← Chapters

ကရုဏာတရားနှင့် အုပ်ချုပ်ခြင်း

Vol. 31 Ch. 310

ကရုဏာတရားနှင့် အုပ်ချုပ်ခြင်း

Vol. 31 Ch. 310

​ယွမ်လီသည် ဆရာသခင်ပေးအပ်သော စာရင်းအပေါ် သံသယမရှိပေ။ ဆရာသခင် မျက်စိကျသော မည်သည့်တပည့်မဆို ပါရမီရှင်ဖြစ်ရမည်မှာ သေချာလှသည်။ သို့သော် သူကိုယ်တိုင် တပည့်လက်ခံရာတွင်မူ မိမိစိတ်တိုင်းကျ ဟုတ်မဟုတ်ကို ကြည့်ရဦးမည် ဖြစ်သည်။

​ယွမ်လီ ထွက်ခွာသွားပြီးနောက် လီချင်းချိုးက မတ်တတ်ရပ်ကာ ဓားဂိုဏ်း ဆီသို့ လမ်းလျှောက်ထွက်ခဲ့၏။ မကြာသေးမီက ဓားဂိုဏ်းအတွင်း ပါရမီရှင်အချို့ ထပ်မံပေါ်ထွက်လာသည်ဟု သိရသဖြင့် သူ သွားရောက်ကြည့်ရှုရန် လိုအပ်ပေသည်။

​လောလောဆယ်တွင် သူ့အား မှင်တက်သွားစေလောက်သည့် ထူးခြားသောကံကြမ္မာမျိုး မတွေ့ရသေးသော်လည်း၊ တပည့်တိုင်းက ချင်းရှောင်ဂိုဏ်း၏ အနာဂတ်ပင် ဖြစ်ရာ သူကိုယ်တိုင် ဂရုတစိုက် ကြည့်ရှုပေးသင့်သည် မဟုတ်ပါလား။

​ရက်အနည်းငယ် ကြာပြီးနောက်……

​ဝေထျန်းရှုံး ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေပုံရပြီး ခါးမှ အဆင့်မြင့် သိုလှောင်အိတ် နှစ်လုံးကို ဖြုတ်ချလိုက်သည်။ ထိုအိတ်နှစ်လုံးသည် တောင်ငယ်နှစ်လုံးစာမျှသော ပစ္စည်းများကို ဆံ့နိုင်စွမ်းရှိပြီး၊ သူသည် အစွမ်းကုန် အားစိုက်ကာ ထုဆစ်ခဲ့ရခြင်း ဖြစ်သည်။ ပစ္စည်းရှားပါးမှုကြောင့် လောလောဆယ်တွင် အမြောက်အမြား ထုတ်လုပ်ရန်မှာမူ မဖြစ်နိုင်သေးပေ။

​“မိစ္ဆာသခင်ရဲ့ မသေမျိုးနန်းတော်ကတော့ တကယ်ကို အံ့သြစရာပဲဗျာ... ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေ ဒီလောက်အထိ အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီသတင်းကို ခင်ဗျား ဘယ်ကရတာလဲ။ အဲဒီနန်းတော်က အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာဆိုတော့ သာမန်လူတွေ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ” ဟု ဝေထျန်းရှုံးက ထိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

​လီချင်းချိုးကမူ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ “တယ်လီပို့အစီအရင် တွေ တည်ဆောက်ရေးကို ရှေ့တိုးလုပ်လို့ ရမလား” ဟု ပြန်မေးလိုက်သည်။

​“ရတာပေါ့... တယ်လီပို့အစီအရင် ရှစ်ခုလောက်အထိ တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းရတယ်။ လောလောဆယ် ကမ္ဘာတစ်ခုလုံးကို မဖြန့်နိုင်သေးပေမဲ့ နယ်စပ်ဒေသတွေအထိ ခရီးဝေး ပို့ဆောင်ဖို့အတွက်ကတော့ မခက်ခဲပါဘူး”

