← Chapters

အမျက်ဒေါသ

Vol. 12 Ch. 1186

အမျက်ဒေါသ

Vol. 12 Ch. 1186

"အဏ္ဏဝါခေါ်သံဂိုဏ်းက လူတွေအကုန်လုံး အဖမ်းခံလိုက်ရပြီ "

" မိစ္ဆာဧကရာဇ်မြို့ရဲ့အပြင်မှာ မန္တန်ဝင်္ကပါအကြီးကြီးတစ်ခု နေရာချထားတယ် "

" သူတို့ ကောင်းကင်တံတားဒေသက ကျင့်ကြံသူတစ်သောင်းရဲ့သွေးတွေ နုတ်ယူတော့မယ် "

ဖက်တီးကျန်းကြီးထံမှ စာတစ်စောင်ချင်းစီက ပိုင်ရှောင်ချန်း၏ နှလုံးသားကို ထိုးစိုက်နေသော ဓားတစ်ချောင်းအလားပင်။

ယခုအခါ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၊ လီချင်းဟောက်နှင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှ သွေးသောက်ရဲဘော်များနှင့်တကွ ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများက မြို့အပြင်က မန္တန်ဝင်္ကပါတစ်ခုတွင် ပိတ်မိနေကြလေပြီ။

ဖက်တီးကျန်းကြီးက သူ၏စာများထဲတွင် စိုးရိမ်ပူပန်သည်သာမက ဒေါသတကြီး အော်ဟစ်နေလေသည်။ ပိုင်ရှောင်ချန်းမှာ ယခုလက်ရှိ သူ ခံစားနေရသည့် စိတ်ပျက်အားငယ်မှုကို စိတ်ကူးသာကြည့်နိုင်တော့သည်။

သူက နာကျင်စွာ ဗလောင်ဆူနေပြီး ရင်တဒိန်းဒိန်းခုန်နေလျက် နီမြန်းနေသောမျက်ဝန်းများဖြင့် ထရပ်ကာ မချိတင်ကဲ ေအာ်ဟစ်လိုက်သည်။

နာကျင်မှုများက သူ့ကို စိတ်ရောကိုယ်ပါ ညှင်းပန်းနှိပ်စက်နေတော့သည်။

ဒေါသများက သူ၏စိတ်မှ ဝိညာဥ်ထဲထိ စိုးမိုးချုပ်ကိုင်သွား၏။

သူသည် အင်ပါယာနန်းတော်က မတော်တဆမှုပြီးကတည်းက နက်နက်ရှိုင်းရှိင်း နာကျင်ခံစားခဲ့ရပြီး ကုန်းစွန်းဝမ်အာသာ ကြားမဝင်ခဲ့လျှင် ထိန်းမနိုင်သိမ်းမရဖြစ်သွားခဲ့မည်ဖြစ်သည်။ ထို့နောက် ဗဟိုဧကရာဇ်၏ အမွေအနှစ်ကြောင့်သာ သူသည် လက်သီးဆုပ်၍ သံရုံးထံသို့ မလှမ်းချင်လှမ်းချင်ဖြင့် အသက်မပါစွာ ပြန်လာခဲ့နိုင်၏။ ထို့နောက်တွင် သူက ကျင့်ကြံအားထုတ်ခြင်း၌ အရူးအမူးနီးပါး ဖြစ်လာသည်။

သူက ယပ်တောင်အစုတ်ကြီး၏ ပိုင်ရှင်အသစ်ဖြစ်လာပြီးနောက် အတန်ငယ် စိတ်အားတက်ကြွခဲ့သော်လည်း ယခုတွင် ဤသတင်းကြောင့် ပြန်လည်ချိုးနှိမ်ခံလိုက်ရလေပြီ။ ယခုအချိန်တွင် သူ့အတွက် သူ့နှလုံးသားထဲတွင် ခံစားနေရသော ဒေါသများကို ဖိနှိပ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

မည်သည့်အကျိုးဆက်များဖြစ်စေ၊မည်သည့်အရာကို ပေးဆပ်ရပါစေ၊ သူဂရုမစိုက်တော့၊ ဤသည်ကား စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် လီချင်းဟောက် မဟုတ်ပါလော။

