← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 32 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 32 Ch. 377-378

အပိုင်း (၃၇၇)

ရှန်ချင်းနန်းဆောင် ဆိုသည်မှာ နန်းတော်ဟု ခေါ်ဆိုသော်လည်း အမှန်တကယ်၌ တော်ဝင် ဥယျာဉ်တော် တစ်ခုသာ ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ဧကတစ်ထောင်ကျော်ခန့် ရှိသည်။

ဤအတိုင်းအတာမှာ တော်ဝင် ဥယျာဉ်တော်များထဲတွင် သေးငယ်သည်ဟု ဆိုရမှာဖြစ်သည်။ အတွင်းရှိ အဆောက်အအုံများမှာလည်း သိပ်မများပြားလှဘဲ ရေကန်တစ်ခု၊ တောင်တစ်လုံးနှင့် ပန်းခြံတစ်ခုသာ ရှိ၏။

ဤတောင်မှာ မမြင့်မားလှဘဲ မီတာသုံးရာကျော်ခန့်သာရှိပြီး ကိုးရာကိုးဆယ့်ကိုးပေ အတိအကျ ဖြစ်ကာ လူလုပ်တောင် တစ်လုံး ဖြစ်သည်။ မြေကြီးများမှာ ရေကန်တူးရာမှ ထွက်လာသော ရွှံ့နွံများသာ ဖြစ်သည်။

ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင်သည် တောင်ထိပ်တွင် တည်ရှိသော်လည်း ၎င်းမှာ တာအိုဘာသာ၏ ဖန်ဆင်းရှင်များထဲမှ တစ်ပါးဖြစ်သော လင်ပေါက်ထျန်းကျွင်း (တာအိုဘာသာ၏ အထွတ်အမြတ်ထားရာ အမြင့်ဆုံး နတ်မင်းကြီးသုံးပါးထဲမှ ဒုတိယမြောက် နတ်မင်းကြီး)ကို ကိုးကွယ်ပူဇော်ရန်သာ ဖြစ်ပြီး ဧကရာဇ်ဟောင်းကိုယ်တိုင် နေထိုင်ခြင်း မရှိချေ။

သူသည် ရှန်ချင်းနန်းဆောင်၏ အောက်ဘက် အနည်းငယ် အကွာတွင်ရှိသော ဝူဝေ့ကျောင်းတော်တွင်သာ တရားကျင့်ကြံ နေထိုင်သည်။

ဝူဝေ့ ကျောင်းတော် ဟူသော အမည်မှာ တာအိုဘာသာ၏ သဘာဝတရားအတိုင်း ဖြစ်ပေါ်လာခြင်းနှင့် လုပ်ဆောင်မှု မရှိခြင်းဖြင့် အရာအားလုံးကို ပြီးမြောက်စေခြင်း ဟူသော သဘောတရားများမှ ဆင်းသက်လာခြင်း ဖြစ်၏။

အခြားတစ်ဖက်တွင်လည်း ဤအမည်သည် ဧကရာဇ်ဟောင်း၏ အနားယူရန် ဆုံးဖြတ်ချက်ကို အပြည့်အဝ ဖော်ပြနေပြီး နိုင်ငံရေးအာဏာအားလုံးကို ဧကရာဇ် ဝမ်ယွင်ထံ လွှဲပြောင်းပေးအပ်ကာ သူကိုယ်တိုင်မှာ မည်သည့်အရာကိုမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

ဤ ရှန်ချင်းနန်းဆောင် အတွင်း၌ တောင်၊ ရေကန်၊ ပန်းခြံ ဟူ၍ အဓိက နေရာသုံးခု ရှိ၏။

ဧကရာဇ်ဟောင်း၏ နေအိမ်မှာ တောင်ပေါ် တစ်နေရာတည်းသာ ရှိသော်လည်း မင်းသမီး ရှန်ရှန်းတွင်မူ နေအိမ် နှစ်နေရာ ရှိသည်။ ရေကန် အလယ်ဗဟိုတွင် ချင်းလျန်ကျွီ ဟူသော အိမ်တော်တစ်ခု ရှိပြီး ပန်းခြံ အလယ်ဗဟိုတွင် ရှန်ကုန်း ဟူသော အိမ်တော်တစ်ခု ရှိသည်။

ဤနေရာ နှစ်ခုလုံးမှာ မင်းသမီး ရှန်ရှန်း၏ နေအိမ်များ ဖြစ်ပြီး နွေရာသီ ပူပြင်းချိန်တွင် ရေကန် အလယ်ဗဟို၌ နေထိုင်ကာ ဆောင်းရာသီ အေးမြချိန်တွင် ပန်းခြံ အလယ်ဗဟို၌ နေထိုင်လေ့ ရှိ၏။

အဘယ်ကြောင့်ဆိုသော် ဤပန်းခြံထဲတွင် လောကတစ်ခွင်မှ ဆက်သလာသော ပန်းမန်များ အများအပြား ရှိနေပြီး မှန်လုံအိမ် အများအပြားကို အသုံးပြုထားသောကြောင့် ဆောင်းရာသီတွင်ပင် အလွန် နွေးထွေးလို့နေသည်။

ကောလာဟလ တစ်ခုအရ မင်းသမီး ရှန်ရှန်းသည် ပန်းခြံ အလယ်ဗဟိုတွင် အမြဲ နေထိုင်လေ့ရှိသောကြောင့် ပန်းရနံ့များ စိမ့်ဝင်ကာ ညို့ယူဖမ်းစားနိုင်သော ကိုယ်သင်းရနံ့ ရှိနေခြင်းဖြစ်၏။

ထို့ကြောင့်ပင် မင်းသမီး ရှန်ရှန်း ဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ အချို့ကလည်း မင်းသမီး ရှန်ရှန်းသည် နေ့စဉ် ပန်းမန်များကို စားသုံးလေ့ရှိသောကြောင့် ဤကဲ့သို့ မွှေးပျံ့နေခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

သေချာပေါက် ဤအရာများအားလုံးမှာ အခြေအမြစ် မရှိသော ကောလာဟလများသာ ဖြစ်သည်။ ဤပန်းခြံထဲတွင် ပန်းမန်များ အများအပြား ရှိသော်လည်း ဆေးဖက်ဝင် အပင်များက ပို၍များပြား၏။

အသက်ကြီးကြီး မိန်းမစိုးသည် ယွင်ကျုံးဟဲ့၏ ပစ္စည်းကို ယူဆောင်ကာ လှေကားထစ်များအတိုင်း ဝမ်အန်း တောင်ပေါ်သို့ အလျင်အမြန် တက်သွားပြီး ဝူဝေ့ကျောင်းတော် အရှေ့သို့ ရောက်ရှိလာကာ ဒူးထောက်၍ လျှောက်တင်လိုက်သည်။

