← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁ ) ချင်ချန်း၏ အသိတရားများ ပြိုလဲပျက်စီးခြင်း

အဆိပ်ရှိသတ္တဝါများသည် သူ့ကို ရှောင်ကွင်းသွားကြသလို ၊ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများပင် ဖင်ပိတ်ကာ ထွက်ပြေးရသည်။

ဤထူးဆန်းမှုအားလုံးသည် ကောက်ရိုးပုံပေါ်တွင် အိပ်မောကျနေပြီး၊ ယခုအချိန်တွင် သူ၏ ဇိမ်ခံစစ်တဲကြီးထဲ၌ ဟောက်သံပေးနေဆဲ ဖြစ်သော အိမ်ရှေ့စံမင်းသားကို ဦးတည်နေ၏။

“ကံကောင်းလိုက်လေခြင်း...”

ချင်ချန်းတစ်ယောက် အံကြိတ်ကာ ရေရွတ်မိသည်။

စစ်မြေပြင်တွင် မိမိတစ်သက်လုံး စွဲကိုင်လာခဲ့သည့် ယုံကြည်ချက်များသည် ရယ်စရာကောင်းသော အချက်များကြောင့် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ရသည်။

ထိုစဉ်မှာပင် ဖုန်တထောင်းထောင်းနှင့် ဟောဟဲစိုက်နေသော ကင်းထောက်တစ်ဦးက အထဲသို့ ပြေးဝင်လာပြီး အသံဗလုံးဗထွေးဖြင့် သတင်းပို့လာခဲ့သည်။

“သတင်းပို့ပါတယ် စစ်သူကြီး၊ မြောက်ဘက် ဆယ်မိုင်အကွာမှာ လူရိုင်းမျိုးနွယ်စုရဲ့ အထူးလက်ရွေးစင် အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ပါတယ် ၊ လူဦးရေတော့ မသိရသေးပေမယ့် လှုပ်ရှားမှုတွေက ထူးဆန်းနေပါတယ်၊ ကျွန်တော်တို့ တပ်စခန်းဆီကို ခိုးကြောင်ခိုးဝှက် ဦးတည်နေပါတယ်”

လက်‌ထောက်စစ်သူကြီးများ၏ မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားပြီး အတူတကွ မတ်တပ်ရပ်လိုက်ကြသည်။

“လူရိုင်းမျိုးနွယ်စုရဲ့ လက်ရွေးစင်အဖွဲ့လား”

လက်‌ထောက်စစ်သူကြီး တစ်ဦးက အံ့အားသင့်စွာဖြင့် ပြောလိုက်သည် ။

“ဒီကောင်တွေရဲ့ အဓိကတပ်ဖွဲ့က လှုပ်ရှားမှုမရှိဘဲ တပ်ခွဲငယ်တစ်ခုကို စေလွှတ်လိုက်တာ ၊ သူတို့ဘာတွေ စီစဉ်နေကြတာလဲ ကင်းထောက်တာလား ဒါမှမဟုတ်...”

“ခေါင်းဆောင်ကို လုပ်ကြံတာ”

ချင်ချန်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။

“သူတို့ရဲ့ ပစ်မှတ်က ရိက္ခာသိုလှောင်ရုံ ဒါမှမဟုတ်... ဗဟိုကွပ်ကဲမှု စစ်တဲကြီးပဲ ဖြစ်ရမယ်”

ချင်ချန်းသည် အမိန့်များကို ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်သည်။

“တပ်မတော်တစ်ခုလုံး ပထမအဆင့် အရေးပေါ်အခြေအနေ ပြင်ဆင်”

“စခန်းအသီးသီး ကင်းစောင့်အင်အားတိုးမယ်၊ ကင်းလှည့်အဖွဲ့ကိုလည်း နှစ်ဆတိုး၊ မီးပုံတွေထွန်းထား ၊ လေးသည်တော်တွေလည်း အသင့်ပြင်ထားတော့”

“ကိုယ်ရံတော်တပ်ဖွဲ့က ဗဟိုကွပ်ကဲမှု စစ်တဲကို ကာကွယ်ထား၊ မသင်္ကာစရာ တွေ့တာနဲ့ သတ်”

