← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇) အိပ်မက်ထဲတွင် အင်မော်တယ်အဘိုးအိုတစ်ပါး ရှိနေခဲ့သည်

“ဟွားဟွား... နင့်အဘိုးက နင်အခုဘယ်လောက်တောင် အစွမ်းထက်နေပြီလဲဆိုတာကို မသိဘူးလား…”

တရားသူကြီး၏စုတ်တံက နားမလည်နိုင်စွာဖြင့် ပြောလိုက်ရာ ရုတ်တရက် ထွက်ပေါ်လာသော ကလေးငယ်၏ အသံကြောင့် ချွေ့ဟုန်ယွမ်နှင့် သူ၏လူများအားလုံး မျက်လုံးများ ပြူးကျယ်သွားကြလေသည်။

ထိုစာအုပ်လေး၏ အသံက ဘာကြောင့် ပြောင်းသွားရသည်လဲ။

သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးလှန်လိုက်၏။

“ပန်းကလေးက အခု ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲဆိုတာကို သူတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ... သူတို့အတွက်ကတော့ ပန်းကလေးရဲ့ ခွန်အားတွေက ပေါင်တစ်ထောင်လောက်ကို မ,နိုင်တဲ့အထိ တိုးလာတာကိုပဲ အံ့ဩနေကြမှာပါပဲ…”

“အကယ်၍ ပန်းကလေးရဲ့ အတိတ်ဘဝက ပြန်လည်မွေးဖွားခြင်းတွေကို တာဝန်ယူရတဲ့ ငရဲပြည်က နတ်ဘုရားတစ်ပါးဖြစ်တယ်ဆိုတာရယ် သူ့ကို ကူညီပေးဖို့ မှော်လက်နက်တွေ ရှိနေတယ်ဆိုတာရယ် နောက်ပြီး ငါ သေခြင်းရှင်ခြင်းစာအုပ်နဲ့ နင် တရားသူကြီးရဲ့စုတ်တံတို့က အကြံဉာဏ်တွေ ပေးနေတယ်ဆိုတာကိုသာ သူတို့ သိသွားရင် သေချာပေါက် ကြောက်လန့်သွားကြမှာပဲ…”

အားလုံးမှာ အံ့ဩမှင်တက်သွားကြလေ၏။

ချွေ့ဟုန်ယွမ်နှင့် ကျန်းလင်းရှူတို့သည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြသည်။

ဘုရားရေ...

သူတို့၏ မြေးမလေး ခန္ဓာကိုယ်ထဲရှိ စာအုပ်မှာ အနည်းငယ် ထူးဆန်းသည်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း သူတို့နှစ်ဦးစလုံးတွင် အခြားသော မူလဇာစ်မြစ်တစ်ခု ရှိနေလိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်မထားခဲ့ပေ။

ထို့အပြင် တရားသူကြီး၏စုတ်တံဆိုသည့် အရာတစ်ခုကပါ ရောက်လာခဲ့သေးသည်။

ဘုရားရေ...

ထိုခွေးကောင် ယွင်ရှောင်ထျန်းနှင့် သူ၏ မိဘစကားနားမထောင်သော သားဖြစ်သူတို့က သူတို့ ဇနီးမောင်နှံနှစ်ဦးကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် ဘာကြောင့် စာတစ်စောင်မျှ မရေးခဲ့ကြသည်လဲ။

တစ်ပြိုင်နက်တည်း ရရှိလိုက်သော သတင်းအချက်အလက် ပမာဏက များပြားလွန်းလှသဖြင့် သူတို့မှာ လက်ခံနိုင်ရန် ခက်ခဲနေလေသည်။

ချွေ့ဟုန်ယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ ဘာကြောင့်များ သူမက ဝံပုလွေအုပ်ကြီးကို အမိန့်ပေးနိုင်ပြီး ဓားပြများကို နှိမ်နင်းရန် တစ်ယောက်တည်း ထွက်သွားရဲသည်မှာ အံ့ဩစရာ မရှိတော့ပေ။

တကယ့်တော့ သူမတွင် အစွမ်းထက်သော လက်နက်တစ်ခု ရှိနေခဲ့ခြင်းပင်ဖြစ်သည်။

ဒုက္ခပါပဲ… ဤဆိုးသွမ်းသော ကောင်မလေးကို သူက နောင်တွင် ထိန်းချုပ်နိုင်ပါဦးမည်လား။

ယွင်ဟွား၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီးနောက် ပြောလိုက်၏။

“အဘိုး... မြေးက အရင်က အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်... အိပ်မက်ထဲမှာ အင်မော်တယ်အဘိုးအိုတစ်ပါးက မြေးကို ဗေဒင်ဟောတာတွေ ကံကြမ္မာတွက်ချက်တာတွေကို သင်ပေးခဲ့ပြီးတော့ မြေးကို နတ်ဘုရားတွေရဲ့ စွမ်းအားတွေကိုလည်း ပေးသနားခဲ့တယ်... နောက်ဆုံးမှာ သူက မြေးကို အကာအကွယ်ရတနာတစ်ခုတောင် ပေးခဲ့သေးတယ်..”