​ဝေထျန်းရှုံး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ချင်းရှောင်ဂိုဏ်း တည်ဆောက်ရေးတွင် အစွမ်းကုန် ပါဝင်လာခဲ့သည့် အချိန်မှစ၍ သူ၏ စိတ်နေသဘောထားမှာလည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။ ယခင်က သူသည် ရှန်ယွမ်ဂိုဏ်းအတွက် ကလဲ့စားချေရန်သာ ချင်းရှောင်ဂိုဏ်းကို ပြုစုပျိုးထောင်ချင်ခဲ့သော်လည်း၊ ယခုမူ ချင်းရှောင်ဂိုဏ်းကို မိမိ၏ ကိုယ်ပိုင်ရင်သွေးကဲ့သို့ တန်ဖိုးထားလာခဲ့လေပြီ။ သူကိုယ်တိုင် ပါဝင်လုပ်ဆောင်ပေးရသော ဂိုဏ်း၏ တိုးတက်မှုတိုင်းအတွက် သူသည်လည်း ဂုဏ်ယူမှုများ ခံစားနေရခြင်း ဖြစ်သည်။

​“တယ်လီပို့အစီအရင်တွေအပြင် ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင် ကိုလည်း ရှေ့တိုးလုပ်ဆောင်လို့ ရပါတယ်။ ချင်းရှောင်အမိန့်ပြား တွေအကြောင်းကိုလည်း ဆက်ပြီး လေ့လာနေတယ်။ အခြေခံစွမ်းရည်အချို့ကိုတော့ မကြာခင် အကောင်အထည်ဖော်နိုင်တော့မယ် ထင်တယ်” ဟု ဝေထျန်းရှုံးက ဆက်ပြောလေသည်။

​လီချင်းချိုးက ခံစားချက်ပါပါဖြင့် “ခင်ဗျား ကျူပ်တို့ဆီ ရောက်လာတာဟာ ချင်းရှောင်ဂိုဏ်းအတွက်တော့ တကယ့်ကို ကောင်းချီးတစ်ခုပါပဲ။ နောင်နှစ်ပေါင်း ထောင်ချီကြာတဲ့အခါ အနာဂတ်တပည့်တွေက ခင်ဗျားရဲ့ ကျေးဇူးကို သတိရနေကြမှာပါ” ဟု မှတ်ချက်ချလိုက်သည်။

​ဤစကားများက ဝေထျန်းရှုံးအား အလွန်ပင် စိတ်ကျေနပ်သွားစေသည်။ သူသည် မူလက လီချင်းချိုး၏ လက်ထဲတွင် အကျဉ်းသားတစ်ဦးသာ ဖြစ်ခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့သော ဆက်ဆံမှုနှင့် အဆင့်အတန်းကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် လီချင်းချိုးကို ပိုမိုလေးစားလာခဲ့ခြင်း ဖြစ်သည်။

​ဝေထျန်းရှုံးသည်လည်း ချင်းရှောင်ဂိုဏ်း၏ အနာဂတ်ကို မျှော်လင့်စပြုလာခဲ့ပြီ။ လီချင်းချိုးသည်လည်း ဤအကြောင်းကို ဆွေးနွေးရသည်မှာ နှစ်သက်လှပေသည်။ အကြောင်းမူကား ဂိုဏ်းက ပိုမိုအစွမ်းထက်လာလေလေ၊ သူ့ရဲ့ အရှိန်အဝါမှာလည်း ပိုမိုကြီးမားလာလေလေ မဟုတ်ပါလား။

​အတန်ကြာပြီးနောက်….

​လီချင်းချိုးက သံသတ္တုရိုင်းဆိပ်ကမ်းမြို့ အပြင်ဘက်မှ တစ္ဆေသင်္ဘော ကိစ္စနှင့် ပတ်သက်၍ ဝေထျန်းရှုံးအား တာဝန်တစ်ခု ထပ်မံပေးအပ်လိုက်ပြန်သည်။

​ဝေထျန်းရှုံးက ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားပြီး “အမှန်တော့ ပင်လယ်ပြင်မှာ ကျင့်ကြံရေးဂိုဏ်းတွေတင်မကဘဲ အမည်မသိတဲ့ အရာတွေ အများကြီး ရှိနေတာပါ။ အဲဒီတစ္ဆေသင်္ဘောက ဘေးဒုက္ခတစ်ခု မဟုတ်ဘဲ အခွင့်အရေးတစ်ခုလည်း ဖြစ်နေနိုင်တယ်။ နောက်ရက်တွေမှာ အစီအရင် တာဝန်တွေကို ခွဲဝေပြီးတာနဲ့ အဲဒီကို တစ်ခေါက် သွားလိုက်ပါ့မယ်” ဟု ဆိုလေသည်။

​လီချင်းချိုးက ခေါင်းညိတ်ပြလိုက်၏။ သူသည် ဤကိစ္စအတွက် အလောတကြီး မရှိလှပေ။

​...

