← Chapters

ကောင်းကင်ဧကရာဇ်ကျဲ့တိကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 1187

ကောင်းကင်ဧကရာဇ်ကျဲ့တိကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 1187

ပိုင်ရှောင်ချန်းက ထာဝရအင်မော်တယ်နယ်မြေများတွင် နေထိုင်ခဲ့သည့် အတောအတွင်း ချုပ်တည်းထားခဲ့ရသော အမျက်ဒေါသများအားလုံးပြည့်နှက်နေသည့် ဒေါသထွက်နေသော ရယ်သံကြီးဖြင့် စကားပြောလိုက်သည်။

" ကောင်းပြီ။ အဲဒီလိုဆိုရင်တော့ ငါ ကောင်းကင်ဧကရာဇ်တစ်ပါးကိုလဲ သတ်ရမယ်ထင်တယ် "

ဝိညာဥ်ဝါးမျိုသခင်က ရွှယ်ကျဲကော်တုကြောင့် မတတ်သာ၍ နောက်ဆုတ်သွားခဲ့ပြီး ကောင်းကင်ဧကရာဇ် ကျဲ့တိ မှာ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကြောင့် သွေးများအန်နေသည်အထိ ထိခိုက်ဒဏ်ရာရသွားလေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ဧကရာဇ် ကျဲ့တိထံ တဟုန်ထိုး ဦးတည်လိုက်သည်။

သူ လှုပ်ရှားသွားစဥ် မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများက သူ့ကို ဧရာမကျောက်လူ့ဘီလူးကြီးအသွင် ပြောင်းလဲပေးရန် သူ့ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာ၏။

ထို့နောက် သူက လျှပ်စီးတိမ်တိုက် ဘိုးအေအသွင် ပြောင်းလဲခြင်းကို အသုံးပြုလိုက်ရာ သူ၏ ကျောက်လူ့ဘီလူးကြီးအသွင် အပြင်ခန္ဓာကို ခမ်းနားကြီးကျယ်စွာ တိုးတက်စေပြီး ယခင်ကထက်ပို၍ ကြီးထွားလာတော့သည်။ ဖြစ်စဥ် ပြီးဆုံးသွားသည့်အချိန်တွင် သူသည် မိုးကောင်းကင်ကို မှေးမှိန်သွားစေပြီး မြေပြင်များကို တဝေါဝေါ ဖြတ်တိုက်သွားစေသော စွမ်းအင်များ ထုတ်လွှတ်နေ၏။

ကောင်းကင်ဧကရာဇ်ကျဲ့တိမှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ချေ။ သေစေနိုင်သောအန္တရာယ်ကြီး၏အာရုံကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားကာ သူက ချက်ချင်း သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့် ထုတ်လွှတ်ပြီး သူစဥ်းစားနိုင်သမျှ မှော်ပစ္စည်းများနှင့် ဝှက်ဖဲများအားလုံး ဆင့်ခေါ်လိုက်သည်။

သို့ထိတိုင် မည်သည့်ရတနာကမှ ပြင်းထန်သောအန္တရာယ်အာရုံကြီး လျော့ကျသွားစေရန် မစွမ်းသာပေ။ အမှန်တကယ်ဆိုရပါက ပိုင်ရှောင်ချန်း သူထံ ပြေးဝင်လာစဥ် ထိုအာရုံကြီးမှာ ပို၍သာ ပြင်းထန်လာသည်။

ပိုင်ရှောင်ချန်းက ထာဝရပြုစားခြင်းသိုင်းနှင့်တကွ တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သဖြင့် သူ၏ အပြင်အားများ ဝုန်းခနဲ ပေါက်ကွဲထွက်လာလေသည်။

သူက လေကိုခွင်း၍ ကောင်းကင်ဧကရာဇ် ကျဲ့တိထံ ဦးတည်လာနေသော ဧရာမတောင်ကြီးတစ်လုံး အသွင် ပြောင်းသွားခဲ့သည့်အလားပင်။

