← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 32 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 32 Ch. 369-370

အပိုင်း (၃၆၉)

ဤသို့ဖြင့် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် ဤလက်ထပ်ပွဲကို ပို၍ပင် ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြတော့၏။

ဤတော်ဝင်မိသားစုဝင်များနှင့် မှူးမတ်များသည် ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောဆိုနေကြရုံသာမက သူ့ကို အဆိပ်ပြင်းမြွေ တစ်ကောင်ကဲ့သို့ ဝေးဝေးမှ ရှောင်ရှားနေကြသည်။

ယွင်ကျုံးဟဲ့သည် ဤမြင်ကွင်းကို လုံးဝ ဂရုမစိုက်ချေ။

မင်းသမီး ရှန်ရှန်းကို သူ မရရအောင် လက်ထပ်မှာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ အာဏာရရှိရန်အတွက် အမြန်ဆုံး လမ်းကြောင်း ဖြစ်သောကြောင့်ပင်။

ထို့အပြင် ယခု အခြေအနေတွင် မိသားစုကို ကာကွယ်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာလည်း မင်းသမီး ရှန်ရှန်းကို လက်ထပ်ခြင်း ဖြစ်သည်။

သူမကို လက်ထပ်လိုက်သည်နှင့် တပြိုင်နက် ဧကရာဇ်ဟောင်း၏ လူဖြစ်သွားမည်ဖြစ်ပြီး အကာအကွယ် တစ်ခု ရရှိသွားပေလိမ့်မည်။

“ကျေးဇူးပြုပြီး အောက်ယွီ တွေ့ခွင့်တောင်းပါတယ်လို့ သွားရောက် အကြောင်းကြားပေးပါ။” ယွင်ကျုံးဟဲ့က ဦးညွတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။

“ခဏ စောင့်ပါ။” ထို မိန်းမစိုးသည် ယွင်ကျုံးဟဲ့ကို တစ်ချက်ကြည့်ကာ အထဲသို့ ဝင်ရောက်သွားတော့၏။

ယွင်ကျုံးဟဲ့ လည်း တံခါးအပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် အမျိုးသမီး တစ်ဦး အဝေးမှ ပြေးလာပြီး ယွင်ကျုံးဟဲ့၏ ခြေထောက်နှစ်ဖက်ကို ဖက်ရန် ကြိုးစားတော့၏။

အောက်ဟေးက ချက်ချင်း ရှေ့သို့ ပြေးထွက်သွားပြီး ထိုအမျိုးသမီးကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။

“အစ်ကိုအောက်... ကျွန်မလေ။ ကျွန်မ ဝမ်ချွေ့ဟွာ လေ။ ရှင်ရဲ့ ချစ်သူလေ။”

ထိုအမျိုးသမီးသည် မြေပြင်ပေါ်တွင် ထိုင်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်၏။ “ရှင်နဲ့ ကျွန်မ အတူတူ နေခဲ့ကြတဲ့ လအနည်းငယ်အတွင်းမှာ ရှင်က ကျွန်မကို လက်ထပ်မယ်လို့ ပြောခဲ့တယ်လေ။ ကျွန်မ ရှင့်ကို နှစ်အတော်ကြာ စောင့်နေခဲ့တာပါ။ ရှင် ဘာလို့ မလာသေးတာလဲ။”

ဤအမျိုးသမီး ပေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ဥယျာဉ်တော် အပြင်ဘက်တွင် စုရုံးနေကြသော တော်ဝင်မိသားစုဝင်များနှင့် မှူးမတ်များ အလွန် စိတ်လှုပ်ရှားသွားကြပြီး ပွဲကြည့်ရန် အသင့် ဖြစ်နေကြတော့သည်။

ဝမ်ချွေ့ဟွာ… ဤနာမည်ကို ကြားလိုက်ရုံဖြင့် အလွန် အဆင့်နိမ့်သော ပြည့်တန်ဆာမ တစ်ဦး ဖြစ်ကြောင်း သိရှိနိုင်၏။

ဤသည်မှာ ယခင်က အောက်ယွီ အနှစ်သက်ဆုံးသော ညစ်ပတ်သည့် အမျိုးသမီးမျိုးပင် ဖြစ်သည်။

ဤအမျိုးသမီးသည် အောက်ဟေး၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ခေါင်းပေါ်ရှိ ခေါင်းစည်းပုဝါ ပြုတ်ကျသွားကာ သူမ၏ မျက်နှာ ပေါ်ထွက်လာတော့၏။

ချက်ချင်းပဲ လူတိုင်း အံ့ဩတုန်လှုပ်သွားကြပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြကာ အဆိပ်ပြင်းမြွေ တစ်ကောင်ကဲ့သို့ ရှောင်ရှားလိုက်ကြတော့သည်။

ဤအမျိုးသမီးမှာ သေချာပေါက် အရုပ်ဆိုးသည်။ ထို့အပြင် အလွန် အဆင့်နိမ့်သော အရုပ်ဆိုးခြင်းမျိုး ဖြစ်ပြီး မိတ်ကပ်များ အထူကြီး လိမ်းခြယ်ထားသောကြောင့် ကြေးပြားအနည်းငယ်သာ တန်သော အောက်ခြေအဆင့် ပြည့်တန်ဆာမ တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှ၏။

သို့ပေမည့် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူမ၏ မျက်နှာပေါ်တွင် အနီစက်များ အပြည့် ပေါက်နေခြင်းပင် ဖြစ်သည်။

နားလည်သူတိုင်း တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤအမျိုးသမီးသည် ကာလသားရောဂါ ကူးစက်ခံထားရကြောင်း သိရှိနိုင်ပြီး ရောဂါအခြေအနေမှာ အလွန် ဆိုးရွားနေကာ မျက်နှာတစ်ခုလုံး အနာများ ပေါက်နေကြောင်း သိရှိနိုင်၏။

