အခန်း (၃၇၁-၃၇၂)
Vol. 32 Ch. 371-372
အပိုင်း (၃၇၁)
မြေပြင်ပေါ်ရှိ ထိုအသက်ကြီးကြီး အမျိုးသားသည် စိတ်ထဲမှ ရယ်မောလိုက်၏။ ‘အောက်ယွီ... ခင်ဗျားက အရမ်း ကလေးဆန်လွန်းတယ်။ ဒီအမျိုးသမီးက အမှန်အတိုင်း ပြောရဲမယ်လို့ ခင်ဗျား ထင်နေတာလား။’
ထို့နောက် သူသည် မိဖုရားကြီးထံသို့ အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်သည်။ “သခင်မကြီး... ကျုပ်ကို ကယ်တင်ပါအုံး။ ကျုပ်မြေးကို ကယ်တင်ပေးပါအုံး။ အောက်ယွီက ရူးသွပ်နေပြီ။ သူ့ရဲ့ သွေးသား အရင်းအချာကို အသိအမှတ် မပြုတဲ့အပြင် ပြောင်းပြန်တောင် ပြန်စွပ်စွဲနေသေးတယ်။ ဒီလောကမှာ တရားမျှတမှု မရှိတော့ဘူးလား။”
ထို့နောက် သူသည်ကလေးငယ်၏ မျက်နှာပေါ်ရှိ အမှတ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်ပြန်၏။ “သခင်မကြီး... သေချာ ကြည့်ပါအုံး။ ဒီကလေးရဲ့ မျက်နှာပေါ်က အမှတ်က အောက်ယွီရဲ့ မျက်နှာပေါ်က အမှတ်နဲ့ တစ်ပုံစံတည်းပါပဲ။ သားအဖ မဟုတ်ရင် ဘယ်လိုလုပ်ပြီး တစ်ပုံစံတည်း တူတဲ့ အမှတ်မျိုး ရှိနေမှာလဲ။ ဒါက ခိုင်လုံတဲ့ သက်သေပါပဲ။ ခိုင်လုံတဲ့ သက်သေပါပဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း ယွင်ကျုံးဟဲ့၏ မျက်နှာကို နောက်တစ်ကြိမ် ကြည့်လိုက် ကြပြန်သည်။
‘ဟုတ်တယ်။ အောက်ယွီ... ခင်ဗျား ဒီအချက်ကိုတော့ လုံးဝ ငြင်းလို့ မရနိုင်ဘူး။ ခင်ဗျားရဲ့သား မဟုတ်ရင် ဘယ်လိုလုပ်ပြီး ခင်ဗျားနဲ့ တစ်ပုံစံတည်း တူတဲ့ အမှတ်မျိုး ရှိနေမှာလဲ။’
ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ ဝမ်ချွေ့ဟွာကို ကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ “သနားစရာ ကောင်းတဲ့ လူတွေဟာ မုန်းစရာကောင်းတဲ့ အချက်တွေ အမြဲ ရှိတတ်ကြတယ်။ ကျုပ် ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပေမယ့် ခင်ဗျားက တန်ဖိုးမထားခဲ့ဘူး။”
ထို အသက်ကြီးကြီး အမျိုးသားက အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်သည်။ “အားလုံး ကြည့်ကြပါအုံး... သူက ကျုပ်သမီးကိုတောင် ခြိမ်းခြောက်နေသေးတယ်။ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ အားလုံး ကြည့်ကြပါအုံး။ သူတို့ မျက်နှာပေါ်က အမှတ်တွေ တစ်ပုံစံတည်းပဲ။ သားအဖ မဟုတ်ရင် ဘာဖြစ်ရမှာလဲ။”
လူတိုင်း အဆက်မပြတ် ခေါင်းညိတ်ပြလိုက်ကြသည်။ သားအဖများသာလျှင် တစ်ပုံစံတည်း တူညီသော အမှတ်မျိုး ရှိနိုင်၏။
ထို့အပြင် ဤကလေးငယ်၏ မျက်နှာပေါ်ရှိ အမှတ်မှာ အရေပြားအတွင်းသို့ လုံးဝ စိမ့်ဝင်သွားသော အထူး ဆိုးဆေးတစ်မျိုးဖြင့် ရေးဆွဲထားခြင်း ဖြစ်ပြီး လုံးဝ မပြယ်နိုင်သလို အပြင်ဘက်ဆုံး အရေပြားအလွှာကို ခွာချလိုက်လျှင်ပင် အသုံးမဝင်ချေ။
ထို့ကြောင့် အောက်ယွီသည် ဤအချက်ကို မည်သို့မှ ငြင်းဆို၍ မရနိုင်တော့ပေ။
ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ အသက်ကြီးကြီး အမျိုးသားကို ကြည့်ကာ မျက်လုံးများကိုမှေး၍ အေးစက်စက် ပြုံးလျက် ပြောလိုက်၏။ “ဒါကတော့ တိုက်ဆိုင်လွန်းသွားပြီ။ ကျုပ်မျက်နှာပေါ်က အမှတ်က မွေးရာပါ အမှတ် မဟုတ်ဘူး။ ဆေးမင်ကြောင် ထိုးထားတာ။ ကျုပ် ငယ်ငယ်တုန်းက ကျန်းမာရေး မကောင်းလို့ ကျုပ်အဖေက ကျုပ်ကို မကောင်းဆိုးဝါး နှင်ထုတ်ဖို့ ခေါ်သွားခဲ့တယ်။ ကျုပ် ကလေးဘဝတုန်းက ဆရာတော် တစ်ပါးက ကျုပ်မျက်နှာပေါ်မှာ ဒီအမှတ်ကို ထိုးပေးခဲ့တာ။
ပြီးတော့ အရမ်း တိုက်ဆိုင်တာက အဲဒီ ဆရာတော်ဟာ ဆရာတော် ဝူရှင်း ဖြစ်နေတယ်။ ဒီကိစ္စကို အရမ်း လျှို့ဝှက်ထားလို့ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ဒါကို မွေးရာပါ အမှတ်လို့ ထင်ပြီး ကျုပ်ကို စွပ်စွဲဖို့ ကြိုးစားနေတာပဲ။ ဟား… ဟား…. ဟား... မိဖုရားကြီး... မယုံရင် ဆရာတော် ဝူရှင်းကို သွားမေးကြည့်လိုက်ပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ မျက်နှာများ ရုတ်တရက် ပျက်ယွင်းသွားတော့သည်။
