← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 32 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 32 Ch. 373-374

အပိုင်း (၃၇၃)

“ခွေးဝက်ဝံ... ရှင်က ကတိမတည်ဘူးပေါ့လေ။” မင်းသမီး ရှန်ရှန်း၏ မျက်လုံးပြူးကြီးများမှာ ဒေါသထွက် နေသော်လည်း ချစ်စရာ ကောင်းလွန်းလှ၏။

ပြီးနောက် သူမ၏ ခြေထောက်လေးကို မြှောက်ကာ ယွင်ကျုံးဟဲ့၏ ခြေထောက်ပေါ်သို့ တစ်ချက် နင်းလိုက်၏။ ထို့နောက် လက်သီးဆုပ်လေးများ ဆုပ်ကာ ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို အဆက်မပြတ် ထုရိုက်တော့သည်။

မင်းသမီး ရှန်းရှန်းက ငိုကြွေးရင်း ပြောလိုက်၏။ “ကျွန်မ ရှင့်ကို ရိုက်သတ်မယ်။ ရိုက်သတ်မယ်။ ရှင်က ကတိမတည်ဘူး။ ကတိမတည်ဘူး။ ကျွန်မ အသက် ဆယ့်ခြောက်နှစ်ပြည့်ရင် လာပြီး လက်ထပ်ခွင့် တောင်းမယ်လို့ ပြောထားပြီးတော့ တစ်ချိန်လုံး ပေါ်မလာဘူး။ ကျွန်မကို နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပွဲတွေ သွားလုပ်ရအောင် လုပ်တယ်။ ရှင် သေသွားပြီလို့တောင် ထင်နေခဲ့တာ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားရသည်။

မင်းသမီး ရှန်ရှန်းသည် အလွန် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိမ်မွေ့ကာ လူကို ရိုက်နှက်ရန် မပြောနှင့်၊ စကားကြမ်းကြမ်းပင် ပြောလေ့မရှိဘူးဟု ကြားသိထားသည် မဟုတ်ပါလား။

မည်သူ့ရှေ့တွင်မဆို သူမသည် အလွန် လိမ္မာရေးခြားရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်။ အောက်ယွီ၏ အရှေ့တွင် အဘယ်ကြောင့် ဤမျှလောက် ဆိုးသွမ်းနေရသနည်း။

ထို့နောက် သူမသည် လက်သီးဆုပ်လေးကို ဆုပ်ကာ ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလျက် ပြောလိုက်၏။ “ရှင် ထွက်မပြေးနဲ့နော်။ ဒီမှာပဲ ရပ်စောင့်နေ။ ကျွန်မ မယ်တော်ဆီ သွားပြောလိုက်အုံးမယ်။ ရှင်သာ ထွက်ပြေးရဲရင် ရှင့်ကို သေအောင် ရိုက်သတ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား မိဖုရားကြီးဆီ သွားပြီး ဘာပြောမလို့လဲ။”

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ကျွန်မတို့နှစ်ယောက် လက်ထပ်မယ်လို့ ပြောမလို့လေ။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ကျုပ်ရဲ့ ဒီပုံစံကို ခင်ဗျား စိတ်မပျက်ဘူးလား။”

မင်းသမီး ရှန်ရှန်းသည် မျက်လုံးများကိုမှေးကာ ယွင်ကျုံးဟဲ့ကို အထက်အောက် အတန်ကြာ ကြည့်ရှုပြီးနောက် ချစ်စနိုးဖြင့် ပြောလိုက်၏။ “တကယ်တော့ နည်းနည်း စိတ်ပျက်တယ်။ မဟုတ်ဘူး... တော်တော်လေးကို စိတ်ပျက်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က အရမ်း ဝပြီး အရုပ်ဆိုးလို့လား။”

“မဟုတ်ဘူး။ ရုပ်မဆိုးဘူး။ ရှင် ပိန်သွားရင် အရမ်း ချောလာမှာ သေချာတယ်။ ဒါပေမဲ့ ရှင် ပိန်သွားတာကို ကျွန်မ ခွင့်မပြုဘူး။ ရှင် ဒီလိုမျိုး ဝဝကစ်ကစ်လေးနဲ့ ဝက်ဝံကြီး တစ်ကောင်လို ဖြစ်နေတာကို ကျွန်မ အကြိုက်ဆုံးပဲ။”

မင်းသမီး ရှန်ရှန်းက ပြောလိုက်၏။ “ကျွန်မ ရှင့်ကို မမြင်ဖူးပေမယ့် ကျွန်မရဲ့ စိတ်ကူးထဲမှာတော့ ရှင်က ဒီလိုမျိုး ဝဝကစ်ကစ်လေး ဖြစ်နေရမှာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘာကို စိတ်ပျက်တာလဲ။”

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ရှင်က အရမ်း ပါရမီ ပါလွန်းတယ်။ ကျောက်တုံးမှတ်တမ်းလို စာအုပ်မျိုးကို ရေးနိုင်ရုံတင် မကဘူး၊ ဒီလောက် ကောင်းတဲ့ တေးဂီတမျိုးကိုပါ ဖန်တီးနိုင်တာက ကျွန်မကို အရမ်း စိတ်ပျက်စေတယ်။”

ယွင်ကျုံးဟဲ့ အံ့ဩသွားကာ မေးလိုက်သည်။ “ခင်ဗျားက ကျောက်တုံးမှတ်တမ်းကို အရမ်း ကြိုက်တယ် မဟုတ်ဘူးလား။ အဲဒီ တေးဂီတကို အရမ်း ကြိုက်တယ် မဟုတ်ဘူးလား။”