“ဧကရာဇ်ဟောင်း... အောက်ယွီက ပစ္စည်းတစ်ခု ဆက်သပါတယ်။ ဒီပစ္စည်းက အင်ပါယာရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်လို့ ဆိုပြီး အဲဒီပစ္စည်းနဲ့ ကိစ္စတစ်ခုကို လဲလှယ်ချင်တယ်လို့လည်း ပြောပါတယ်။”

“ယူလာခဲ့။”

အသက်ကြီးကြီး မိန်းမစိုးသည် တံခါးဝသို့ ရောက်ရှိလာသော်လည်း ဧကရာဇ်ဟောင်းသည် တရားကျင့်ကြံ နေသောကြောင့် အထဲသို့ ဝင်ရောက်ခွင့် မရှိချေ။

အတွင်းမှ ကလေးငယ် တစ်ဦးက လင်ပန်းတစ်ခု ထုတ်ပေးလာပြီး အသက်ကြီးကြီး မိန်းမစိုးက ဤသေတ္တာကို အပေါ်တွင် တင်ပေးလိုက်ကာ အပြင်ဘက်တွင် တိတ်ဆိတ်စွာ ဒူးထောက်၍ စောင့်ဆိုင်းနေလိုက်သည်။

အပြင်ဘက်မှနေ၍ အတွင်းသို့ မမြင်ရသော်လည်း အသက်ကြီးကြီး မိန်းမစိုး၏ စိတ်ထဲတွင်မူ အတွင်းရှိ မြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်နိုင်၏။

‘ပစ္စည်းကို အထဲ ယူဆောင်သွားပြီ။ သေတ္တာကို ဖွင့်လိုက်ပြီ။’

ခဏအကြာတွင် အသက်ကြီးကြီး မိန်းမစိုး၏ ဆံပင်များ ရုတ်တရက် ထောင်ထသွားသည်ကို ခံစားလိုက်ရ၏။ လေထုထဲတွင်လည်း အနည်းငယ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဝူဝေ့ ကျောင်းတော် တစ်ခုလုံး၏ လေထုမှာ ရုတ်တရက် တုန်ခါသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

အောက်ယွီ ဆက်သလိုက်သော ဤပစ္စည်းမှာ အမှန်တကယ်ပင် သာမန် မဟုတ်ကြောင်း ထင်ရှားလှသည်။ ဧကရာဇ်ဟောင်းပင်လျှင် မြင်တွေ့လိုက်ရချိန်မှာတော့ အနည်းငယ် တုန်လှုပ်သွားရ၏။ အဘယ်ကြောင့် ဆိုသော် အတွင်းမှ ကျမ်းစာရွတ်ဆိုသံများ ရပ်တန့်သွားသောကြောင့်ပင်။

အတွင်းရှိ ဖယောင်းတိုင်မီးများ အားလုံး လေပြင်းတိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ယွင်ကျုံးဟဲ့သည် မည်သည့်အရာကို ဆက်သလိုက်သနည်း။ ဧကရာဇ်ဟောင်းကိုပင် ဤမျှလောက် တုန်လှုပ်သွားစေသည်အထိ ဖြစ်စေရသနည်း။

သူ ဆက်သလိုက်သည်မှာ မြေပုံတစ်ခုဖြစ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ မြေပုံပင်ဖြစ်သည်။ သေချာပေါက် ဤမြေပုံမှာ စစ်ရေးအရ အလွန် တန်ဖိုးရှိသော်လည်း ဧကရာဇ်ဟောင်းကို တုန်လှုပ်သွားစေရန် လုံလောက်မှု မရှိသလို အင်ပါယာ၏ ကံကြမ္မာကို လွှမ်းမိုးနိုင်ရန်လည်း မဖြစ်နိုင်ချေ။

အရေးအကြီးဆုံးမှာ ယွင်ကျုံးဟဲ့သည် မြေပုံပေါ်တွင် လမ်းကြောင်းတစ်ခုကို ရေးဆွဲထားပြီး ပင်လယ်ပြင်ပေါ်တွင်လည်း လမ်းကြောင်းတစ်ခုကို ရေးဆွဲထားခြင်း ပင်ဖြစ်သည်။

အောက်ယွီသည် ယမန်နှစ်မှစ၍ ငလျင်လှုပ်ခတ်ခဲ့သော လမ်းကြောင်းများနှင့် ငလျင်ကြော တစ်ခုလုံးကို တတ်နိုင်သမျှ ပြည့်စုံစွာ ရေးဆွဲပြသထားခြင်း ဖြစ်၏။

အထူးသဖြင့် တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုသည် ဘူမိဗေဒ လှုပ်ရှားမှုများကို ပိုမို အားကောင်း လာစေနိုင်သည်။

မကြာမီက ငလျင်များ ဆက်လက် လှုပ်ခတ်နေဆဲဖြစ်ပြီး အရှေ့ဘက်သို့ ဦးတည်သွားနေသော်လည်း အများစုမှာ တောင်ပိုင်း တောင်တန်းဒေသများတွင် ဖြစ်သောကြောင့် သက်ရောက်မှု သိပ်မကြီးမားလှချေ။

သို့ပေမည့် မြေပုံပေါ်ရှိ နေရာတစ်ခုတွင် ယွင်ကျုံးဟဲ့သည် စက်ဝိုင်းတစ်ခု ရေးဆွဲထားပြီး ကြက်သွေးရောင် မှင်ဖြင့် ရေးဆွဲထားသောကြောင့် သွေးလို နီရဲကာ မျက်စိကျိန်းမတတ် ဖြစ်နေသည်။

သူ စက်ဝိုင်းရေးဆွဲထားသော နေရာကို လန်ကျိုး ဟုခေါ်သည်။ လန်ကျိုးသည် တောင်ပိုင်းကျိုးအင်ပါယာ၏ တောင်ဘက်ဆုံးရှိ ကမ်းရိုးတန်းမြို့ကြီးတစ်ခုဖြစ်ပြီး တောင်ပိုင်းလူရိုင်းနယ်မြေနှင့် အတော်လေး နီးကပ်ကာ ကျိန့်ဟိုင်မြို့စားအိမ်တော်၏ စီးမိသားစု ပိုင်ဆိုင်သော ပင်လယ်ပြင်နှင့် အကွာအဝေးအားဖြင့် မိုင်နှစ်ထောင်ကျော်ခန့်သာ ကွာဝေး၏။

ဤနေရာသည် တောင်ပိုင်းကျိုးအင်ပါယာ၏ အဓိကမြို့ကြီးလေးမြို့တွင် မပါဝင်သော်လည်း ၎င်း၏ အရေးပါမှုမှာ တစ်စထက်တစ်စ ပိုမို ကြီးမားလာနေပြီ ဖြစ်သည်။