သူမ၏ ဤ ကာလသားရောဂါမှာ အလွန် ပြင်းထန်နေပြီဖြစ်ပြီး သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

“အစ်ကိုအောက်... ကျွန်မက ဝမ်ချွေ့ဟွာလေ။ ရှင်နဲ့ ကျွန်မ လျှို့ဝှက်စွာ ချစ်ကြိုက်ခဲ့ကြပေမယ့် ရှင်က ကျွန်မကို စွန့်ပစ်ခဲ့တယ်။ ကျွန်မ ရှင့်ကို နှစ်အတော်ကြာ စောင့်နေခဲ့တာ... နှစ်အတော်ကြာ စောင့်နေခဲ့တာပါ။

အစ်ကိုအောက်... ရှင်က အရမ်း ရက်စက်တာပဲ။ ကိုယ်တိုင် ရောဂါ ကူးစက်ခံထားရတာကို သိသိရက်နဲ့ ဘာမှမပြောဘဲ ကျွန်မကိုပါ ကူးစက်စေခဲ့တယ်။

“အစ်ကိုအောက်... ရှင်က ကာလသားရောဂါကို ကျွန်မဆီ ကူးစက်စေခဲ့တာက ဘာမှ မဖြစ်ပေမယ့် ကျွန်မ ဗိုက်ထဲက ကလေးဆီပါ ဒီရောဂါဆိုးကြီးကို ကူးစက်စေခဲ့တာကတော့ လုံးဝ မလုပ်သင့်တဲ့ ကိစ္စပဲ။”

ပြောဆိုပြီးနောက် ဤအမျိုးသမီးက တစ်စုံတစ်ယောက်ကို လက်ယပ်ခေါ်လိုက်၏။

ထို့နောက် အသက်ကြီးကြီး အမျိုးသား တစ်ဦးက ကလေးငယ် တစ်ဦးကို လက်ဆွဲကာ ရောက်ရှိလာပြီး ကာလသားရောဂါ ကူးစက်ခံထားရသော ဝမ်ချွေ့ဟွာ၏ အနီးသို့ ရောက်ရှိလာ၏။ ဤကလေးငယ်မှာ အသက်နှစ်နှစ်၊ သုံးနှစ်ခန့် ရှိပြီး အလွန် ဝဖြိုးသည်။

“အစ်ကိုအောက်... ဒါက ကျွန်မတို့ရဲ့ ကလေးလေ။ ကြည့်ပါအုံး။ သူက ရှင့်ပုံစံနဲ့ တူလား... တူတယ် မဟုတ်လား။” ထိုအမျိုးသမီးသည် ကလေးငယ်ကို လက်ညှိုးထိုးပြကာ ယွင်ကျုံးဟဲ့ အား အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

‘တကယ်ကို ရက်စက်တဲ့ အကြံအစည်ပဲ။ ဒီကလေးလေးက ဝဖြိုးနေပြီး အောက်ယွီနဲ့ တကယ်ကို နည်းနည်း ဆင်တူနေတယ်။ ဝတဲ့လူတွေက ရုပ်ချင်း ဆင်တူလေ့ ရှိကြလို့ ဒီအမျိုးသမီးက ဒီလို အော်ဟစ်လိုက်တာနဲ့ လူတိုင်းက ဒီကလေးဟာ အောက်ယွီနဲ့ ဒီအဆင့်နိမ့် ပြည့်တန်ဆာမတို့ ရထားတဲ့ကလေးလို့ ထင်သွားကြမှာပဲ။

ဒါတင်မကသေးဘူး... ပိုပြီး ရက်စက်တာက ဒီကလေးရဲ့ မျက်နှာပေါ်မှာလည်း အဆိပ်အနီစက်တွေ အပြည့် ပေါက်နေတာပဲ။ ကြည့်ရတာ ကာလသားရောဂါ ကူးစက်ခံထားရတဲ့ ပုံစံမျိုးပဲ။’

“ကလေးလေး... သူက သားရဲ့ ဖေဖေ လေ။ မြန်မြန်… မြန်မြန်.. ဖေဖေ လို့ ခေါ်လိုက်။” ထို ဝဖြိုးသော အမျိုးသမီးသည် ကလေးငယ်၏ အင်္ကျီလက်ကို ဆွဲကာ ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးပြလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ထိုဝဖြိုးသော ကလေးငယ်သည် ကြောက်ရွံ့စွာဖြင့် ယွင်ကျုံးဟဲ့ အား ဖေဖေ ဟု ခေါ်လိုက်သည်။ ထို့နောက် သူသည် ရှက်တတ်သော ကလေးကဲ့သို့ ဝမ်ချွေ့ဟွာ၏ အနောက်သို့ ဝင်ပုန်းရန် ကြိုးစားလိုက်၏။

သို့ပေမည့် ရောဂါကူးစက်ခံထားရသော ပြည့်တန်ဆာမသည် ကလေးငယ် သူမကို လာထိမည်ကို စိုးရိမ်သောကြောင့် ရှောင်ရှားလိုက်သည်။

ထိုအသက်ကြီးကြီး အမျိုးသားသည် ရှေ့သို့တက်လာပြီး ကလေးငယ်ကို ပွေ့ချီကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်၏။ “သခင်လေး... အဲဒီတုန်းက ခင်ဗျား ကျုပ်သမီးကို ဖျက်ဆီးခဲ့လို့ သူ့မှာ ကလေးရသွားရုံတင် မကဘူး၊ အခု ညစ်ပတ်တဲ့ ရောဂါပါ ကူးစက်ခံထားရပြီ။ သူကတော့ အသက်မရှင်နိုင်တော့ဘူး။