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။ ကျွန်မ ကျောက်တုံးမှတ်တမ်းကို အရမ်း ကြိုက်တယ်။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ စာရေးဆရာကိုတော့ မကြိုက်ဘူး။ နာကြည်းချက်တွေ အရမ်းများလွန်းလို့လေ။ ကျွန်မက နွေးထွေးပြီး အကောင်းမြင်တတ်တဲ့ ခွေးဝက်ဝံကိုပဲ သဘောကျတာ။ အဲဒီ တေးဂီတကိုလည်း ကျွန်မ ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ တေးဂီတကို ဖန်တီးတဲ့သူကိုတော့ မကြိုက်ဘူး။”

ယွင်ကျုံးဟဲ့က အံ့ဩစွာဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

မင်းသမီး ရှန်ရှန်းက ပြန်ဖြေလိုက်၏။ “လူတွေက ကျွန်မကို ပါရမီရှင်လို့ ပြောကြတယ်။ တီးမှုတ်၊ စစ်တုရင်၊ စာရေး၊ ပန်းချီ အားလုံး တတ်တယ်တဲ့။ ဒါပေမဲ့ အဲဒါတွေက အတင်းအကျပ် သင်ခိုင်းလို့ တတ်လာတာပါ။ ကျွန်မက နေ့တိုင်း အပြင်ထွက် မကစားရတော့ ဒီလို ရှုပ်ယှက်ခတ်နေတဲ့ အရာတွေကိုပဲ သင်ယူနေရတာ အရမ်းကို ပျင်းစရာ ကောင်းတာပဲ။

ပြီးတော့ ပါရမီရှင် ယောက်ျားလေးတွေ၊ ပါရမီရှင် မိန်းကလေးတွေက ဘယ်တော့မှ အဆုံးသတ် မလှကြဘူး။ အထူးသဖြင့် ပါရမီရှင် ယောက်ျားလေးတွေ၊ အထူးသဖြင့် ရုပ်ချောတဲ့ ပါရမီရှင် ယောက်ျားလေးတွေက ဘယ်သူမှ လူကောင်း မဟုတ်ကြဘူး။”

‘ရှန်ရှန်း... ခင်ဗျားပြောတာ တကယ်မှန်ပါတယ်။ ပြီးတော့ လုံးဝ ထိမိပါတယ်။ ခင်ဗျားက အသက်သာ ငယ်ပေမယ့် အမြင်ကျယ်တာပဲ။ တရုတ်ပြည်ရဲ့ သမိုင်းမှာ ပါရမီရှင် ယောက်ျားလေးတွေ၊ ပါရမီရှင် မိန်းကလေးတွေဟာ တကယ်ပဲ ပျော်ရွှင်ဖို့ ခက်ခဲပါတယ်။ ပြီးတော့ နာမည်ကြီးတဲ့ ပါရမီရှင် ယောက်ျားလေး အများစုက လူယုတ်မာတွေချည်းပါပဲ။’

“ကျွန်မ သဘောကျတဲ့ ခင်ပွန်းလောင်းက နွေးထွေးပြီး ရယ်စရာ ကောင်းရမယ်။”

မင်းသမီး ရှန်ရှန်းသည် ခြေဖျားထောက်ကာ ယွင်ကျုံးဟဲ့၏ ပါးကို ဆွဲလိမ်လိုက်ပြီး နှာခေါင်းဖြင့် ယွင်ကျုံးဟဲ့၏ နှာခေါင်းကို ရင်းနှီးစွာ ပွတ်တိုက်လျက် ချစ်စဖွယ် အသံလေးဖြင့် ပြောလိုက်သည်။ “ဒီခွေးဝက်ဝံလိုမျိုးပေါ့။ ရှင်က ဒီလောက် ပါရမီ ပါလွန်းတော့ ကျွန်မ နည်းနည်းတောင် မကြိုက်ချင်တော့ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ကျိန်ရဲပါတယ်။ ကျောက်တုံးမှတ်တမ်းကို ကျုပ် ရေးတာ မဟုတ်ဘူး။ ကျုပ် ကူးချထားတာ။ အဲဒီ ယွင်ကုန်းရွှင်ယင်း ကိုလည်း ကျုပ် ကူးချထားတာ။ ကျုပ်ရဲ့ စာတွေ အားလုံးက ကူးချထားတာချည်းပဲ။ ကျုပ်က ပါရမီရှင် မဟုတ်ပါဘူး။”

“လိမ္မာတယ်။” မင်းသမီး ရှန်ရှန်းသည် နှုတ်ခမ်းကို ဆူကာ ယွင်ကျုံးဟဲ့၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်၏။

သူမသည် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိသလို လုံးဝ စိမ်းသက်နေသော ခံစားချက်မျိုးလည်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဦးနှောက်ထဲတွင် သူမနှင့် ခွေးဝက်ဝံသည် အတူတကွ နေထိုင်လာခဲ့သည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နေ့စဉ်နေ့တိုင်း ခွေးဝက်ဝံနှင့် နေထိုင်ရမည့် ဘဝကို စိတ်ကူးယဉ် နေခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါ အောက်ယွီသည် သူမ၏ အရှေ့တွင် ပေါ်လာပြီး သူမ ဦးနှောက်ထဲရှိ ခွေးဝက်ဝံ အစ်ကိုကြီး၏ ပုံစံနှင့် လုံးဝကိုက်ညီနေသောကြောင့် ချက်ချင်းပဲ သူမ၏ စိတ်ကူးထဲက ပုံစံနှင့် အစားထိုးလိုက်ခြင်း ဖြစ်၏။

သူမ၏ စိတ်ပိုင်းဆိုင်ရာကမ္ဘာတွင် ခွေးဝက်ဝံ အစ်ကိုကြီးသည် နေ့စဉ် သူမနှင့်အတူ ရှိနေသောကြောင့် သေချာပေါက် လုံးဝ စိမ်းသက်နေမည် မဟုတ်ချေ။

