← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 32 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 32 Ch. 367-368

အပိုင်း (၃၆၇)

ဧကရာဇ်က ပြုံးကာ ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျား စိတ်ချပါ။ ကိုယ်တော့် စိတ်ထဲမှာ ဒီအကျိုးဆောင်မှုက ခင်ဗျားရဲ့ အကျိုးဆောင်မှုပဲ။ ခင်ဗျား မြို့တော်ကနေ မထွက်ခွာခင်က ခင်ဗျားကို ဆုချီးမြှင့်မယ်၊ ကြီးမားတဲ့ ဆုချီးမြှင့်မှု ပေးမယ်လို့ ကိုယ်တော် ပြောခဲ့ဖူးတယ်လေ။”

ထို့နောက် ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အမိန့်တော် ရေးလိုက်... တောင်ပိုင်း ပုန်ကန်မှုမှာ အောက်ရှင်းဟာ ကြီးကြပ်ကွပ်ကဲမှု အားနည်းခဲ့တဲ့အပြစ် ရှိပေမဲ့ သူရဲ့ တိုင်းပြည်ကို ချစ်ပြီး ဧကရာဇ်ကို သစ္စာခံမှု၊ အရင်က အကျိုးဆောင်မှုတွေကို ထောက်ထားပြီး သူ့ရဲ့ အပြစ်ကို ခွင့်လွှတ်ပေးလိုက်တယ်။”

“အမိန့်တော်အတိုင်းပါ။” အပြင်ဘက်ရှိ မိန်းမစိုးသည် တရားလွှတ်တော်ချုပ်သို့ အပြေးအလွှား သွားရောက်ကာ ဧကရာဇ်၏ အမိန့်တော်ကို ပို့ဆောင်ပေးတော့၏။

ယွင်ကျုံးဟဲ့သည် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်တော့၏။ သူ၏ မိဘဆွေမျိုးများကို နောက်ဆုံးတွင် ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်က ဆက်လက် အမိန့်ပေးလိုက်၏။ “အမိန့်တော် ရေးလိုက်... အောက်ယွီကို ချန်လန်ပြည်နယ်ရဲ့ ကျွမ့်ယွမ်အဖြစ် ပြန်လည် သတ်မှတ်ပေးလိုက်တယ်။”

ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ဖြေလိုက်သည်။ “ကျောင်းသားက အရှင်မင်းမြတ်ကို ကျေးဇူး အထူးတင်ပါတယ်။”

ဧကရာဇ်က ပြောလိုက်၏။ “သေချာပေါက် ဒါတွေက ဘာမှ မဟုတ်သေးပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာပါ။ ခင်ဗျားရဲ့ ကြီးမားတဲ့ အကျိုးဆောင်မှုအတွက် ဆုချီးမြှင့်ဖို့ လုံးဝ မလုံလောက်သေးပါဘူး။ ခင်ဗျားက ဒီလောက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ပြုလုပ်ခဲ့တာဆိုတော့ ဆုချီးမြှင့်ရမှာပေါ့။ ကြီးမားတဲ့ ဆုချီးမြှင့်မှု ပေးရမှာပေါ့။ ပြော... ခင်ဗျား ဘာလိုချင်လဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာမဆို တောင်းဆိုလို့ ရတာလား။”

ဧကရာဇ်က ပြန်ဖြေလိုက်၏။ “သေချာပေါက် ဘာမဆို တောင်းဆိုလို့ ရပါတယ်။ ဒါပေမဲ့ တစ်ခုပဲ တောင်းဆိုခွင့် ရှိတယ်။ ပြီးတော့ ကိုယ်တော်က လက်ခံမယ်လို့ အာမ မခံနိုင်ဘူး။ ဒါကြောင့် ခင်ဗျား သေချာ စဉ်းစားရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ တစ်ကြိမ်ပဲ တောင်းဆိုခွင့် ရှိလို့ပဲ။”

ယွင်ကျုံးဟဲ့ စဉ်းစားဟန် ပြုလိုက်၏။ ဧကရာဇ်က သူ့ကို ဘာတောင်းဆိုစေချင်လဲ ဆိုတာကို သူ အနည်းငယ် ရိပ်မိနေသည်။ နုလန်ဟောက် ရာထူးကို ဆက်ခံဖို့ ဖြစ်သည်။

အောက်ရှင်းသည် မကြာမီကမှ ရာထူးရုပ်သိမ်းခံခဲ့ရသောကြောင့် သူ့ကို ပြန်လည် ပေးအပ်ရန် မဖြစ်နိုင်တော့သော်လည်း အောက်ယွီကို ကြိုတင်၍ ရာထူးဆက်ခံခွင့် ပေးနိုင်၏။

ထိုသို့ဆိုလျှင် အောက်ယွီသည် အသက်နှစ်ဆယ့်တစ်နှစ် အရွယ်မှာပင် တာ့ကျိုးအင်ပါယာ၏ နုလန်ဟောက် ဖြစ်လာမှာဖြစ်၏။ ထို့အပြင် ချိတ်ပိတ်ခံထားရသော နုလန်ဟောက် အိမ်တော်ကိုလည်း ပြန်လည် ပေးအပ်မှာ ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဤဆုချီးမြှင့်မှုကို မလိုချင်ချေ။ နုလန်ဟောက် ရာထူးမှာ အဖိုးတန်သော်လည်း အာဏာမရှိပါက ဤရာထူးမှာ တန်ဖိုးမရှိတော့ချေ။

ထိုသို့မဟုတ်ပါက တာ့ကျိုးအင်ပါယာတွင် အလွန် ငယ်ရွယ်သော နယ်စား တစ်ဦးသည် ယန်ဖြန်ရှန်၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ရမည် မဟုတ်ချေ။

နုလန်ဟောက် ရာထူးမှာ အောက်မင် အတွက်သာ အသုံးဝင်သည်။ အနာဂတ်တွင် သူ ကျင်ရှီဘွဲ့ရရှိပြီး အောင်မြင်လာကာ ခရိုင်ဝန်တစ်ဦး ဖြစ်လာချိန်တွင် နုလန်ဟောက် ရာထူးကို ဆက်ခံလိုက်ပါက ဘာပဲလုပ်လုပ် ပိုမို လွယ်ကူသွားမှာ ဖြစ်သည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့ အတွက်မူ နုလန်ဟောက် ရာထူးမှာ အကာအကွယ် တစ်ခု ဖြစ်ရန် မလုံလောက်ချေ။ အဆင့်အတန်း တစ်ခုတည်းကသာ သူ့ကို အမြန်ဆုံး အောင်မြင်လာစေနိုင်၏။