​လီရန်နှင့် မြို့စားမင်းလုချင်းတို့ပြီးနောက်၊ ချင်းရှောင်ဂိုဏ်း၌ ဝိညာဉ်အသိအာရုံအဆင့် သို့ တက်လှမ်းနိုင်သည့် တပည့်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

​ယန်တုန်း၊ ကျူးရွှင်းယန်၊ ရှောင်ဝူတိ၊ ရှောင်ဝူမင်၊ ယန်ရွှမ်နှင့် ဟန်လန်တို့သည် နောက်ဆက်တွဲ သုံးလအတွင်းမှာပင် ဝိညာဉ်အသိအာရုံအဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းနိုင်ခဲ့ကြသည်။ သူတို့၏ အတိဒုက္ခကို ရင်ဆိုင်ကျော်ဖြတ်ခြင်း များမှာ ရက်နီးကပ်စွာ ဖြစ်ပွားခဲ့သဖြင့် တပည့်များအနေဖြင့် ရက်အနည်းငယ်ခြားတိုင်း တစ်စုံတစ်ယောက် အတိဒုက္ခ ကျော်ဖြတ်နေသည်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေ၏။ တပည့်သစ်များပင်လျှင် ကောင်းကင်အတိဒုက္ခ၏ ခမ်းနားလှသော စွမ်းအားများကို မျက်မြင်တွေ့ရှိခဲ့ကြရသည်။

​ဤကဲ့သို့သော အခြေအနေများအောက်တွင် ချင်းရှောင်ဂိုဏ်းတပည့်များ၏ ကျင့်ကြံလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေတော့သည်။

​ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်အရေအတွက် များပြားလာသဖြင့် လီချင်းချိုးလည်း စိတ်သက်သာရာ ရသွားခဲ့သည်။အနည်းဆုံးတော့ အစွမ်းထက်သူများကို တာဝန်ပေးအပ်ရာတွင် ယခင်ကလို သိပ်ပြီး စိုးရိမ်နေစရာ မလိုတော့ပေ။

​အချိန်များ ကုန်လွန်၍ ငါးလမြောက်သို့ ရောက်ရှိလာခဲ့ပြီ…..

​လီချင်းချိုးသည် နောက်ဆုံးတွင် ဝိညာဉ်အသိအာရုံအဆင့် ခုနစ်ဆင့် သို့ ရောက်ရှိသွားခဲ့လေပြီ။ အဆင့်တက်လှမ်းနိုင်ခဲ့သဖြင့် စိတ်လက်ပေါ့ပါးနေစဉ်မှာပင် ဝေထျန်းရှုံး ပြန်လည်ရောက်ရှိလာခဲ့သည်။

​လီချင်းချိုး လင်းရှောင်ခြံဝင်း အတွင်းသို့ ဝင်ရောက်လာသောအခါ၊ စောင့်ဆိုင်းနေသော ဝေထျန်းရှုံးက သူ့အား အလောတကြီး လက်လှမ်းပြလေသည်။

​“သတင်းကောင်းလား” ဟု လီချင်းချိုးက ပြုံးလျက် မေးမြန်းကာ ကုလားထိုင်တွင် ထိုင်လိုက်သည်။

​ဝေထျန်းရှုံးက “အဲဒီတစ္ဆေသင်္ဘောကတော့ တကယ်ကို ဇာစ်မြစ်ရှိတာပဲဗျ။ အဲဒါက မှော်ပစ္စည်း တစ်ခု ဖြစ်ရမယ်။ သံသတ္တုရိုင်းဆိပ်ကမ်းမြို့နားမှာ တွေ့ရတဲ့ သင်္ဘောအရိပ်တွေက ပုံရိပ်ယောင်တွေဖြစ်လို့ လူတွေက ထိလို့မရတာပါ။ အစစ်အမှန် တစ္ဆေသင်္ဘောကတော့ ပင်လယ်ပြင် တစ်နေရာရာမှာ ပိတ်မိနေပုံရတယ်။ ဒီသင်္ဘောက သာမန်မဟုတ်ဘူး... သေသေချာချာ စောင့်ကြည့်ပြီးသလောက်ဆို အဲဒါက ထိပ်တန်းအဆင့်ရှိတဲ့ ဓမ္မသင်္ဘောတစ်စင်းပဲ။ ငါတို့သာ အဲဒါကို ရလိုက်မယ်ဆိုရင် အဲဒီပေါ်က ရတနာတွေကို ထားဦး၊ အဲဒီပေါ်က ကန့်သတ်ချက်တွေနဲ့ အစီအရင်တွေကတင် လေ့လာဖို့ အရမ်းတန်ဖိုးရှိတယ်။ ဒါ့အပြင် ဒီလိုသင်္ဘောတစ်စင်း ပိုင်ဆိုင်ထားတာဟာ ချင်းရှောင်ဂိုဏ်းအနေနဲ့ ကောင်းကင်ငရဲပင်လယ်ကို ချီတက်ဖို့အတွက် အစပျိုးမှုကောင်းတစ်ခု ဖြစ်လာလိမ့်မယ်” ဟု ရှင်းပြလေသည်။