အနည်းဆုံးတော့ အခွန်ငွေ ရရှိမှုတွင် ကျန်းကျိုးမြို့ထက် သာလွန်နေပြီ ဖြစ်ရာ မကြာမီ အနာဂတ်တွင် ကျန်းကျိုးမြို့၏ နေရာကို အစားထိုးကာ တောင်ပိုင်းကျိုးအင်ပါယာ၏ အဓိကမြို့ကြီးအသစ် ဖြစ်လာနိုင်ခြေ ရှိ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကမ်းရိုးတန်းတွင် တည်ရှိပြီး အလွန် ကောင်းမွန်သော ဆိပ်ကမ်းတစ်ခု ရှိသောကြောင့် ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ အဓိက ကုန်သွယ်ရေး ဆိပ်ကမ်းသုံးခုအနက် တစ်ခုမှာ လန်ကျိုးတွင် တည်ရှိပြီး အကြီးဆုံးလည်း ဖြစ်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ ချည်ထည်၊ ပိုးထည်၊ ကြွေထည်နှင့် ဆား အများအပြားမှာ လန်ကျိုး ဆိပ်ကမ်းမှ ထွက်ခွာခြင်း ဖြစ်သည်။ ဤနေရာသည် ပစ္စည်းများစွာ စုဆောင်းဖြန့်ဖြူးရာ နေရာဖြစ်ပြီး ကုန်သွယ်ရေး ဗဟိုချက်လည်း ဖြစ်၏။

ထို့ကြောင့် ဤနေရာတွင် ကုန်သွယ်ရေး ဆိပ်ကမ်းရုံးသာမက ကုန်ထုတ်လုပ်ရေးရုံး၊ ဆားသယ်ယူ ပို့ဆောင်ရေးရုံး စသည့် အစိုးရရုံးများစွာ တည်ရှိပြီး တောင်ပိုင်းကျိုး တစ်ခုလုံး၏ အဓိက ဘဏ္ဍာငွေ ရရှိရာ နေရာ ဖြစ်သည်။

ဤနေရာသည် နေ့စဉ်နေ့တိုင်း ရွှေတောင် ငွေပင်လယ်များနှင့် ပြည့်နှက်နေပြီး နှစ်စဉ် ကုန်သွယ်မှု ပမာဏမှာ ငွေသား သန်းဆယ်နှင့်ချီ ရှိ၏။

ထို့မျှမကသေးဘဲ တောင်ပိုင်းကျိုးအင်ပါယာ၏ အကြီးဆုံး ရေတပ်သည်လည်း လန်ကျိုးတွင် ရှိနေသည်။

ပထမအချက်မှာ ဤနေရာတွင် ကောင်းမွန်သော ဆိပ်ကမ်းတစ်ခု ရှိသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို ကာကွယ်ရန်ဖြစ်ကာ အရေးအကြီးဆုံး အချက်မှာ ကျိန့်ဟိုင်မြို့စား အိမ်တော်၏ စီးမိသားစုကို ကာကွယ်တားဆီးရန် ဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ တစ်ခုတည်းသော ဤစစ်ဘုရင်သည် ပင်လယ်ဓားပြဘဝမှ ကြီးပွားလာခြင်း ဖြစ်ရာ ပင်လယ်ပြင်၏ အစစ်အမှန် အရှင်သခင်ကြီး ဖြစ်သည်ဟု ပြောနိုင်သည်။

ယခင်က စီးမိသားစု၏ ပုန်ကန်မှုတိုင်းသည် ကုန်းတွင်းပိုင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း သူတို့တွင် အစွမ်း အထက်ဆုံး ရေတပ် ရှိနေသောကြောင့် အလွယ်တကူ ဆုတ်ခွာသွားနိုင်ခဲ့ကြ၏။

ထို့ကြောင့် ပုန်ကန်မှု နှိမ်နင်းခံရပြီးတိုင်း စီးမိသားစုသည် နောက်တစ်ကြိမ် ပြန်လည် ထကြွနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ထျန်းယန် ဧကရာဇ်သည် အခြား ရွေးချယ်စရာ မရှိတော့သောကြောင့် စီးမိသားစုကို ကျိန့်ဟိုင်မြို့စားအဖြစ် ခန့်အပ်ခဲ့ရပြီး တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင်အဖြစ် ခန့်အပ်ခဲ့ရခြင်း ဖြစ်၏။

ထို့အပြင် တောင်ပိုင်း ပင်လယ်ပြင် တစ်ခုလုံး၏ ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားသောကြောင့် စီးမိသားစုသည် နိုင်ငံတစ်နိုင်ငံနီးပါး ချမ်းသာကြွယ်ဝပြီး လုံလောက်သော တပ်တော်ကို အလွယ်တကူ စုဆောင်းနိုင်၏။ ငွေရှိပါက နိုင်ငံခြားမှ ကြေးစားစစ်သည်များ မည်မျှဖြစ်ဖြစ် ငှားရမ်းနိုင်သည်။

ထျန်းယန် ဧကရာဇ်သည်ကမ္ဘာကြီးကို စောစောစီးစီး မြင်တွေ့နိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။ လောက လူသားများ၏ အမြင်တွင် ထျန်းယန် ဧကရာဇ်၏ အကြီးမားဆုံးသော အကျိုးဆောင်မှုမှာ သေချာပေါက် တောင်ပိုင်းလူရိုင်းနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပြီး အင်ပါယာ၏ နယ်မြေကို စတုရန်းကီလိုမီတာ တစ်သန်းကျော် အထိ ချဲ့ထွင်နိုင်ခဲ့ခြင်းဖြစ်၏။

သို့ပေမည့် သူ၏ နောက်ထပ် ကြီးမားသော အကျိုးဆောင်မှု တစ်ခုမှာ ဆိပ်ကမ်းများ အများအပြား တည်ဆောက်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ အဓိက ဆိပ်ကမ်းကြီး သုံးခု၊ ကုန်သွယ်ရေး ဆိပ်ကမ်းရုံး သုံးခုလုံးမှာ ထျန်းယန် ဧကရာဇ် လက်ထက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်၏။

ဤဆိပ်ကမ်းကြီး သုံးခုနှင့် ကုန်သွယ်ရေး ဆိပ်ကမ်းရုံး သုံးခုကို တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်ပင် နန်းတော်သည် အခွန်ငွေ အမြောက်အမြား ရရှိခဲ့ပြီး အချို့သော စီးပွားရေး လုပ်ငန်းများမှာ တော်ဝင် မိသားစု၏ ကိုယ်ပိုင် လုပ်ငန်းများဖြစ်သည်။

