျွန်တော့်အတန်းဖော်တွေကို ပြည့်တန်ဆာတွေလို့ ပြောရဲတယ်ဗျ ခင်ဗျားဆိုရင်ရော စိတ်မတိုဘူးလား”

မီဆုရှီတာ ကူယိုကိုမှာ အံ့အားသင့်သွားပြီး ဂျပန်ဘာသာဖြင့် မေးလိုက်သည်။ “ရှင် ဂျပန်စကား နားလည်တာလား”

ရှီလဲ့က ဂျပန်ဘာသာဖြင့် ပြန်ဖြေသည်။ “ကူယိုကို... ကျွန်တော် ဂျပန်စကား ပြောတတ်တာက အံ့သြစရာလား”

ရှီလဲ့၏ ပီသလှသော အိုဆာကာလေသံကို ကြားလိုက်ရသောအခါ ကူယိုကို၏ မျက်နှာမှာ ပျက်သွားတော့သည်။

ချန်ကွမ်လျန်၏ မျက်နှာမှာလည်း မှောင်ကျသွားသည်။ သူတို့ စုံစမ်းထားသမျှတွင် ရှီလဲ့မှာ ဂျပန်စကား မတတ်ပေ။ရှီလဲ့တွင် သူတို့မသိသေးသော လျှို့ဝှက်ချက်များစွာ ရှိနေဦးမည်လား။

နာရီဝက်ခန့်အကြာတွင် လူမိုက် ၈ ယောက်ကို ပြန်ခေါ်လာသည်။ တောက်ကျွင်း၏ မျက်နှာမှာ ပေါ့ပါးနေသဖြင့် ချန်ကွမ်လျန်က တစ်ခုခု သိလိုက်ရပြီဟု ထင်မှတ်သွားသည်။

“တောက်ကျွင်း... သူတို့ ဝန်ခံကြပြီလား”

တောက်ကျွင်းက ပြုံးကာ ခေါင်းခါပြသည်။ “ဌာနမှူးချန်... ကျွန်တော် ပြောသားပဲ၊ ဒီကိစ္စက ရှီလဲ့နဲ့ ဘာမှမဆိုင်ဘူးလို့.. ဒီလူမိုက်တွေက ရှီလဲ့ကို မသိကြပါဘူး... တစ်ယောက်ချင်း ခွဲစစ်လည်း အဖြေက အတူတူပဲ ထွက်လာတာ”

ချန်ကွမ်လျန်က နှာခေါင်းရှုံ့ကာ “နားကပ်တစ်ဖက်... မင်း ဘာလို့ ရှီလဲ့အတွက် ဖုံးကွယ်ပေးနေတာလဲ ငါမသိဘူး...ဒါပေမဲ့ ငါပြောပြမယ်၊ ဥပဒေအရ နိုင်ငံတကာသူငယ်ချင်းကို ရိုက်နှက်တာက ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်..ငါ မင်းကို ခြောက်နေတာ မဟုတ်ဘူးနော်”

ရှီလဲ့က ရယ်မောကာ “ဌာနမှူးချန်... ခင်ဗျား ကလေးတွေကို ခြောက်နေပြန်ပြီ.. ဥပဒေကို ခင်ဗျား မသိဘူးလား ကျွန်တော်နဲ့ ကျွန်တော့်အတန်းဖော် နှစ်ယောက်က ဒီလူမိုက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံသက်သက်ပါလို့ သက်သေခံပေးမှာလေ... သူတို့က ထောင်ကျဖို့နေနေသာသာ အပြစ်က လွတ်သွားဦးမှာ မဟုတ်ဘူးလား အလွန်ဆုံးမှ လူထုအေးချမ်းမှုကို နှောင့်ယှက်မှုနဲ့ ဒဏ်ရိုက်ပြီး ၃ ရက်ကနေ ၇ ရက်လောက်ပဲ ချုပ်လို့ ရမှာပါ”

နားကပ်တစ်ဖက်တို့မှာ ချန်ကွမ်လျန်၏ စကားကြောင့် စိုးရိမ်သွားသော်လည်း ရှီလဲ့၏ စကားကို ကြားပြီးနောက်တွင် ချက်ချင်း စိတ်အေးသွားကြသည်။