“အဲ့အကြောင်းကြောင့် ဧကရာဇ်မင်းမြတ်က မြေးကို နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး အဂတိလိုက်စားတဲ့ အရာရှိတွေကို ဖမ်းဆီးတာတွေ သူလျှိုတွေကို ရှင်းလင်းတာတွေနဲ့ သတင်းပေးတွေကို သတ်ပစ်တာတွေကို လုပ်ခိုင်းခဲ့တယ်... နောက်ပိုင်းမှာတော့ မြေးက ချန်နင်း ကောင်တီမင်းသမီးဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ခံခဲ့ရတယ်... အခု မြေးက တွမ့်ယွင်တောင်ထွတ်က ဓားပြတွေဟာ လောကကြီးကို အန္တရာယ်ပြုလိမ့်မယ်လို့ တွက်ချက်ရရှိထားတာကြောင့် သူတို့ကို နှိမ်နင်းဖို့အတွက် မြေးကိုယ်တိုင် ဆန္ဒအလျောက် ထွက်လာခဲ့တာပါ..”

ယွင်ဟွားသည် အလွန်လေးနက်ပြီး စနစ်တကျရှိသော ဟန်ပန်ဖြင့် ပြောဆိုနေသဖြင့် ချွေ့ဟုန်ယွမ်နှင့် အခြားသူများ၏ ပါးစပ်များမှာ မထိန်းချုပ်နိုင်ဘဲ တွန့်လိမ်သွားကြလေသည်။

အကယ်၍ သူသာ သူမ၏ နောက်ခံအကြောင်းအရင်းကို ကြိုတင်သိရှိမထားခဲ့လျှင် သူမ၏ လုပ်ကြံဖန်တီးထားသော စကားများကို တကယ်ပင် ယုံကြည်သွားမိမည်ဖြစ်သည်။

သူ၏ မြေးမလေးက ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်သို့ပင် ရောက်ရှိနေခဲ့ပြီဟု တွေးထင်မထားခဲ့ပေ။

သူမသည် အရာရှိတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကောင်တီမင်းသမီးဘွဲ့ကိုပါ ချီးမြှင့်ခံခဲ့ရသည်တဲ့လေ။

ဤမိန်းကလေး၏ စရိုက်လက္ခဏာအရ နန်းတွင်းထဲတွင် အတော်လေး ပျော်စရာကောင်းနေလိမ့်မည်မှာ သေချာလှသည်။

ချွေ့ဟုန်ယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။

“အဲ့လိုဆိုမှတော့ အဘိုးက မြေးကို ယုံကြည်ပါတယ်... ပြီးတော့ မြေး ဓားပြတွေကို သွားနှိမ်နင်းမယ့်ကိစ္စကိုလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး…”

ယွင်ဟွားသည် နောက်ထပ် အကြောင်းအရာအချို့ကို ထပ်မံဖန်တီးချင်နေသေးသော်လည်း စကားလုံးများမှာ သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားလေသည်။

“အဘိုး... အဘိုးက မြေးကို အဲ့လောက်တောင် ယုံကြည်တာလား... အဘိုးက ပေါင်ကိုရိုက်ပြီး မြေးကို လိမ်တယ်ဆိုပြီး လက်ညှိုးထိုးကာ ဆဲဆိုရမှာ မဟုတ်ဘူးလား…”

ချွေ့ဟုန်ယွမ်မှာ အံ့ဩသွားသည်။

သူက ယွင်ဟွားကို တစ်ချက် လှမ်းကြည့်လိုက်၏။

“မြေးရဲ့ အံ့ဩနေတဲ့ မျက်နှာထားကို ကြည့်ရတာ မြေးက အဘိုးကို လိမ်ညာဖို့ ကြိုးစားနေတာလား..”

“ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်နိုင်မှာလဲ..”

ယွင်ဟွားသည် ချက်ချင်းပင် ဖားယားသော လေသံသို့ ပြောင်းလဲသွားကာ လက်နှစ်ချောင်းကို ထောင်၍ ကျိန်ဆိုလိုက်သည်။

“အကယ်၍ မြေးသာ အဘိုးကို လိမ်ညာခဲ့မယ်ဆိုရင် မိုးကြိုးပစ်ခံရပါစေ..”

“ပန်းကလေး... နင်က အခု ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေပြီဆိုတော့ နင်သာ သိပ်ပြီး စွမ်းနေတယ်ဆိုရင် လက်သုံးချောင်းကို ထောင်လိုက်စမ်းပါ... ကောင်းကင်မိုးကြိုးက နင့်ခေါင်းကို လာပစ်မပစ်ဆိုတာကို ကြည့်ရအောင်…”

သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွားအား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

ယွင်ဟွားက သူမအား မကြာခဏ အောက်ခြေလုံးတတ်သော သေခြင်းရှင်ခြင်းစာအုပ်ကို မျက်စောင်းထိုးလိုက်သည်။

“ဟွားအာလေး... လူတွေ ကျိန်ဆိုရင် လက်သုံးချောင်း ထောင်ရတယ်ဆိုတာကို အဘိုး မှတ်မိနေပါတယ်... မြေးက နှစ်ချောင်းတည်း ထောင်ထားတာဆိုတော့ မမှားနေဘူးလား…”

သူသည် ဤမိန်းကလေး မည်သို့ တုံ့ပြန်မည်ကို ကြည့်ရှုလိုနေလေသည်။

ယွင်ဟွားမှာ ဆွံ့အသွားလေသည်။

သူမ၏ အဘိုးဖြစ်သူက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသဖြင့် ယွင်ဟွား၏ လက်သူကြွယ်မှာ တုန်ယင်စွာဖြင့် အထက်သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ချက်ချင်းပင်...

ကောင်းကင်ယံတွင် မိုးကြိုးတစ်ချက် လက်သွားပြီးနောက် ပြင်းထန်သော မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

လန့်ဖြန့်သွားသော ယွင်ဟွားက သူမ၏ လက်သူကြွယ်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး အလန့်တကြား အော်ဟစ်လိုက်၏။

“အဘိုး... အဘွား... မကြာခင် မိုးရွာတော့မယ် ထင်တယ်... မြေးတို့ မိုးခိုဖို့ နေရာတစ်ခုခု သွားရှာကြရအောင်..”