ဆယ့်ငါးမိနစ်အတွင်းမှာပင် ၊ ဟွမ်ဖုန်းတပ်စခန်းကြီးသည် တိတ်ဆိတ်မှု မှ နိုးထလာပြီး အမှောင်ထုထဲတွင် လူရိပ်များစွာ လှုပ်ရှားနေကာ သတ်ဖြတ်လိုသော အငွေ့အသက်များ လှိုင်လှိုင်ထလို့နေ၏။

ထိုသတင်းသည် ရှောင်ရှန်း၏ နားထဲသို့လည်း ရောက်ရှိသွားခဲ့သည်။

ရှောင်သယ့်ဇီမှာ ဖြူလျော့သော မျက်နှာဖြင့် စစ်တဲထဲသို့ အပြေးအလွှား ဝင်ရောက်လာ၏။

“အရှင့်သား အရှင့်သား ၊ မကောင်းတော့ဘူး လူရိုင်းတွေ... လူရိုင်းတွေ တိုက်ခိုက်လာကြပြီ”

“ဘာ”

ရှောင်ရှန်းသည် ဆိုဖာပေါ်မှ ချက်ချင်း ထထိုင်လိုက်ပြီး အိပ်ချင်စိတ်များ လွင့်ပြယ်သွားသည်။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု တစိုးတစမျှ မရှိသည့်အပြင် ယင်းအစား အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ပေါင်ကို ပုတ်ကာ ဆိုလိုက်သည်။

“ကောင်းတယ် တကယ်ကို ကောင်းတာပဲ ၊ ကောင်းကင်ဘုံက ငါ့ကို ကူညီလိုက်တာပဲ”

ရှောင်သယ့်ဇီမှာ ပါးစပ်ဟောင်းသားဖြင့် ဆွံ့အနေပြီး ကိုယ့်သခင်ကို ကြောင်ကြည့်နေမိသည်။

ရှောင်ရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် စစ်တဲထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေသည်။

“အခွင့်အရေးပဲ ၊ ဒါက ကြုံတောင့်ကြုံခဲ အခွင့်အရေးပဲ …ငါ အခုပဲ ရှေ့တန်းကို သွားပြီး စစ်သည်တွေကို ‘အားပေး’ ရမယ်၊ ရှေ့တန်းမှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း မျက်စိမပါတဲ့ မြှားတစ်စင်းနဲ့ အပစ်ခံရအောင် လုပ်ရမယ် မဟုတ်သေးပါဘူး... အပစ်ခံရရင် နာလိမ့်မယ်... အဲ့တော့ အဖမ်းခံရတာက အကောင်းဆုံး နည်းလမ်းပဲ ၊ ဟုတ်တယ် အဖမ်းခံရမှာ”

ဤအကြံမှာ အလွန်ကောင်းမွန်သည်ဟု သူ တွေးမိသည်။

သာရှတိုင်းပြည်၏ ဂုဏ်သိက္ခာအရှိဆုံး အိမ်ရှေ့စံမင်းသား၊ ကြီးကြပ်ကွပ်ကဲသူ စစ်သူကြီးအဖြစ် သူသည် လူရိုင်းမျိုးနွယ်စု၏ ဖမ်ဆီးခြင်းကို ခံလိုက်ရမည်ဆိုပါက ၊ မည်မျှ ရှက်စရာကောင်းသော ကိစ္စကြီး ဖြစ်မည်နည်။

ခမည်းတော်သည် သူ့ဘဝ တစ်သက်ဝာာလုံး ဂုဏ်သိက္ခာကို အလေးထားသူ ဖြစ်ရာ ၊ ယင်းက သူ့မျက်နှာကို ရစရာမရှိအောင် လုပ်လိုက်သလိုပင်။

‘ အဲဒီကျရင် အိမ်ရှေ့စံမင်းသားအရာကနေ ဖယ်ရှားဖို့ နေနေသာသာ၊ တော်ဝင်ဆွေမျိုးစာရင်းထဲကနေ မထုတ်ပယ်ပစ်ရင်ကို ကံကောင်းနေပြီ…’

“ရှောင်သယ့်ဇီ၊ မြန်မြန် ငါ့ကို အဝတ်အစားလဲပေးစမ်း …ဟို အတောက်ပြောင်ဆုံး ရွှေရောင်ချပ်ဝတ်တန်ဆာပါ ထုတ်လာခဲ့ ၊ ငါ ရှေ့တန်းသွားပြီး စစ်သည်တွေကို စိတ်ဓာတ်မြှင့်တင်ပေးရမယ်”

ရှောင်ရှန်းတစ်ယောက် စိတ်အားထက်သန်စွာဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“အရှင့်သား ၊ လုံးဝ လုံးဝမှ မဖြစ်ပါဘူး”

ရှောင်သယ့်ဇီခမျာ ကြောက်လွန်းလို့ ထငိုမတတ်ပင်။

“အပြင်မှာ ဓားတွေ လှံတွေက မျက်စိမပါဘူး၊ အရှင့်သား ဒါက...”

