အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃ ) - စစ်မြေပြင်ဟောင်းမှ ထူးဆန်းသော စွန့်စားခန်း
မိုးလင်းလာချိန်တွင် ၊ ဟွမ်ဖုန်း တပ်စခန်းတစ်ခုလုံးသည် ပုံမှန်ထက် ပိုမိုဆူညံနေပြီး နေရာတိုင်းတွင် အသက်အန္တရာယ်မှ လွတ်မြောက်လာသည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“စစ်သူကြီးချင်က တကယ်ကို နတ်ဘုရားလိုပဲ ၊ စစ်ရေးဗျူဟာမှာ တစ်ဖက်ကမ်းခတ်ပဲ”
“ဟုတ်ပါ့ဗျာ ၊ ကြားတာတော့ စစ်သူကြီးက ညဘက် ကောင်းကင်ယံကို ကြည့်ပြီး လူရိုင်းတွေက ဘယ်ဘက်မြက်တောနဲ့ ရိက္ခာရုံကို လာတိုက်မယ်ဆိုတာ ကြိုသိနေတာတဲ့….ဒါကြောင့် ပိုက်စိပ်တိုက် စောင့်ဖမ်းနိုင်ခဲ့တာပေါ့”
“ငါတို့ အိမ်ရှေ့စံမင်းသားကတော့ ညက ကြောက်လွန်းလို့ တဲထဲမှာပဲ ကွေးနေတာ၊ ငါ့အမြင်တော့ သူက အလှပြရုပ်သက်သက်ပဲ”
ထိုဆူညံသံများသည် စစ်တဲထဲသို့ တိုးဝင်လာပြီး ခြေပစ်လက်ပစ် အိပ်မောကျနေသော ရှောင်ရှန်းကို နှိုးလိုက်လေ၏။
သူသည် အိပ်ချင်မူးတူးနှင့် မျက်လုံးများကို ပွတ်သပ်ရင်း ၊ အပြင်တွင် ချင်ချန်းအား ချီးမွမ်းနေသံများကို ကြားလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းမဲ့လိုက်သည်။
“ဟင်... အဲ့တာ ငါနဲ့ ဘာဆိုင်တာကြလို့”
သူသည် တတွတ်တွတ် ရေရွတ်ရင်း တစ်ဖက်သို့ လှည့်လိုက်သည်။
“ဆူညံလိုက်တာ၊ အေးအေးဆေးဆေး အိပ်နေတဲ့ ငါ့ကိုပဲ လာနှောင့်ယှက်နေကြတာ… သူတို့ စစ်နိုင်တာကြ ချင်ချန်းရဲ့ ဂုဏ်ပေါ့၊ ငါ့မှာတော့ အနှောင့်ယှက်ခံရတာပဲ ရှိတယ်၊ ဘာကောင်းကျိုးမှ မရှိဘူး”
ရှောင်သယ့်ဇီသည် ရေနွေးတစ်ဇလုံကို ကိုင်ကာ အထဲသို့ ဝင်ရောက်လာခဲ့သည်။
သူ၏မျက်နှာတွင် ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှုများ ရောယှက်လျက် ရှိနေ၏။
“အရှင့်သား ၊ နိုးပြီလား ..မနေ့ညက အတော်လေး အန္တရာယ်များတာ … တော်သေးတာပေါ့ စစ်သူကြီးချင်က ကြိုသိနေလို့ မဟုတ်ရင် ကျွန်တော်တို့...”