ကျင့်ကြံခြင်းတွင် ကျရောက်သော မိုးကြိုးကပ်ဘေးနှင့် ကျိန်ဆိုရာတွင် ကျရောက်သော အပြစ်ပေးမိုးကြိုးတို့မှာ မတူညီကြပေ။ နောက်ပိုင်းအရာမှာ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်စေသော နာကျင်မှုမျိုး ဖြစ်၏။

“မကြောက်နဲ့ ဟွားဟွား... လက်သုံးချောင်းသာ ထောင်လိုက်စမ်းပါ... ပေပေ့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်... အဲ့တာက အပြစ်ပေးမိုးကြိုးလောက်လေးပါ... နင့်အတွက် ငါ တားဆီးပေးမယ်…”

တရားသူကြီး၏စုတ်တံက ရတနာများကို ထုတ်ယူရန် ၎င်း၏ နေရာလွတ်ကို ဆက်တိုက် ဖွင့်နေလေသည်။

ထိုအခါ မျက်စိလျှင်သော သေခြင်းရှင်ခြင်းစာအုပ်က အခွင့်အရေးကို မြင်သွားပြီး ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် ရတနာကို ခိုးယူရန် ထိုနေရာလွတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

“အား…”

“ရှောင်ရှူးရှူး... နင်က လူဆိုးပဲ…”

“အဲ့တာက အရောင်စုံလေး... အရောင်စုံလေးပါဆို... နင် ယူရဲယူကြည့်လေ... အခုချက်ချင်း ရပ်လိုက်စမ်း…”

တရားသူကြီး၏စုတ်တံက ပစ္စည်းအချို့ကို သေခြင်းရှင်ခြင်းစာအုပ်က လုယူသွားသည်ကို မြင်လိုက်ရသောအခါ အလွန်ဒေါသထွက်သွားသဖြင့် မျက်လုံးများ နီရဲလာကာ မျက်ရည်များ စီးကျလာလေသည်။

“အဲ့တာတွေအားလုံးက ပန်းကလေးအတွက်ပဲ ဆိုတာကို ငါ သိပါတယ်... နင့်ရဲ့ နေရာလွတ်ထဲကနေ ငါ့ရဲ့ နေရာလွတ်ထဲကို ရွှေ့လိုက်တာပါ... တခြားနေရာတစ်ခုကို ပြောင်းသွားရုံလောက်ပါပဲ... ရလဒ်ကတော့ အတူတူပါပဲ…”

သေခြင်းရှင်ခြင်းစာအုပ်က တခစ်ခစ် ရယ်မောလိုက်၏။ အနည်းဆုံးတော့ သူမသည် ဤစုတ်တံအစုတ်လေးကို တပ်မက်နေတော့မည် မဟုတ်သလို ၎င်း၏ ရတနာများကို အချိန်မရွေး ဆွဲထုတ်ရန် ကြိုးစားတော့မည် မဟုတ်ပေ။

“အဲ့တာ မတူဘူးလေ... ဒါတွေက ငါက ဟွားဟွားအတွက် ခူးဆွတ်ထားတဲ့ ရတနာတွေပါ... ငါ ခူးဆွတ်ထားတာမို့လို့ ငါ့ကို ပြန်ပေးစမ်း…”

တရားသူကြီး၏စုတ်တံက ဒေါသတကြီးဖြင့် ခုန်ပေါက်ကာ "အား..." ဟု အော်ဟစ်လိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်ဆီသို့ လွှဲရိုက်လိုက်လေသည်။

အားလုံးမှာ...

ကလေးငယ်နှစ်ယောက်ငည် အပြင်းအထန် ရန်ဖြစ်နေကြပြီး ယွင်ဟွားက သူမ၏ အဘိုးနှင့် အခြားသူများကို အနားယူရန် သက်တောင့်သက်သာရှိသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့နှစ်ခု ရောက်ရှိလာသောအခါ တစ်ခုစီ၏ မျက်နှာပေါ်တွင် ပွန်းပဲ့ဒဏ်ရာများ ရှိနေကြလေသည်။

“ဟွားဟွား... ငါ ရှောင်ရှူးရှူးနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီ... ဒီနေ့ကစပြီး ငါ သူ့ကို စကားမပြောတော့ဘူး…”

သေခြင်းရှင်ခြင်းစာအုပ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

“အဆက်အသွယ် ဖြတ်မယ်... နင် ဘယ်လို ဖြတ်မလဲဆိုတာကို ငါ့ကို ပြစမ်းပါ... ငါတို့ မွေးဖွားလာကတည်းက ကောင်းကင်တာအိုတောင်မှ ငါတို့ကို ခွဲခြားလို့ မရဘူးလေ…”

“ဝါး…”

တရားသူကြီး၏စုတ်တံက မထိန်းချုပ်နိုင်ဘဲ ငိုကြွေးလိုက်လေသည်။

ယွင်ဟွားမှာ နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။

သူမသည် တရားသူကြီး၏စုတ်တံကို ဆက်တိုက် နှစ်သိမ့်ပေးနေပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်ရန်ပင် မခံစားနိုင်တော့သဖြင့် စာအုပ်ကို တိုက်ရိုက် ပြန်သိမ်းလိုက်လေသည်။

တရားသူကြီး၏စုတ်တံကို နှစ်သိမ့်ပြီးနောက်တွင် မိုးကုတ်စက်ဝိုင်း၌ မိုးလင်းနေပြီ ဖြစ်သည်။

“အဘိုး... အဘိုးနဲ့ အဘွား မြေးကို ဒီနေရာကနေ စောင့်နေကြပါ... မြေး ဓားပြတွေကို သွားရှင်းလင်းလိုက်ဦးမယ်... ချက်ချင်း ပြန်လာခဲ့မယ်နော်..”