​ပင်လယ်ပြင်သည် ကျယ်ပြောလှသဖြင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အမြဲတမ်း ပျံသန်းနေရန်မှာ မဖြစ်နိုင်ပေ။ မူလချီများကို ပြန်လည်ဖြည့်တင်းရန်အတွက် မြေပြင် သို့မဟုတ် သင်္ဘောပေါ်သို့ ဆင်းသက်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဓမ္မသင်္ဘောများနှင့် ဝိညာဉ်လှေများလို ပင်လယ်ပြင်သွား ကိရိယာများသည် မရှိမဖြစ် လိုအပ်လှပေသည်။

​ကောင်းကင်ငရဲပင်လယ်၏ လှိုင်းတံပိုးများက ကြောက်မက်ဖွယ်ကောင်းလှသကဲ့သို့၊ မိစ္ဆာများနှင့် ဘီလူးသားရဲများလည်း မရေမတွက်နိုင်အောင် ရှိနေကြသည်။ လောကီလူသားများ၏ သင်္ဘောများနှင့်ဆိုပါက ပင်လယ်ကို ဖြတ်ကျော်ရန် မလုံလောက်သဖြင့် လီချင်းချိုးသည် ကောင်းကင်လက်မှုပညာခန်းမမှ တပည့်များအား ထိုကဲ့သို့သော သင်္ဘောများကို သုတေသနပြုရန် တာဝန်ပေးအပ်ထားခဲ့ပြီး ဖြစ်၏။

​“ပိတ်မိနေတာ ဟုတ်လား... ဒါဆိုရင် ရဖို့က မလွယ်လောက်ဘူးပေါ့နော်” ဟု လီချင်းချိုးက တွန့်ဆုတ်စွာ မေးလိုက်သည်။

​ဝေထျန်းရှုံးက ချက်ချင်းပင် “သူ့ရဲ့ ပုံရိပ်ယောင်က သံသတ္တုရိုင်းဆိပ်ကမ်းမြို့နားမှာ ပေါ်လာနိုင်တယ်ဆိုတော့ အစစ်အမှန်သင်္ဘောကလည်း အဲဒီမြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ရှိရမယ်။ အန္တရာယ်ရှိမရှိ ဆိုတာကတော့ ပြောရခက်ပေမဲ့၊ လောကမှာရှိတဲ့ အခွင့်အရေးတွေဆိုတာ တိုက်ယူရတာမျိုးပဲလေ... အန္တရာယ် လုံးဝမရှိဘူးဆိုတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ” ဟု ဆိုလေသည်။

​လီချင်းချိုးက ထိုစကားကို ကြားသောအခါ တွေးတောနေမိ၏။

​“ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး တစ္ဆေသင်္ဘောကို သွားရှာနိုင်ပါတယ်။ ဒါပေမဲ့ကူညီဖို့ ဝိညာဉ်အသိအာရုံအဆင့်ရှိတဲ့ တပည့် ငါးယောက်လောက်တော့ စီစဉ်ပေးရမယ်” ဟု ဝေထျန်းရှုံးက ဆက်ပြောသည်။

​“ငါးယောက်တောင်လား”

​“ဒီလောက်အထိ အများကြီးလား”

​လီချင်းချိုးမှာ ပို၍ပင် တွန့်ဆုတ်သွားမိသည်။

​ဝေထျန်းရှုံးက “အကယ်၍ ငါတို့တွေ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ထူးခြားတဲ့ ကန့်သတ်ချက်တွေနဲ့ ကြုံခဲ့ရင် အခက်အခဲတွေကို ကျော်လွှားဖို့အတွက် လူအင်အား လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် အဲဒီတစ္ဆေသင်္ဘောကို စတင်နှိုးဖို့ဆိုရင် မူလချီ အမြောက်အမြား လိုအပ်တာမို့ လူတစ်ယောက်တည်းနဲ့ ကိုင်တွယ်ဖို့ဆိုတာ မလွယ်ကူဘူးလေ” ဟု ရှင်းပြလေသည်။