‘ဒါက တကယ်ကို စိတ်ဝင်စားစရာ ကောင်းသွားပြီ။ ချက်ချင်းပဲ အမှန်တရား ပေါ်လာတော့တာပဲ။ အောက်ယွီရဲ့ မျက်နှာပေါ်က အမှတ်က မွေးရာပါ အမှတ် မဟုတ်ဘဲ ဆေးမင်ကြောင် ထိုးထားတာဆိုတော့ မျိုးရိုးလိုက်တယ် ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလေ။
ဒါပေမဲ့ ခင်ဗျားတို့က ဒါကို အောက်ယွီရဲ့ မွေးရာပါ အမှတ်လို့ ထင်ပြီးကလေးအတွက် တစ်ပုံစံတည်း တူတဲ့ အမှတ်မျိုး အတုလုပ်ပေးထားတာဟာ ရှင်းရှင်းလင်းလင်းကို စွပ်စွဲတာ မဟုတ်ဘူးလား။ အထုပ်ဖြေပြသလို ဖြစ်မနေဘူးလား။’
ထို့နောက် ယွင်ကျုံးဟဲ့သည် မြေပြင်ပေါ်ရှိ ထိုအသက်ကြီးကြီး အမျိုးသားကို ကြည့်ကာ ပြောလိုက်၏။ “ဘယ်သူက ခင်ဗျားကို ကျုပ်ကို စွပ်စွဲဖို့ ခိုင်းတာလဲ ဆိုတာ အမှန်အတိုင်း မပြောသေးဘူးလား။”
ဤအချိန်တွင် မြေပြင်ပေါ်ရှိ ထိုအမျိုးသမီး ဝမ်ချွေ့ဟွာသည် နောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်လျက် ပြောလိုက်၏။ “မိဖုရားကြီး... သခင်လေး အောက်ယွီ... ကျွန်မရဲ့ သားကို ကယ်တင်ပေးအပါအုံး။ ဒီလူဆိုးတွေက ကျွန်မကို အတင်းအကျပ် ခိုင်းစေပြီး သခင်လေး အောက်ယွီကို စွပ်စွဲခိုင်းတာပါ။ မဟုတ်ရင် ကျွန်မရဲ့ ရှောင်ပေါင် သေချာပေါက် သေရမှာပါ။”
မြေပြင်ပေါ်ရှိ ထို အသက်ကြီးကြီး အမျိုးသား၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး ချက်ချင်း ခုန်ထကာ ထွက်ပြေးရန် ပြင်လိုက်တော့၏။
သို့ပေမည့် သူ မည်သို့ ထွက်ပြေးနိုင်မည်နည်း။ မင်းသမီး ရှန်ရှန်း၏ ဘေးတွင် ထိပ်တန်း သိုင်းပညာရှင်များ ရှိနေပြီး လျှပ်စီးလက်သကဲ့သို့ ထိုသူ့နောက်သို့ လိုက်သွားကာ ထိုအသက်ကြီးကြီး အမျိုးသားကို မြေပြင်ပေါ်တွင် ဖိချုပ်ထားလိုက်သည်။
မင်းသမီး ရှန်ရှန်းက အမိန့်ပေးလိုက်၏။ “သူ့ကို အပြစ်ပေးလိုက်။ ကလေးတစ်ယောက်ကိုတောင် အလွတ်မပေးတာ တိရစ္ဆာန်ပဲ။”
ထိုသိုင်းပညာရှင်သည်လည်း အလွန် ရက်စက်သူဖြစ်ရာ ဓားကို ဆွဲထုတ်ကာ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ချက်ချင်းပဲ ထို အသက်ကြီးကြီး အမျိုးသား၏ ခြေလက် လေးဖက်လုံး ပြတ်တောက်သွားပြီး ကိုယ်လုံးသာ ကျန်ရှိတော့၏။ လုံးဝ ထွက်ပြေး၍ မရနိုင်တော့ချေ။
“အား... အား... အား...” သူသည် မြေပြင်ပေါ်တွင် အလွန် သနားဖွယ်ကောင်းအောင် အော်ဟစ်နေတော့၏။
မိဖုရားကြီးက အမိန့်ပေးလိုက်သည်။ “ဒီအမျိုးသမီးကိုလည်း ဖမ်းထား။ ဒီကလေးကိုလည်း ပွေ့ချီပြီး သမားတော်တွေကို သေချာ ကုသခိုင်းလိုက်။”
“အမိန့်တော်အတိုင်းပါ။” စစ်သည်အချို့ ရှေ့သို့တက်လာပြီး ရောဂါကူးစက်ခံထားရသော ဝမ်ချွေ့ဟွာကို သတိထား၍ ဖမ်းဆီးလိုက်ကြ၏။
အသက်ကြီးကြီး အစေခံမ အချို့သည်လည်း ရှေ့သို့တက်လာကာ သတိထား၍ ကလေးငယ်ကို ပွေ့ချီလိုက်ကြသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီလောက် သတိထားစရာ မလိုပါဘူး။ ဒီကလေးက ကာလသားရောဂါ မဟုတ်ပါဘူး။ သာမန် အနီစက်တွေ ပေါက်နေတာလောက်ပါပဲ။”
ရန်သူများက အလွန် ရက်စက်ကြမ်းကြုတ်ခြင်း မရှိ၍ မဟုတ်ပေ။ လိုအပ်ပါက ကလေးတစ်ယောက်ကိုပင် အလွတ်ပေးမည် မဟုတ်ချေ။သို့ ပေမည့် ယွင်ကျုံးဟဲ့ နှင့် မင်းသမီး ရှန်ရှန်း တို့၏ မျက်နှာချင်းဆိုင်တွေ့ဆုံပွဲ သတင်းမှာ သုံးရက်အလိုမှသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကာလသားရောဂါ၏ ရောဂါပျိုးချိန်မှာ ဆယ်ရက်ကျော် ကြာမြင့်သည်။
ထို့ကြောင့် သူတို့သည် သာမန် အနီစက်များကို အသုံးပြု၍ ကာလသားရောဂါ ကဲ့သို့ ဟန်ဆောင်ကာ ဤကလေး၏ မိခင် ဝမ်ချွေ့ဟွာကို လှည့်စားပြီး အောက်ယွီကို စွပ်စွဲရန် အတင်းအကျပ် ခိုင်းစေခဲ့ခြင်း ဖြစ်၏။
‘ဒါက ဘယ်သူလဲ။ ယွင်ကျုံးဟဲ့ နဲ့ မင်းသမီး ရှန်ရှန်း တို့ရဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပွဲကို ဒီလောက်တောင် အကြံအစည်ကြီးကြီးနဲ့ ဖျက်ဆီးချင်နေတာ။’