ကောင်းကင်ဧကရာဇ်ကျဲ့တိ မှာ ရူးသွပ်တော့မည့်အလား ခံစားနေရတော့သည်။ သို့သော် သူသည် ထိုးနှက်ချက်အား မရှောင်တိမ်းနိုင်ပေ။ သူက မျှော်လင့်ချက်များ ကုန်ခမ်းလျက် ထိုရိုက်ချက်အား ကျော်လွှားရန်အလို့ငှာ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းသည် ယခုထက်ထိ သူ၏ အစွမ်းထက်ဆုံးသိုင်းကို အသုံးပြုရသေးပေ။ သူက နီးကပ်သွားသည်တွင် လက်သီးဆုပ်လိုက်၏။

သူကား ထာဝရဧကရာဇ်လက်သီးကို အသုံးပြုလိုက်ခြင်းပင်။

၄င်းက သာမန်ထာဝရဧကရာဇ်လက်သီးမဟုတ်။ အသက်ဝင်တောင်မန္တန်၊ လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်း၊ သူ၏အပြင်အားများ၊ တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းသိုင်းတို့နှင့်အတူ နတ်ဘုရားဇီဝိန်ခြွေသိုင်းဖြင့် ယခုလေးတင် စုပ်ယူခဲ့သော သက်စောင့်အားအားလုံးဖြင့် အားဖြည့်ပေးထားလေသည်။ ဤသည်ကား … ပြိုင်ဘက်ကင်း အဖျက်စွမ်းအားလက်သီးချက်ပင်။

သာမန်ကောင်းကင်ဧကရာဇ်များထက် သာလွန်သော စွမ်းအင်အခိုးအငွေ့များ ထုတ်လွှတ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်ခါလာတော့သည်။ ဤစွမ်းအင်ကား ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းသို့ ရောက်ခါနီးဆဲဆဲ ဖြစ်လေသည်။

" သေဖို့ အချိန်ကျပြီ "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်၏။ ထိုအချိန် ကောင်းကင်ဧကရာဇ် ကျဲ့တိက ကြောက်စရာကောင်းလောက်အောင် ဟိန်းဟောက်လိုက်ပြီး သူတို့နှစ်ယောက်လုံး အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်သွားကြလေသည်။

ဝုန်းးး

ပတ်ဝန်းကျင်ရှိ အရာအားလုံးသာမက မိစ္ဆာဧကရာဇ်မြို့တော်ပင် ပြင်းပြင်းထန်ထန်တုန်ခါသွား၏။ တောင်များပြိုကျလာပြီး မြို့ထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ နားကွဲလုမတတ်ပေါက်ကွဲမှုကြီးကြောင့် အံ့သြမှင်သက်သွားလေသည်။

တုန်ခါလှိုင်းတစ်လုံးက ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ မချိမဆန့်အော်သံပင် နစ်မြုပ်သွားသည်အထိ အလွန်ကျယ်လောင်စွာ မြည်ဟည်းလျက် နေရာအနှံ့ ပျံ့နှံ့သွား၏။

ဖုန်များ ရှင်းလင်းသွားသောအခါ ပိုင်ရှောင်ချန်းမှာ သူ၏ညာဖက်အင်္ကျီလက်စစုတ်ပြဲသွားကာ လက်မောင်းပေါ်ထွက်နေပြီး မားမားမတ်မတ်ရပ်နေ၏။ သူ၏လက်မောင်းက အကောင်းပကတိ ဖြစ်ပုံပေါ်သော်လည်း အနီးကပ်ကြည့်ပါက ရေတွက်၍ပင်မရလောက်အောင် များပြားသောဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကြောင်း မြင်သာလေသည်။

သို့သော် ထိုဒဏ်ရာများက ချက်ချင်း ပြန်လည်သက်သာလာသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ရှေ့၌ အက်ကြောင်းတစ်ခုကို မြင်နိုင်ပြီး ၄င်း၏ အောက်ခြေတွင်ကား ပြန့်ကြဲနေသော သွေးသားစိုင်များပင်။

