အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇ ) - ရှေ့တန်းမှ “ထွက်ပြေးခြင်း”၊ အလံတော်၏ ညွှန်ပြမှုနှင့်အတူ နောက်ထပ် အကျိုးဆောင်လိုက်ခြင်း
ချင်ချန်းသည် ရှောင်ရှန်းကို စိုက်ကြည့်နေ၏။ သူ၏ အကြည့်များက တဖက်လူ၏ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။
သူ့နောက်မှ စစ်သည်များသည် အသက်ရှူရန်ပင် မေ့လျော့နေကြပြီး၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ရောယှက်နေသော အကြည့်များဖြင့် ဤမင်္ဂလာမရှိသော နေရာတွင် တစ်ယောက်တည်း အိပ်မောကျနေခဲ့သည့် အိမ်ရှေ့စံမင်းသားအား ခိုးကြည့်နေကြသည်။
ခြောက်ခြားဖွယ်ရာ ကောင်းသော ဤနေရာသည် အမြဲတမ်း သေဘေးနှင့် ရင်ဆိုင်နေရသော သူတို့လို စစ်သည်များကိုပင် ကျောချမ်းသွားစေသည်။
သို့သော် ဤလူသားသည် သွားရည်ကျသည့်အထိ အိပ်ပျော်နေခဲ့၏။
‘ဒါ တော်ရုံသတ္တိနဲ့ ရှင်းပြလို့မရတော့ဘူး၊ ဒါက... ဒီနေရာမှာ ရှိတဲ့ အငြိုးအတေး ဝိညာဉ်ဆိုးတွေကို စော်ကားလိုက်တာပဲ’
“ဒါဆိုရင်... အဆိပ်ရှိတဲ့ သတ္တဝါတွေ သူ့နားမကပ်ရဲတာကလည်း လူတွေကို ခြောက်လှန့်နိုင်တဲ့ ဒီစစ်မြေပြင်ဟောင်းက မကောင်းဆိုးဝါးစွမ်းအင်တွေလိုပဲ ဖြစ်နေမလား”
ဤအတွေးသည် ချင်ချန်း၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာပြီး ကြက်သီးမွှေးများ ထလို့သွားသည်။
‘ ကောင်းချီးမင်္ဂလာ အရှိန်အဝါကြောင့် လာရောက်ကြည်ညိုကြတာ မဟုတ်ဘဲ ၊ သူကိုယ်တိုင်ရဲ့ တည်ရှိမှုက မိစ္ဆာတွေတောင် ရှောင်ကွင်းသွားရတဲ့... ကြီးမားတဲ့ ထိတ်လန့်ဖွယ်ရာ တစ်ခု ဖြစ်နေတာလား’
“စစ်သူကြီး၊ အရှင့်သားကို ရှာတွေ့ပါပြီ”
“အရှင့်သား ဘေးကင်းပါတယ်”
သတင်းသည် ဟွမ်ဖုန်း တပ်စခန်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်း စိတ်သက်သာရာ ရသွားခဲ့သည်။
ရှောင်ရှန်းသည် ချင်ချန်း၏ “စောင့်ရှောက်မှု” ဖြင့် စခန်းသို့ ပြန်ပါလာခဲ့သည်။ လမ်းတစ်လျှောက် စစ်သည်များစွာ၏ စူးစမ်းလိုသော အကြည့်များကို ခံယူရင်း ရှောင်ရှန်းတစ်ယောက် ဇဝေဇဝါ ဖြစ်နေမိသည်။
“လမ်းပျောက်လို့ ခဏအိပ်မိတာကိုပဲ ဒီလောက်ကြီးထိ လုပ်စရာလိုလို့လား ၊ ဒီလူတွေ လူချောလေး တစ်ယောက် အိပ်တာကို တစ်ခါမှ မမြင်ဖူးကြဘူးလား”