မင်းသမီး ရှန်ရှန်း၏ ခင်ပွန်း ဖြစ်လာရန် သူ ကြိုးစားပေမည်။ သာမန် ဧကရာဇ်၏ သမက်တော် အဆင့်အတန်းမှာ ထိုမျှလောက် အဖိုးမတန်လှချေ။

တာ့ကျိုးအင်ပါယာတွင် ဧကရာဇ်၏ သမက်တော်များသည် နိုင်ငံရေးတွင် ပါဝင်ခွင့် ရှိသော်လည်း သာမန် မင်းသမီးများ၏ ခင်ပွန်းများသာ ဖြစ်သည်။

သို့ပေမည့် မင်းသမီး ရှန်ရှန်း၏ ခင်ပွန်းမှာမူ လုံးဝ မတူညီချေ။ သူမသည် မိဖုရားခေါင်ကြီး၊ ဧကရာဇ်၊ ဧကရာဇ်ဟောင်း သုံးဦးလုံး၏ အဖိုးတန် ရတနာလေးဖြစ်ပြီး တာ့ကျိုးအင်ပါယာ တစ်ခုလုံးတွင် အချစ်ခံရဆုံးသူ ဖြစ်ကာ ပြိုင်ဘက် လုံးဝ မရှိချေ။

သူမသည် ဧကရာဇ်နှင့် ဧကရာဇ်ဟောင်း တို့ကြားရှိ တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်သည်။

မင်းသမီး ရှန်ရှန်းကို လက်ထပ်လိုက်သည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့သည်လည်း တစ်နည်းအားဖြင့် ဧကရာဇ်ဟောင်း၏ကိုယ်စားလှယ်များထဲမှ တစ်ဦး ဖြစ်လာမှာဖြစ်၏။

ထိုအချိန်ရောက်မှသာ သူသည် တာ့ကျိုးအင်ပါယာ နန်းတွင်းတွင် အလွန် ကောင်းသော လက်နက်ကြီး တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်သွားမှာ ဖြစ်၏။ မင်းသမီး ရှန်ရှန်းကို လက်ထပ်ခြင်းမှာ နုလန်ဟောက် ရာထူးကို ရယူခြင်းထက် အများကြီး ပို၍ ကောင်းသည်။

ဧကရာဇ်သည် အပြုံးများကို ရုပ်သိမ်းလိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်၏။ “အောက်ယွီ... ဘာဆုချီးမြှင့်မှု လိုချင်လဲ။ သေချာ စဉ်းစားပြီးပြီလား။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “တကယ်ပဲ ဘာမဆို တောင်းဆိုလို့ ရပါသလား။”

ဧကရာဇ်က ပြန်ဖြေလိုက်၏။ “သေချာပေါက် ရပါတယ်။”

ယွင်ကျုံးဟဲ့က လျှောက်တင်လိုက်သည်။ “ကျုပ်က မင်းသမီး ရှန်ရှန်းကို လက်ထပ်ချင်ပါတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ်၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွား တော့၏။

စာကြည့်ဆောင် အတွင်းရှိ လေထုမှာလည်း အလွန် အေးစက်သွားသကဲ့သို့ ဖြစ်သွားသည်။

အတန်ကြာမှသာ ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... ကိုယ်တော် ခင်ဗျားကို စကားပြန်ပြင်ဖို့ အခွင့်အရေး တစ်ကြိမ် ပေးမယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် စကား ပြန်မပြင်ပါဘူး။”

ဧကရာဇ်က ဆက်ပြောလိုက်၏။ “အောက်ယွီ...ကိုယ်တော် ခင်ဗျားကို ပြောပြရလိမ့်မယ်။ ရှန်ရှန်းရဲ့ အမြင်က အရမ်း မြင့်တယ်။ သူက ခင်ဗျားအတွက် အကြိမ်ကြိမ် အသနားခံပေးခဲ့တာက ခင်ဗျားအဖေ အောက်ရှင်းဟာ သစ္စာရှိတဲ့ အမတ် တစ်ယောက်လို့ သူ ထင်လို့ပဲ။

အရင်တုန်းက ကိုယ်တော် ယန်ဖြန်ရှန်ကို သတ်မလို့ လုပ်တုန်းကလည်း သူက နည်းလမ်းရှာပြီး အသနား ခံပေးခဲ့သေးတယ်။ သူက ကြင်နာတတ်ပြီး ဖြူစင်လို့ပဲ။ တခြားဟာတွေကို ခင်ဗျား လျှောက်မတွေးနဲ့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် အထင်မလွဲရဲပါဘူး။ ဒါပေမဲ့ ကျုပ်က မင်းသမီးရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ စိတ်ထားလေးကို အရမ်း ကြည်ညိုလေးစားလို့ပါ။”

ဧကရာဇ်၏ စကားမှာ အလွန် ပွင့်လင်းလွန်းခြင်း မရှိသော်လည်း အဓိပ္ပာယ်မှာမူ အလွန် ရှင်းလင်း၏။

‘အောက်ယွီ... မင်းသမီး ရှန်ရှန်းက ခင်ဗျားအတွက် အသနားခံပေးပြီး ခင်ဗျားရဲ့ တေးဂီတတွေကို နားထောင်တာ၊ ခင်ဗျားရဲ့ စာအုပ်တွေကို ဖတ်တာကြောင့် ခင်ဗျားလို လူမျိုးကို သဘောကျမယ်လို့ လုံးဝ မထင်လိုက်နဲ့။’

အောက်ယွီသည် လွန်စွာ ဝဖြိုးရုပ်ဆိုးရုံမျှမက လူ့အသိုင်းအဝိုင်းကြားတွင်လည်း နာမည်ဂုဏ်သတင်း အလွန်အမင်း ဆိုးရွားနေသူ ဖြစ်၏။

အပျော်အပါး လိုက်စားလွန်းလှသောကြောင့် အမျိုးသမီးပေါင်း သောင်းခြောက်ထောင်နှင့် ပတ်သက်ခဲ့ဖူးသည့် အောက်ယွီ၏ သတင်းဆိုးကို မည်သူက မသိဘဲ မနေချေ။ ဤနှစ်များအတွင်း အောက်ယွီ၏ ရိုင်းစိုင်း ရမ်းကားသော နေထိုင်မှုပုံစံကို လူတိုင်းက အထင်အရှား သိမြင်နေကြပြီ ဖြစ်သည်။