​“ကောင်းပြီလေ... ငါ စီစဉ်ပေးပါ့မယ်။ ခင်ဗျား ဘယ်တော့ ထွက်ဖို့ စဉ်းစားထားလဲ”

​“နောက်သုံးရက်နေရင်ပေါ့…. ကောင်းကင်လက်မှုပညာခန်းမကို ပြန်ပြီး အခြေအနေတွေကို စစ်ဆေးရဦးမယ်။ ဟိုတပည့်အုပ်စု တစ်ခုခု မှားယွင်းတာမျိုး မရှိစေချင်လို့ပါ”

​“ကောင်းပါပြီ”

​သူတို့ ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ ဝေထျန်းရှုံးက မတ်တတ်ရပ်ကာ အရိုအသေပေး၍ ထွက်ခွာသွားခဲ့သည်။ လီချင်းချိုးက သူ့ကို ကြည့်ရင်း အတိတ်က ယန်ကျွယ်တိန် ကို သတိရမိလိုက်သည်။ဝေထျန်းရှုံးမှာ အမှန်တကယ်ပင် ကြိုးစားအားထုတ်လှပြီး မိမိကိုယ်မိမိ အနားမပေးဘဲ အလုပ်လုပ်နေသူ ဖြစ်သည်။

​ဤကိစ္စတွင် တစ်စုံတစ်ရာ မသင်္ကာစရာ ရှိမရှိနှင့် ပတ်သက်၍မူ လီချင်းချိုးက ဝေထျန်းရှုံးကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်သည်။ အဓိကမှာ ဝေထျန်းရှုံး၏ သစ္စာစောင့်သိမှု လျော့ကျသွားခြင်း မရှိသောကြောင့်ပင်။

​ယခုတစ်ကြိမ်တွင်လည်း သူသည် ယွမ်လီအား လိုက်ပါသွားစေရန် ဆုံးဖြတ်လိုက်သည်။ ‘ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်’ သည် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကန့်သတ်ချက်များကို လျစ်လျူရှုနိုင်စွမ်း ရှိသည်ဖြစ်ရာ၊ ယွမ်လီ ပါသွားမည်ဆိုပါက ဤကိစ္စမှာ ပိုမိုကိုင်တွယ်ရ လွယ်ကူပေလိမ့်မည်။

​ယွမ်လီအကြောင်း ပြောရလျှင်၊ ထိုကောင်လေးမှာ မကြာသေးမီလများအတွင်း တပည့် ခုနစ်ယောက်အထိ လက်ခံထားခဲ့ပြီး ဖြစ်သည်။ သုံးယောက်မှာ လီချင်းချိုး ပေးအပ်ထားသော ပါရမီရှင်စာရင်းမှ ဖြစ်ပြီး ကျင့်ကြံရေးပါရမီ အလွန်ထူးချွန်ကြသော်လည်း၊ ကျန်လေးယောက်မှာမူ သူကိုယ်တိုင် ဂိုဏ်းအတွင်းမှ ရွေးချယ်ထားသော ပါရမီ သာမန်မျှသာ ရှိသူများ ဖြစ်ကြသည်။ လီချင်းချိုးကမူ ဤအချက်ကို ထုတ်ဖော်မပြောခဲ့ပေ။

​သူ့အနေဖြင့် ဆရာသခင်၏ ‘လူရွေးမှန်ကန်မှု’ ဆိုသည်မှာ စကားသက်သက်မဟုတ်ကြောင်း ယွမ်လီအား ကိုယ်တိုင် သိရှိစေလိုခြင်း ဖြစ်သည်။

​သုံးရက်အကြာတွင် ဝေထျန်းရှုံးက ယွင်ချိုင်၊ ယွမ်လီ၊ ရှောင်ဝူတိ၊ မြို့စားမင်းလုချင်း နှင့် ယန်တုန်းတို့ကို ဦးဆောင်ကာ သံသတ္တုရိုင်းဆိပ်ကမ်းမြို့သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

​ဤလူစာရင်းကို ကြည့်ခြင်းအားဖြင့် လီချင်းချိုးက ဤကိစ္စကို မည်မျှအထိ အလေးထားကြောင်း သိသာလှပေသည်။