စကားမဆုံးမီမှာပင် တဲလိုက်ကာ ပွင့်သွားပြီး ချပ်ဝတ်တန်ဆာ အပြည့်နှင့် ချင်ချန်း ဝင်ရောက်လာ၏။
သူ၏ သိန်းငှက်ကဲ့သို့ ထက်မြက်သော မျက်ဝန်းတစ်စုံ၌ ရှောင်ရှန်းအပေါ်တွင် နားမလည်နိုင်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ စူးစမ်းမှု၊ ဝေခွဲမရမှုနှင့် အံ့ဩမှု အရိပ်အယောင်လေးများ ရောနှောနေသည့်အလား။
ချင်ချန်းသည် ရှောင်သယ့်ဇီကို ထွက်သွားရန် အချက်ပြလိုက်သဖြင့် တဲထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“အရှင့်သား မနေ့ညက... အိပ်လို့ ကောင်းရဲ့လား”
ချင်ချန်း၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။
“ကောင်းပါတယ်၊ ဒါပေမဲ့ အိပ်မက်တစ်ခု မက်လို့ တော်တော်ပင်ပန်းသွားတယ်”
ရှောင်ရှန်းက သန်းဝေရင်း အမှတ်မထင် ပြန်ဖြေလိုက်သည်။
ချင်ချန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဆက်မေးပြန်သည်။
“ဪ.. အရှင့်သားက ဘာအိပ်မက်များ မက်လို့လဲ”
ရှောင်ရှန်းသည် သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ရင်း။
“ကစားပွဲ ကစားတဲ့ အိပ်မက်မျိုးပေါ့…ဘယ်လိုပြောရမလဲ ဟိုစစ်တိုက်တဲ့ ကစားပွဲလိုမျိုး ကိုယ့်မျှော်စင်ကို စောင့်ကြပ်ရတာ ၊ ဒါပေမဲ့ ငါ့အဖွဲ့ထဲက ဝက်လို အသုံးမကျတဲ့ ကောင်တွေနဲ့ ဆော့လိုက်ရတော့ အတော်လေး ပင်ပန်းသွားတယ်”
“ ဘယ်ဘက်မြက်တောထဲမှာ ရန်သူပုန်းနေတာကို သူတို့က မမြင်ဘူးလေ၊ ညာဘက်က အိမ်ကြီးကို ခိုးတိုက်ခံရတော့လည်း ဘယ်သူမှ ဂရုမစိုက်ကြဘူး၊ ဒေါသထွက်လွန်းလို့ စားပွဲကိုတောင် မှောက်ချပစ်ချင်တယ်”
ချင်ချန်းခမျာ တစ်ခါမျှ မကြားဖူးသော စကားလုံးများကို ကြားပြီးနောက် ဦးနှောက်ထဲတွင် ဗြောင်းဆန်သွားသည်။
သူသည် ရှောင်ရှန်း၏စိတ်ကို စူးစမ်းရန် မေးခွန်းများစွာကို ပြင်ဆင်ထားခဲ့ပြီး ၊ ရှောင်ရှန်း၏ အိပ်မက်ထဲတွင် "နတ်ဘုရားများ၏ အချက်ပေးသံ" သို့မဟုတ် “ကြိုတင်နိမိတ်” များအတွက် စကားလုံးများစွာ ပြင်ဆင်လာခဲ့သော်လည်း ယခုတော့ တစ်လုံးမျှ မပြောနိုင်တော့ပေ။
ဤကလေးသည် အဓိပ္ပါယ်မရှိသော စကားများကို ပြောဆိုနေခြင်း သို့မဟုတ် တမင်တကာ ကစားနေခြင်း ဖြစ်နိုင်သည်။
‘ဒါမှမဟုတ်... သူကပဲ သာမန်လူတွေ နားမလည်နိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်နေလို့လား ၊ သူပြောတဲ့ “ကစားပွဲ” ဆိုတာ နတ်ဘုရားတွေ ကစားတဲ့ ကံကြမ္မာ စစ်တုရင်ခုံများ ဖြစ်နေမလား’
စဉ်းစားလေလေ ချင်ချန်း၏ မျက်နှာသည် ပို၍ တည်ကြည်လေးနက်လာလေ ဖြစ်သည်။