သူမသည် တက်ကြွပြီး ဆော့ကစားတတ်သော မိန်းကလေး တစ်ဦး ဖြစ်သော်လည်း နေ့စဉ်နေ့တိုင်း ရှန်ချင်း နန်းဆောင်တွင် အဘိုးဖြစ်သူကို အဖော်ပြုပေးနေရသောကြောင့် ဂုဏ်သိက္ခာ ကြီးမားသော်လည်း နေ့ရက်များမှာ အမှန်တကယ် ပျင်းစရာ ကောင်းလှသည်။

ထို့ကြောင့် သူမ၏ ဦးနှောက်လေးထဲတွင် နေ့စဉ် စိတ်ကူးယဉ်နေရသည်။ စိတ်ကူးယဉ်ကမ္ဘာထဲသို့ ဝင်ရောက်သွားမှသာ နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားမည် မဟုတ်ပါလား။

သူမ စိတ်ကူးယဉ်လေ့ရှိသော အကြောင်းအရာ အများစုမှာလည်း ထိုခွေးဝက်ဝံ အစ်ကိုကြီး၏ အကြောင်းပင် ဖြစ်သည်။

“ခွေးဝက်ဝံ... ရှင် ဒီမှာ ငြိမ်ငြိမ်လေး နေခဲ့နော်။ ကျွန်မ မယ်တော်ကို သွားပြောလိုက်အုံးမယ်။” မင်းသမီး ရှန်ရှန်းသည် လက်ညှိုးလေးဖြင့် ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုလက်ချောင်းလေးမှာ အမှန်တကယ်ပင် ကြက်သွန်မြိတ်လေးကဲ့သို့ ဖြူဖွေးနုနယ်နေ၏။

ထို့နောက် သူမသည် နတ်သမီးလေး တစ်ပါးကဲ့သို့ ပြေးထွက်သွားတော့၏။ တစ်ဖက်မှ ပြေးသွားရင်း တစ်ဖက်မှ သက်ပြင်းချကာ ပြောလိုက်သေးသည်။

“ခွေးဝက်ဝံ... ရှင့်ရဲ့ နာမည်က အရမ်း ဆိုးလွန်းတော့ ကျွန်မတို့နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စက တော်တော် ခက်ခဲလိမ့်မယ်။ ငိုယိုပြီး သတ်သေမယ်လို့ ခြိမ်းခြောက်မှပဲ ရတော့မယ်။”

ခုန်ပေါက်ကာ ပြေးထွက်သွားသော သူမသည် ယွင်ကျုံးဟဲ့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီးနောက် ခြေလှမ်းများမှာ ချက်ချင်းပဲ ညင်သာပြီး ကျက်သရေရှိလာတော့၏။

အဘယ်ကြောင့်ဆိုသော် အခြားသူများ၏ အရှေ့တွင် သူမသည် လိမ္မာရေးခြားရှိပြီး ကျက်သရေရှိသော မင်းသမီး ရှန်ရှန်း အဖြစ်သာ နေထိုင်ရမှာဖြစ်သောကြောင့်ပင်။

သူမသည် တော်ဝင်မိသားစု၏ ဂုဏ်ယူစရာ ဖြစ်ပြီး တော်ဝင် အမျိုးသမီးများ၏ စံပြ ဖြစ်နေ၏။ သူမသည် ပါရမီရှင် တစ်ယောက် လုံးဝ မဖြစ်ချင်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရသကဲ့သို့ပင် ဖြစ်သည်။

တစ်နည်းအားဖြင့် မင်းသမီး ရှန်ရှန်းသည် တာ့ကျိုး တော်ဝင်မိသားစု၏ ကိုယ်စားလှယ်ပင်ဖြစ်၏။

………………….

ယခုအချိန်တွင် ဟူချွန်းယွမ်၏ အခြားသော အခန်းတစ်ခုအတွင်း၌ လေထုက နွေးထွေးနေ၏။ မှူးမတ်ကတော် အများအပြားသည် မိဖုရားကြီးကို အဖော်ပြုကာ စကားပြောဆိုနေကြသည်။

“ဘာလို့ ဒီလောက်ကြာတာတောင် ထွက်မလာသေးတာလဲ။”

အသက်လေးဆယ်ကျော် အရွယ်ရှိ မှူးမတ်ကတော် တစ်ဦးက ပြောလိုက်၏။ “အောက်ယွီရဲ့ နာမည်က အရမ်း ဆိုးလွန်းတယ်။ ရှန်ရှန်းက သူနဲ့ အချိန်အကြာကြီး အတူတူနေတာဟာ စော်ကားခံရသလိုပဲ။ လူလွှတ်ပြီး အောက်ယွီကို အမြန် မောင်းထုတ်ခိုင်းလိုက်ပါ။”

ဤမှူးမတ်ကတော်သည် အသက်လေးဆယ်ကျော် ရှိပြီဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ပြည့်ဖြိုးသော်လည်း ဆွဲဆောင်မှု ရှိနေဆဲဖြစ်ကာ မျက်နှာတွင်လည်း ချစ်စရာကောင်းသော အငွေ့အသက်များ ပါဝင်နေပြီး ရုပ်ရည်မှာ တွမ်ယင်းယင်းနှင့် အနည်းငယ် ဆင်တူသည်။

သူမ၏ အဆင့်အတန်းမှာ အတော်လေး ထူးခြားသည်။ ပထမဦးစွာ သူမသည် ဝေမြို့စားကြီး တွမ်ပိ၏ ညီမ ဖြစ်ပြီး နာမည်မှာ တွမ်ယွင် ဖြစ်၏။

သူမ၏ နောက်ထပ် အဆင့်အတန်း တစ်ခုမှာ ပို၍ပင် ကြီးမားသည်။ သူမသည် တာ့ကျိုးအင်ပါယာ၏ စုချင်ဝမ် ကျိုးဆု၏ ဇနီး ဖြစ်သည်။

