← Chapters

သန့်စင်သောခန္ဓာကိုယ်ကို ရှာဖွေနိုင်သည့် အခွင့်အရေး

Vol. 31 Ch. 305+306

သန့်စင်သောခန္ဓာကိုယ်ကို ရှာဖွေနိုင်သည့် အခွင့်အရေး

Vol. 31 Ch. 305+306

​လီချင်းချိုး မျက်လုံးများကို ဖွင့်လိုက်သည့် အချိန်မှစ၍ တစ်နာရီခန့် ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

​“ဟူး...”

​သူသည် အတွင်းရှိ ညစ်ညမ်းသောလေများကို အပြင်သို့ မှုတ်ထုတ်လိုက်၏။လက်ရှိတွင် ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ဆက်လက်တိုးပွားခြင်းမရှိတော့ဘဲ ပြည့်ဝစုံလင်လှသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

​ယခုအခါ ‘အကြိမ်တစ်ရာ သန့်စင်ခြင်း မိစ္ဆာခန္ဓာကိုယ်’ သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှု ရှိကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ ယွမ်လီနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ပါက၊ အဆတစ်ရာမျှ မကွာခြားသော်လည်း အဆပေါင်း ဆယ်ဂဏန်းကျော်မျှမူ သေချာပေါက် သာလွန်နေပေသည်။

​ဤရှုထောင့်မှ ကြည့်လျှင် ‘အကြိမ်တစ်ရာ သန့်စင်ခြင်း မိစ္ဆာခန္ဓာကိုယ်’ ၏ အလားအလာကို သူ လျှော့တွက်ထားခဲ့မိခြင်း ဖြစ်၏။

​မည်သည့်စွမ်းအားနှင့်မဆို အပြည့်အဝ ပေါင်းစပ်နိုင်စွမ်းရှိသည့် ၎င်း၏အရည်အသွေးမှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှပေသည်။

​သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ကိုယ်လက်အကြောဆန့်လိုက်ရာ၊ ခန္ဓာကိုယ်မှ ထူးဆန်းသော အရိုးမြည်သံများ ထွက်ပေါ်လာလေသည်။

​နန်ကုန်းအာနှင့် လင်းချွမ်တို့က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် အနားသို့ ချဉ်းကပ်လာကြ၏။

လင်းချွမ်က မနေနိုင်ဘဲ “စီနီယာအစ်ကို... အစ်ကိုနဲ့ ယွမ်လီက တူညီတဲ့ နတ်ဘုရားအတတ်ပညာကို ကျင့်ကြံနေကြတာလား။” ဟု မေးမြန်းလိုက်သည်။

​လီချင်းချိုးက ပြုံးလိုက်ပြီး…. “ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ ဒါက ငါ့ရဲ့ လျှို့ဝှက်ချက်ပဲ။ ယွမ်လီတောင် သိလို့မဖြစ်ဘူး၊ နားလည်လား။” ဟု ဆိုလေသည်။

​လင်းချွမ်က ဘယ်တော့မှ မပြောပါဟု ချက်ချင်းပင် ကတိပေးလိုက်သလို နန်ကုန်းအာသည်လည်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

​မည်သို့ပင်ဆိုစေ လီချင်းချိုး ပိုမိုသန်မာလာလေလေ၊ သူတို့အတွက် ပိုကောင်းလေလေပင် မဟုတ်ပါလား။

​တစ္ဆေကျင့်ကြံသူများ ဖြစ်လာကြပြီးနောက်တွင်မူ သူတို့၌ ရည်မှန်းချက်အသစ်များ ရှိနေကြပြီ ဖြစ်၏။ သူတို့သည် ဝိညာဉ်များ လွင့်စင်ပျောက်ကွယ်သွားခြင်း သို့မဟုတ် လူပြန်ဝင်စားခြင်းမျိုးကို မလိုလားကြတော့ပေ။

​ထို့နောက်တွင်မူ လီချင်းချိုးက မသေမျိုးဂူ၏ ကျောက်တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူသည် ‘ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်’ ၏ စွမ်းအားကို ဆက်လက်လေ့လာလိုခြင်း ဖြစ်၏။

​ယခုအခါ သူသည် နှိုင်းယှဉ်၍မရနိုင်လောက်သော ရုပ်ပိုင်းဆိုင်ရာခွန်အားကို ခံစားနေရသော်လည်း၊ ခန္ဓာကိုယ်၏ ကိုယ်တိုင်ကုသနိုင်စွမ်းနှင့် ပတ်သက်၍မူ ရှင်းလင်းသော နားလည်မှု မရှိသေးပေ။