ဒါပေမဲ့ ဒီကလေးက ခင်ဗျားရဲ့ သွေးသားအရင်းအချာပဲလေ။ ကာလသားရောဂါကို ခင်ဗျား ကုသနိုင်တယ် ဆိုရင် ဒီကလေးကိုလည်း သေချာပေါက် ကုသနိုင်မှာပါ။ ကျုပ်တို့က ဆင်းရဲသားတွေဆိုတော့ ကြေးပြား အနည်းငယ်တောင် မစုဆောင်းနိုင်ပါဘူး။

ခင်ဗျားကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုက လူတစ်ယောက်ဆိုတော့ ကလေးကို ကယ်တင်ပေးပါ။ သူက ခင်ဗျားရဲ့ သွေးသားအရင်းအချာပါ။ ခင်ဗျား မျက်စိရှေ့မှာ သေခိုင်းလို့ မဖြစ်ပါဘူး။”

ဤအသက်ကြီးကြီး အမျိုးသားသည် ရိုးသားသော လယ်သမား တစ်ဦးနှင့် တူပြီး မျက်နှာပေါ်တွင် အိုမင်း ရင့်ရော်မှုများ၊ ဆင်းရဲနွမ်းပါးမှုများနှင့် ရိုးသားမှုများ အပြည့်အဝ ရှိနေကာ တစ်သက်လုံး လိမ်ညာ ပြောဆိုတတ်မည် မဟုတ်သူကဲ့သို့ ဖြစ်နေသည်။

ယွင်ကျုံးဟဲ့ မျက်လုံးများကို မှေးလိုက်၏။

‘ဒါ ဘယ်သူ့ရဲ့ အကြံအစည်လဲ။ တကယ်ကို အစွန်းရောက်အောင် ယုတ်မာတဲ့ အကြံအစည်ပဲ။ ဒီလို ရောဂါသည် အမျိုးသမီး တစ်ယောက်ကို ရှာလာပြီး အောက်ယွီ နဲ့ ရုပ်ချင်း ဆင်တူတဲ့ ဝဝကစ်ကစ်ကလေး တစ်ယောက်ကိုပါ ရှာလာသေးတယ်။ ဒါက ဘယ်လိုမှ ရှင်းပြလို့ မရအောင် လုပ်လိုက်တာပဲ။’

သာမန်အချိန်မျိုးတွင် အောက်ယွီသည် သူ၏ ဂုဏ်သိက္ခာကို အထူးတလည် ဂရုစိုက်တတ်သူ မဟုတ်ပေ။ သို့သော်ငြား ယခုမူ အခြေအနေက တစ်မျိုးဖြစ်နေသည်။ မင်းသမီး ရှန်ရှန်းနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည့်အချိန် မဟုတ်ပါလား။

နှင်းပွင့်ကဲ့သို့ ဖြူစင်၍ ရေခဲပြင်ကဲ့သို့ သန့်ရှင်းစင်ကြယ်သော မင်းသမီး ရှန်ရှန်းအဖို့ ဤကဲ့သို့သော အညစ်အကြေးမျိုးကို မည်သို့မှ သည်းခံနိုင်မည် မဟုတ်သည်မှာ အသေအချာပင်။ ဤသည်မှာ ယွင်ကျုံးဟဲ့နှင့် မင်းသမီးတို့၏ တွေ့ဆုံပွဲကို တမင်သက်သက် ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။

ဤလုပ်ရပ်၏ နောက်ကွယ်က ကြိုးကိုင်သူမှာ မည်သူဖြစ်နိုင်သနည်း။ အောက်မင်လား၊ တွမ်ယင်းယင်းလား သို့မဟုတ် ဖူယန်ထူ၏ လူများပင်လား။

ယခုအချိန်တွင် ဥယျာဉ်တော် အပြင်ဘက်၌ ရပ်နေကြသော တော်ဝင်မိသားစုဝင်များနှင့်မှူးမတ်များသည် ပို၍ပင် လက်ညှိုးထိုးကာ အပြစ်တင်နေကြပြီး ရွံရှာဖွယ်ကောင်းသော မျက်နှာထားများ ပြသနေကြသည်။

“သခင်လေး... ဒါက ခင်ဗျားရဲ့ သွေးသားအရင်းအချာလေ။ ခင်ဗျား အသိအမှတ် မပြုတော့ဘူးလား။ သူ သေသွားတာကို ခင်ဗျား မျက်မြင်ကိုယ်တွေ့ ကြည့်ရက်နိုင်လို့လား။”

ထိုအသက်ကြီးကြီး အမျိုးသားသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးလိုက်၏။ “သခင်လေး... သူ့ကိုကယ်ပါအုံး…. သူ့ကိုကယ်ပါအုံး...”

တော်ဝင်မိသားစုဝင်များနှင့် မှူးမတ်များထဲမှ သခင်မကြီးများသည် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားရင်း မျက်ရည်များ သုတ်ကာ ပြောလိုက်ကြ၏။ “ဒီကလေးလေးက တကယ် သနားစရာ ကောင်းတာပဲ။ ဒီအောက်ယွီက တကယ်ကို အကုသိုလ်များတာပဲ။ ကလေးမွေးပြီးတော့ တာဝန်မယူတဲ့အပြင် အခုကလေး သေမှာကိုတောင် ဒီအတိုင်း ကြည့်နေတယ်။ တကယ်ကို တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။”

ထိုအသက်ကြီးကြီး အမျိုးသားသည် တစ်ဖက်မှ ဦးညွတ်နေပြီး တစ်ဖက်မှ အသနားခံနေသော်လည်း မျက်လုံးများထဲတွင်မူ အလွန် အေးစက်သော အကြည့်များ ရှိနေသည်။

‘အောက်ယွီ... ခင်ဗျားက အရမ်း ဉာဏ်များတယ် မဟုတ်လား။ ဒီနေ့တော့ ခင်ဗျားကို သေချာပေါက် နာမည်ပျက်အောင် လုပ်ပြီး အရှက်ခွဲပစ်မယ်။