​သူတို့တွေ အလွန်ပင် လျင်မြန်စွာ ခရီးနှင်ခဲ့ကြသဖြင့် နာရီဝက်မပြည့်မီမှာပင် သံသတ္တုရိုင်းဆိပ်ကမ်းမြို့သို့ ရောက်ရှိခဲ့ကြပြီး၊ နောက်ဆုံးတွင် ဝိညာဉ်သင်္ဘော တစ်စင်းဖြင့် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ကြလေသည်။

​ဝိညာဉ်သင်္ဘောဟု ဆိုသော်လည်း အမှန်တကယ်မူ ၎င်းမှာ အရှိန်မြှင့်ခြင်းနှင့် ကာကွယ်ရေး အလွှာနှစ်ခုသာ ပါဝင်သော ခပ်ကြီးကြီး ဝိညာဉ်လှေ တစ်စင်းသာ ဖြစ်သည်။

​ယွင်ချိုင်၊ ရှောင်ဝူတိ၊ မြို့စားမင်းလုချင်း နှင့် ယန်တုန်း တို့မှာ သင်္ဘောပဲ့ပိုင်းတွင် ရပ်လျက်၊ သင်္ဘောဦးပိုင်း၌ ယွမ်လီကို အလိုလိုက်ကာ ဂရုတစိုက် ဆက်ဆံနေသော ဝေထျန်းရှုံးကို ကြည့်ရင်း အားလုံး တိတ်ဆိတ်နေကြရသည်။

​ဝေထျန်းရှုံးမှာ ပုံမှန်အားဖြင့် မည်မျှအထိ မောက်မာသူနည်း။ သူသည် သူတို့လို ပါရမီရှင်များကိုပင် မျက်စိထဲ မထည့်ခဲ့သူ ဖြစ်၏။ အရေးကြီးဆုံးမှာ ဝေထျန်းရှုံးမှာ အမှန်တကယ်ပင် အစွမ်းထက်လှပြီး သူတို့က မယှဉ်နိုင်သဖြင့် ထိုမောက်မာမှုကို သူတို့ နားလည်ပေးနိုင်ခဲ့ကြသည်။

​သို့သော်လည်း...

​ဤမြင်ကွင်းမှာ သူတို့အား စိတ်ပျက်အားငယ်စေခဲ့သည်။ ထင်ရှားသည်မှာ ဝေထျန်းရှုံး၏ မျက်လုံးထဲတွင် သူတို့သည် ယွမ်လီနှင့် တူညီသော အဆင့်အတန်းရှိသည့် ပါရမီရှင်များ မဟုတ်ကြပေ။

​“စီနီယာအစ်ကိုယွမ်လီရဲ့ သွေးနဲ့ချီတွေကတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ... အနားမှာ ရပ်နေရုံနဲ့တင် ငါ့ကို ကြီးမားတဲ့ ဖိအားတွေ ပေးနေတယ်” ဟု ရှောင်ဝူတိက ခံစားချက်ပါပါဖြင့် မှတ်ချက်ချလိုက်သည်။

​ထိုစကားကို ကြားသောအခါ မြို့စားမင်းလုချင်းနှင့် ယန်တုန်းတို့ကလည်း ထောက်ခံကြသည်။ သူတို့သည် ဂိုဏ်းသို့ စောစီးစွာ ဝင်ရောက်ခဲ့သူများဖြစ်ရာ ယွမ်လီနှင့် ပိုမိုရင်းနှီးကြ၏။ ယွမ်လီ၏ အသွင်ကူးပြောင်းမှုကို သူတို့ နားမလည်နိုင်ကြသော်လည်း၊ လက်ရှိယွမ်လီမှာ အလွန်ပင် စွမ်းအားကြီးမားနေပြီဖြစ်ကြောင်းကိုမူ ဝန်ခံကြရပေသည်။

​ယွင်ချိုင်ကမူ တစ်ခွန်းမျှ မပြောပေ။ သူမသည် ယွမ်လီကို ကြည့်ရင်း မိမိ၏ ကျင့်ကြံမှုအကြောင်းကို တွေးတောနေမိသည်။

​အကယ်၍ သူမသာ ထိုက်ချင်း ဟွမ်ယွမ်ကျမ်းစာကို ဆက်လက်လေ့လာမည်ဆိုပါက မိမိ၏ မူလချီနှင့် သွေးနှင့်ချီများကို ယွမ်လီကဲ့သို့ အစွမ်းထက်လာအောင် လုပ်နိုင်ပါမည်လား။

​‘မဟုတ်ဘူး... ဒါဟာ ကျင့်စဉ်ကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ မွေးရာပါ ပါလာတဲ့အရာနဲ့ ပိုတူတယ်။ သူပဲဖြစ်ဖြစ်၊ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွေဟာ တခြားသူတွေနဲ့ လုံးဝ ကွဲပြားနေတာပဲ’

​ယွင်ချိုင်သည် သူမ၏ အတွေးကို စိတ်ထဲမှ ပြန်လည်ပယ်ဖျက်လိုက်သည်။

​ရုတ်တရက်ဆိုသလိုပင် သူမ၏ စိတ်ထဲ၌ ရဲရင့်လှသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။

​‘ယွမ်လီက ဂိုဏ်းချုပ် တိတ်တဆိတ် မွေးထားတဲ့ သားများလား...’