ဤဆိပ်ကမ်းကြီး သုံးခုကို တည်ဆောက်ခြင်းနှင့် သင်္ဘောကြီးများ အများအပြား တည်ဆောက်ခြင်းမှာ အစပိုင်းတွင် သေချာပေါက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးနှင့် ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ခဲ့ပြီး ဤအရာမှာ ဆယ်နှစ်တည်းနှင့် ပြီးစီးနိုင်သော လုပ်ငန်းမျိုး လုံးဝ မဟုတ်ချေ။

သို့ပေမည့် ထျန်းယန် ဧကရာဇ်သည် သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ကာ အနှစ် နှစ်ဆယ်ကျော် အချိန်ယူပြီး သင်္ဘောကြီးများ အများအပြားနှင့် ဆိပ်ကမ်းကြီး သုံးခုကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ အနှစ် နှစ်ဆယ် ကြာမြင့်ခဲ့ပြီဖြစ်ရာ ဤဆိပ်ကမ်းကြီး သုံးခုမှ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကြောင့် ရရှိလာသော အကျိုးအမြတ်များမှာ အမှန်တကယ်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားနေခဲ့ပြီဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ အဂတိလိုက်စားမှုများမှာ လူတိုင်း အသိပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ နှစ်ရာချီ သက်တမ်းရှိသော အင်ပါယာဟောင်း တစ်ခုဖြစ်ရာ ပြုပြင်ပြောင်းလဲရန် အလွန် ခက်ခဲနေပြီဖြစ်ပြီး အမြစ်တွယ်နေသော ပြဿနာများကြောင့် အမတ်များကို ရှင်းလင်းရန် အလွန် ခက်ခဲလှသည်။

ထို့အပြင် ဧကရာဇ် ဝမ်ယွင်သည် အလွန် ဖြုန်းတီးတတ်သော ဧကရာဇ် တစ်ပါး ဖြစ်သော်လည်း နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ဆက်လက် တောင့်ခံထားနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ မည်မျှ ကြီးမားသော အခြေခံအင်အား ဖြစ်သနည်း။

လွန်ခဲ့သော နှစ်နှစ်က တာယင်အင်ပါယာနှင့် ကြီးမားသော စစ်ပွဲကြီး တစ်ခု ဆင်နွှဲခဲ့ရာတွင် တပ်တော် သိန်းချီ အသုံးပြုခဲ့ပြီး စစ်စရိတ် ငွေသား သန်းနှစ်ဆယ်၊ သုံးဆယ်ခန့် ကုန်ကျခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းရန် တပ်တော် နှစ်သိန်းကျော် စုစည်းထားပြီး စစ်မတိုက်ရသေးမီမှာပင် ငွေသား သန်းဆယ်ချီခန့် ကုန်ကျနေပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းမှာ အလွန် ဝေးကွာလွန်းပြီး မိုင်တစ်သောင်းနီးပါး ကွာဝေးသောကြောင့် ဖြစ်သည်။

တာယင်အင်ပါယာ၏ တပ်တော် သိန်းချီသည် ပိုင်ရှင်မဲ့နယ်မြေသို့ ဝင်ရောက်လာပြီး စစ်တိုက်မည့်ဟန် ပြင်နေ၏။

ဧကရာဇ် ဝမ်ယွင်သည်လည်း ဧကရာဇ်ကိုယ်တိုင် နိုင်ငံ၏ တံခါးဝကို စောင့်ရှောက်မည်၊ ကျင်းကျိုးမြို့သို့ ကိုယ်တိုင် ချီတက်မည်ဟု အသံကျယ်ကျယ်ဖြင့် ပြောဆိုထားသည်။

ထို့ကြောင့် ကျင်းကျိုးမြို့ ခံစစ်မျဉ်းတွင် ကြီးမားသော တပ်တော်များကို စုစည်းနေပြီး ကျင်းကျိုးမြို့ ခံစစ်မျဉ်းကို ပိုမို ခိုင်ခံ့စေရန်အတွက် ခံတပ်များ အများအပြား တည်ဆောက်နေ၏။

ဤလုပ်ငန်းများကို လုပ်ဆောင်နေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး ကျင်းကျိုးမြို့ တစ်လျှောက်ရှိ မြို့ဆယ်မြို့ကျော်တွင် ကာကွယ်ရေး အဆောက်အအုံများကို အခိုင်အမာ တည်ဆောက်နေ၏။ ဤအတွက်လည်း ကြီးမားသော ငွေကြေးပမာဏ လိုအပ်သည်။

ထို့အပြင် မြို့စားကြီး ကျိုးလျန်သည် အနောက်ဘက် နယ်စပ်သို့ သွားရောက်ကာ တာ့လျန်နိုင်ငံကို ကာကွယ်ရန် တာဝန်ယူရပြီး စစ်ပွဲ မဖြစ်သေးသော်လည်း စစ်ကြိုပြင်ဆင်မှုများ ပြုလုပ်ရန်လည်း ငွေကြေး လိုအပ်၏။

ဤကဲ့သို့ ရူးသွပ်မတတ် ငွေဖြုန်းနေခြင်းကို တောင်ပိုင်းကျိုး နိုင်ငံတော် ဘဏ္ဍာတိုက်က မည်သည့်နေရာမှ ငွေကြေးများ ရရှိနေ၍ တောင့်ခံနိုင်ရသနည်း။

ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ရရှိလာသော ရွှေငွေများ အမြောက်အမြားကြောင့်သာ နိုင်ငံတော် ဘဏ္ဍာတိုက် ပြည့်ဝနေခြင်း မဟုတ်ပါလား။

ထို့ကြောင့် အခြေခံအင်အားကို နှိုင်းယှဉ်မည်ဆိုပါက တာယင်အင်ပါယာသည် တောင်ပိုင်းကျိုးအင်ပါယာကို တကယ်ပဲ မယှဉ်နိုင်ချေ။

ယခင်က တောင်ပိုင်းစုန့် မင်းဆက်သည် အင်အားနည်းပါးပြီး နိုင်ငံတစ်ဝက်သာ ကျန်ရှိတော့သော်လည်း နှစ်စဉ် နိုင်ငံတော် ဘဏ္ဍာငွေ ရရှိမှုမှာ မင်မင်းဆက်ထက် အဆပေါင်းများစွာ သာလွန်ခဲ့သကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် ဤလန်ကျိုးသည် တောင်ပိုင်းကျိုးအင်ပါယာ၏ အဓိက အခွန်ငွေ ရရှိရာ နေရာ၊ ဘဏ္ဍာငွေ၏ အဓိက သွေးကြောကြီး ဖြစ်၏။

.....................