ရန်သူများကလည်း မင်းသမီး ရှန်ရှန်း၏ အရေးပါမှုကို သိရှိထားကြောင်း ထင်ရှားလှသည်။
အကယ်၍ အောက်ယွီ သာ မင်းသမီး ရှန်ရှန်းကို အမှန်တကယ် လက်ထပ်လိုက်ရပါက တစ်ခဏအတွင်းမှာပင် ကြီးမားသော အောင်မြင်မှုများ ရရှိသွားမည်ဖြစ်ပြီး ဧကရာဇ်ဟောင်း၏ လူဖြစ်သွားကာ အနာဂတ်တွင် အောက်ယွီကို ဖျက်ဆီးရန် ခက်ခဲသွားမှာဖြစ်၏။
ထို့အပြင် အောက်ယွီသည် ဧကရာဇ်ဟောင်း၏ အရင်းအမြစ်များကို အသုံးပြု၍ ဤရန်သူများကို တစ်ယောက်ချင်းစီ လက်စားချေနိုင်မှာဖြစ်သည်။
မိဖုရားကြီးသည် ဒေါသထွက်နေသလို စကားလည်း မပြောနိုင်အောင် ဖြစ်နေ၏။
‘ဒီလူတွေက အရမ်းကို စိတ်ကူးယဉ်လွန်းနေပြီ။ ငါတို့ တော်ဝင်မိသားစုကို ဘာလို့ ထင်နေတာလဲ။ မင်းသမီး ရှန်ရှန်းက အောက်ယွီရဲ့ စာအုပ်တွေကို သဘောကျလို့ သူ့ကို တကယ် သဘောကျလိမ့်မယ်လို့ ထင်နေတာလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီနေ့ကိစ္စမှာ အောက်ယွီက အပြစ်ကင်းတယ်ဆိုရင်တောင်မှ သူ့ရဲ့ မိန်းမတစ်သောင်းနဲ့ အတူအိပ်ခဲ့တဲ့ နာမည်ဆိုးကတော့ အတု မဟုတ်ဘူးလေ။ သူက အဆင့်အနိမ့်ဆုံး ပြည့်တန်ဆာမတွေနဲ့ အိပ်ခဲ့တာလည်း အတု မဟုတ်ဘူးလေ။
မင်းသမီး ရှန်ရှန်းကို ဒီလိုလူမျိုးနဲ့ လက်ထပ်ပေးဖို့ ငါတို့ တော်ဝင်မိသားစုက ဒီလောက် အရှက်ကွဲမခံနိုင်ပါဘူး။ ပြီးတော့ စောစောက ရှန်ရှန်းကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ။ အောက်ယွီကို လုံးဝ သဘောမကျဘူးလို့။ ပြီးတော့ သူမမှာ ချစ်သူ ရှိနေပြီလို့တောင် ပြောခဲ့သေးတယ်။
ဒါပေမဲ့ သူမရဲ့ ချစ်သူက ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ် တောင် မသိဘူး။
ဘာလို့လဲဆိုတော့ အသက် ခုနစ်နှစ်တုန်းက ဆရာတော် ဝူရှင်းက သူမကို မီတျဲချိုင့်ဝှမ်းကို ခေါ်သွားပြီး ဆေးကုသပေးတုန်းက သူမဘေးမှာ ဘယ်သူမှ လိုက်ပါခွင့် မရခဲ့လို့ပဲ။’
ပြဿနာအချို့ ဖြစ်ပေါ်ခဲ့သော်လည်း အောက်ယွီ နှင့် မင်းသမီး ရှန်ရှန်း တို့၏ မျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာ ဆက်လက် ကျင်းပဖြစ်ခဲ့သည်။
ဤသည်မှာ မင်းသမီး ရှန်ရှန်း အတွက် သာမန် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲ တစ်ခုမျှသာ ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ အတွက်မူ ကံကြမ္မာကို ပြောင်းလဲစေမည့် မျက်နှာချင်းဆိုင် တွေ့ဆုံပွဲ တစ်ခု ဖြစ်၏။
လူနှစ်ဦးသည်ကန့်လန့်ကာ တစ်ခု ခြားလျက် ထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ရချေ။
မင်းသမီး ရှန်ရှန်းက ပြောလိုက်၏။ “သခင်လေး အောက်ယွီ... ကျွန်မက ရှင့်ရဲ့ စာအုပ်တွေကို အရမ်း သဘောကျပါတယ်။ ရှင့်ရဲ့ တေးဂီတတွေကိုလည်း အရမ်း သဘောကျပါတယ်။ ဒါပေမဲ့ အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ကျွန်မက ရှင့်ကို အမှန်အတိုင်း ပြောပြရပါလိမ့်မယ်။ ကျွန်မမှာ ချစ်သူ ရှိနေပါပြီ။ သူကလွဲပြီး တခြားဘယ်သူ့ကိုမှ မလက်ထပ်ပါဘူး။ ဒါကြောင့် ရှင်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ မဖြစ်နိုင်တော့ပါဘူး။ တောင်းပန်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “သူကလွဲပြီး တခြားဘယ်သူ့ကိုမှ လက်မထပ်ဘူး မဟုတ်လား။”
မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “မင်းသမီး... အရင်တုန်းက တခြားလူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့အခါတိုင်း မေးခွန်းသုံးခု မေးလေ့ရှိတယ် မဟုတ်လား။”
မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။ ကျွန်မ အဲဒီ မေးခွန်းသုံးခုကို မေးတာက ကျွန်မရဲ့ ချစ်သူကို ရှာတွေ့ဖို့ပါ။ ဒါပေမဲ့ သူ သေသွားလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် ဒီမျက်နှာချင်းဆိုင် တွေ့ဆုံပွဲက မလိုအပ်တော့ပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလို့ အဲဒီလို ပြောရတာလဲ။”
မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “အကယ်၍ သူသာ မသေသေးဘူးဆိုရင် မနှစ်တည်းက ကျွန်မဆီ လာရှာသင့်တာပေါ့။ ကျွန်မတို့ ကတိထားခဲ့ကြတာလေ။ သူ ကတိပေးထားတဲ့ ကိစ္စကို မလုပ်ဘဲ ဘယ်တော့မှ နေမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်းသမီး... ကျုပ်တို့ ဒီနေရာကို ရောက်နေပြီဆိုတော့ အဲဒီ မေးခွန်းသုံးခုကို မေးကြည့်ပါအုံး။”
မင်းသမီး ရှန်ရှန်းက ပြန်ပြောလိုက်၏။ “ကျွန်မ အကြိမ်ပေါင်း ဆယ်ချီ၊ ရာချီ မေးခဲ့ပြီးပါပြီ။ အကြိမ်တိုင်း ရင်နာစရာ ရလဒ်တွေချည်းပဲ ရခဲ့လို့ ထပ်မမေးချင်တော့ပါဘူး။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “စမ်းကြည့်ပါအုံး။ ကျုပ်က အဲဒီ မေးခွန်းသုံးခုက ဘာတွေလဲဆိုတာ သိချင်လို့ပါ။ ဘယ်လောက်တောင် ခက်ခဲလို့များ အဲဒီလောက် ထူးချွန်တဲ့ လူငယ်တွေ တစ်ယောက်မှ မဖြေနိုင်ရတာလဲဆိုတာ သိချင်လို့ပါ။”
မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ခက်ခဲလို့ မဟုတ်ပါဘူး။ အဲဒီ မေးခွန်းသုံးခုကို ကျွန်မနဲ့ သူ နှစ်ယောက်တည်းပဲ သိလို့ပါ။”
ယွင်ကျုံးဟဲ့က တိုက်တွန်းလိုက်သည်။ “မေးကြည့်ပါ။ ကျုပ် နားထောင်ချင်လို့ပါ။”
မင်းသမီး ရှန်ရှန်းက မေးလိုက်၏။ “ကောင်းပြီ။ ပထမမေးခွန်းက... ကျားပေါက်လေးကို ခိုးသွားတဲ့ မြေခွေးလေးရဲ့ နာမည်က ဘာလဲ။”
‘ချီးတဲ့မှ... ဒါက ဘာမေးခွန်းကြီးလဲ။ ထူးချွန်တဲ့ လူငယ်တွေ တစ်ယောက်မှ မဖြေနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။’
သို့ပေမည့် ယွင်ကျုံးဟဲ့က တုန်ယင်သောအသံဖြင့် ပြန်ဖြေလိုက်သည်။ “အဲဒီ မြေခွေးလေးရဲ့ နာမည်က ပုဆန်းပုစစ် ပါ။”
ချက်ချင်းပဲ မင်းသမီး ရှန်ရှန်း၏ ခန္ဓာကိုယ်လေး တုန်ခါသွားပြီး မယုံကြည်နိုင်သော အသံတစ်ခု ထွက်ပေါ်လာတော့၏။
အချိန်အတော်ကြာပြီးမှသာ မင်းသမီး ရှန်ရှန်းက ဒုတိယ မေးခွန်းကို မေးလိုက်သည်။ “နားရွက် သုံးဖက်ရှိတဲ့ ယုန်လေးက သူ ခူးတဲ့ ဘယ်နှစ်ခုမြောက်မှိုက အဆိပ်မရှိတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “၂.၅ ခုမြောက်မှိုက အဆိပ်မရှိဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှိုရဲ့ တစ်ဝက်က အဆိပ်ရှိပြီး နောက်တစ်ဝက်က အဆိပ်မရှိလို့ပဲ။”
ယခုအချိန်တွင် မင်းသမီး ရှန်ရှန်းသည် ဝမ်းသာလွန်း၍ ငိုကြွေးနေပြီ ဖြစ်သည်။ “တတိယ မေးခွန်း… ချိုပြာ စုန်းမကြီး ဘယ်လို သေသွားတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူက အစားလွန်ပြီး သေသွားတာ။ သူက အရမ်း လောဘကြီးလို့ ကျိန်စာသင့်သွားပြီး ဗိုက်က အမြဲတမ်း ဆာလောင်နေတာမို့ ဘယ်လောက်စားစား မဝတော့ဘူး။ ဒါကြောင့် ဆက်တိုက် စားနေခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ အစာအိမ်က ပြည့်နေပြီဆိုတော့ နောက်ဆုံးမှာ အစာအိမ် ပေါက်ကွဲပြီး သေသွားတာ။”
ဤသည်မှာ မင်းသမီး ရှန်ရှန်း၏ မျက်နှာချင်းဆိုင်တွေ့ဆုံပွဲတိုင်းတွင် မေးလေ့ရှိသော အသေအချာ မေးခွန်းသုံးခုပင် ဖြစ်သည်။
လူအများ ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။ မင်းသမီး ရှန်ရှန်းသည် ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲတွင် မေးမည့် မေးခွန်းများမှာ နက္ခတ္တဗေဒ၊ ပထဝီဝင်၊ သင်္ချာ၊ ကဗျာလင်္ကာ စသည့် အလွန် နက်နဲသော မေးခွန်းများ ဖြစ်မည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြ၏။
သို့ပေမည့် ထိုသို့ မဟုတ်ဘဲ မင်းသမီး ရှန်ရှန်း၏ မေးခွန်းသုံးခုမှာ ဤမျှလောက် ထူးဆန်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဤမေးခွန်းများသည် ကလေးပုံပြင် သုံးပုဒ်မှ လာခြင်းဖြစ်ပြီး အောက်ယွီက မင်းသမီး ရှန်ရှန်းကို ပြောပြခဲ့ဖူးသော ပုံပြင်များ ဖြစ်သောကြောင့်ပင်။
........................
