အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉) ငါကိုယ်တော် တကယ်ပဲ ခြေချော်လဲခဲ့တာပါ
ချင်ချန်းသည် အောင်ပွဲခံနေသော လူအုပ်ကြီးကို ဖြတ်၍ ရှောင်ရှန်း၏ ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့သည်။
စစ်သည်များသည် အလိုအလျောက် လမ်းဖယ်ပေးကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် မိမိတို့၏ အိမ်ရှေ့စံမင်းသားအပေါ် ကြည်ညိုလေးစားမိသည့် ခံစားချက်များ လျှံကျမတတ် ရှိနေသည်။
“အရှင့်သား”
မျက်နှာတွင် သွေးများ ပေကျံနေသော စစ်သူကြီးတစ်ဦးသည် စိတ်လှုပ်ရှားလွန်း၍ အသံများပင် တုန်ယင်နေသည်။
“အရှင့်သား... အရှင် ဘယ်လိုများ သိလိုက်တာလဲ ၊ အဲဒီထောင့်ကို ကျွန်တော်တို့ ကင်းထောက်တွေ သုံးကြိမ်တိုင်တိုင် သေချာစစ်ဆေးခဲ့ပြီးပြီ၊ ဘယ်သူမှမရှိတဲ့နေရာလို့ အတည်ပြုထားတာ”
“ ရန်သူ့အရံတပ်က အဲဒီလောက် နက်နက်ရှိုင်းရှိုင်း ပုန်းနေတာကို အရှင်ကတော့ တစ်ချက်ကြည့်ရုံနဲ့ ထိုးဖောက်မြင်လိုက်နိုင်တယ်”
ရှောင်ရှန်း တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လည်ချောင်းများပင် ခြောက်ကပ်လာသည်။
‘ ဘယ်လိုမြင်တာလဲ ဟုတ်လား ငါ့ခြေထောက်က ချော်လဲရင်း ထွက်လာတာလို့ ပြောရင် မင်းတို့ ယုံမလား’
ယခုအချိန်တွင် သူလည်း အတော်လေး ဗျာများနေသည်။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘူးဆိုပါက၊ သူ၏ “အကြံအစည် နက်နဲသူ” ဆိုသည့် ဂုဏ်သတင်းကြီးသည် မြို့ရိုးပေါ်က အုတ်ခဲတွေထက်ပင် ပို၍ ခိုင်မာသွားပေတော့မည်။
“အဲဒါကတော့...”
ရှောင်ရှန်းတစ်ယောက် မျက်လုံးများ ကစားလိုက်ပြီး၊ အကြံတစ်ခု ရသွားဟန်ရကာ ဇာတ်လမ်းတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်သည်။
“အလိုလိုသိစိတ်ပေါ့ ၊ ဒီတိုင်း... ငါ အမှတ်မထင် ကြည့်လိုက်တော့ အဲဒီနေရာက တစ်ခုခု မူမမှန်ဘူးလို့ ခံစားလိုက်ရတာပဲ”
သူ၏ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော စကားများသည် ဘေးပတ်ဝန်းကျင်ရှိ စစ်သည်တော်များ၏ နားထဲတွင်မူ
လုံးဝကွဲပြားသော အရာတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုလေတော့သည်။
'အမှတ်မထင် ကြည့်လိုက်တာ '
‘ အလိုလိုသိစိတ်တဲ့လား '
‘ ဒါဟာ ဒဏ္ဍာရီထဲက... စစ်မြေပြင် ဗီဇလား၊ ဒါဟာ မွေးရာပါ စစ်သူကြီးတစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုဆိုတာလား’
‘သာမန်လူတွေက အကြိမ်ကြိမ် တွက်ချက်ပြီး အသက်ကိုစွန့်စားမှ ရလာနိုင်တဲ့ သတင်းအချက်အလက်ဟာ အိမ်ရှေ့စံ မင်းသားကတော့ “ခံစားချက်” တစ်ခုတည်းနဲ့တင် ဖြစ်တယ်တဲ့လား’
‘ ဒါ အတော်လေးကို ကြောက်စရာကောင်းတဲ့ အရည်အချင်းပဲ’
“ကျွန်တော်မျိုး... နားလည်ပါပြီ”
ထိုစစ်သူကြီးသည် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ။
“အရှင့်သားရဲ့ အရည်အချင်းက ကျွန်တော်တို့လို သာမန်လူတွေ ခန့်မှန်းလို့ ရနိုင်တဲ့အရာ မဟုတ်ဘူးပဲ”
ရှောင်ရှန်း- “......”