အပိုင်း (၃၇၈)

ယွင်ကျုံးဟဲ့၏ ဤမြေပုံထဲတွင် လန်ကျိုး ပင်လယ်ပြင်၌ အလွန် ကြီးမားသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိကြောင်း ပြသထား၏။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ယခုအချိန်သည် လန်ကျိုး ဆိပ်ကမ်း၏ အလုပ်အများဆုံး အချိန် မဟုတ်သော်လည်း ပင်လယ်ပြင်ပေါ်တွင် ကုန်သည်သင်္ဘောများ၊ ကုန်ပစ္စည်းများနှင့် ရွှေငွေများ မရေမတွက်နိုင်အောင် ရှိနေဆဲ ဖြစ်၏။

ထိုမျှမကသေးဘဲ တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ် အများစုမှာလည်း လန်ကျိုး ဆိပ်ကမ်းတွင် ရှိနေသည်။

ဤရေတပ်ကြီးကိုလည်း ထျန်းယန် ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အနှစ် နှစ်ဆယ်ကျော် အချိန်ယူကာ ခက်ခက်ခဲခဲ ဖွဲ့စည်းခဲ့ရခြင်း ဖြစ်၏။

ဤရေတပ်သည် အလွန် ငွေကုန်ကြေးကျများပြီး ကုန်းတွင်းတပ်များထက် အများကြီး ပို၍ ဈေးကြီးသည်။ ဤရေတပ်တွင် လူခုနစ်သောင်းသာ ရှိသော်လည်း စစ်သင်္ဘောများနှင့် လက်နက်များကိုပါ ပေါင်းထည့်မည် ဆိုပါက ကုန်းတွင်းတပ် ခုနစ်သိန်းနှင့် ညီမျှသည်။

သို့ပေမည့် ဤရေတပ်သည် အလွန် အရေးကြီးသည်။ ဤရေတပ်သာ မရှိပါက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို ကာကွယ်နိုင်မှာ မဟုတ်ပေ။

ပင်လယ်ဓားပြများသည် ကုန်သည်အဖွဲ့မှာ တောင်ပိုင်းကျိုးအင်ပါယာမှ ဟုတ်၊ မဟုတ် ဂရုစိုက်မည် မဟုတ်ဘဲ လုယက်ချင်ပါက လုယက်မည်သာ ဖြစ်ပြီး ပင်လယ်ပြင်တွင် အင်အားကသာ အဓိက ဖြစ်သည်။

ထို့အပြင် ဤရေတပ်တွင် ပို၍ အရေးကြီးသော တာဝန်တစ်ခု ရှိသေးသည်။ အရေးကြီးသော အချိန်တွင် စီးမိသားစု၏ ပုန်ကန်မှုကို နှိမ်နင်းရန် ဖြစ်၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ်အင်အားသည် စီးမိသားစု၏ ရေတပ်အင်အားကို ကျော်လွန် သွားချိန်သည် စီးမိသားစုကို ရာထူးမှ ဖယ်ရှားရမည့် အချိန်ပင် ဖြစ်သည်။

အကယ်၍ လန်ကျိုး ပင်လယ်ပြင်တွင် အမှန်တကယ် ကြီးမားသော ငလျင်ကြီး လှုပ်ခတ်ပြီး ဆူနာမီ လှိုင်းလုံးကြီးများပါ ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်မှု မရှိလျှင် ရေတပ် တစ်ခုလုံး ပျက်စီးသွားမည်ဖြစ်ပြီး ကုန်သည်သင်္ဘော အများအပြားလည်း ပျက်စီးသွားမှာဖြစ်၏။

ဤသည်မှာ အမှန်တကယ် ဖျက်ဆီးပစ်လိုက်နိုင်သော ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်ပြီး ဆုံးရှုံးမှုမှာ ငွေသား သန်းဆယ်ချီ မကနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးသွားသည်မှာ ရွှေငွေများသာမက အနာဂတ် ဆယ်နှစ်ကျော်အတွက် ပင်လယ်ရေကြောင်း မဟာဗျူဟာ အာဏာပါ ဆုံးရှုံးသွားမှာဖြစ်သောကြောင့်ပင်။

စီးမိသားစုသည် တောင်ပိုင်း ပင်လယ်ပြင်ကို နောက်တစ်ကြိမ် လွှမ်းမိုးသွားမည်ဖြစ်ပြီး ကုန်သွယ်ရေး အာဏာ အားလုံးကို လုယူသွားမှာဖြစ်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်ဘုရင် နှိမ်နင်းရေး အစီအစဉ်မှာလည်း အလှမ်းဝေးသွားမည်ဖြစ်ပြီး အရေး အကြီးဆုံးမှာ နောက်ဆက်တွဲ အနေဖြင့် ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်လာရနိုင်၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အနည်းငယ်မျှပင် ပုံကြီးချဲ့ ပြောဆိုနေခြင်း မဟုတ်ချေ။ ဤသတင်းသာ အစစ်အမှန် ဖြစ်ပါက အမှန်တကယ်ပင် အင်ပါယာ၏ ကံကြမ္မာနှင့် သက်ဆိုင်၏။ အကယ်၍ ဤအရာသာ အစစ်အမှန် ဖြစ်ပါက တန်ဖိုးမှာ တပ်တော် သိန်းချီထက်ပင် ပိုမို ကြီးမားသည်။

ထို့အပြင် အောက်ယွီသည် ၎င်းအပေါ်တွင် ရက်စွဲကိုပါ မှတ်သားထားသေး၏။ လန်ကျိုး ပင်လယ်ပြင်တွင် ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ပေါ်မည့် အချိန်မှာ ဒုတိယလ အလယ်လောက်တွင် ဖြစ်၏။

ထို့ကြောင့် ဧကရာဇ်ဟောင်း ကြည့်ရှုပြီးနောက် တုန်လှုပ်သွားရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။

အဘယ်ကြောင့်ဆိုသော် လန်ကျိုး ဆိပ်ကမ်းနှင့် လန်ကျိုး ကုန်သွယ်ရေး ဆိပ်ကမ်းရုံးတို့မှာ ထျန်းယန် ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၎င်း၏ မဟာဗျူဟာမြောက်တန်ဖိုး မည်မျှ ကြီးမားကြောင်းကို သူ သေချာပေါက် သိရှိထားသောကြောင့်ဖြစ်၏။

သေချာပေါက် ဤအရာများ အားလုံးသည် အောက်ယွီ၏ ခန့်မှန်းချက် မှန်ကန်မှသာ ဖြစ်ပေမည်။

အကယ်၍ ယွင်ကျုံးဟဲ့သည် ဤစာရွက်ကို အစောပိုင်းက ထုတ်ပြခဲ့ပါက သေချာပေါက် ကောလာဟလ ဖြန့်သည်ဟု စွပ်စွဲခံရပြီး ကြိမ်ဒဏ် အချက်ငါးဆယ် ရိုက်ခံရမှာဖြစ်သည်။