ဂုဏ်သရေရှိ လူကုံထံ သခင်လေးများက တစ်ချက်မျှပင် လှည့်မကြည့်လိုသော နိမ့်ကျညစ်ထေးသည့် ပြည့်တန်ဆာမများနှင့်ပင် အောက်ယွီသည် ရာနှင့်ချီ၍ အတူအိပ်စက်ခဲ့ဖူး၏။

ထိုသို့ဖြစ်ရာ အထက်တန်းလွှာ အမျိုးသမီးတို့၏ အမြင်တွင် အောက်ယွီဟူသည် ဝဖြိုးရုပ်ဆိုးရုံတင်မကဘဲ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော ညစ်ညမ်းသည့် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်သည်။

ဝေမြို့စားကြီး အိမ်တော်မှ တွမ်ယင်းယင်းဆိုလျှင် မုဆိုးမ အမည်ခံရသည်ကမှ သာဦးမည်ဟု ဆိုကာ အောက်ယွီအား လက်ထပ်ရန် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ဖူးလေ၏။

အထက်တန်းလွှာ သခင်မလေးများထဲတွင် အောက်ယွီအား လက်ထပ်လိုသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။ ထိုစဉ်က မိခင်ဖြစ်သူ လျိုကတော်ကြီးမှာ အောက်ယွီ၏ အိမ်ထောင်ရေးအတွက် အောင်သွယ်ပေါင်းများစွာ ရှာဖွေကာ ငွေကြေး အမြောက်အမြား အကုန်အကျခံခဲ့ရသော်လည်း အောင်မြင်မှု လုံးဝမရရှိခဲ့ချေ။

အောက်ယွီ၏ အမည်ကို ကြားလိုက်ရုံနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန်ပင် ခွင့်မပြုခဲ့ကြပေ။

နာမည်ဂုဏ်သတင်း အလွန်ညံ့ဖျင်းခြင်း၊ ရုပ်ရည် ဝဖြိုးရုပ်ဆိုးခြင်းနှင့် အသက်တိုနိုင်သည့် အခြေအနေ ရှိခြင်းတို့ကြောင့် မည်သည့်အမျိုးသမီးကမှ လက်တွဲလိုခြင်း မရှိကြချေ။

အောက်ယွီသည် ကျွမ့်ယွမ်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ကျောက်တုံးမှတ်တမ်း ကဲ့သို့သော ကျမ်းစာကို ရေးသားနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ မှန်ကန်လှ၏။

သို့သော်ငြား အထက်တန်းလွှာ သခင်မလေးတို့၏ အမြင်၌မူ ပါရမီနှင့် ရုပ်ရည် နှစ်ဖြာပြည့်စုံသူကိုသာ ပါရမီရှင်ဟု သတ်မှတ်ကာ စိတ်ကူးယဉ် အိမ်မက်ထဲက ခင်ပွန်းလောင်းအဖြစ် တောင့်တကြစမြဲ ဖြစ်သည်။

ရုပ်ရည်ချောမောသော ပါရမီရှင်တစ်ဦးက စာအုပ်ကောင်း တစ်အုပ် ရေးသားလိုက်လျှင် အထက်တန်းလွှာ သခင်မလေးတို့သည် ရင်ဖိုလှိုက်မောကာ အတူတူ နေထိုင်လိုစိတ်များ ပြင်းပြလာတတ်ကြသော်လည်း၊ ရုပ်ဆိုးသော ပါရမီရှင်တစ်ဦးက ရေးသားလိုက်လျှင်မူ မိမိက ကြက်ဥစားရလျှင် တော်ပြီဖြစ်၍ ကြက်ဥအုသော ကြက်မကို သွားကြည့်ရန် အကြောင်းမရှိ ဟုသာ ခနဲ့တဲ့တဲ့ ပြောဆိုကြပေလိမ့်မည်။

ဤသည်မှာ အထက်တန်းလွှာ သခင်မလေးများသာမက လောကရှိ အမျိုးသမီးထု၏ ယေဘုယျ သဘော သဘာဝပင် ဖြစ်တော့သည်။

အောက်ယွီ၏ နာမည်ဂုဏ်သတင်းမှာ အလွန် ဆိုးရွားပြီး လောကရှိ အနိမ့်ကျဆုံး ပြည့်တန်ဆာမများနှင့် အိပ်စက်ခဲ့ဖူးသူ ဖြစ်ရာ ဤကဲ့သို့ ညစ်ပတ်သော သူနှင့် လက်ထပ်လိုက်ပါက ထိုအမျိုးသမီးသည် အဆင့်နိမ့် ပြည့်တန်ဆာမများနှင့် ညီအစ်မ ဖြစ်သွားသည်ဟု လှောင်ပြောင်ခံရမည်မှာ သေချာ၏။

မည်သည့် အထက်တန်းလွှာ သခင်မလေးကမှ ဤကဲ့သို့သော နာမည်ဆိုးကို မခံယူလိုကြချေ။ တော်ဝင် မင်းသမီး ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ဧကရာဇ်က ပြောလိုက်၏။ “အောက်ယွီ... ရှန်ရှန်းက ခင်ဗျားရဲ့ စာအုပ်တွေကို ကြိုက်တယ်၊ ခင်ဗျားရဲ့ တေးဂီတတွေကို ကြိုက်တယ်။ ဒါပေမဲ့ အိမ်ထောင်ဖက် ရွေးချယ်တဲ့ နေရာမှာတော့ သူက သာမန် မိန်းကလေးတွေနဲ့ သိပ်မကွာခြားပါဘူး။”

ဤစကားမှာ ပို၍ပင် ပွင့်လင်းလွန်းလှသည်။ မင်းသမီး ရှန်ရှန်းသည် ခင်ဗျားလို အရုပ်ဆိုး တစ်ယောက်ကို လုံးဝ သဘောကျမည် မဟုတ်ဟု ဆိုလိုခြင်းပင်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ်က မင်းသမီးကို အရမ်း ကြည်ညိုလေးစားလို့ ဒီလို တောင်းဆို လိုက်တာပါ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကြီးမားတဲ့ မျှော်လင့်ချက် မထားပါဘူး။”