မိမိသည် ချင်ချန်းနှင့် တပ်တစ်ခုလုံး၏ လောကအမြင်ကို နောက်တစ်ကြိမ် ဖျက်ဆီးပစ်ခဲ့လေမှန်း သတိမထားမိဘဲ စိတ်ထဲကနေ ညည်းတွားနေ၏။
သူ၏ စစ်တဲထဲ ပြန်ရောက်ပြီး ဖင်တောင် မပူသေးမီမှာပင် တဲအပြင်ဘက်မှ မြင်းခွာသံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။
“မြို့တော်မှ အရေးပေါ်သတင်း၊ ဧကရာဇ်အမိန့်တော် ရောက်ရှိလာပါပြီ ”
ဖုန်တထောင်းထောင်းနှင့် ရောက်ရှိလာသော သံတမန်သည် ကိုယ်ရံတော်နှစ်ဦး၏ စောင့်ရှောက်မှုဖြင့် အဝါရောင် အမိန့်တော်လိပ်ကို ကိုင်ဆောင်ကာ ဗဟိုစစ်တဲထဲသို့ ဝင်ရောက်သွားခဲ့သည်။
ခဏအကြာတွင် ချင်ချန်းသည် မျက်နှာအမူအရာ ပျက်ယွင်းစွာဖြင့် ထိုအမိန့်တော်လိပ်ကို ကိုင်ကာ ရှောင်ရှန်း၏ တဲထဲသို့ ဝင်ရောက်လာသည်။
ရှောင်ရှန်းသည် ခြေချိတ်ထိုင်ကာ ရှောင်သယ့်ဇီ ဖျော်ပေးသော လက်ဖက်ရည်ပူပူကို အရသာခံသောက်ရင်း အလုပ်ရှုပ်နေ၏။ ချင်ချန်း ဝင်လာသည်ကို မြင်သော်လည်း သူသည် အေးအေးလူလူပင် ဆိုလိုက်သည်။
“ဟော... စစ်သူကြီးချင်၊ ဘယ်လေက တိုက်လိုက်လို့ ကျုပ်ဆီ ရောက်လာတာလဲ ၊ ဘာလဲ…ကျုပ်ရဲ့ အိပ်မက်ထဲက စကားတွေကို ထပ်ပြီး လေ့လာချင်သေးလို့လား”
ချင်ချန်းသည် သူ၏ စနောက်မှုကို ဂရုမစိုက်ဘဲ ကျယ်လောင်စွာဖြင့် ဆိုလိုက်သည်။
“အရှင့်သား၊ အမိန့်တော်ကို နာခံပါ”
‘ဒီလောက် အရေးကြီးတဲ့အချိန်မှာ ခမည်းတော် ဘာတွေ ထပ်လုပ်ပြန်ပြီလဲ…’
ရှောင်ရှန်းသည် ဒူးထောက်လိုက်ပြီး၊ အမိန့်တော်ကို ခံစားချက်ကင်းမဲ့စွာ အော်ဖတ်ပြနေသော ချင်ချန်း၏ ဖတ်ကြားမှုကို နားထောင်လိုက်သည်။
“ လူရိုင်းမျိုးနွယ်စုရဲ့ ကျူးကျော်မှုဟာ မြို့တံခါးအထိ ရောက်ရှိနေပြီ ၊ ခုလို ဘေးဒုက္ခနဲ့ ကြုံတွေ့ရချိန်မှာ အိမ်ရှေ့စံ ရှောင်ရှန်းဟာ တိုင်းပြည်ရဲ့ အရှင်သခင်အဖြစ် စစ်သည်တော်များနဲ့အတူ ရှိနေသင့်တယ်”
“ ဒါကြောင့် မြို့ရိုးပေါ်ကို ကိုယ်တိုင်တက်ရောက်ပြီး စစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ကာ ရန်သူကို အတူတကွ တိုက်ထုတ်စေ ၊ ဧကရာဇ်မင်း၏ အမိန့် ”
