← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း - ၇၇

ရွှမ်းဟူရဲစခန်း၊ တတိယထပ် အရေးကြီးအမှုစစ်ဆေးရေးဌာန။

ချန်ကွမ်လျန်သည် မတ်တပ်ရပ်ပြီး နားကပ်တစ်ဖက်ရှိရာသို့ လျှောက်သွားကာ သူ့မျက်လုံးများကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “နားကပ်တစ်ဖက်... မင်း ရှီလဲ့ကို မသိဘူးလို့ ပြောခဲ့တယ်မဟုတ်လား....အခုကျတော့ ဘာလို့ သူ့ကို ဒီလောက် ရင်းနှီးနေရတာလဲ”

ရှီလဲ့က တခိခိရယ်ပြီး ကြားဖြတ်ပြောလိုက်သည်။ “ဌာနမှူးချန်ရာ... ကျွန်တော်က ပညာရှိပြီး ခွန်အားကြီးမားတဲ့သူဆိုတော့ ကျွန်တော့်ရဲ့ အရှိန်အဝါကြောင့် သူတို့က အထင်ကြီးပြီး ကိုးကွယ်သွားကြတာ မဖြစ်နိုင်ဘူးလား”

နားကပ်တစ်ဖက်နှင့် အခြားလူမိုက်များက တညီတညွတ်တည်း ခေါင်းငြိမ့်ကြသည်။ “အကိုကြီးရှီ ပြောတာမှန်ပါတယ်..အကိုကြီးက ပညာရှိပြီး အစွမ်းထက်လို့ ကျုပ်တို့က သူ့ကို အရမ်းကြည်ညိုတာပါ”

ရှီလဲ့က ပခုံးတွန့်ပြလိုက်သည်။ “ဌာနမှူးချန်... တခြားမေးစရာ ရှိသေးလား”

အိုးရန်ရှန်း၏ ပခုံးများ တုန်ရင်နေပြီး သူမက အော်ပြောလိုက်သည်။ “တော်တော့ ရှီလဲ့... ပါးစပ်ပိတ်ထားစမ်း”

ရှီလဲ့ နှုတ်ဆိတ်သွားသည်။ သူသည် အိုးရန်ရှန်းအနားသို့ လျှောက်သွားကာ သူမကို သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ပခုံးနှစ်ဖက်ကို လက်ဖြင့် အသာအယာ ဖိကိုင်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ “အိုးရန်ရှန်း... နင်... နင် ငါ့ကို အဖမ်းခံစေချင်တာလား... တကယ်လို့ နင်အဲဒီလို ဖြစ်စေချင်တယ်ဆိုရင် ငါ အခုချက်ချင်း ဝန်ခံပြီး အဖမ်းခံလိုက်မယ်”

အိုးရန်ရှန်း၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ ရှီလဲ့၏ အကြည့်ကို ရင်ဆိုင်ရသောအခါ သူမ စိတ်လှုပ်ရှားသွားပြီး ပြန်မကြည့်ရဲတော့ပေ။

“နင်... နင်... လက်ကိုလွှတ်ဦး” အိုးရန်ရှန်း၏ အသံမှာ ရှက်သွေးဖြာနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ရှီလဲ့က လက်မလွှတ်သည့်အပြင် သူမပခုံးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ “အိုးရန်ရှန်း... ကောင်းမှုနဲ့ မကောင်းမှုကြားမှာ ပြတ်သားတဲ့ နယ်နိမိတ်ဆိုတာ မရှိဘူး... အိချီရိုက ငါ့သူငယ်ချင်းကို စော်ကားခဲ့တယ်... သူ ပြစ်ဒဏ်ခံသင့်တယ် ဒါပေမဲ့ သူ့ကို ဥပဒေနဲ့ အရေးယူမယ်ဆိုရင် ဘယ်လိုပြစ်ဒဏ်မျိုး ရမှာလဲ ဘာမှရမှာမဟုတ်ဘူး မဟုတ်လား ဒါပေမဲ့ သူ့ရဲ့စကားတွေက တာ့ရှားလူမျိုးတစ်ယောက်ကို ပြင်းပြင်းထန်ထန် စော်ကားခဲ့တာ...တာ့ရှားလူမျိုးတစ်ယောက်အနေနဲ့ ဗွိုက်စင်သားတစ်ယောက်က ငါ့လူမျိုးကို စော်ကားတာကို ငါ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး”

အိုးရန်ရှန်း မှင်သက်သွားသည်။ သူမသည် ရှီလဲ့၏ စကားများကို သေချာစဉ်းစားကြည့်မိသည်။

ရှီလဲ့သည် သူမ၏ ပခုံးများကို လွှတ်ပေးလိုက်ပြီး အတွေးနက်နေသော ချန်ကွမ်လျန်ကို လှည့်ကြည့်လိုက်သည်။ ရှီလဲ့ ပြောသည်မှာ မှန်ပါသည်။ သို့သော် သူသည် လူမိုက်များကို ခိုင်းစေပြီး ဗွိုက်စင်သားတစ်ဦးကို ရိုက်နှက်ခိုင်းမှုတွင်လည်း အပြစ်ရှိသည်။ ဤအမြင်နှစ်ခုကြားတွင် ချန်ကွမ်လျန် ဝေခွဲမရ ဖြစ်နေသည်။

‘ငါ တကယ်ပဲ မှားနေတာလား လုံးဝ မှန်ကန်တဲ့ တရားမျှတမှုဆိုတာ မရှိဘူးလား နောက်ကွယ်က ကြိုးကိုင်သူဟာ ရှီလဲ့ဖြစ်တာကြောင့် သူ ဥပဒေအရ ပြစ်ဒဏ်ခံသင့်တယ်...ဒါပေမဲ့ ရှီလဲ့ရဲ့ သူငယ်ချင်းတွေကို စော်ကားခဲ့တဲ့ ဗွိုက်စင်သားတွေကရော ဘယ်လိုပြစ်ဒဏ်မျိုး ခံရမှာလဲ’ ဟု ချန်ကွမ်လျန် မိမိကိုယ်ကိုယ် ပြန်မေးနေမိသည်။