ဧကရာဇ်က ပြောလိုက်သည်။ “အကယ်၍ ရှန်ရှန်းက ခင်ဗျားကို သဘောမကျဘူးဆိုရင် ခင်ဗျား ဘာဆုချီးမြှင့်မှုမှ ရတော့မှာ မဟုတ်ဘူး။ ဒီလောက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ခင်ဗျား အလဟဿ ဖြစ်သွားအောင် လုပ်လိုက်တာပဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် လုံးဝ နောင်တမရပါဘူး။”

ဧကရာဇ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ကောင်းပြီ။ ကိုယ်တော် ခင်ဗျားကို အခွင့်အရေး တစ်ကြိမ် ပေးမယ်။ ခင်ဗျား သေချာ ပြင်ဆင်ထားလိုက်။ ရက်အနည်းငယ်နေရင် ကိုယ်တော်က ခင်ဗျားနဲ့ ရှန်ရှန်းကို မျက်နှာချင်းဆိုင်တွေ့ဖို့ အစီအစဉ် လုပ်ပေးမယ်။”

“အောက်ယွီက မင်းသမီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းခဲ့တယ် ဟုတ်လား။”

ဤသတင်းသည် ချက်ချင်းပဲ မြို့တော် တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့၏။

လူတိုင်း အလွန် အံ့ဩသွားကြပြီး မှူးမတ် အားလုံးကလည်း ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်ကြသည်။

‘ဖားသူငယ်က ကြာဖူးကို မျှော်တယ် ဆိုတာတောင် ခင်ဗျား အောက်ယွီက အခုချိန်မှာ ဖားသူငယ် လောက်တောင် မရှိဘူးလေ။’

ယွင်ကျုံးဟဲ့က တောင်ပိုင်းတွင် ကြီးမားသော အကျိုးဆောင်မှု ရရှိခဲ့ကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိသောကြောင့် လူတိုင်း၏ စိတ်ထဲတွင် အောက်ယွီနှင့် အောက်ရှင်း တို့သည် ကံဆိုးမိုးမှောင် ကျနေသည် ဟုသာ ထင်မှတ်ထားကြ၏။

အောက်ရှင်းသည် ရာထူးရုပ်သိမ်းခံရပြီး ဘွဲ့ရုပ်သိမ်းခံရကာ အပြစ်ရှိသူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

‘အာဏာမရှိ၊ ဩဇာ မရှိတဲ့ အောက်ယွီ... ဘာက ခင်ဗျားကို ဒီလောက် သတ္တိတွေ ပေးပြီး မင်းသမီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းလိုက်တာလဲ။

ခင်ဗျား အောက်ယွီက ကျွမ့်ယွမ် ဘွဲ့ရထားပြီး စာအုပ်ကောင်း နှစ်အုပ် ရေးထားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပေမယ့် ခင်ဗျားရဲ့ မိန်းမတစ်သောင်းနဲ့ အိပ်ခဲ့တဲ့ နာမည်ဆိုးကတော့ ဘယ်တော့မှ ဆေးကြောလို့ ရမှာ မဟုတ်ဘူး။

လောကမှာ အနိမ့်ကျဆုံး ပြည့်တန်ဆာမတွေနဲ့တောင် ခင်ဗျား အိပ်ခဲ့ဖူးတယ်လေ။ ဒီလို ညစ်ပတ်တဲ့ လူတစ်ယောက်က မင်းသမီးကို လက်ထပ်ချင်သေးတယ်။

အဲဒါက သာမန် မင်းသမီး မဟုတ်ဘူး။ တာ့ကျိုးအင်ပါယာရဲ့ နံပါတ်တစ် အလှတရားပိုင်ရှင်လို့ နာမည်ကြီးတဲ့ မင်းသမီး ရှန်ရှန်းလေ။ မယ်တော်မိဖုရားခေါင်ကြီး၊ ဧကရာဇ်နဲ့ ဧကရာဇ်ဟောင်း သုံးယောက်လုံးရဲ့ အဖိုးတန် ရတနာလေး၊ တာ့ကျိုးအင်ပါယာ တစ်ခုလုံးမှာ အချစ်ခံရဆုံးသူလေ။

ဘုရင်ခံတွေ၊ မှူးမတ်တွေရဲ့ သားတော်တွေ ဘယ်လောက်များများက မင်းသမီး ရှန်ရှန်းကို လက်ထပ် ချင်ခဲ့ကြလဲ။ နိုင်ငံခြားက မင်းသားတွေ၊ အိမ်ရှေ့စံမင်းသားတွေ ဘယ်လောက်များများက မင်းသမီး ရှန်ရှန်းကို လက်ထပ်ချင်ခဲ့ကြလဲ။ ဒါပေမဲ့ အားလုံး ကျရှုံးခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင်တွေ့တဲ့အခါ သူတို့ရဲ့ ပါရမီက မင်းသမီး ရှန်ရှန်းကို လုံးဝ မယှဉ်နိုင်လို့ ရက်ရက်စက်စက် ငြင်းပယ်ခံခဲ့ရတာချည်းပဲ။’

အစပိုင်းတွင် ဤသတင်းမှာ ရယ်စရာ ကောလာဟလ တစ်ခုသာ ဖြစ်မည်ဟု အားလုံး ထင်မှတ်ခဲ့ကြ၏။

သို့ပေမည့် နောက်ပိုင်းတွင် နန်းတော်အတွင်းမှ သတင်းများ ထွက်ပေါ်လာခဲ့ရာ ပထမလ ဆယ့်နှစ်ရက် နေ့တွင် အောက်ယွီသည် မင်းသမီး ရှန်ရှန်းနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဟု ပြောလိုက်သည်။

………………..