‘မင်းတို့တွေ တစ်ခါလောက်ပဲ ရိုးရိုးတန်းတန်း တွေးပေးဖို့ ကျုပ် တောင်းဆိုပါရစေ '
ထိုစဉ် ချင်ချန်းသည် သူ့ရှေ့သို့ ရောက်ရှိလာပြီး စကားလုံးအချို့ကို ညှစ်ထုတ်ကာ ပြောလိုက်သည်။
“အရှင့်သားက တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်”
ဤစကားလုံးလေးလုံးသည် ဘယ်သောအခါမှ ချီးမွမ်းလေ့မရှိသည့် ဤသံမဏိစစ်သူကြီး၏ နှုတ်မှ ထွက်လာသဖြင့် တောင်ကြီးတစ်တောင်ကဲ့သို့ အလေးချိန် စီးလှသည်။
“မြို့ရိုးပေါ်မှာ လေတိုက်တာ ပြင်းတယ်၊ အရှင့်သားရဲ့ ခန္ဓာကိုယ်က အဖိုးတန်ပါတယ်..အရင်ဆုံး စစ်တဲကို ပြန်ပြီး နားပါဦး”
ချင်ချန်း၏ အသံမှာ တည်ငြိမ်လှသည်။
“ဒီနေရာမှာတော့ ကျွန်တော်မျိုး ရှိပါတယ်”
အမှန်အားဖြင့် ချင်ချန်းတစ်ယောက် ယခုအချိန်တွင် ဤပုံမှန်မဟုတ်သော “လူသားလက်နက်ကြီး” ကို အမြန်ဆုံး ပြန်ပို့ချင်နေပြီ ဖြစ်သည်။
သူ့ကို မြို့ရိုးပေါ်တွင် ဆက်နေခိုင်းမည်ဆိုပါက၊ ချင်ချန်း၏ စိတ်နှလုံးသားမှာ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
‘တော်ကြာ နောက်တစ်ခါကြ သန်းဝေလိုက်ရုံနဲ့ ဟိုဘက်ရန်သူက လူရိုင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးကို သေမင်းထံ ပို့လိုက်ဦးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ…’’
“ကောင်းပြီ၊ ကောင်းပြီ”
ရှောင်ရှန်းသည် လွတ်ငြိမ်းခွင့်ရရှိသွားသကဲ့သို့ ခေါင်းကို တရစပ် ညိတ်လိုက်သည်။
ဤနေရာတွင် သူ ဆက်နေဦးမည်ဆိုပါက၊ ဤလူများသည် သူ့ကို “နတ်ဘုရား” တစ်ပါးအဖြစ် ကိုးကွယ်ကြတော့မည်ကို စိုးရိမ်နေမိသည်။
ကိုယ်ရံတော်နှစ်ဦး၏ “စောင့်ရှောက်မှု” ဖြင့် ရှောင်ရှန်းသည် မြို့ရိုးပေါ်မှ ထွက်ပြေးလာတော့သည်။
ဤလမ်းတစ်လျှောက်တွင် စစ်သည်များ၏ ပြောင်းလဲသွားသော အကြည့်များကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ယခင်ကကဲ့သို့ အထင်သေးသော၊ လှောင်ပြောင်လိုသော အကြည့်များ မဟုတ်တော့ပေ။
ယင်းအစား ကြောက်ရွံ့မှု၊ စပ်စုမှုနှင့် ရူးသွပ်မှုများ ရောယှက်နေသော တိုးတိုးတိတ်တိတ် ပြောဆိုသံများသာ ဖြစ်သည်။
“တွေ့လိုက်လား …အိမ်ရှေ့စံမင်းသားက ခုနက လုပ်လိုက်တာ တကယ်ကို အံ့သြစရာပဲ ၊ အလံကို ညွှန်လိုက်ရုံနဲ့ ရန်သူတွေကို ရုန်းရင်းဆန်ခတ် ဖြစ်သွားအောင် လုပ်နိုင်တယ်”