သို့ပေမည့် မကြာမီကမှ သူသည် တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုကို အသုံးပြုကာ တောင်ပိုင်း ပုန်ကန်သူ အဓိက အင်အားစုများကို ချေမှုန်းနိုင်ခဲ့သည် မဟုတ်ပါလား။

ဤလူသည် နက္ခတ္တဗေဒနှင့် ပထဝီဝင် တို့တွင် အလွန် နက်ရှိုင်းသော အသိပညာများ ရှိပုံရသောကြောင့် လူများကို အလေးအနက်ထား စဉ်းစားစေရန် တွန်းအားပေးနေသည်။

ဧကရာဇ်ဟောင်းသည် ဤမြေပုံကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ အဘယ်ကြောင့် ဆိုသော် ဤသည်မှာ အလွန် ကြီးမားသော စွန့်စားမှုကြီး တစ်ခု ဖြစ်သောကြောင့်ပင်။

အကယ်၍ ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်နှင့် ဆုံးဖြတ်ချက်ကို ယုံကြည်မည်ဆိုပါက လန်ကျိုး ကမ်းရိုးတန်း မိုင်အနည်းငယ်အတွင်းရှိ ပြည်သူများကို ယာယီ နောက်ဆုတ်ခိုင်းရမှာ ဖြစ်သည်။

ထို့အပြင် လန်ကျိုးဆိပ်ကမ်း၏ ကုန်သွယ်ရေး အားလုံးကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ကုန်သည် သင်္ဘောများ နှင့် စစ်သင်္ဘောများ အားလုံးကို အခြားဆိပ်ကမ်းများနှင့် အခြားပင်လယ်ပြင်များသို့ ပြောင်းရွှေ့ရမှာ ဖြစ်၏။

ဤဆုံးရှုံးမှုမှာလည်း ခန့်မှန်း၍ မရနိုင်လောက်အောင် ကြီးမားလှသည်။ အရေးအကြီးဆုံးမှာ အကယ်၍ အချိန်ကျရောက်လာချိန်မှာတော့ လန်ကျိုး ပင်လယ်ပြင်တွင် ငလျင်ကြီးနှင့် ဆူနာမီ လုံးဝ မဖြစ်ပေါ်လာပါက ဤလုပ်ရပ်သည် ပြည်သူများကို ဒုက္ခပေးပြီး ငွေကြေးများကို ဖြုန်းတီးရာ ရောက်သွားပေလိမ့်မည်။

ဤသည်မှာ ဧကရာဇ်ဟောင်း၏ ဩဇာတိက္ကမကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ သို့သော်ငြား အကယ်၍ အောင်မြင်သွားပါက ဧကရာဇ်ဟောင်း၏ သန့်စင်သော အဆင့်အတန်းမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာမည်ဖြစ်ပြီး နတ်ဘုရား တစ်ပါးနီးပါး ဖြစ်သွားမှာဖြစ်သည်။

သေချာပေါက် အရေးအကြီးဆုံးမှာ အကျိုးအမြတ် ဖြစ်သည်။ အလွန် ကြီးမားသော အကျိုးအမြတ်များပင် ဖြစ်၏။

အကယ်၍ ကြိုတင် မကာကွယ်ထားပါက အမှန်တကယ်ပင် အင်ပါယာ၏ ကံကြမ္မာကို ထိခိုက်စေမှာ ဖြစ်သည်။

အချိန်အတော်ကြာပြီးမှသာ အတွင်းမှ ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်၏။ “အောက်ယွီကို သွားပြောလိုက်။ အကယ်၍ သူ့ရဲ့ ခန့်မှန်းချက်သာ မှားယွင်းသွားရင် ကိုယ်တော်က နာမည်ဂုဏ်သတင်းကို စတေးရမှာဖြစ်ပြီး သူကတော့ အသက်ကို စတေးရလိမ့်မယ်လို့။”

ဤစကားမှာ အနည်းငယ်မျှ ပုံကြီးချဲ့ ပြောဆိုနေခြင်း မဟုတ်ချေ။ အကယ်၍ ဧကရာဇ်ဟောင်းသာ အမိန့်တော် ထုတ်ပြန်ပြီး အကြီးအကျယ် လှုပ်ရှားမည်ဆိုပါက လူသိန်းချီကို အသုံးပြုရမည်ဖြစ်ပြီး ငွေသား သန်းချီ ဆုံးရှုံးမှာဖြစ်သည်။

ယွင်ကျုံးဟဲ့ ခန့်မှန်းထားသော လန်ကျိုး ပင်လယ်ပြင် ငလျင်ကြီးကို ရှောင်ရှားရန်အတွက် လူသိန်းချီ ပြောင်းရွေ့နေထိုင်ရမည်ဖြစ်ပြီး ရေတပ်များ ပြောင်းရွှေ့ခြင်း၊ ကုန်သည်သင်္ဘောများ ပြောင်းရွှေ့ခြင်းနှင့် ကုန်သွယ်ရေးကို နှစ်လကြာ ရပ်ဆိုင်းထားခြင်းတို့ကို ပြုလုပ်ရမှာဖြစ်၏။

ကြီးမားသော တန်ဖိုးများကို ပေးဆပ်ကာ ဤအရာများ အားလုံးကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် ယွင်ကျုံးဟဲ့ ခန့်မှန်းထားသော ပင်လယ်ပြင် ငလျင်ကြီး မဖြစ်ပေါ်လာခဲ့ပါက သူ သေချာပေါက် ခေါင်းဖြတ် ခံရမည်သာ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး ဘယ်နေရာမှာမှ သူ့ကိုကယ်တင်နိုင်မယ့်သူ ရှိမှာ မဟုတ်တော့ပေ။ ထို့အပြင် ဧကရာဇ်ဟောင်း၏ ဩဇာတိက္ကမသည်လည်း ဧကရာဇ်၏ အရှေ့မှာ အများကြီး ကျဆင်းသွား ပေလိမ့်မည်။

အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်၏။ “အမိန့်တော်အတိုင်းပါ။ ကျုပ် သွားပြီး သခင်လေး အောက်ယွီကို ပြောလိုက်ပါ့မယ်။”

ဧကရာဇ်ဟောင်းက မိန့်လိုက်၏။ “အကယ်၍ သူက အသက်ကို စတေးဖို့ ပြင်ဆင်ထားပြီးပြီဆိုရင် ကိုယ်တော်က လုပ်ဆောင်ပေးမယ်။ ပြီးတော့ သူ ဘာကိစ္စကို လဲလှယ်ချင်တာလဲ ဆိုတာကိုလည်း တစ်ခါတည်း မေးလိုက်။”

အသက်ကြီးကြီး မိန်းမစိုးက ပြန်ဖြေလိုက်သည်။ “ကောင်းပါပြီ။”