အမိန့်တော်ကို ဖတ်ကြားပြီးနောက် တဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရှောင်ရှန်းသည် ဒူးထောက်လျက်သား ပုံစံအတိုင်းပင် ရှိနေပြီး သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ပဲ့တင်ထပ်နေသည်။
“သွားပြီ၊ ခမည်းတော်က ငါ့ကို အသေခံခိုင်းလိုက်တာပဲ”
ရှောင်ရှန်းတစ်ယောက် အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားပြီး မူးမေ့လဲမတတ် ဖြစ်သွားသည်။
ဤအမိန့်တော်၏ စာသားများမှာ “စစ်သည်တော်များ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်” ဟု ရေးသားထားသော်လည်း ဘာသာပြန်ဆိုလျှင်ဖြင့်၊ “ရှောင်ရှန်း၊ မင်း ပစ်မှတ် သွားလုပ်ချေ ” ဟု ပြောလိုက်ခြင်းပင် မဟုတ်လော။
‘ မြို့ရိုးဆိုတာ ဘယ်လိုနေရာမျိုးလဲ ၊ အဲ့တာ စစ်မြေပြင်ရဲ့ အန္တရာယ်အရှိဆုံးနေရာပဲလေ… မြှားတွေက တဝီးဝီး ၊ ကျောက်တုံးကြီးတွေကလည်း ဝဲလို့ သူ့လို နူးညံ့တဲ့ ကိုယ်လုံးလေးနဲ့ တက်သွားရင် ချက်ချင်းပဲ မြှားတွေစိုက်ပြီး ဖျံ တစ်ကောင်လို ဖြစ်သွားမှာပေါ့…’
“ အမတ်ချုပ် လင်းပေါ်ရုံ ရဲ့ တင်ပြချက်အရပါ...”
ချင်ချန်းသည် မျက်နှာတစ်ခုလုံး ဖျော့တော့နေသော ရှောင်ရှန်းကို ကြည့်ကာ ထပ်ပြောလိုက်သည်။
ရှောင်ရှန်း ချက်ချင်း သဘောပေါက်သွားသည်။
‘ ဪ... လတ်စသတ်တော့ လင်းအဖိုးကြီး ခင်ဗျားကြီးက ‘ဓားငှားပြီးလူသတ်’ တဲ့ အကွက်ကို သုံးလိုက်တာပဲ ၊ ငါ စစ်စခန်းမှာ အေးအေးဆေးဆေး နေနေရတာကို မနာလိုဖြစ်နေတယ်ပေါ့လေ’
“အရှင့်သား၊ ကြွပါ”
ချင်ချန်းသည် ရှောင်ရှန်းကို ဖိတ်ခေါ်ဟန် ပြုလိုက်သည်။
သူသည်လည်း ဤအမိန့်တော်ကို မလွန်ဆန်နိုင်ပေ။ ရှောင်ရှန်းကို မြို့ရိုးပေါ် တင်လိုက်ခြင်းသည် ရန်သူများကို အထဲပေးဝင်လိုက်ခြင်းထက် ပိုအန္တရာယ်များမည်ဟု သူ ထင်မိသော်လည်း၊ သို့သော် အမိန့်က အမိန့်ပင်။
“ငါမသွားဘူး ငါ နေလို့မကောင်းဘူး၊ အအေးမိနေသလိုပဲ၊ ခေါင်းလည်း မူးနေတယ်၊ မြို့ရိုးပေါ် မတက်နိုင်ဘူး”
ရှောင်ရှန်းသည် မြေပြင်ပေါ်သို့ ပြန်ထိုင်ချကာ ဂဂျီဂဂျောင် ကျတော့သည်။
“အရှင့်သား”
ချင်ချန်း၏ အကြည့်များက အေးစက်သွားသည်။
“ဒါဟာ ဧကရာဇ်ရဲ့ အမိန့်တော်ပါ”
နောက်ဆုံးတွင် ရှောင်ရှန်းသည် သံမဏိတိုင်ကြီးများကဲ့သို့သော ကိုယ်ရံတော်နှစ်ဦး၏ ဘယ်ညာ “တွဲကူမှု” ဖြင့် ဟွမ်ဖုန်းခံတပ်၏ မြို့ရိုးပေါ်သို့ ငိုမဲ့မဲ့မျက်နှာဖြင့် တစ်လှမ်းချင်း တက်လာခဲ့ရတော့သည်။