“ တို့အိမ်ရှေ့စံမင်းသားက မရိုးရှင်းဘူးဆိုတာ ငါ အစကတည်းက သိသားပဲ…စဉ်းစားကြည့်လေ၊ အဆိပ်ရှိတဲ့ သတ္တဝါတွေက ရှောင်ကွင်းသွားတယ်၊ ဝံပုလွေတွေကလည်း ထွက်ပြေးကုန်တယ် ဒါက သာမန်လူ လုပ်နိုင်တဲ့အရာလား”
“အရင်က သူ့ကို ကြောက်တတ်တယ်လို့ ပြောကြတာ၊ ငါ့အမြင်တော့ အဲဒါက ကျားကိုစားဖို့ ဝက်ယောင်ဆောင်တာပဲ…သူများကဖြင့် ဒီလို အခြေအနေလေးကို မျက်စိထဲတောင် ထည့်မှာ မဟုတ်ဘူး”
“ဟုတ်တယ် ဟုတ်တယ် ၊ ခုနက ကြောက်နေသလို ဟန်ဆောင်နေတာ ရန်သူကို လှည့်စားဖို့ပဲ ဖြစ်ရမယ်”
“မြင့်တယ် ၊ တကယ်ကို မြင့်လွန်းတဲ့ အကွက်ပဲ”
ဤပြောဆိုသံများသည် ရှောင်ရှန်း၏ နားထဲသို့ တစ်လုံးမကျန် ဝင်ရောက်လာသဖြင့် သူ့ခမျာ ခြေချော်ကာ ပစ်လဲမတတ် ဖြစ်ခဲ့ရပြန်၏။
‘သွားပြီ…’’
‘သူ အပင်ပန်းခံ တည်ဆောက်ထားခဲ့တဲ့ “အသုံးမကျသူ” ဆိုတဲ့ ပုံရိပ်က သူကိုယ်တိုင် ခြေချော်လဲခဲ့တဲ့ အချက်ကြောင့် တစ်စစီ ပျက်စီးသွားခဲ့ပြီတဲ့လား..’
စစ်တဲသို့ ပြန်ရောက်သောအခါ ရှောင်သယ့်ဇီက ချက်ချင်းဆိုသလို အပြေးအလွှား ဆီးကြိုလေ၏။
“အရှင့်သား၊ အရှင်က တကယ်ကို တော်တာပဲ ကျွန်တော်မျိုး တဲထဲမှာ နေရင်းတောင် ကြားနေရတယ်၊ အပြင်မှာ လူတိုင်းက အရှင်ဟာ စာပေနတ်ဘုရား နဲ့ စစ်နတ်ဘုရား ဝင်စားတာလို့တောင် ပြောနေကြပြီ… အလံတစ်ချက်နဲ့တင် ကမ္ဘာကြီးကို ပြောင်းလဲလိုက်တာပဲ”
ရှောင်ရှန်းသည် ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး လက်ကာပြလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း၊ ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးဦး”
ယခု သူ့စိတ်ထဲတွင် လုံးဝ ရှုပ်ထွေးနေသည်။ သူ့ခေါင်းကို နံရံနှင့် ဆောင့်ပြီးသာ သေချင်မိသည်။ သူ၏ “နန်းချခံရမည့်”စီမံကိန်းကြီးသည် အဘယ့်ကြောင့် ဝေးသထက်ပိုဝေးသွားပြီး၊ ရယ်စရာကောင်းနေရသနည်း။
ထိုစဉ် ၊ တဲလိုက်ကာ ပွင့်သွားပြီး ချပ်ဝတ်တန်ဆာ၏ အေးစိမ့်သော အငွေ့အသက်များနှင့်အတူ အရပ်ရှည်ရှည် လူရိပ်တစ်ခု ဝင်ရောက်လာသည်။
ထိုသူမှာ ချင်ချန်းပင် ဖြစ်သည်။
သူသည် ရှောင်သယ့်ဇီကို ထွက်သွားရန် လက်ပြလိုက်သည်။
တဲလိုက်ကာ ကျသွားသည်နှင့် ၊ အပြင်ဘက်မှ ဆူညံသံများနှင့် အကြည့်များအားလုံးသည်လည်း ချက်ချင်းပင် ပြတ်တောက်သွားခဲ့သည်။
တဲအတွင်းရှိ အခြေအနေမှာ တင်းမာနေ၏။ ချင်ချန်း၏ သိန်းငှက်မျက်လုံးများသည် ရှောင်ရှန်းကို စိုက်ကြည့်နေပြီး ၊ သူ၏ စိတ်ဝိညာဉ်ထဲမှ လျှို့ဝှက်ချက်များကို တူးဖော်ရန် ကြိုးစားနေသကဲ့သို့ပင်။
“အရှင့်သား”
