အခန်း (၃၇၅-၃၇၆)
Vol. 32 Ch. 375-376
အပိုင်း (၃၇၅)
မိဖုရားကြီးသည် မျက်လုံးများကို ဖွင့်ကာ အမိန့်ပေးလိုက်၏။ “လာကြစမ်း... အောက်ယွီကို ခေါ်လာခဲ့။ မင်းသမီး ရှန်ရှန်း ပင်ပန်းနေပြီ။ သူမကို အနားယူဖို့ ခေါ်သွားလိုက်။”
သူမသည် ဆုံးဖြတ်ချက် ချလိုက်ပြီး ဤအကျပ်အတည်းကို အစမပျိုးမီကပင် အပြီးအပြတ် ရှင်းလင်းပစ်ရန် ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
“အမိန့်တော်အတိုင်းပါ။” ချက်ချင်းပဲ မိန်းမစိုး အချို့သည် စစ်သည်အချို့ကို ခေါ်ဆောင်ကာ အောက်ယွီ ရှိရာ အခန်းသို့ ပြေးသွားကြတော့၏။
ခွန်အားကြီးမားသော အစေခံမ အချို့သည်လည်း မင်းသမီး ရှန်ရှန်း ထံသို့ တိုက်ရိုက် လျှောက်သွားကာ နူးညံ့စွာ ပြောလိုက်ကြသည်။ “မင်းသမီး... ပင်ပန်းနေပါပြီ။ ကျွန်မတို့နဲ့အတူ အနားယူဖို့ လိုက်ခဲ့ပါ။”
စကားလုံးများက နူးညံ့သော်လည်း လုပ်ရပ်များကမူ အလွန် ပြတ်သားပြီး မင်းသမီး ရှန်ရှန်းကို တိုက်ရိုက် ဖမ်းဆီးကာ အကျယ်ချုပ် ချထားရန် ပြင်လိုက်ကြတော့၏။
သို့ပေမည့် မင်းသမီး ရှန်ရှန်းသည် သူတို့ထက် ပိုမို မြန်ဆန်ပြီး လိပ်ပြာလေး တစ်ကောင်ကဲ့သို့ အပြင်ဘက်သို့ လွင့်ပျံသွားကာ သူမ၏ ခြေတံရှည်ကြီး နှစ်ဖက်ဖြင့် အပြင်သို့ အစွမ်းကုန် ပြေးထွက်သွားတော့သည်။
ယခုအချိန်တွင် အမြန်ဆုံး ဧကရာဇ်ဟောင်း ရှိရာသို့ ပြေးသွားရမည်ကို သူမ သိရှိထားသည်။ ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားမှသာ မိခင်ဖြစ်သူသည် သူမနှင့် အောက်ယွီကို ဘာမှ လုပ်၍ မရတော့မှာဖြစ်၏။
သို့ပေမည့် သူမတွင် သိုင်းပညာ မရှိသောကြောင့် အမြန်နှုန်း မလုံလောက်ဘဲ မိဖုရားကြီး စေလွှတ်လိုက်သော သိုင်းပညာတတ် အစေခံမ အချို့၏ ဖမ်းဆီးခြင်းကို လျင်မြန်စွာ ခံလိုက်ရပြီး အနောက်ဘက်ရှိ တိတ်ဆိတ်သော အခန်းဆီသို့ ဆွဲခေါ်သွားခြင်း ခံရတော့သည်။
မင်းသမီး ရှန်ရှန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ရှန်ချင်းနန်းဆောင်က အစောင့်တွေ ဘယ်မှာလဲ။ ရှန်ချင်းနန်းဆောင်က အစောင့်တွေ ဘယ်မှာလဲ။”
မင်းသမီး ရှန်ရှန်းကို ဖမ်းဆွဲထားသော အစေခံမ၏ မျက်နှာမှာ အေးစက်သွားပြီး မင်းသမီး ရှန်ရှန်း၏ ပါးစပ်လေးကို တိုက်ရိုက် ပိတ်ထားလိုက်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “မင်းသမီး... ပင်ပန်းနေပါပြီ။ ကောင်းကောင်း အနားယူလိုက်ပါ။”
ဤ အစေခံမသည် သာမန်လူ မဟုတ်ဘဲ မိဖုရားကြီး၏ နို့တိုက်အမေ ဖြစ်ခဲ့ဖူးသူ ဖြစ်၏။
ထိုအချိန်တွင်ပင် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင်မှ အစောင့်များကို ခေါ်ဆောင်ကာ ပြေးဝင်လာပြီး မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ မျက်နှာ ပျက်ယွင်းသွားတော့၏။
မိန်းမစိုး တစ်ဦးက ယွင်ကျုံးဟဲ့ကို မြင်တွေ့လိုက်ရချိန်မှာတော့ ချက်ချင်း လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သခင်လေး အောက်ယွီကို ဖိတ်ခေါ်ခဲ့ပါ။ စုံစမ်းစစ်ဆေးစရာ ကိစ္စတချို့ ရှိလို့၊ မေးမြန်းစရာ ကိစ္စတချို့ ရှိလို့ပါ။”
သူက ဖိတ်ခေါ်သည်ဟု ပြောသော်လည်း မျက်လုံးများမှာ အေးစက်နေပြီး သိုင်းပညာတတ် မိန်းမစိုး အချို့သည် ချက်ချင်း ပြေးဝင်လာကာ ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဖမ်းဆီးရန် ပြင်လိုက်ကြတော့၏။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ ရှန်ချင်းနန်းဆောင်က အစောင့်တွေ ဘယ်မှာလဲ။ အစေခံမတွေနဲ့ မိန်းမစိုးတွေ ပုန်ကန်နေကြပြီ။ သူတို့ကို ဖမ်းဆီးပြီး မိဖုရားကြီးနဲ့ မင်းသမီးကို ကာကွယ်ကြ။”
ရှန်ချင်းနန်းဆောင်၏ အစောင့်ခေါင်းဆောင်မှာ ထိပ်တန်း သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ စက္ကန့်ဝက်ခန့် တုံ့ဆိုင်းသွား၏။
ထို့နောက် သူသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ မင်းသမီး ရှန်ရှန်းကို ဖမ်းဆွဲထားသော အစေခံမများကို လက်ညှိုးထိုးပြလျက် အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။ “အားလုံးကို ဖမ်းဆီးလိုက်။ ဖီဆန်တဲ့သူ ရှိရင် နေရာမှာတင် သတ်ပစ်။”
ထို့နောက် ရှန်ချင်းနန်းဆောင်၏ အစောင့်များသည် ကျားရိုင်းများကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့၏။
“ရှင် အတင့်ရဲလှချည်လား။”
ထိုအစေခံမသည် ခါးကိုထောက်ကာ ပြင်းထန်သောလေသံဖြင့် အော်လိုက်၏။ “ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိရဲ့လား။ ကျွန်မက မိဖုရားကြီးရဲ့ နို့တိုက်အမေပဲ။”
မင်းသမီးရှန်ရှန်း၏ အစောင့်ခေါင်းဆောင် စစ်သူကြီး ယင်းယန်က အေးစက်သော မျက်နှာထားဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။ “မင်းသမီးကို ချက်ချင်းလွှတ်ပေးစမ်း... အခုချက်ချင်း...”