အပိုင်း (၃၆၈)

ယခုခေတ်၏ အခြေအနေမှာ မင် နှင့် ချင်းမင်းဆက်များလောက် မတင်းကျပ်ဘဲ အတော်လေး ပွင့်လင်း လွတ်လပ်မှု ရှိသေးရာ ဟန် နှင့် ထန်မင်းဆက်များနှင့် အနည်းငယ် ဆင်တူသောကြောင့် မင်းသမီးများ မျက်နှာချင်းဆိုင် တွေ့ဆုံရွေးချယ်ခြင်းမှာ အဆန်း မဟုတ်ချေ။

ထို့အပြင် မင်းသမီး ရှန်ရှန်းက စောစောတည်းက ပြောထားခဲ့ဖူးသည်။ သူမ၏ အိမ်ထောင်ရေးကို သူမ ကိုယ်တိုင် တစ်ဝက် ဆုံးဖြတ်ခွင့် ရှိရမည်ဖြစ်ပြီး မည်သည့် ယောကျာ်းကိုမဆို သူမကိုယ်တိုင် အရင် ကြည့်ရှု ရွေးချယ်ပြီးမှသာ အိမ်ထောင်ရေး ကိစ္စကို ဆက်လက် ဆွေးနွေးခွင့် ရှိမည်ဟု ဆိုထားသည်။

ဧကရာဇ်သည်လည်း သူမကို အလွန် အလိုလိုက်သောကြောင့် သူမ၏ ဆန္ဒအတိုင်း ခွင့်ပြုပေးထားခဲ့၏။

ထို့ကြောင့် ဤနှစ်များအတွင်း မရေမတွက်နိုင်သော ဘုရင်ခံ၊ မှူးမတ်များ၏ သားတော်များသည် လက်ထပ်ခွင့် တောင်းခဲ့ကြသော်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံရွေးချယ်သည့် အဆင့်တွင်ပင် ကျရှုံးသွားခဲ့ကြပြီး ကန့်လန့်ကာခြားလျက် မင်းသမီး ရှန်ရှန်း၏ မျက်နှာကိုပင် မမြင်တွေ့ရဘဲ ပယ်ချခံခဲ့ရသည်။

အင်ပါယာ၏ အထူးချွန်ဆုံးသော လူငယ်များသည် လက်ထပ်ခွင့်တောင်းရာတွင် အားလုံးနီးပါး ကျရှုံးခဲ့ကြ၏။

ထို့ကြောင့် တစ်ခါတစ်ရံတွင် ဧကရာဇ်ကိုယ်တိုင်ကပင် ပြုံးလျက် ပြောလေ့ရှိသည်။ “ရှန်ရှန်း... သမီးက ဘယ်လို ခင်ပွန်းမျိုးကို လိုချင်နေတာလဲ။ ဘယ်သူ့ကိုမှ သဘောမကျဘူး ဆိုတော့ သမီး အသက် ဆယ့်ကိုးနှစ် ပြည့်တော့မယ်လေ။”

သို့ပေမည့် မျက်နှာချင်းဆိုင်တွေ့ဆုံရွေးချယ်တိုင်း မင်းသမီး ရှန်ရှန်းသည် မည်သူ့ကိုမှ သဘောမကျခဲ့ချေ။ ထို့ကြောင့် သူမ အရှေ့ရှိကန့်လန့်ကာသည်လည်း တစ်ကြိမ်မှ ဖွင့်လှစ်ခြင်း မရှိခဲ့ပေ။

ဤသတင်းကို ကြားသိရချိန်မှာတော့ မယ်တော်မိဖုရားခေါင်ကြီးသည်လည်း ချက်ချင်း ဒေါသထွက်သွား တော့၏။

မယ်တော်မိဖုရားခေါင်ကြီးသည် ကိုယ်တိုင် လာရောက်ကာ အောက်ရှင်း အတွက် အသနားခံပေးခဲ့ပြီး ယွင်ကျုံးဟဲ့သည် တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့ကြောင်း ကြားသိရချိန်မှာတော့ အလွန် ဝမ်းသာသွားကာ ဧကရာဇ် အား အောက်ယွီကို ကြီးမားသော ဆုချီးမြှင့်မှု ပေးရန် ပြောကြားခဲ့သည်။

သို့သော်ငြား အောက်ယွီသည် မင်းသမီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းခဲ့ကြောင်း ကြားသိရချိန်မှာတော့ သူမ ချက်ချင်း ပေါက်ကွဲသွားတော့၏။

ဤသည်မှာ သူမ၏ အချစ်ရဆုံးသော မြေးမလေး ဖြစ်ပြီး အဖိုးတန် ရတနာလေးဖြစ်ရာ ရုပ်ရည်၊ ပါရမီ၊ မျိုးရိုး၊ ကိုယ်ကျင့်တရား အားလုံး ပြည့်စုံပြီး သောင်းဂဏန်းတွင် တစ်ယောက်သာ ရှိနိုင်သော ခင်ပွန်းကောင်းကိုသာ ရှာဖွေပေးရမှာဖြစ်သည်။

‘အောက်ယွီက ဘယ်လိုလုပ်ပြီး သူမရဲ့ ရှန်ရှန်းလေးနဲ့ ထိုက်တန်မှာလဲ။ သူက အရမ်း အရုပ်ဆိုးရုံတင် မကဘူး၊ နာမည်လည်း အရမ်း ဆိုးပြီး ကိုယ်ကျင့်တရားလည်း အရမ်း ပျက်ပြားနေတာ။’

“အောက်ယွီကို မောင်းထုတ်လိုက်။ အောက်ရှင်းကိုလည်း မောင်းထုတ်လိုက်။ နုလန်ဟောက် ရာထူးကို အောက်ယွီကို ပေးလိုက်ပြီး သူ့ကို ထွက်သွားခိုင်းလိုက်။ ကျန်းကျိုးမြို့ကို ပြန်သွားခိုင်းလိုက်။ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ လုံးဝ မဖြစ်နိုင်ဘူး။”

မယ်တော်မိဖုရားခေါင်ကြီးသည် ဧကရာဇ်၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိလာပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ဒေါသတကြီး ပြောလိုက်၏။ “သူနဲ့တွေ့ဆုံတာက ငါတို့ ရှန်ရှန်းရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်။”

ဧကရာဇ်သည် မယ်တော်မိဖုရားခေါင်ကြီးကို အလျင်အမြန် တွဲထူကာ ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။ “မယ်တော်... ဘုရင် ဆိုတာ စကားတစ်ခွန်းပဲ ရှိရမယ်လေ။ လောကကြီးက မသိပေမဲ့ မယ်တော်ရော သားတော်ပါ စိတ်ထဲမှာ ရှင်းလင်းစွာ သိကြပါတယ်။ အောက်ယွီ ဟာ တကယ်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တာပါ။”