မီဆုရှီတာ ကူယိုကိုက အခြေအနေ မဟန်တော့သည်ကို ရိပ်မိသွားပြီး ပြောလိုက်သည်။ “ရဲအရာရှိကြီး... မစ္စတာရှီလဲ့က သူကိုယ်တိုင် ကြိုးကိုင်သူပါလို့ ဝန်ခံနေပြီပဲ၊ ဘာလို့ သူ့ကို မဖမ်းတာလဲ”

ရှီလဲ့က ရယ်မောကာ “ကူယိုကို... ခင်ဗျားရဲ့ IQ က ခင်ဗျားနာမည်လိုပဲ နိမ့်လွန်းတယ်... ကျွန်တော်က ပြောလိုက်ရုံနဲ့ အတည်ဖြစ်သွားရောလား ဒါဆိုရင် ကျွန်တော် မနက်ဖြန်ကျရင် ဗွိုက်စင်ရဲ့ ဝန်ကြီးချုပ်ကို သတ်မယ်လို့ ပြောလိုက်မယ်ဗျာ... ဗွိုက်စင်ရဲ့ အထူးတပ်ဖွဲ့တွေက ကျွန်တော့်ကို လာဖမ်းကြမှာလား”

ကူယိုကိုမှာ ရှီလဲ့၏ စကားကြောင့် ဆွံ့အသွားရသည်။

“ဌာနမှူးချန်... သက်ဆိုင်ရာ ဥပဒေတွေအရ နားကပ်တစ်ဖက်တို့ရဲ့ အပြုအမူဟာ ရာဇဝတ်မှု မြောက်အောင် မပြင်းထန်ဘူး....ခင်ဗျားမှာ ခိုင်လုံတဲ့ သက်သေအထောက်အထား ထပ်မပြနိုင်ရင် ကျွန်တော်တင်မကဘူး၊ နားကပ်တစ်ဖက်တို့ပါ အပြစ်က လွတ်သွားမှာ မဟုတ်လား” ဟု ရှီလဲ့က စနောက်လိုက်သည်။

ချန်ကွမ်လျန် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “တောက်ကျွင်း... ဟွာချန်... နားကပ်တစ်ဖက်တို့ရဲ့ လက်ထိပ်တွေကို ဖြုတ်ပေးလိုက်ကြ”

ရှီလဲ့က ပြုံးပြီး “ကျေးဇူးပါ ဌာနမှူးချန်” ဟု ပြောသည်။

“ရှီလဲ့... အရမ်း အားမရနဲ့ဦး... နောက်တစ်ခါကျရင်တော့ မင်းကို ငါ အမိဖမ်းပြမယ်” ချန်ကွမ်လျန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ရှီလဲ့က မျက်ခုံးပင့်ပြကာ “ကျွန်တော် စောင့်နေပါ့မယ်” ဟု ပြန်ပြောသည်။

တောက်ကျွင်းနှင့် ဟော့ချန်တို့က လူမိုက်များ၏ လက်ထိပ်ကို ဖြုတ်ပေးပြီးနောက် ရှီလဲ့က လက်ခုပ်တီးကာ “ကဲ... သွားကြစို့...ငါ ဒီနေ့ သူရဲကောင်းတွေကို ထမင်းကျွေးမယ်”

လူကိုးယောက်အုပ်စုသည် ရဲစခန်းမှ ထွက်လာကြသည်။

အရေးကြီးအမှုစစ်ဆေးရေးဌာနအတွင်း မီဆုရှီတာ ကူယိုကိုက သက်ပြင်းချကာ “ရဲအရာရှိကြီး... ရွှမ်ချင်းမြို့ရဲ့ လုံခြုံရေးအပေါ် ကျွန်မ အရမ်း စိတ်ပျက်မိပါတယ်...ကျွန်မတို့ ကန်နွန်အဖွဲ့ဟာ ချက်ချင်းပဲ နိုင်ငံကို ပြန်တော့မယ်၊ ပြီးတော့ ရွှမ်ချင်းမြို့မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မီဒီယာတွေကို အကုန်ဖွင့်ချမယ်” ဟု ပြောကာ ထွက်ခွာသွားသည်။

ကူယိုကို ထွက်သွားပြီးနောက် ချန်ကွမ်လျန် စားပွဲကို ပြင်းထန်စွာ ထုလိုက်သည်။

“တောက်စ်”

တောက်ကျွင်းနှင့် ဟွာချန်တို့ ခေါင်းငုံ့ထားကြသည်။ ဒေါသထွက်နေသော ဌာနမှူးကို သွားဆွရမည့်အချိန် မဟုတ်ပေ။

အိုးရန်ရှန်းက “ဌာနမှူးချန်... တောင်းပန်ပါတယ်” ဟု ပြောသည်။

သူမသည် ရှီလဲ့ကို ဝန်ခံရန် မတောင်းဆိုခဲ့ပေ။ သူမ ဘယ်လိုလုပ် တောင်းဆိုနိုင်ပါမည်နည်း။ယဲ့ဖုန်းအမှုတုန်းက ရှီလဲ့သည် သူမ၏နေရာတွင် အစားထိုးဝင်ရောက်ပြီး ဓားစာခံအဖြစ် အနစ်နာခံခဲ့သည် မဟုတ်လား။ အိုးရန်ရှန်းမှာ ထိုအချက်ကြောင့် ရှီလဲ့အပေါ် အလွန်အမင်း ကျေးဇူးတင် လှုပ်ရှားနေမိသည်။

ချန်ကွမ်လျန်က ခေါင်းခါကာ “နင့်အပြစ်မဟုတ်ပါဘူး သက်သေမရှာနိုင်တဲ့ ငါ့အပြစ်ပါ ဒါပေမဲ့ ရှီလဲ့ပြောတာလည်း မှန်တယ်၊ ဟိုကောင်စုတ်တွေက နည်းနည်း လက်လွန်သွားတာ”

အိုးရန်ရှန်းက အတင်းပြုံးကာ “ဌာနမှူးချန်... ကျွန်မ ဒီနေ့ ပြန်ရောက်ရင် ရှီလဲ့ကို ဆုံးမလိုက်ပါ့မယ်၊ နောက်ကို မကောင်းတာတွေ မလုပ်အောင်လို့လေ”