​ထို့အပြင် ကြီးစိုးသူခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအပေါ် တစ်စုံတစ်ရာသော ထိန်းချုပ်နိုင်စွမ်းလည်း ရှိနေသေးရာ၊ ၎င်းက သူ့ကို များစွာ စပ်စုလိုစိတ် ဖြစ်ပေါ်စေသည်။

​သူသည် မသေမျိုးဂူထဲမှ ခြေလှမ်းလှမ်းထွက်လိုက်သောအခါ၊ နေရောင်ခြည်များက လီချင်းချိုး၏ ကိုယ်ပေါ်သို့ ဖြာကျလာလေသည်။

​ဆောင်းလယ်ကာလဖြစ်၍ ချင်းရှောင်တောင်ပေါ်တွင် နှင်းများ ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း၊ နေရောင်ခြည်မှာမူ နွေးထွေးလှပေသည်။

​တောက်ပလှသော နေဝန်းကြီးကို မျက်နှာမူလျက် ပျင်းရိစွာဖြင့် ကိုယ်လက်အကြောဆန့်လိုက်သည်။

​ချင်းရှောင်ဂိုဏ်းအနေဖြင့် ဘေးဒုက္ခကြီးမှ လွတ်မြောက်လာခဲ့ခြင်းအပေါ် ကောင်းကင်ဘုံကပင် ဂုဏ်ပြုနေသကဲ့သို့ ရှိနေသည်။

​လီချင်းချိုး အစောပိုင်းက အလောတကြီး ထွက်ခွာလာခဲ့ခြင်းမှာ ထိုမိစ္ဆာသားရဲများက ယွမ်လီအား ဘာမှမတတ်နိုင်ကြကြောင်း သူ အသေအချာ သိရှိထားသောကြောင့် ဖြစ်၏။ ဖြစ်နိုင်သည်မှာ ဤဘေးဒုက္ခကြီးကို ယွမ်လီ တစ်ယောက်တည်းနှင့်ပင် အဆုံးသတ်နိုင်ပေလိမ့်မည်။

​“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က.....”

​ဘေးဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ လီချင်းချိုး လှည့်ကြည့်လိုက်သောအခါ သစ်တောအတွင်း၌ ရပ်လျက် မိမိအား ကြောင်တောင်တောင် စိုက်ကြည့်နေသော ယွင်ချိုင်ကို တွေ့လိုက်ရသည်။

​သူ အပြင်သို့ မထွက်မီကပင် သူမ၏ အရှိန်အဝါကို သူ အာရုံခံမိပြီး ဖြစ်သည်။ သူမ၏ အမူအရာကို မြင်တွေ့ရသောအခါ အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်မိသည်။

​ယခုအခါ ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး၏ မြင်ကွင်းအတွင်း၌ မိမိကိုယ်မိမိ မည်သို့သော ပုံစံမျိုးဖြင့် မြင်တွေ့နေရမည်နည်းဟု သူ သိလိုနေမိသည်။

​“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

​ယွင်ချိုင်သည် လီချင်းချိုးကို ကြည့်ရင်း သူမ၏ ရင်ထဲ၌ တုန်လှုပ်မှုလှိုင်းလုံးများ ပြင်းထန်စွာ ရိုက်ခတ်နေလေသည်။

​လီချင်းချိုး၏ မူလချီမှာ ယခင်ကပင် တောက်ပလှသော နေမင်းကြီးအလား သန်မာခဲ့သော်လည်း၊ ယခုမူ ထိုထက်ပင် ပိုမိုလွန်ကဲနေခဲ့ပြီ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ မူလချီထက်ပင် ပိုမိုသန်မာနေလေသည်။ သူသည် ထိုနေရာ၌ ရပ်နေရုံမျှဖြင့်ပင် သူမအား အတိုင်းအဆမရှိသော ဖိအားများကို ခံစားရစေသည်။

​လီချင်းချိုးအနေဖြင့် ချင်းရှောင်တောင်ကြီးကိုပင် လက်ဖြင့် ဖိချေပစ်နိုင်သည်ဟု သူမ ခံစားနေရသည်။

လီချင်းချိုး၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက ပေးစွမ်းနေသော ခံစားချက်မှာ ယွမ်လီနှင့် ဆင်တူသော်လည်း၊ ထိုထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှရာ၊ သူတို့နှစ်ဦးမှာ တူညီသော အဆင့်အတန်း၌ပင် မရှိကြပေ။

​‘ယွမ်လီ ဒီလောက်အထိ သန်မာနေတာက ဂိုဏ်းချုပ်ဆီက အမွေအနှစ်ကို ရရှိထားလို့ကိုး...’