ခင်ဗျားက အသိအမှတ် မပြုရဲဘူး မဟုတ်လား။ ဒါပေမဲ့ အရေးမကြီးပါဘူး။ အသိအမှတ်ပြုဖို့ မလိုပါဘူး။ ခင်ဗျားကို သေချာပေါက် နာမည်ပျက်အောင် လုပ်ဖို့ပဲ လိုတာပါ။ ခင်ဗျားရဲ့ နာမည်က မူလတည်းက ဆိုးပြီးသားလေ။

ခင်ဗျား ဖက်ဖို့တောင် မရဲဘူး မဟုတ်လား။ ဒီကလေး မျက်နှာပေါ်မှာ အဆိပ်အနီစက်တွေ အပြည့် ရှိနေတာကို ခင်ဗျား မထိရဲဘူး မဟုတ်လား။ ဟား ဟား ဟား… ခင်ဗျား ဘယ်လိုမှ ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး။’

သို့ပေမည့် ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ရှေ့သို့တက်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “လာ... သားလေး... ဖေဖေ့ကို ဖက်ပါအုံး။”

ချက်ချင်းပဲ ထိုအသက်ကြီးကြီး အမျိုးသားမှာ မှင်သက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မင်းသမီး ရှန်ရှန်း၏ မြင်းလှည်းသည် ဟူချွန်းယွမ်ဘက်သို့ ဦးတည်လာနေပြီး မိဖုရားကြီးကိုယ်တိုင် သူမနှင့်အတူ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲသို့ လိုက်ပါလာသည်။ သူမသည် နန်းတော်မှ ယခုလေးတင် ထွက်ခွာလာခြင်း ဖြစ်၏။

“ရှန်ရှန်း... မယ်တော် ပြောချင်တာက လူတစ်ယောက်ရဲ့ ပါရမီနဲ့ ကိုယ်ကျင့်တရားဟာ အမြဲတမ်း တိုက်ရိုက် အချိုးကျနေတာ မဟုတ်ဘူး။ သမီးက အောက်ယွီရဲ့ စာအုပ်တွေကို သဘောကျတယ်၊ သူ့ရဲ့ တေးဂီတတွေကို သဘောကျတယ် ဆိုတာ မယ်တော် သိပါတယ်။ ဒါပေမဲ့ လူကိုပါ သဘောကျဖို့ မလိုပါဘူး။ ဒီလူရဲ့ နာမည်ဂုဏ်သတင်းက အရမ်း ဆိုးလွန်းတယ်။”

မိဖုရားကြီးက ပြောလိုက်သည်။ “သူက ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တဲ့အတွက် ဧကရာဇ် မင်းမြတ်က မဖြစ်မနေ သဘောတူပြီး သမီးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံခွင့် ပေးခဲ့ရတာပါ။ ဒါပေမဲ့ သမီး အနေနဲ့ ဟန်ပြလောက်ပဲ လုပ်လိုက်ပါ။ တွေ့ဆုံတာတွေ၊ သီးသန့် စကားပြောတာတွေ မလုပ်တာ အကောင်းဆုံးပါပဲ။ အဝေးကနေ တစ်ချက်ကြည့်ပြီး ငြင်းလိုက်ပါ။ ဒါမှ နာမည်ဂုဏ်သတင်း မထိခိုက်မှာ။”

မင်းသမီး ရှန်ရှန်းက ပြန်ပြောလိုက်၏။ “မယ်တော်... အဲဒီလောက်လည်း မဆိုးပါဘူး။ သမီးက အောက်ယွီရဲ့ ကျောက်တုံးမှတ်တမ်းကို သဘောကျတယ်။ သူ တီးခတ်တဲ့ တေးဂီတတွေကိုလည်း သဘောကျတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီလို နာမည်ဆိုးမျိုးကိုတော့ သမီး တကယ် လက်မခံနိုင်ပါဘူး။ သမီး သူ့ကို လုံးဝ သဘောကျမှာ မဟုတ်ပါဘူး။”

“သမီး သေချာရဲ့လား။” မိဖုရားကြီးက မေးလိုက်သည်။

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “သမီး သေချာပါတယ်။”

ထို့နောက် သူမ၏ လှပသော မျက်လုံးကြီးများသည် ဝေဝါးသွားပြီး အတိတ်ကို ပြန်လည် သတိရသွားသကဲ့သို့ ဖြစ်သွားသည်။

ထိုစဉ်က သူမ အသက်ခုနစ်နှစ်သာ ရှိသေးပြီး ရောဂါ ဖောက်လာကာ သေလုမျောပါး ဖြစ်နေခဲ့သည်။ ဆရာတော် ဝူရှင်းက သူမကို လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့၏။

ထိုအချိန်သည် သူမအတွက် အဆိုးရွားဆုံး၊ အမှောင်မိုက်ဆုံး အချိန်ဖြစ်ပြီး နေ့စဉ် သေမင်းနှင့် ရင်ဆိုင်နေရကာ ငရဲပြည်သို့ ရောက်ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။

ထိုကဲ့သို့သော နေ့ရက်များသည် ခြောက်လကျော် ကြာမြင့်ခဲ့သည်။ သူမ တစ်ကိုယ်လုံး နာကျင်နေပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ လုံးဝ လှုပ်ရှား၍ မရခဲ့ချေ။

ထိုအချိန်တွင် နံရံ၏ တစ်ဖက်ခြမ်းရှိ ယောက်ျားလေး တစ်ယောက်သည် သူမ၏ ငရဲပြည်ထဲမှ တစ်ခုတည်းသော အလင်းရောင်လေး ဖြစ်လာခဲ့သည်။