ကောင်းကင်ဧကရာဇ်ကျဲ့တိ၏ အပြင်ခန္ဓာကိုယ်မှာ ဖျက်စီးခံလိုက်ရလေပြီ။

သူ၏တာအိုသစ်စေ့ ပျံထွက်လာပြီးနောက် ပျောက်ကွယ်သွား၏။

ကောင်းကင်ဧကရာဇ်တစ်ပါး အသတ်ခံလိုက်ရလေပြီ။

ဤသည်မှာ ထာဝရအင်မော်တယ်နယ်မြေများထဲ၌ ကောင်းကင်ဧကရာဇ်တစ်ပါး လောလောလတ်လတ် အသတ်ခံခဲ့ရသည့် ဒုတိယအကြိမ် ဖြစ်သည်။ ပထမဆုံးအသတ်ခံရသူက မိုးမြေဧကရာဇ်ကိုယ်ပွားကြောင့် သေသွားခဲ့သော အဘွားကြီးဖြစ်ပြီး ယခုကား ကောင်းကင်ဧကရာဇ် ကျဲ့တိ။ သူက အသက်ပြန်သွင်းခံရနိုင်သော်လည်း အရေးကြီးနေသေးသည်။

ခပ်လှမ်းလှမ်းရှိ ဝိညာဥ်ဝါးမျိုသခင်မှာ ခေါင်းတစ်ခုလုံးချာချာလည်လျက် အသက်မနည်းရှူနေရ၏။

" ပိုင်ရှောင်ချန်း မင်း ... မင်းက ရာရာစစ ကောင်းကင်ဧကရာဇ်တစ်ပါးကို သတ်ရဲတယ်လား "

မိစ္ဆာဧကရာဇ်နိုင်ငံနှင့် သူတော်စင်ဧကရာဇ်နိုင်ငံသည် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း ဤကဲ့သို့အရာတစ်ခုမှ ယခင်က မဖြစ်ပွားခဲ့ဖူးပေ။ ဝိညာဥ်ဝါးမျိုသခင်မှာ ကောင်းကင်ဧကရာဇ် ကျဲ့တိ၏ သေဆုံးခြင်းကြောင့် မှင်သက်သွားသည်သာမက ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်ကိုလည်း ထိတ်လန့်ကြောက်ရွံ့သွားလေသည်။

" သူက လက်သီးတစ်ချက်ထဲနဲ့ ကောင်းကင်ဧကရာဇ်တစ်ပါးကို သတ်နိုင်တဲ့ အဆင့်အထိ ရောက်နေပါလား "

ဝိညာဥ်ဝါးမျိုသခင်မှာ တဆတ်ဆတ်ကြောက်လန့်တုန်ရီသွား၏။ ရွှယ်ကျဲကော်တုက တစတစပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူ လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားနေဆဲဖြစ်သည်။

သူက စိတ်နှင့်ကိုယ် မကပ်နိုင်ခင် ပိုင်ရှောင်ချန်းမှာ မျက်လုံးများ နီရဲလျက် သူ့ဘက် လှည့်ပြီး သူ့ထံ လမ်းလျှောက်လာလေသည်။

" ပြီးတော့ မင်း"

ပိုင်ရှောင်ချန်း၏ ညာလက်က မန္တန်လက်ကွက်တစ်ကွက်ဖြင့် ရိပ်ခနဲဖြစ်သွားပြီးနောက် သူက သူ၏လက်ချောင်းကို ဝိညာဥ်ဝါးမျိုသခင်ဘက် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မရေမတွက်နိုင်သော အသက်ရှည်မီးအိမ်များ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာ၏။ တချိန်တည်းမှာပင် ဝိညာဥ်ဝါးမျိုသခင်ကိုယ်တိုင် အထက်မိုးကောင်းကင်၊ အောက်မြေပြင်နှင့်အတူ မီးအိမ်တစ်လုံး ဖြစ်သွားလေသည်။

ဝိညာဥ်ဝါးမျိုသခင်၏ မျက်နှာကား အကျည်းတန်စွာ ပျက်ယွင်းသွား၏။ အတတ်ကြောင့်မဟုတ်ဘဲ ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ မဟာဓားကို ထုတ်ပြီး သူ့ဘက် အရှိန်တင်လာနေသောကြောင့်ပင်။

