အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း - ၇၅
ရဲစခန်းမှ ထွက်လာပြီးနောက် ရှီလဲ့သည် ဂျင်းယာတိုက်ခန်းသို့ မပြန်ဘဲ ပါရဂူဘွဲ့နှင်းသဘင်ဆောင်ရှိ သူ၏အဆောင်သို့သာ ပြန်ခဲ့သည်။
ရှီလဲ့သည် အခန်း (၅၀၂) တံခါးကို ခေါက်လိုက်သည်။
ချက်ချင်းပင် အတွင်းမှ လင်းယွီမော့၏ အသံထွက်လာသည်။ “ဘယ်သူလဲ”
ရှီလဲ့က သူ၏လည်ပင်းကို ညှစ်ထားပြီး အသံကို သြရှရှလုပ်ကာ “ရေမီတာ လာစစ်တာပါ” ဟု ပြောလိုက်သည်။
“ရေမီတာ စစ်တာလား” လင်းယွီမော့က သံသယဖြင့် မေးသည်။ “ရှင် ဘယ်သူလဲ”
“ဟဲဟဲ... ယွီမော့၊ တံခါးဖွင့်ပါဦး.. တို့က မင်းရဲ့ ရှီလဲ့ပါ” ရှီလဲ့က အသံပြန်ပြင်ပြီး ပြောလိုက်သည်။
အခန်း (၅၀၂) ၏ တံခါးမှာ အနည်းငယ် ပွင့်ဟလာသည်။ လင်းယွီမော့က တံခါးကြားမှ ချောင်းကြည့်ကာ “အာ... တကယ်ကြီး ရှီလဲ့ပဲ”
“ဒါဆိုရင်လည်း မြန်မြန်ဖွင့်ပေးလေ” ရှီလဲ့သည် မုရွှမ်းကြောင့်သာ ဤအခန်းထဲသို့ အကြိမ်အနည်းငယ် ရောက်ဖူးခြင်းဖြစ်သည်။
လင်းယွီမော့က ရယ်မောကာ “မရပါဘူး... မရပါဘူး၊ တို့ ရေချိုးတော့မလို့...နင့်ကို အထဲပေးမဝင်နိုင်ဘူး မမမုရွှမ်းက ပြောတယ်၊ နင်က လူဆိုးကောင်ကြီးတဲ့”
ရှီလဲ့ တစ်ယောက် သောက်လက်စ တံတွေးပင် သီးသွားတော့သည်။ သူက လူဆိုးကောင် ဟုတ်လား ပြီးတော့ ဒါကို မုရွှမ်းက ပြောတာတဲ့လား။ ဘယ်လိုမှ မဖြစ်နိုင်တာ သူ မုရွှမ်းကို ဘာမှမလုပ်ခဲ့ဘူးဆိုတာ လကိုတိုင်တည်ပြီး ကျိန်ရဲပါသည်။ မုရွှမ်းက ဘာလို့ သူ့ကို အဲဒီလို ပြောရတာလဲ ဒါ့နောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလား။
“ယွီမော့... မုရွှမ်းက တကယ်ပဲ အဲဒီလို ပြောတာလား” ရှီလဲ့က မျက်နှာကို ခပ်တင်းတင်းလုပ်ကာ “တောက်... ဒီမုရွှမ်းကတော့နော်၊ ကွယ်ရာမှာ ငါ့အတင်းပြောရဲတယ်ပေါ့ နောက်တစ်ခါကျမှ သင်ခန်းစာ ပေးလိုက်ဦးမယ်”
လင်းယွီမော့က ချိုသာသော အသံလေးဖြင့် “ နင်က သူ့ကို ဘယ်လို သင်ခန်းစာ ပေးမှာလဲ”
ရှီလဲ့သည် မုရွှမ်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုသည်ကို စိတ်ကူးယဉ်ကြည့်မိသည်။ ထိုမိန်းကလေး၏ ရှည်လျားလှပသော ခြေတံများမှာ အလွန်ပင် ဆွဲဆောင်မှုရှိသည်။ ထို့အပြင် သူမ၏ အေးစက်လှပသော အရှိန်အဝါမှာ လူတစ်ယောက်ကို အောင်နိုင်လိုစိတ် ဖြစ်ပေါ်စေသည်။
“ငါကတော့...” ရှီလဲ့က ပြောမလို့လုပ်ပြီးမှ မေးနေသူမှာ လင်းယွီမော့ဖြစ်ကြောင်း သတိရသွားသည်။
“ငါကတော့ သူ့ကို ကျောင်းက ပထမထပ် ထမင်းစားဆောင်ကို ခေါ်သွားပြီး ထမင်းတစ်ပန်းကန်အပြည့် ကျွေးပစ်မယ် အကုန်ကုန်အောင် စားခိုင်းမယ်” ရှီလဲ့က ကလေးများနှင့် မသင့်တော်သော စိတ်ကူးများကို ဖျောက်ပစ်ပြီး သင့်တော်သော ပြစ်ဒဏ်တစ်ခုကို ပြောလိုက်သည်။
လင်းယွီမော့က တခိခိ ရယ်သည်။ “ နင် တော်တော်ဆိုးတာပဲ မမမုရွှမ်းက နင်နဲ့တူတူပဲ၊ အစားအသောက် အရမ်းရွေးတာ တကယ်လို့ သူ့ကို ပထမထပ်က ထမင်းတွေ ကျွေးမယ်ဆိုရင်တော့ သူ ရူးသွားမှာပဲ”
ရှီလဲ့ သက်ပြင်းချနိုင်သွားသည်။ နောက်ဆုံးတော့ သူ လိမ်ညာပြီး လှည့်စားနိုင်ခဲ့ပြီ ဖြစ်သည်။
“ဟို ဗွိုက်စင်သားတွေကိစ္စ နင့်မှာ ဘာပြဿနာမှ မရှိဘူးမလား” လင်းယွီမော့က စိုးရိမ်တကြီး မေးသည်။