ယင်းယန်အနေဖြင့် မင်းသမီးရှန်ရှန်းကို လက်ဖြင့် တိုက်ရိုက်ဆွဲခေါ်ရန်မှာမူ မသင့်လျော်လှပေ။ ကျား၊ မ အထိအတွေ့ကို ရှောင်ကြဉ်ရမည်ဟူသော စည်းကမ်းမှာ နန်းတွင်း၌ အရေးပါလှ၏။
ယင်းယန်၏ အသက်အရွယ်မှာ မင်းသမီး၏ ခမည်းတော်အရွယ်ခန့် ရှိနေလင့်ကစား ထိုစည်းကမ်းကို သူ အလေးအနက်ထားဆဲပင်။
“ရှင့်လို အဆင့်ငါး စစ်အရာရှိလေးက ကျွန်မရှေ့မှာ ဘာလာဟန်လုပ်နေတာလဲ။ အဆင့်သုံး အရာရှိကြီးတွေတောင် ကျွန်မရှေ့ရောက်ရင် ခါးမတ်မတ် မရပ်ရဲဘူး” အထိန်းတော်လင်သည် ယင်းယန်ကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်ရင်း ပြောလိုက်ပြန်သည်။
သူမ၏စကားမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ မိဖုရားကြီး၏ နို့တိုက်အမေဖြစ်သောကြောင့် အဆင့်မြင့် အရာရှိကြီးများပင် သူမကို မျက်နှာချိုသွေးရလေ့ရှိသည်။ ထို့ကြောင့် ယင်းယန်ကဲ့သို့ အဆင့်ငါး စစ်သူကြီး တစ်ဦးကို သူမက ဂရုစိုက်မည်မဟုတ်သည်မှာ ထင်ရှားလှ၏။
ထို့အပြင် သူမသည် နန်းတွင်းအစေခံတို့၏ အကြီးအကဲဖြစ်ပြီး မင်းသမီးများကို ဆုံးမပဲ့ပြင်ရန် တာဝန်ရှိသူလည်း ဖြစ်သည်။
မင်းသမီးရှန်ရှန်းသည် အချစ်ခံရဆုံးဖြစ်သော်လည်း သူမ၏အမြင်တွင်မူ မည်မျှပင် အရေးပေးခံရပါစေ ဆုံးမမှုကို ခံယူရမည်သာ ဖြစ်၏။
တချို့သော ကိုယ်လုပ်တော်များမှ မွေးဖွားသည့် မင်းသမီးများကိုဆိုလျှင် အထိန်းတော်လင်သည် လက်ဝါးဖြင့် ရိုက်၍ပင် ဆုံးမရဲရာ ထိုမင်းသမီးငယ်တို့မှာ သူမကို အလွန် ကြောက်ရွံ့ကြရသည်။
သူမသည် မိဖုရားကြီး၏ နို့တိုက်အမေပြစ်သောကြောင့် မင်းသမီးရှန်ရှန်း ကိုယ်တိုင်ကပင် သူမကို နို့တိုက်အဘွားဟု ခေါ်ရမှာဖြစ်၏။
မိဖုရားကြီး၏ ထောက်ပံ့ပေးမှုကို အပြည့်အဝ ရရှိထားသောကြောင့် နန်းဆောင်အတွင်း၌ သူမ ကြောက်ရွံ့နေရမည့်သူ ဟူ၍ မရှိသလောက်ပင်။
ထိုအချိန်တွင် မိန်းမစိုးတစ်စုသည် ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် အပြေးအလွှား ရောက်ရှိလာကြ၏။
“အားလုံးကို ဖမ်းကြစမ်း။”
အထိန်းတော်လင်က ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ “မင်းသမီးမှာ ပယောဂ မိ၊ မမိ စစ်ဆေးဖို့ နတ်ဆရာ တစ်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်။ ဒီယွင်ကျုံးဟဲ့ဆီမှာလည်း မကောင်းဆိုးဝါးတွေ ရှိနေရင် တစ်ခါတည်း ရှင်းပစ်လိုက်ကြ။”
ရှင်းပစ်မည်ဆိုသည်မှာ သေချာပေါက်ပင် မကောင်းဆိုးဝါး ပူးကပ်နေသည်ဟု ယူဆရသော ခန္ဓာကိုယ် အစိတ်အပိုင်းကို ဖယ်ရှားပစ်ရန် ရည်ရွယ်ခြင်းဖြစ်၏။
မိန်းမစိုးတို့သည် အထိန်းတော်လင်၏ ဩဇာအာဏာကို သိရှိကြသောကြောင့် ယင်းယန်၏ အစောင့်တပ်ကို ဂရုမစိုက်တော့ဘဲ ယွင်ကျုံးဟဲ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။
“စစ်သူကြီး ယင်းယန်... သူတို့ကို တားဆီးပေးပါ” မင်းသမီးရှန်ရှန်းက လှမ်းအော်လိုက်၏။
အစောင့်ခေါင်းဆောင် ယင်းယန်သည် အံကို တင်းတင်းကြိတ်ကာ လက်ကို ရုတ်တရက် ဝှေ့ယမ်း၍ အချက်ပေးလိုက်သည်။
ချက်ချင်းပဲ သူ၏လက်အောက်ခံ ရှန်ချင်းနန်းဆောင် အစောင့်ရဲမက်တို့သည် ဓားများကို အိမ်မှဆွဲထုတ်ကာ ဓားပြားဖြင့် ထိုမိန်းမစိုးများကို ပြင်းထန်စွာ ရိုက်နှက်လိုက်ကြတော့၏။
“ဘုန်း... ဘုန်း... ဘုန်း..”
ခဏအတွင်းမှာပဲ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် ကြိုးပမ်းသူ မိန်းမစိုးအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်မှုကြောင့် သရဲတစ္ဆေများကဲ့သို့ အော်ဟစ်ငိုယိုကုန်တော့သည်။
ဓားပြားဖြင့် ရိုက်နှက်ခြင်းဖြစ်သော်လည်း လက်ချက်မှာ ပြင်းထန်လွန်းသောကြောင့် တစ်ချက်ရိုက်တိုင်း အရိုးတစ်ချောင်း မုချကျိုးသွားမည်သာ ဖြစ်၏။
ဤသည်မှာ ရှန်ချင်းနန်းဆောင်၏ ဩဇာကို ပြသခြင်းပင်။ မလုပ်လျှင် မလုပ်၊ လုပ်လျှင်လည်း ပြတ်ပြတ်သားသားနှင့် ရက်စက်စွာ ဆောင်ရွက်ခြင်းဖြင့် လူတို့ကို ကြောက်ရွံ့စေခြင်း ဖြစ်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မိန်းမစိုး ဆယ်ဦးကျော်တို့မှာ မြေပြင်တွင် လူးလှိမ့်အော်ဟစ်နေကြကာ သွေးများပင် အန်ကုန်ကြ၏။
“အထိန်းတော်လင်... မင်းသမီးကို ချက်ချင်းလွှတ်ပေးပါ။” ယင်းယန်က ထပ်မံ သတိပေးလိုက်ပြန်သည်။
အထိန်းတော်လင်သည် ဒေါသအမျက်ချောင်းချောင်း ထွက်လျက် ရင်ဘတ်ကို ပုတ်ကာ ပြောဆိုလိုက်၏။ “လာစမ်း... ဒီနေရာကို ရိုက်စမ်းပါအုံး။ ယင်းယန်... ရှင့်လို အဆင့်ငါး ရာထူးသေးသေးလေးနဲ့ ကျွန်မကို တစ်ချက်လောက် ထိရဲရင် မနက်ဖြန် ရှင့်ခေါင်းပြတ်ပြီသာမှတ်။
ကျွန်မ ဧကရာဇ်ဟောင်းကို ပြုစုနေတဲ့အချိန်တုန်းက ရှင် ဘယ်နားရောက်နေမှန်းတောင် မသိသေးဘူး။ ကဲ... မင်းသမီးကို ခေါ်သွားကြစမ်း”
ယင်းယန်၏ မျက်နှာမှာ ပိုမိုတင်းမာသွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အထိန်းတော်လင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်ချလိုက်တော့သည်။
“အား...”