ယွင်ဟွားသည် ၎င်းတို့ကို လျင်မြန်စွာ ရှင်းလင်းရန် စီစဉ်ထားပြီး သစ်တောထူထပ်သော နေရာတွင် ဝံပုလွေများသာမက ကျားများနှင့် ဝက်ဝံများကဲ့သို့သော ကြမ်းကြုတ်သည့် သားရဲများလည်း ရှိနေနိုင်သဖြင့် ၎င်းတို့ကို ကာကွယ်ပေးရန် ဝံပုလွေ အကောင်သုံးဆယ်ခန့်ကို ချန်ထားခဲ့လေသည်။

“ဟွားလေး... မြေး ဂရုစိုက်ရမယ်နော်..”

ကျန်းလင်းရှူက ယွင်ဟွား၏ လက်ကို ဆုပ်ကိုင်ထား၏။ သူမ၏ မြေးမလေးက မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည်ကို သိထားသော်လည်း လူကြီးတစ်ယောက်အနေဖြင့် သူမ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။

“အဘွား... စိတ်မပူပါနဲ့... မြေးက သိပ်ပြီး အစွမ်းထက်ပါတယ်..”

ယွင်ဟွားက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး အဘိုးဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ချွေ့ဟုန်ယွမ်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်သော မျက်နှာထားကို ဆက်လက် ထိန်းသိမ်းထားကာ ဟု ပြောလိုက်၏။

“ဂရုစိုက်…”

ထို့နောက် သူက ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေသည်။

ယွင်ဟွားက ပြုံးလိုက်သည်။ အလွန် ချစ်စရာကောင်းသော အဘိုးအိုလေးပင်... သူမ၏ အဘိုးနီးပါးလောက် ချစ်စရာကောင်းလှပေသည်။

သူမသည် ချွေ့မိသားစု အစောင့်များထံမှ ဓားပြခေါင်းဆောင်၏ ခေါင်းကို ယူဆောင်လိုက်ပြီး ဝံပုလွေတစ်ကောင်ပေါ်သို့ စီးနင်းကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

တွမ့်ယွင်တောင်ထွတ်။

တိမ်များနှင့် မြူခိုးများက အလွန် ထူထပ်နေသဖြင့် မည်သည့်လမ်းက မည်သည့်ဘက်သို့ သွားသည်ကိုပင် ခွဲခြားသိမြင်နိုင်ရန် မဖြစ်နိုင်ပေ။

ခေါင်းဆောင်ဝံပုလွေကြီးသည် ၎င်း၏ မှတ်ဉာဏ်များဖြင့် လမ်းပြကာ တောင်ကြားဆီသို့ ပြေးလွှားသွားလေသည်။

ထိုအချိန်တွင်...

ယွင်ဟွားသည် ခေါင်းဆောင်ဝံပုလွေကြီးပေါ်တွင် ထိုင်နေပြီး သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့မှာ သူမ၏ ရှေ့တွင် ပေါ်လာကြသည်။ တောင်ပေါ်ဓားပြများ၏ ကံကြမ္မာမှတ်တမ်းများကို ကြည့်ရှုလိုက်သောအခါ သူမ၏ သွားများကို အံကြိတ်လိုက်မိသည်။

“တကယ့်ကို ရက်စက်ယုတ်မာတဲ့ ခွေးကောင်တွေပဲ... သူတို့က မီးရှို့တာတွေ၊ လူသတ်တာတွေ၊ လုယက်တာတွေနဲ့ လုပ်ရက်နိုင်လွန်းတဲ့ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြတာပဲ... ဓားပြ တစ်ထောင်ကျော်မှာ တစ်ယောက်စီတိုင်းရဲ့ လက်ထဲမှာ အသက်ပေါင်း ဒါဇင်နဲ့ချီပြီး ဒါမှမဟုတ် ရာနဲ့ချီပြီးတောင် သေဆုံးခဲ့ရတာပဲ..”

“ပန်းကလေး... သူတို့ရဲ့ သက်တမ်းတွေကို ဖျက်ပစ်လိုက်တော့…”

တရားသူကြီး၏စုတ်တံက ၎င်း၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ စမ်းသပ်ကြည့်လိုစိတ်များ ပြင်းပြနေ၏။ လူ့ပြည်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် ၎င်းသည် နောက်ဆုံးတွင် အသက်များကို စိတ်ကြိုက် နှုတ်ယူနိုင်တော့မည် ဖြစ်သည်။

ယွင်ဟွား၏ ခေါင်းပေါ်တွင် တင်နေသော သေခြင်းရှင်ခြင်းစာအုပ်က ၎င်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“နင်က ငါနဲ့ အဆက်အသွယ် ဖြတ်ချင်နေတာ မဟုတ်ဘူးလား... ဘာလဲ... အခုကျတော့ ငါ့ဆီကနေ သက်တမ်းတွေကို လာယူချင်နေပြီလား…”

တရားသူကြီး၏စုတ်တံမှာ...