ရှီလဲ့က စနောက်ကာ ပြန်ဖြေသည်။ “စိတ်မပူပါနဲ့၊ သူတို့မှာ ဘာသက်သေမှ မရှိဘူး.. ယွီမော့နဲ့ မုရွှမ်းတို့ကသာ ငါ့ကို သွားမတိုင်ရင် ဘာမှမဖြစ်ဘူး”
“စိတ်မပူနဲ့.. မမမုရွှမ်းကို ငါ ဖျောင်းဖျထားလိုက်မယ်” လင်းယွီမော့၏ ကာကွယ်ပေးလိုသော စကားကြောင့် ရှီလဲ့ စိတ်ထဲတွင် ပျားရည်သောက်လိုက်ရသလို ချိုမြိန်သွားသည်။
“ကောင်းပြီ ယွီမော့... ရေသွားချိုးတော့၊ ငါ ပြန်တော့မယ်”
အဆောင်ပြန်ရောက်သော် လီချိုင် မှာ ရှိမနေပေ။
ရှီလဲ့သည် စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် ရှုပ်ပွနေသော အခန်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။ အရင်ဘဝကလည်း ဒီအတိုင်းပင်။ လီချိုင်းသည် အခန်းတစ်ခုလုံးကို ရှုပ်ပွအောင် လုပ်ထားတတ်သည်။ ရှီလဲ့ကလွဲလို့ ကျန်တဲ့ အဆောင်ဖော်တွေကတော့ လီချိုင်ကို မုန်းကြသည်။
ထိုအချက်ကြောင့်ပင် ရှီလဲ့နှင့် လီချိုင်မှာ သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြပြီး လီချိုင်သည် ရှီလဲ့ကို အကြိမ်ကြိမ် ကူညီခဲ့ဖူးသည်။
ရေချိုးပြီးနောက် ရှီလဲ့သည် ကွန်ပျူတာဖွင့်ကာ ကျောင်းဖိုရမ်ကို ပုံမှန်အတိုင်း စစ်ဆေးလိုက်သည်။ ဖိုရမ်ထဲတွင် သူ့ကို ပုတ်ခတ်ထားသော ပို့စ်များစွာ ရှိနေဆဲဖြစ်သည်။ မုရွှမ်းနှင့် ပတ်သက်မှုကြောင့် ရှီလဲ့တွင် “ရန်သူ” များစွာ ရှိနေသည်။ ချန်မင်၏ လူယုံများကလည်း ရှီလဲ့ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။
ခေတ္တကြည့်ရှုပြီးနောက် ရှီလဲ့က အေးစက်စွာ ပြုံးကာ “လိုင်ကာ ကုမ္ပဏီဆီက လျှောက်လွှာစာမူ ရောက်လာတဲ့အခါကျရင် ဒီကောင်တွေ ဘယ်လောက်တောင် မနာလိုဖြစ်ကြမလဲဆိုတာ သိချင်သေးတယ်” ဟု ရေရွတ်လိုက်သည်။
ညကောင်းကင်ယံတွင် ကြယ်များကို မှိန်ပျပျ မြင်နေရသည်။ အချိန်များ ကုန်လွန်သွားရာ အောက်တိုဘာလ (၂၁) ရက်၊ မနက် ၈ နာရီသို့ ရောက်ရှိလာခဲ့သည်။
တံခါးခေါက်သံကြောင့် ရှီလဲ့ နိုးလာသည်။ သူက “ဘယ်သူလဲ” ဟု အော်မေးလိုက်သည်။
“တံခါးဖွင့်ဦး မနက်စာ ဝယ်လာတယ်” လီချိုင်၏ အသံ ထွက်လာသည်။
တံခါးဖွင့်လိုက်သောအခါ လီချိုင်သည် တက်ကြွနေသော မျက်နှာဖြင့် ပဲနို့၊ ပေါက်စီနှင့် အီကြာကွေးများကို ကိုင်ကာ ဝင်လာသည်။
“လီချိုင်... မင်း ငါ့အတွက် တကူးတက ဝယ်လာတယ်ဆိုတာကို ယုံချင်ပေမဲ့... လုံးဝ မယုံနိုင်ဘူးဗျာ” ရှီလဲ့က အီကြာကွေးတစ်ချောင်းကို ယူကိုက်လိုက်သည်။
လီချိုင်က မဲ့ပြုံးပြုံးကာ “အကိုကြီးရှီ.. ကျွန်တော် ရှောင်မင် ကို မနက်စာ သွားပို့ရင်းနဲ့ လမ်းကြုံလို့ ဝယ်လာတာပါ”
“မင်းကတော့ ရိုးသားသားပဲ” ရှီလဲ့ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
မနက်စာ စားပြီးနောက် ပတ်ထရီရော့တ်ကုမ္ပဏီမှ ကျုံးမူယွမ်က ဖုန်းဆက်လာပြီး ပြုံးနေသောမျက်နှာကို ရှာဖွေနိုင်သည့် ဆော့ဖ်ဝဲလ်၏ ကုဒ်နှင့် မူပိုင်ခွင့် လွှဲပြောင်းရေးကိစ္စ ဆွေးနွေးရန် စိမ်းလန်းသောကန်ရေပြင်ဟိုတယ်သို့ လာခဲ့ရန် ပြောသည်။
ရှီလဲ့သည် ကိုယ်လက်သန့်စင်ပြီး သေသေသပ်သပ် ဝတ်ဆင်ကာ အခန်း (၅၀၂) သို့ သွားခေါက်လိုက်သည်။ ညှိနှိုင်းမှုတွင် မုရွှမ်းနှင့် လင်းယွီမော့တို့ကို ခေါ်သွားရန် လိုအပ်သည်။ မုရွှမ်းက ညှိနှိုင်းမှုများ လုပ်ဆောင်မည်ဖြစ်ပြီး လင်းယွီမော့က သူနှင့်အတူ လာကစားခြင်းဖြစ်သည်။