“အင်း အိုရန်ရှန့်... နင် သူ့ကို သေသေချာချာ ထိန်းထားဦး...ဒီအမှုကနေကြည့်ရင် ရှီလဲ့ဟာ အကွက်စေ့တဲ့လူမှန်း သိသာတယ်...သူသာ မကောင်းတဲ့ဘက်ကို ရောက်သွားရင် ကိုင်တွယ်ရ တော်တော်ခက်မယ့်လူပဲ” ဟု ချန်ကွမ်လျန်က ထောက်ခံသည်။

ရဲစခန်းအပြင်ဘက်တွင် ဘဏ်များ ပြန်ဖွင့်နေပြီဖြစ်သော်လည်း လူသူကင်းမဲ့နေသည်။ ရှီလဲ့သည် ဘဏ်ထဲဝင်ကာ ငွေ ၁၀,၀၀၀ ယွမ် ထုတ်ယူလိုက်သည်။ ထို့နောက် နားကပ်တစ်ဖက်တို့အဖွဲ့ကို နောက်လမ်းကြားသို့ ခေါ်လာခဲ့သည်။

နောက်လမ်းကြားရှိ ချန်အစားအသောက်ဆိုင်သို့ ရောက်သောအခါ ရှီလဲ့က မီနူးကို ကိုင်ကာ ပြောလိုက်သည်။ “နားကပ်တစ်ဖက်... အားမောင်... မင်းတို့ ညီအစ်ကိုတွေ ကြိုက်တာမှာစားကြ ငါနဲ့ အားနာနေစရာ မလိုဘူး”

နားကပ်တစ်ဖက်က ယဉ်ကျေးစွာဖြင့် “အကိုကြီးရှီ. ခင်ဗျားက အရမ်း ရက်ရောတာပဲ”

“နားကပ်တစ်ဖက်... ငါရှီလဲ့က ကျေးဇူးနဲ့ အာဃာတကို ပြတ်ပြတ်သားသား ခွဲခြားတတ်သူပါ...ဒီတစ်ခါ မင်းတို့ကူညီတာကို ငါ မှတ်ထားပါ့မယ်... ရော့... ဒါက ၁၀,၀၀၀ ယွမ်၊ မင်းတို့ ကြိုက်သလို သုံးကြ” ရှီလဲ့က အခုလေးတင် ထုတ်လာသော ငွေများကို ကမ်းပေးလိုက်သည်။

နားကပ်တစ်ဖက်က မယူရဲဘဲ “အကိုကြီး... ဒါက... ဒါက မကောင်းပါဘူး”

ရှီလဲ့က နားကပ်တစ်ဖက်၏ လက်ကိုဆွဲကာ ငွေများကို ထည့်ပေးလိုက်သည်။ “ယူစမ်းပါ ပြီးတော့ ငါ မင်းကို ခိုင်းစရာ တစ်ခုရှိသေးတယ်”

နားကပ်တစ်ဖက်သည် ငွေ ၁၀,၀၀၀ ကို ယူလိုက်သည်။ ဤသည်မှာ သူ့အတွက်တော့ ငွေအမြောက်အမြားပင် ဖြစ်သည်။

မုန့်ဖိုးရသွားသော နားကပ်တစ်ဖက်က ချက်ချင်းပင် “အကိုကြီး... ဘာခိုင်းစရာ ရှိလို့လဲ” ဟု မေးသည်။

ရှီလဲ့သည် ချန်မင်အကြောင်းကို ပြောပြပြီး “အဲဒီကောင် ချန်မင်က ငါ့ကို ကောက်ကျစ်ချင်နေတာ” ဟု ဆိုလိုက်သည်။

“တောက်... အဲဒီ ချန်မင်က အကိုကြီးကို ဒုက္ခပေးဖို့ ကျုပ်ကို ခိုင်းရဲတယ်ပေါ့...သူ အသက်မရှင်ချင်တော့ဘူး ထင်တယ် အကိုကြီး... ကျုပ် လူအချို့ခေါ်ပြီး သူ့ကို လမ်းကြားမှာ စောင့်ရိုက်ပြီး ဒုက္ခိတဖြစ်အောင် လုပ်ပေးရမလား” နားကပ်တစ်ဖက်၏ နဖူးတွင် ချွေးများ စို့လာသည်။ သူသည် ရှီလဲ့ကို ဒုက္ခပေးရန် ခိုင်းစေခဲ့သော ချန်မင်ကို စိတ်ထဲမှ အကြိမ်ပေါင်းများစွာ ဆဲဆိုနေမိသည်။

ရှီလဲ့က ခေါင်းခါကာ “မလိုပါဘူး သူ့ကို ဒုက္ခိတဖြစ်အောင် ရိုက်ရင် ရာဇဝတ်မှု ဖြစ်သွားမယ်... ငါနဲ့သူ့ရဲ့ ဆက်ဆံရေးကလည်း တင်းမာနေတော့ ခင်ဗျားတို့သာ ပါသွားရင် ဌာနမှူးချန်က ကျုပ်တို့ကို လွှတ်မှာမဟုတ်ဘူး”

နားကပ်တစ်ဖက်သည် ရှီလဲ့ကို စိတ်ထဲမှ ကဲ့ရဲ့မိသည်။ ‘အကိုကြီးရာ... ခင်ဗျားက ရက်စက်လှတဲ့ ယဲ့ဖုန်းနဲ့ တစ်ဖွဲ့တည်း ဖြစ်နေပြီးတော့မှ အခုကျ ရာဇဝတ်မှု မဖြစ်ချင်ဘူးတဲ့လား... ဒါက အဓိပ္ပာယ် မရှိတာပဲ’

“ဒါဆို အကိုကြီးက ဘယ်လိုလုပ်စေချင်လဲ” နားကပ်တစ်ဖက်က စိတ်ထဲမှသာ ကဲ့ရဲ့ရဲသော်လည်း အပြင်ပန်းတွင်မူ ရိုရိုသေသေ မေးမြန်းရှာသည်။

ရှီလဲ့က အေးစက်စွာ ရယ်လိုက်သည်။ “အဲဒီ ချန်မင်က ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးရဲမှတော့ သူ့ကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး ဒီနားကို လာခဲ့... ငါ့ရဲ့ အစီအစဉ်ကို ပြောပြမယ်”

နားကပ်တစ်ဖက်သည် ချက်ချင်း ထရပ်ကာ ရှီလဲ့အနားသို့ သွားပြီး ဆောင့်ကြောင့်ထိုင်ကာ နားထောင်သည်။