ဤသည်ကား အဏ္ဏဝါခေါ်သံဂိုဏ်း။ ဤသည်ကား ကောင်းကင်တံတားဒေသမှ လူတစ်သောင်း၏အသက်များ။

သူက ရူးသွပ်စွာ ရယ်မော၍ ပြင်းထန်သော ထစ်ခြုန်းသံများနှင့်အတူ သံရုံးမှ တဟုန်ထိုးထွက်သွား၏။ တချိန်တည်းမှာပင် သူ့ထံမှ သံရုံးနှင့် ဘေးပတ်လည်ရှိ အရာအားလုံးကို ဆောင်းရာသီ၏အအေးဆုံးကာလရောက်သွားစေသည့် အသတ်အဖြတ်အရှိန်အဝါများ ပေါက်ကွဲထွက်လာလေသည်။ ရှိသမျှကျင့်ကြံသူများအားလုံး ထိုအရှိန်အဝါကြောင့် ရောက်သည့်နေရာတွင် ချက်ချင်း ချုပ်နှောင်ခံလိုက်ရသဖြင့် တဆတ်ဆတ် တုန်ရီသွားကြတော့သည်။

တခဏကြာသော် ပိုင်ရှောင်ချန်း၏ ပတ်လည်တွင် သွေးမြူတိမ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သူက နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို တိုက်ရိုက်အသုံးပြုနေလေသည်။

ချက်ချင်းပင် သူက သံရုံးမှပျောက်ကွယ်သွား၏။ သံရုံးအမှုထမ်းများ အသိစိတ်ပြန်ဝင်လာသည့်အချိန် သူ ပျောက်သွားပြီဖြစ်ပြီး သူသွားနေသည့်နေရာအား သူတို့အားလုံး အတိအကျ သိကြလေသည်။

" ကိစ္စကြီးတစ်ခုတော့ ဖြစ်တော့မယ် "

" မြန်မြန်လုပ် ၊သူတော်စင်ဧကရာဇ်မ်ြို့တော်ကို အကြောင်းကြားကြ "

သံရုံးရှိလူတိုင်း အလွန်တရာ စိတ်လှုပ်ရှားနေကြလေသည်။ သိသာစွာပင် မိစ္ဆာမင်းသား ကြံစည်နေသည်ကို သူတို့သိကြသောကြောင့် ပိုင်ရှောင်ချန်း ရုတ်တရက် ဝုန်းခနဲလှုပ်ရှားသွားသည်ကို မြင်ရသည်မှာ မိစ္ဆာဧကရာဇ်မြို့တော် ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မည့် ထင်ရှားပေါ်လွင်သော လက္ခဏာတစ်ခုဖြစ်ပေသည်။

သို့ပင်ငြား ဖြစ်တော့မည့် အရာက သူတို့စိတ်ကူးယဥ်နိုင်လောက်သော မည်သည့်အရာမဆိုထက် ကျော်လွန်သည်။

ပိုင်ရှောင်ချန်းဖြစ်သော သွေးမြူတိမ်ကြီးက မြို့ထဲမှ တဟုန်ထိုးထွက်ခွာပြီးနောက် အံသြစရာကောင်းလောက်အောင် ကြီးမားသည် မန္တန်ဝင်္ကပါထံ ဦးတည်သွား၏။

မန္တန်ဝင်္ကပါက နောက်ကျိနေရာ အထဲတွင် ဖြစ်ပျက်နေသည့်အရာကို မြင်ရန် ခက်ခဲနေတော့သည်။ အနက်ရောက်နဂါးကိုးကောင်က ဝင်္ကပါ၏ အဓိကဖွဲ့စည်းမှုဖြစ်ပြီး အဓိကနေရာများတွင် တင်ပျဥ်ခွေထိုင်နေကြသည်က မိစ္ဆာဧကရာဇ်နိုင်ငံကျင့်ကြံသူရာပေါင်းများစွာပင်။

သူတို့က မန္တန်ဝင်္ကပါကို အားဖြည့်ပေးနေကြပြီး ၄င်းအပေါ် လေထုတွင် တင်ပျဥ်ခွေထိုင်နေကြသည်ကား ဝိညာဥ်ဝါးမျိုသခင်နှင့် ကောင်းကင်ဧကရာဇ် ကျဲ့တိ ဖြစ်သည်။

မိစ္ဆာမင်းသား၏ တောင်းဆိုချက်ကြောင့် သူတို့က မန္တန်ဝင်္ကပါကို စီမံနေကြရလေသည်။

သူတို့က အထဲတွင် မည်သူတို့ ချုပ်နှောင်ခံထားရသည်ကို သတိထားမိပြီး ပိုင်ရှောင်ချန်းနှင့် မည်သို့ဆက်စပ်နေသည်ကိုလည်း သိသည်။ သို့သော် ဤသည်မှာ မိစ္ဆာဧကရာဇ်မြို့တော်ဖြစ်၍ သူတို့သည် ပိုင်ရှောင်ချန်းက အင်ပါယာနန်းတော်ရှိ မတော်တဆမှုအတောအတွင်း သူ့ကိုယ်သူ ချုပ်တည်းခဲ့သည့်အဖြစ်က သူ အရူးမဟုတ်ကြောင်း ညွှန်ပြနေသည့်အပြင် တူညီသောအရာကိုသာ ထပ်လုပ်လောက်မည်ဟူ၍ ထင်နေကြလေသည်။