ဟိုတယ်ရှိ အစည်းအဝေးခန်းငယ်တစ်ခုတွင် ကျုံးမူယွမ်သည် အေဖိုးစာရွက်စာတမ်းများကို ကိုင်ထားသည်။ ဤသည်မှာ ပတ်ထရီရော့တ်ကုမ္ပဏီမှ တစ်ညလုံး အပြေးအလွှား ပြုစုထားသော ရှနိုင်ငံရှိ ကင်မရာ အရောင်းမှတ်တမ်းများ ဖြစ်သည်။
ယင်းတို့အနက် ဗွိုက်စင်၏ ကန်နွန်၊ နီကွန် ၊ ဆိုနီ စသည့် တံဆိပ်များသည် ဈေးကွက်၏ ၉၀% ကျော်ကို နေရာယူထားသည်။
ပတ်ထရီးရော့တ် ၏ ကိုယ်ပိုင်ကင်မရာ အရောင်းနှုန်းမှာ ဈေးကွက်၏ ၀.၀၁% ပင် မရှိပေ။
ထိုကဲ့သို့ ကြီးမားလှသော ဈေးကွက်တွင် ပတ်ထရီးရော့တ် အနေဖြင့် အရောင်းတိုးလိုလျှင် ကြီးမားသော တိုးတက်မှုများ လိုအပ်သည်။
ဤစာရွက်စာတမ်း၏ အဓိကရည်ရွယ်ချက်မှာ အရောင်းတိုးရန်ထက် နိုင်ငံခြားတံဆိပ်များက ပြည်တွင်းဈေးကွက်ကို မည်မျှ လွှမ်းမိုးထားကြောင်း ပြသရန်ဖြစ်သည်။
အကယ်၍ မူပိုင်ခွင့်ကို ရရှိထားပါက ဤနည်းပညာပါဝင်သော ကင်မရာများကို တာ့ရှားတွင် ရောင်းချလိုလျှင် ပတ်ထရီးရော့တ် ကို မူပိုင်ခွင့်ခ ပေးရမည် သို့မဟုတ် ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
ကျုံးမူယွမ်သည် မူပိုင်ခွင့်၏ တန်ဖိုးကို နားမလည်သော်လည်း လူအိုကြီးရှောင် က နားလည်သည်။
ဤမူပိုင်ခွင့်ကို အသုံးချကာ ကင်မရာဈေးကွက်တွင် ငွေထုပ်ငွေထည်ကြီး ရနိုင်သည်။ဗွိုက်စင်ကုမ္ပဏီများက ပိုက်ဆံမပေးလျှင် ဥပဒေကြောင်းအရ တရားစွဲပြီး သူတို့ကို ထိုးနှက်ချက် ပြင်းပြင်းပေးနိုင်သည်။
“ရှောင်... တို့တွေ ဒီမူပိုင်ခွင့်ကို ရရင် တစ်နှစ်ကို ဘယ်လောက်လောက် ရနိုင်မလဲ” ကျုံးမူယွမ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ရှောင်က စိတ်ထဲတွင် တွက်ချက်ကြည့်ကာ “မစ္စတာကျုံး... ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရှိန်အဝါနဲ့ဆိုရင် တစ်နှစ်ကို မူပိုင်ခွင့်ခ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရနိုင်ပါတယ်”
ကျုံးမူယွမ်သည် နောင်တရစွာဖြင့် စားပွဲကို ပုတ်လိုက်သည်။ “ဒါကို သိခဲ့ရင် မနေ့ကတည်းက သဘောတူလိုက်မှာ တစ်နှစ်ကို ၁၀ သန်း ရဖို့အတွက် ဒေါ်လာ ၂ သန်းပဲ ရင်းရမှာလေ...အဲဒါအပြင် ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ သြဇာအာဏာတွေလည်း တက်လာဦးမှာ”
ရှောင်က ခါးသီးစွာ ပြုံးလိုက်သည်။ “မစ္စတာကျုံး... မနေ့ကတည်းက သဘောတူခဲ့ရင်တောင် သူတို့က စာချုပ်ချုပ်ချင်မှ ချုပ်မှာပါ... ညှိနှိုင်းတဲ့သူက လူငယ်လေးဆိုပေမဲ့ သူ့ကို လျှော့တွက်လို့ မရဘူး”
“ဟုတ်လား” ကျန်းမူယွမ်သည် မုရွှမ်း၏ အမူအရာကို သတိရသွားသည်။ သူမက ယုံကြည်မှုရှိရှိဖြင့် တစ်ရက် အချိန်ပေးခဲ့ခြင်းဖြစ်သည်။ သူမသည် ကျုံးမူယွမ်တစ်ယောက် မူပိုင်ခွင့်၏ အကျိုးကျေးဇူးကို သိလာလိမ့်မည်ဟု သေချာပေါက် တွက်ဆထားခဲ့ခြင်းလား။
“တကယ်ပဲ အားလုံးက သူတို့ တွက်ကိန်းထဲမှာပဲ” ကျုံးမူယွမ်က သက်ပြင်းချသည်။ “ရှောင်... သူတို့ ဈေးတင်မယ်လို့ ထင်လား”
ရှောင်က ခေါင်းငြိမ့်ပြသည်။ “သေချာပေါက် တင်မှာပါ ဒါပေမဲ့ ဘယ်လောက်အထိ တင်မလဲဆိုတာပဲ မသိရတာ”