ချင်ချန်းက အရင်ဆုံး စကားစလိုက်သည်။ သူ၏ အသံမှာ နက်ရှိုင်းပြီး အက်ကွဲနေသည်။
“ဘာ... ဘာလဲ”
ရှောင်ရှန်းသည် သူ့အကြည့်အောက်တွင် မသက်မသာ ခံစားလိုက်ရသည်။
“အခု ဒီနေရာမှာ အပြင်လူ မရှိတော့ပါဘူး”
ချင်ချန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
“အရှင့်သား ထပ်ပြီး ဟန်ဆောင်နေဖို့ မလိုတော့သလို၊ ကျွန်တော်မျိုးကိုလည်း စမ်းသပ်နေဖို့ မလိုတော့ပါဘူး”
ရှောင်ရှန်းခမျာ ကြောင်သွားသည်။
“ဟန်ဆောင်တာ ၊ စမ်းသပ်တာ ..ငါက ဘာကို ဟန်ဆောင်လို့လဲ”
“ရန်သူ့အရံတပ်က ဘယ်ဘက်မှာ ပုန်းနေတာကို အရှင် ဘယ်လိုများ သိလိုက်တာလဲ”
ချင်ချန်းက တစ်လုံးချင်း မေးလိုက်သည်။
“ဒီလိုမျိုး ထိုးထွင်းသိမြင်နိုင်စွမ်းကိုသာ... ပုံတူကူးယူနိုင်မယ်ဆိုရင်၊ ကျွန်တော်တို့ သာ့ရှစစ်တပ်ကြီးက လူရိုင်းမျိုးနွယ်စုတွေကို ချေမှုန်းဖို့ ဘာများ ပူပန်စရာလိုဦးမှာလဲ”
ရှောင်ရှန်းသည် ကုလားထိုင်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“စစ်သူကြီးချင် ၊ ငါ့ကို ရှင်းပြခွင့်ပေးဦး… ကိစ္စက မင်းထင်သလို မဟုတ်ဘူး”
ချင်ချန်းက မျက်ခုံးပင့်လိုက်ပြီး “ကဲ... မင်း ဘယ်လိုများ ဆက်ပြီး သရုပ်ဆောင်ဦးမလဲ ကြည့်ရသေးတာပေါ့” ဟူသော မျက်နှာပေးနှင့် ကြည့်နေသည်။
“ငါ အရံတပ်ရှိနေတာကို လုံးဝ မသိဘူး”
ရှောင်ရှန်းတစ်ယောက် ငိုချင်စိတ်ပေါက်ကာ သူ့ကိုယ်သူ လက်ညိုးထိုးရင်း။
“အဲ့တုန်းက ငါ ကြောက်နေခဲ့တာ ၊ ငါက ထွက်ပြေးချင်နေခဲ့တာ…အဲဒီအလံစုတ်ကြီးကို ထမ်းပြီး လှည့်ထွက်ပြေးဖို့ ကြံနေတုန်း ခြေချော်သွားတာ၊ ဟုတ်တယ်.. ခြေချော်လဲတာ အလံက လက်ထဲက လွတ်သွားပြီး မြို့ရိုးပေါ်ကို ရိုက်မိတယ်၊ ပြီးတော့ အဲဒီဘက်ကို သူ့အလိုလို ညွှန်ပြသွားတာ ငါနဲ့ နည်းနည်းမှ မဆိုင်ဘူး”
သူသည် အားကုန်ထုတ်သုံးကာ အမှနိအတိုင်း ရှင်းပြရှာသည်။
ဤမျှ ပွင့်ပွင့်လင်းလင်း၊ ရှက်စရာကောင်းသော အမှန်တရားကို ထုတ်ပြောလိုက်လျှင်ဖြင့် ချင်ချန်းတစ်ယောက် ယုံကြည်သွားလိမ့်မည်ဟု သူ ထင်လိုက်မိသည်။
အပိုင်း(၉၀)
သို့သော် ချင်ချန်းသည် သူ၏ “ဝန်ခံချက်” ကို ကြားပြီးနောက် ၊ စိတ်သက်သာရာရ သွားမည့်အစား သူ၏ မျက်နှာထားက ပို၍ တည်ကြည်သွားကာ အကြည့်များကလည်း ပို၍ နက်ရှိုင်းသွားသည်။
သူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလာခဲ့၏။
“ကျွန်တော်မျိုး... နားလည်ပါပြီ။”
ရှောင်ရှန်း: “ ....”