ရှောင်ရှန်း၏ ပျင်းရိပျင်းတွဲနှင့် အရိုက်ခံချင်စရာကောင်းသော ပုံစံကို ကြည့်ရင်း၊ ဤလူသည် နားမလည်နိုင်လောက်အောင် နက်နဲသိမ်မွေ့သည်ဟု သူ ပို၍ ခံစားမိလာသည်။
“ကျွန်တော်မျိုး... နားလည်ပါပြီ”
ချင်ချန်းသည် အသက်ပြင်းပြင်းရှူကာ ရှောင်ရှန်းကို ဦးညွှတ်ပြီးနောက် အမြန် လှည့်ထွက်သွားခဲ့သည်။
နားလည်သွားပြီဆိုသော ချင်ချန်း၏ ကျောပြင်ကို ကြည့်ရင်း ရှောင်ရှန်းမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်နေခဲ့လေသည်။
“နားလည်တယ် မင်းက ဘာကို နားလည်တာလဲ”
သို့သော် သူသည် ထိုကိစ္စကို ခေါင်းထဲကနေ အမြန် ဖယ်ရှားလိုက်သည်။ မနေ့ညက အဖြစ်အပျက်က သူ့အား ကြီးမားသော ပြဿနာတစ်ခုကို သတိပြုမိစေခဲ့သည်။
ဤစစ်စခန်းထဲတွင် ချင်ချန်းကဲ့သို့ “သစ်သားတုံး” က သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေပါက ၊ သေဖို့နေနေသာသာ တဲအပြင်တောင် ထွက်ခွင့်ရှိမည် မဟုတ်။
မိမိ၏ “ကံကောင်းမှုကြီး”ကလည်း အတော်လေးကို ထူးဆန်းလှသည်။ တစ်နေ့နေ့တွင် ဤကံကောင်းမှုကြီးကြောင့် လူရိုင်းမျိုးနွယ်စုကို အမှန်တကယ် အောင်နိုင်သွားပါက ၊ မိမိ၏ အိမ်ရှေ့စံမင်းသားနေရာသည် ဖင်နှင့်ကော် ကပ်ထားသလို ဖြစ်ပေတော့မည်။
‘ မဖြစ်ဘူး ကိုယ့်ဘက်ကနေ စတင်လှုပ်ရှားမှ ဖြစ်မယ်’
‘မသေနိုင်ရင် သေမယ့်နေရာကို သွားရှာမယ်’
သူ၏ ဦးနှောက်ထဲတွင် အလွန် ကောင်းမွန်သော အစီအစဉ်တစ်ခု လှစ်ခနဲ့ ထွက်ပေါ်လာ၏။
ဤသည်မှာ ရန်သူ့စခန်းကို သွားပြီး “လက်နက်ချရန်”ပင်။
သူသာ တိတ်တဆိတ် ထွက်ပြေးပြီး လူရိုင်းမျိုးနွယ်တွေဆီ အဖမ်းခံလိုက်ပါက၊ ၎င်းတို့သည် ဝမ်းသာအားရဖြင့် သာရှမင်းဆက်ကြီးကို ခြိမ်းခြောက်ကြပေလိမ့်မည်။
‘ ပြီးတော့ ဖခမည်းတော် ရှောင်ယွမ်က ဘယ်လိုလူစားမျိုးလဲ ၊ ဂုဏ်သိက္ခာကို အလေးထားတဲ့ ဧကရာဇ်ကြီးလေ ….’
‘သားဖြစ်သူက ရန်သူ့လက်ထဲ အဖမ်းခံလိုက်ရတာဟာ ကြီးမားတဲ့ အရှက်ရမှုပဲ ၊ အဲ့ကြရင် ခမည်းတော်က ဒေါသထွက်ပြီး အိမ်ရှေ့စံမင်းသားအရာကနေ ဖြုတ်ချရုံတင်မကဘူး၊ တော်ဝင်မျိုးနွယ် စာရင်းထဲကနေပါ ထုတ်ပစ်မှာ အသေအချာပဲ…’
‘ဒီအစီအစဉ်က လုံးဝကို ပြီးပြည့်စုံတယ်’
ရှောင်ရှန်းတစ်ယောက် ထွက်ပြေးမည့်စီမံကိန်းကြီးကို ချက်ချင်းပင် စတင်ပြင်ဆင်လိုက်သည်။
သူသည် တစ်မနက်ခင်းလုံးကို စောင့်ကြည့်ပြီး ကင်းသမားများ၏ လဲလှယ်သည့် အချိန်ကို မှတ်သားထားခဲ့သည်။
နေအပူဆုံးနှင့် လူအငိုက်ဆုံးအချိန် ဖြစ်သည့် ကင်းစောင့်နှစ်ဦး အလှည့်အပြောင်းအတွင်း ၊ သူသည် အသင့်ပြင်ထားသော သာမန်စစ်သည်ဝတ်စုံကို ဝတ်ကာ ရောနှောလိုက်သည်။
ထို့နောက် မြင်းစာပို့သည့် အဖွဲ့ထဲတွင် မျက်နှာငယ်လေးနှင့် ရောပါသွားပြီး တင်းကြပ်လှသော ဟွမ်ဖုန်းတပ်စခန်းမှ အလွယ်တကူ လွတ်မြောက်သွားတော့သည်။