အခန်း (၁၄၈) တရားသူကြီး၏စုတ်တံက သက်တမ်းကို ဆုံးဖြတ်ခြင်းနှင့် တောင်ပေါ်ဓားပြများ ခံစစ်ကျိုးပေါက်ခြင်း

“ရှောင်ရှူးရှူး... နင်က ငါ့ကိုပဲ အမြဲအနိုင်ကျင့်နေတာပဲ…”

တရားသူကြီး၏စုတ်တံသည် သူ၏ ဆံပင်မွေးလေးများကို ထောင်မတ်သွားစေပြီး မျက်လုံးများ အနည်းငယ် နီရဲနေကာ အလွန် နစ်နာသွားသည့်ပုံပေါက်နေ၏။

“မြောက်ကြွမြောက်ကြွနဲ့ ကောင်လေး... နင် ငါ့ကို နောက်ဘယ်တော့မှ စကားမပြောတော့ဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား…”

သေခြင်းရှင်ခြင်းစာအုပ်သည် ဒေါသတကြီးဖြင့် အထက်အောက် ခုန်ပေါက်နေသော တရားသူကြီး၏စုတ်တံကို လှမ်းကြည့်လိုက်ပြီး သူ့အား စနောက်ရသည်မှာ အလွန် ရယ်စရာကောင်းလှသည်ဟု ထင်မှတ်နေလေသည်။

တရားသူကြီး၏စုတ်တံသည် ရင်ဘတ်ကို ဖက်ထားလျက် မူးမေ့လဲကျတော့မည့်အလား ဖြစ်နေလေသည်။

“ရှောင်ရှူးရှူး... ငါက ဒေါသထွက်လို့ ပြောလိုက်မိရုံပါ... ဒေါသထွက်လို့ပါ... နင် နားမလည်ဘူးလား…”

“အိုး…”

သေခြင်းရှင်ခြင်းစာအုပ်က အဓိပ္ပာယ်ပါပါ သက်ပြင်းချလိုက်ပြီးနောက်

“ဒါပေမဲ့ ဒီစာအုပ်က အတည်ယူလိုက်ရင် ဘယ်လိုလုပ်မလဲ…”

“ဝါး... ဟွားဟွား... ရှောင်ရှူးရှူးက ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ…”

တရားသူကြီး၏စုတ်တံက ထပ်မံ ငိုကြွေးလိုက်ပြန်၏။

ယွင်ဟွားသည် မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရပြီး ထိုအကောင်ပေါက်လေးနှစ်ကောင်ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်လေသည်။

“နင်တို့နှစ်ကောင် ဆက်ပြီး ရန်ဖြစ်နေမယ်ဆိုရင်... ငါ နင်တို့ကို ဖြုတ်ချပြီး တစ်နေ့လုံး ရန်ဖြစ်နေဖို့ ငရဲပြည်ကို ပြန်ပို့လိုက်မယ်..”

ယွင်ဟွားက ဒေါသထွက်သွားရာ အကျိုးဆက်များမှာ ပြင်းထန်လှပေသည်။ အကောင်ပေါက်လေးနှစ်ကောင်သည် ချက်ချင်းပင် သူမကို ဖားယားကာ ခွင့်လွှတ်ရန် တောင်းပန်ကြတော့၏။

သေခြင်းရှင်ခြင်းစာအုပ်က အကြောင်းအရာကို အမြန်လွှဲလိုက်ပြီး

“အို... ပန်းကလေး... ငါတို့ကိစ္စကို ခဏထားလိုက်ပြီး ဒီဓားပြတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ကြည့်ရအောင်..”

“အချိန်အကန့်အသတ်တစ်ခု သတ်မှတ်ပြီး ငါတို့ ဟိုနေရာကို မရောက်ခင် သူတို့ကို ကစဉ့်ကလျား ဖြစ်သွားအောင် လုပ်လိုက်မယ်... သူတို့ကို သေလုမတတ် ကြောက်လန့်သွားစေရမယ်..”

ယွင်ဟွား၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူမ၏ မျက်လုံးများက အရှေ့ဘက်ရှိ တောင်ကြားဆီသို့ အေးစက်စွာ ဖြတ်ပြေးသွားလေသည်။

ဤစကားကို ကြားသောအခါ သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့သည် ချက်ချင်းပင် ပေါင်းစည်းသွားကြကာ ၎င်းတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်များကို ထိန်းချုပ်လျက် မည်သူ့အသက်ကို ခြစ်ထုတ်ရမည်ကို ဆွေးနွေးကြလေသည်။

“ရှောင်ရှူးရှူး... အဲ့လူကို ကြည့်လိုက်စမ်း... သူက လုံးဝကို ယုတ်မာပြီး လူတွေကို ဖြည်းဖြည်းချင်း နှိပ်စက်သတ်ဖြတ်ရတာကို နှစ်သက်တယ်..”

“ရှောင်ပေပေ့... ဟ်ုမိန်းမကလည်း ယုတ်မာတာပဲ... သူမက အားနည်းချင်ယောင်ဆောင်ပြီး စိတ်ထားကောင်းတဲ့ လူတွေကို လှည့်စားတယ်... ပြီးတော့ နောက်ဆုံးမှာ…”

“ပြီးတော့ သူလည်း ပါတယ်..”

“အဲ့အဘွားကြီးကိုလည်း ခြစ်ထုတ်လိုက်... သူမက အစားဖြုန်းရုံသက်သက်ပဲ…”

အကောင်ပေါက်လေးနှစ်ကောင်က လူတစ်ယောက်၏ အမည်ကို ပြောလိုက်သည်နှင့် တရားသူကြီး၏စုတ်တံသည် ထိုသူကို ခြစ်ထုတ်ဖယ်ရှားပစ်ရန် သူ၏ မူလခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်၏။ ၎င်းတို့နှစ်ကောင်မှာ အလွန် ပျော်ရွှင်နေကြသော်လည်း တောင်ကြားထဲရှိ သွေးသတ်ဖြတ်ရေးစခန်းထဲတွင်မူ လူများကြား၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်နေလေသည်။

"ခေါင်းဆောင်... ခေါင်းဆောင်... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."