အပိုင်း (၃၇၂)
မင်းသမီး ရှန်ရှန်းသည် ငယ်စဉ်တည်းက ကျန်းမာရေး မကောင်းခဲ့ဘဲ မြို့တော်တွင် မည်သို့မှ ကုသ၍ မရခဲ့ချေ။ ရောဂါဖောက်လာတိုင်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ထိုစဉ်က ထျန်းယန် ဧကရာဇ်သည် အလွန် နှမြောတသစွာဖြင့် ဆရာတော် ဝူရှင်းကို မီတျဲ ချိုင့်ဝှမ်းသို့ ခေါ်ဆောင်သွားပြီး ဆေးကုသစေခဲ့ရသည်။
မီတျဲ ချိုင့်ဝှမ်းသည် ဤကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆုံးသော နေရာတစ်ခုဖြစ်ပြီး ဆေးကုသခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင် အလွန် ကျွမ်းကျင်၏။
ထိုရူးကြောင်ကြောင်နိုင်ပြီး အသက်အန္တရာယ်များကာ မိမိကိုယ်ကို ဆေးစမ်းသပ်လေ့ရှိသော ဆေးဘုရင် ပင်လျှင် မီတျဲ ချိုင့်ဝှမ်းမှ နှင်ထုတ်ခံခဲ့ရသူ ဖြစ်သည်။
ယခင်က ကျင်းကျုံးယွဲ့သည် ပိုင်ယင်မြို့သို့ သွားရောက်ပြီး အခြား ကျင်းကျုံးယွဲ့ တစ်ဦးနေရာတွင် အစားထိုးရန်အတွက် မျက်နှာပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ခဲ့ရာ မီတျဲ ချိုင့်ဝှမ်းသို့ သွားရောက် ပြုလုပ်ခဲ့ရခြင်း ဖြစ်၏။
ဆရာတော် ဝူရှင်းသည် မီတျဲ ချိုင့်ဝှမ်းနှင့် အလွန် နက်ရှိုင်းသော ပတ်သက်မှုများ ရှိသောကြောင့် သူက မင်းသမီး ရှန်ရှန်းကို မီတျဲ ချိုင့်ဝှမ်းသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပြီး သူကိုယ်တိုင်လည်း ဆေးကုသမှုတွင် ပါဝင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း အလွန် တော်သော သမားတော်တစ်ဦး ဖြစ်သောကြောင့်ပင်။
သို့ပေမည့် မီတျဲ ချိုင့်ဝှမ်းတွင် စည်းကမ်းတစ်ခု ရှိသည်။ မည်သည့် အဆင့်အတန်းရှိသူ ဖြစ်ပါစေ၊ မီတျဲ ချိုင့်ဝှမ်းသို့ ဝင်ရောက်လာပါက လူနာ တစ်ဦးအနေဖြင့်သာ သတ်မှတ်မည်ဖြစ်ပြီး မည်သည့် အထူး အခွင့်အရေးမှ ရရှိမည် မဟုတ်ချေ။
ထို့ကြောင့် မင်းသမီး ဖြစ်လျှင်တောင်မှ မီတျဲ ချိုင့်ဝှမ်းတွင် တစ်ယောက်တည်းသာ နေထိုင်ရမည်ဖြစ်ပြီး မည်သူမှ အဖော်ပြုခွင့် မရှိချေ။
အဘယ်ကြောင့်ဆိုသော် မီတျဲ ချိုင့်ဝှမ်း၏ ဆေးကုသမှု လုပ်ငန်းစဉ်များမှာ အလွန် လျှို့ဝှက်ထားရမည်ဖြစ်ပြီး မည်သည့် ပြင်ပလူကိုမှ တွေ့မြင်ခွင့် မပြုသောကြောင့်ပင်။
ထို့အပြင် လူနာများကို ပို့ဆောင်ပြီးပါက အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို တာဝန်မယူတော့ဘဲ သေချာပေါက် သေခြင်းရှင်ခြင်းစာချုပ် လက်မှတ်ထိုးရမှာဖြစ်သည်။
သေချာပေါက် မီတျဲ ချိုင့်ဝှမ်းသည် ဆေးဘုရင် တောင်ကြားထက် အများကြီး ပို၍ ယုံကြည်ရပြီး လူဆယ်ယောက်တွင် ခြောက်ယောက်ခန့်မှာ ကုသပျောက်ကင်းပြီး ပြန်လည် ထွက်ခွာလာနိုင်ကြ၏။
ဆေးဘုရင် တောင်ကြားတွင်မူ လူဆယ်ယောက်တွင် ကိုးယောက်ခန့်မှာ သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
သို့ပေမည့် မီတျဲ ချိုင့်ဝှမ်းတွင် ပို၍ ကြီးမားသော စည်းကမ်းများ ရှိသေးသည်။ တစ်နှစ်လျှင် ခြောက်လခန့်မှာ မည်သည့် လူနာကိုမျှ လက်မခံဘဲ ပိတ်ထားလေ့ ရှိ၏။
ထို့အပြင် ထူးခြားသော ရောဂါများ မဟုတ်ပါက လက်မခံသလို၊ အလွန် ထူးခြားသော်လည်း သေချာပေါက် ကုသ၍ မရနိုင်သော ရောဂါများကိုလည်း လက်မခံချေ။
ထို့အပြင် မီတျဲ ချိုင့်ဝှမ်းရှိ လူနာများတွင် နာမည် မရှိဘဲ နံပါတ်စဉ်များသာ ရှိသည်။
ထိုစဉ်က မင်းသမီး ရှန်ရှန်းသည် မီတျဲ ချိုင့်ဝှမ်းတွင် ခြောက်လခန့် ဆေးကုသမှု ခံယူခဲ့ရပြီး နေ့စဉ် နာကျင်မှုများ ခံစားခဲ့ရကာ လုံးဝ လှုပ်ရှား၍ မရခဲ့ချေ။
ထိုကြောက်ရွံ့မှု၊ အမှောင်ထုနှင့် စိတ်ပျက်အားငယ်မှုများက သူမကို အမြဲတမ်း လွှမ်းမိုးထားခဲ့သည်။
ဤကဲ့သို့သော ရောဂါမျိုးမှာ ဆေးကုသမှုက အရေးကြီးသလို လူနာ၏ ရှင်သန်လိုစိတ်ကလည်း အလွန် အရေးကြီး၏။