​ယွင်ချိုင်သည်လည်း လင်းချွမ်နှင့် နန်ကုန်းအာတို့ကဲ့သို့ပင် တွေးတောမိလိုက်လေသည်။

​လီချင်းချိုး၏ ကျယ်ပြောလှသော မူလချီနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို ကြည့်ရင်း၊ ယွင်ချိုင်သည် လက်ရှိ ဂိုဏ်း၏ အကျပ်အတည်းမှာ ဘာမှမဟုတ်တော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။

​ဤမျှကြီးမားသော စွမ်းအား၏ ရှေ့မှောက်၌ မည်သို့သော အကြံအစည် သို့မဟုတ် လှည့်ကွက်များမဆို အဓိပ္ပာယ်မဲ့သွားရစမြဲပင်။

​လီချင်းချိုးက “ဘာဖြစ်လို့လဲ... ကိစ္စတစ်ခုခု ရှိလို့လား။” ဟု မေးမြန်းလိုက်သည်။

​သူသည် ယွင်ချိုင်၏ စရိုက်ကို ကောင်းစွာ နားလည်သည်။ သူမသည် မိမိ၏ ပြောင်းလဲမှုများကို အပြင်သို့ ပြောဆိုမည့်သူ မဟုတ်ပေ။ ယနေ့အချိန်အထိ ယွင်ချိုင်၏ ‘ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး’ ၏ ထူးခြားလှသော အကျိုးသက်ရောက်မှုများကို မည်သူမျှ မသိရှိကြသကဲ့သို့၊ သူမ မြင်တွေ့နေရသော ခွန်အားကွာဟချက်များကိုလည်း သူမက အပြင်သို့ မဖြန့်ဝေခဲ့ပေ။

​ထိုစကားကို ကြားသောအခါ ယွင်ချိုင်က အသိပြန်ဝင်လာပြီး “ဘာမှမဟုတ်ပါဘူး... ကျွန်မ ဒီအတိုင်း ဖြတ်သွားတာပါ။” ဟု ဆိုလေသည်။

​ပြောပြီးသည်နှင့် သူမသည် အရိုအသေပေးရန်ပင် မေ့လျော့လျက် လှည့်ထွက်သွားခဲ့သည်။

​သူမသည် မူလက ယွမ်လီ၏ ပြောင်းလဲမှုများနှင့် ပတ်သက်၍ လီချင်းချိုးအား မေးမြန်းရန် လာခဲ့ခြင်းဖြစ်သော်လည်း၊ ယခုမူ မေးမြန်းရန် မလိုအပ်တော့ဟု သူမ ခံစားလိုက်ရသည်။

​ကြီးမားသော ရိုက်ခတ်မှုကို ခံစားလိုက်ရသဖြင့်၊ ပြန်လည်၍ အပြင်းအထန် ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေသည်။ အကြောင်းမူကား ယခုမှစ၍ သူမ၏ ရှေ့တွင် ယွမ်လီဟူသော ပြိုင်ဘက်အသစ်တစ်ဦး ၊အခြားတပည့်များထက် ပိုမိုကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း သူမ သိရှိသွားသောကြောင့်ပင်။

​ယွင်ချိုင် ဤမျှအထိ ရုတ်တရက် ထွက်ခွာသွားသည်ကို မြင်တွေ့ရသောအခါ လီချင်းချိုးမှာ ခေါင်းယမ်းလျက် ရယ်မောလိုက်မိသည်။

​သူသည် ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စတင်အာရုံခံလိုက်သည်။

​ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက နက်နဲဆန်းကြယ်လှသော်လည်း၊ ကြီးစိုးသူခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ရပြီဖြစ်သော လီချင်းချိုးမှာမူ ၎င်းတို့ကို အာရုံခံနိုင်နေပြီ ဖြစ်သည်။

​တောင်တန်းများ၌ စွမ်းအားရှိသကဲ့သို့၊ လေနှင့်ရေတို့၌လည်း စွမ်းအားရှိကြသည်။လောကရှိ အရာအားလုံးတွင် ကိုယ်ပိုင်စွမ်းအားများ ရှိကြပေသည်။ ကြီးစိုးသူခန္ဓာကိုယ်သည် ထိုစွမ်းအားများကို တိုက်ပွဲများအတွင်း စုစည်းအသုံးပြုနိုင်ပေသည်။

​ဤစွမ်းအားမှာ အမှန်တကယ်ပင် ထူးခြားလှသည်ဟု ဆိုရပေမည်။ ၎င်းတို့မှာ မိမိပိုင်ဆိုင်သော စွမ်းအားများမဟုတ်ကြသော်လည်း၊ တိုက်ပွဲများအတွင်း မိမိ၏ မူလချီနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အား သုံးစွဲမှုကို များစွာ လျှော့ချပေးနိုင်မည် ဖြစ်၏။