သူမသည် ထိုယောက်ျားလေးကို မမြင်တွေ့ရသော်လည်း သူသည် ဘေးခန်းရှိ လူနာခန်းတွင် ရှိနေပြီး သူမကို အသက်ရှင်သန်ရန် သတ္တိများ ပေးခဲ့သည်။ သူကိုယ်တိုင် အလွန် နာကျင်နေချိန်တွင်ပင် သူမကို အားပေးခဲ့ပြီး ပျော်ရွှင်အောင်၊ ခွန်အားရှိအောင် လုပ်ပေးခဲ့၏။

ခြောက်လကျော် အချိန်ကို အတူတကွ ဖြတ်သန်းခဲ့ကြသော်လည်း သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ခဲ့ဖူးသလို ရှန်ရှန်း ကလည်း တစ်ဖက်လူ၏ နာမည်ကို မသိခဲ့ချေ။

အပိုင်း (၃၇၀)

ဤကဲ့သို့ အခြေအနေမျိုးနှင့် ဖြတ်သန်းခဲ့ကြပြီး ဆေးကုသမှု၏ အရေးအကြီးဆုံး အချိန်၊ မင်းသမီး ရှန်ရှန်း၏ အသက်ရှင်ခြင်း သေဆုံးခြင်းကို ဆုံးဖြတ်မည့်အချိန်တွင် သူမက ထိုယောက်ျားလေးကို စကားတစ်ခွန်း ပြောခဲ့သည်။ “ကျွန်မ အသက်ရှင်ခဲ့မယ် ဆိုရင် ကြီးလာတဲ့အခါ ရှင့်ကို လက်ထပ်မယ်။”

သေချာပေါက် သူမ ဤစကားကို ပြောချိန်တွင် အသက်ခုနစ်နှစ်သာ ရှိသေးသောကြောင့် လုံးဝ ကလေးစကားသာ ဖြစ်၏။

သို့ပေမည့် ထိုယောက်ျားလေးသာ မရှိခဲ့ပါက သူမ အမှန်တကယ် အသက်ရှင်နိုင်မည် မဟုတ်ချေ။ အကြိမ် မည်မျှများများ သူမ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ချက်ချင်း သေဆုံးသွားချင်ခဲ့သနည်း။

ထို့နောက်တွင် သူမသည် ထိုယောက်ျားလေးကို အစွမ်းကုန် ရှာဖွေခဲ့သော်လည်း လုံးဝ မတွေ့ရှိခဲ့ချေ။

ထို့ကြောင့် သူမသည် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲများကို လုံးဝ မငြင်းပယ်ဘဲ ထိုယောက်ျားလေးကို ရှာဖွေရန် အတွက်သာ အသုံးပြုခဲ့ပြီး တွေ့ဆုံပွဲတိုင်းတွင် မေးခွန်းသုံးခုကို မေးလေ့ရှိသည်။

သို့ပေမည့် မည်သူတစ်ဦးတစ်ယောက်မှ မဖြေဆိုနိုင်ခဲ့ချေ။ သို့မဟုတ် မှန်ကန်စွာ မဖြေဆိုနိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် အဖြေများမှာ သူမ၏ စိတ်ထဲတွင်သာ ရှိနေပြီး ထိုယောက်ျားလေးမှလွဲ၍ မည်သူမှ မသိရှိနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့်တွေ့ဆုံပွဲတိုင်းတွင် မည်မျှပင် ထူးချွန်သော လူငယ်များ ဖြစ်စေကာမူ အားလုံး ကျရှုံးခဲ့ကြရ၏။

ထို့ကြောင့် သူမ လိမ်ညာပြောဆိုခြင်း မဟုတ်ချေ။ အောက်ယွီ၏ ပါရမီကို လေးစားသော်လည်း သူ၏ လက်ထပ်ခွင့် တောင်းဆိုမှုကို လုံးဝ လက်ခံမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူမ လက်ထပ်ချင်သောသူ ရှိနေပြီဖြစ်ပြီး ထိုသူသည် သူမကို အဆိုးရွားဆုံး အခြေအနေတွင် အသက်ရှင်သန်ရန် သတ္တိများ ပေးခဲ့သော ယောက်ျားလေး ပင်ဖြစ်သည်။

ထိုခြောက်လကျော် အချိန်အတွင်း သူမ မည်မျှလောက် နာကျင်ပြီး စိတ်ပျက်အားငယ်ခဲ့ရကာ နေ့စဉ် သေမင်းနှင့် မည်သို့ တိုက်ပွဲဝင်ခဲ့ရသည်ကို မည်သူမှ နားလည်နိုင်မည် မဟုတ်ချေ။

ထိုယောက်ျားလေးကလည်း သူမကို မည်မျှလောက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ပေးခဲ့သည်ကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အောက်ယွီ မည်မျှပင် ပါရမီ ရှိစေကာမူ သူမသည် သူ၏ လက်ထပ်ခွင့် တောင်းဆိုမှုကို လက်ခံမည် မဟုတ်ဘဲ ဟန်ပြလောက်သာ လာရောက်ခြင်း ဖြစ်သည်။

ဤသို့ ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် မင်းသမီး ရှန်ရှန်း၏ မြင်းလှည်းသည် ဟူချွန်းယွမ် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့၏။

အောက်ယွီသည်ကလေးတစ်ယောက်ကို ပွေ့ချီထားပြီး မြေပြင်ပေါ်တွင်လည်း အနာများ အပြည့်ပေါ က်နေသော အမျိုးသမီး တစ်ဦး ရှိနေကာ အစ်ကိုအောက်... အစ်ကိုအောက်... သစ္စာဖောက်တဲ့ အစ်ကိုအောက် ဟု အော်ဟစ်နေသည်။

မိဖုရားကြီးက အေးစက်စက်ဖြင့် မေးလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ။”

