အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း (၈၅) - နိုးလာတော့ ဦးနှောက်ထဲမှာ “တစ္ဆေလက်ရေးခြစ်တွေ” ရောက်နေတယ်
ရှောင်ရှန်း၏ အသိစိတ်သည် အတိုင်းအဆမရှိသော သွေးရောင်ပင်လယ်ပြင်ကြီးထဲတွင် မျောလွင့်နေသည်။
ဓားလှံလက်နက်များ၏ ထိခတ်သံ ၊ စစ်မြင်းများ၏ နာကျင်စွာ အော်ဟစ်သံနှင့် ကောင်းကင်ယံထိ တုန်ဟည်းနေသော တိုက်ပွဲခေါ်သံများက သူ၏ နားစည်ကို ကွဲထွက်မတတ် ပြင်းထန်လှသည်။
သူ၏မျက်စိရှေ့တွင် မရေမတွက်နိုင်သော အလင်းအပိုင်းအစများစွာသည် ကြမ်းတမ်းစွာ ရိုက်ခတ်လှုပ်ရှားနေ၏။
စုတ်ပြဲနေသော တိုက်ပွဲအလံများ၊ ကျိုးနေသော လှံများနှင့် စိတ်ပျက်အားငယ်မှု ၊ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာများကို အတိုင်းသား မြင်တွေ့နေရသည်။
သူသည် အပြင်လူ တစ္ဆေတစ်ကောင်ကဲ့သို့ပင် မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံခဲ့ရပြီး သေခြင်းတရားနှင့် ရန်ငြိုးများဖြင့် ဖွဲ့စည်းထားသော ဤလူသတ်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်
“သတ်——”
“မျိုးနွယ်စုအတွက်”
“သာရှရဲ့ အမျိူးအနွယ်ကောင်းတို့၊ ငါနဲ့အတူ တိုက်ကြ ဟေ့”
ဝမ်းနည်းကြေကွဲဖွယ်ရာ အော်ဟစ်သံများ၊ စူးရှသော ငိုကြွေးသံများနှင့် အသံပေါင်းစုံ ရောယှက်နေပြီး ၊ အသက်ရှူကျပ်မတတ် လေးလံလှသော စိတ်ဝိညာဉ်မုန်တိုင်းကြီးတစ်ခုကို ဖန်တီးနေ၏။
သူသည် ကိုယ့်နားကိုယ် ပိတ်ထားချင်သော်လည်း မိမိတွင် ရုပ်ခန္ဓာမရှိသည်ကို တွေ့လိုက်ရသည်။
မျက်စိမှိတ်ထားချင်သော်လည်း ထိုသွေးပျက်ဖွယ်ရာ မြင်ကွင်းများက သူ၏ အသိစိတ်အတွင်းပိုင်းအထိ ဝင်ရောက်လာပြန်သည်။
ဤအိပ်မက်သည် လက်တွေ့ဆန်လွန်း၏။
ဤရှုပ်ထွေးလှသော စစ်မြေပြင်၏ ဗဟိုချက်တွင် ၊ အလောင်းများနှင့် သွေးပင်လယ်များအောက်ရှိ ယဇ်ပလ္လင်တစ်ခုအောက်တွင် ဖယောင်းတိုင်မီးထက်ပင် အားနည်းသော ရွှေရောင်အလင်းတန်းလေးတစ်ခုသည် နှစ်ပေါင်းရာချီကြာအောင် ငြိမ်သက်နေခဲ့သည်။
၎င်းမှာ ထိုစဉ်က ဤနေရာ၌ ကျဆုံးခဲ့သော ရှေးဟောင်းကျင့်ကြံသူတစ်ဦး၏ နောက်ဆုံး ကျန်ရစ်ခဲ့သော စိတ်ဆန္ဒ အမှတ်အသားပင် ဖြစ်သည်။
၎င်းသည် ကျင့်ကြံမှုများကို တစ်ပိုင်းတစ်စ ထိန်းသိမ်းထားသော်လည်း အငြိုးအတေးများ၏ တိုက်စားမှုကြောင့် လုံးဝ ပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းသည် မိမိကို လက်ခံနိုင်မည့် “ခန္ဓာကိုယ်”ကို စောင့်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