မနက် ၁၀ နာရီကျော်တွင် ရှီလဲ့သည် မုရွှမ်းနှင့် လင်းယွီမော့တို့ကို ဟိုတယ်သို့ ခေါ်ဆောင်လာခဲ့သည်။
“မစ္စတာရှီ... ရောက်လာပြီပဲ” လေသံတွင် ဝမ်းသာမှုများ ပါဝင်နေသည်။ သူသည် မူပိုင်ခွင့်၏ တန်ဖိုးကို သိထားပြီး အကယ်၍ ဤညှိနှိုင်းမှု အောင်မြင်လျှင် သူလည်း ကုမ္ပဏီတွင် ရာထူးတက်နိုင်သည် မဟုတ်လား။
ကျုံးမူယွမ်သည် ရှီလဲ့တို့ကို အစည်းအဝေးခန်းငယ်ထဲသို့ ခေါ်ဆောင်သွားသည်။ သူက စိတ်အားထက်သန်စွာဖြင့် “ညီလေးရှီလဲ့... မဒမ်မုရွှမ်း၊ တစ်ရက်လောက် စဉ်းစားပြီးနောက်မှာ ပတ်ထရီးရော့တ်ဘက်က ခင်ဗျားတို့ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်ပါပြီ..ဒေါ်လာ ၂ သန်းနဲ့ အပြုံးထောက်လှမ်းရေးရဲ့ ကုဒ်နဲ့ တာ့ရှားမူပိုင်ခွင့်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်”
ရှီလဲ့၏ မျက်နှာ ဝင်းပသွားသည်။ မူပိုင်ခွင့်က ဒီလောက်တန်ဖိုးရှိမယ်လို့ သူ မထင်ထားဘူး။ ဒီဒေါ်လာ ၂ သန်းနဲ့ဆိုရင် သူ့ရဲ့ နောက်ထပ် အစီအစဉ်တွေကို စတင်လို့ရပြီ ။
မုရွှမ်းက ခပ်တိုးတိုး ချောင်းဟန့်လိုက်ပြီး ခေါင်းခါပြသည်။ “မစ္စတာကျုံး... ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုပါတယ်”
“ဘာ” ရှီလဲ့က မုရွှမ်းကို အံ့သြစွာ ကြည့်လိုက်သည်။
ကျုံးမူယွမ်ကမူ သိပ်ပြီး အံ့အားမသင့်ပေ။ သူက ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
မုရွှမ်း၏ တည်ငြိမ်သော အမူအရာနှင့် အပြုံးနုနုကို ကြည့်ပြီး ရှီလဲ့သည် မိမိကိုယ်ကိုယ် ပြန်ထိန်းကာ ကျုံးမူယွမ်ကို ပြောလိုက်သည်။ “အကိုကြီးကျန်း... အားလုံးကို မဒမ်မုရွှမ်းပဲ ဆုံးဖြတ်ပါလိမ့်မယ်..သူနဲ့ပဲ ဆွေးနွေးလိုက်ပါ”
ကျုံးမူယွမ်သည် မုရွှမ်းကို ချီးကျူးသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ “မဒမ်မု... ဒါဆိုရင် ခင်ဗျားတို့ရဲ့ ဈေးနှုန်းကို ပြောပြပါဦး”
“အမေရိကန်ဒေါ်လာ ၂ သန်း” မုရွှမ်းက ဆိုသည်။ “ဒါပေမဲ့ မူပိုင်ခွင့် သက်တမ်းကုန်ဆုံးတဲ့အထိ ဒါမှမဟုတ် အသစ်တစ်ခုနဲ့ အစားမထိုးမချင်း တစ်နှစ်ကို ဒေါ်လာ ၂ သန်း ပေးရမှာပါ”
“ဒါက...” ကျုံးမူယွမ်မှာ မှင်သက်သွားသည်။ တစ်နှစ်ကို ဒေါ်လာ ၂ သန်းဆိုသည်မှာ နည်းလှသည်မဟုတ်သော်လည်း များလှသည်လည်း မဟုတ်ပေ။
ပတ်ထရီးရော့တ် ကုမ္ပဏီ၏ နောက်ခံမှာ ရှုပ်ထွေးလှသည်။ သူတို့၏ အမည်အရ အစိုးရနှင့် ပတ်သက်မှု ရှိနေကြောင်း သိနိုင်သည်။ တစ်ခါတစ်ရံတွင် မူပိုင်ခွင့်ခ ကောက်ခံရန် မလွယ်ကူပေ။ အထူးသဖြင့် အငြင်းပွားမှုများ ရှိလာလျှင် အရှိန်အဝါရှိသော နောက်ခံမပါဘဲ တရားရင်ဆိုင်ရန် နှစ်ရှည်လများ ကြာမြင့်နိုင်သည်။
ပတ်ထရီးရော့တ် ကုမ္ပဏီသည် တာ့ရှားတွင် သြဇာရှိသဖြင့် မူပိုင်ခွင့်ခ ကောက်ခံနိုင်သည်။ သူတို့သည် တစ်နှစ်လျှင် ဒေါ်လာ ၁၀ သန်းခန့် ရရှိနိုင်သည်။ မုရွှမ်းကို ၂ သန်းပေးပြီး အဆက်အသွယ်များအတွက် ၂ သန်း၊ ၃ သန်းခန့် ကုန်ကျလျှင်ပင် ကုမ္ပဏီအတွက် တစ်နှစ်လျှင် ၅ သန်း၊ ၆ သန်းခန့် အသားတင်ကျန်မည်ဖြစ်သည်။ ဤသည်မှာ ရွှေဥဥပေးသော ငန်းတစ်ကောင်ပင် ဖြစ်သည်။