ထိုအသက်ကြီးကြီး အမျိုးသားသည် မင်းသမီး ရှန်ရှန်း၏ မြင်းလှည်းရှေ့သို့ ချက်ချင်း ဒူးထောက်ကာ နဖူးမှ သွေးထွက်သည်အထိ ဦးညွတ်လျက် ပြောလိုက်သည်။ “သခင်မကြီး... ကျုပ်ကို ကယ်တင်ပါအုံး။ ကယ်တင်ပါအုံး။”

မိဖုရားကြီးက မိန့်လိုက်၏။ “ပြော။”

ထိုအသက်ကြီးကြီး အမျိုးသားသည် ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “သခင်မကြီး... ဒီအောက်ယွီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်သမီးကို ဖျက်ဆီးခဲ့ပြီး သူတို့နှစ်ယောက် လျှို့ဝှက်စွာ ချစ်ကြိုက်ခဲ့ကြပါတယ်။

ကျုပ်သမီး ချွေ့ဟွာမှာ သူနဲ့ ကလေးရသွားခဲ့ပေမယ့် အောက်ယွီက ထွက်ပြေးသွားပြီး လုံးဝ တာဝန် မယူခဲ့ပါဘူး။ ကျုပ်သမီးလည်း နောက်ထပ် အိမ်ထောင်ပြုလို့ မရတော့ဘဲ သူ့ကို နှစ်အတော်ကြာ စောင့်နေခဲ့ရပါတယ်။

ဒါပေမဲ့ သူက ကာလသားရောဂါ ဆိုတဲ့ ညစ်ပတ်တဲ့ ရောဂါဆိုးကြီးကို ကျုပ်သမီး ချွေ့ဟွာဆီ ကူးစက်စေခဲ့ပါတယ်။ အခု သူမက ရောဂါကျွမ်းနေပြီဖြစ်လို့ သေချာပေါက် သေရတော့မှာပါ။”

ဤသို့ ပြောဆိုရင်း အသက်ကြီးကြီး အမျိုးသားသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေပြီး ဆက်လက် မပြောနိုင်တော့ချေ။

မိဖုရားကြီးသည် အလွန် ဒေါသထွက်သွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဆက်ပြော။”

အသက်ကြီးကြီး အမျိုးသားက ဆက်ပြောလိုက်၏။ “ကျုပ်တို့ နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းကြည့်မှ သူက နုလန်ဟောက်ရဲ့ သားဖြစ်ပြီး တကယ့် အထက်တန်းလွှာ တစ်ယောက်ဆိုတာ သိရပါတယ်။ ဒီလိုလူမျိုးကို ကျုပ်တို့ ဘယ်လိုမှ မပတ်သက်ရဲပါဘူး။

ဒါပေမဲ့ ချွေ့ဟွာက မကြာခင် သေရတော့မယ်၊ ကျုပ်လည်း အသက်သိပ်မရှည်တော့ဘူးဆိုတော့ မြေးလေး တစ်ယောက်တည်း အားကိုးရာမဲ့ ဖြစ်ကျန်ခဲ့မှာပါ။ ပြီးတော့ သူလည်း မိခင်ဝမ်းတည်းက ပါလာတဲ့ ညစ်ပတ်တဲ့ ရောဂါဆိုးကြီး ကူးစက်ခံထားရပါတယ်။ ဒါက သူ့အဖေ အောက်ယွီဆီကနေ ကူးလာတာပါ။

အခု ကာလသားရောဂါကို ကုသလို့ ရပြီလို့ ကြားပေမယ့် ကျုပ်တို့လို ဆင်းရဲသားတွေက ဘယ်လိုလုပ် ကုနိုင်မှာလဲ။ ဒါကြောင့် ဒီ အောက်ယွီဆီကို လာရှာတာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ အထက်တန်းလွှာတွေကို လာပြီး ပတ်သက်တာလည်း မဟုတ်ပါဘူး။ မြေးလေးကို ကယ်တင်ပေးဖို့ တောင်းဆိုချင်လို့ပါ။ သူက သူ့ရဲ့ သွေးသားအရင်းအချာပဲလေ။ ဒါပေမဲ့ သူက အသိအမှတ် မပြုဘူးတဲ့။

သခင်မကြီး... ကြည့်ပါအုံး။ ဒီမြေးလေးက အောက်ယွီနဲ့ ဘယ်လောက်တောင် တူလဲဆိုတာ။ လုံးဝ တစ်ပုံစံတည်းပဲ။ မျက်နှာပေါ်က အမှတ်လေးကအစ တစ်ပုံစံတည်းပဲ။” ထို အသက်ကြီးကြီး အမျိုးသားသည် ယွင်ကျုံးဟဲ့၏ မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။

အောက်ယွီ၏ မျက်နှာပေါ်တွင် အမှန်တကယ်ပင် ထူးခြားသော အမှတ်တစ်ခု ရှိသည်။ လခြမ်းပုံစံ အနီရောင် အမှတ်လေး ဖြစ်ပြီး မွေးရာပါ အမှတ် ဖြစ်၏။

ယွင်ကျုံးဟဲ့သည် အောက်ယွီနှင့် တစ်ပုံစံတည်း တူညီစေရန်အတွက် မျက်နှာပေါ်တွင် ဤကဲ့သို့သော အမှတ်လေးကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ဤရောဂါကူးစက်ခံထားရသော ပြည့်တန်ဆာမ ဝမ်ချွေ့ဟွာ၏ သားဖြစ်သူ ရှောင်ပေါင်၏ မျက်နှာပေါ်တွင်လည်း ဤကဲ့သို့သော အနီရောင် အမှတ်လေး ရှိနေပြီး နေရာပင် တစ်ပုံစံတည်း ဖြစ်နေ၏။