အထိန်းတော်လင်သည် အော်ဟစ်လျက် မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သွေးများ အန်ထုတ်လိုက်ရ၏။
“မင်းသမီးကို မလွှတ်ပေးရင် ခင်ဗျားတို့ရဲ့ လက်တွေကိုပါ ကျုပ် ခုတ်ဖြတ်ပစ်မယ်” ယင်းယန်က ကျန်ရှိသော အစေခံမများကို ကြည့်ကာ ကြိမ်းဝါးလိုက်သည်။
အစေခံများမှာလည်း မင်းသမီးရှန်ရှန်းကို ဆက်လက်ဖမ်းဆီးထားရန် မဝံ့ရဲတော့ဘဲ ချက်ချင်း လွှတ်ပေးလိုက်ကြရ၏။
“မလွှတ်နဲ့။”
ဩဇာအာဏာ ပြည့်ဝသော အသံနှင့်အတူ မိဖုရားကြီးသည် ဖြည်းဖြည်းချင်း လျှောက်ထွက်လာပြီး အေးစက်စက် ပြောဆိုလိုက်သည်။ “ယင်းယန်... ရှင်က သတ္တိ အရမ်းကောင်းတာပဲ။ ငါ့ရဲ့ နို့တိုက်အမေ ကိုတောင် ကန်ရဲတယ်ပေါ့။ ကဲ... သတ္တိရှိရင် ခုတ်ချလိုက်စမ်းပါအုံး။ ရှင့်မှာ ခေါင်းဘယ်နှစ်လုံးရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
ယင်းယန်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။ သူသည် ကြီးလေးသော ဒုက္ခနှင့် ရင်ဆိုင်ရတော့မည်ကို ကောင်းစွာသိ၏။
အဆင့်ငါး စစ်သူကြီးတစ်ဦးအနေဖြင့် မိဖုရားကြီး၏ နို့တိုက်အမေကို ကန်လိုက်ခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ ဤလုပ်ရပ်သည် ဧကရာဇ်ဟောင်းကို အခက်တွေ့စေနိုင်သလို၊ ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်တို့အကြား အထင်လွဲမှားမှုများပင် ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော်လည်း သူ၏ ပထမဆုံးနှင့် တစ်ခုတည်းသော တာဝန်မှာ မင်းသမီးရှန်ရှန်းကို ကာကွယ်ရန်ပင် ဖြစ်သည်။ ဤအရာမှာ သူအလိုလားဆုံးသော တာဝန်လည်း ဖြစ်၏။
အကြောင်းမှာ သူ၏စိတ်ထဲတွင် မင်းသမီး ရှန်ရှန်းသည် ဤကမ္ဘာပေါ်၌ အဖြူစင်ဆုံးနှင့် အလှပဆုံးသော ကလေးမလေးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
မင်းသမီးသည် သူမ၏ အနီးအပါးမှ လူတို့ကိုလည်း မိသားစုဝင်များကဲ့သို့ပင် သဘောထားတတ်သည်။
ယင်းယန်တွင် ဇနီးနှင့် သားသမီးများ ရှိသော်လည်း နယ်တွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အချိန်အများစုတွင် မင်းသမီးလေးကို သမီးအရင်းကဲ့သို့ ဂရုစိုက်လိုသော ခံစားချက်မျိုး တစ်ခါတရံ ပေါ်ပေါက်လာတတ်၏။
အဆင့်ငါး စစ်အရာရှိနှင့် မြင့်မြတ်လှသော မင်းသမီးဟူသော ကွာခြားချက်ကို သူ ကောင်းစွာသိရှိသော်လည်း ထိုသံယောဇဉ်မှာ ပုန်းလျှိုးကွယ်လျှိုး ရှိနေဆဲပင်။ ထို့ကြောင့်လည်း ယခုကဲ့သို့ ခုတ်ဖြတ်လိုက်ပါက မိမိ၏ ဦးခေါင်းပါ ပြတ်သွားနိုင်သည်ကို သူ သိနှင့်ပြီးဖြစ်သည်။
မင်းသမီးရှန်ရှန်းသည် ထိုသို့သော မြင်ကွင်းမျိုးကို မမြင်လိုသောကြောင့် မိဖုရားကြီးကို တောင်းပန် လိုက်သည်။ “မယ်တော်... နေဝင်တော့မှာမို့ နေမဝင်ခင် အရောက်ပြန်လာရမယ်လို့ ဘိုးတော်က မှာထားပါတယ်။ သမီး နောက်ရက်မှ မယ်တော့်ဆီ လာလည်မယ်နော်။”
“နင် ဘိုးတော်ကို အကြောင်းပြပြီး ငါ့ကို လာမဖိနှိပ်နဲ့။”
မိဖုရားကြီးက ခက်ထန်စွာ ပြောလိုက်၏။ “နင်ဟာ ငါမွေးတဲ့သမီး မဟုတ်ပေမယ့် နင့်အမေ မရှိတော့တဲ့နောက် ငါဟာ နင့်ရဲ့ မိခင် (မိထွေး) မဟုတ်ဘူးလား။ ငါ့မှာ နင့်ကို ဆုံးမပိုင်ခွင့် မရှိဘူးလား။”
ထိုအခါ ဘေးမှ စုချင်ဝမ်ကတော် တွမ်ယွင်ကလည်း ဝင်ရောက်ကာ ပြောလိုက်သည်။ “ဒီကလေးမလေး သေချာပေါက် ပယောဂမိနေတာ။ မဟုတ်ရင် မိဖုရားကြီးကို ဒီလို ဆန့်ကျင်ရဲပါ့မလား။ နတ်ဆရာခေါ်ပြီး နှင်ထုတ်မှ ရမယ်။ ဒီအောက်ယွီ (ယွင်ကျုံးဟဲ့) ဆီမှာလည်း မကောင်းဆိုးဝါးတွေ ရှိနေတာ သေချာတယ်။ အမြန်ဖမ်းကြ... အမြန်ဖမ်းကြစမ်း။”
ယင်းယန်သည် မိဖုရားကြီးရှေ့တွင် ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်၏။ “မိဖုရားကြီး... ခွင့်လွှတ်ပေးပါ။”
ထို့နောက် သူသည် ရုတ်တရက် မတ်တတ်ရပ်ကာ မင်းသမီးရှန်ရှန်း၏ လက်မောင်းကို ဖမ်းဆွဲထားသော အစေခံမကို ဓားဖြင့် ခုတ်ချလိုက်လေတော့သည်။
“ရွှစ်...”