ရှီလဲ့က သူ၏ ရက်စက်လှသော အစီအစဉ်ကို အစမှအဆုံးအထိ တိုးတိုးလေး ရှင်းပြလိုက်ပြီးနောက် “နားလည်လား” ဟု မေးသည်။

နားကပ်တစ်ဖက်မှာ ကျောရိုးထဲအထိ စိမ့်တက်သွားပြီး တုန်လှုပ်သွားသည်။ “နားလည်ပါပြီ... နားလည်ပါပြီ”

‘ရှီလဲ့ဆိုတဲ့ကောင်ကတော့ တကယ်ကို ကြောက်ဖို့ကောင်းတာပဲ အပြင်ပန်းမှာ လူကြီးလူကောင်းလိုလိုနဲ့ စိတ်ဓာတ်ကတော့ အဲဒီလောက်အထိ မှောင်မိုက်မယ်လို့ မထင်ထားဘူး တော်သေးတာပေါ့ ငါက သူ့ဘက်ကမို့လို့၊ မဟုတ်ရင် ငါ ဘယ်လိုသေသွားမလဲတောင် သိမှာမဟုတ်ဘူး’ ဟု နားကပ်တစ်ဖက် စိတ်ထဲမှ တွေးနေမိသည်။

ရှီလဲ့က နားကပ်တစ်ဖက်၏ ပခုံးကို ကြင်နာသော အပြုံးဖြင့် ပုတ်လိုက်သည်။ “နားကပ်တစ်ဖက်... အကောင်းဆုံးလုပ်စမ်းပါ... နောက်ကို ငါ့နောက် လိုက်ရင် မင်း ကောင်းကောင်း နေရမှာပါ”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ၊ ကျွန်တော် အကိုကြီးနောက်ကိုပဲ တစိုက်မတ်မတ် လိုက်ပါ့မယ်” နားကပ်တစ်ဖက်က သစ္စာခံလိုက်သည်။

ညနေ ၅ နာရီကျော်သောအခါ ရှီလဲ့က ဖုန်းထုတ်ပြီး လင်းယွီမော့ထံ ဆက်လိုက်သည်။ “ယွီမော့... ကျောင်းဆင်းပြီလား”

လင်းယွီမော့၏ အသံလေး ထွက်လာသည်။ “ခုလေးတင် ဆင်းတာ... နင် ရဲစခန်းက ပြန်လာပြီလား”

“ပြန်လာပြီပေါ့ ငါ နောက်ဖေးလမ်းကြားက ချန်အစားအသောက်ဆိုင်မှာ ရှိနေတယ်... နင်နဲ့ မုရွှမ်းတို့ အတူတူ လာခဲ့ကြပါဦး” ရှီလဲ့က သူတို့နှစ်ဦးကို ညစာစားရန် ခေါ်လိုက်ခြင်း ဖြစ်သည်။

“အော်... နင် မနေ့ညက အဲဒီမှာပဲလား” လင်းယွီမော့က မေးသည်။ အမှန်တော့ သူမသည် မုရွှမ်းကိုပါ ခေါ်ရမလားဟု မေးချင်နေခြင်းဖြစ်သည်။

“အင်း... မနေ့ကလည်း ရှိနေခဲ့တာပဲ..ငါ စောင့်နေမယ်၊ မြန်မြန်လာခဲ့ကြ” ရှီလဲ့သည် လင်းယွီမော့၏ လေသံပြောင်းသွားသည်ကို သတိမထားမိပေ။

“အင်း” လင်းယွီမော့ ဖုန်းချလိုက်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမသည် မုရွှမ်းကို ခေါ်လိုက်သည်။ “မမမုရွှမ်း... ရှီလဲ့က တို့တွေကို နောက်ဖေးလမ်းကြားမှာ ညစာစားဖို့ ခေါ်နေတယ်၊ မမ လိုက်မလား”

စီးပွားရေးစီမံခန့်ခွဲမှုဌာနတွင် မုရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြလိုက်သည်။ “ယွီမော့... ကျောင်းတံခါးဝမှာ တွေ့ကြမယ်လေ”

ဖုန်းချပြီးနောက် လင်းယွီမော့၏ မျက်ခုံးလေးများမှာ ကွေးသွားသည်။

‘မမမုရွှမ်းကလည်း ရှီလဲ့ကို ကြိုက်နေတာလား တကယ်လို့ မမကလည်း သူ့ကို ကြိုက်နေတယ်ဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ သူကရော ဘယ်သူ့ကို ကြိုက်တာလဲ’ လင်းယွီမော့သည် ကျောင်းတံခါးဝသို့ လျှောက်သွားရင်း အတွေးများ ဗလပွ ဖြစ်နေတော့သည်။

လင်းယွီမော့နှင့် မုရွှမ်းတို့ ကျောင်းတံခါးဝတွင် ဆုံကြပြီးနောက် ချန်အစားအသောက်ဆိုင်သို့ အတူတူ လျှောက်လာကြသည်။

ရှီလဲ့သည် နားကပ်တစ်ဖက်တို့နှင့် အတူမထိုင်ဘဲ သီးသန့်စားပွဲတစ်ခုတွင် လင်းယွီမော့နှင့် မုရွှမ်းကို စောင့်နေသည်။

သူတို့နှစ်ဦး ဆိုင်ထဲသို့ အတူတူ ဝင်လာသောအခါ ရှီလဲ့သည် သူတို့၏ ပြည့်စုံလှပသော အလှတရားများကို ကြည့်ကာ ရင်ထဲတွင် လှိုင်းထသွားသည်။

‘ဒီနှစ်ယောက်သာ ငြိမ်းငြိမ်းချမ်းချမ်း အတူတူ နေနိုင်ရင် ဘယ်လောက်ကောင်းမလဲ ငါတို့သာ ရှေးခေတ်မှာ ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ သောက်ကျိုးနည်း အိမ်ထောင်ရေး ဥပဒေတွေပဲ’

“ရှီလဲ့” လင်းယွီမော့က ရှီလဲ့ဘေးတွင် အရင်ဆုံး ဝင်ထိုင်လိုက်သည်။ “ဘာတွေ တွေးနေတာလဲ ငေးလို့ပါလား”