စုချင်ဝမ်သည် လက်ရှိ ဧကရာဇ် ဝမ်ယွင်၏ ဦးလေး ဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ တော်ဝင် တရားရုံး အကြီးအကဲလည်း ဖြစ်ကာ တာ့ကျိုး၏ တော်ဝင်မိသားစုနှင့်မှူးမတ်များ အားလုံးကို အုပ်ချုပ်ရသူ ဖြစ်သည်။ အောက်ရှင်း အကျဉ်းချခံရစဉ်ကလည်း သူကိုယ်တိုင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်၏။

တော်ဝင်တရားရုံး၏ အာဏာမှာ အလွန် ကြီးမားလှသည်။ ယခင်က အိမ်ရှေ့စံမင်းသား ကျိုးလီ မှာလည်း ဤစုချင်ဝမ်၏ ကိုယ်တိုင် ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တော်ဝင်တရားရုံး အကျဉ်းထောင်အတွင်း၌ အကျဉ်းချ ခံခဲ့ရသည်။

မကြာမီကမှ အကျဉ်းထောင်ထဲမှ တိတ်တဆိတ် လွတ်မြောက်လာပြီး သူ၏ အိမ်တော်သို့ ပြန်လည် ရောက်ရှိလာသော်လည်း အပြင်သို့ တစ်လှမ်းမှ ထွက်ခွင့် မရသေးချေ။

ဤတွမ်ယွင်သည် အစပိုင်းတွင် တရားဝင်ဇနီး မဟုတ်ဘဲ ကိုယ်လုပ်တော်သာ ဖြစ်ခဲ့၏။ နောက်ပိုင်းတွင် တရားဝင်ဇနီး သေဆုံးသွားမှသာ တရားဝင်ဇနီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

မျိုးရိုးစဉ်ဆက်အရ သူမသည် မိဖုရားကြီး၏ အဒေါ် ဖြစ်ရာ စကားပြောဆိုရာတွင် သေချာပေါက် မောက်မာပြီး မိဖုရားကြီးကလည်း သူမကို သုံးပုံတစ်ပုံခန့် အလျှော့ပေးလေ့ ရှိ၏။

“အောက်ရှင်းသာ ရာထူးရုပ်သိမ်း မခံရဘူးဆိုရင် ကျွန်မတို့အိမ်က တော်ဝင်တရားရုံး အကြီးအကဲက အောက်ယွီကို ဖမ်းပြီး ကြိမ်ဒဏ် အချက်ဆယ်ချီလောက် ရိုက်လိုက်ရင် ငြိမ်သွားမှာပဲ။” စုချင်ဝမ်ကတော် တွမ်ယွင်က ပြောလိုက်သည်။

ထိုအချိန်တွင် အစွန်ဆုံး၌ ထိုင်နေသော အမျိုးသမီး တစ်ဦးက နူးညံ့စွာ ပြောလိုက်၏။ “သခင်လေး အောက်ယွီက အဲဒီလောက်လည်း မဆိုးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျောက်တုံးမှတ်တမ်းလို စာအုပ်မျိုးကို ရေးနိုင်တဲ့ ပါရမီရှင် တစ်ယောက်ပဲလေ။”

ဤအမျိုးသမီး၏ ရုပ်ရည်မှာ အလွန် လှပပြီး အသက်သုံးဆယ်ယောက်ကျော် ရှိကာ မျက်နှာပေါ်တွင် ခေါင်းမာမှုနှင့် ဖိနှိပ်ခံထားရသော အငွေ့အသက်များ ပါဝင်နေသည်။

သူမ၏ကိုယ်ပေါ်တွင် အစစ်အမှန် စာပေပညာရှင် တစ်ဦး၏ အငွေ့အသက်များ အပြည့်အဝ ရှိနေပြီး ယခုအချိန်တွင် လက်ထဲ၌ ကျောက်တုံးမှတ်တမ်းကို ကိုင်ဆောင်ထားကာ အကြိမ်ဆယ်ချီ ဖတ်ရှုပြီးဖြစ်၏။

ဖတ်လေလေ ပို၍ စွဲလန်းလေလေဖြစ်ပြီး အတွင်းမှ လင်တိုက်ယွီသည် သူမကိုယ်တိုင် ဖြစ်သည်ဟုပင် ထင်မှတ်လာသည်။

သူမ၏ အငွေ့အသက်မှာလည်း လင်တိုက်ယွီ နှင့် အမှန်တကယ်ပင် ဆင်တူသည်။ နူးညံ့ပြီး ခေါင်းမာကာ လှပဆွဲဆောင်မှုရှိပြီး ဝမ်းနည်းကြေကွဲလွယ်သည်။ သူတို့နှစ်ဦး၏ နာမည်တွင်ပင် တူညီသော စကားလုံး တစ်လုံး ပါဝင်နေပြီး သူမ၏ နာမည်မှာ စုတိုက် ဖြစ်၏။

“အို... စုဖေး... ရှင်က အောက်ယွီကို အဲဒီလောက်တောင် သဘောကျနေတာလား။”

စုချင်ဝမ်ကတော်က အေးစက်စက် ပြုံးကာ မေးလိုက်သည်။ “ရှင့်ရဲ့ တိုက်နဲ့ သူ့ရဲ့ ယွီက စိတ်ချင်း ဆက်သွယ်နေတာ ကြာပြီ မဟုတ်လား။”

စုတိုက်၏ လှပသော မျက်နှာလေး ချက်ချင်း ပြောင်းလဲသွားပြီး ပြောလိုက်၏။ “စုချင်ဝမ်ကတော်... ဒီလို စကားမျိုး မပြောပါနဲ့။ ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်ပါတယ်။”

........................