ခြောက်သွေ့သော ကန္တာရထဲတွင် တိုးဝှေ့လာသော လေပြေကို ခံစားရင်း ရှောင်ရှန်းတစ်ယောက် သီချင်းတအေးအေးနှင့် ပျော်မြူးနေ၏။
“လူရိုင်းမျိုးနွယ်စုရဲ့ စခန်းက... မြောက်ဘက်မှာထင်တယ်”
သူသည် နေကိုကြည့်ပြီး အရပ်မျက်နှာကို ခန့်မှန်းကာ ယုံကြည်ချက်အပြည့်နှင့် လျှောက်သွားလေတော့၏။
သို့သော် သူသည် မိမိ၏ လမ်းညွှန်မှုကို အလွန်အမင်း အထင်ကြီးခဲ့၏။
အခန်း(၈၄)
တစ်နာရီကြာပြီးနောက် အရှေ့တွင် မြင်နေရသည့် သဲကုန်းများနှင့် မြက်ခြောက်များက အတူတူပင် ဖြစ်နေသဖြင့် သူ လုံးဝ မျက်စိလည်သွားသည်။
“ဟာ …ဒါက ဘယ်လိုနေရာမျိုးလဲ ၊ ဘယ်လိုပတ်ပတ် အတူတူပဲ ဖြစ်နေရတာတုန်း”
သူသည် ရန်သူ့စခန်းကို တန်းတန်းမတ်မတ် သွားရန် ကြံစည်ထားခဲ့သော်လည်း၊ ယခု တောထဲမှာပင် ပတ်ချာလည်ကာ လမ်းပျောက်နေလေ၏။
နေက ပူပြင်းလွန်းသောကြောင့် သူ့ရေအိတ်ထဲမှ ရေများလည်း ကုန်သွားခဲ့ပြီ ဖြစ်ရာ၊ ရှောင်ရှန်းတစ်ယောက် မောမောပန်းပန်းဖြင့် ကျောက်တုံးတစ်တုံးပေါ် သို့ ပစ်လှဲချကာ ညည်းတွားလိုက်တော့သည်။
“ဒီနေရာကလည်း လမ်းညွှန်လေးတောင် မရှိဘူး ... ကောင်းကင်ကြီး ခင်ဗျား ကျုပ်ကို သတ်မလို့လား အရိပ်အမြွက်လေး ဘာလေးတော့ ပေးဦးလေ”
သူ၏ ညည်းတွားမှုကို တုံ့ပြန်သကဲ့သို့ပင်။
စကားအဆုံးတွင် ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် မှောင်ကျလာသည်။ တိမ်မည်းများက အရပ်ရပ်မှ ရောက်ရှိလာပြီး နေရောင်ကို ဖုံးလွှမ်းသွားခဲ့သည်။
“ဂျိန်း——”
စူးရှသော လျှပ်စီးကြောင်းတစ်ခုက ကောင်းကင်တွင် လျှပ်တပြတ် ဝင်းလက်သွားပြီးနောက် ကျယ်လောင်သော မိုးခြိမ်းသံကြီးမှာ ဟိန်းထွက်လာလေ၏။
ရှောင်ရှန်းတစ်ယောက် လန့်ဖျပ်သွားပြီး ခေါင်းကို လက်နှင့်အုပ်ကာ မြေပြင်ပေါ်တွင် ဝပ်လိုက်သည်။
“ငါက ဒီတိုင်းလေး ပြောလိုက်တာပါ ၊ မင်းကလည်း ဒီလောက်ကြီးအထိ လုပ်စရာ မလိုဘူးလေကွာ ”
လေပြင်းများ တိုက်ခတ်လာပြီး သဲနှင့် ကျောက်စရစ်ခဲများ နေရာအနှံ့ လွင့်စင်သွားသည်။ နောက်ထပ် မိုးခြိမ်းသံတစ်ချက်သည် သူ့ခေါင်းပေါ်
တည့်တည့် ပေါက်ကွဲထွက်ပေါ်လာလေရာ၊
ရှောင်ရှန်းတစ်ယောက် ကြောက်အားလန့်အားဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ မိုးကြိုးနှင့် ဝေးရာသို့ ဖင်ပိတ်ပြေးလေတော့သည်။
သူသည် မမြင်မစမ်း ပြေးရင်း သဲကျင်းတစ်ခုထဲသို့ ခြေချော်ကျကာ လိမ့်ဆင်းသွားသည်။
ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ၊ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