ဓားချက်မှာ အသံမထွက်လိုက်ချေ။ ထို့နောက် အစေခံမ၏ ပြတ်တောက်သွားသော လက်မောင်းဆီမှ သွေးများ ပန်းထွက်လာ၏။
မင်းသမီးရှန်ရှန်း၏ မျက်နှာလေးမှာ တုန်လှုပ်သွားလေသည်။ ပြဿနာမှာ ဤမျှအထိ ကြီးထွား သွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ယွင်ကျုံးဟဲ့၏ မျက်နှာမှာလည်း ပျက်ယွင်းသွား၏။ ဤလုပ်ရပ်သည် မိဖုရားကြီး၏ မျက်နှာကို တိုက်ရိုက် ရိုက်နှက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဘေးနားရှိ အခြားသော အစေခံမတစ်ဦးသည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်သွားပြီး မင်းသမီးလေးကို ချက်ချင်း လွှတ်ပေးလိုက်ရ၏။
ထိုနေရာရှိ လူအားလုံးမှာလည်း မိဖုရားကြီးရှေ့မှောက်တွင် အစေခံမ၏ လက်မောင်းကို ခုတ်ဖြတ်ရဲသော ယင်းယန်၏ သတ္တိကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
“ပုန်ကန်ပြီ... တစ်ယောက်ယောက် ပုန်ကန်နေပြီ။”
စုချင်ဝမ်ကတော်က အော်ဟစ်လိုက်၏။ “လူလာကြပါအုံး... ယင်းယန် ပုန်ကန်နေပြီ။”
မင်းသမီးရှန်ရှန်းသည် ဤနေရာတွင် ဆက်လက်နေထိုင်ပါက အခြေအနေ ပိုမိုဆိုးရွားသွားမည်ကို သိရှိသောကြောင့် လူအများ မရောက်လာခင် အမြန်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်ပါက ယွင်ကျုံးဟဲ့မှာ ဖမ်းဆီးခံရပြီး သင်းကွပ်ခံရမှာဖြစ်သလို၊ သူမကိုယ်တိုင်လည်း ပယောဂ နှင်ထုတ်ခြင်းကို ခံရပေလိမ့်မည်။
“မယ်တော်... သမီး နောက်နှစ်ရက်နေရင် ပြန်လာခဲ့ပါ့မယ်” မင်းသမီးက ပြောလိုက်၏။
မိဖုရားကြီးမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေလျက် အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ “မလိုပါဘူး... နင့်လိုသမီးမျိုး ငါမလိုချင်ဘူး။ ငါ့ကို မယ်တော်လို့ ခေါ်တာကိုလည်း ငါ လက်မခံနိုင်ဘူး။”
စုချင်ဝမ်ကတော်က ဒေါသတကြီးဖြင့် ကြိမ်းဝါးလိုက်၏။ “ယင်းယန်... ရှင့် သေနေ့စေ့ပြီ။ ယွင်ကျုံးဟဲ့... ရှင်လည်း သေနေစေ့ပြီ။”
ယင်းယန်ကမူ ပြတ်သားစွာ ပြောဆိုလိုက်သည်။ “ကျုပ် ဒီလို ပြုလုပ်လိုက်တည်းက အသက်ရှင်ဖို့ ရည်ရွယ်မထားပါဘူး။”
ထို့နောက် မင်းသမီးရှန်ရှန်းသည် ယွင်ကျုံးဟဲ့၏လက်ကို ဆွဲကာ ထိုနေရာမှ ထွက်ခွာသွားလေတော့၏။ “သွားမယ်... အမြန်သွားကြမယ်။”
မင်းသမီး ရှန်ရှန်းသည် ယွင်ကျုံးဟဲ့၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် ဟူချွန်းယွမ် ဥယျာဉ်အတွင်းမှ အပြေးအလွှား ထွက်ခွာခဲ့ကြသည်။
စစ်သူကြီး ယင်းယန်ကလည်း သူ၏အစောင့်ရဲမက်များကို ဦးဆောင်ကာ မင်းသမီးနှင့် ယွင်ကျုံးဟဲ့တို့နှစ်ဦးကို အလယ်တွင်ထား၍ ဝန်းရံကာကွယ်ရင်း အမြန်ဆုံး ဆုတ်ခွာခဲ့၏။
စုချင်ဝမ်ကတော်သည် ထိုမြင်ကွင်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အသံကုန် အော်ဟစ်လေတော့သည်။ “ပုန်ကန်ပြီ... ပုန်ကန်ပြီ။ ယင်းယန် ပုန်ကန်နေပြီ။”
.......................
အပိုင်း (၃၇၆)
ထိုမြင်ကွင်းကို ကြည့်ရင်း မိဖုရားကြီးမှာ အေးစက်ခက်ထန်သော လေသံဖြင့် အမိန့်ပေးလိုက်၏။ “နန်းတော်ကို ပြန်မယ်။ တစ်ယောက်ယောက်က ကောင်းကင်ကို လှန်ရဲတယ်ဆိုတာ ငါ လုံးဝ မယုံကြည်နိုင်ဘူး။”
သူမသည် အဆုံးစွန်ထိ ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သူမသည် ဧကရာဇ်မင်းမြတ်နှင့် မယ်တော်မိဖုရားခေါင်ကြီးထံသို့ ချက်ချင်း သွားရောက် တိုင်ကြားတော့မှာဖြစ်သည်။
ယခုတစ်ကြိမ်တွင် ယင်းယန်နှင့် ယွင်ကျုံးဟဲ့တို့ကို သေဒဏ်ပေးရန် စီစဉ်တော့မှာ ဖြစ်၏။
မင်းသမီး ရှန်ရှန်းသည် ဧကရာဇ်နှစ်ပါးလုံး၏ အချစ်ဆုံးရတနာ ဖြစ်နေလင့်ကစား၊ ဤတစ်ကြိမ်တွင်မူ ပြင်းထန်စွာ အပြစ်ပေးခြင်းဖြင့် နန်းတွင်းအနောက်ဆောင်၏ အရှင်သခင်မမှာ မိမိသာလျှင်ဖြစ်ကြောင်း အားလုံးကို သိစေရမည်ဟု သူမ ကြုံးဝါးနေမိသည်။
မင်းသမီး ရှန်ရှန်းက ယွင်ကျုံးဟဲ့၏လက်ကို ဆွဲ၍ ဟူချွန်းယွမ်မှ ထွက်လာစဉ် ယွင်ကျုံးဟဲ့က သူမ၏လက်ကို ရုန်းကန်ဖယ်ရှားရန် ကြိုးစားခဲ့သေး၏။
အဘယ်ကြောင့်ဆိုသော် အိမ်ထောင်မပြုရသေးသည့် မင်းသမီးတစ်ပါးအနေဖြင့် လူအများရှေ့တွင် အမျိုးသားတစ်ဦး၏ လက်ကို ဆွဲထားခြင်းမှာ သူမ၏ နာမည်ဂုဏ်သတင်းကို များစွာ ထိခိုက်စေနိုင်သောကြောင့်ပင်။
သို့သော်ငြား မင်းသမီး ရှန်ရှန်းကမူ သူ၏လက်ကို ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