မိဖုရားခေါင်ကြီးက ပြန်ပြောလိုက်၏။ “အဲဒါဆိုရင်လည်း သူ့ကို နယ်စား ရာထူး ပေးလိုက်။ လယ်ယာမြေ ဧကတစ်သောင်း ပေးလိုက်။ ရာထူး ပေးလိုက်။ အဲဒီလိုမှ မဟုတ်ရင်လည်း မှူးမတ် တစ်ယောက်ယောက်ရဲ့ သမီး တစ်ယောက်ကို ရွေးပြီး သူ့ကို ပေးစားလိုက်။

ဘယ်လိုလုပ်ပြီး ရှန်ရှန်းကို လက်ထပ်ခွင့် တောင်းခိုင်းရတာလဲ။ အမတ်က အကျိုးဆောင်မှု ရှိလို့ တော်ဝင်မိသားစုက ဆုချီးမြှင့်ရမယ် ဆိုပေမဲ့ ဧကရာဇ်က ကိုယ့်သမီးကို ရောင်းစားရတဲ့ အကြောင်းပြချက်မှ မရှိတာ။”

မယ်တော်မိဖုရားခေါင်ကြီးသည် မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ငယ်စဉ်တည်းက ပညာတတ် အမျိုးသမီး တစ်ဦး မဟုတ်ဘဲ ဓားရေးလှံရေး လေ့ကျင့်ရတာကို နှစ်သက်သူ ဖြစ်သောကြောင့် အရေးပေါ် အခြေအနေမျိုးတွင် စကားလုံးများက အနည်းငယ် ကြမ်းတမ်းသွားတတ်သည်။

သူမနှင့် ထျန်းယန် ဧကရာဇ်တို့၏ အိမ်ထောင်ရေးမှာ နိုင်ငံရေးအရ လက်ထပ်ခြင်း ဖြစ်ပြီး ထိုစဉ်က တာ့ကျိုး၏ အခြေအနေမှာ အလွန် ဆိုးရွားနေကာ ထျန်းယန် ဧကရာဇ် အိမ်ရှေ့စံ ဘဝတွင်လည်း အန္တရာယ်များ ဝိုင်းရံနေခဲ့၏။

မယ်တော်မိဖုရားခေါင်ကြီး၏ မိသားစုမှာ အင်ပါယာအနောက်ပိုင်းရှိ စစ်ဘုရင်တစ်ပါးဖြစ်ပြီး လက်အောက်တွင် စစ်သည် သိန်းချီ ရှိကာ တစ်စိတ်တစ်ပိုင်း လွတ်လပ်သော အင်အားစုတစ်ခု ဖြစ်ခဲ့၏။ ထို့ကြောင့် ထိုစဉ်က ထျန်းယန် ဧကရာဇ်သည် သူမကို မဖြစ်မနေ လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။

သေချာပေါက် ထျန်းယန် ဧကရာဇ် နန်းတက်လာပြီးနောက် တာ့လျန်နိုင်ငံနှင့် စစ်ပွဲကို အသုံးပြုကာ ရှောင်မိသားစု၏ တပ်တော်ကို လုံးဝ ချေမှုန်းပစ်ခဲ့ပြီး ရှောင်မိသားစု၏ စစ်ဘုရင် အင်အားစုကို အပြီးအပိုင် ရှင်းလင်းပစ်နိုင်ခဲ့၏။

ထို့နောက်ပိုင်းတွင် မယ်တော်မိဖုရားခေါင်ကြီး အဖြစ်မှ ရုပ်သိမ်းခြင်း မခံရသော်လည်း သူမနှင့် ရှောင်မိသားစု၏ ဆက်ဆံရေးမှာ အမြဲတမ်း သာမန်သာ ဖြစ်ခဲ့သည်။

ထို့ကြောင့် ဧကရာဇ် ရှန်ချင်းနန်းဆောင်သို့ ပြောင်းရွှေ့သွားပြီးနောက် ဇနီးဖြစ်သူ မယ်တော် မိဖုရားခေါင်ကြီးသည် သူနှင့်အတူ လိုက်ပါသွားခြင်း မရှိဘဲ နန်းတော်အတွင်း၌သာ ဆက်လက် နေထိုင်ကာ ခင်ပွန်းကို မလိုက်ဘဲ သားကိုသာ လိုက်ခဲ့ခြင်းမှာ ဤအချက်ကို သက်သေပြနေ၏။

မယ်တော်မိဖုရားခေါင်ကြီး၏ သမီးရောင်းစားသည် ဟူသော စကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် ဝမ်ယွင်သည် အကူအညီမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ “မယ်တော်... သားတော်က အောက်ယွီကို အခွင့်အရေး တစ်ကြိမ် ပေးမယ်လို့ ကတိပေးထားပြီးပြီလေ။ ဒါကြောင့် သူ့ကို ရှန်ရှန်းနဲ့ တစ်ခါလောက် တွေ့ခွင့်ပေးလိုက်ပါ။

အဲဒီလိုမှ သားတော်က အကျိုးဆောင်မှုကို အသိအမှတ် မပြုဘူးလို့ ပြောလို့ မရတော့မှာ။ တကယ်လို့ ရှန်ရှန်းက သူ့ကို သဘောမကျဘူးဆိုရင်လည်း သားတော်က အခွင့်အရေး မပေးခဲ့ဘူးလို့ အပြစ်တင်လို့ မရတော့ဘူးလေ။”

ထို့နောက် ဧကရာဇ်က ဆက်ပြောလိုက်၏။ “မယ်တော်... မယ်တော်က ရှန်ရှန်း အကြောင်းကို ကောင်းကောင်း သိတာပဲ။ သူက အောက်ယွီကို သဘောကျမယ်လို့ ထင်လို့လား။”

မယ်တော်မိဖုရားခေါင်ကြီး ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ “သေချာပေါက် သဘော မကျနိုင်ပါဘူး။ သူက ပါရမီ ရှိပြီး အောက်ယွီရဲ့ စာအုပ်တွေ၊ တေးဂီတတွေကို သဘောကျပေမဲ့ အောက်ယွီ ဆိုတဲ့ လူကိုတော့ လုံးဝ သဘောကျမှာ မဟုတ်ပါဘူး။