‘ နားလည်သွားပြီ …မင်းက ဘာကို နားလည်တာလဲဟ '
ချင်ချန်းသည် ရှောင်ရှန်း၏ “မင်း ဘာလို့ လူကို မယုံရတာလဲ” ဟူသော ဒေါသတကြီး မျက်နှာပေးကို ကြည့်ရင်း ၊ သူ၏ စိတ်ထဲတွင်မူ လှိုင်းထန်လို့နေလေသည်။
'ခြေချော်လဲတာတဲ့လား…’’
‘ဒီအိမ်ရှေ့စံမင်းသားက တကယ်ကို နက်နဲတာပဲ သူ့ကိုယ်သူ ဂုဏ်သိက္ခာချပြီးတောင် သူ့ရဲ့ ထူးကဲလှတဲ့ ပါရမီကို ဖုံးကွယ်နေတာပဲ'
‘ဒါမှမဟုတ်... ဒီ “ခြေချော်လဲတယ်” ဆိုတာက
လျှို့ဝှက်ကုဒ်တစ်ခုများလား’
‘ဒါဟာ ကောင်းကင်ဘုံအလိုတော်ကို သိမြင်နိုင်တဲ့ “ ကောင်းကင်ဘုံနဲ့ တစ်သားတည်းကျသွားတဲ့” အခြေအနေကို ရောက်သွားတဲ့အခါ သုံးတဲ့ လျှို့ဝှက်အမည်ပဲ ဖြစ်ရမယ်….’
ချင်ချန်း၏ ဦးနှောက်ထဲတွင် သဲလွန်စများကို အချင်းချင်း ချိတ်ဆက်လေတော့၏။
'အရက်မူးပြီး လျှောက်ပြောရာက ဧကရာဇ်မင်းက အိမ်ရှေ့စံအရာ မြှောက်လိုက်တာဟာ “ပရမ်းပတာကြားက ပါရမီရှင် တစ်ယောက်ရဲ့ အောင်ပွဲခံခြင်း”ပဲ’
' အိပ်မက်ထဲမှာ ရေရွတ်ပြီး ရန်သူရဲ့ ညဘက်တိုက်ခိုက်မှုကို ကြိုသတိပေးတာဟာ “စိတ်ဝိညာဉ် ခန္ဓာပြင်ပထွက်ခြင်း”ပဲ’
'မင်္ဂလာမရှိတဲ့ စစ်မြေပြင်ဟောင်းကို ရောက်သွားပြီး အေးဆေးအိပ်ပျော်နေတာဟာ “မကောင်းမှုကို ငြိမ်းသက်နိုင်တယ်”ဆိုတာ သက်သေပြလိုက်တာပဲ”
' အခု ရှေ့တန်းမှာ “ခြေချော်လဲ” ပြီး ရန်သူ့အားနည်းချက်ကို ညွှန်ပြတာဟာ “ကောင်းကင်ဘုံရဲ့ အလိုတော်”ကို ပြသလိုက်တာပဲ”
‘ဪ... လတ်စသတ်တော့ ဒီလိုကိုး’
‘ ဒီအိမ်ရှေ့မင်းသားက ဟန်ဆောင်နေတာ မဟုတ်ဘူးပဲ၊ သူရဲ့ လှုပ်ရှားမှုတိုင်းဟာ အဓိပ္ပာယ်မရှိသလို ထင်ရပေမဲ့ တကယ်တော့ ကောင်းကင်ဘုံရဲ့ နိယာမတွေနဲ့ ကိုက်ညီနေတာပဲ'
‘ သူက စစ်ဗျူဟာကို သုံးနေတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က... ကောင်းကင်ဘုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကိုးး…’