မြို့ရိုးပေါ်သို့ ခြေချလိုက်သည်နှင့် ပြင်းထန်လှသော သွေးညှီနံ့နှင့် ယမ်းခိုးနံ့များက နှာခေါင်းထဲ တိုးဝင်လာသည်။ စစ်ဗုံသံများနှင့် စစ်သည်များ၏ ဟိန်းဟောက်သံများက သူ၏ နှလုံးခုန်နှုန်းကို မြန်စေပြီး ခြေထောက်များကိုပင် တုန်ယင်စေသည်။
မြို့ရိုးအောက်တွင် ရှိနေသော ရန်သူ့တပ်မတော်သည် ဒီရေလှိုင်းများကဲ့သို့ အဆုံးမရှိပေ။
မြို့သိမ်းလှေကားများနှင့် လေးမြားပစ်လက်နက်များသည် ဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာနေကြသည်။
ဤဖိနှိပ်ချုပ်ချယ်သောလေထုသည် လူကို အသက်ရှူမဝအောင် ဖြစ်စေသည်။
ချင်ချန်းသည် မြို့ရိုး၏ အလယ်ဗဟို၊ အတော်ဝေးသော နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် လူတစ်ရပ်ထက် မြင့်သော၊ ရွှေချည်ထိုးထားသည့် “သာရှအိမ်ရှေ့စံမင်းသား” ဟူသော စာလုံးကြီးလေးလုံးပါသည့် နဂါးအလံတစ်ခုကို စိုက်ထူထားသည်။
“အရှင့်သား၊ အရှင့်အနေနဲ့ ဒီနေရာမှာပဲ ရပ်ပြီး အလံတော်ကို ကိုင်ထားပေးပါ ၊ ဒါဟာ စစ်သည်တော်တွေအတွက် ခွန်အားဖြစ်စေပါလိမ့်မယ်”
ချင်ချန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။
သူသည် ဤနေရာကို အထူးရွေးချယ်ပေးထားခြင်း ဖြစ်သည်။ ရှေ့နောက်ဘယ်ညာတွင် ကိုယ်ရံတော်များ ဝိုင်းထားသဖြင့် အလုံခြုံဆုံးနေရာ ဖြစ်သည်။
ရှောင်ရှန်းသည် ကြီးမားလေးလံလှသော ထိုနဂါးအလံတော်ကြီးကို ကြည့်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည်။
‘ စစ်သည်တွေကို ခွန်အားပေးရမယ် ဟုတ်လား၊ ကိုယ့်ဟာကိုတောင် မြေကြီးထဲ ငုပ်လျှိုးသွားချင်နေတာလေ’
ထိုအလံတော်ကြီးကို ကိုင်ဆောင်ရန် သူသည် အတင်းအကျပ် စေခိုင်းခံလိုက်ရ၏။ အလံတိုင်သည် အေးစက်ပြီး အလွန်လေးလံပေသည်။ ဤသို့ဖြင့် ရှောင်ရှန်း၏ ကိုင်ဆောင်မှုအောက်တွင် အလံတိုင်မှာ ဟိုယိမ်းဒီယိမ်းဖြင့် ယိုင်နဲ့နဲ့ ဖြစ်နေ၏။
သူသည် မြို့ရိုးပေါ်တွင် အထင်ရှားဆုံး ပစ်မှတ်ကြီး ဖြစ်နေခဲ့သည်။
“စစ်သည်တို့... ဟိုဟာလေ... ကောင်းကောင်းတိုက်ကြ... နိုင်ရင်... ငါက... အရက်... တိုက်မယ်...”