အမြင်ကျယ်ပြီး သန့်ရှင်းမှုကို ကြိုက်တဲ့သူတိုင်းက အောက်ယွီကို သဘောကျမှာ မဟုတ်ဘူး။ ဝတာက သိပ်ပြဿနာ မဟုတ်ပေမယ့်ကိုယ်ကျင့်တရား အရမ်း ပျက်ပြားနေတာ။ သူ့ကို လက်ထပ်တဲ့သူ ဘယ်သူမဆို နာမည်ဂုဏ်သတင်း လုံးဝ ပျက်စီးသွားမှာပဲ။”

ဧကရာဇ်က မေးလိုက်၏။ “အဲဒီလိုဆိုရင် မယ်တော်က ဘာကို စိုးရိမ်နေသေးတာလဲ။”

မယ်တော်မိဖုရားခေါင်ကြီးက ပြန်ဖြေလိုက်သည်။ “အောက်ယွီနဲ့ တွေ့ဆုံတာက ရှန်ရှန်းရဲ့ နာမည် ဂုဏ်သတင်းကို ထိခိုက်စေမှာ စိုးလို့ပါ။”

ဧကရာဇ်က ပြောလိုက်၏။ “ရှန်ရှန်းရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်သူက ထိခိုက်စေနိုင်မှာလဲ။”

မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “တွေ့ဆုံပြီးတာနဲ့ အောက်ယွီကို ဝေးဝေး မောင်းထုတ်လိုက်တော့။ သူ့ကို ကျန်းကျိုးမြို့ကို ပြန်လွှတ်လိုက်။ သူက အကျိုးဆောင်မှု ရှိတယ်ဆိုပေမဲ့ သူ့ကို ငါ သိပ်မမြင်ချင်တော့ဘူး။”

ဧကရာဇ်က ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ မယ်တော်။”

မယ်တော်မိဖုရားခေါင်ကြီးသည် ဤမျက်နှာချင်းဆိုင်တွေ့ဆုံပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးရက်အချိန် လျင်မြန်စွာ ကုန်ဆုံးသွားတော့၏။

ပထမလ ဆယ့်နှစ်ရက်နေ့သို့ တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်မှ မျက်မြင်ကိုယ်တွေ့ မကြည့်ရှုနိုင်သော်လည်း ယွင်ကျုံးဟဲ့ နှင့် မင်းသမီး ရှန်ရှန်း တို့၏ ဤမျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာ လူအများ၏ စိတ်ဝင်စားမှုကို အလွန်အမင်း ရရှိနေပြီး တစ်ခုတည်းသော အာရုံစိုက်စရာ ကိစ္စ ဖြစ်လာခဲ့၏။

နံနက်ခင်း အချိန်၌ ယွင်ကျုံးဟဲ့သည် ဝတ်စုံအသစ် တစ်စုံကို ဝတ်ဆင်ကာမြို့တော်ရှိ အောက် အိမ်တော်မှ ထွက်ခွာလာပြီး မင်းသမီး ရှန်ရှန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် တော်ဝင် ဥယျာဉ်တော်သို့ ဦးတည် သွားတော့သည်။

အောက်ရှင်းတွင် မြို့တော်၌ မူလက ဧရာမ အိမ်တော်ကြီး တစ်ခုရှိပြီး ၎င်းကို နုလန်ဟောက် အိမ်တော် ဟုလည်း ခေါ်ဆိုကာ စစ်သေနာပတိချုပ် အိမ်တော် ဟုလည်း ခေါ်ဆိုကြ၏။

သို့ပေမည့် ယခုအခါ အောက်ရှင်းသည် ရာထူးနှင့် ဘွဲ့များ ရုပ်သိမ်းခံထားရသောကြောင့် ဤအိမ်တော်ကြီးတွင် ဆက်လက် နေထိုင်၍ မရနိုင်တော့ချေ။

ကံကောင်းစွာဖြင့် အောက်ရှင်းတွင် မြို့တော်၌ အခြားသော အိမ်တော်ငယ်များ ရှိနေသေးရာ အနည်းငယ် သေးငယ်သော်လည်း လူအများအပြားကို လုံလောက်စွာ နေရာချထားပေးနိုင်သည်။

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် အောက်ရှင်းသည် ရုတ်တရက် ဖျားနာသွားပြီး အဖျားတက်ကာ အဆက်မပြတ် ချောင်းဆိုးနေတော့၏။

ဤသည်မှာ အောက်ရှင်း အမှန်တကယ် ဖျားနာခြင်း ပထမဆုံးအကြိမ် ပင်ဖြစ်၏။ ယခင်က သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်စွမ်းကျန်းမာခဲ့သည်။

ယွင်ကျုံးဟဲ့သည် ဤသုံးရက်လုံး အဖေကို ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ အဖေကို ဆေးတိုက်ပြီးမှသာ သူသည် အိမ်မှ ထွက်ခွာလာခဲ့၏။

ယွင်ကျုံးဟဲ့ အိမ်မှ ထွက်ခွာလာချိန်တွင် လမ်းတစ်လျှောက်ရှိ လူအများက သူ့ကို လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ အောက်ယွီသည် မင်းသမီး ရှန်ရှန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမည် ဆိုသည်ကို လူတိုင်း သိရှိထားကြသောကြောင့်ပင်။

‘တကယ်ကို ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲတာပဲ။ ခင်ဗျားရဲ့ ဒီရုပ်ရည်နဲ့၊ ဒီနာမည်ဆိုးနဲ့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးမှ အသိစိတ် မရှိဘူးလား။’

မျက်နှာချင်းဆိုင်တွေ့ဆုံရန် သွားရာလမ်းတွင် ယွင်ကျုံးဟဲ့သည် ဆေးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ကာ ဖခင် အောက်ရှင်း အတွက် ဆေးများ သွားရောက် ဝယ်ယူခဲ့သေးသည်။

ဟူချွန်းယွမ် ဆိုသည်မှာ တာ့ကျိုးအင်ပါယာ၏ တော်ဝင် ဥယျာဉ်တော် ပင်ဖြစ်သည်။ ထျန်းယန် ဧကရာဇ် နန်းတက်စဉ်က နောက်ပိုင်း အနှစ်သုံးဆယ်ကျော် ကာလအတွင်း အချိန်အများစုကို ဤနေရာတွင်သာ ရုံးထိုင်လေ့ ရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် နန်းတော်၏ လေးနက်သော အငွေ့အသက်များကို သိပ်မနှစ်သက်သောကြောင့်ပင်။