မုရွှမ်းက ပြုံးကာ လင်းယွီမော့ကို တစ်ချက်ကြည့်လိုက်ပြီး ရှီလဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ရှီလဲ့က အတွေးများကို ဖျောက်ပစ်ပြီး ခေါင်းခါလိုက်ကာ “ဘာမှမဟုတ်ပါဘူး.. နင်တို့ကို တိရစ္ဆာန်ရုံ ဘယ်တော့ခေါ်သွားရမလဲလို့ စဉ်းစားနေတာ” ဟု ပြောလိုက်သည်။

လင်းယွီမော့ စိတ်ထဲမှ သက်ပြင်းချမိသည်။ ‘ရှီလဲ့ရဲ့ နှလုံးသားထဲမှာ မမမုရွှမ်းလည်း ရှိနေတာလား’

“ကောင်းတာပေါ့ ငါ တိရစ္ဆာန်ရုံ သွားချင်တယ်”

မုရွှမ်းကမူ “ကျွန်မကတော့ တိရစ္ဆာန်ရုံကို သိပ်မကြိုက်ဘူး” ဟု ဆိုသည်။

“ကဲ... ဒါတွေ ထားပါဦး၊ ဘာစားချင်ကြလဲ” ရှီလဲ့က မီနူးနှစ်ခုကို အလှလေးနှစ်ဦးထံ ကမ်းပေးလိုက်သည်။

“ငါ့မှာ နင်တို့အတွက် သတင်းကောင်းတစ်ခု ရှိတယ်... ဗွိုက်စင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ အားလုံးကို အပြီးသတ် ဖြေရှင်းပြီးသွားပြီ”

အခန်း - ၇၈

အောက်တိုဘာ ၂၄ ရက်၊ ကျောင်းဝင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲ မတိုင်မီ တစ်ရက်အလို။

ကန်နွန်ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ် အိချီရို မှာ ရရှိထားသော ဒဏ်ရာများကြောင့် ရွှမ်းဟူ ပထမပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။

နံနက်စောစောတွင် ရှီလဲ့သည် ကျောင်းဝင်းအတွင်းရှိ သစ်ပင်ရိပ်သာလမ်းအတိုင်း လျှောက်လာနေသည်။ လီကျင်းယွဲ့ သည် စာအုပ်နှစ်အုပ်ကို ပိုက်ကာ သူ့ဘေးတွင် တိတ်ဆိတ်စွာ ယှဉ်တွဲလျှောက်လာသည်။ သူမ၏ နက်မှောင်သော မျက်မှန်ဝိုင်းလေးက သူမကို ပညာတတ်ဆန်သော အလှတရားတစ်ခု ပေးစွမ်းနေသည်။

“ရှီလဲ့... ချန်မင်က ကျောင်းဖိုရမ်မှာ ရေးထားတယ်... နင်က နာမည်ကြီး ထုတ်လုပ်သူတွေကို ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်မယ်လို့ ကတိပေးထားတယ်ဆိုတာ ဟုတ်လား” လီကျင်းယွဲ့၏ လေသံတွင် စိုးရိမ်မှုများ ပါဝင်နေသည်။

ရှီလဲ့က နှာခေါင်းပေါ်ရှိ မျက်မှန်ကို အသာပင့်လိုက်ပြီး ပန်းပွင့်လေးတစ်ပွင့်လို လှပနေသော လီကျင်းယွဲ့ကို ဘေးတစောင်းကြည့်ကာ “ကျင်းယွဲ့... ငါ အဲဒီလို ပြောခဲ့တာ ဟုတ်ပါတယ်”

လီကျင်းယွဲ့က မျက်မှောင်လေး အနည်းငယ်ကြုတ်ကာ “ရှီလဲ့... ဒီနေ့က ၂၄ ရက်ရှိပြီ... မနက်ဖြန်ဆို ပြိုင်ပွဲစတော့မှာ တကယ်လို့ နင် နာမည်ကြီးကုမ္ပဏီတွေကို မဖိတ်နိုင်ရင် ဆရာကျန်းစုန့်ကို ငါပြောပေးရမလား ကျောင်းဖိုရမ်က ပို့စ်တွေကို ဖျက်ခိုင်းလိုက်မယ်လေ”

ကွန်ပျူတာခန်း မန်နေဂျာတစ်ဦးအနေဖြင့် ကျန်းစုန့်တွင် ဖိုရမ်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ လီကျင်းယွဲ့သည် ရှီလဲ့ကို လှောင်ပြောင်ထားသော ပို့စ်များကြောင့် စိုးရိမ်နေခြင်းဖြစ်သည်။

ရှီလဲ့က ခေါင်းခါကာ တိုးညှင်းသော လေသံဖြင့် “ကျင်းယွဲ့... စိတ်မပူပါနဲ့... ငါ နာမည်ကြီး ကုမ္ပဏီနှစ်ခုကို အောင်အောင်မြင်မြင် ဖိတ်ကြားနိုင်ခဲ့ပြီးပြီ... သူတို့လူတွေလည်း ရွှမ်းဟူကို ရောက်နေကြပြီ”

လီကျင်းယွဲ့၏ နှုတ်ခမ်းတွင် လခြမ်းကွေးလေးကဲ့သို့ အပြုံးတစ်ခု ပေါ်လာသည်။ စိုးရိမ်နေသော မျက်ခုံးတန်းလေးများလည်း ပြေလျော့သွားသည်။

“အင်း... အဲဒါဆိုရင်တော့ တော်သေးတာပေါ့”

ရှီလဲ့က ခြေလှမ်းကို အရှိန်မြှင့်ပြီး ရှေ့သို့ နှစ်လှမ်းတက်လိုက်သည်။ ထို့နောက် လီကျင်းယွဲ့ရှေ့တွင် ပိတ်ရပ်လိုက်ပြီး သူမကို မျက်လုံးချင်းစိုက်ကြည့်ကာ “ကျင်းယွဲ့... တကယ်လို့ ငါသာ ပထမရရင် ငါ့ကို ဆုတစ်ခုခု ပေးမလား”

လီကျင်းယွဲ့သည် ရှီလဲ့၏ အကြည့်များကြောင့် စိတ်လှုပ်ရှားသွားပြီး စာအုပ်နှစ်အုပ်ကို ပိုမိုတင်းကြပ်စွာ ပိုက်ထားမိသည်။ သူမ ခေါင်းငုံ့ထားသဖြင့် နက်မှောင်ရှည်လျားသော ဆံနွယ်များက ပုခုံးပေါ်သို့ ဝဲကျလာသည်။