နှစ်ပေါင်း ရာချီအတွင်း လောဘဇောတိုက်သော သင်္ချိုင်းသူခိုးများ၊ လမ်းမှားရောက်လာသော ခရီးသွားများ၊ လူသတ်သမားကို လိုက်ဖမ်းသော အာဏာပိုင်များစွာ ဤနေရာသို့ ခြေချခဲ့ကြသော်လည်း ၊
သို့သော် ၎င်းတို့၏စိတ်များသည် လောဘ၊ ကြောက်ရွံ့မှု၊ အကွက်ချစီစဉ်မှုများဖြင့် ပြည့်နှက်နေပြီး ရွှံ့နွံဗွက်အိုင်တစ်ခုကဲ့သို့ ညစ်ထေးနေခဲ့သည်။
ထို့ကြောင့် ဤစင်ကြယ်လှသော စိတ်ဆန္ဒသည် သူတို့အနားသို့ လုံးဝ မကပ်နိုင်ခဲ့ပေ။
ယနေ့အထိတိုင်အောင်ပင်။
ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသည့် စင်ကြယ်လှသော စိတ်ဝိညာဉ်တစ်ခုသည် ယခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ဤစိတ်ဝိညာဉ်ပိုင်ရှင်တွင် ရည်မှန်းချက်မရှိ၊ လောဘမရှိ၊ ပြင်းထန်သော စွဲလမ်းမှုမရှိ၊ အသက်ရှင်လိုစိတ်ပင် ပျင်းရိငြီးငွေ့နေ၏။ ၎င်းသည် လှိုင်းတံပိုးမရှိ ငြိမ်သက်ကြည်လင်နေသော ရေကန်တစ်ခုကဲ့သို့ပင်။
ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရှေးဟောင်းစိတ်ဆန္ဒလေး အတွက် ဤသည်မှာ နတ်ဘုရားက ပေးသနားလိုက်သော အကောင်းဆုံး ပျိုးခင်းပင် ဖြစ်တော့သည်။
“ဝီ ”
ထိုအားနည်းလှသော စိတ်ဆန္ဒလေးသည် မိမိ၏ အိမ်ဂေဟာကို ရှာတွေ့သွားသကဲ့သို့ ရှောင်ရှန်း၏ “လောကီအရေးများကို ဂရုမစိုက်သော” ငပျင်းတစ်ယောက်၏ ကံတရားအောက်တွင် ဆွဲဆောင်ခံလိုက်ရကာ အိပ်မက်ဆိုးမက်နေသော သူ၏ အသိစိတ်ထဲသို့ ချက်ချင်းလက်ငင်း တိုးဝင်သွားတော့၏။
အိပ်မက်ထဲတွင် ဆူညံသံများကြောင့် ခေါင်းမူးနောက်နေသော ရှောင်ရှန်းသည် ဦးနှောက်ထဲတွင် အေးချမ်းမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဆက်တိုက်ဆိုသလိုပင် ထူးဆန်းသော ပုံသဏ္ဌာန်များ၊ တွန့်လိမ်နေသော သင်္ကေတများနှင့် ပုံရိပ်များသည် ရေကာတာ ကျိုးပေါက်သွားသော ဆည်ရေများကဲ့သို့ပင် သူ၏ ဦးနှောက်ထဲသို့ တရဟော ထိုးဝင်လာတော့၏။
ထိုသင်္ကေတများသည် သက်ရှိများကဲ့သို့ပင် သူ၏ အသိစိတ်ထဲတွင် သက်ဝင်လှုပ်ရှားနေကြပြီး သူ့အား နားလည်ရန် သို့မဟုတ် တုံ့ပြန်ရန် အခွင့်အရေးပင် မပေးကြချေ။
“အမ် ဒါ ဘာကြီးလဲ”
ဤသည်မှာ ရှောင်ရှန်း၏ အိပ်မက်ထဲတွင် နောက်ဆုံးတွေးမိလိုက်သော အတွေးသာ ဖြစ်ပေသည်။
...