အပိုင်း (၃၇၄)

ဤစုတိုက်၏ အဆင့်အတန်းမှာ အနည်းငယ် ရှုပ်ထွေးသည်။ သူမ၏ အဖေသည် ယခင်က နိုင်ကော် ဝန်ကြီးချုပ်များထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး သူမကိုယ်တိုင်လည်း ထိုစဉ်က မြို့တော်တွင် နာမည်ကြီးသော ပါရမီရှင် အမျိုးသမီး တစ်ဦး ဖြစ်ခဲ့သည်။

ထိုစဉ်က ဧကရာဇ် ဝမ်ယွင်သည် အိမ်ရှေ့စံ ဘဝတွင် ရှိနေသေးပြီး အိမ်ရှေ့စံ မိဖုရား ရွေးချယ်ရာတွင် စုတိုက်သည်လည်း ပါရမီရှိပြီး အဆင့်အတန်း မြင့်မားသောကြောင့် စာရင်းထဲတွင် ပါဝင်ခဲ့၏။

သို့ပေမည့် သူမသည် မာနကြီးသူ တစ်ဦး ဖြစ်သောကြောင့် နန်းတွင်းသို့ ဝင်ရောက်ကာ မိဖုရား မလုပ်လို သောကြောင့် အိမ်ရှေ့စံမိဖုရား ရွေးချယ်ပွဲတွင် သူမသည် ရေအေးဖြင့် ကိုယ်ကိုယ့်ကိုယ် ပက်ကာ ရောဂါ ရဟန်ဆောင်ပြီး အိမ်ရှေ့စံ မိဖုရား ရွေးချယ်ပွဲမှ ရှောင်ထွက်ခဲ့သည်။

ထိုစဉ်က အိမ်ရှေ့စံ ဖြစ်သော ဧကရာဇ် ဝမ်ယွင်သည် ဤသတင်းကို ကြားသိရချိန်မှာတော့ အေးစက်စက် ပြုံးလိုက်ရုံမှလွဲ၍ မည်သို့မှ မပြောခဲ့ချေ။

သို့ပေမည့် ထိုအချိန်မှစ၍ မည်သူမှ စုတိုက်ကို လက်ထပ်ခွင့် မတောင်းရဲကြတော့ဘဲ သူမသည် တစ်ကိုယ်တည်း နေထိုင်လာခဲ့ရသည်။

ဧကရာဇ် ဝမ်ယွင် နန်းတက်လာပြီးနောက် စုတိုက်၏ အဖေ ဝန်ကြီးချုပ်စုသည်လည်း မကြာမီမှာပင် ရာထူးမှ ကျသွားခဲ့ပြီး အရှက်တကွဲဖြင့် ရာထူးမှ ဆင်းပေးခဲ့ရ၏။

တစ်စုံတစ်ယောက်က ဝန်ကြီးချုပ်စုသည် အဖေအတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် ပြုလုပ်နေစဉ် အတွင်း အစေခံမလေးနှင့် ပတ်သက်မှု ရှိခဲ့ကြောင်း စွပ်စွဲကာ သူသည် ဟန်ဆောင်ကောင်းသူ၊ ကိုယ်ကျင့်တရား ကောင်းဟန်ဆောင်သူ တစ်ဦးဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည်။

ဝန်ကြီးချုပ်စုသည် ဤအရှက်ခွဲမှုကို မည်သို့ ခံနိုင်မည်နည်း။ ချက်ချင်း ရာထူးမှ နုတ်ထွက်စာ တင်ကာ ခြိမ်းခြောက်ခဲ့၏။

မထင်မှတ်ဘဲ ဧကရာဇ် ဝမ်ယွင်သည် ဝန်ကြီးချုပ်စု၏ နုတ်ထွက်စာကို အမှန်တကယ် လက်ခံလိုက် သောကြောင့် သူသည် အလွန် အရှက်ကွဲသွားကာ နင်ရှီရှိ မွေးရပ်မြေသို့ တိုက်ရိုက် ပြန်သွားခဲ့ရသည်။

စုတိုက်သည်လည်း လိုက်ပါသွားရန် ပြင်ဆင်နေစဉ် အမိန့်တော်တစ်ရပ် ထွက်ပေါ်လာပြီး နန်းတွင်းသို့ ဝင်ရောက်ကာ အမျိုးသမီး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် မင်းသမီးများကို စာသင်ကြားပေးရန်၊ စောင်းတီးသင်ကြားပေးရန် အမိန့်ပေးခံခဲ့ရ၏။

ထို့ကြောင့် သူမသည် မင်းသမီး ရှန်ရှန်း၏ ဆရာမ တစ်ဦး ဖြစ်သော်လည်း လူအများအပြားက သူမကို ဧကရာဇ်မင်းမြတ်၏ ကိုယ်လုပ်တော်တစ်ဦး ဖြစ်သည်ဟု ပြောဆိုကြပြီး လူအများက သူမကို စုဖေး ဟုပင် ခေါ်ဆိုကြသည်။

သို့ပေမည့် အမှန်တကယ်တော့ သူမသည် မည်သည့် ရာထူးအဆင့်အတန်းမှ မရှိသလို ဧကရာဇ်နှင့်လည်း မည်သည့် ပတ်သက်မှုမှ မရှိချေ။

သို့သော်ငြား ဧကရာဇ် ဝမ်ယွင်သည် သူမကို အခြားသူနှင့် လက်ထပ်ခွင့် မပေးသလို မိမိကိုယ်တိုင်လည်း မိဖုရားအဖြစ် မခန့်အပ်သောကြောင့် ဤဧကရာဇ် ဝမ်ယွင် မည်မျှလောက် အငြိုးအတေး ကြီးကြောင်းကို သိရှိနိုင်သည်။

စုတိုက် ဟူသော အလှတရား ပိုင်ရှင်လေးကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ထားသော်လည်း မထိတွေ့ဘဲ ဤပန်းပွင့်လေးကို အထီးကျန်စွာ နွမ်းနယ်သွားစေရန် ခွင့်ပြုထားခြင်းပင်ဖြစ်၏။