သိသာစွာပင် သူသည် ဝိညာဥ်ဝါးမျိုသခင်က ထာဝရအသက်ရှည်မီးအိမ်များကြောင့် ပိတ်နေသည်ကို အခွင့်ကောင်းယူ၍ သူ့ကိုသတ်ရန် ကြံစည်နေခြင်းပင်။

" ချီးတဲ့မှ ၊ ဒီကောင် တကယ် အငြှိုးအတေးကြီးလိုက်တာ "

သူ အသက်ရှူမှားသွားကာ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ့ပတ်လည်တွင် သွေးရောင်အလင်းတစ်ခု ဖြစ်တည်လာ၏။ ထိုအခိုက်အတန့်မှာပင် အသက်ရှည်မီးအိမ်များ၏စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးရောင်အလင်းကို ဝင်တိုက်ကာ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားစေတော့သည်။

တချိန်တည်းမှာပင် မြောက်ပိုင်း၏ မဟာဓားက ဝိညာဥ်ဝါးမျိုသခင်ထံ နိမ့်ဆင်းလာ၏။ ပုံမှန်ဆိုလျှင် ဝိညာဥ်ဝါးမျိုသခင်သည် အောင်မြင်မှုကို သိမ်းပိုက်ရန်အတွက် အားကုန်ထုတ်လိမ့်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူ၏အသက်က ကောင်းကင်တံတားသားများထက်သော်လည်းကောင်း၊ မန္တန်ဝင်္ကပါထက်သော်လည်းကောင်း ပို၍အရေးပါလေသည်။ အရာအားလုံးမှာ အစကတည်းက မိစ္ဆာဧကရာဇ်မင်းသား၏ စီမံခံခဲ့ရသည် မဟုတ်ပါလော။

ထို့ကြောင့် သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဓားချက်ကို တားဆီးရန် သူ့တွင်ရှိသမျှ အရာအားလုံး ပစ်လွှတ်လိုက်၏။ ထို့နောက် ပါးစပ်မှ သွေးများပန်းထွက်သွားကာ အဝေးသို့ တဟုန်ထိုး ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းက ထိန်းချုပ်နိုင်စွမ်းမရှိတော့သည့်အလား ဟောဟဲလှိုက်ကာ ရပ်နေသည်။ အမှန်တွင် သူသည် သူလုပ်နေသည့်အရာကို အတိအကျသိ၏။ ပထမအချက်မှာ ယပ်တောင်အစုတ်ကြီးထဲက သူ၏ကြောက်မခန်းလိလိအကျိုးအမြတ်များသည် သူ့ကို နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်ရောက်ခါနီးဆဲဆဲသို့ တွန်းပို့ပေးခဲ့သည်။

ဒုတိယအချက်က သူသည် မိစ္ဆာဧကရာဇ်မင်းသား ကြံစည်ခဲ့သည့် အခြေအနေအပေါ် ဒေါသအမျက်ချောင်းချောင်းထွက်နေ၏။ ထွက်ပြေးနေသော ဝိညာဥ်ဝါးမျိုသခင်ကို လျစ်လျူရှူ၍ ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏ မဟာဓားကို မြှောက်ပြီး မန္တန်ဝင်္ကပါကို ခုတ်ပိုင်းချလိုက်သည်။

" ဖျက်စီးစမ်း "

သူက အော်ဟစ်လိုက်သည်။ ဓားကြီး နိမ့်ဆင့်သွားစဥ် ဝင်္ကပါ၏ အုတ်မြစ်ဖြစ်သော အနက်ရောင်နဂါးကိုးကောင်ထဲက တစ်ကောင်မှာ ဖျက်စီးခံလိုက်ရသဖြင့် ဟိန်းဟောက်လိုက်လေသည်။