“အရှင့်သားရဲ့ ‘ခြေချော်လဲခြင်း’ က တကယ်ကို နတ်ဘုရားတွေ ဖန်တီးလိုက်တဲ့ အကွက်ပါပဲ၊ ကျွန်တော်မျိုး အရှင့်ကို အကြွင်းမဲ့ ကြည်ညိုလေးစားမိပါတယ်”
ချင်ချန်းသည် ရှောင်ရှန်းကို စိတ်ရင်းမှန်ဖြင့် ဦးညွှတ်ကာ အရိုအသေပြုလေတော့သည်။
ရှောင်ရှန်းမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး ကျောက်ရုပ်ပမာ ဖြစ်နေလေ၏။
သူသည် ချင်ချန်းနှင့် မိမိကြားတွင် ကျော်ဖြတ်လို့ မရနိုင်သော ကြီးမားသည့် ချောက်ကြီးတစ်ခု ခြားနေသည်ဟု ခံစားလိုက်ရသည်။
ထိုချောက်ကြီး၏ အမည်မှာ “စိတ်ကူးယဉ်ခြင်း” ပင် ဖြစ်သည်။
မိုင်အနည်းငယ်အကွာရှိ လူရိုင်းမျိုးနွယ်စု တပ်စခန်း၏ ဗဟိုစစ်တဲအတွင်း၌။
“ဂလွမ်း ”
အရက်ခွက်တစ်ခွက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသဖြင့် တစ်စစီ ကွဲကြေသွားသည်။ လူရိုင်းမျိုးနွယ်စု၏ စစ်သူကြီးမှာ ဒေါသတကြီး ဖြစ်နေခဲ့သည်။
“အသုံးမကျတဲ့ကောင်တွေ ၊ မင်းတို့ကောင်တွေ အသုံးမကျတဲ့ကောင်တွေပဲ”
သူသည် ဒူးထောက်နေသော လက်ထောက် စစ်သူကြီးများကို လက်ညိုးငေါက်ငေါက် ထိုးရင်း ကျိန်ဆဲလိုက်သည်။
“ငါတို့ အဲဒီလောက် နက်နက်ရှိုင်းရှိုင်း ဝှက်ထားတဲ့ အရံတပ်ကို သာ့ရှရဲ့ လေးသည်တော်တွေက ဘယ်လိုလုပ်သိပြီး အမြစ်ပြတ်အောင် လုပ်နိုင်သွားတာလဲဆိုတာ ငါ့ကို ပြောပြစမ်း ၊ အဲဒီနေရာက ငါတို့ကိုယ်ပိုင် စာပို့ချိုးငှက်တွေတောင် ရှာမတွေ့နိုင်တဲ့ နေရာကွ”
လက်ထောက် စစ်သူကြီးတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။
“စစ်သူကြီး... လွတ်လာတဲ့ စစ်သည်တွေ ပြောပြချက်အရ... သာ့ရှရဲ့ အိမ်ရှေ့စံ အလံက... ကျွန်တော်တို့ဘက်ကို ညွှန်ပြလိုက်လို့ပါတဲ့...”