စုချင်ဝမ်ကတော်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ကျွန်မက ရှင်ကို စွပ်စွဲတာ မဟုတ်ဘူးလေ။ ရှင်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ကျောက်တုံးမှတ်တမ်းထဲက လင်တိုက်ယွီလို့ ထင်နေတာ မဟုတ်ဘူးလား။ ပြီးတော့ အဲဒီ အောက်ယွီကရော စာအုပ်ထဲက ကျားပေါင်ယွီ မဟုတ်ဘူးလား။ ရှင်တို့ နှစ်ယောက်က စိတ်ချင်း ဆက်သွယ်နေတာ ကြာပြီ မဟုတ်ဘူးလား။”

ဤစကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလှသည်။ စုတိုက်၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရုံသာမက အရေးအကြီးဆုံးမှာ အောက်ယွီကိုပါ ဆွဲသွင်းကာ ဧကရာဇ်က အောက်ယွီကို မုန်းတီးသွားစေရန်နှင့် သူနှင့် စုတိုက် တို့ကြားတွင် လျှို့ဝှက် ပတ်သက်မှုများ ရှိနေသည်ဟု သံသယ ဝင်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဧကရာဇ်သည် အငြိုးအတေးကြီးသူဖြစ်ရာ ဤကိစ္စနှင့် ပတ်သက်၍ သံသယ ဝင်သွားပါက အကျိုးဆက်များမှာ အလွန် ဆိုးရွားမှာဖြစ်၏။

စုချင်ဝမ်ကတော်၊ တော်ဝင်တရားရုံး အကြီးအကဲ၏ ဇနီး၊ ဝေမြို့စားကြီး၏ ညီမ ဖြစ်သူသည် အမှန်တကယ်ပင် မိမိ၏ မိသားစုကို ကာကွယ်ပေးပြီး အောက်ယွီကို နည်းလမ်းပေါင်းစုံဖြင့် သိက္ခာချကာ သေသည်အထိ လုပ်ကြံနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုး၏ အသံ ထွက်ပေါ်လာတော့၏။ “မိဖုရားကြီး... မင်းသမီး ရောက်လာပါပြီ။”

မိဖုရားကြီးက အလျင်အမြန် ပြောလိုက်သည်။ “မြန်မြန်... ရှန်ရှန်း အမြန် ဝင်လာခဲ့။ ပြီးတော့ အဲဒီ အောက်ယွီကို မောင်းထုတ်လိုက်။ ဟူချွန်းယွမ် ထဲမှာ ဆက်မနေစေနဲ့။”

“အမိန့်တော်အတိုင်းပါ။” ထိုမိန်းမစိုးသည် အမိန့်နာခံကာ ထွက်ခွာသွားတော့၏။

“နေပါအုံး...”

မင်းသမီး ရှန်ရှန်း ဝင်ရောက်လာပြီး မိဖုရားကြီးကို ကြည့်ကာ ပြောလိုက်သည်။ “မယ်တော်... အောက်ယွီ က သမီး ရှာနေတဲ့ ခင်ပွန်းလောင်းပါပဲ။ သမီး သူကလွဲပြီး တခြား ဘယ်သူ့ကိုမှ လက်မထပ်ဘူး။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ တစ်ခန်းလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတော့၏။

အချိန်အတော်ကြာပြီးမှသာ မိဖုရားကြီးက ပြောလိုက်သည်။ “ရှန်ရှန်း... သမီး ဘာတွေ လျှောက်ပြောနေတာလဲ။ မယ်တော်က ဘာမှ မကြားလိုက်သလိုပဲ နေလိုက်မယ်။ ရှင်တို့လည်း ဘာမှ မကြားလိုက်သလိုပဲ နေလိုက်ကြ။ ကြားလား။”

ချက်ချင်းပဲ လူတိုင်းက ရိုသေစွာဖြင့် ပြန်ပြောလိုက်ကြ၏။ “ကောင်းပါပြီ။ ကျွန်မတို့ ဘာမှ မကြားလိုက်ပါဘူး။ မင်းသမီးလည်း ဘာမှ မပြောခဲ့ပါဘူး။”

မင်းသမီး ရှန်ရှန်းက ပြောလိုက်သည်။ “မဟုတ်ဘူး မယ်တော်။ သမီး အရမ်း သတိကြည်လင်ပါတယ်။ သမီး တကယ် ပြောနေတာပါ။ သမီး သူကလွဲပြီး တခြား ဘယ်သူ့ကိုမှ လက်မထပ်ဘူး။”

စုချင်ဝမ်ကတော်၏ လှပသော မျက်နှာလေး ချက်ချင်း ပြောင်းလဲသွားပြီး ပြောလိုက်၏။ “မိဖုရားကြီး... ရှန်ရှန်း သေချာပေါက် ပယောဂ မိသွားတာ ဖြစ်ရမယ်။ သေချာပေါက် မိစ္ဆာပူးသွားတာ ဖြစ်ရမယ်။ ဒီအောက်ယွီက သေချာပေါက် ရှန်ရှန်းကို ပယောဂနဲ့ ပြုစားလိုက်တာပဲ။ မဟုတ်ရင် သူမက ဘယ်လိုလုပ်ပြီး ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောထွက်မှာလဲ။ ဒီအောက်ယွီက မသန့်ရှင်းတဲ့ လူတစ်ယောက်ပဲ။ ဘာမဆို လုပ်ရဲတယ်။”

သို့ပေမည့် စုတိုက်၏ လှပသော မျက်လုံးလေးများ တောက်ပသွားပြီး မင်းသမီး ရှန်ရှန်းကို ကြည့်သော အကြည့်များတွင် ချီးကျူးမှုများ ပြည့်နှက်နေသည်။