ဟူချွန်းယွမ်ပြင်ပ၌ တော်ဝင်ဆွေမျိုးများနှင့် မှူးမတ်ကတော်များစွာ စောင့်ဆိုင်းနေကြသည်ကို သူမ သိနှင့်ပြီးဖြစ်သည်။ မိမိအနေဖြင့် ယွင်ကျုံးဟဲ့ကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ၎င်းတို့ကို တိုက်ရိုက် ပြသလိုက်ခြင်းမှာ ဤကိစ္စကို အပြီးတိုင် အဆုံးသတ်လိုက်ခြင်းပင် ဖြစ်၏။
ဂုဏ်သတင်းကျော်စောမှုဟူသည် သူမအတွက် အရေးမကြီးတော့ပေ။ သူမသည် ဆယ့်ရှစ်နှစ်တိုင်တိုင် လိမ္မာ ယဉ်ကျေးသော မင်းသမီးတစ်ပါးအဖြစ် နေထိုင်ခဲ့ရသည်။
စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်းနှင့် စာပေပန်းချီပညာရပ်များကို အမှန်တကယ် နှစ်သက်ခြင်း မရှိသော်လည်း တော်ဝင်မိသားစု၏ စံပြမင်းသမီးတစ်ပါး ဖြစ်လာစေရန် မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲ ခဲ့ရသည်မှာ ကြာပြီဖြစ်၏။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ယွင်ကျုံးဟဲ့၏လက်ကို ဆွဲ၍ ထွက်လာသောအခါ အပြင်ဘက်ရှိ တော်ဝင်ဆွေမျိုးများနှင့် မှူးမတ်ကတော်အားလုံး မှင်သက်အံ့ဩကုန်ကြ၏။ မိမိတို့ မြင်တွေ့နေရသည်မှာ အိပ်မက်တစ်ခုလားဟုပင် သံသယဝင်နေကြသည်။
“မင်းသမီး ရှန်ရှန်းက အောက်ယွီရဲ့လက်ကို တကယ်ကြီး ဆွဲထားတာလား။ ကျုပ်တို့ မျက်စိမှားတာလား။ ဒါမှမဟုတ် မင်းသမီးလေး ပယောဂမိနေတာလား။”
တာ့ကျိုးအင်ပါယာ၏ နံပါတ်တစ် အလှဘုရင်မ၊ ဧကရာဇ်နှစ်ပါး၏ အချစ်ဆုံး မြေးတော်၊ ကောင်းကင်ဘုံမှ ကြိုးကြာငှက်နှင့်တူသော မင်းသမီး ရှန်ရှန်းက အဘယ်ကြောင့် အောက်ယွီကဲ့သို့သော ဖားသူငယ်ကို ရွေးချယ်ရသနည်းဟု လူတိုင်း တွေးမရ ဖြစ်နေကြ၏။
အောက်ယွီ၏ မိသားစုမှာ ရာထူးပြုတ်သွားပြီဖြစ်၍ မှူးမတ်မျိုးနွယ်ပင် မဟုတ်တော့ပေ။ ထို့အပြင် အောက်ယွီသည် တွမ်ယင်းယင်းနှင့် အိမ်ထောင်ကျဖူးသူဖြစ်ပြီး ရုပ်ရည်မှာလည်း ဝဖြိုးကာ အရုပ်ဆိုးလှသောကြောင့် မည်သည့် မှူးမတ်သမီးကမှ အဖက်လုပ်သူ မဟုတ်ပေ။
သို့သော်လည်း မြင်တွေ့နေရသည့် အရှိတရားမှာ မင်းသမီးရှန်ရှန်းက အောက်ယွီ၏လက်ကို ဆွဲလျက် ရထားလုံးအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားခြင်းပင်ဖြစ်သည်။
ယင်းယန်နှင့် သူ၏ စစ်သည်များသည်လည်း မြင်းပေါ်သို့ အသီးသီး ခုန်တက်ကြကာ ရှန်ချင်းနန်းဆောင်ဆီသို့ အရှိန်ကုန် မောင်းထွက်ခဲ့ကြတော့၏။
မကြာမီ မိဖုရားကြီးသည်လည်း လူတစ်အုပ်နှင့်အတူ ဒေါသတကြီး ထွက်ခွာလာကာ နန်းတော်သို့ အပြေးအလွှား ပြန်သွားလေသည်။
ထိုမြင်ကွင်းကို ကြည့်၍ ကြီးကျယ်သော ပြဿနာများ ပေါ်ပေါက်တော့မည်ကို လူတိုင်း ရိပ်မိလိုက်ကြပြီ ဖြစ်၏။
မိဖုရားကြီးသည် နန်းတော်သို့ ရောက်သည်နှင့် မယ်တော်မိဖုရားခေါင်ကြီးထံ တန်းသွားကာ ဒူးထောက်၍ ပြောလိုက်လေသည်။ “မယ်တော်... သမီးတော် အနောက်ဆောင်ကို သေချာ မအုပ်ချုပ်နိုင်ခဲ့တဲ့အတွက် အပြစ်ပေးတော်မူပါ။”
မယ်တော်မိဖုရားခေါင်ကြီးမှာ အံ့ဩသွားပြီး မေးမြန်းလိုက်၏။ “နင် ဘာတွေပြောနေတာလဲ... ရှန်ရှန်းရော ဘယ်မှာလဲ။”
မယ်တော်မိဖုရားခေါင်ကြီး၏ မျက်လုံးထဲတွင် မြေးတော်ရှန်ရှန်းသာ ရှိသည်။
မိဖုရားကြီးက ပြောလိုက်၏။ “ရှန်ရှန်းက အောက်ယွီနဲ့ ခိုးပြေးသွားပါပြီ။ လူအများရှေ့မှာ သူ့လက်ကိုဆွဲပြီး ပြေးသွားတာပါ။ သူ့ဘေးက ယင်းယန်ကလည်း သမီးတော်ရဲ့ နို့တိုက်အမေကို ကန်ထုတ်ပြီး နန်းတွင်း အစေခံတစ်ယောက်ရဲ့ လက်မောင်းကို ခုတ်ဖြတ်လိုက်ပါတယ်။ ဒါဟာ ပုန်ကန်တာနဲ့ အတူတူပါပဲ။”
မယ်တော်မိဖုရားခေါင်ကြီးမှာ တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “မဖြစ်နိုင်တာ... ရှန်ရှန်းက ဘာလို့ အောက်ယွီကို သဘောကျရမှာလဲ။ အဲဒီကလေးက နာမည်လည်းဆိုး၊ ရုပ်လည်း ဆိုးတယ်လေ။”
မယ်တော်မိဖုရားခေါင်ကြီး၏ လေသံတွင် အောက်ယွီအပေါ် အငြိုးအတေး မရှိဘဲ မိမိမြေးမလေးနှင့် မထိုက်တန်ဟုသာ ယူဆနေကြောင်း သိသာလှ၏။
ထိုစဉ် အစေခံမတစ်ဦး ဝင်လာကာ ဟူချွန်းယွမ်တွင် ဖြစ်ပျက်ခဲ့သမျှကို တိုးတိုးလေး ကပ်၍ လျှောက်တင် လိုက်သောအခါမှ မိဖုရားကြီး၏ စကားများမှာ အမှန်ဖြစ်ကြောင်း မယ်တော်မိဖုရားခေါင်ကြီး ယုံကြည်သွားတော့သည်။
သူမသည် ချက်ချင်းပဲ နေရာမှထကာ ဧကရာဇ်၏ စာကြည့်ဆောင်သို့ သွားလေတော့၏။
ထိုအချိန်တွင် ဧကရာဇ်မင်းမြတ်ထံသို့လည်း ဟူချွန်းယွမ်မှ အစီရင်ခံစာ ရောက်ရှိနှင့်ပြီဖြစ်သည်။