“မစ္စတာကျုံး... ကျွန်မ ကင်မရာဈေးကွက်အကြောင်း သိပ်မသိပေမဲ့ စုံစမ်းဖို့ကတော့ လွယ်ပါတယ်.. ခင်ဗျားတို့ တစ်နှစ်ကို ၂ သန်း ပုံသေပေးရရင်တောင် ခင်ဗျားတို့ဘက်က အမြတ်အများကြီး ကျန်ဦးမှာ မဟုတ်ဘူးလား...” ဟု မုရွှမ်းက ယုံကြည်မှုရှိရှိ မေးလိုက်သည်။
မုရွှမ်းသည် ပတ်ထရီးရော့တ်ကုမ္ပဏီ သေချာပေါက် သဘောတူလိမ့်မည်ဟု သိနေခဲ့သည်။
အခန်း - ၇၆
စိမ်းလန်းသောကန်ရေပြင်ဟိုတယ်၏ အစည်းအဝေးခန်းငယ်အတွင်း ကျုံးမူယွမ်သည် အတွေးနက်နေသည်။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ သန်းဆိုသည်မှာ သေးငယ်သော ပမာဏမဟုတ်ပေ။
ကုန်ကျစရိတ်အားလုံးကို နုတ်ပြီးပါက ပတ်ထရီးရော့တ်ကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် ၅ သန်းမှ ၆ သန်းခန့် အမြတ်ကျန်ဦးမည် ဖြစ်သော်လည်း မည်သူမျှ ငွေကို ပိုသည်ဟု မယူဆကြပေ။
“မစ္စမု... တစ်နှစ် ၂ သန်းဆိုတာ များလွန်းပါတယ်.. ပြီးတော့ ဒီနည်းပညာက အခုမှ ထွက်ပေါ်လာတာဆိုတော့ ဈေးကွက်ထဲမှာ လူကြိုက်များလာဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ မသိနိုင်သေးဘူးဗျ” ကျုံးမူယွမ်က ရှီလဲ့တို့ကို ပေးရမည့်ငွေပမာဏကို လျှော့ချရန် ကြိုးစားနေခြင်းဖြစ်သည်။
မုရွှမ်းက တည်ငြိမ်စွာပင် ပြန်လည်ချေပသည်။ “မစ္စတာကျုံး... တို့တွေအားလုံးက လူတော်တွေပဲလေ၊ ဘာလို့ ဒါမျိုးတွေ ပြောနေရတာလဲ တာ့ရှားကလွဲရင် ကျန်တဲ့နေရာတွေမှာ ဆိုနီ က ဒီနည်းပညာရဲ့ မူပိုင်ခွင့်အားလုံးကို ပိုင်ဆိုင်ထားပြီးသား...နောက်အကျဆုံး တစ်နှစ်အတွင်းမှာ ဒီနည်းပညာက ဒီဂျစ်တယ်ကင်မရာတွေမှာ အပြည့်အဝ အသုံးချလာတော့မှာပါ... ဒီနည်းပညာ မပါတဲ့ ဘယ်ကင်မရာမဆို ခေတ်နောက်ကျသွားမှာဖြစ်သလို ဈေးကွက်ယှဉ်ပြိုင်စွမ်းလည်း ကျဆင်းသွားလိမ့်မယ်... ဘယ်ထုတ်လုပ်သူကမှ အဲဒီလောက် မိုက်မဲမယ်လို့ ကျွန်မမထင်ဘူး”
ကျုံးမူယွမ်က ခက်ခဲသောမျက်နှာထားဖြင့် “မစ္စမု ပြောတာ မှန်နိုင်ပါတယ်... ဒါပေမဲ့ မူပိုင်ခွင့်ခ ကောက်ခံဖို့ဆိုတာ မလွယ်ဘူးလေ အဲဒါကြောင့် ဈေးနှုန်းကို နည်းနည်းလောက် လျှော့ဖို့ စဉ်းစားပေးပါဦး”
မုရွှမ်းက လုံးဝ အလျှော့မပေးပေ။ “မစ္စတာကျန်း... တို့တွေ ပတ်ထရီးရော့တ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ရဲ့ အဆက်အသွယ်နဲ့ နောက်ခံကြောင့်ပါ..ခင်ဗျားတို့ သဘောမတူရင်လည်း တို့မှာ တခြား ရွေးချယ်စရာတွေ ရှိပါသေးတယ်... ရွှမ်ချင်းမြို့မှာတင် ခင်ဗျားတို့ထက် အဆက်အသွယ် ပိုတောင့်တင်းတဲ့ ကုမ္ပဏီတွေ အများကြီးရှိတယ်... သူတို့က ကင်မရာကုမ္ပဏီတွေ မဟုတ်ပေမဲ့ တစ်နှစ်ကို အသားတင်အမြတ် ၅ သန်းကျော်ရမယ့် အပေးအယူမျိုးကို ငြင်းပယ်ကြမယ်လို့ မထင်ဘူးနော်”
မုရွှမ်း၏ စကားက ကျုံးမူယွမ်၏ အားနည်းချက်ကို တည့်တည့်ထိသွားစေသည်။
အဆက်အသွယ်ကောင်းသော ကုမ္ပဏီများစွာ ရှိနေသည်မှာ အမှန်ပင်။ အခြားကုမ္ပဏီများသည် ကင်မရာလုပ်ငန်းကို နားမလည်သော်လည်း မူပိုင်ခွင့်ခ ကောက်ခံရန်အတွက် လုံလောက်သော သြဇာအာဏာ ရှိကြသည်။
လုအိုကြီးရှောင်က ကျုံးမူယွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူက ကျုံးမူယွမ်ကို သဘောတူစေချင်နေသည်။ ပတ်ထရီးရော့တ်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေမှာ မကောင်းလှသဖြင့် ကင်မရာအသစ် ထုတ်လုပ်ရန် ရန်ပုံငွေ လုံလောက်စွာ မရှိပေ။ အကယ်၍ ဤအပေးအယူသာ ရရှိခဲ့လျှင် ကုမ္ပဏီ၏ အနာဂတ်မှာ တောက်ပလာပေတော့မည်။