“ဟူး ”
ရှောင်ရှန်းသည် မျက်လုံးကို ချက်ချင်း ဖွင့်လိုက်ပြီး ဝုန်းခနဲ ထထိုင်လိုက်သည်။
မွန်းလွဲပိုင်း နေရောင်ခြည်သည် သိပ်မပြင်းတော့ဘဲ ပျက်စီးနေသော အဆောက်အဦးများပေါ်သို့ ခပ်စောင်းစောင်းလေး ကျရောက်နေ၏။
သူသည် မောပန်းနွမ်းနယ်နေပြီး နဖူးတွင်လည်း ချွေးစေးများ ထွက်နေသည်။
“ ဟူး... ဒီအိပ်မက်ကတော့... တစ်ယောက်ယောကိနဲ့ တိုက်ခိုက်ရတာထက်တောင် ပိုပင်ပန်းသေးတယ်”
သူသည် ချွေးများကို သုတ်လိုက်ပြီး ဆက်လက် ညည်းညူရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် ကြောင်အမ်းသွားသည်။
တစ်ခါမျှ မခံစားဖူးသည့် လန်းဆန်းမှုတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ချွေးပေါက်လေးများမှ တိုးထွက်လာ၏။
အရင်က လမ်းပျောက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မောပန်းနွမ်းနယ်မှု နှင့် စိုးရိမ်ပူပန်မှုများသည် ယခုအခါ လုံးဝ ပျောက်ကွယ်သွားလေ၏။
ခန္ဓာကိုယ်တစ်ခုလုံးသည် ရေနွေးပူပူလေးနှင့် ရေချိုးပြီးနောက် ၊ကျွမ်းကျင်သော ဆရာကြီးတစ်ယောက်က နှိပ်နယ်ပေးထားသကဲ့သို့ပင် အတော်လေး နေလို့ကောင်းပြီး လန်းဆန်းနေ၏။
“ဟင်”
ရှောင်ရှန်းသည် လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်လိုက်ရုံဖြင် “ ဂျွတ် ဂျွတ်” ဟူသော အသံများ ထွက်ပေါ်လာပြီး၊ ပြီးခဲ့သည့်ရက်အနည်းငယ်က ပင်ပန်းနွမ်းနယ်မှုများအားလုံး အစအနမျှ မကျန် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သို့သော် သူသည် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ချက်ချင်း သတိပြုမိသွားသည်။
တစ်စုံတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာသကဲ့သို့ပင်။
ထူးထူးဆန်းဆန်း ရေးခြစ်ထားသော “တစ္ဆေလက်ရေးခြစ်” (သင်္ကေတ) များသည် သူ၏ အသိစိတ်ထဲတွင် တွယ်ကပ်နေပြီး မောင်းထုတ်လို့ မရနိုင်ခဲ့ပေ။
ထိုသင်္ကေတများသည် တွန့်လိမ်ကောက်ကွေးနေပြီး စာမတတ်သော ကလေးငယ်တစ်ဦးက စုတ်တံဖြင့် ရမ်းဆွဲထားသကဲ့သို့ ၊ သို့မဟုတ် ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ လျှို့ဝှက်စာလုံးများကဲ့သို့ပင်။
“ အမ်... ငါပဲ အိပ်ချင်မူးတူး ဖြစ်နေတာလား ဒါမှမဟုတ် ဆာလွန်းလို့ အမြင်အာရုံတွေ အလုပ်မလုပ်တော့တာလား ”
ရှောင်ရှန်းသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းပြီး ရှုပ်ထွေးလှသည့် ထိုအမှိုက်များကို ဖယ်ထုတ်ရန် ကြိုးစားကြည့်သည်။
သို့သော် မရခဲ့ချေ။
ထို “တစ္ဆေလက်ရေးခြစ်” များသည် သူ၏ ဦးနှောက်ထဲတွင် ဂဟေဆော်ထားသကဲ့သို့ ရှင်းရှင်းလင်းလင်း ထွင်းထုထားသည်။
သူသည် ၎င်းတို့ထဲမှ အရိုးရှင်းဆုံး သင်္ကေတတစ်ခုကို အာရုံစိုက်ကြည့်ရန် ကြိုးစားလိုက်သည်။
ထိုသင်္ကေတသည် ဝဲဂယက်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားကာ ခေါင်းမူးပြီး အန်ချင်သလိုပင် ဖြစ်သွားလေ၏။
“ဒါ ဘာကြီးလဲဟ ၊ အဆိပ်ရှိတာလား”