“ဖယ်စမ်း”

ရှောင်ရှန်း၏ စကားမဆုံးမီမှာပင်၊ တဲလိုက်ကာသည် “ဝှစ်” ခနဲ ပွင့်သွားပြီး ချင်ချန်းသည် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ လေးနက်သော မျက်နှာအမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။

သူသည် စိတ်လှုပ်ရှားနေသော ရှောင်ရှန်းကို အေးစက်စက် ကြည့်လိုက်ရင်း။

“အရှင့်သား ၊ စစ်ရေး အခြေအနေက အရမ်းကို အရေးကြီးနေပါတယ်၊ အရှင့်သားရဲ့ ဘေးကင်းရေးအတွက် အခုကစပြီး စစ်တဲထဲမှာပဲ နေပါ၊ အပြင်ကို တစ်လှမ်းမှ မထွက်ပါနဲ့”

ခန္ဓာကိုယ် ထွားကျိုင်းပြီး သတ်ဖြတ်လိုသော အငွေ့အသက်များရှိသည့် ကိုယ်ရံတော်နှစ်ဦးသည် သံမဏိတာဝါတိုင်ကြီးများကဲ့သို့ တဲဝတွင် ပိတ်ရပ်လိုက်လေ၏။

“ချင်ချန်း ၊ မင်းက ငါကိုယ်တော်ကို အကျဉ်းချရဲတယ်ပေါ့”

ရှောင်ရှန်း၏ ‘အဖမ်းခံမည့် အိပ်မက်’ မှာ ရေအေးနှင့် အပက်ခံလိုက်ရသကဲ့သို့ ငြိမ်းသက်ခံလိုက်ရတော့သည်။

ချင်ချန်းက မျက်နှာသေနှင့် ပြန်ပြောလိုက်သည် ။

“ကျွန်တော်မျိုး မဝံ့ရဲပါဘူး၊ ဒါက ကာကွယ်ပေးတာပါ…အရှင့်သား တစ်ခုခု ထိခိုက်သွားခဲ့ရင် ကျွန်တော်မျိုး အသက်တစ်ရာပေးရင်တောင် မလျော်နိုင်ပါဘူး”

ချင်ချန်း၏ စိတ်ထဲရှိ တကယ့်အတွေးမှာ-

“ ဘယ်ကလာ ကာကွယ်ရမှာလဲ ၊ မင်း အပြင်ထွက်ပြီး မွှေမှာ ကြောက်လို့ဟေ့… ဝုန်းခနဲ ပြေးထွက်သွားလို့ ရန်သူတွေက ငါ့ရဲ့ လျှို့ဝှက်တပ်ကူထင်လို့ ငါ့ရဲ့ စစ်ဗျူဟာတွေ ပျက်စီးကုန်ရင် ဒုက္ခ”

ရှောင်ရှန်း တစ်ယောက် အရမ်း ဒေါသထွက်ပြီး ချင်အန်းကို လက်ညိုးတကောကောဖြင့် ဆဲဆိုလေတော့သည်။

သို့သော် ချင်ချန်းမှာ သစ်သားရုပ်ကဲ့သို့ပင် တည်ငြိမ်စွာဖြင့် ရှိနေပြီး နောက်ဆုံးတွင် “အရှင့်သား စောစောနားပါတော့” ဟု တစ်ခွန်းသာ ပြောကာ လှည့်ထွက်သွားပြီး တံခါးစောင့်နှစ်ဦးသာ ကျန်ရစ်နေခဲ့သည်။

“ဒေါသထွက်လိုက်တာ ၊ ဒေါသထွက်လိုက်တာ”