ဤသည်က မျက်စိရှေ့ရှိ ရှောင်ပေါင်သည် အောက်ယွီနှင့် ဤရောဂါသည် ပြည့်တန်ဆာမ တို့၏ တရားမဝင် သား ဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားစေသည်။

မိဖုရားကြီးသည် ဤစကားများကို ကြားလိုက်ရချိန်မှာတော့ အလွန် ဒေါသထွက်သွားပြီး အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “ဒီလို သစ္စာဖောက်ပြီး ဇနီးနဲ့ သားသမီးကို စွန့်ပစ်တဲ့ လူယုတ်မာကို တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ လာကြစမ်း... သူ့ကို မြေကြီးပေါ်မှာ ဖိထားပြီး ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်စမ်း။”

မိဖုရားကြီး၏ အမိန့်ကို ကြားလိုက်ရချိန်မှာတော့ စစ်သည်အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို မြေပြင်ပေါ်တွင် ဖိကာ ကြိမ်ဒဏ်ပေးရန် ပြင်လိုက်ကြတော့သည်။

သူနှင့် မင်းသမီး ရှန်ရှန်း တို့၏ မျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာလည်း သေချာပေါက် ပျက်စီးသွားပြီ ဖြစ်၏။

အောက်ယွီသည် ဤကဲ့သို့သော အရှက်ကွဲမှုမျိုးကို ကြုံတွေ့ခဲ့ရပြီးနောက် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာ မည်သို့ ဖြစ်နိုင်တော့မည်နည်း။ ရိုက်နှက်မခံရလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။

ထို အသက်ကြီးကြီး အမျိုးသားသည် သွေးထွက်သည်အထိ အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်၏။ “သခင်မကြီး... ကျုပ်ကို ကယ်တင်ပါအုံး။ ကျုပ်ရဲ့ ရှောင်ပေါင်လေးကို ကယ်တင်ပေးပါအုံး။”

သူသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေသော်လည်း စိတ်ထဲတွင်မူ အလွန် ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးနေသည်။

‘အောက်ယွီ... ခင်ဗျားက တစ္ဆေလို ဉာဏ်များတယ် မဟုတ်လား။ ဒီနေ့တော့ ခင်ဗျားရဲ့ အစီအစဉ်ကောင်းတွေကို ဖျက်ဆီးပစ်ပြီး ခင်ဗျားကို သေလုမျောပါး ဖြစ်အောင် အရိုက်ခံရစေမယ်။ ခင်ဗျားက တောင်ပိုင်းမှာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ ဘာလုပ်လို့ရမှာလဲ။ ဘာမှ အသုံးမဝင်ဘူး။’

ယွင်ကျုံးဟဲ့သည် ရင်ခွင်ထဲရှိ ဝဖြိုးသော ရှောင်ပေါင်ကို ကြည့်ကာ သနားစိတ်များ ဖြစ်ပေါ်လာမိသည်။ ဤကလေးငယ်သည် အလွန် သနားစရာ ကောင်းလှ၏။

အသက်သုံးနှစ်ပင် မပြည့်သေးမီ ဤကဲ့သို့သော ဒုက္ခမျိုးကို ခံစားနေရပြီး အောက်ယွီကို တိုက်ခိုက်ရန် လက်နက်တစ်ခုအဖြစ် အသုံးချခံနေရသည်။ ဤနောက်ကွယ်မှ ကြိုးကိုင်သူသည် အမှန်တကယ်ပင် တိရစ္ဆာန်ထက် ဆိုးရွားလှသည်။

ထို့အပြင် ယခုအချိန်တွင် သူ၏ မျက်လုံးများထဲ၌ အကြောက်တရားများနှင့် မလုံခြုံမှုများ ပြည့်နှက်နေပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်ကာ ငိုကြွေးနေ၏။ “မေမေ... မေမေ့ကို လိုချင်တယ်။”

ယွင်ကျုံးဟဲ့သည် သူ့ကို ဖမ်းဆီးရန် လာသော စစ်သည်များကို လုံးဝ ဂရုမစိုက်ဘဲ ဝမ်ချွေ့ဟွာကို ကြည့်ကာ ပြောလိုက်သည်။ “အစ်မကြီး... အစ်မ အတင်းအကျပ် ခိုင်းစေခံရတယ်ဆိုတာ ကျုပ် သိပါတယ်။ အကယ်၍ သူတို့ရဲ့ အမိန့်ကို မနာခံဘဲ ကျုပ်ကို မစွပ်စွဲဘူးဆိုရင် သူတို့က အစ်မရဲ့ သားကို သတ်ပစ်လိမ့်မယ်လို့ ပြောထားတာ မဟုတ်လား။ ဒါပေမဲ့ စိတ်ချပါ။ အစ်မရဲ့ သားက အခု ကျုပ်လက်ထဲမှာ ရှိနေပြီမို့ လူဆိုးတွေ သူ့ကို အနာတရ ဖြစ်အောင် မလုပ်နိုင်တော့ပါဘူး။”

ဤ ဝမ်ချွေ့ဟွာသည် ယွင်ကျုံးဟဲ့ နှင့် မည်သည့် ရန်ငြိုးမှ မရှိသောကြောင့် သေချာပေါက် သူ့ကို တမင် လာရောက် စွပ်စွဲမည် မဟုတ်ချေ။ အရာအားလုံးသည် သူမ၏ သားအတွက်ကြောင့်သာ ဖြစ်၏။

သူမသည် အဆင့်နိမ့် ပြည့်တန်ဆာမ တစ်ဦး ဖြစ်သော်လည်း သူမ၏ သားကို အလွန် ချစ်ခင်သည်။

စောစောက ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ဤအမျိုးသမီးသည် ကလေး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ချိန်တွင် လက်ချောင်းများဖြင့် သတိထား၍ ဖိကိုင်ထားခဲ့၏။