ကောင်းကင်ဧကရာဇ်ကျဲ့တိမှာ အနှီကိစ္စကြီး၏ တစိတ်တပိုင်းဖြစ်ရသည်ကို အလွန်ပျော်ရွှင်နေလေသည်။ သူသည် လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့တိုက်ပွဲအတွင်း ပိုင်ရှောင်ချန်းအပေါ် မည်မျှဒေါသထွက်ခဲ့ရသည်ကို မမေ့နိုင်သည့်အပြင် မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် ကောင်းကင်တံတားတာအို၏ ကျော်ကြားမှုက သူ့ထက် သာသွားခဲ့သည်ကိုလည်း စိတ်တိုနေသည်။

" ပိုင်ရှောင်ချန်းရောက်လာရင် သူ့အဆုံးသတ်က မယုံကြည်နိုင်လောက်အောင် သနားစရာကောင်းမှာပဲ။ ကောင်းကင်တံတားကလူတွေ ခြောက်ကပ်သေဆုံးသွားမှာကို သူ မကြည့်ချင်လဲ ကြည့်ရလိမ့်မယ်။ ပြီးတော့ သူ့ရန်ငြိုးက ငါနဲ့မဟုတ်ဘူး။ မိစ္ဆာမင်းသားနဲ့ပဲ ဖြစ်လိမ့်မယ်"

ခေါင်းထဲတွင် ထိုအတွေးများဖြင့် ကောင်းကင်ဧကရာဇ် ကျဲ့တိက ပြုံးပြီး အောက်ရှိ မန္တန်ဝင်္ကပါကို ငုံကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် သူ၏အမူအရာရိပ်ခနဲ ဖြစ်သွား၏။ ဘေးရှိ ဝိညာဥ်ဝါးမျိုသခင်က သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့နှစ်ယောက်စလုံး လှမ်းကြည့်လိုက်ရာ အဆုံးမရှိသော သွေးနှင့်သေခြင်းတရားအရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေပုံရသည့် မိစ္ဆာဧကရာဇ်မြို့တော်မှ သူတို့ဘက်သို့ ပျံသန်းလာနေသော ကြက်သွေးရောင် မှုန်ဝါးဝါးအရာကြီးတစ်ခုကို မြင်လိုက်ရလေသည်။

မှုန်ဝါးဝါး အရာကြီးကို မြင်ပြီး ၄င်းအတွင်းမှလာနေသော အခိုးအငွေ့များကို အာရုံရလိုက်သည်နှင့်တစ်ပြိုက်နက် ကောင်းကင်ဧကရာဇ် ကျဲ့တိနှင့် ဝိညာဥ်ဝါးမျိုသခင်တို့ မည်သူမည်ဝါလာနေကြောင်း အတိအကျသိလိုက်လေသည်။

" ပိုင်ရှောင်ချန်း "

ကောင်းကင်ဧကရာဇ် ကျဲ့တိက ထပ်ရပ်လိုက်သော်လည်း သူဘာမှမပြောနိုင်ခင် ပိုင်ရှောင်ချန်းက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသော အသံကြီးဖြင့် ပြောလေသည်။

" မင်းတို့ကောင်တွေ သေချင်နေတာလား "

သူ၏အသံက လေဟုန်ခွင်း၍ ဆက်လက်ပဲ့တင်ထပ်နေစဥ် သူက မန္တန်ဝင်္ကပါကို အားဖြည့်ကာ တင်ပျဥ်ခွေထိုင်နေသော ကျင့်ကြံသူများထံ တဟုန်ထိုး ဆင်းသွားသည်။ အများစုက နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး အချို့က နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများဖြစ်ကြကာ တအံ့တသြမော့ကြလိုက်ကြသည်တွင် ပိုင်ရှောင်ချန်းက သူတို့ရှိရာ ထိုးဆင်းလာလေပြီ။ သူတို့တစ်ယောက်မှ ဘာမှမတုံ့ပြန်နိုင်ခင် သူက ခုနစ်ယောက်၊ ရှစ်ယောက်ကို ထိုးဖောက်သွား၏။