ဘေးမှ မီဆုရှီတာ ကူယိုကိုက ရုတ်တရက် ဝင်ပြောသည်။ “ရဲအရာရှိကြီး... မစ္စတာရှီလဲ့က ကျွန်မတို့ဆီကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တာပါ.. သူ့ဖုန်းထဲမှာ မှတ်တမ်း ကျန်နေမှာပေါ့ တကယ်လို့ သူက ဒီလူမိုက်တွေဆီကိုလည်း ဖုန်းဆက်ခဲ့ရင် မှတ်တမ်း ရှိနေမှာပဲ မစ္စတာရှီလဲ့ရဲ့ ဖုန်းကို စစ်ဆေးပိုင်ခွင့် ရှိမလားလို့ သိချင်ပါတယ်”

ချန်ကွမ်လျန်၏ မျက်လုံးများ တောက်ပသွားကာ ကူယိုကို ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရှီလဲ့ကို ပြောသည်။ “ရှီလဲ့... အဆင်ပြေရင် မင်းရဲ့ ဖုန်းကို ထုတ်ပေးပါဦး”

ရှီလဲ့က ရယ်ကျဲကျဲဖြင့် “ဌာနမှူးချန်... ဥပဒေအရ တစ်ကိုယ်ရေပိုင်ပစ္စည်းကို စစ်ဆေးချင်ရင် ဝရမ်းလိုတယ် မဟုတ်လား.. ခင်ဗျားမှာ ဝရမ်းမပါရင် ကျွန်တော် ဖုန်းမပေးနိုင်ဘူး ဒါပေမဲ့ ခင်ဗျားက အတင်းအကျပ် စစ်မယ်ဆိုရင်လည်း ကျွန်တော် မတားပါဘူး... နောက်ဆက်တွဲ ရလဒ်တွေအတွက်တော့ ကျွန်တော် တာဝန်မယူဘူးနော်”

ကူယိုကိုက ထပ်ပြောသည်။ “ရဲအရာရှိကြီး... အဲဒီလူမိုက်တွေရဲ့ ဖုန်းကို စစ်ကြည့်ပါ”

လူမိုက်များက ပူးပေါင်းဆောင်ရွက်ကြသည်။ နားကပ်တစ်ဖက်ကလည်း မဝံ့မရဲဖြင့် ဖုန်းထုတ်ပေးလိုက်ရာ သူ၏ ဖုန်းထဲတွင် ရှီလဲ့နှင့် ဆက်သွယ်ထားသော မှတ်တမ်း လုံးဝမရှိကြောင်း တွေ့လိုက်ရသဖြင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ချန်ကွမ်လျန်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သဲလွန်စတွေက ဒီမှာတင် ရပ်သွားတာလား။

ရှီလဲ့သည် မတ်တပ်ရပ်ကာ ချန်ကွမ်လျန်အနားသို့ လျှောက်သွားပြီး နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ဌာနမှူးချန်... ကျွန်တော်ပဲ ဒါကို လုပ်ခဲ့တာ ဒါပေမဲ့ ကံမကောင်းတာက ခင်ဗျားမှာ သက်သေမရှိဘူးဗျ”

ထို့နောက် ရှီလဲ့က ကိုယ်ကိုပြန်မတ်ကာ ပုံမှန်အသံဖြင့် ပြောလိုက်သည်။ “ဌာနမှူးချန်... အကိုကြီးတောက်... မိုးချုပ်နေပြီဆိုတော့ ကျွန်တော် ကျောင်းပြန်တော့မယ်.. တစ်ခုခု ပြဿနာရှိရင် မနက်ဖြန်မှ ဖုန်းဆက်လိုက်ပါ”

တံခါးဝသို့ ရောက်သောအခါ ရှီလဲ့က ဆက်ပြောသည်။ “ဒါနဲ့... ကူယိုကိုဆီမှာ ကျွန်တော့်ဖုန်းနံပါတ် ရှိပါတယ် အားလုံးပဲ နှုတ်ဆက်ပါတယ်ဗျ”

စကားအဆုံးတွင် ရှီလဲ့သည် ယုံကြည်မှုရှိစွာဖြင့် လှည့်ထွက်သွားလေတော့သည်။

All Chapters