ထို့အပြင် ကလေးက သူမ၏ အနောက်သို့ ဝင်ပုန်းရန် ကြိုးစားချိန်တွင်လည်း ကလေးက သူမ၏ ခန္ဓာကိုယ်ကို ထိမိမည်ကို စိုးရိမ်သောကြောင့် ရှောင်ရှားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ကာလသားရောဂါမှာ ပို၍ ပြင်းထန်နေသောကြောင့် ထိတွေ့မိပါက သားဖြစ်သူကို ဒုက္ခပေးသလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

“အစ်မကြီး... ကျုပ် အစ်မရဲ့ သားကို ကယ်တင်ပေးမယ်လို့ ကတိပေးပါတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်ပြီးနောက် ရင်ခွင်ထဲရှိကလေးကို ကြည့်ကာ မေးလိုက်၏။ “ရှောင်ပေါင်... မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လူက ဘယ်သူလဲ။ သားရဲ့ အဘိုးလား။”

ယွင်ကျုံးဟဲ့၏ အကြည့်များမှာ အလွန် နူးညံ့ပြီး အသံမှာလည်း အလွန် နူးညံ့ကာ ကလေးများ အယုံကြည်ရဆုံးသော အကြည့်နှင့် အသံမျိုး ဖြစ်သည်။

ရှောင်ပေါင်သည် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ခေါင်းခါကာ ပြောလိုက်၏။ “အဘိုး... လူဆိုး...”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ မြေပြင်ပေါ်ရှိ ထိုအသက်ကြီးကြီး အမျိုးသား၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း အရေးမကြီးချေ။ အဘယ်ကြောင့်ဆိုသော် ကလေးက အဘိုးဟု ခေါ်ဆိုခဲ့သေးသောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ ပြည့်တန်ဆာမ ဝမ်ချွေ့ဟွာကို ကြည့်ကာ ပြောလိုက်၏။ “အစ်မကြီး... အမှန်တိုင်း ပြောပြပါ။ ကျုပ် အစ်မရဲ့ သားကိုကယ်တင်ပေးနိုင်ပါတယ်။”

ထို အသက်ကြီးကြီး အမျိုးသားက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အားလုံး ကြည့်ကြပါအုံး... ဒီ အောက်ယွီက အဖြူအမည်းကို ပြောင်းပြန် လုပ်တော့မယ်။ ကျုပ်မြေးလေးကို လွှတ်ပေး။ ကျုပ်မြေးလေးကို လွှတ်ပေး။ သူ့ကို ဓားစာခံ အဖြစ် မသုံးနဲ့။”

ယွင်ကျုံးဟဲ့သည် ကလေးကို ပွေ့ချီကာ စစ်သည်အဖွဲ့၏ အနောက်သို့ ပို့ဆောင်ပေးလိုက်၏။

ထို့နောက် သူသည် ဝမ်ချွေ့ဟွာကို ကြည့်ကာ ပြောလိုက်သည်။ “အစ်မကြီး... အမှန်တိုင်း ပြောပြပါ။ ကျုပ် အစ်မရဲ့ သားကို ကယ်တင်ပေးနိုင်ပါတယ်။”

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ရင်ဘတ်ထဲမှ ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူကာ ပြောလိုက်၏။ “အစ်မကြီး... ကျုပ်မှာ နတ်ဆေး ရှိတယ်။ သူ့ကိုကယ်တင်ပေးနိုင်တယ်။ ကျုပ် လက်ထဲက ဒီနတ်ဆေးက လူဆိုးတွေ အစ်မကို ပြခဲ့တဲ့ ဆေးနဲ့ တစ်ပုံစံတည်းပဲ မဟုတ်လား။

ကျုပ်ကို စွပ်စွဲရင် အစ်မရဲ့ သားကို နတ်ဆေးနဲ့ကယ်တင်ပေးမယ်လို့ သူတို့ ပြောခဲ့တယ် မဟုတ်လား။ ပြီးတော့ ဒီနတ်ဆေးရဲ့ အစွမ်းကိုလည်း အစ်မကို ပြခဲ့တယ် မဟုတ်လား။ ဆေးသုံးပြီးတာနဲ့ အဆိပ်အနီစက်တွေ ချက်ချင်း ပျောက်သွားတာကို ပြခဲ့တယ် မဟုတ်လား။”

ဝမ်ချွေ့ဟွာသည် သေချာစွာ ကြည့်ရှုလိုက်ရာ ယွင်ကျုံးဟဲ့၏ လက်ထဲရှိ ဆေးသည် လူဆိုးများ သူမကို ပြသခဲ့သော နတ်ဆေး၊ ကာလသားရောဂါကို ကုသနိုင်သော နတ်ဆေးနှင့် အမှန်တကယ်ပင် အလွန် ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။

ယွင်ကျုံးဟဲ့က ကလေးငယ်ကို ထပ်မံ မေးလိုက်၏။ “ရှောင်ပေါင်... မြေပြင်ပေါ်က ဒီဘိုးဘိုးကြီးက သားရဲ့ အဘိုး ဟုတ်လားဆိုတာ အားလုံးကို ပြောပြလိုက်ပါ။”

ဤကလေးငယ်သည် မေမေကို လိုချင်တယ်၊ မေမေကို လိုချင်တယ် ဟုသာ အော်ဟစ်ငိုကြွေးနေသည်။

ယွင်ကျုံးဟဲ့သည် ဝမ်ချွေ့ဟွာကို ကြည့်ကာ ပြောလိုက်၏။ “အစ်မကြီး... အမှန်တိုင်း ပြောပြပါ။ ကျုပ် အစ်မရဲ့ သားကို ကယ်တင်ပေးနိုင်ပါတယ်။”

ဝမ်ချွေ့ဟွာသည် စကားမပြောဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့်သာ ငိုကြွေးနေတော့သည်။

...................

All Chapters