ယနေ့ခေတ် ကမ္ဘာကြီးရှိ ရောဂါအများစုမှာလည်း အလားတူပင်ဖြစ်ပြီး အချိန် အများစုတွင် ရှင်သန်လိုစိတ်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက ဆေးကုသမှု ရလဒ်အပေါ် လွှမ်းမိုးလေ့ ရှိသည်။
ထိုစဉ်က မင်းသမီး ရှန်ရှန်းသည် အသက်ခုနစ်နှစ်သာ ရှိသေးပြီး နေ့စဉ် ငရဲပြည်တွင် နေထိုင်ရသကဲ့သို့ စိတ်ပျက်အားငယ်မှုများ ခံစားနေရကာ အမှန်တကယ်ပင် ဆက်လက် တောင့်မခံနိုင်တော့လောက်အောင် ဖြစ်နေခဲ့၏။
သို့ပေမည့် တိုက်ဆိုင်စွာပင် သူမ၏ ဘေးခန်းတွင်လည်း လူနာ တစ်ယောက် ရှိနေပြီး သူမထက် အသက် အနည်းငယ် ပိုကြီးသော ယောက်ျားလေး တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူတို့နှစ်ဦးသည် လျှို့ဝှက်စွာ စကားပြောဆိုခဲ့ကြသည်။
သေချာပေါက် ဤအရာသည်လည်း ခွင့်မပြုထားသော အရာဖြစ်ပြီး မီတျဲ ချိုင့်ဝှမ်းရှိ လူနာများ အချင်းချင်း စကားပြောဆိုခွင့် တားမြစ်ထား၏။
ထိုယောက်ျားလေးမှာ မင်းသမီး ရှန်ရှန်း မြင်တွေ့ဖူးသမျှထဲတွင် အကြင်နာတတ်ဆုံး၊ အဖြူစင်ဆုံး၊ အတက်ကြွဆုံး၊ အဖော်ရွေဆုံးနှင့် သည်းအခံနိုင်ဆုံး လူတစ်ယောက် ဖြစ်သည်။
သူ၏ စိတ်ပိုင်းဆိုင်ရာကမ္ဘာမှာ အမြဲတမ်း လှပသောအရာများသာ ပြည့်နှက်နေသကဲ့သို့ ဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေမျိုးတွင်ပင် အမြဲတမ်း အကောင်းမြင်နိုင်သူ ဖြစ်သည်။ သူတစ်ပါး၏ အနိုင်ကျင့်ခြင်းကို ခံရလျှင်ပင် ပြုံး၍သာ နေတတ်သူ ဖြစ်၏။
သူတို့နှစ်ဦး ရင်းနှီးလာပြီးနောက် ထိုယောက်ျားလေးသည် သူမကို ဆက်လက် တောင့်ခံရန်၊ ဆက်လက် အသက်ရှင်သန်ရန် အစွမ်းကုန် အားပေးခဲ့သည်။
လူဆိုသည်မှာ ဤကဲ့သို့သော အခြေအနေမျိုးတွင် စိတ်ပိုင်းဆိုင်ရာ ထောက်တိုင် တစ်ခု အထူး လိုအပ်၏။
ကျောက်ဟေးထူ၏ ဟာသပြဇာတ်တစ်ခုတွင် စကားတစ်ခွန်း ပါရှိသည်။ “ကျုပ်ဘဝ တစ်သက်လုံး ဒီဟာသလေးကိုပဲ အားကိုးပြီး အသက်ရှင်နေရတာပါ။”
ဤစကားမှာ အနည်းငယ် ပုံကြီးချဲ့လွန်းသည်ဟု ထင်ရသော်လည်း အတော်လေး လက်တွေ့ကျသည်။ ငယ်စဉ်က ကျုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ ဘဝမှာ အလွန် ခြောက်သွေ့ခဲ့ရာ နွေရာသီ ကျောင်းပိတ်ရက် နေ့ရက်တိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုကိုသာ အားကိုး၍ ဖြတ်သန်းခဲ့ရပြီး ညစဉ် ရုပ်သံဇာတ်လမ်းတွဲ နှစ်ပိုင်းမှာ နေ့စဉ် ဘဝ၏ ရည်မှန်းချက် တစ်ခုကဲ့သို့ ဖြစ်ခဲ့ရ၏။
မင်းသမီး ရှန်ရှန်းသည် နေ့စဉ် ဆေးကုသမှု ခံယူရပြီး ကုသမှုတိုင်းသည်လည်း သေလုမျောပါး ဖြစ်ရသည့် လုပ်ငန်းစဉ်များ ဖြစ်သည်။
ထို့ကြောင့် ထိုယောက်ျားလေးက ပြောခဲ့၏။ “နေ့တိုင်း ဆေးကုသမှု ခံယူတဲ့အခါ မင်း သေချာပေါက် တောင့်ခံထားရမယ်။ အသက်ရှင်လျက် ပြန်လာရမယ်။ မင်း ပြန်လာတဲ့အခါတိုင်း ငါက မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။”
ထိုယောက်ျားလေး ပြောပြသော ပုံပြင်များမှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပြီး ဤနေ့စဉ် ပုံပြင်တစ်ပုဒ် မှာလည်း မင်းသမီး ရှန်ရှန်း အတွက် နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ထောက်တိုင် တစ်ခု ဖြစ်လာခဲ့သည်။
ဆေးကုသမှု ခံယူတိုင်း နာကျင်လွန်းလှသော်လည်း သူမသည် ဦးနှောက်ထဲတွင် ကြားခဲ့ရသော ပုံပြင်များကို ပြန်လည် စဉ်းစားရင်း တောင့်ခံခဲ့၏။
ဤသို့ဖြင့် ခြောက်လကျော် ကာလအတွင်း ထိုယောက်ျားလေးသည် သူမကို ပုံပြင်ပေါင်း တစ်ရာကျော် ပြောပြခဲ့သည်။
ထိုစဉ်က မင်းသမီး ရှန်ရှန်း၏ ရောဂါမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ထိုယောက်ျားလေး၏ ရောဂါမှာမူ မပျောက်ကင်းသေးဘဲ နေ့စဉ် နာကျင်မှုများ ခံစားနေရဆဲ ဖြစ်သည်။ သို့ပေမည့် သူသည် နာကျင်မှုများကို ကြိတ်မှိတ်ခံစားရင်း သူမကို ပုံပြင်များ ပြောပြနေခဲ့ဆဲ ဖြစ်၏။