သူတို့မှာ မခုံခံနိုင်သည်သာမက ပြန်လည်းမတိုက်ခိုက်နိုင်ကြပေ။ သူတို့၏ခန္ဓာကိုယ်များမှာ ချက်ချင်းခြောက်ကပ်သွားပြီး မြေကြီးအပေါ် လဲကျသွားသည့် အလောင်းခြောက်များအသွင် ပြောင်းလဲခံလိုက်ရသဖြင့် အက်ကွဲသံကြီးများ ပဲ့တင်ထပ်လာတော့သည်။

ရှိသမျှ လူတိုင်း၏ နှလုံးသားများထဲတွင် အကြောက်တရားများ ထွက်ပေါ်လာလေသည်။ ကောင်းကင်ဧကရာဇ် ကျဲ့တိနှင့် ဝိညာဥ်ဝါးမျိုသခင်မှာမူ ဒေါသတကြီးအော်ဟစ်၍ ပိုင်ရှောင်ချန်း၏ လမ်းကြောင်းကို တားဆီးရန် ခုန်လိုက်ကြသည်။

သို့သော် ပိုင်ရှောင်ချန်း၏ နတ်ဘုရားဇီဝိန်ခြွေသိုင်းမှာ မြန်ဆန်လွန်းသည်။ ရန်သူဒါဇင်ပေါင်းများစွာ အစုလိုက်အပြုံလိုက် သုတ်သင်ခံနေရသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်နေတော့သည်။ သူတို့မည်မျှကြောက်သည်ဖြစ်စေ၊ ထွက်ပြေးရန် မည်သို့ကြိုးစားသည်ဖြစ်စေ၊ သူတို့ကိုယ်သူတို့ ကာကွယ်ရန် မည်သည့်ကျင့်စဥ် အသုံးပြုစေကာမူ အချည်းနှီးပင်။ သူတို့မှာ ထိုသွေးမြူတိမ်ကြီးအား ရင်ဆိုင်ရန် အစွမ်းအစမဲ့နေကြတော့သည်။

၄င်းတို့အားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် မန္တန်ဝင်္ကပါကို အားဖြည့်ပေးနေသည့် ကြောက်လန့်တုန်ရီနေကြသော ကျင့်ကြံသူများမှာ အပထား၊ ကောင်းကင်ဧကရာဇ်များပင် တစ်ခုခုလုပ်ရန် နှေးကွေးလွန်းနေ၏။ သွေးမြူတိမ်ကြီး သွားသည့်နေရာတိုင်း ကျင့်ကြံသူများမှာ အသွေးအသားများ နုတ်ယူခံရပြီး ဝိညာဥ်များ ဆွဲထုတ်ခံရ၍ သက်စောင့်အားများ စုပ်ယူခံရကာ ခြောက်ကပ်သွားသောအလောင်းများအဖြစ် ပြောင်းလဲခံလိုက်ကြရလေသည်။

ကျင့်ကြံသူရာပေါင်းများစွာ မြေပြင်ပေါ်သို့ ပြိုလဲသွားကြပြီး သူ့တို့၏ သက်စောင့်အားများက နတ်ဘုရားဇီဝိန်ခြွေသိုင်းထဲ စီးဝင်နေကြရာ တစ်နေရာလုံး ကြက်သွေးရောင်အလင်းဖြင့် နီစွေးနေသည့်တိုင်အောင် ၄င်းကို စွမ်းအားပိုကြီးလာစေတော့သည်။

ပိုင်ရှောင်ချန်းသည် ပုံမှန်အားဖြင့် တတ်နိုင်သမျှ သတ်ဖြတ်ခြင်းမှ ရှောင်ရှားမည်ဖြစ်သော်လည်း သူစတင်သည်နှင့် ချုပ်တည်းထားတော့မည် မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ခံပြင်းနာကြည်းခြင်းများ၊ ဒေါသများဖြင့် ပေါင်းစည်းသွားခဲ့သော သူ၏အသတ်အဖြတ်အရှိန်အဝါသည် တစ်ခါမှမကြံဖူးသောအသွင်ဖြင့် ပေါက်ကွဲနေတော့သည်။

" မင်း ဘယ်လောက်တောင် အတင့်ရဲနေတာလဲ ပိုင်ရှောင်ချန်း "

ကောင်းကင်ဧကရာဇ်ကျဲ့တိက အော်လိုက်သည်။ သူနှင့် ဝိညာဥ်ဝါးမျိုသခင်တို့နှစ်ယောက်လုံးသည် အမှန်တွင် တိတ်တိတ်ကလေး ဝမ်းသာနေကြခြင်း ဖြစ်သည်။