သူသည် တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်သော်လည်း ၊ သူ၏အသံမှာ ခြင်ကိုက်သံလောက်သာ ရှိသဖြင့် စစ်မြေပြင်၏ ဆူညံသံများကြားတွင် ချက်ချင်း ပျောက်ကွယ်သွားသည်။
“သတ်”
ထိုစဉ်မှာပင် ရန်သူဘက်က စစ်ဆင်ရေးကို စတင်ခဲ့၏။
“မြှားလွှတ်”
မြို့ရိုးပေါ်မှ အမိန့်ပေးသံနှင့်အတူ မြှားမိုးများသည် တိမ်တိုက်များကဲ့သို့ ရွာချလေ၏။
မြို့အပြင်ဘက်မှလည်း မရေမတွက်နိုင်သော မြှားများသည် “ ဝှစ် ဝှစ်” ဟူသော လေကို ထိုးဖောက်သံများနှင့်အတူ ပြန်လည် တိုက်ခိုက်လာကြသည်။
မြှားတစ်စင်းသည် သူ၏ ဘေးနားရှိ မြို့ရိုးတံတိုင်းပေါ်သို့ “ဒုတ်” ခနဲ လာစိုက်ပြီး၊ မြှားအမြီးမှ အမွှေးများမှာ တုန်ခါနေဆဲပင်။
ရှောင်ရှန်းတစ်ယောက် ကြောက်လန့်သွားကာ ဝိညာဉ်ပင် လွင့်စင်မတတ် ဖြစ်သွားမိသည်။
ယခုအခါ သူ၏ ဦးနှောက်ထဲရှိ “အသိတရား” ဟူသော နောက်ဆုံးကြိုးမျှင်လေးသည် လုံးဝ ပြတ်တောက်သွားခဲ့ချေပြီ။
“ပြေးမှဖြစ်မယ်၊ အခုမပြေးရင် ဘယ်တော့ပြေးမလဲ”
အပိုင်း(၈၈)
သူ၏ လေးလံသော အလံတော်ကြီးကို ပခုံးပေါ်သို့ ပစ်တင်ကာ ဝုန်းခနဲ လှည့်လိုက်ပြီး မြို့ရိုးအောက်ရှိ လှေကားထံသို့ ကုန်းကုန်း ကုန်းကုန်းနှင့် ပြေးရန် ကြံလိုက်သည်။
သို့သော် သူသည် အလွန် စိတ်လှုပ်ရှားနေပြီး အလံတိုင်ကလည်း လေးလံလွန်းလှသည်။ ထို့အပြင် ခြေဖဝါးအောက်တွင်လည်း ယခင်တိုက်ပွဲမှ သွေးများကြောင့် ချောကျိကျိ ဖြစ်နေသည်။
“ဖတ် ” ဟူသော အသံနှင့်အတူ ခြေချော်သွားပြီး ဟန်ချက်ပျက်ကာ ရှေ့သို့ ယိုင်ထိုးသွားလေသည်။
အိမ်ရှေ့စံနဂါးအလံတော်ကြီးသည်လည်း သူ၏ လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။
လေးလံလှသော အလံတိုင်၏ အရင်းပိုင်းသည် မြို့ရိုး၏ အကာအရံနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။
ထိုအကာအရံကို အားပြုကာ အလံတော်ကြီးသည် လေထဲတွင် တစ်ပတ်လည်သွားသည်။ ရွှေရောင်နဂါးအလံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေကာ အလံတိုင်၏ ထိပ်ဖျားသည် မြို့ပြင်ရှိ ရန်သူတပ်မတော်၏ ဘယ်ဘက်ခြမ်းမှ သိပ်မထင်ရှားသော ထောင့်လေးတစ်ခုဆီသို့ တည့်တည့်မတ်မတ် ညွှန်ပြလျက်သား ဖြစ်သွားသည်။
“ဟင်”
တိုက်ပွဲကို အော်ဟစ် အမိန့်ပေးနေသော ချင်ချန်းသည် ဤထူးဆန်းသော မြင်ကွင်းကို အမှတ်မထင် မြင်လိုက်ရသည်။
သူ့စိတ်ထဲတွင် ဝုန်းခနဲ ဖြစ်သွားသည်။
အဲဒီဘက်က...