လက်အောက်ငယ်သားတစ်ဦးသည် အထိတ်တလန့်ဖြင့် ပင်မခန်းမဆောင်ဆီသို့ ပြေးလာလေသည်။

အခန်း၏ အလယ်တွင် မိသားစုဝင်များသည် ထိုပဉ္စမမြောက် ညီအစ်ကိုကို ရှာဖွေရန် တောင်ကြားအပြင်ဘက်သို့ မည်သူက ဦးဆောင်သွားသင့်ကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။

ပဉ္စမခေါင်းဆောင်မှာ အကြီးဆုံးခေါင်းဆောင်၏ ညီဖြစ်သည်။ သူ၏ ညီဖြစ်သူ ပြန်မလာသေးသဖြင့် သူသည် ဒေါသထွက်နေခဲ့ရာ ယခု သူ၏ လက်အောက်ငယ်သားများ၏ အရေးတကြီး အော်ဟစ်သံများကြောင့် ပို၍ပင် ဒေါသထွက်သွားလေသည်။

"မင်းက မနက်စောစောစီးစီး ဘာလို့ ခုလိုမျိုး အော်ဟစ်ငိုယိုနေရတာလဲ..."

ဂိုဏ်းခေါင်းဆောင်သည် စားပွဲပေါ်သို့ လက်သီးဖြင့် ထုချကာ မတ်တတ်ရပ်လိုက်ပြီး ဝင်လာသူအား ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

"ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မင်းကို အခုချက်ချင်း သတ်ပစ်လိုက်မယ်..."

သူ၏ လက်အောက်ငယ်သားမှာ တုန်ယင်သွားပြီး ကမန်းကတန်း ဒူးထောက်ချလိုက်ရာ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေလေသည်။

"ခေါင်းဆောင်... ဒေါသမထွက်ပါနဲ့..."

ဒုတိယခေါင်းဆောင်က ဒေါသထွက်နေသော ခေါင်းဆောင်ကို အမြန်တားဆီးလိုက်ပြီး သူ၏ လက်အောက်ငယ်သားကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ပြောစမ်း... စခန်းထဲမှာ ဘာတွေဖြစ်လို့ မင်း အဲ့လောက်တောင် ထိတ်လန့်နေရတာလဲ..."

အကြီးဆုံးအစ်ကိုမှာ ဒေါသကြီးပြီး ပဉ္စမအစ်ကိုနှင့် ပတ်သက်သည့် ကိစ္စများတွင် ပို၍ ရူးသွပ်လွယ်ကြောင်း ဒုတိယခေါင်းဆောင်က ဝင်ပြောလိုက်လေသည်။

သူ၏ လက်အောက်ငယ်သားများမှာ အကြောက်လွန်ကာ တုန်ယင်နေကြပြီး ၎င်းတို့၏ အသံများမှာလည်း အနည်းငယ် တုန်ခိုက်နေလေသည်။

"ခေါင်းဆောင်တွေကို အစီရင်ခံပါတယ်... ခုလေးတင် ရွာထဲက လူတော်တော်များများ အလုပ်လုပ်နေရင်း ရုတ်တရက် လဲကျသေဆုံးသွားကြပါတယ်... ကျွန်တော်... ကျွန်တော် အမြန်ကြည့်လိုက်တော့ သေတဲ့သူ အယောက်နှစ်ဆယ်ကျော်တောင် ရှိနေပါပြီ..."

"ဘာ..."

ပင်မခန်းမဆောင်ထဲရှိ လူအားလုံး မတ်တတ်ရပ်လိုက်ကြသည်။

ဒုတိယခေါင်းဆောင်က နောက်ထပ် မေးခွန်းများ မေးလိုသေး၏။

ရုတ်တရက်ပင်။

လက်အောက်ငယ်သား၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီးနောက် မြေပြင်ပေါ်သို့ တည့်မတ်စွာ လဲကျသွားလေသည်။

ဒုတိယခေါင်းဆောင်သည် ရှေ့သို့ တိုးလာကာ သူ၏ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်လိုက်ရာ မျက်နှာအမူအရာ တင်းမာသွားလေသည်။

"သူ သေသွားပြီ..."

လူတိုင်း အံ့သြတုန်လှုပ်သွားကြ၏။

"မင်းတို့... ဘာများထူးခြားတာ တွေ့လိုက်သေးလဲ..."

လုံးဝ ကျန်းမာရေးကောင်းမွန်နေသော လူတစ်ယောက် ရုတ်တရက် သေဆုံးသွားခြင်းမှာ အနည်းငယ် ယုံကြည်ရခက်လှပေသည်။

ဒုတိယခေါင်းဆောင်သည် တတိယအစ်ကိုကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး သူ့အတွက် နေရာဖယ်ပေးလိုက်၏။

"မင်း ဒီနေရာကို လာခဲ့စမ်း..."

"ကျွန်တော် လုပ်ပါ့မယ်..."

သူ ခြေတစ်လှမ်းမျှပင် မလှမ်းရသေးမီ သူ၏ ရင်ဘတ်ထဲမှ အသက်ရှူကျပ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများ လန်တက်သွားလေသည်။

လူအုပ်ကြီးမှာ သတိမဝင်ကြသေးပေ။

ချက်ချင်းဆိုသလိုပင် နောက်ထပ် လက်အောက်ငယ်သားနှစ်ဦး ပြေးဝင်လာရာ ၎င်းတို့၏ မျက်နှာများမှာ အလွန်အမင်း ထိတ်လန့်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

"ခေါင်းဆောင်... နောက်ထပ် တစ်ယောက် သေသွားပြန်ပြီ..."