ကျုံးမူယွမ်သည်လည်း မိုက်မဲသူမဟုတ်ပေ။ မုရွှမ်း နောက်နေခြင်းမဟုတ်ကြောင်း သူ ရိပ်မိလိုက်သည်။ “ကောင်းပါပြီ... ဒီအချက်ကို တို့တွေ သဘောတူပါတယ်... ဒါပေမဲ့ တောင်းဆိုချက်တစ်ခု ရှိပါတယ်...အကယ်၍ ညီလေးရှီလဲ့က နောင်မှာ ပိုကောင်းတဲ့ နည်းပညာတွေ ထပ်မံတီထွင်ခဲ့ရင် ပတ်ထရီးရော့တ် ကပဲ အရင်ဆုံး ဝယ်ယူခွင့်ရှိရမယ်... ပြီးတော့ ဒီနည်းပညာကို တို့ရဲကင်မရာတွေမှာ ထည့်သွင်းပေးဖို့ ရှီလဲ့က ကူညီပေးရမယ်”
မုရွှမ်းက ဘာမှမပြောဘဲ ရှီလဲ့ကို ကြည့်လိုက်သည်။ ရှီလဲ့က ခဏစဉ်းစားပြီး “ရပါတယ်” ဟု ခေါင်းငြိမ့်လိုက်သည်။
နှစ်ဖက်စလုံး အသေးစိတ် ညှိနှိုင်းပြီးနောက် ပဏာမ သဘောတူညီချက်မူကြမ်းကို ရေးဆွဲလိုက်ကြသည်။ ရှီလဲ့က တရားဝင် စာချုပ်ကို ကျောင်း၏ ဆော့ဖ်ဝဲလ်ပြိုင်ပွဲတွင် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သည်။
ရှီလဲ့နှင့် ချန်မင် တို့၏ လောင်းကြေးအကြောင်း ကြားသိရပြီးနောက် ကျုံးမူယွမ်သည် ချက်ချင်းပင် ပတ်ထရီရော့တ်ကုမ္ပဏီကိုယ်စား ရွှမ်ချင်းတက္ကသိုလ်သို့ လျှောက်လွှာတင်ကာ ပြိုင်ပွဲ၏ ဒိုင်လူကြီးအဖြစ် ပါဝင်ရန် စီစဉ်လိုက်သည်။
မွန်းတည့်ချိန်တွင် သဘောတူညီချက် ရရှိထားသော နှစ်ဖက်စလုံးမှာ ပျော်ရွှင်နေကြသည်။ ကျုံးမူယွမ်သည် လိုင်ကာ မှ လူဝစ် ကိုပါ ခေါ်ယူကာ အတူတူ အောင်ပွဲခံစားသောက်ကြသည်။
လိုင်ကာ မှ လူးဝစ်နှင့် နည်းပညာရှင် ကွန်ရက် တို့သည်လည်း ရွှမ်ချင်းတက္ကသိုလ် ပြိုင်ပွဲတွင် ဒိုင်အဖြစ် ပါဝင်ရန် ရှီလဲ့ကို ကတိပေးထားကြသည်။
နေ့လယ်စာ စားသောက်ချိန်တွင် လူးဝစ်နှင့် ကျုံးမူယွမ်တို့သည် ဝူလျန်ယဲ့အရက်များကို တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် တိုက်ကြရာ နောက်ဆုံးတွင် နှစ်ယောက်စလုံး စားပွဲအောက်သို့ ရောက်သွားကြတော့သည်။ ရှီလဲ့ကတော့ အုန်းနို့သောက်ရင်းသာ ထိုတိုက်ပွဲကို ဘေးမှ ကြည့်နေခဲ့သည်။
မွန်းလွဲပိုင်းတွင် ရှီလဲ့နှင့် လင်းယွီမော့တို့သည် ကျောင်းသို့ အတူတူ ပြန်လာခဲ့ကြသော်လည်း ကျောင်းတံခါးဝသို့ ရောက်သည်နှင့် ရှီလဲ့၏ ဖုန်း မြည်လာသည်။
“ရှီလဲ့... ငါ ရွှမ်းဟူရဲစခန်းက ချန်ကွမ်လျန်ပါ။ အခုချက်ချင်း စခန်းကို လာခဲ့စမ်း”
ရှီလဲ့က ပြုံးကာ “ဌာနမှူးချန်... ခင်ဗျား လက်မလျှော့သေးဘူးလား”
ချန်ကွမ်လျန်က တည်တင်းသော လေသံဖြင့် “ရှီလဲ့... ငါက အိုးရန်ရှန်းကို လွှတ်ပြီး မင်းကို ဖမ်းခိုင်းတာမျိုး မဖြစ်စေချင်ဘူးနော်”
“ဟဲဟဲ” ရှီလဲ့က ရယ်ကာ “ဌာနမှူးချန်... ကျွန်တော် အခု လာခဲ့ပါ့မယ်”
ဖုန်းချပြီးနောက် လင်းယွီမော့က စိုးရိမ်တကြီး မေးသည်။ “ရှီလဲ့ ရဲက ဖုန်းဆက်တာလား” မုရွှမ်းကလည်း စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ရှီလဲ့က ပြုံးပြကာ “ဘာမှမဖြစ်ပါဘူး၊ ထွက်ဆိုချက်ပေးဖို့ ခေါ်တာ ဖြစ်မှာပါ.. စိတ်မပူနဲ့” ဟု နှစ်သိမ့်လိုက်သည်။
လင်းယွီမော့က ခေါင်းငြိမ့်ကာ “ပြဿနာရှိရင် ငါ့ကို ဖုန်းဆက်နော်၊ ငါ... ငါ...” သူမ စကားကို ဆုံးအောင် မပြောဘဲ ရပ်လိုက်သည်။