ရှောင်ရှန်းသည် ဆိုဖာပေါ်သို့ ပြန်လှဲချလိုက်ပြီး၊ သူ့ အစီအစဉ် ထပ်မံ ပျက်စီးသွားခဲ့သည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်လို့နေသည်။

နေ့ဘက်က စိတ်လှုပ်ရှားမှုများကြောင့် အားအင်ကုန်ခမ်းနေပြီး ၊ ယခုလည်း ဒေါသတကြီး ဆဲဆိုလိုက်ရသဖြင့် မကြာမီမှာပင် မောပန်းလာခဲ့သည်။ ပါးစပ်ကနေ ပွစိပွစိပြောရင်း စောင်ထဲဝင်ကာ သိပ်မကြာခင်အတွင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့၏။

ညတာသည် ပိုပို၍ နက်ရှိုင်းလာသည်။

လေသံကြားလျှင်ပင် ရန်သူထင်ရလောက်အောင် စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်သည်။

လူရိပ် ဆယ်ဂဏန်းခန့်က တစ္ဆေများကဲ့သို့ ညအမှောင်နှင့် မြေပြင်အနေအထားကို အသုံးချကာ ကင်းစောင့်များကို ရှောင်ကွင်း၍ ဟွမ်ဖုန်းတပ်စခန်း၏ အတွင်းပိုင်းအထိ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်လာကြသည်။

သူတို့၏ လှုပ်ရှားမှုများသည် လျင်မြန်ပြီး အချိတ်အဆက် မိလှသဖြင့် လူရိုင်းမျိုးနွယ်စု၏ အတော်ဆုံး ကင်းထောက် သတ်ဖြတ်ရေးသမားများ ဖြစ်မည်မှာ သိသာလှပေသည်။

သူတို့သည် အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်ကြပြီး၊

တစ်ဖွဲ့သည် တပ်စခန်း၏ ဘယ်ဘက်ခြမ်းသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာသည် မြေမျက်နှာသွင်ပြင် ရှုပ်ထွေးပြီး မြက်တောများ ထူထပ်သဖြင့် ခံစစ်အားနည်းသော နေရာဖြစ်သည်။

သူတို့သည် ထိုနေရာ၌ ချုံခိုတိုက်ခိုက်ကာ သာရှတပ်၏ အဓိကတပ်ရင်းကို ဆွဲဆောင်ရန် ပြင်ဆင်ထားကြသည်။

အခြားတစ်ဖွဲ့က တပ်စခန်း၏ ညာဘက်နောက်ခြမ်းရှိ ရိက္ခာသိုလှောင်ရုံဆီသို့ ဦးတည်သွားကြသည်။

ရိက္ခာဂိုဒေါင်ကိုသာ မီးရှို့နိုင်ခဲ့မည်ဆိုပါက၊ ဟွမ်ဖုန်းတပ်စခန်းရှိ သိန်းနှင့်ချီသော စစ်သည်များ၏ အသက်သွေးကြောမှာ ပြတ်တောက်သွားပေလိမ့်မည်။

ထိုအချိန်တွင် အိမ်ရှေ့စံမင်းသား၏ စစ်တဲအတွင်း၌။

ရှောင်ရှန်းတစ်ယောက် အိပ်မောကျနေပြီး ပါးစပ်နားတွင် သွားရည်များပင် စီးကျနေ၏။

အိပ်မက်ထဲတွင် သူသည် တောက်ပနေသော ‘နဂါးပလ္လင်’ပေါ်တွင် ထိုင်နေပြီး ရှေ့တွင် ကြီးမားသော အလင်းမျက်နှာပြင်ကြီး တစ်ခု ရှိနေသည်။ ထိုအလင်းမျက်နှာပြင်ပေါ်တွင် မြေပုံတစ်ခု ရှိနေကာ လူရုပ်သေးသေးလေးများစွာ တိုက်ခိုက်နေကြသည်။

သူသည် အလွန် စိတ်လှုပ်ရှားစရာကောင်းသော ကာကွယ်တိုက်ခိုက်ရေး ကစားပွဲတစ်ခုကို အာရုံစိုက် ကစားနေခြင်းပင် ဖြစ်သည်။

“ဟာ …အရှုးတွေ ဘယ်ဘက်က မြက်တောထဲမှာ ချုံခိုတပ်တွေ ရှိနေတယ် မြန်မြန်ရှောင် ဝိုင်းခံရတော့မယ်”