"ရွာထဲမှာ... သရဲတွေ ရှိနေတယ်... လူတော်တော်များများ ဘာအကြောင်းမှမရှိဘဲ သေကုန်ကြပြီ..."

"လူရာချီပြီး... လူရာချီပြီး သေကုန်ကြပြီ..."

ပင်မခန်းမဆောင်အတွင်းရှိ လေထုမှာ ထူးဆန်းနေပြီး ကြောက်ရွံ့ခြင်းကင်းမဲ့သော ဓားပြများပင် ယခုအခါ ကြောက်လန့်နေကြလေပြီ။

ခေါင်းဆောင်သည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွား၏။

ဤအချိန်တွင်။

ရွာတစ်ရွာလုံး ကစဉ့်ကလျားဖြစ်နေပြီး လူတိုင်းမှာ နောက်ထပ် ရုတ်တရက် သေဆုံးမည့်သူ ဖြစ်လာမည်ကို ကြောက်ရွံ့ကာ အထိတ်တလန့် ပြေးလွှားနေကြလေသည်။

"မင်းတို့ ဘာလို့ ထွက်ပြေးနေကြတာလဲ..."

ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဤလူများမှာ သေလုမတတ် ကြောက်လန့်သွားကြမည်ဖြစ်သော်လည်း ယခုအခါ မည်သူကမျှ သူတို့ကို ဂရုမစိုက်ကြဘဲ တောင်ပေါ်စခန်းအပြင်ဘက်သို့သာ ဆက်တိုက် ပြေးထွက်နေကြလေသည်။

"သေချင်နေကြတာလား..."

ခေါင်းဆောင်သည် သူတို့က သူ၏ အမိန့်များကို မနာခံသည်ကို မြင်သောအခါ ချက်ချင်းပင် သူ၏ ခါးမှ ဓားမကြီးကို ဆွဲထုတ်လိုက်လေသည်။

"ခေါင်းဆောင်..."

ဒုတိယခေါင်းဆောင်သည် ဓားကို ဆွဲထုတ်လိုက်သော သူ၏ လက်ကို ဖိချထားလိုက်၏။

"အခြေအနေအရ သူတို့ ထွက်ပြေးနေကြတာ အံ့ဩစရာတော့ မဟုတ်ဘူး... ရွာထဲကနေ ထွက်သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်... လူတွေက ရွာထဲမှာပဲ သေနေကြတာလား..."

သူတို့ မမျှော်လင့်ထားသည်မှာ ရွာမှ ထွက်ခွာလာပြီးနောက်၌ပင် မရေမတွက်နိုင်သော လူများမှာ မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးနေကြဆဲ ဖြစ်သည်။

ယခုမူ…

ပို၍ ကြီးမားသော ကြောက်ရွံ့မှုတစ်ခုက သူတို့ကို ဖမ်းစားလိုက်ပြီး ဓားပြများသည် တောင်ကြားအပြင်ဘက်သို့ ထွက်ပြေးရင်း အော်ဟစ်နေကြလေသည်။

“ပန်းကလေး... နင့်မှာ အငြိုးအတေးတွေ အရမ်းကြီးတာပဲ... အရမ်းကို ကြီးမားလှတယ်..”

ယွင်ဟွားနှင့် အခြားသူများသည် ယခုအခါ ထူးဆန်းသော လေထုဖြင့် ပြည့်နှက်နေသည့် တောအုပ်ကြီးဘေးရှိ တောင်ကြားအဝင်ဝတွင် ရောက်ရှိနေကြလေပြီ။

ခန့်မှန်းနေရန်ပင် မလိုပေ။

၎င်းတို့ထဲမှ အများစုမှာ ရွာသို့ ပြန်ပေးဆွဲခံရကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရပြီးနောက် ထိုနေရာတွင် စွန့်ပစ်ခံခဲ့ရသော မိန်းကလေးများ သို့မဟုတ် ကလေးငယ်များ ဖြစ်ကြသည်။

တောင်ကြားအတွင်းမှ ထွက်ပေါ်လာသော အော်ဟစ်သံများမှာ ပို၍ပို၍ ရှင်းလင်းလာလေသည်။

“ရှောင်ပေပေ့... သူတို့ထဲက တစ်ယောက်မှ ဒီနေရာကနေ ထွက်မသွားနိုင်အောင် အကာအကွယ်အဆောင်လက်ဖွဲ့တစ်ခု ကပ်ထားလိုက်စမ်း..”

နေရာမှာ အမှန်တကယ်ပင် ကောင်းစွာ ပုန်းကွယ်နေသော်လည်း ကံမကောင်းစွာဖြင့် တောင်ကြားမှာလည်း ၎င်းတို့၏ သင်္ချိုင်းမြေ ဖြစ်လာတော့မည် ဖြစ်သည်။

အတားအဆီးအဆောင်လက်ဖွဲ့ သုံးခုစလုံးကို ရှောင်ရှူးရှူးက ယူဆောင်သွားသဖြင့် တရားသူကြီး၏စုတ်တံမှာ သိသိသာသာ မပျော်မရွှင်ဖြစ်ကာ နှုတ်ခမ်းဆူထားလေသည်။

သူသည် အပြုံးတစ်ခုနှင့်အတူ သူ၏ သိုလှောင်နယ်မြေထဲမှ အတားအဆီးအဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ အမြန်ကပ်လိုက်လေသည်။