​ဂိုဏ်းချုပ်သည် မိမိ၏ သွေးမျိုးဆက် မည်မျှ သန်မာကြောင်း သိရှိထားသဖြင့် ယွမ်လီအပေါ် အမြဲတမ်း မျှော်လင့်ချက်များ ထားရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ လူအများက မည်မျှပင် သံသယဝင်စေကာမူ သူသည် ကိုယ်ပိုင် အတွေးအပေါ်၌သာ အမြဲတမ်း ခိုင်မာနေခဲ့သည် မဟုတ်ပါလား။

​သူမ တွေးမိလေလေ၊ ဖြစ်နိုင်ခြေ ပိုများလေလေဟု ခံစားလာရသည်။

​ထို့ကြောင့် ယွမ်လီကို သူမ ကြည့်သည့် အမြင်မှာလည်း ပြောင်းလဲသွားခဲ့လေပြီ။

​ဝေထျန်းရှုံးမှာ ယွမ်လီအား ဂရုတစိုက် ရှိနေသော်လည်း၊ ဝိညာဉ်သင်္ဘောကိုမူ အဆက်မပြတ် မောင်းနှင်နေခဲ့သည်။ သင်္ဘောမှာ အလွန်ပင် လျင်မြန်လှသဖြင့် မကြာမီမှာပင် ရှေ့ရှိ ပင်လယ်ပြင် မိုးကုတ်စက်ဝိုင်း၌ မြူများ ဆိုင်းလာသည်ကို တွေ့လိုက်ရ၏။

​ယွင်ချိုင်သည် အတွေးလွန်နေခြင်းကို ရပ်တန့်ကာ သူမ၏ ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး ကို ဖွင့်လိုက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် သေသေချာချာ စောင့်ကြည့်နေလိုက်လေတော့သည်။

​...

​“ဦးလေးကြီး! ဦးလေးကြီး!”

​လီချင်းချိုး၏ မသေမျိုးဂူ အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ လီရှို့မင်ပင် ဖြစ်၏။

​လီချင်းချိုး ဂူ၏ ကျောက်တံခါးကို ဖွင့်လိုက်ရာ လီရှို့မင်မှာ အလျင်အမြန် ပြေးဝင်လာခဲ့သည်။ လီချင်းချိုးမှာ သူ့အား ကြည့်ရင်း အတန်ကြာ မှင်တက်သွားမိသည်။

​အသက် ဆယ့်သုံးနှစ်အရွယ် လီရှို့မင်သည် လီစစ်ဖုန်း နှင့် အလွန်ပင် တူလွန်းလှသဖြင့်၊ တစ်ပုံစံတည်းဟုပင် ဆိုရပေမည်။

​“ဦးလေးကြီး... ကျွန်တော့်ဘက်ကနေ ကူပြောပေးပါဦး! ကျွန်တော် တာဝန်ခန်းမ ထဲကို ဝင်ချင်တာကို အဖေက ခွင့်မပြုဘူးဗျ!” ဟု လီရှို့မင်က ဒေါသတကြီး ပြောလိုက်သည်။

​သူသည် အသက် ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း၊ ထူးချွန်သည့်အဆင့် ကျင့်ကြံရေးပါရမီကြောင့် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ လီရှို့မင်၏ တည်ရှိမှုမှာ လက်ရှိပါရမီရှင်များအားလုံးကို အရောင်မှိန်သွားစေပြီး၊ အတိတ်က ကျောက်ကျိန်းကဲ့သို့ပင် ဖြစ်နေတော့သည်။