အစီရင်ခံစာကို ဖတ်ပြီးနောက် ဧကရာဇ်၏မျက်နှာမှာ တင်းမာသွားကာ လက်ထဲရှိ ကြွေပန်းကန်လုံးကို ညှစ်ခွဲပစ်လိုက်၏။
ထို့နောက် သူသည် ခံစားချက်ကို သူတစ်ပါး မသိစေရန် အမြန်ဆုံး ဖုံးကွယ်လိုက်ပြီး ပန်းကန်လုံး အသစ်တစ်လုံးကို လဲလှယ်ကိုင်ထားလိုက်တော့သည်။
“အရှင်မင်းမြတ်... မယ်တော်မိဖုရားခေါင်ကြီးနဲ့ မိဖုရားကြီး ရောက်ရှိလာပါပြီ။” အစေခံတစ်ယောက်က သတင်းပို့လိုက်၏။
ဧကရာဇ်က အလျင်အမြန်ပင် ထွက်ကြိုလိုက်သည်။
မယ်တော်မိဖုရားခေါင်ကြီးက ဝင်လာသည်နှင့် ပြောလိုက်၏။ “ဧကရာဇ်... ရှန်ရှန်းကို အမြန်သွားခေါ်ချေ။ ငါကိုယ်တိုင် သူနဲ့ စကားပြောမယ်။ သူက ငါ့စကားကို နားအထောင်ဆုံးပဲ။”
မယ်တော်မိဖုရားခေါင်ကြီးမှာ မြေးမလေးကို အပြစ်ပေးရန်ထက် နားချဖျောင်းဖျရန်သာ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
မိဖုရားကြီးကမူ ဒူးထောက်လျက် အပြစ်ပေးရန် တောင်းဆိုနေဆဲဖြစ်၏။
ဧကရာဇ်က အထိန်းတော်လင်၏ အခြေအနေကို မေးမြန်းသောအခါ မိန်းမစိုးကြီး ဟောက်ချင့်က မီးလောင်ရာလေပင့် လျှောက်တင်လိုက်သည်။ “သွေးအန်နေတုန်းပါပဲ အရှင်။ ယင်းယန်ရဲ့ ကန်ချက်က တကယ်ပြင်းထန်လှပါတယ်။”
ဆက်လက်၍ လက်မောင်းပြတ်သွားသော အစေခံမရွှီ၏ အခြေအနေကို မေးမြန်းရာ သေဆုံးသွားပြီ ဖြစ်ကြောင်း ဖြေလိုက်၏။
အမှန်စင်စစ် လက်မောင်းပြတ်ရုံဖြင့် မသေနိုင်သော်လည်း တစ်စုံတစ်ယောက်က သူမ သေဆုံးသွားခြင်းမှာ အသက်ရှင်နေခြင်းထက် ပို၍ အကျိုးရှိမည်ဟု တွေးတောကာ သွေးထွက်လွန်၍ သေအောင် ဖန်တီးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ဧကရာဇ်၏ မျက်လုံးများမှာ ဒေါသကြောင့် တုန်ယင်နေ၏။
မိဖုရားကြီးသည်လည်း နှုတ်ဆိတ်လျက် ဒူးထောက်နေသော်လည်း သူမ၏ ဟန်ပန်မှာ ဧကရာဇ်အား အောက်ယွီနှင့် ယင်းယန်ကို သတ်ရန် အမိန့်ပေးရန် ဖိအားပေးနေခြင်းလည်း ဖြစ်သည်။
ထိုစဉ် အစေခံတစ်ဦးက သတင်းပို့လိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် လာတွေ့ပါတယ်။”
စုချင်ဝမ် ရောက်ရှိလာသောအခါ ဧကရာဇ်က သူ၏ ဘထွေးတော်စပ်သူ ဖြစ်သောကြောင့် ခရီးဦးကြိုပြုကာ ထိုင်ခိုင်းလိုက်သည်။
စုချင်ဝမ်က ထိုင်ခုံတွင် မထိုင်ခင် အရင်ဆုံး ပြောလိုက်၏။ “အရှင်မင်းမြတ်... ဒီကိစ္စကို ဝင်မစွက်ဖက်လို့ မရပါဘူး။ မင်းသမီးရှန်ရှန်းရဲ့ လုပ်ရပ်ဟာ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်။”
သို့ပေမည့် မယ်တော်မိဖုရားခေါင်ကြီးက ချက်ချင်းပဲ ကာကွယ်ပြောဆိုလိုက်၏။ “မဟုတ်တာ... ငါ့မြေးမလေးက ဖြူစင်တဲ့သူပါ။ ယောက်ျားတစ်ယောက်ကို လက်ဆွဲတယ်ဆိုတာ ကောလာဟလတွေပါပဲ။ ဒီကောလာဟလ ဖြန့်တဲ့သူကို ငါ လုံးဝ အလွတ်မပေးဘူး။”
မယ်တော်မိဖုရားခေါင်ကြီး၏ ပြတ်သားသော ကာကွယ်မှုကြောင့် စုချင်ဝမ်၏ အကြံအစည် ပျက်စီးသွား တော့သည်။
သို့ပေမည့် စုချင်ဝမ်က အလျော့မပေးဘဲ အောက်ယွီကို ဆက်လက်စွပ်စွဲလိုက်၏။ “အောက်ယွီဟာ ဟူချွန်းယွမ်ထဲမှာ ရိုင်းစိုင်းစွာ ပြုမူခဲ့တဲ့အတွက် သူ့ကိုတော့ သေချာပေါက် အပြစ်ပေးရပါမယ်။”
အမှန်စင်စစ် စုချင်ဝမ်သည် အောက်ယွီကဲ့သို့သော သူကို အဖက်လုပ်လိုခြင်း မရှိသော်လည်း မိမိ၏ ဇနီးသည် တွမ်ယွင်က အတင်းအကျပ် တောင်းဆိုနေသောကြောင့်သာ ဤသို့ ဝင်ရောက်စွက်ဖက်ရခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း စုချင်ဝမ်အိမ်တော်၌ တွမ်ယွင်နှင့် တွမ်ယင်းယင်းတို့သည် အောင်ပွဲခံနေကြ၏။။
“ဒီတစ်ခါတော့ အောက်ယွီနဲ့ ယင်းယန်တို့ သေချာပေါက် သေရတော့မှာပဲ။ ရှန်ရှန်းကိုတော့ မယ်တော် မိဖုရားခေါင်ကြီးက ကာကွယ်ပေးထားလို့ ဘာမှလုပ်လို့ မရပေမဲ့ အောက်ယွီတို့ကတော့ မိဖုရားကြီးရဲ့ ဒေါသကနေ လွတ်မှာမဟုတ်ဘူး။” တွမ်ယွင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
တွမ်ယင်းယင်းကလည်း အေးစက်စွာ ပြုံးလျက် ပြောလိုက်၏။ “အားနည်းတာက အပြစ်ပဲလေ။ အောက်ယွီလို အမှိုက်ကောင်က မင်းသမီးကို လက်ထပ်ခွင့်တောင်းတာဟာ သေလမ်းရှာတာပဲ။ ကျွန်မ အမှိုက်လို စွန့်ပစ်ခဲ့တဲ့ ယောက်ျားကိုမှ ရှန်ရှန်းက သဘောကျနေတာ တကယ်ကို မျက်စိ မရှိတာပဲ။”
စုချင်ဝမ်ကတော်သည် မိမိ၏ ပယောဂကြောင့် အခြေအနေများ ဤမျှအထိ ဆိုးရွားသွားခြင်းကို ကျေနပ်နေလျက် ဝင့်ကြွားနေလေတော့သည်။ “ဒါဟာ တော်ဝင်တရားရုံး အကြီးအကဲကတော်ရဲ့ ဩဇာပဲပေါ့။”
......................