ယွင်ဟွား…

သူမသည် ခေါင်းဆောင်ဝံပုလွေကြီးထံမှ ခုန်ဆင်းလိုက်ရာ ထိုအချိန်၌ ၎င်း၏ ပြင်းထန်သော အမုန်းတရားများကို အမှန်တကယ် ခံစားလိုက်ရပေသည်။

မှန်ပေသည်၊ ၎င်းသည်လည်း လက်စားချေရန် ရောက်လာခဲ့ခြင်း ဖြစ်၏။

ယွင်ဟွားသည် ဝံပုလွေကို လျစ်လျူရှုကာ ဘေးဘက်သို့ လှည့်လျှောက်သွားလေသည်။

“ပန်းကလေး... ဒါတွေက အဝါရောင်အဆောင်လက်ဖွဲ့တွေနဲ့ ဝိညာဉ်နှိမ်နင်းရေးသံမှိုတွေပဲ... ဒီလွင့်မျောနေတဲ့ ဝိညာဉ်တွေကို နှိမ်နင်းဖို့ ဖြစ်နိုင်တယ်…”

သေခြင်းရှင်ခြင်းစာအုပ်သည် ဒေါသများ ပြည့်နှက်နေပြီး လူတစ်ယောက် သေဆုံးသွားသောအခါ သူတို့၏ ဝိညာဉ်သည် ငရဲပြည်သို့ ပြန်သွားရမည် ဖြစ်သည်။ ဤသောက်ကျိုးနည်း လူယုတ်မာများက ဤလက်စားချေလိုသော ဝိညာဉ်များကို ဤနေရာတွင် တကယ်ပဲ ဖိနှိပ်ထားခဲ့ကြသည်။

“ဟွားဟွားနဲ့ ရှောင်ရှူးရှူး... သူတို့က မကောင်းမှုတွေ အရမ်းလုပ်ထားတော့ လက်စားချေလိုတဲ့ ဝိညာဉ်တွေက သူတို့ကို ခြောက်လှန့်မှာ ကြောက်နေကြတာပဲ..”

တရားသူကြီး၏စုတ်တံက သက်တမ်းများကို ဆက်လက် ခြစ်ထုတ်နေပြီး ဤတစ်ကြိမ်တွင်မူ သူ၏ စိတ်တိုင်းကျ ခြစ်ထုတ်ရန် ဆုံးဖြတ်ထားလေသည်။ ယွင်ဟွား အိမ်ပြန်ရောက်ပြီးနောက် ထိုသူများကို သူက စိတ်ကြိုက် ခြစ်ထုတ်နိုင်တော့မည် မဟုတ်ပေ။

တောင်ကြားအတွင်းမှ အော်ဟစ်သံများမှာ ပို၍ပင် စူးရှလာလေသည်။

ယွင်ဟွားသည် အဝါရောင်အဆောင်လက်ဖွဲ့ကို ဆွဲဖြဲလိုက်ပြီး မိုးကြိုးပစ်ခံရသော သစ်သားကို သူမ၏ သိုလှောင်နယ်မြေထဲသို့ ပြန်ထည့်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း။

ကြက်သီးထဖွယ် လေပြင်းတစ်ရပ်သည် တောအုပ်ကြီးထဲသို့ ဖြတ်သန်းတိုက်ခတ်သွားပြီး မရေမတွက်နိုင်သော အရိပ်မည်းများ ထွက်ပေါ်လာကာ ဟိန်းဟောက်သံများ ထွက်ပေါ်လာလေသည်။ ၎င်းတို့၏ သွေးရောင်လွှမ်းနေသော သူငယ်အိမ်များသည် ယွင်ဟွားကို ဆွဲဖြဲပစ်ချင်နေသည့်အလား ထင်မှတ်ရ၏။

"ငါ့ကို ထိရဲလို့လား..."

ယွင်ဟွားသည် တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူမ၏ လက်များက လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ရာ ပို၍ အစွမ်းထက်သော ယင်စွမ်းအင်လှိုင်းတစ်ခုက ၎င်းတို့ဆီသို့ ရိုက်ခတ်သွားပြီး အရိပ်မည်းများကို ဖိနှိပ်ကာ တုန်ယင်သွားစေလေသည်။

"ငါက ငရဲပြည်ရဲ့ နတ်ဘုရားတစ်ပါးဖြစ်ပြီး နင်တို့ရင်ထဲက နာကျင်မှုတွေကို ငါသိပါတယ်... ငါ နင်တို့ကို ငရဲပြည်ကို ပို့ပေးရမှာပေမဲ့ ငါက မကျေနပ်ချက်တွေကို ညည်းညူပြီး ရန်သူတွေကို လက်စားချေရတာကို နှစ်သက်တဲ့သူတစ်ယောက် ဖြစ်နေတယ်..."

ယွင်ဟွား၏ လက်ကလေးများက ဆက်တိုက် လှည့်ပတ်နေ၏။

"ကံကြမ္မာက ပြန်လည်မွေးဖွားခြင်းဆီကို လှည့်ပတ်သွားတာနဲ့အမျှ ငါ နင်တို့ကို လက်စားချေဖို့ အခွင့်အရေး ပေးမယ်... တစ်ချိန်တည်းမှာပဲ နင်တို့ခန္ဓာကိုယ်ထဲက အငြိုးအတေးတွေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေက ငါ့အပိုင် ဖြစ်သွားလိမ့်မယ်... နင်တို့တွေ နောက်ဘဝမှာ တောက်ပတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

နင်တို့ ဘယ်အချိန် ပြန်လည်မွေးဖွားမလဲဆိုတာကတော့ ငရဲမင်းအပေါ်မှာပဲ မူတည်တယ်လေ။

“လက်ခံလား... လက်မခံဘူးလား..."

All Chapters