ဧကရာဇ် ဝမ်ယွင်မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သူသည် နန်းတော်၏ မြင့်မြတ်သော ခံစားချက်ကို အလွန် နှစ်သက်ပြီး ဟူချွန်းယွမ်ကို သိပ်မနှစ်သက်လှချေ။ နွေရာသီ အလွန် ပူပြင်းသော အချိန်များတွင်သာ အပန်းဖြေရန် ဤနေရာသို့ လာရောက်လေ့ ရှိသည်။

မင်းသမီး၏ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲကဲ့သို့သော ကိစ္စမျိုးကို နန်းတော်အတွင်း၌ ပြုလုပ်ရန် မသင့်တော်သလို အပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင်များတွင် ပြုလုပ်ရန်လည်း မသင့်တော်ချေ။ ထို့ကြောင့် ဤ တော်ဝင် ဥယျာဉ်တော်ကို ရွေးချယ်ခြင်းမှာ အသင့်တော်ဆုံး ဖြစ်၏။

ယွင်ကျုံးဟဲ့သည် ဟူချွန်းယွမ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ယခုအချိန်တွင် ဟူချွန်းယွမ် အပြင်ဘက်၌ လူများ အပြည့်အနှက် ရပ်နေကြပြီး အားလုံးမှာ ပွဲကြည့်ရန် လာရောက်ကြသူများ ဖြစ်သည်။

‘တော်ဝင် ဥယျာဉ်တော် အပြင်ဘက်မှာတောင် ပွဲကြည့်လို့ ရတယ် ဟုတ်လား။ တခြား နည်းလမ်း မရှိဘူးလေ။ ဒီပွဲကြည့်ဖို့ လာတဲ့သူတွေ အားလုံးက တော်ဝင်မိသားစုဝင်တွေနဲ့ မှူးမတ်တွေချည်းပဲ ဆိုတော့ ဘယ်သူကများ သူတို့ကို မောင်းထုတ်ရဲမှာလဲ။’

ယွင်ကျုံးဟဲ့ ရောက်ရှိလာချိန်တွင် ဤတော်ဝင်မိသားစုဝင်များနှင့် မှူးမတ်များ၏ ပါးစပ်မှ အလွန်အမင်း အံ့ဩဟန်ဆောင်နေသော အော်ဟစ်သံများကို ကြားလိုက်ရသည်။

“ကောင်းကင်ဘုံ... သူက ဒီလောက် ဝပြီး ဒီလောက်တောင် အရုပ်ဆိုးတာပဲ။”

“ကြားရတာတော့ သူ့ကိုယ်က အရမ်း ညစ်ပတ်တယ်တဲ့။ ဘယ်လောက်တောင် များပြားတဲ့ ညစ်ပတ်ပြီး တန်ဖိုးနည်းတဲ့ ပြည့်တန်ဆာမတွေနဲ့ အိပ်ခဲ့ဖူးလဲ မသိဘူး။”

“အဲဒါတင် ဘယ်ကမလဲ။ သူက ကာလသားရောဂါတောင် ကူးစက်ခံထားရတယ်လို့ ကြားတယ်။”

“ဘာ… ကာလသားရောဂါ ဟုတ်လား။ ဒီရောဂါက သေနိုင်တဲ့ ရောဂါ မဟုတ်ဘူးလား။ သူက ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ။”

ဤသတင်းမှာ ပျံ့နှံ့နေပြီး လူတိုင်းက အခိုင်အမာ ယုံကြည်နေကြကာ အချိန်ကာလပင် ကိုက်ညီနေသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အောက်ယွီ သေတော့မယ်လို့ သတင်းထွက်ခဲ့တယ် မဟုတ်ဘူးလား။ သမားတော်တွေ အားလုံးက ကုသလို့ မရတော့ဘူးလို့ ပြောခဲ့ကြလို့ နုလန်ဟောက် အောက်ရှင်းက သူ့သားကို ဆေးဘုရင်ဆီ ပို့ခဲ့တာလေ။

ဆေးဘုရင်ဆီ ပို့တယ်ဆိုတာ အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိတော့ဘူးဆိုတာ လူတိုင်း သိကြပါတယ်။ တခြား ဘာမျှော်လင့်ချက်မှ မရှိတော့လို့သာ အဲဒီကို ပို့ရတာလေ။ ပြီးတော့ အဲဒီအချိန်တုန်းက အောက်မင်ကိုတောင် အောက်ရှင်းရဲ့ မွေးစားသား အဖြစ် ခန့်အပ်ပြီးပြီဆိုတော့ အောက်ယွီ သေချာပေါက် သေတော့မယ်ဆိုတာ ထင်ရှားနေတာပဲ။”

ထိုခေတ်အခါက ကာလသားရောဂါဟူသည် ကုသရန် နည်းလမ်းမရှိသေးသော ရောဂါဆိုးတစ်ခုဖြစ်ပြီး ကူးစက်ခံရပါက သေချာပေါက် သေဆုံးရမည့် ဘေးဆိုးကြီးလည်း ဖြစ်၏။

သို့သော်ငြား ထိုအတောအတွင်းမှာပင် ပိုင်ရှင်မဲ့နယ်မြေမှ ပုဂ္ဂိုလ်တစ်ဦးသည် ကာလသားရောဂါကို အမြစ်ပြတ် ကုသနိုင်သော အစွမ်းထက်သည့် နတ်ဆေးတစ်မျိုးကို ဖော်စပ်နိုင်ခဲ့လေသည်။ ဆေးဘုရင်သည် ထိုနတ်ဆေး၏ ဖော်စပ်ပုံဆေးညွှန်းကို ရရှိခဲ့သဖြင့် အောက်ယွီအား သေဘေးမှ ကယ်တင်ကုသပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပျံ့နှံ့နေသော ကောလာဟလများအရမူ ဤကာလသားရောဂါသည် လုံးဝဥဿုံ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိဟု ဆိုကြ၏။

အပေါ်ယံ မျက်နှာပြင်တွင်သာ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားခြင်းဖြစ်ပြီး အောက်ယွီနှင့် အကြောင်းပါသူ မည်သူမဆို ထိုညစ်ညမ်းသော ရောဂါဆိုး ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိနေဆဲပင်။

ထို့အပြင် ဤရောဂါဆိုးသည် အနာဂတ် ကလေးများဆီကိုတောင် ကူးစက်နိုင်သေးသည်ဟု ပြောကြသည်။

.........

All Chapters