သူမ သင်ကြားပေးခဲ့သော တပည့် လုံးဝ ပီသသည်။ လူကို မှန်ကန်စွာ ရွေးချယ်တတ်ပြီး အောက်ယွီသည် သာမန် မဟုတ်သော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သိရှိသွားခြင်းပင် ဖြစ်၏။

သို့ပေမည့် စုတိုက်၏ တွေးထင်မှုမှာ မှားယွင်းနေသည်။ သူမကိုယ်တိုင်က စာအုပ်များထဲတွင်သာ နစ်မြုပ်နေပြီး အောက်ယွီကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ့ကို ချောမောလှပသော ပါရမီရှင် တစ်ဦးအဖြစ် တစ်ဖက်သတ် စိတ်ကူးယဉ်နေခြင်း ဖြစ်သည်။

အမှန်တကယ်တော့ မင်းသမီး ရှန်ရှန်းသည် ပါရမီ အလွန် ရှိသော်လည်း ပါရမီရှင်များကို အမုန်းဆုံး ဖြစ်ကြောင်း သူမ မသိရှိခဲ့ချေ။

စုချင်ဝမ်ကတော်က ဆက်ပြောလိုက်၏။ “မိဖုရားကြီး... ရှန်ရှန်းကို သေချာပေါက် မိစ္ဆာပူးသွားတာပဲ။ သေချာပေါက် မိစ္ဆာပူးသွားတာပဲ။ အမြန်ဖမ်းပြီး မိစ္ဆာနှင်ထုတ်ရမယ်။ မဟုတ်ရင် မိစ္ဆာဝင်တာ နက်ရှိုင်းသွားရင် နောက်ကျသွားလိမ့်မယ်။

ပြီးတော့ အဲဒီ အောက်ယွီကိုလည်း လုံးဝ ထွက်ပြေးခွင့် မပေးနဲ့။ သူက ဒီလောက် လူတွေကို လှည့်စားတတ်တာ သေချာပေါက် မသန့်ရှင်းတဲ့ အရာတွေ ရှိနေမှာပဲ။ အမြန် ဖမ်းလိုက်ပါ။”

မိဖုရားကြီး၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။ ဤမျက်နှာချင်းဆိုင်တွေ့ဆုံပွဲသည် မူလက ဘာပြဿနာမှ မရှိသင့်ချေ။

မင်းသမီး ရှန်ရှန်း ကိုယ်တိုင်က အောက်ယွီကို လုံးဝ သဘောကျမည် မဟုတ်ကြောင်း ပြောထားခဲ့ သောကြောင့် မိဖုရားခေါင်ကြီးနှင့် ဧကရာဇ် တို့က သူမကို အောက်ယွီ နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူမက အောက်ယွီမှလွဲပြီး တခြား မည်သူ့ကိုမှ လက်မထပ်ဘူးဟု ပြောလာခြင်းမှာ မည်ကဲ့သို့ ဖြစ်သွားရသနည်း။

သို့ပေမည့် စုချင်ဝမ်ကတော် ပြောသည်မှာလည်း အလွန် ပုံကြီးချဲ့လွန်းနေသည်။ ပယောဂမိခြင်း၊ မိစ္ဆာပူးခြင်း၊ မိစ္ဆာနှင်ထုတ်ခြင်း ဆိုသည်မှာ လွန်လွန်းနေပြီ မဟုတ်ပါလား။

စုချင်ဝမ်ကတော်က ပြောလိုက်၏။ “မိဖုရားကြီး... ကျွန်မ နောက်ပြောင်နေတာ မဟုတ်ဘူး။ အကယ်၍ ဒီကိစ္စသာ သတင်းထွက်သွားရင် ရှန်ရှန်းရဲ့ နာမည်ဂုဏ်သတင်း လုံးဝ ပျက်စီးသွားမှာပဲ။ သူမက အောက်ယွီလို နာမည်ဆိုးရှိပြီး အရှက်မရှိတဲ့ လူမျိုးကို လက်ထပ်ချင်တယ်လို့ တတွတ်တွတ် ပြောနေရင် နောက်ပိုင်း ဘယ်လိုလုပ်ပြီး အိမ်ထောင်ပြုလို့ ရတော့မှာလဲ။ အခု ဒီမှာရှိနေတဲ့ လူတွေကို နှုတ်ပိတ်ထားလို့ ရသေးတယ်။ အကယ်၍ မင်းသမီး ရှန်ရှန်း သာ ဒီဥယျာဉ်တော်ထဲကနေ ထွက်သွားရင် အချိန် မမီတော့ဘူး။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီး၏ မျက်နှာမှာ ပြောင်းလဲသွားတော့သည်။

စုချင်ဝမ်ကတော် ပြောသည်မှာ အဓိပ္ပာယ် ရှိသည်။ ယခု ဤလူများကို နှုတ်ပိတ်ထား၍ ရသေး၏။ အကယ်၍ မင်းသမီး ရှန်ရှန်းသာ အပြင်သို့ ထွက်သွားပြီး အောက်ယွီမှလွဲပြီး တခြား မည်သူ့ကိုမှ လက်မထပ်ဘူးဟု အော်ဟစ်လိုက်ပါက နာမည်ဂုဏ်သတင်း လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး နောက်ပိုင်း မည်သို့ အိမ်ထောင်ပြုတော့မည်နည်း။

စုချင်ဝမ်ကတော်က မိဖုရားကြီး၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “မိဖုရားကြီး... အောက်ရှင်းက ရာထူး ရုပ်သိမ်းခံထားရပြီဖြစ်ပြီး ဒီ အောက်ယွီကလည်း ဘာရာထူးမှ မရှိဘူး။ စောစောက သူ့ကို လာရှာတဲ့ သားအမိ နှစ်ယောက် ရှိတယ် မဟုတ်လား။