​လီချင်းချိုးက …. “မင်းက ဘာလို့ တာဝန်ခန်းမထဲကို ဝင်ချင်ရတာလဲ” ဟု မေးမြန်းလိုက်၏။

​လီရှို့မင်က “ကျွန်တော် တောင်အောက်ဆင်းပြီး အတွေ့အကြုံ ယူချင်တာပေါ့။ ချင်းရှောင်ဂိုဏ်းရဲ့ နယ်မြေမြေပုံကို ပိုပြီး ကျယ်ပြန့်အောင် လုပ်ချင်တယ်။ ကိုးပြည်ထောင်နယ်မြေက နည်းနည်း သေးလွန်းတယ်လို့ ကျွန်တော် ခံစားရတယ်” ဟု ပြန်လည်ဖြေကြားလေသည်။

​လီချင်းချိုးက “မင်း လူလားမြောက်တဲ့ အရွယ်ရောက်ရင်၊ ဒါမှမဟုတ် ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်သွားရင်တော့ တာဝန်ခန်းမထဲဝင်ပြီး တောင်အောက်ဆင်းဖို့ ငါ သဘောတူပေးမယ်” ဟု ဆိုလိုက်သည်။

​ထိုစကားကို ကြားသောအခါ လီရှို့မင်မှာ ဂျီမတိုက်တော့ဘဲ မျက်လုံးများ တောက်ပသွားကာ “တကယ်လား ဦးလေးကြီး” ဟု မေးလိုက်သည်။

​“တကယ်ပေါ့”

​“ကျေးဇူးတင်ပါတယ် ဦးလေးကြီး! ဦးလေးကြီးကတော့ ကျွန်တော့်အပေါ်မှာ အကောင်းဆုံးပဲ”

​“မင်းကတော့ တာဝန်ခန်းမထဲ ဝင်ချင်နေပြီ... ဒါနဲ့ မင်းရဲ့ အစ်ကိုရော ဘယ်လိုလဲ”

​လွန်ခဲ့သော နှစ်နှစ်အတွင်း လီရှို့မင်သည် လီရှို့ကျန်းနောက်သို့ တကောက်ကောက် လိုက်ရသည်ကို မနှစ်သက်တော့ဘဲ၊ သူတို့ နှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး တမင်တကာ ဝေးကွာအောင် နေထိုင်နေကြသည်ကို လီချင်းချိုး သတိပြုမိထားခြင်း ဖြစ်သည်။

​ထင်သည့်အတိုင်းပင်…

​လီချင်းချိုးက လီရှို့ကျန်းအကြောင်း မေးလိုက်သောအခါ လီရှို့မင်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းမဲ့ကာ “သူ ဘာတွေးနေလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ” ဟု ဆိုလေသည်။

​လီချင်းချိုးက “မင်းတို့ နှစ်ယောက် ရန်ဖြစ်ထားကြလို့လား” ဟု မေးလိုက်တော့…

​“မဟုတ်ပါဘူး... အနာဂတ်အကြောင်း ပြောကြရင်းနဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်တွေ မတူတာကို သိလိုက်ရလို့ပါ။ ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် လောင်းကြေးထပ်လိုက်ကြတယ်... ကိုယ့်စိတ်ကူးအတိုင်း ကိုယ် လုပ်ကြည့်ကြမယ်၊ အနာဂတ်မှာ ဘယ်သူက မှန်မလဲဆိုတာ ကြည့်ကြတာပေါ့” ဟု လီရှို့မင်က ပြန်ဖြေသည်။

​လီချင်းချိုးမှာ စိတ်ဝင်စားသွားပြီး “ဘယ်လို အနာဂတ်မျိုးလဲ” ဟု စပ်စုလိုက်သည်။

​လီရှို့မင်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ…. “ကျွန်တော်တို့တွေ အနောက်ဘက်အရပ်ကို သွားပြီး တစ်ယောက်တစ်နိုင်ငံစီ တည်ထောင်ဖို့ စီစဉ်ထားကြတာ။ သူကတော့ ကရုဏာတရား နဲ့ အုပ်ချုပ်ချင်တာတဲ့၊ ကျွန်တော်ကတော့ အာဏာစက်နဲ့ပဲ အုပ်ချုပ်မှာ။ အဲဒီအခါကျရင် ဘယ်သူ့နိုင်ငံက ပိုပြီး အစွမ်းထက်မလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ဆိုလေသည်။

​ထိုစကားကို ကြားလိုက်ရသောအခါ လီချင်းချိုး မှင်တက်သွားရလေတော့သည်။

​ဤကလေး နှစ်ယောက်မှာ အသက် မည်မျှ ရှိသေးလို့ ဤမျှအထိ အဝေးကြီးကို ကြံစည်နေရဲကြသနည်း။

​

All Chapters