သူသည် မျက်မှောင်ကြုတ်ကာ အိပ်မက်ထဲတွင် အသည်းအသန်ဖြစ်နေပြီး ခြေထောက်များကို ကန်ကျောက်ကာ ဗလုံးဗထွေး ရေရွတ်နေလေ၏။

“မြန်မြန် မြန်မြန် ၊ ညာဘက်က မျှော်စင်က ပေါက်ကွဲတော့မယ် … မြန်မြန် သွားကာကွယ်လေ ၊ တောက်…ဒီအဖွဲ့သားတွေ ဝက်တွေကျနေတာပဲ”

သူ၏ အသံသည် မကျယ်သော်လည်း တိတ်ဆိတ်သော ညတွင် ရှင်းရှင်းလင်းလင်း ကြားနေရ၏။

ကံကြမ္မာ အလှည့်အပြောင်းအရ ၊ ညဘက် ကင်းလှည့်နေသော ချင်ချန်း၏ ခြေလှမ်းများမှာ ရှောင်ရှန်း၏ စစ်တဲအပြင်ဘက်တွင် သူ့အလိုလို ရပ်တန့်သွားသည်။

သူသည် ပုံမှန်အတိုင်း ကင်းလှည့်ရင်း ၊ ဤ ‘အထူးစောင့်ရှောက်ခံပုဂ္ဂိုလ်ကြီး’ အနေဖြင့်‌ နောက်ထပ် ပြသနာများ မရှာစေရန် စစ်ဆေးကြည့်ချင်ရုံသာ ဖြစ်သည်။

အခန်း( ၈၂ )

တဲနားသို့ ကပ်သွားသည်နှင့် အတွင်းမှ ထွက်လာသော ရှောင်ရှန်း၏ အိပ်မက်ထဲက စကားများကို ကြားလိုက်ရတော့သည်။

“ချုံခိုတပ်... မျှော်စင်ကို ကာကွယ်...”

ချင်ချန်း တစ်ယောက် မျက်မှောင်ကြုတ်သွားလေ၏။

‘ ဒီလိုအချိန်မျိုးမှာတောင် ဒီသကောင့်သားက အိပ်ပျော်နေသေးတယ်’

သူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင်၊ အလွန်ရှင်းလင်းသော ညည်းညူသံတစ်ခုက သူ့နားထဲသို့ တိုးဝင်လာ၏။

“ဘယ်ဘက်မြက်တောမှာ ထောင်ချောက်ရှိတယ် ၊ ညာဘက်ရိက္ခာရုံက ပေါက်ကွဲတော့မယ်”

ချင်ချန်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

‘ဘယ်ဘက်မြက်တော... ညာဘက်ရိက္ခာရုံ...’

ထိုနေရာနှစ်ခုသည် ကင်းထောက်များ တင်ပြထားသလိုပင် ခံစစ်အားအနည်းဆုံးနှင့် ရန်သူများ ဝင်တိုက်နိုင်ခြေ အရှိဆုံး နေရာနှစ်ခုလည်း ဖြစ်နေသည်။

‘ဒါ တိုက်ဆိုင်သွားတာများလား....’

သို့သော်။

အဆိပ်ရှိသတ္တဝါများ ရှောင်ကွင်းသွားခြင်း၊ ဝံပုလွေများ ကြောက်လန့်တကြား ထွက်ပြေးသွားခြင်း …သာမန်အသိနှင့် ရှင်းပြလို့မရနိုင်သည့် ထူးဆန်းသော ဖြစ်ရပ်များက ရုပ်ရှင်ပြကွက်တစ်ခုလို သူ၏ခေါင်းထဲတွင် အစီအရီ ထွက်ပေါ်လာခဲ့သည်။

နေရာတွင် ဤအတိုင်း ရပ်နေသော်လည်း၊ စိတ်ထဲတွငိ အပြင်းအထန် တိုက်ပွဲနွှဲလျက် ရှိသည်။

သာမန်အသိဉာဏ်မှာ အဓိပ္ပာယ်မရှိကြောင်း တသသ ပြောနေ၏။

သို့သော် တစ်သက်လုံး စစ်တိုက်လာသည့် စစ်သူကြီးတစ်ဦး၏ အာရုံခံစားမှုက သူ့စိတ်ထဲကနေ အော်ဟစ်နေသဖြင့် သူ့ကို မလှုပ်မယှက် ဖြစ်စေခဲ့သည်။