ဤနေရာတွင် ပျက်စီးနေသော အဆောက်အအုံဟောင်းများ၊ သံချေးတက်နေသော လက်နက်များနှင့် ကျိုးပဲ့နေသော ချပ်ဝတ်တန်ဆာများက နေရာအနှံ့ ပြန့်ကျဲလျက်ရှိသည်။
ညိုမည်းနေသော မြေပြင်ပေါ်တွင် ခြောက်သွေ့နေသော သွေးကွက်များကိုပင် မြင်နေရသည်။
လေထုထဲတွင် သံချေးနံ့နှင့် သွေးညှီနံ့များ ရောယှက်နေပြီး၊ လေပြင်း တစ်ချက် တိုက်ခတ်သွားတိုင်း မရေမတွက်နိုင်သော ဝိညာဉ်များ၏ ငိုကြွေးနေသံများ ထွက်ပေါ်လာတတ်သလိုပင်။
ဤနေရာသည် နှစ်ပေါင်းများစွာက စွန့်ပစ်ထားခဲ့သော စစ်မြေပြင်ဟောင်း တစ်ခုပင် ဖြစ်သည်။
မင်္ဂလာမရှိသော အငွေ့အသက်များနှင့် တစ္ဆေအငွေ့အသက်များ ဖုံးလွှမ်းနေ၏။
အခြားလူသာဆိုလျှင် ကြောက်လွန်း၍ ချက်ချင်း ပြန်ပြေးမိမှာ သေချာသည်။
သို့သော် ရှောင်ရှန်းသည် မောပန်းနေပြီ ဖြစ်ရာ၊ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီးနောက် လူသူမရှိ၊ မြက်ပင်တောင် မပေါက်သည့် ဤနေရာကို မြင်ပြီး ဝမ်းသာအားရ ဖြစ်နေလေ၏။
“နေရာကောင်းပဲ”
သူသည် ချီးကျူးလိုကသည်။
“ဒီလို ငှက်မနားတဲ့ နေရာမျိုးဆိုရင် ဘယ်သူမှ ငါ့ကို လာရှာနိုင်မှာ မဟုတ်ဘူး အိပ်ရေးဝဝ အိပ်ပြီးမှ ရန်သူဆီ သွားပြီး အဖမ်းခံတော့မယ်”
ဤနေရာတွင် သူသည် တစ်ယောက်တည်း အေးအေးလူလူ အိပ်စက်နိုင်ပြီး ၊ သူ့ကို စစ်စခန်းသို့ ပြန်ဆွဲခေါ်လို့ မရနိုင်သည့် အကောင်းဆုံး “ဘေးကင်းရာ” နေရာဟု သတ်မှတ်လိုက်တော့သည်။
ပြောပြောဆိုဆိုဖြင့် ၊ သူသည် အပျက်အစီးများ၏ အလယ်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ရှာတွေ့ခဲ့ပြီး ဖုန်လေး အနည်းငယ် ခါထုတ်ကာ ခေါင်းချလိုက်သည်နှင့် တန်းအိပ်ပျော်သွားလေ၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ခြောက်ခြားဖွယ်ကောင်းသော ဤစစ်မြေပြင်ဟောင်းတွင် သူ၏ ဟောက်သံများက စည်းချက်မှန်မှန် ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ဟွမ်ဖုန်းတပ်စခန်း၏ ဗဟိုစစ်တဲအတွင်း၌။
“ဘာ .. အိမ်ရှေ့စံမင်းသား ပျောက်သွားတယ် ဟုတ်လား”
ချင်ချန်းသည် သူ၏ လက်ဝါးဖြင့် မြေပုံပေါ်သို့ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ရာ စစ်တဲတစ်ခုလုံး တုန်ခါသွားသည်။
သူ၏ မျက်လုံးများမှာ နီရဲနေပြီး သတင်းပို့သည့် ကိုယ်ရံတော်ခေါင်းဆောင်ကို စူးစိုက်ကြည့်နေသည်။
“ဘယ်အချိန်က ပျောက်တာလဲ”
“မွန်းလွဲ... မွန်းလွဲပိုင်း ကင်းလဲတဲ့အချိန်မှာ... မတွေ့ရတော့တာပါ...”
ကိုယ်ရံတော်ခေါင်းဆောင်မှာ ကြောက်လွန်း၍ တုန်ယင်နေသည်။
ချင်ချန်း၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ပျောက်သွားပြီတဲ့လား..