ရှီလဲ့က နောက်ထပ်တစ်လှမ်း တိုးလိုက်ရာ သူတို့နှစ်ဦးကြား အကွာအဝေးမှာ တစ်ပေပင် မရှိတော့ပေ။ သူက ထပ်မေးပြန်သည်။ “ကျင်းယွဲ့... ငါ ပထမရရင် တကယ်ပဲ ဆုမပေးဘူးလား”

လီကျင်းယွဲ့၏ ဖြူစင်သော မျက်နှာလေးမှာ နီမြန်းလာသည်။ သူမတွင် စင်မြင့်ပေါ်မှ တင်းမာသော ဆရာမတစ်ဦး၏ အငွေ့အသက် လုံးဝ မရှိတော့ပေ။ “ရှီလဲ့... ကျောင်းဝင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပထမရရင် ယွမ် ၁၀,၀၀၀ ပညာသင်ဆုနဲ့ ရွှမ်ချင်းတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားဘွဲ့ ရမှာလေ”

“ဟဲဟဲ...” ရှီလဲ့က မဲ့ပြုံးပြုံးကာ “ကျင်းယွဲ့... ငါက အဲဒါတွေကို စိတ်မဝင်စားဘူး”

လီကျင်းယွဲ့၏ နားရွက်ကလေးများပါ နီရဲလာသည်။ သူမ ခေါင်းကို ပိုငုံ့ထားမိသည်။ ရှီလဲ့သည် လီကျင်းယွဲ့ဆီမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကို ရှူရှိုက်လိုက်ပြီး တမင်တကာ အသက်ကို ပြင်းပြင်းရှူကာ “ကျင်းယွဲ့... နင့်ဆီက ရနံ့လေးက အရမ်းမွှေးတာပဲ” ဟု ဆိုလိုက်သည်။

“ရှီလဲ့... ဒီလို မလုပ်ပါနဲ့ ဒါက ကျောင်းလေ...” လီကျင်းယွဲ့က တိုးတိုးလေး ပြောသည်။

ရှီလဲ့သည် ထိုစကား၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ တကယ်လို့ ကျောင်းမဟုတ်ရင် သူ ပိုပြီး ရှေ့တိုးလို့ရတယ်လို့ ဆိုလိုတာလား။

“ကျင်းယွဲ့... တကယ်လို့ ငါ ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ပထမရရင် ငါနဲ့အတူ ထမင်းတစ်နပ်လောက် အတူတူ စားပေးမလား.. ဘယ်လိုလဲ”

လီကျင်းယွဲ့ ခဏစဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းငြိမ့် သဘောတူလိုက်သည်။

“ကောင်းပြီလေ နင်သာ ပထမရရင် ငါ နင်နဲ့အတူ ညစာ စားပေးပါ့မယ်”

ရှီလဲ့ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ “ကောင်းပြီ ကောင်းပြီ... ကျင်းယွဲ့... စိတ်ချပါ... ငါ သေချာပေါက် ပထမရစေရမယ်”

ရှီလဲ့က လက်သီးလက်မောင်းတန်းကာ ယုံကြည်မှုရှိရှိ ပြုံးနေသည်ကို ကြည့်ပြီး လီကျင်းယွဲ့လည်း တိတ်တဆိတ် ပြုံးမိသည်။

‘ရှီလဲ့... နင်သာ ငါ့ကျောင်းသား မဟုတ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ’ လီကျင်းယွဲ့ စိတ်ထဲမှ သက်ပြင်းချမိသည်။ သူမ၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသည်။

သူတို့နှစ်ဦးသည် အတန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ ရှီလဲ့သည် အရှက်မရှိစွာပင် လင်းယွီမော့ဘေးတွင် ဝင်ထိုင်လိုက်သည်။

လင်းယွီမော့က ရှီလဲ့ကို သံသယဖြင့် ကြည့်သည်။ သူ ထိုင်ချလိုက်သည်နှင့် လင်းယွီမော့က နှာခေါင်းလေး ရှုံ့ကာ အနံ့ခံကြည့်သည်။

“ထူးဆန်းတယ်... ဒီရနံ့သင်းသင်းလေးက တော်တော် ရင်းနှီးနေသလိုပဲ”

ရှီလဲ့က လင်းယွီမော့၏ အပြုအမူကို သတိမထားမိပေ။ သူက ရယ်မောကာ “ယွီမော့... ဒီနေ့ မနက် ဘာစားခဲ့လဲ” ဟု မေးသည်။

“ဒိန်ချဉ်ပေါ့ ရှီလဲ့... လူတိုင်းက နင့်လို ပဲနို့နဲ့ အီကြာကွေး စားတယ်လို့ ထင်နေတာလား” လင်းယွီမော့က မခိုးမခန့် ပြောလိုက်သည်။

လမ်းဘေးဈေးသည်များထံမှ ပဲနို့နှင့် အီကြာကွေးမှာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ မဟုတ်သည်မှာ သေချာသည်။

ရှီလဲ့သည် လင်းယွီမော့၏ ဘေးတစောင်း အလှကို ကြည့်လိုက်ပြီးနောက် သူမနားအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ယွီမော့... တို့ ကြားဖူးတာတော့ ဒိန်ချဉ် အသောက်များရင် ပိန်လွယ်တယ်တဲ့”

လင်းယွီမော့၏ နားရွက်ကလေးမှာ ရှီလဲ့၏ နွေးထွေးသော အသက်ရှူသံကြောင့် ယားကျိကျိ ဖြစ်သွားသည်။ “ကောင်းတာပေါ့... တို့က ကိုယ်လုံးလှအောင် ဒိန်ချဉ်သောက်တာလေ”

“ဟဲဟဲ..” ရှီလဲ့က ထူးဆန်းစွာ ရယ်မောလိုက်ပြီး လင်းယွီမော့၏ ရင်ဘတ်ကို တစ်ချက်ကြည့်ကာ နောက်ပြောင်သော အပြုံးတစ်ခု ပြလိုက်သည်။