သူသည် ခါးကိုကိုင်းကာ ထိုနေရာတွင် အတန်ကြာ ရပ်နေပြီး ဧကရာဇ်ဟောင်းထံမှ အခြား အမိန့်တော်များ မရှိတော့ကြောင်း သေချာမှသာ အပြင်သို့ ထွက်လာခဲ့၏။

ဧကရာဇ်ဟောင်းက ထပ်ပြောလိုက်သည်။ “နောက်တစ်ခုက သူ သေချာ စဉ်းစားပြီးပြီလား မေးလိုက်။ ဒီပစ္စည်းကို ဧကရာဇ်ဆီ မပေးဘဲ ကိုယ်တော့်ဆီပေးဖို့ သေချာပြီလားလို့။”

အသက်ကြီးကြီး မိန်းမစိုးက ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ။”

ယွင်ကျုံးဟဲ့သည် အပြင်ဘက်တွင် နာရီဝက်ခန့် ရပ်စောင့်နေခဲ့ရပြီး နောက်ဆုံးတွင် ထိုအသက်ကြီးကြီး မိန်းမစိုး ပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။

“သခင်လေး အောက်ယွီ... ကျုပ်နောက်ကို လိုက်ခဲ့။” အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်၏။

ထို့နောက် လူနှစ်ဦးသည် ရှည်လျားသော လျှောက်လမ်း အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားကြရာ စကားပြောဆိုမှုများကို မည်သူမှ မကြားစေလိုကြောင်း ပြသနေခြင်း ဖြစ်သည်။

အခြားလူများလည်း အလိုအလျောက် ကျောခိုင်းပေးလိုက်ကြ၏။

အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ခင်ဗျားကို မေးခိုင်းလိုက်တယ်။ ဒီကိစ္စက အရမ်း ကြီးမားပြီး အင်ပါယာရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်။ သူက နာမည်ဂုဏ်သတင်းကို စတေးရမှာဖြစ်ပြီး ခင်ဗျားက အသက်ကို စတေးရမှာ။ ခင်ဗျား အသက်ကို စတေးဖို့ ဆန္ဒရှိလား။

အကယ်၍ ခင်ဗျား ခန့်မှန်းချက်သာ မှားယွင်းသွားပြီး ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ငလျင်နဲ့ ဆူနာမီ မဖြစ်ပေါ်လာရင် ခင်ဗျား ခေါင်းဖြတ်စင်ပေါ် ရောက်ရလိမ့်မယ်။”

သူ မေးနေသည်မှာ ခင်ဗျား ယွင်ကျုံးဟဲ့မှာ သေချာမှု ရှိရဲ့လား ဟူ၍ ဖြစ်သည်။ ဤအံ့မခန်းဖွယ်ရာ ခန့်မှန်းချက်ကို ပြုလုပ်ခြင်းက အသက်ကို လောင်းကြေးထပ်ရခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့တွင် သေချာပေါက် သေချာမှု မရှိချေ။ အနာဂတ် ကမ္ဘာမြေပေါ်တွင် ငလျင်များကို ကြိုတင် ခန့်မှန်း၍ မရနိုင်ဘဲ စက္ကန့်အနည်းငယ် ကြိုတင် ခန့်မှန်းနိုင်ရုံသာ ရှိသည်။

သို့ပေမည့် ယခုအခါ ယွင်ကျုံးဟဲ့သည် တစ်လ ကြိုတင်၍ ခန့်မှန်းနေခြင်း ဖြစ်သည်။ သို့သော်ငြား ဤသည်မှာ သူ၏ ခန့်မှန်းချက် မဟုတ်ဘဲ အမှတ်(၉) လူနာ ကွမ်တန်၏ ခန့်မှန်းချက် ဖြစ်၏။

တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမှုနှင့် အဆက်မပြတ် လှုပ်ခတ်နေသော ငလျင်များကြောင့် ဤတိုက်ကြီး၏ ဘူမိပြတ်ရွေ့ကြောများ နိုးထလာခဲ့ပြီဟု ကွမ်တန်က ပြောထားသည်။

ထို့အပြင် လန်ကျိုး ပင်လယ်ပြင်နှင့် မိုင်ရာချီ အကွာအဝေးရှိ တည်နေရာသည် ကုန်းမြေ ပြတ်ရွေ့ကြောနှစ်ခု ဆုံရာ နေရာ ဖြစ်သောကြောင့် ဖိသိပ်မှုများ ဖြစ်ပေါ်ကာ ကြောက်မက်ဖွယ်ကောင်းသော ငလျင်ကြီးများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထား၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခေတ်သစ်ကမ္ဘာမြေပေါ်မှာတောင် ငလျင်ကို ကြိုတင် မခန့်မှန်းနိုင်တာ ခင်ဗျားက ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲ။”

အမှတ်(၉) လူနာ ကွမ်တန်က ဖြေ၏။ “ကမ္ဘာမြေပေါ်မှာ ငလျင်ခန့်မှန်းတာက စူပါကွန်ပျူတာတွေကို အသုံးပြု၍ တွက်ချက် ခန့်မှန်းတာ။ ကျုပ်က ကွမ်တန် တွက်ချက်မှုကို အသုံးပြုပြီး ခန့်မှန်တာလေ။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ကွမ်တန် တွက်ချက်မှု... ခင်ဗျားရဲ့ နာမည်က ကွမ်တန် ဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် ကွမ်တန် ကွန်ပျူတာလို့ ထင်နေတာလား။”

အမှတ်(၉) လူနာ ကွမ်တန်က ရှင်းပြလိုက်၏။ “ကျုပ်က အချက်အလက် မြောက်မြားစွာကို စုဆောင်းခဲ့ပြီး ဒီကမ္ဘာ၏ နှစ်သောင်းချီကြာ ဘူမိဗေဒ အချက်အလက်များကိုပါ ထည့်သွင်း တွက်ချက်ခဲ့တယ်။ ဒီတော့ ကျုပ် ခန့်မှန်းချက်က ကိုးဆယ်ရာခိုင်နှုန်း တိကျမှု ရှိတယ်။”

ယွင်ကျုံးဟဲ့သည် ဤစကားထဲမှ အချက်အလက်တချို့ကို ချက်ချင်း ဖမ်းဆုပ်လိုက်မိ၏။ ထို့ကြောင့် သူက မေးလိုက်သည်။ “ဒီကမ္ဘာရဲ့ နှစ်သောင်းချီကြာ ဘူမိဗေဒ အချက်အလက်တွေ ဟုတ်လား။ ခင်ဗျား ဘယ်လို ရခဲ့တာလဲ။ ခင်ဗျားက ကျုပ်နဲ့အတူ ကမ္ဘာမြေကနေ ကူးပြောင်းလာတာလေ။ အတူတူ လာခဲ့ကြတာလေ။ ခင်ဗျားက ဘယ်ကိုသွားပြီး ဒီနှစ်သောင်းချီကြာ ဘူမိဗေဒ အချက်အလက်တွေကို ရှာခဲ့တာလဲ။”