သူ၏ ဦးနှောက်သည် အဆင့်မြင့် စက်ကိရိယာတစ်ခုကဲ့သို့ အမြန်ဆုံး တွက်ချက်လိုက်ပြီး ၊ စစ်မြေပြင်မြေပုံသည် စိတ်ထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။
အမှန်တွင် ထိုထောင့်လေးသည် ရန်သူ၏ အရံတပ်ဖွဲ့နှင့် အဓိက တိုက်စစ်ဆင်ရေးတပ်ဖွဲ့တို့ ချိတ်ဆက်ထားသော အချက်အချာနေရာ ဖြစ်နေသည်။ ၎င်း၏တည်နေရာကို ဖုံးကွယ်ထားသော်လည်း အလွန်ပင် အရေးကြီးလှသည်။
ထိုနေရာကို ဖြတ်တောက်လိုက်သည်နှင့် ရန်သူ၏ ထိုးစစ်ဆင်မှုသည် သေစေနိုင်သော ရပ်တန့်မှုတစ်ခု ဖြစ်ပေါ်သွားပေလိမ့်မည်။
သူသည် အစကတည်းက ထိုနေရာတွင် ပြဿနာရှိနေနိုင်သည်ဟု ရေးတေးတေး ခံစားမိသော်လည်း၊ တိုက်ပွဲ အခြေအနေက အမြဲတမ်း ပြောင်းလဲနေသဖြင့် သူ၏တပ်များကို လမ်းကြောင်းပြောင်း၍ လောင်းကစား မလုပ်ရဲခဲ့ပေ။
သို့သော် ယခုတွင်မူ အိမ်ရှေ့စံ၏ အလံ၊ “ကံကြမ္မာ" ကို ကိုယ်စားပြုသော အလံသည် ထိုနေရာကို တည့်တည့်ညွှန်ပြနေသည်။
‘ ဒါက တိုက်ဆိုင်မှုလား
ဒါမှမဟုတ်... နတ်ဘုရားတွေရဲ့ အလိုတော်လား'
မြွေများရှောင်ကွင်းသွားခြင်း ၊ ဝံပုလွေများ ထွကိပြေးသွားခြင်း ၊ အိပ်မက်ထဲကနေ သတိပေးခြင်း ၊ မင်္ဂလာမရှိသော စစ်မြေပြင်ဟောင်းတွင် တစ်ယောက်တည်း အိပ်စက်ခဲ့ခြင်း စသော မရေမတွက်နိုင်သော ထူးဆန်းသည့် ပုံရိပ်များသည် ချင်ချန်း၏ ဦးနှောက်ထဲတွင် ဖြတ်ပြေးသွားသည်။
‘ တောက် ၊ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ’
ဤတစ်ကြိမ်တွင်မူ ၊ ဤသံမဏိစစ်သူကြီးမှာ ဘာမှ ထပ်ပြီး မတွေးနိုင်တော့ပေ။
သူသည် ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်ပြီး အလံတော် ညွှန်ပြရာဘက်သို့ ညွှန်ကာ ကျယ်လောင်စွာ အမိန့်ပေးလေတော့၏။
“လေးသည်တော်အားလုံး ၊ ပစ်မှတ်က အိမ်ရှေ့စံမင်းသား အလံတော် ညွှန်ပြနေတဲ့ နေရာပဲ … မီးမြှားတွေနဲ့ ပစ်ကြစမ်း၊ သုံးကြိမ်ဆက်တိုက် ပစ်၊ လုံးဝ မရပ်နဲ့”
အမိန့်သည် တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံလှပေသည်။
မြို့ရိုးပေါ်မှ လေးသည်တော်များသည် နားမလည်ကြသော်လည်း စစ်မိန့်အရ ပစ်မှတ်ကို ချက်ချင်းလက်ငင်း ပြောင်းလဲလိုက်ကြသည်။ မီးစွဲနေသော မြှားများကို အသင့်ပြင်ကာ ဘာမှမရှိသလို ထင်ရသော ထိုထောင့်လေးဆီသို့ ချိန်ရွယ်လိုက်ကြသည်။
“လွှတ်”
“ ဝှစိ ဝှစ်——”
မီးမြှား ရာပေါင်းများစွာသည် ကြယ်တံခွန်များအလား ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ထိုနေရာသို့ အတိအကျ ကျရောက်သွားလေ၏။
နောက်တစ်စက္ကန့်တွင် ထူးဆန်းသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
မျှော်လင့်ထားသည့်အတိုင်း ၊ ထိုနေရာတွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