ရှီလဲ့၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ လင်းယွီမော့၏ မိသားစုမှာ အဆက်အသွယ် အင်အားရှိသူများလား။ သူမက သူမအမေမှာ ဆေးရုံအုပ်ဖြစ်ကြောင်းသာ ပြောဖူးသော်လည်း ဖခင်ဖြစ်သူမှာ အရာရှိကြီးတစ်ဦး ဖြစ်နိုင်ပါသလား။
“ကောင်းပြီ... ကောင်းပြီ၊ ယွီမော့... ငါ့အတွက် စိတ်မပူနဲ့.. ဟိုလူမိုက်တွေက သစ္စာဖောက်ရဲမှာ မဟုတ်ဘူး” ရှီလဲ့သည် မိန်းကလေးနှစ်ယောက်ကို ကျောခိုင်းကာ ရဲစခန်းသို့ လျှောက်သွားရင်း လက်ပြနှုတ်ဆက်လိုက်သည်။
ရွှမ်းဟူရဲစခန်း၏ တတိယထပ် အရေးကြီးအမှုစစ်ဆေးရေးဌာနတွင် နားကပ်တစ်ဖက် ဦးဆောင်သော လူမိုက် ၈ ယောက်မှာ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေကြသည်။
အိုးရန်ရှန်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး တောက်ကျွင်းက သူမကို အခြေအနေများ ရှင်းပြနေသည်။ “အိုးရန်... စိတ်မပူပါနဲ့...ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ရှီလဲ့မဟုတ်ဘူးလို့ ငါလည်း ယုံကြည်ပါတယ်..ဌာနမှူးချန် တစ်ခုခု မှားနေတာ ဖြစ်မှာပါ”
အိုးရန်ရှန်းက ခေါင်းငြိမ့်ပြသော်လည်း သူမ၏ စိတ်ထဲတွင်မူ နောက်ကွယ်ကလူမှာ ရှီလဲ့ ဖြစ်နေမည်ကို စိုးရိမ်နေသည်။ အကြောင်းပြချက် မရှိသော်လည်း ရှီလဲ့သာ ဖြစ်လိမ့်မည်ဟု သူမ၏ အာရုံက ပြောနေသည်။
ရှီလဲ့သည် စခန်းအတွင်းသို့ အေးအေးဆေးဆေး ဝင်လာသည်။ အိုးရန်ရှန်း၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ ပြုံးစစ မျက်နှာမှာ တည်သွားသည်။
“အိုးရန်ရှန်း.. နင် သိသွားပြီလား” ရှီလဲ့က သူမအနားသို့ သွားကာ တုံ့ဆိုင်းစွာ မေးလိုက်သည်။
အိုးရန်ရှန်းက ရှီလဲ့ကို မျက်နှာသေဖြင့် ကြည့်ကာ ထူးဆန်းသော လေသံဖြင့် မေးသည်။ “ရှီလဲ့... နင်ပဲ ဒီကိစ္စကို လုပ်ခဲ့တာ မဟုတ်လား...ဘာလို့ အဲဒီ ဗွိုက်စင်သားတွေကို အဲဒီလို လုပ်ရတာလဲ”
ရှီလဲ့က ခပ်တိုးတိုး ရယ်ကာ “အိုးရန်ရှန်း... နင် အဖြေကို သိပြီးသား မဟုတ်လား”
အိုရန်ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်ရည်များ ဝဲလာသည်။ “ဘာလို့လဲ ဘာလို့လဲဆိုတာ ငါ့ကို ပြောစမ်း” သူမ၏ လေသံမှာ ရဲအရာရှိတစ်ဦး၏ စစ်မေးသံနှင့် မတူဘဲ ချစ်သူနှစ်ဦးအကြား အမေးအဖြေနှင့် ပိုတူနေသည်။
ရှီလဲ့က ခါးသီးစွာ ပြုံးလိုက်သည်။ “သူတို့က ငါ့နှလုံးသားထဲကလူကို စော်ကားခဲ့လို့ပဲ.. ယောက်ျားတစ်ယောက်မှာ သူ့ရဲ့ စည်းဆိုတာ ရှိတယ်... အဲဒီကောင်တွေရဲ့ ပါးစပ်က ညစ်ပတ်လွန်းလို့ သင်ခန်းစာ ပေးရတာ”
အိုရန်ရှန့်က မေးလိုက်သည်။ “ဒါဆို ငါ့အတွက်ရော”
ရှီလဲ့ အနည်းငယ် ကြောင်သွားပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။ “နင့်အတွက်ဆိုရင်လည်း ငါ ဒီအတိုင်းပဲ လုပ်မှာပဲ”
ဘေးမှ တောက်ကျွင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူက ရှီလဲ့ကို လက်ညှိုးထိုးကာ “ရှီလဲ့... မင်းက တကယ်ပဲ နောက်ကွယ်ကလူလား”
ရှီလဲ့က ပြုံးကာ “ဟုတ်တယ်လေ” ဟု ဝန်ခံလိုက်သည်။
“မင်း... မင်း...” တောက်ကျွင်းမှာ ဘာပြောရမှန်း မသိတော့ပေ။
ရှီလဲ့က ရယ်မောကာ “အကိုကြီးတောက်... ခင်ဗျား ကျွန်တော့်ကို ဖမ်းမှာတော့ မဟုတ်ပါဘူးနော်”