အိပ်မက်ထဲကနေ သတိပေးနိုင်တဲ့ သက်ရှိ ကောင်းချီမင်္ဂလာ၊ အဆိပ်မတိုးတဲ့ အိမ်ရှေ့စံမင်းသားက သူ့မျက်စိအောက်မှာတင် ပျောက်သွားသတဲ့လား..
သူ့စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသည့် အတွေးမှာ မိမိ၏အိမ်ရှေ့စံမင်းသားက ပြဿနာရှာသွားခြင်း မဟုတ်ဘဲ ရန်သူဘက်က ဖမ်းခေါ်သွားသည်ဟု ထင်မိလိုက်ခြင်းပင်။
‘ လူရိုင်းမျိုးနွယ်စုက မနေ့ညက ရှုံးနိမ့်သွားတော့ ဒေါသထွက်ပြီး၊ သာရှတိုင်းပြည်ကြီးရဲ့ သက်ရှိ “နိမိတ်ကောင်းကြီး” ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို ဖမ်းဆီးဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ လက်ရွေးစင် လူသတ်သမားတွေကို လွှတ်လိုက်တာ ဖြစ်ရမယ်..’
ထိုအရာကို တွေးမိသည်နှင့် ချင်ချန်းမှာ ချွေးစေးများ ထွက်လာတော့၏။
ဤသည်မှာ အမှန်ဖြစ်ပါက၊ သာရှစစ်သည်များ၏ စိတ်ဓာတ်များသည် အကြီးအကျယ် ပျက်စီးသွားပေတော့မည်။
“တပ်စခန်းကို ပိတ်လိုက် ..တပ်တစ်ခုလုံး ထွက်ရှာကြ ၊ ဒီကန္တာရတစ်ခုလုံးကို မြေလှန်ရှာရမယ်ဆိုရင်တောင် အိမ်ရှေ့စံမင်းသားကို မရရအောင် ရှာခဲ့”
ချင်ချန်း၏ အမိန့်သံသည် ကောင်းကင်ယံအထိ ပျံ့နှံ့သွားသည် ။
“မြန်မြန် အခုချက်ချင်း သွားကြ”
စစ်သည်များစွာသည် အရေးပေါ် စုရုံးကာ အရပ်ရပ်သို့ ခွဲထွက်၍ ရှာဖွေကြရတော့သည်။
စစ်သည်များ၏ စိတ်ထဲမှာတော့ ပွစိပွစိ ညည်းညူနေကြ၏။
“အမလေးဗျာ... ဒီအိမ်ရှေ့စံမင်းသားတော့ ဘာတွေ ထပ်ပြီး ဒုက္ခပေးဦးမလို့လဲ”
သို့သော် လူတိုင်းမေ့နေသည့် ထိုစစ်မြေပြင်ဟောင်းတွင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။
ရှောင်ရှန်းသည် အိပ်မောကျနေပြီး သွားရည်လေးများပင် ယိုစီးကျနေ၏။
သူ၏ ပတ်ဝန်းကျင် သုံးပေအတွင်းရှိ နှစ်ပေါင်းထောင်ချီ စုပုံနေသော စစ်မြေပြင်၏ အငြိုးအတေးများနှင့် ဝိညာဉ်ဆိုးများမှာတော့ တစ်စုံတစ်ဦးကို ကြောက်လန့်နေသကဲ့သို့ အသည်းအသန် ရှောင်ကွင်းနေကြသည်။
ရှောင်ရှန်း၏ ခန္ဓာကိုယ်မှ သိမ်မွေ့ပြီး ကြည်လင်သော အလင်းတန်းလေးများ ထွက်ပေါ်နေခဲ့သည်။
ထိုအလင်းတန်းများသည် အေးစိမ့်လှသော ထိုအငြိုးအတေးများနှင့် ထိတွေ့သွားတိုင်း ၊ နေရောင်ခြည်နှင့် ထိတွေ့ခံလိုက်ရသော နှင်းစက်လေးများကဲ့သို့ အဆိုပါ အငြိုးအတေးများကို အသံတိတ် ပျောက်ကွယ်သွားစေခဲ့သည်။
အိပ်မက်ဆိုးများကြောင့် မျက်မှောင်ကြုတ်နေသော ရှောင်ရှန်း၏ မျက်နှာမှာလည်း အဆိုပါစွမ်းအားကြောင့် ပြေလျော့သွားပြီး ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့၏။