ချုံခိုနေပြီး စစ်ကူပေးရန် အသင့် ပြင်ဆင်ထားသော လူရိုင်းစစ်သည်တော် အမြောက်အမြားသည် ဤမျှော်လင့်မထားသော မီးမြှားမိုးကြောင့် ရှုပ်ထွေးသွားခဲ့သည်။
ရိက္ခာတဲများနှင့် မြက်ခြောက်ပုံများမှာလည်း မီးစွဲကာ မီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားလေ၏။
ရန်သူ့ဘက်မှ စစ်ကူတပ်နှင့် အဓိက တိုက်စစ်တပ်တို့၏ ချိတ်ဆက်မှုသည် ဤမီးမြှားသုံးခါ ပစ်လိုက်ခြင်းကြောင့် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
လူရိုင်းမျိုးနွယ်စု၏ မြို့သိမ်းစစ်ဆင်ရေးမှာ တစ်ခဏချင်းမှာပင် ပျက်စီးသွားခဲ့ရသည်။
“အခွင့်ကောင်းပဲ ၊ တိုက်ကြစမ်း တက်လာတဲ့ ကောင်တွေကို အောက်ကို ပြန်တွန်းချပစ်ကြ”
သာရှစစ်သည်တော်များ၏ စိတ်ဓာတ်သည် အတိုင်းထက်အလွန် မြင့်တက်သွားပြီး၊ ရန်သူဘက်မှ ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ အပြင်းအထန် ပြန်လည် တိုက်ခိုက်ကြတော့သည်။
ခဏတာ လက်လွှတ်ခဲ့ရသော မြို့ရိုးအပိုင်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဤခံစစ်တိုက်ပွဲတွင် အရေးကြီးသော အောင်ပွဲငယ်တစ်ခုကို ရရှိနိုင်ခဲ့သည်။
မြို့ရိုးပေါ်တွင် ကျယ်လောင်သော အောင်ပွဲခံသံများ ထွက်ပေါ်လာခဲ့သည်။
ကျွန်တော်တို့၏ “သူရဲကောင်းကြီး” ရှောင်ရှန်းကတော့ မြေပြင်ပေါ်မှ အရှက်တကွဲ ပြန်ထလာပြီး ၊ ဖင်က ဖုန်များကို ခါချရင်း အသက်ဘေးမှ လွတ်လာသည့်အတွက် ဝမ်းသာနေရှာသည်။
သူသည် ယာယီရပ်ဆိုင်းထားသော တိုက်ပွဲကို နားမလည်နိုင်စွာဖြင့် ကြည့်နေစဉ်မှာပင်၊ ဘေးနားရှိ စစ်သည်များက သူ့ကို အလွန်အမင်း ရူးသွပ်ကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုးက ကြီးမြတ်လှပါပေတယ်”
“အရှင့်သားရဲ့ အလံတော် ညွှန်ပြမှုကြောင့် ရန်သူတွေကို ချေမှုန်းနိုင်ခဲ့ပြီ”
ချီးမွမ်းသံများက သူ့ထံသို့ တရဟော တိုးဝင်လာတော့၏။
ရှောင်ရှန်းခမျာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော အလံတော်ကြီးကို ကြည့်လိုက်၊ ရူးသွပ်သွားပုံရသော စစ်သည်တော်များကို ကြည့်လိုက်နှင့် ကြောင်တောင်တောင် ဖြစ်နေရှာသည်။
“.....”
‘ငါ... ငါ ဘာလုပ်လိုက်လို့လဲ’
အလှမ်းမဝေးသော နေရာတွင် ရှိနေသော ချင်ချန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ၊ စစ်သည်များဖြင့် ဝိုင်းအုံကာ ကြည်ညိုလေးစားခြင်း ခံနေရသည့် ရှောင်ရှန်းကို ကြည့်လိုက်သည်။
‘ ဒီကောင်လေးက... တကယ့်ကို မကောင်းဆိုးဝါး တစ်ကောင်ပဲ ၊ ရှေ့တန်းကနေ ထွက်ပြေးတာတောင်မှ ဒီလောက်ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုကို ဖန်တီးနိုင်တယ်ပေါ့လေ’