“ အဓိပ္ပာယ်မရှိလိုက်တာ”
စစ်သူကြီးသည် ဘေးနားက စားပွဲကို ကန်ထုတ်လိုက်သည်။
“ကလေးတစ်ယောက်ရဲ့ အလံ ဟုတ်လား ၊ မင်းက ငါ့ကို သုံးနှစ်သား ကလေးလို့ အောက်မေ့နေလား …သွားစုံစမ်းကြ ငါတို့တပ်ထဲမှာ သာ့ရှရဲ့ သူလျှိုရှိနေတယ်လို့ ငါ သံသယရှိတယ်”
ရန်သူ့စခန်းအတွင်းမှာလည်း စိုးရိမ်ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ဖုန်းဟွမ်ခံတပ်တွင်မူ ချင်ချန်းသည် ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ စိတ်ထဲက သံသယများ အားလုံး ပျောက်ကွယ်သွားပြီး ၊ အောင်ပွဲ၏ သော့ချက်ကို ရှာတွေ့သွားပြီးနောက် ဝမ်းသာပျော်ရွှင်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
သူသည် လှည့်လိုက်ပြီး ကိုယ်ရံတော်ခေါင်းဆောင်အား အံ့သြသွားစေသည့် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
“ငါ့ရဲ့ စစ်မိန့်ကို နားထောင်စမ်း၊ အခုကစပြီး အိမ်ရှေ့စံမင်းသားရဲ့ ဘေးကင်းရေးကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်လိုက်… အတော်ဆုံး ကင်းထောက်တစ်ဖွဲ့လုံးကို လွှတ်ပြီး ၂၄ နာရီပတ်လုံး တိတ်တဆိတ် စောင့်ရှောက်ရမယ်”
“ဟုတ်ကဲ့”
ကိုယ်ရံတော်ခေါင်းဆောင်က ချက်ချင်း ဖြေကြားလိုက်သည်။
“ပြီးတော့...”
ချင်ချန်းသည် ခဏရပ်ကာ အသံကို နှိမ့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“အိမ်ရှေ့မင်းသားရဲ့ လှုပ်ရှားမှုတိုင်းကို သေချာ စောင့်ကြည့်ထားစမ်း၊ သူပြောသမျှ စကားတိုင်း၊ သူ သန်းဝေလိုက်တိုင်း၊ သူ အကြောဆန့်လိုက်တိုင်း၊ ဒါမှမဟုတ်... သူ ခြေချော်လဲလိုက်တိုင်း အားလုံးကို တစ်သဝေမတိမ်း မှတ်တမ်းတင်ထားရမယ် တစ်လုံးမှ မကျန်စေနဲ့”
ကိုယ်ရံတော်ခေါင်းဆောင်မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဤအမိန့်ကို သူ လုံးဝ နားမလည်နိုင်သော်လည်း ၊ ကြောက်အားလန့်အားဖြင့်သာ အမိန့်ကို နာခံလိုက်တော့သည်။
တဲအတွင်း၌ ရှောင်ရှန်းတစ်ယောက်တည်း ရှိနေပြီး၊ သူသည် အားအင်အကုန်လုံး ကုန်ခမ်းသွားသကဲ့သို့ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲနေလေ၏။
သွားပြီ၊ အခုတော့ တကယ်ကို သွားပြီ…
သူသည် မိမိကိုယ်ကိုယ် 'အသုံးမဝင်သူ' တစ်ယောက် အဖြစ် မပြောင်းလဲနိုင်ရုံသာမက လူတိုင်းက ဝိုင်းကိုးကွယ်ကြသည့် နတ်ဘုရားတစ်ပါးပင် ဖြစ်သွားခဲ့လေ၏။
ယခု စစ်နတ်ဘုရား ချင်ချန်းသည်ပင် သူ၏ “နတ်ဘုရား” ပုံရိပ်၏ ပထမဆုံး ပရိသတ်ကြီး ဖြစ်သွားခဲ့ချေပြီ။
ဤအိမ်ရှေ့စံရာထူးသည် ယမ်းပေါင် ၅၀ ဖြင့် ဖောက်ခွဲရင်တောင် လွင့်ထွက်သွားတော့မည် မထင်။
“ဒီလိုနေ့ရက်တွေက... ဘယ်တော့မှ ကုန်ဆုံးတော့မှာလဲ...”
သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။
သူ၏ ဦးနှောက်ထဲတွင် ငြိမ်သက်နေသော ထူးဆန်းသည့် “တစ္ဆေလက်ရေးခြစ်” များသည် သူ၏ အချည်းနှီးသော ရုန်းကန်မှုကို လှောင်ပြောင်နေသကဲ့သို့ ပြန်လည် သက်ဝင်လှုပ်ရှားလာကြသည်။