အခြားရှစ်ကောင်က ဖျက်စီးသွားသော နဂါးအပိုင်းအစများကို ဝါးမျိုရန် အလျင်အမြန် အပြေးအလွှားသွားလိုက်ကြ၏။ ပိုင်ရှောင်ချန်းသည် ယခင်က ဤကဲ့သို့ မန္တန်ဝင်္ကပါတစ်ခုအား တစ်ခါမှမမြင်ခဲ့ဖူးသော်လည်း ၄င်းက သာမန်ထက်ထူးကဲကြောင်း ပြောနိုင်လေသည်။ သူသည် ထာဝရပြုစားခြင်းသိုင်းအသုံးပြု၍ အထဲသို့ ဝင်နိုင်သော်လည်း သူ၏ပန်းတိုင်က အတွင်းထဲရှ လူအားလုံးကို ကယ်တင်ရန် ဖြစ်သည်။ ထို့ကြောင့် ထာဝရပြုစားခြင်းသိုင်းအသုံးပြုခြင်းက အချိန်များစွာ ဖြုန်းတီးရာရောက်ပေမည်။ မိစ္ဆာဧကရာဇ်မြို့တော်နှင့်အလွန်နီးကပ်နေသည့်အတွက် အချိန်က အဓိကဖြစ်သည်။ သူ မန္တန်ဝင်္ကပါကို ချက်ချင်းဖွင့်ရန် လိုအပ်လေသည်။ မြောက်ပိုင်း၏ မဟာဓားကို ထပ်မံမြှောက်လိုက်ရင်း မန္တန်ဝင်္ကပါကို ခုတ်ချလိုက်သည်။

ဝုနျးးးးးးးးး

သူက တစ်ချက်စီတိုင်း အနက်ရောင်နဂါးတစ်ကောင်စီ ဖျက်စီးရင်း ခုနစ်ကြိမ် ထုနှက်လိုက်လေသည်။ တစ်ကြိမ်စီတိုင်း မန္တန်ဝင်္ကပါ တုန်ခါသွားပြီး အားနည်းလာရာ နောက်ဆုံးတွင် ဝိုးတဝါးဖြစ်နေသောလှိုင်းဂယက်များ တစတစပျောက်သွယ်သွားကာ အတွင်းရှိ ကောင်းကင်တံတားကျင့်ကြံသူတစ်သောင်း ထွက်ပေါ်လာတော့သည်။

သူတို့မှာ မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြင့် တင်ပျဥ်ခွေလျက် တရားထိုင်နေကြသည်။ တချို့က သိသိသာသာ တိုက်ခိုက်နေကြသော်လည်း အချို့မှာ အရိုးစုများဖြစ်သွားကြလေပြီ။

ပိုင်ရှောင်ချန်းက လီချင်းဟောက်နှင့် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးကို ချက်ချင်း မြင်လိုက်၏။

" ဦးလေးလီ... "

ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။ လီချင်းဟောက်၏ ဆံပင်မှာ အနက်ရောင်မဟုတ်တော့ဘဲ မီးခိုးရောင် ဖြစ်နေလေပြီ။ သူ့ဘေးတွင်ကား မျက်တွင်းများ ဟောက်ပက်ဖြင့် ပိန်လှီနေသော စိတ်စွမ်းအင်ခေါင်းဆောင်ကြီးဖြစ်သည်။ အခြားရင်းနှီးသောမျက်နှာပေါင်းများစွာလည်း မြင်တွေ့လိုက်ရသည်ဖြစ်၍ ပိုင်ရှောင်ချန်းမှာ မြောက်ပိုင်း၏ မဟာဓားကြီးအား လွှဲရမ်းကာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

ထိုအချိန်တွင် မည်သည့်သတိပေးချက်မှမရှိဘဲ မိစ္ဆာဧကရာဇ်မြို့မှ အလင်းတန်းတစ်တန်း ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဦးတည်လာ၏။

" သေချင်နေတာလား ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်း၏ နားထဲ ရောက်လာသည့်အသံပိုင်ရှင်မှာ မိစ္ဆာဧကရာဇ်မြို့တွင် အစွမ်းထက်ဆုံးကောင်းကင်ဧကရာဇ်ဖြစ်သော ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှလွဲ၍ တခြားမဟုတ်ပေ။

All Chapters