ဖြစ်ပျက်သွားခဲ့ပြီးသော အရာတို့ကို စဥ်းစားကြည့်ပါက ပိုင်ရှောင်ချန်းက ကပ်ဘေးကြီးမှ အလွယ်တကူလွတ်မြောက်မည် မဟုတ်ကြောင်း သူတို့သိကြလေသည်။

သို့ပေမည့် ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ စကားများ လေထဲ ပျံ့နှံ့သွားချိန်မှာပင် အပေါ်ရှိ သွေးမြူတိမ်ကြီးက နီရဲတောက်နေသည်ကလွဲ၍ ပိုင်ရှောင်ချန်းမျက်နှာ၏ ပုံရိပ်အသွင် ပြောင်းသွားလေသည်။ ချက်ချင်းပင် ထိုခေါင်းကြီးက ကောင်းကင်ဧကရာဇ်ကျဲ့တိထံ တဟုန်ထိုး ပြေးဝင်လာ၏။

ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ မျက်နှာပျက်သွားပြီး ဝိညာဥ်ဝါးမျိုသခင်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူတို့နှစ်ယောက်လုံးက မန္တန်လက်ကွက်များ စတင်ဖော်လိုက်၍ အတူတူပူးပေါင်းရန် ပြင်လိုက်ကြသည်။ သူတို့မပူးပေါင်းနိုင်ခင် ပိုင်ရှောင်ချန်း၏ ဒေါသထွက်နေသော အသံက သွေးမြူတိမ်ကြီးအတွင်းမှ ပေါက်ကွဲထွက်လာ၏။

" ရွှယ်ကျဲကော်တု "

ဂျိန်းးးးးးးးးးး

ရေခိုးရေငွေ့များ အရပ်မျက်နှာအနှံ့ ထွက်ပေါ်လာပြီး အရိုးချွန်များ လေထဲ မြင့်တက်လာ၏။ ဘေးပတ်လည်ရှိ ကုန်းမြေ၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော တောင်ထိပ်များကား ဧရာမသားရဲကြီးတစ်ကောင်အသွင်ပြောင်းသွားပြီး.... ဝိညာဥ်ဝါးမျိုသခင်ကို လှမ်းဟပ်လိုက်လေသည်။

ဝိညာဥ်ဝါးမျိုသခင်မှာ နောက်တစ်ကြိမ် မျက်နှာပျက်သွား၏။ အစက သူသည် နောက်ဆုတ်ရန် ဘယ်တော့မှ စဥ်းစားမိမည် မဟုတ်သော်လည်း ဤဧရာမသားရဲကြီး၏ပစ်မှတ်ထားခြင်း ခံရပြီးနောက် သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ တခဏလေးအတွင်း ကောင်းကင်ဧကရာဇ်ကျဲ့တိသာ တစ်ယောက်တည်း ရပ်ကျန်ခဲ့၏။

ပိုင်ရှောင်ချန်းက တခဏလေးပင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ် ကျဲ့တိကို ထိပ်တိုက်ဝင်တိုးလိုက်သည်။ ဟိန်းဟောက်ရင်း ကောင်းကင်ဧကရာဇ် ကျဲ့တိက ဟိန်းဟောက်၍ သူ့ကို အသက်ဘေးမှ လွတ်မြောက်စေမည့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုကာ ခုခံလိုက်သော်လည်း သူ့ပါးစပ်မှ သွေးများပန်းထွက်ကာ နောက်လွင့်ထွက်သွားသည့် ရလဒ်သာ ထွက်ပေါ်သွား၏။

နတ်ဘုရားဇီဝိန်ခြွေအတတ် လွင့်ပါးပျောက်ကွယ်လာပြီး သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ စူးရှတောက်ပနေသော ပိုင်ရှောင်ချန်းက တစတစ ပေါ်ပေါ်လာသည်။ သူ၏လမ်းတွင် ရပ်နေသည့် လူများကို မသတ်ဘဲ သူက မန္တန်ဝင်္ကပါကို ဖွင့်ရန် အချိန်ရမည် မဟုတ်ပေ။

" ငါအရင်က တစ်ခါမှ ကောင်းကင်ဧကရာဇ်တစ်ပါးကို မသတ်ဖူးဘူး။ အဲဒါကြောင့် မင်းက ငါ့လမ်းမှာ ရပ်နေရဲတာလား "

All Chapters