ယခုနှစ်အတွင်း တွမ်ယွင်သည် အလွန်ပင် စိတ်ရွှင်လန်းလျက်ရှိသည်။ အတိတ်ကာလက သူမသည် စုချင်ဝမ်၏ ကိုယ်လုပ်တော်တစ်ဦးသာ ဖြစ်ခဲ့ပြီး စုချင်ဝမ်၏ တရားဝင် ဇနီးသည်မှာ အလွန် ထက်မြက်လှသောကြောင့် သူမကို အမြဲတစေ ဖိနှိပ်ထားခဲ့၏။
သို့ပေမည့် ကံကြမ္မာသည် မည်သူမှ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့၏။ စုချင်ဝမ်၏ တရားဝင် ဇနီးသည် ဖျားနာ၍ ကွယ်လွန်သွားချိန်မှာတော့ တွမ်ယွင်သည် တရားဝင်ဇနီးနေရာကို ဆက်ခံခွင့် ရရှိခဲ့သည်။
ထိုအချိန်မှစ၍ မြို့တော်ရှိ မှူးမတ်ကတော်များအကြား သူမ၏ အဆင့်အတန်းမှာ တဟုန်ထိုး မြင့်တက်သွားတော့၏။
သူမ၏ ခင်ပွန်းသည်မှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော်လည်း သာမန် ချင်ဝမ်တစ်ဦး မဟုတ်ပေ။ ဧကရာဇ်မင်းမြတ်၏ ဘထွေးတော် ဖြစ်သည့်အပြင် တော်ဝင်တရားရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
ထို့ကြောင့် မြို့တော်ရှိ တော်ဝင်ဆွေမျိုးများနှင့် မှူးမတ်အပေါင်းတို့သည် တွမ်ယွင်ကို မျက်နှာချိုသွေးရန် ဝိုင်းဝိုင်းလည်နေကြခြင်း ဖြစ်၏။
ထိုအချိန်တွင် ဝေမြို့စားကြီးအိမ်တော်မှ သခင်လေး တွမ်ယွီသည် စားပွဲအောက်မှတစ်ဆင့် ခြေထောက်ကို ဆန့်ထုတ်ကာ စုချင်ဝမ်ကတော်၏ ပေါင်ကို သွားရောက်ပွတ်သပ်လိုက်သည်။
တွမ်ယွင်သည် မျက်နှာကို တည်ငြိမ်စွာ ထားရှိသော်လည်း စိတ်ထဲတွင်မူ ကြည်နူးသွားကာ ခြေထောက် နှစ်ချောင်းဖြင့် သခင်လေး၏ ခြေထောက်ကို ပြန်လည်ညှပ်ထားလိုက်၏။
အထက်တန်းလွှာ အသိုင်းအဝိုင်း၏ ကန့်လန့်ကာနောက်ကွယ်မှ အရှုပ်အထွေးများသည် ကိုယ်ကျင့်တရားကို ဖျက်ဆီးနေသကဲ့သို့ ရှိနေသော်လည်း ၎င်းတို့မှာမူ ထိုကိစ္စကို အမှုမထားဘဲ ရဲရဲတင်းတင်းပင် ကစားနေကြလေသည်။
တွမ်ယင်းယင်းက ပြောလိုက်၏။ “ဒေါ်လေး... အခြေအနေက အသာစီးရနေပြီဆိုပေမဲ့ ကျွန်မတို့က မီးလောင်ရာလေပင့်ပေးဖို့ လိုသေးတယ်။ အောက်ယွီကို ဒီတစ်ခါတော့ လုံးဝပြန်မထနိုင်အောင် သတ်ပစ်ရမယ်။”
တွမ်ယွင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ “စိတ်ချပါ ယင်းယင်း... နင့်ဦးလေးက အောက်ယွီကို အပြီးတိုင်ရှင်းဖို့ ဧကရာဇ်ဆီ သွားနေပြီ။ ဖျောက်ချီစစ်သူကြီးချုပ် အောက်ရှင်းကိုတောင် နင့်ဦးလေးကိုယ်တိုင် ဖမ်းဆီးခဲ့တာလေ။ အောက်ယွီလို ကောင်မျိုးကို နှိမ်နင်းဖို့ကတော့ အထူးတလည် ပြောနေစရာ မလိုပါဘူး။”
တစ်ဖက်တွင်လည်း ယွင်ကျုံးဟဲ့နှင့် ယင်းယန်တို့သည် မင်းသမီးလေးကို ခြံရံလျက် ဧကရာဇ်ဟောင်း စံမြန်းရာ ရှန်ချင်းနန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာကြ၏။
နန်းတော်တံခါးကြီး ပွင့်သွားချိန်မှာတော့ မိန်းမစိုးကြီးတစ်ဦးနှင့် အစောင့်ရဲမက် အယောက်တစ်ရာခန့်သည် ရန်သူကို ရင်ဆိုင်တော့မည့်အလား မတ်မတ်ရပ်စောင့်နေကြသည်။
၎င်းတို့သည် မင်းသမီးရှန်ရှန်းကို မြင်ချိန်မှာတော့ ဒူးထောက် အရိုအသေပြုလိုက်ကြ၏။ “မင်းသမီး ပြန်လာတာကို ကြိုဆိုပါတယ်။”
မင်းသမီးရှန်ရှန်းသည် ရထားလုံးပေါ်မှ ဆင်းကာ ယွင်ကျုံးဟဲ့၏လက်ကို ဆွဲ၍ ရှန်ချင်းနန်းဆောင်အတွင်းသို့ အတူတူဝင်ရန် ပြင်ဆင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် ယွင်ကျုံးဟဲ့သည် အချိန်မရွေး ဖမ်းဆီးခံရနိုင်သော်လည်း ရှန်ချင်းနန်းဆောင် အတွင်း၌မူ မည်သူမျှ လာရောက်မဖမ်းဝံ့သောကြောင့် ဖြစ်၏။
မင်းသမီးလေးသည် ယွင်ကျုံးဟဲ့၏ ပါရမီက ဘိုးတော်ကို အထင်ကြီးစေမည်ဟု ယုံကြည်ထားသည်။ ဧကရာဇ်ဟောင်းသည် ပါရမီရှင်များကို ချီးကျူးတတ်သည့်အပြင် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းပုန်ကန်မှုကို နှိမ်နင်းရာတွင် ကြီးမားသောအကျိုးပြုမှုများ ဆောင်ရွက်ခဲ့သည် မဟုတ်ပါလား။
ဘိုးတော်ကသာ သဘောတူလိုက်ပါက ကျန်သူများ မည်မျှပင် ကန့်ကွက်စေကာမူ အရေးမကြီးတော့ပေ။
သို့သော်ငြား ရှန်ချင်းနန်းဆောင်၏ မိန်းမစိုးကြီးက အောက်ယွီကို တားဆီးလိုက်၏။ “မင်းသမီး... ဝင်သွားပါ၊ ဧကရာဇ်ဟောင်းက စောင့်နေပါတယ်။ ဒါပေမဲ့ မသက်ဆိုင်သူတွေ ဝင်ခွင့်မရှိပါဘူး။”