သူက ကိုယ့်သွေးသား အရင်းအချာကိုတောင် အသိအမှတ် မပြုဘူးလေ။ အပြစ်က အသင့်ရှိနေပြီးသားပဲ။ အပြတ်ရှင်းတဲ့ အနေနဲ့ သူ့ကို တိုက်ရိုက် သင်းကွပ်ပစ်လိုက်။ ဒါမှ သူတို့နှစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို ဖြတ်တောက်ပစ်နိုင်မှာ။”

‘ဒါက ပိုပြီးတော့တောင် ရက်စက်လွန်းနေပြီ။’

စောစောက အခြေအနေကို ရှင်းလင်းစွာ စုံစမ်းသိရှိပြီးပြီ မဟုတ်ပါလား။ ဝမ်ချွေ့ဟွာသည် သူတစ်ပါး၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် အောက်ယွီကို လာရောက် စွပ်စွဲခြင်းဖြစ်ပြီး သူမနှင့် အောက်ယွီ လုံးဝ ပတ်သက်မှု မရှိသလို သူမ၏ ကလေးသည်လည်း အောက်ယွီ နှင့် လုံးဝ ပတ်သက်မှု မရှိချေ။

ယခုအခါ ဤအပြစ်ကို အကြောင်းပြချက် ပေးကာ အောက်ယွီကို တိုက်ရိုက် သင်းကွပ်ပြစ်ဒဏ် ပေးပြီး မိန်းမစိုး အဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

စုချင်ဝမ်ကတော် တွမ်ယွင်က တိုးတိုးလေး ဆက်ပြောလိုက်၏။ “မိဖုရားကြီး... ရှင်က အနောက်ဆောင်ရဲ့ သခင်မကြီးပါ။ ဒီလို အချိန်မျိုးမှာ သေချာပေါက် ပြတ်ပြတ်သားသား လုပ်ဆောင်ရပါမယ်။ မဟုတ်ရင် နောက်ကျသွားပါလိမ့်မယ်။

ရှန်ရှန်း ဟာ ကျွန်မတို့ တော်ဝင်မိသားစုရဲ့ အဖိုးတန် ရတနာလေးဖြစ်ပြီး သူ့ရဲ့ နာမည်ဂုဏ်သတင်းကို အစွန်းအထင်း ခံလို့ မရပါဘူး။ အနာဂတ်မှာ သူ အိမ်ထောင်ပြုရင်တောင်မှ ကြီးမားတဲ့ အသုံးဝင်မှု ရှိရမှာဖြစ်ပြီး ကြီးမားတဲ့ နိုင်ငံရေး အကျိုးအမြတ်တွေကို လဲလှယ်ယူရမှာပါ။

အကယ်၍ အခု နာမည်ဂုဏ်သတင်း ပျက်စီးသွားရင် အဲဒီ အိမ်ရှေ့စံမင်းသားတွေက သူ့ကို ဘယ်သူက လက်ထပ်ရဲတော့မှာလဲ။ ရှင် မိန်းမသားတွေရဲ့ သနားညှာတာမှုမျိုး မထားသင့်တော့ဘူး။”

မိဖုရားကြီးသည် အတန်ကြာတွေဝေနေပြီးနောက် ဤ စုချင်ဝမ်ကတော်၏ စကားမှာ အတော်လေး အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။

မင်းသမီး ရှန်ရှန်း၏ အိမ်ထောင်ရေးသည် ကြီးမားသော နိုင်ငံရေး အကျိုးအမြတ် တစ်ခု ဖြစ်လာရမှာဖြစ်ပြီး အောက်ယွီ ကဲ့သို့သော ဘွဲ့မရှိ၊ ရာထူးမရှိသည့် နာမည်ဆိုးရှိသူ တစ်ယောက်နှင့် လက်ထပ်လိုက်ပါက လုံးဝ ပျက်စီးသွားပေလိမ့်မည်။

မျက်လုံးများကိုမှိတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် မိဖုရားကြီးသည် ဆုံးဖြတ်ချက် ချလိုက်တော့၏။

မင်းသမီး ရှန်ရှန်းကို အပြင်သို့ ထွက်ကာ လျှောက်အော်ခွင့် လုံးဝ မပေးနိုင်ဘဲ ဤနေရာတွင်ပင် အခြေအနေကို ထိန်းချုပ်ထားရမှာဖြစ်၏။ ရှန်ရှန်းကို ချက်ချင်း အကျယ်ချုပ် ချထားပြီး သေချာ ဖျောင်းဖျရပေမည်။

‘အဲဒီ အောက်ယွီကိုလည်း အရင်ဆုံး ဖမ်းဆီးထားလိုက်ရမယ်။ သူ ဇနီးနဲ့ သားသမီးကို စွန့်ပစ်တဲ့ ကိစ္စကို ပြန်လည် စုံစမ်းစစ်ဆေးမယ်လို့ အကြောင်းပြလိုက်မယ်။ ဘာပဲဖြစ်ဖြစ် မင်းသမီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမယ့်သူ ဖြစ်တဲ့အတွက် ကိစ္စတွေကို သေချာ ရှင်းလင်းအောင် စုံစမ်းရမှာပဲလေ။’

“မိဖုရားကြီး... သွားပြီး အောက်ယွီကို ဖမ်းလိုက်ပါ။ သူ့ကို ချက်ချင်း သင်းကွပ်ပစ်လိုက်ပါ။ သင်းကွပ်ပစ် လိုက်ပါ။ ဒါမှ အစအန မကျန်အောင် ရှင်းလင်းသွားမှာ။”

စုချင်ဝမ်ကတော် တွမ်ယွင်က ဘေးနားမှ အဆက်မပြတ် တိုးတိုးလေး ပြောနေသည်။ “သူ ဇနီးနဲ့ သားသမီးကို စွန့်ပစ်တဲ့ အမှုကို ပြန်လည် စုံစမ်းစစ်ဆေးပါ။”

………………….

All Chapters