“ဟွန့်” လင်းယွီမော့ လှည့်ကြည့်လိုက်သောအခါ ရှီလဲ့၏ အကြည့်ကို မြင်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “ ဘာကြည့်တာလဲ”

ရှီလဲ့က လင်းယွီမော့နားသို့ ထပ်မံတိုးကပ်ကာ “ယွီမော့... ကျောင်းဆင်းရင် မင်းကို သင်္ဘောသီး ဝယ်ပေးမယ်နော်”

အတန်းထဲတွင် ချန်မင်သည် ရှီလဲ့နှင့် လင်းယွီမော့တို့ ပရောပရီ လုပ်နေသည်ကို မနာလိုစွာ ကြည့်နေသည်။

‘ရှီလဲ့... မင်း ဘယ်လောက်အထိ အားရပါးရ ရယ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ စကားတွေကတော့ အကြီးကြီးပဲ...ဘာ... နာမည်ကြီး ကုမ္ပဏီတွေ ဟုတ်လား ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား... မင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ရှုံးတဲ့နေ့ကျရင်တော့ ခွေးအမြီးကုပ်ပြီး ကျောင်းက ထွက်သွားရမှာပဲ’

ချန်မင်ဘေးတွင် ထိုင်နေသော ဝမ်ပေါင် က တိုးတိုးလေး ပြောသည်။ “ဆရာ... အဲဒီ ရှီလဲ့က အရမ်း မောက်မာနေတာပဲ”

ချန်မင်က အေးစက်စွာ ပြုံးသည်။ “မောက်မာပါစေဦး သူ့ရဲ့ ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးတော့မှာပါ”

‘မင်းရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အားရပါးရ မောက်မာထားလိုက်ဦး မင်း ပြိုင်ပွဲမှာ ရှုံးတာနဲ့ မင်းကို ကျောင်းအပြင်ကို လှည့်ဖြားခေါ်ထုတ်ပြီး ဟိုလူမိုက်တွေနဲ့ အသေရိုက်ခိုင်းမယ် ငါ့ကို ဆန့်ကျင်ရဲတဲ့အတွက် သေချင်စော်နံအောင် လုပ်ပေးမယ်’

ယုတ်မာလှသော ချန်မင်သည် သူ၏ အစီအစဉ်အတိုင်း ဖြစ်လာလျှင် ရှီလဲ့မှာ ပထမလည်း ဆုံးရှုံးရမည်ဖြစ်သလို ကျောင်းအပြင်တွင်လည်း အရိုက်ခံရပေတော့မည်။ ရှုံးနိမ့်သွားသူတစ်ယောက်၏ ကံကြမ္မာကို မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။

သို့သော် ဇာတ်ညွှန်းမှာ ချန်မင် စိတ်ကူးထားသလို ဖြစ်မလာခဲ့ပေ။ သူသည် ကံဆိုးမည့်လူတစ်ယောက်သာ ဖြစ်သည်။

ဒီနေ့တွင် ကွန်ပျူတာသိပ္ပံဌာန၌ နေ့လယ်ပိုင်း အတန်းရှိသည်။ နေ့လယ်စာ စားပြီးနောက် ရှီလဲ့နှင့် လင်းယွီမော့တို့ အတန်းထဲသို့ ပြန်ရောက်လာကြသည်။ အခြားကျောင်းသားများလည်း စုံလင်နေပြီဖြစ်သည်။

နေ့လယ်ပိုင်း ရေဒီယိုအစီအစဉ်ကို ပုံမှန်အတိုင်း လွှင့်ထုတ်နေသည်။ သို့သော် ယနေ့အပိုင်းမှာ သာမန်အပိုင်းသာ ဖြစ်ပြီး နာမည်ကြီးဧည့်သည် မပါဝင်ပေ။

“အားလုံးပဲ မင်္ဂလာရှိသော နေ့လယ်ခင်းလေးပါရှင်...ကျွန်မကတော့ အစီအစဉ် တင်ဆက်သူ ကျူးဒန်ပါ” ကျူးဒန်၏ ပြတ်သားသော အသံမှာ ရေဒီယိုမှ ထွက်ပေါ်လာသည်။

ရှီလဲ့သည် စားပွဲပေါ်တွင် မှောက်ကာ အိပ်ငိုက်နေသည်။ လင်းယွီမော့ကတော့ သူမ၏ ဖုန်းကိုကိုင်ကာ ကစားနေသည်။

“ဒီနေ့ နေ့လယ်ခင်း ရေဒီယိုအစီအစဉ်မှာ နာမည်ကြီး ဧည့်သည်တွေ မပါဝင်ပေမဲ့ ကျွန်မတို့မှာ တုန်လှုပ်ချောက်ချားစရာ သတင်းကြီးတစ်ခု ရှိပါတယ်” ကျူးဒန်၏ အသံမှာ ဆွဲဆောင်မှုရှိသော လေသံအဖြစ် ပြောင်းလဲသွားသည်။

ရှီလဲ့သည် ကျူးဒန်၏ အသံကို နားထောင်ရင်း ထိုသတင်းမှာ သူနှင့် ပတ်သက်လိမ့်မည်ဟု တိတ်တဆိတ် ခန့်မှန်းနေမိသည်။

“မကြာသေးခင်က ကျောင်းဖိုရမ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်... အဲဒီ ပို့စ်တွေအားလုံးက ကျွန်မတို့ ရေဒီယိုအစီအစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်နဲ့ ပတ်သက်နေတာပါ... အဲဒီ ကျောင်းသားနဲ့ ပတ်သက်တဲ့ သတင်းကြီးတစ်ခုကို ကျွန်မ အခု ကြေညာပေးမှာပါ” ကျူးဒန်၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

လင်းယွီမော့က သူမ၏ ဖုန်းကို ချလိုက်ပြီး ကျောက်စိမ်းလို ဖြူစင်သော လက်ချောင်းလေးဖြင့် ရှီလဲ့၏ ခါးကို တို့လိုက်သည်။ “ရှီလဲ့... နင် ကမ္ဘာပျက်မယ့်အလုပ်တွေ ထပ်လုပ်လိုက်ပြန်ပြီလား”

ရှီလဲ့ ခေါင်းထောင်ကြည့်လိုက်ပြီး “အလှလေးရာ... တို့က အပြစ်ကင်းစင်ပါတယ် အပြစ်မရှိပါဘူး” ဟု အားနည်းသော လေသံဖြင့် ပြောလိုက်သည်။