တောက်ကျွင်းက ရှီလဲ့ကို ဝေခွဲမရစွာ ကြည့်ပြီး အိုးရန်ရှန်းကို လှည့်ကြည့်သည်။ “ရှီလဲ့... မင်း အခုလေးတင် ပြောလိုက်တာတွေကို ငါ ဘာမှ မကြားလိုက်ဘူးနော်”
ထိုစဉ် ချန်ကွမ်လျန်နှင့် မီဆုရှီတာ ကူယိုကိုတို့ အခန်းထဲသို့ ဝင်လာကြသည်။
“ဟေး... ဌာနမှူးချန်၊ ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ” ရှီလဲ့က အရင်ဆုံး နှုတ်ဆက်လိုက်သည်။
ချန်ကွမ်လျန်က နှာခေါင်းရှုံ့ကာ ဖိုင်တွဲတစ်ခုကို စားပွဲပေါ် ပစ်တင်လိုက်သည်။ “ရှီလဲ့... မင်း ဘာသာမင်း ကြည့်လိုက်စမ်း”
ရှီလဲ့က ဂရုမစိုက်ဘဲ ဖိုင်ကို ယူကြည့်လိုက်ရာ ၎င်းမှာ သူ၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ ဖြစ်နေသည်။ ရှီလဲ့၏ မျက်လုံးထဲတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
‘နှမြောစရာပဲ... ငါ့ရဲ့ အပြစ်ကို သက်သေပြနိုင်မယ့် မှတ်တမ်းတွေကို ငါကိုယ်တိုင် ဖျက်ပစ်ခဲ့ပြီးပြီ’
ဖိုင်ထဲတွင် ရှီလဲ့နှင့် ကူယိုကိုတို့ ဆက်သွယ်ထားသော မှတ်တမ်းများသာ ရှိသည်။ ရှီလဲ့က ထိုမှတ်တမ်းကို မဖျက်နိုင်၍ မဟုတ်ဘဲ ဖျက်လိုက်ပါက ပို၍ သံသယဝင်စရာ ဖြစ်သွားမည်ဖြစ်သောကြောင့် ချန်ထားခဲ့ခြင်းဖြစ်သည်။
ရှီလဲ့က ဖိုင်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး “ဌာနမှူးချန်... ဒီမှတ်တမ်းတွေက ဘာဖြစ်လို့လဲ ကျွန်တော် ကူယိုကိုဆီ ဖုန်းဆက်တာကို ပြနေတာလား ဒါကို ကျွန်တော် ဘယ်တုန်းကမှ မငြင်းခဲ့ဘူးလေ”
ချန်ကွမ်လျန်က အော်ဟောက်လိုက်သည်။ “ရှီလဲ့... အရမ်း မရဲတင်းနဲ့ မင်းပဲဆိုတာ ငါ သိတယ်”
ရှီလဲ့က ရယ်ကာ “မနေ့က ကျွန်တော် ပြောပြီးသားပဲလေ.. ကျွန်တော် ဖြစ်ရင်ရော ဘာဖြစ်လဲ ခင်ဗျားမှာ သက်သေမရှိဘူးလေ”
“မင်း” ချန်ကွမ်လျန်က ဒေါသတကြီး ကြည့်သည်။
“မျက်မြင်သက်သေဖြစ်ဖြစ်၊ ခိုင်လုံတဲ့ အထောက်အထားဖြစ်ဖြစ် ကျွန်တော့်ဆီကို ညွှန်ပြနေတာ မရှိဘူး.… မယုံရင် နားကပ်တစ်ဖက်ကို ထပ်မေးကြည့်လိုက်လေ” ရှီလဲ့က ရဲစခန်းထဲ ရောက်နေသည်ဟုပင် မထင်ရလောက်အောင် ပေါ့ပါးစွာ ပြောလိုက်သည်။
မီဆုရှီတာ ကူယိုကိုကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဥပဒေကြောင်းအရ ရှီလဲ့ကို ဘာမှ လုပ်၍မရတော့ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။
ချန်ကွမ်လျန်က စားပွဲကို ထုကာ “ရှီလဲ့... ငါ သက်သေကို ရှာပြမယ် ဒီလူမိုက်တွေ မင်းအကြောင်းကို ထုတ်မပြောလာမချင်း ငါ လက်မလျှော့ဘူး”
ရှီလဲ့က အေးစက်စွာ ပြုံးကာ နားကပ်တစ်ဖက်ကို ကြည့်လိုက်သည်။ “နားကပ်တစ်ဖက်... ပြောစမ်း၊ အဲဒီ ဗွိုက်စင်သားတွေကို ရိုက်ဖို့ ငါ ခိုင်းခဲ့လား”
နားကပ်တစ်ဖက်က ချက်ချင်း ခေါင်းခါကာ “အကိုကြီ.. ခင်ဗျားက ဘယ်လိုလုပ် ခိုင်းမှာလဲ”
ရှီလဲ့က ဆက်မေးသည်။ “အာမောင်... ငါ ခိုင်းခဲ့လား”
“မခိုင်းပါဘူး အကိုကြီးကျောက်တုံး... ဟိုဝတုတ်လေးက ကျုပ်တို့ကို အရင်ရန်စတာပါ” အာမောင်းကလည်း မြှောက်ပင့်ကာ ဖြေသည်။
ကျန်လူမိုက် ၆ ယောက်စလုံးကလည်း တညီတညွတ်တည်း ငြင်းဆိုကြသည်။
ရှီလဲ့က တောက်ပစွာ ပြုံးလိုက်ပြီး “ဌာနမှူးချန်... ကြားတယ်မလား သူတို့ ထပ်ပြောနေကြပြီ၊ ကျွန်တော် သူတို့ကို ဘယ်တုန်းကမှ မခိုင်းခဲ့ပါဘူး” ဟု ပြောလိုက်လေသည်။