“တောက်”

ချင်ချန်း တစ်ယောက် အံကြိတ်လိုက်ပြီး။

‘လောင်းလိုက်ပြီကွာ…’

‘မယုံတာထက် ယုံထားတာက ပိုစိတ်ချရတယ် ဒီကောင် လိမ်နေတယ်ဆိုတောင် အခွင့်အရေး လက်လွတ်သွားပြီး တစ်တပ်လုံး ပျက်စီးသွားတာထက်စာရင် တော်သေးတယ်..’

သူသည် ချက်ချင်း လှည့်လိုက်ပြီး အမှောင်ထဲရှိ သူ၏ ကိုယ်ရံတော်ခေါင်းဆောင်ကို အသံနှိမ့်ကာ မယုံနိုင်စရာကောင်းသော အမိန့်နှစ်ခုကို ထုတ်ပြန်လိုက်သည်။

“အမိန့်ပေးလိုက် ၊ လက်ရွေးစင်အဖွဲ့ တစ်ဖွဲ့ကို ဘယ်ဘက်ခြမ်း တတိယမြောက် ကင်းမျှော်စင် အပြင်ဘက်က မြက်တောထဲကို မြေလှန်ရှာခိုင်းလိုက် တစ်ခုခုတွေ့တာနဲ့ ချက်ချင်း အချက်ပေး”

“ပြီးတော့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ညာဘက်နောက်ခြမ်းက ရိက္ခာသိုလှောင်ရုံဆီ အမြန်လွှတ် ၊ ယင်ကောင် တစ်ကောင်တောင် မဝင်နိုင်အောင် သေချာဝိုင်းထားလိုက်”

ကိုယ်ရံတော်ခေါင်းဆောင်မှာ ကြောင်သွားသည်။

“အဲ့နေရာနှစ်ခုက... အခုလေးတင် ကင်းလှည့်ပြီး ဘာမှမရှိဘူးလို့ အတည်ပြုထားတဲ့ နေရာတွေ မဟုတ်လား”

“အမိန့်အတိုင်း လုပ်စမ်း”

ချင်ချန်း၏ အသံမှာ ငြင်းဆိုရန် မဖြစ်နိုင်ပေ။

“ဟုတ်ကဲ့”

အဖွဲ့ငယ်နှစ်ဖွဲ့သည် လေးညှို့မှ လွတ်ထွက်သွားသော မြှားများကဲ့သို့ ညအမှောင်ထဲတွင် လျင်မြန်စွာ လှုပ်ရှားရင်း ပျောက်ကွယ်သွားသည်။

ဘယ်ဘက် မြက်ခင်းဧရိယာ။

“ခေါင်းဆောင်၊ စစ်သူကြီးက သိပ်ပြီး စိုးရိမ်လွန်နေတာ မဟုတ်လား ဒီနေရာကို လွန်ခဲ့တဲ့ နာရီဝက်ကပဲ လာခဲ့သေးတာ၊ ဘယ်သရဲတစ္ဆေမှတောင် မရှိဘူး”

စစ်သည်တော် တစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။

ခေါင်းဆောင်က တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

“စကားမများနဲ့ ၊ အမိန့်အတိုင်း လုပ်”

သူတို့သည် အဖွဲ့ခွဲကာ လှံများကို အရှေ့တွင် ထားပြီး လူတစ်ရပ်စာ မြင့်သော မြက်တောထဲသို့ တစ်လှမ်းချင်း တိုးဝင်သွားကြသည်။

စစ်သည်တစ်ဦးသည် သူ့ရှေ့က မြက်ပင်များကို ဖယ်လိုက်သည့် ခဏမှာပင်၊ သူ၏ မျက်လုံးများမှာ ကျုံ့ဝင်သွားသည်။

လူရိပ်တစ်ခုသည် ဝုန်းခနဲ ထလာပြီး လရောင်အောက်တွင် တောက်ပနေသော ဓားကောက်ကြီးသည် သေမင်း၏ လက္ခဏာကဲ့သို့ သူ၏ မျက်နှာတည့်တည့်သို့ ကျရောက်လာ၏။

“ရန်သူ တိုက်ခိုက်ပြီ ”