“ဟီးဟီး” လင်းယွီမော့သည် ရှီလဲ့၏ စကားကြောင့် ရယ်မောသွားသည်။ ထို့နောက် သူမ၏ လက်ညှိုးနှင့် လက်မဖြင့် ရှီလဲ့၏ ခါးကို လိမ်ဆွဲလိုက်ပြီး “ရှီလဲ့... ဒီအလှလေးက နင့်ကို အလကား မစွပ်စွဲပါဘူးနော်” ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ရေဒီယိုမှ ကျူးဒန်က ဆက်လက် မိတ်ဆက်ပေးသည်။ “ကျွန်မတို့ ရေဒီယိုဌာနကို ကွန်ပျူတာသိပ္ပံဌာနက ဆရာတစ်ယောက်ဆီက သတင်းရောက်လာပါတယ်... နာမည်ကြီး လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ ပေကျင်းမြို့က ပတ်ထရီးရော့တ် ကုမ္ပဏီဟာ ကျွန်မတို့ ကျောင်းရဲ့ ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ တရားဝင် လျှောက်ထားလာခဲ့ပါပြီ အားလုံးပဲ... ဒီသတင်းက အရမ်း စိတ်လှုပ်ရှားစရာ မကောင်းဘူးလား”

ကွန်ပျူတာသိပ္ပံဌာန၊ အတန်း (၃) ရှိ ကျောင်းသားအားလုံးနီးပါးသည် ရှီလဲ့ကို ဝိုင်းကြည့်လိုက်ကြသည်။

ရှီလဲ့သည် နာမည်ကြီး ကုမ္ပဏီများကို ဖိတ်ခေါ်မည်ဟု ပြောခဲ့ဖူးပြီး အခုတော့ သူ တကယ်ပဲ လုပ်ပြနိုင်ခဲ့ပြီ ဖြစ်သည်။

ချန်မင်၏ မျက်လုံးများ မှောင်မိုက်သွားသည်။ သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူလာသည်။

‘သောက်ကျိုးနည်း ရှီလဲ့ သူက ဘယ်လိုလုပ် ပတ်ထရီးရော့တ်ကို ဖိတ်နိုင်တာလဲ သူ့မှာ ဘယ်လို နောက်ခံတွေ ရှိနေတာလဲ’

“အားလုံးပဲ... ခုနက သတင်းက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ် မဟုတ်လား... ဒါပေမဲ့ ကျွန်မမှာ အဲဒီထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ခု ရှိပါသေးတယ်” ကျူးဒန်က တက်ကြွသော လေသံဖြင့် ဆက်ပြောသည်။ “ကမ္ဘာကျော် ကင်မရာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ လိုင်ကာဟာလည်း ကျွန်မတို့ ကျောင်းရဲ့ ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ပါဝင်ဖို့ လျှောက်ထားလာပါပြီ အားလုံးပဲ... နားမကြားမှားတာ မဟုတ်ပါဘူး...ကျွန်မတို့ သတင်းက လုံးဝ မှန်ကန်ပါတယ်... အခုဆိုရင် ပတ်ထရီးရော့တ် နဲ့ လိုင်ကာ က ကိုယ်စားလှယ်တွေဟာ ရွှမ်းဟူခရိုင်က စိမ်းလန်းသောကန်ရေပြင်ဟိုတယ်ကို ရောက်ရှိနေကြပါပြီ”

ကင်မရာအကြောင်း နားလည်သော ကျောင်းသားအချို့မှာ အံ့သြတကြီး အော်ဟစ်မိကြသည်။ ပတ်ထရီးရော့တ် မှာ နာမည်ရှိသော်လည်း လိုင်ကာ နှင့် ယှဉ်လျှင် ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

ချန်မင်သည် ရှီလဲ့ကို စိုက်ကြည့်နေသည်။ သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်သည်းများက လက်ဖဝါးထဲ စိုက်ဝင်နေသော်လည်း သူ သတိမထားမိပေ။

‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လိုင်ကာ ဆိုတာ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးလေ၊ ရှီလဲ့လိုလူက ဘယ်လိုလုပ် ဖိတ်နိုင်မှာလဲ တိုက်ဆိုင်မှုပဲ ဖြစ်ရမယ် ရှီလဲ့မှာ လိုင်ကာ ကို ဖိတ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ငါ လုံးဝ မယုံဘူး’

ကံဆိုးစွာပင် ကျူးဒန်၏ စကားက ချန်မင်၏ စိတ်ကူးယဉ်မှုကို ရိုက်ချိုးလိုက်သည်။ “အားလုံးပဲ... လိုင်ကာ ရောက်လာတဲ့အပေါ် အမျိုးမျိုး မခန့်မှန်းကြပါနဲ့...သူတို့က ကွန်ပျူတာသိပ္ပံဌာန၊ အတန်း (၃) က ရှီလဲ့ဆီက ဖိတ်ကြားစာ ရရှိခဲ့တာကြောင့် အခုလို ဒိုင်လူကြီးအဖြစ် ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အတိအလင်း ပြောထားပါတယ်”

ချန်မင်၏ မျက်နှာ ဖြူဖျော့သွားပြီး ပုခုံးများ တွဲကျသွားသည်။

‘တောက် ရှီလဲ့... မင်း ငါ့ကို ဒါမျိုး လုပ်ခိုင်းတာပဲ မင်းကို နှစ်ရက်လောက် အေးအေးဆေးဆေး နေခွင့်ပေးမလို့ ကြံကာရှိသေးတယ်၊ မင်းက လိုင်ကာ ကိုတောင် ဖိတ်ရဲတယ်ပေါ့ ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့’

ချန်မင် အသက်ပြင်းပြင်းရှူကာ မတ်တပ်ရပ်ပြီး ကျောင်းသားများ၏ ထူးဆန်းသော အကြည့်များကြားမှ အတန်းထဲမှ ထွက်လာခဲ့သည်။

စင်္ကြံလမ်းအရောက်တွင် သူ ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။

“ဟယ်လို နားကပ်တစ်ဖက်လားခင်ဗျာ… ဒီည အားမလားလို့ သိချင်လို့ပါ”

All Chapters