ထို့ကြောင့် မင်းသမီး ရှန်ရှန်းသည်လည်း သူ့ကို ဆက်လက် တောင့်ခံရန်၊ မဖြစ်မနေ အသက်ရှင်သန်ရန် အားပေးခဲ့ပြီး ကြီးလာလျှင် သူမက သူ့ကို လက်ထပ်မည်ဟု ကတိပေးခဲ့သည်။
ထို့အပြင် မင်းသမီး ရှန်ရှန်းသည် စည်းကမ်းကို ဖောက်ဖျက်ကာ သူမ၏ နာမည်ကို ထိုယောက်ျားလေးအား ပြောပြခဲ့၏။
သို့ပေမည့် ထိုယောက်ျားလေးကမူ သူ၏ နာမည်ကို မပြောပြခဲ့ဘဲ သူ၏ နာမည်မှာ ခွေးဝက်ဝံ ဖြစ်ကြောင်းသာ ပြောပြခဲ့သည်။
ထိုယောက်ျားလေးမှာ သေချာပေါက် အစစ်အမှန် အောက်ယွီ ဖြစ်သည်။ သူသည် ငယ်စဉ်တည်းက ကျန်းမာရေး မကောင်းခဲ့ဘဲ နှလုံး ဖွံ့ဖြိုးမှု မပြည့်စုံသောကြောင့် အောက်ရှင်းက သူ့ကို မီတျဲ ချိုင့်ဝှမ်းသို့ ပို့ဆောင်ကာ ဆေးကုသစေခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ထိုတစ်ကြိမ် ဆေးကုသမှုသည် သူ၏ အသက်ကို အနည်းငယ် ရှည်စေရုံသာ ဖြစ်ခဲ့သည်။ အောက်ယွီသည် အသက်နှစ်ဆယ်အထိ အသက်ရှင်ရန် အလွန် ခက်ခဲလိမ့်မည်ဟု မီတျဲ ချိုင့်ဝှမ်းက ထိုစဉ်တည်းက သတ်မှတ်ထားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က အောက်ယွီ၏ ရောဂါ ပြန်လည် ဖောက်လာခဲ့သောကြောင့် အောက်ရှင်းက သူ့ကို မီတျဲ ချိုင့်ဝှမ်းသို့ နောက်တစ်ကြိမ် ပို့ဆောင်ခဲ့သော်လည်း တစ်ဖက်လူက လက်မခံတော့ချေ။
အဘယ်ကြောင့်ဆိုသော် မီတျဲ ချိုင့်ဝှမ်းက ကုသ၍ မရတော့ကြောင်း၊ သေချာပေါက် သေဆုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သောကြောင့်ပင်။
အောက်ရှင်းသည် အရှုံးမပေးနိုင်ဘဲ အလွန် နှမြောတသစွာဖြင့် သားဖြစ်သူကို ဆေးဘုရင် တောင်ကြားသို့ ပို့ဆောင်ခဲ့ရသည်။
ဆေးဘုရင် တောင်ကြားသည် ငရဲပြည်ကဲ့သို့ အသက်အန္တရာယ်များသော်လည်း ဆေးဘုရင်သည်လည်း မီတျဲ ချိုင့်ဝှမ်းမှ ထွက်လာသူ ဖြစ်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့သည် အောက်ယွီ နှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က အစ်ကိုဖြစ်သူ အောက်ယွီက သူသည် မင်္ဂလာပွဲမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ထိုမိန်းကလေးနှင့် မထိုက်တန်ဟု ခံစားရပြီး သူမကို မစော်ကားရက်ကြောင်း ပြောခဲ့သည်။
ယွင်ကျုံးဟဲ့က အောက်ယွီ ပြောသော မိန်းကလေးမှာ တွမ်ယင်းယင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူပြောသော မိန်းကလေးမှာ မင်းသမီး ရှန်ရှန်း ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် မင်းသမီး ရှန်ရှန်း အသက်ဆယ့်ခြောက်နှစ် ပြည့်ချိန်တွင် သူက လာရောက် လက်ထပ်ခွင့် တောင်းမည်ဟု ကတိပြုထားခဲ့ကြသောကြောင့် ဖြစ်သည်။
အောက်ယွီသည် မိမိကိုယ်ကို အသက်သိပ်မရှည်တော့ဟု ခံစားရပြီး မင်းသမီး ရှန်ရှန်း နှင့် မထိုက်တန်ဟု ယူဆသောကြောင့် အလိုအလျောက် ထွက်ပြေးရှောင်တိမ်းခဲ့ခြင်း ဖြစ်၏။
ဆေးဘုရင် တောင်ကြားတွင် အောက်ယွီသည် ယွင်ကျုံးဟဲ့ကို ကယ်တင်ရန်အတွက် မိမိ၏ သွေးများကို ပေးဆပ်ခဲ့သည်။
ထို့နောက် တာယင်အင်ပါယာ၏ ဟေးလုံထိုင်သည် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုကာ ယွင်ကျုံးဟဲ့ကို သူ၏ နေရာတွင် အစားထိုးမည့် အစီအစဉ်ကို ပြောပြခဲ့ရာ အောက်ယွီသည် ငြင်းဆန်ခြင်း မရှိသည့်အပြင် အလွန် ဝမ်းသာခဲ့၏။
ထို့နောက် ဟေးပင်းထိုင်သည် အောက်ယွီ၏ ငယ်ဘဝမှစ၍ နေထိုင်မှု ဘဝအသေးစိတ်များကို စတင် မှတ်တမ်းတင်ခဲ့သည်။
အောက်ယွီသည် လုံးဝ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သူ ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးကို ပြောပြခဲ့သည်။ ယွင်ကျုံးဟဲ့ အနေဖြင့် သူ့နေရာ၌ အစားထိုး ဟန်ဆောင်ရာတွင် ပိုမို ချောမွေ့စေရန်အတွက် ဖြစ်၏။