ထိုစကားကြောင့် မင်းသမီးလေး၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ ယွင်ကျုံးဟဲ့၏ လုံခြုံရေးအတွက် သူမ စိုးရိမ်နေမိသည်။
သူမသည် ခိုင်မာသောလေသံဖြင့် ပြောလိုက်၏။ “ဘိုးဘိုးကြီး... ဒါဟာ ရှန်ရှန်းကိုယ်တိုင် ရွေးချယ်ထားတဲ့ ခင်ပွန်းလောင်းပါ။ ဘိုးတော်ကိုယ်တိုင်ကလည်း ကျွန်မကို ကိုယ့်ခင်ပွန်းကိုယ်တိုင် ရွေးချယ်ခွင့်ပေးမယ်လို့ ကတိပေးထားတာပါ။ အခု ရှန်ရှန်းက သူ့ကို ဘိုးတော်နဲ့ တွေ့ပေးချင်လို့ပါ။”
မင်းသမီးလေး၏ အဓိပ္ပာယ်မှာ အောက်ယွီ ဝင်ခွင့်မရပါက သူမလည်း ဝင်မည်မဟုတ်ဟူသော သဘောပင်။
သို့သော်ငြား မိန်းမစိုးကြီးက အေးစက်သည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ “မင်းသမီး... ဒါဟာ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ဖြစ်လို့ ကျုပ်လည်း မတတ်နိုင်ပါဘူး။”
မင်းသမီးရှန်ရှန်းသည် ဝမ်းနည်းလွန်းသောကြောင့် မျက်လုံးများ နီရဲလာလေသည်။ ဘိုးတော်နှင့် ခမည်းတော်တို့သည် သူမကို ကိုယ့်ခင်ပွန်းကိုယ်တိုင် ရွေးချယ်ခွင့်ပေးမည်ဟု ပြောခဲ့ကြပြီး ယခုအခါ အဘယ်ကြောင့် မျက်နှာလွှဲကုန်ကြသနည်း။
သူမသည် အောက်ယွီနှင့်အတူ အိမ်ပြန်ကာ ကာကွယ်ပေးရမည်လား၊ သို့မဟုတ် အတူတူ ခိုးပြေးရမည်လားဟု တွေးတောရင်း အကြပ်ရိုက်နေမိသည်။
နောက်ဆုံးတွင် သူမက ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ပြောလိုက်၏။ “ကောင်းပါပြီ။ ရှင်တို့ ညတိုင်း တံခါးစောင့်နေရတာ ပင်ပန်းမှာပဲ။ ဒီနေ့တော့ ကျွန်မ ဘိုးတော်အတွက် တံခါးစောင့်ပေးပါ့မယ်။”
ထို့နောက် သူမက ပြုံးကာ ပြောလိုက်သည်။ “အောက်ယွီ... ကျွန်မတို့နှစ်ယောက် အတူတူ တံခါးစောင့်ပေးကြရအောင်။”
ဤသည်မှာ သူမက အောက်ယွီကို မစွန့်ခွာဘဲ အတူတူရှိနေမည့်အကြောင်း သွယ်ဝိုက်ကာ ပြောဆိုလိုက်ခြင်းဖြစ်၏။
သို့သော်ငြား မိန်းမစိုးကြီးက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြတ်သားစွာ နှင်ထုတ်လိုက်သည်။ “မရပါဘူး။ ဧကရာဇ်ဟောင်းက ရှန်ချင်းနန်းဆောင်ရဲ့ နှစ်မိုင်ပတ်လည်အတွင်းမှာ မသက်ဆိုင်သူတွေ နေခွင့်မပြုပါဘူး။ ဒါကြောင့် တချို့လူတွေ ဘယ်ကလာသလဲ၊ အဲဒီကိုပဲ ပြန်သွားကြပါ။”
ဤအခြေအနေသည် ဧကရာဇ်ဟောင်းက သူ၏ စိတ်ဓာတ်ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ယွင်ကျုံးဟဲ့ ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက ဦးညွှတ်အရိုအသေပြုကာ ပြောလိုက်၏။ “ကျုပ် ရှန်ချင်းနန်းဆောင်ထဲကို ဝင်မှာမဟုတ်ပါဘူး။ ကျုပ်ရဲ့ တာဝန်ကို ကျုပ်ကိုယ်တိုင်ပဲ ထမ်းဆောင်ပါ့မယ်။ ရှန်ရှန်းကို ကျုပ်ရှေ့ကနေ ကာကွယ်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
မိန်းမစိုးကြီးက အထင်သေးသော အပြုံးဖြင့် မေးလိုက်သည်။ “ဒါဆိုရင် ရှန်ချင်းနန်းဆောင်ကို ဘာလာလုပ်တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “နိုင်ငံတော်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ဧကရာဇ်ဟောင်းဆီ လာရောက်ဆက်သတာပါ။”
မိန်းမစိုးကြီးက သတိပေးလိုက်သည်။ “ထပ်ပြီး ကြွားလုံးထုတ်နေပြန်ပြီလား။ အကယ်၍ ခင်ဗျားပြောသလို တန်ဖိုး မရှိခဲ့ရင်တော့ ဧကရာဇ်ကို လိမ်လည်မှုနဲ့ အပြစ်ပေးခံရမယ်နော်။”
ယွင်ကျုံးဟဲ့ကလည်း ရဲရဲတင်းတင်းပင် ပြောလိုက်၏။ “ကောင်းပါပြီ။ ဒါပေမဲ့ ဒီပစ္စည်းက တကယ်ပဲ အရေးပါခဲ့ရင်တော့ ကျုပ်ရဲ့ တောင်းဆိုချက်တစ်ခုကို ဧကရာဇ်ဟောင်းက သဘောတူပေးဖို့ တောင်းဆိုချင်ပါတယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် သူ၏ရင်ဘတ်အတွင်းမှ လျှို့ဝှက်လက်နက်ဖြစ်သော ပစ္စည်းတစ်ခုကို ထုတ်ယူကာ မိန်းမစိုးကြီးထံသို့ ပေးအပ်လိုက်လေသည်။
မိန်းမစိုးကြီးသည် ထိုပစ္စည်းကို ယူဆောင်လျက် ဧကရာဇ်ဟောင်းထံသို့ တင်ပြရန် ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်သွားလေတော့၏။
..................