ရှောင်ရှန်းသည် ဆက်လက် လေ့လာဖို့ကို လက်လျှော့လိုက်သည်။ အိပ်သည့် ပုံစံမမှန်၍ အာရုံကြောများ မူမမှန်ရာမှ နောက်ဆက်တွဲ ပြဿနာ ဖြစ်လာသည်ဟုသာ သတ်မှတ်လိုက်သည်။
သူသည် သန်းဝေလိုက်ပြီး အကြောဆန့်လိုက်ရင်း စားစရာ သို့မဟုတ် သောက်စရာတစ်ခုခု ရှာမည့်အတွေးဖြင့် ထရပ်ရန် ပြင်ဆင်လိုက်သည်။
အခန်း(၈၆)
ညာဘက်လက်က ဘေးနားရှိ လူတစ်ရပ်စာခန့်ရှိသော ပျက်စီးနေသော ကျောက်စာတိုင်ဟောင်း တစ်ခုပေါ်ကို အမှတ်မထင် ထောက်လိုက်မိသည်။
“ ဟူး ”
အသံအနည်းငယ် ထွက်ပေါ်လာ၏။
သူသည် အသာလေး ထောက်လိုက်ရုံသာ ရှိသေးသော်လည်း ၊ ထိုကျောက်စာတိုင်ထိပ်မှ နှစ်ရှည်လများစွာ စုပုံနေသော ဖုန်မှုန့်များသည် မမြင်ရသော လေပြင်းတစ်ခု၏ တိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ဝုန်းခနဲ လွင့်စင်သွားခဲ့သည်။
“ဟင် ”
ရှောင်ရှန်း မှာ ကြောင်အမ်းသွားပြီး ကိုယ့်လက်ဖဝါးကို ပြန်ငုံ့ကြည့်လိုက်သည်။
ဘာမှ ထူးခြားမှု မရှိဘဲ နူးညံ့ချောမွေ့နေသည့် လက်ကလေးပင် ဖြစ်သည်။
“ငါ့ရဲ့ ခွန်အားက... တိုးလာတာလား”
သူ နားမလည်နိုင်ဖြစ်သွားပြီး ထိုကျောက်စာတိုင်ကို နောက်တစ်ခါ ထပ်ပုတ်ကြည့်လိုက်သည်။
“ ဟူး ”
ဤတစ်ကြိမ်တွင်မူ ၊ ဖုန်မှုန့်များသာမက ကျောက်မှုန့်အစအနများပါ တုန်ခါကာ ကျလာ၏။
ရှောင်ရှန်းတစ်ယောက် စဉ်းစားခန်း ဝင်လေတော့သည်။
‘ ဒါ ဗိုက်အဆာလွန်းပြီး အားအင်တွေ ရုတ်တရက် ပြန်ပြည့်လာတဲ့ အကျိုးသက်ရောက်မှုများလား’
သူသည် ကျောက်စာတိုင်ကို ကြည့်ပြီး “ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ခုနက ငါ ဘာလုပ်လိုက်တာလဲ” ဆိုသော ကြောင်တောင်တောင် မျက်နှာပေးနှင့် ဖြစ်နေစဉ်မှာပင်။
မဝေးလှသော နေရာ၌ လက်ရွေးစင် စစ်သည် ဆယ်ဂဏန်းခန့်ပါဝင်သော ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့သည် ဤအပျက်အစီးများဆီသို့ ဂရုတစိုက် ချဉ်းကပ်လာနေသည်။
ဦးဆောင်လာသူမှာ စိုးရိမ်ပူပန်နေသော ချင်ချန်းပင် ဖြစ်သည်။
သူတို့သည် တစ်နေ့လုံး ရှာဖွေခဲ့ကြပြီး မိုင် ၂၀ ပတ်လည်ကို မြေလှန်ရှာပြီးနောက်၊ နောက်ဆုံးတွင် ထူးဆန်းသော ခြေရာများအတိုင်း လိုက်လာရင်း ဤနိမိတ်မကောင်းသော နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“စစ်သူကြီး၊ ဒီမှာပဲ…ခြေရာတွေက ဒီနားမှာ တင် ပြတ်သွားတယ်”
ကင်းထောက်တစ်ဦးက အသံနှိမ့်ကာ သတင်းပို့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
ချင်ချန်းသည် အေးစက်စက်ရှိလှသော ဤစစ်မြေပြင်ဟောင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဤနေရာရှိ လေထုထဲတွင် သံချေးနံ့နှင့် ပုပ်စော်နံသော အနံ့ဆိုးများ ရောယှက်နေပြီး၊ လေပြင်း တစ်ချက် တိုက်ခတ်သွားတိုင်း တစ္ဆေ ငိုကြွေးသံကဲ့သို့ ထွက်ပေါ်နေသဖြင့် အတော်လေး ကြက်သီးထဖွယ်ရာ ကောင်းလှသည်။
“ဒီနေရာက အရမ်း ထူးဆန်းတာ”
စစ်သည်ဟောင်းတစ်ဦးက တိုးတိုးလေး ညည်းညူလိုက်သည်။