ထို့နောက် ယွင်ကျုံးဟဲ့က အဆက်မပြတ် မေးမြန်းခဲ့သော်လည်း အမှတ်(၉) လူနာ ကွမ်တန်ကမူ သေဟန် ဆောင်နေခဲ့၏။

နောက်ဆုံးတွင် ကွမ်တန်က တစ်ခွန်းသာ တစ်ခွန်းသာ ပြောလိုက်သည်။ “ကိုးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ခြေ ရှိတယ်။ ယုံတာ မယုံတာ ခင်ဗျားသဘောပဲ။”

ဒုတိယလ အလယ်၊ တိတိကျကျ ပြောရလျှင် ဒုတိယလ ဆယ့်သုံးရက်နေ့ ဝန်းကျင်တွင် လန်ကျိုး ပင်လယ်ပြင်၌ ငလျင်ကြီး လှုပ်ခတ်ပြီး ဆူနာမီ ဖြစ်ပေါ်လာမှာဖြစ်၏။

ယွင်ကျုံးဟဲ့ တွေဝေသွားမိ၏။ ဤအရာကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုသင့် မသင့် စဉ်းစားနေမိသည်။

သို့ပေမည့် အချိန်အတော်ကြာတွေဝေပြီးနောက် ထုတ်ပြရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဧကရာဇ်ဟောင်းထံ ဆက်သရန် အကောင်းဆုံးသော လက်ဆောင် ဖြစ်သောကြောင့်ပင်။

အနည်းဆုံးတော့ ဤအရာကို ဆက်သလိုက်ခြင်းအားဖြင့် သူနှင့် ဧကရာဇ်ဟောင်း တို့သည် ရည်မှန်းချက် တစ်ခုတည်းအတွက် အတူတကွ တိုက်ပွဲဝင်မည့်သူများ ဖြစ်သွားပြီ ဖြစ်သည်။

သေချာပေါက် အကယ်၍ ခန့်မှန်းချက်သာမှားယွင်းသွားပါက မည်သို့ လုပ်မည်နည်း။

‘အဲဒီလို ခေါင်းအဖြတ်မခံချင်ရင်တော့ အဝေးကို ထွက်ပြေးရုံပဲ ရှိတော့တယ်။’

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျေးဇူးပြုပြီး ဧကရာဇ်ဟောင်းကို ပြန်လျှောက်တင်ပေးပါ။ ကျုပ် အသက်ကို စတေးဖို့ ဆန္ဒရှိပါတယ်လို့။”

အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်သည်။ “အဲဒါဆိုလည်း ကောင်းပါပြီ။ လောကက လူသားတွေအတွက်၊ သန်းချီတဲ့ ပြည်သူတွေအတွက် ဧကရာဇ်ဟောင်းက ခင်ဗျားနဲ့အတူ သူ့ရဲ့ နာမည်ဂုဏ်သတင်းကို စတေးဖို့ ဆန္ဒရှိပါတယ်။”

ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း ဉာဏ်ပညာ ကြီးမားလှပါတယ်။”

အသက်ကြီးကြီး မိန်းမစိုးက ဆက်ပြောလိုက်သည်။ “နောက်ထပ် ကိစ္စတစ်ခုက ဧကရာဇ်ဟောင်းက ခင်ဗျားကို မေးခိုင်းလိုက်တယ်။ ဒီပစ္စည်းကို ဧကရာဇ်မင်းမြတ်ဆီ မပေးဘဲ သူ့ဆီကို ပေးဖို့ သေချာပြီလားလို့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဝူဝေ့ ဧကရာဇ်ဟောင်းမှာ အဆုံးအစမရှိတဲ့ စွမ်းအားတွေ ရှိပြီး အဆုံးအစ မရှိတဲ့ကရုဏာတရားတွေ ရှိပါတယ်။ ဒါကြောင့် ဒီပစ္စည်းကို သူတော်စင်ကြီးဆီပဲ ဆက်သရမှာပေါ့။”

အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်သည်။ “နားထောင်ကောင်းတဲ့ စကားတွေကို စောစောစီးစီး မပြောပါနဲ့အုံး။ အကယ်၍ ကျုပ်တို့ ကြိုတင် ပြင်ဆင်မှုတွေ အားလုံး လုပ်ပြီးသွားမှ ဒုတိယလ အလယ်လောက်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ငလျင်နဲ့ ဆူနာမီ မဖြစ်ပေါ်လာဘူးဆိုရင် ခင်ဗျားခေါင်းကို ကျုပ်ကိုယ်တိုင် ခုတ်ဖြတ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဘိုးဘိုးကြီး ခုတ်ဖြတ်စရာ မလိုပါဘူး။ ကျုပ်ကိုယ်တိုင် ဆက်သပါ့မယ်။”

အသက်ကြီးကြီး မိန်းမစိုးက ပြောလိုက်သည်။ “မျောက်လေး... ပါးစပ်ချိုနေလို့ အသုံးမဝင်ဘူး။”

အသက်ကြီးကြီး မိန်းမစိုးသည် ပါးစပ်မှ မျောက်လေးဟု ဆဲဆိုနေသော်လည်း မျက်လုံးများထဲတွင်မူ အပြုံးများ ပြည့်နှက်နေပြီ ဖြစ်၏။

ထို့နောက် အသက်ကြီးကြီး မိန်းမစိုးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျားရဲ့ ဒီပစ္စည်းက တကယ်ပဲ အင်ပါယာရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တယ်။ ခင်ဗျားက ကိစ္စတစ်ခုကို လဲလှယ်ချင်တယ်လို့ ပြောတယ်လေ။ ခင်ဗျား ဘာကို လဲလှယ်ချင်တာလဲ။”

သူ ဤသို့ ပြောဆိုလိုက်ချိန်တွင် အသံမှာ မတိုးလှဘဲ အပြင်ဘက်ရှိ လူများကို တမင် ကြားစေလိုသောကြောင့် ဖြစ်၏။

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အံ့ဩသွားမိသည်။ ‘ဒီ ဧကရာဇ်ဟောင်းက အရမ်းကို ဉာဏ်ကောင်းလွန်းနေပြီ မဟုတ်ဘူးလား။’

ဤသည်မှာ ယွင်ကျုံးဟဲ့ ဘာပြောချင်သည်ကို သိနေသောကြောင့် သူ့ကို ကျေးဇူးပြုရန် အခွင့်အရေး ပေးလိုက်ခြင်းဖြစ်၏။

........................

All Chapters