ထိုစဉ်က ယွင်ကျုံးဟဲ့ ရရှိခဲ့သော အောက်ယွီ၏ အချက်အလက်များမှာ အလွန် ထူထဲသော စာအုပ်ကြီး တစ်အုပ် ဖြစ်သည်။
အချို့သော အဖြစ်အပျက်များနှင့် အတွေ့အကြုံများမှာ မိဘများပင် မသိရှိကြချေ။ ဥပမာအားဖြင့် မီတျဲ ချိုင့်ဝှမ်းတွင် နေထိုင်ခဲ့ရသော အဖြစ်အပျက်မျိုး ဖြစ်၏။
သို့ပေမည့် အိမ်သို့ ပြန်ရောက်ပြီးနောက် အောက်ယွီသည် ပုံပြင်ပြောသည့် အကျင့်ကို ဆက်လက် ထိန်းသိမ်း ထားခဲ့ပြီး ပုံပြင်နားထောင်သူမှာ ညီမလေး အောက်နင်နင် ဖြစ်သွားခဲ့သည်။
သို့ပေမည့် သူသည် မင်းသမီး ရှန်ရှန်းကို ပြောပြခဲ့ဖူးသော ပုံပြင်များကိုမူ နောက်ထပ် တစ်ခါမှ မပြောပြခဲ့တော့ချေ။
ထို့ကြောင့် အစစ်အမှန် အောက်ယွီသည်လည်း လုံးဝ အသုံးမကျသူ တစ်ယောက် မဟုတ်ဘဲ အချို့သော ကိစ္စရပ်များတွင် သူသည် ပါရမီရှင် တစ်ယောက်ဖြစ်ပြီး ပုံပြင်ပြောရာတွင် ပါရမီရှင်၊ စာရေးရာတွင် ပါရမီရှင် တစ်ယောက် ဖြစ်သည်။
အောက်ယွီ၏ အဖြေသုံးခုကို ကြားလိုက်ရပြီးနောက်ကန့်လန့်ကာ၏ တစ်ဖက်ခြမ်းရှိ မင်းသမီး ရှန်ရှန်းသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးနေတော့၏။
လူနှစ်ဦးသည်ကန့်လန့်ကာ တစ်ခု ခြားလျက် စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။
ဤအခြေအနေမျိုးမှာ ထိုစဉ်က မီတျဲ ချိုင့်ဝှမ်းတွင် ရှိနေစဉ်ကကဲ့သို့ပင်ဖြစ်ပြီး လူနှစ်ဦးသည် ပါးလွှာသော နံရံတစ်ခု ခြားလျက် အမြဲတမ်း စကားပြောနေခဲ့ကြကာ အလွန် နီးကပ်သော်လည်း တစ်ယောက်ကို တစ်ယောက် မမြင်တွေ့ခဲ့ရချေ။
အချိန်အတော်ကြာပြီးမှသာ မင်းသမီး ရှန်ရှန်းသည် ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး ကန့်လန့်ကာကို ကွေ့ပတ်ကာ ယွင်ကျုံးဟဲ့၏ အရှေ့သို့ ထွက်လာတော့၏။ ထို့နောက် သူမသည် ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။
ယွင်ကျုံးဟဲ့၏ အကြည့်များတွင် အနည်းငယ် အံ့အားသင့်ဟန်များ ပေါ်သွားရသည်။ ကျင်းကျုံးယွဲ့ ညီအစ်မ ထက် ပိုလှသော အမျိုးသမီး ဤကမ္ဘာပေါ်တွင် နောက်ထပ် မရှိနိုင်တော့ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့၏။
သို့ပေမည့် ယခုအခါ သူ၏ ထိုအယူအဆမှာ ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။ မျက်စိရှေ့ရှိ မင်းသမီး ရှန်ရှန်းသည် အမှန်တကယ်ပင် ဖန်ဆင်းရှင်၏ အကောင်းဆုံး လက်ရာတစ်ခု ဖြစ်ပြီး ကြည်လင်တောက်ပကာ ကျောက်စိမ်းရုပ်လေး တစ်ခုကဲ့သို့ အလွန် လှပသေသပ်လွန်းလှသည်။
ဤမျှလောက် တောက်ပ၊ ကြည်လင်ပြီး ဖြူစင်သော မျက်လုံးမျိုး၊ ဤမျှလောက် လှပသေသပ်သော နှာခေါင်းမျိုး၊ ဤမျှလောက် လှပသေသပ်သော နှုတ်ခမ်းမျိုးကို ယခင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
ဤမျှလောက် နှင်းပွင့်ကဲ့သို့ ဖြူစင်သော အသားအရေမျိုးကို ယခင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ အလင်းရောင် ထိုးကျလာချိန်မှာတော့ အမှန်တကယ်ပင် ပွင့်လင်းမြင်သာနေသကဲ့သို့ ဖြစ်နေသည်။
သူမသည် အမှန်တကယ် ကျောက်စိမ်းဖြင့် ထုဆစ်ထားပြီး နှင်းဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေ၏။
ကျင်းကျုံးယွဲ့ ညီအစ်မမှာ အလွန် လှပဆွဲဆောင်မှုရှိပြီး လူတိုင်းကို မော့ကြည့်စေလောက်အောင် ဖြစ်စေသည်။
မျက်စိရှေ့ရှိ ဤမင်းသမီး ရှန်ရှန်းကို မြင်လိုက်ရချိန်မှာတော့ သူမကို နမ်းရန်၊ သူမနှင့် အိပ်ရန် တွေးလိုက်မိသည်နှင့် အမှန်တကယ်ပင် အပြစ်ရှိသကဲ့သို့ ခံစားရစေ၏။
ဤကဲ့သို့သော မိန်းကလေးမျိုးကို တောင်ပံတစ်စုံ တပ်ဆင်ပေးကာ ကောင်းကင်ဘုံသို့ ပျံသန်းသွားမည့် နတ်သမီးလေး တစ်ပါးအဖြစ် ပြောင်းလဲပေးသင့်သည်ဟု ခံစားရစေ၏။ သူမ၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်မိပါက အရည်ပျော်သွားမည်ဟု ထင်မှတ်ရသည်။
……………………