“လူကြီးတွေ ပြောတာတော့ ဒီနေရာက အရင်က လူသေအလောင်းတွေ စုပုံပြီး မြှုပ်နှံတဲ့နေရာတဲ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက တိုငိးပြည်ပျောက်တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး လူပေါင်းသောင်းချီ သေခဲ့တာ၊ အငြိုးအတေးတွေက သိပ်ကြီးတော့ သာမန်လူတွေ ညဘက်ဖြတ်သွားရင်တောင် ဖျားနာတတ်ကြတယ်ဆိုပဲ”
အခြားစစ်သည်တစ်ဦးကလည်း ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ ငှက်တွေတောင် ဒီမှာ မနားကြဘူး အိမ်ရှေ့စံမင်းသားက... ဘယ်လိုဖြစ်ပြီး ဒီလို နေရာမျိုးအထိ ရောက်လာရတာလဲ”
လူတိုင်း၏ ကြောက်လန့်နေကြသော အကြည့်များသည် အပျက်အစီးများ၏ အတွင်းပိုင်းဆီသို့ ဦးတည်သွားကြသည်။
ထို့နောက်တွင် သူတို့သည် တစ်သက်လုံး မေ့မရနိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
သူတို့၏ တန်ဖိုးကြီးလှသော၊ သူတို့၏ အမြင်တွငိ ကြောက်တတ်လှသည် ဆိုသော အိမ်ရှေ့စံမင်းသားသည် အပျက်အစီးများ၏ အလယ်တွင် တစ်ယောက်တည်း ရပ်နေသည်။
သူသည် ကိုယ်နှင့်မတော်သော စစ်သည်ဝတ်စုံကို ဝတ်ထားပြီး ကျောက်စာတိုင်ဟောင်း တစ်ခုကို စိုက်ကြည့်နေ၏။
သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိသည့်အပြင်၊ အရက်နာကျပြီး နိုးလာသူတစ်ယောက်ကဲ့သို့ ရှုပ်ထွေးနေဟန် ရှိသည်။
ထိုပုံစံသည် ဘေးဒုက္ခနယ်မြေထဲသို့ ရောက်နေသော သိုးငယ်လေးနှင့် မတူဘဲ မိမိအိမ်နောက်ဖေး ဥယျာဉ်ထဲတွင် နေ့လယ်ဘက် တရေးနိုးလာပြီး ၊ ညစာ ဘာစားရမလဲ စဉ်းစားနေသည့် ပုံစံနှင့် ပိုတူနေသည်။
ချင်ချန်း၏ မျက်လုံးများမှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။
သူ့နောက်က စစ်သည်တော်များသည် အိမ်ရှေ့စံမင်းသား၏ ဘေးကင်းမှုကို မြင်ပြီးနောက် စိတ်သက်သာရာ ရသွားသော်လည်း ၊ နောက်ဆက်တွဲအနေဖြင့် ၎င်းတို့၏ နှလုံးသားထဲတွင် ပို၍ နက်ရှိုင်းသော သံသယနှင့် အေးစိမ့်မှုများ ပေါက်ဖွားလာတော့သည်။
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ နေရာမျိုးမှာ... အိပ်ပျော်နေတယ်ပေါ့…’’
“ ဒီလူရဲ့ သတ္တိက သံမဏိနဲ့ လုပ်ထားတာလား”
ချင်ချန်း၏ ဦးနှောက်ထဲတွင်လည်း ‘’ဂျိန်း”ခနဲ့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အဆိပ်ရှိ သတ္တဝါများက သူ့ကို ရှောင်ကွင်းသွားကြပြီး ၊ ရက်စက် ကြမ်းကြုတ်သော ဝံပုလွေများက သူ့အနံ့ရသညိနှင့် ထွက်ပြေးတတ်ကြသည်။
မူလ ဤအရာအားလုံးသည် တော်ဝင်သွေးသားကြောင့် ဖြစ်ပေါ်လာသော ကောင်းချီးမင်္ဂလာကြောင့် ဖြစ်မည်ဟု သူ ယူဆခဲ့သည်။
သို့သော် ငှက်တောင် မလာရဲသည့် ဤ “မင်္ဂလာမရှိသော” နေရာအလယ်တွင် ဘာမှမဖြစ်ဘဲ ရပ်နေသည့် ရှောင်ရှန်းကို ကြည့်ရင်း၊
ချင်ချန်း၏ စိတ်ထဲတွင် ပို၍ ရဲတင်းပြီး အဓိပ္ပာယ်မရှိသော အတွေးတစ်ခု ဝင်ရောက်လာတော့သည်။
‘ဒါဆိုရင်…’
‘ဒါတွေအားလုံးက သူ့ရဲ့ “ ကောင်းချီး” ကြောင့် ရိုသေကြတာ မဟုတ်ဘဲ...သူ့ကို ကြောက် နေကြတာလား’