စူးရှသော အော်ဟစ်သံသည် ချက်ချင်းပင် ပြတ်တောက်သွားသည်။

သို့သော် ဤအရာနဲ့တင် လုံလောက်ပေသည်။

“ရှူး——”

အချက်ပေးမြှားတစ်စင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိကျိန်းမတတ် မီးအလင်းတန်းများဖြင့် တောက်ပစွာ ပေါက်ကွဲသွားသည်။

ဤနေရာတွင် ချုံခိုနေသော လူရိုင်းသတ်ဖြတ်ရေးသမားများသည် သူတို့၏ အကြံအစည်များ ပေါ်သွားပြီ ဖြစ်သောကြောင့် မြက်တောထဲမှ ပြေးထွက်လာပြီး သာရှစစ်သည်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ အခြားတပ်ဖွဲ့တစ်ခုသည်လည်း ညာဘက် ရိက္ခာသိုလှောင်ရုံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

သူတို့ အနားသို့ ကပ်သွားသည်နှင့် ရိက္ခာဂိုဒေါင်တွင် လူရိပ်နှစ်ခုသည် ခိုးကြောင်ခိုးဝှက်နှင့် တစ်ခုခု လုပ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ထဲမှ တစ်ယောက်သည် မီးခြစ်ကို ကိုင်ထားပြီး ဆီများလောင်းထားကာ ရိက္ခာရုံအောက်ခြေအထိ သွယ်တန်းထားသည့် လောင်စာကြိုးကို မီးညှိရန် ပြင်ဆင်နေခဲ့သည်။

“ဖမ်းဆီးကြ”

ဦးဆောင်သူ စစ်သူကြီးက အော်ဟစ်လိုက်သည်နှင့် ၊ စစ်သည် ဆယ်ယောက်ကျော်သည် တောင်ပေါ်မှ ဆင်းလာသော ကျားသစ်များကဲ့သို့ ပြေးဝင်သွားကြသည်။

လူရိုင်းမျိုးနွယ်ဝင် ကင်းထောက်နှစ်ဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်တွင် ဖိနှိပ်ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

စစ်ပွဲတစ်ခုလုံး၏ အလှည့်အပြောင်းကို တုန်လှုပ်စေနိုင်သည့် ကြီးမားသော အကြံအစည်ကြီးသည် ဤသို့ဖြင့် အလွယ်တကူ ချေမှုန်းခံလိုက်ရတော့သည်။

အောင်ပွဲသတင်းနှစ်ခုသည် ချင်ချန်း၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာချိန်တွင် ၊ တစ်သက်လုံး စစ်မြေပြင်တွင် ကျင်လည်ခဲ့သည့် မြောက်ဘက်နယ်ခြား စစ်သူကြီးခမျာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် တစ်ကိုယ်လုံး တောင့်တင်းသွား‌လေ၏။

သူသည် တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ရှေ့စံမင်းသား၏ စစ်တဲဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

အတွင်းမှ ပုံမှန်အတိုင်း ထွက်ပေါ်နေသော ဟောက်သံများမှာ အေးအေးဆေးဆေးပင် ရှိနေသေး၏။

ချင်ချန်းမှာတော့ သူ၏ လောကအမြင်သည် တစ်စစီ ပြိုလဲပျက်စီးသွားသလို ခံစားလိုက်ရသည်။

တောက်...

‘ ငါက စစ်မြေပြင်မှာ တစ်သက်လုံး တိုက်ခိုက်လာပြီး စစ်ဗျူဟာတွေကို အသည်းအသန် လေ့လာခဲ့တယ်…’

‘နောက်ဆုံးကျတော့ ငါအားကိုးလိုက်ရတာက ဒီသကောင့်သားရဲ့ အိပ်မက်စကားတွေတဲ့လား…’

စစ်တဲအတွင်း၌ ၊ ရှောင်ရှန်းသည် အပြင်က အသံများကြောင့် နိုးသွားပုံရပြီး စိတ်မရှည်စွာဖြင့် တစ်ဖက်သို့ ပြန်လှည့်ကာ တတွတ်တွတ် ရေရွတ်လိုက်ပြန်သည်။

“ပင်ပန်းလိုက်တာ... ဒီကစားပွဲက တကယ်ကို ခက်တာပဲ…”

All Chapters