​[ချင်းရှောင်ဂိုဏ်း၌ ‘ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ’ တစ်ဦး ပထမဆုံးအကြိမ် နိုးထလာသဖြင့်၊ တာအိုမျိုးဆက်၏ ကံတရား မြင့်တက်လာသည့်အတွက်၊ သင်သည် ‘ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်များအား ရှာဖွေနိုင်သည့် အခွင့်အရေး’ တစ်ခု ရရှိပါသည်။]

​[ချင်းရှောင်ဂိုဏ်းအနေဖြင့် မိစ္ဆာအင်အားစုများ၏ အပြည့်အဝ ကျူးကျော်မှုကို အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့ပြီး၊ တာအိုမျိုးဆက်၏ စွမ်းအားကို သက်သေပြနိုင်ခဲ့သည့်အတွက်၊ သင်သည် ‘ကံကြမ္မာရွေးချယ်ခွင့်’ တစ်ခု ရရှိပါသည်။]

​လီချင်းချိုး၏ မျက်စိရှေ့၌ သတိပေးချက် နှစ်ခု ဆက်တိုက် ပေါ်ထွက်လာသဖြင့် အံ့အားသင့်သွားရသည်။

​ကံထူးသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ရှင်များအား ရှာဖွေနိုင်သည့် အခွင့်အရေးတဲ့လား….

​ဤသို့သော ဆုလာဘ်မျိုးမှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းပင်။

​၎င်းမှာ နောက်ထပ် ယွမ်လီတစ်ယောက်ကို ရှာဖွေနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

​ဒါဟာ ကောင်းတဲ့ကိစ္စပဲ!

​လီချင်းချိုး ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေသည်။ ယခုတစ်ကြိမ် ရရှိလိုက်သော အကျိုးအမြတ်မှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ မိမိကိုယ်တိုင်သာမက ဂိုဏ်းတစ်ခုလုံးပါ အကျိုးကျေးဇူးများ ရရှိခဲ့ကြခြင်း ဖြစ်ပေသည်။

​ယခုမူ လီချင်းချိုး၏ စိတ်ထဲ၌ နောက်ထပ် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။

​ဝိညာဉ်အသိအာရုံအဆင့်ထက် မြင့်မားသော ‘နေမင်းထွန်းလင်းခြင်းနယ်ပယ်’သည် မည်မျှအထိ သန်မာသနည်း။

​သူသည် အလွန်အမင်း သန်မာလှသော ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပိုင်ဆိုင်ထားသော်လည်း၊ မိမိနှင့် နေမင်းထွန်းလင်းခြင်းနယ်ပယ်ကြားမှ ကွာဟချက်ကိုမူ အသေအချာ မသိရှိနိုင်သေးပေ။

​ကျင့်ကြံရေးလမ်းစဉ်မှ အဓိကနယ်ပယ်အဆင့်အတန်း ခွဲခြားမှုများသည် မူလချီခွန်အား ကွာခြားရုံမျှသာ မဟုတ်ကြပေ။ ဝိညာဉ်အသိအာရုံအဆင့်၌ အသုံးပြုမှုနယ်ပယ် ကျယ်ပြန့်လှသော ဝိညာဉ်အသိအာရုံကို ပိုင်ဆိုင်ရသကဲ့သို့၊ နေမင်းထွန်းလင်းခြင်းနယ်ပယ်၌လည်း ၎င်း၏ ကိုယ်ပိုင်ထူးခြားချက်များ သေချာပေါက် ရှိနေပေလိမ့်မည်။

​သူသည် ဝေထျန်းရှုံးကို ရှာဖွေကာ သေသေချာချာ မေးမြန်းကြည့်ရမည် ဖြစ်၏။

​ခုနက သတိပေးချက်အရဆိုလျှင်၊ ကိုးပြည်ထောင်နယ်မြေတစ်ခွင်၌ ဆူပူလှုပ်ရှားနေသော မိစ္ဆာအင်အားစုများ ပြိုလဲသွားခဲ့ပြီဖြစ်ကြောင်း လီချင်းချိုး အသေအချာ သိရှိလိုက်ရသည်။ ချင်းရှောင်ဂိုဏ်းသည် ဤဘေးဒုက္ခကြီးမှ လွတ်မြောက်ခဲ့ပြီဖြစ်ရာ၊ သူသည်လည်း နောက်ဆုံးတွင် စိတ်အေးသွားနိုင်ခဲ့ပြီ ဖြစ်၏။

​နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ယွမ်လီ ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။

​ဤဘေးဒုက္ခကြီးက ချင်းရှောင်ဂိုဏ်း၌ အားနည်းချက်များစွာ ရှိနေသေးကြောင်း လီချင်းချိုးကို သိရှိစေခဲ့သည်။ သူသည် သူတို့အား နောက်ထပ် တစ်ဆင့် တိုးတက်လာအောင် တွန်းအားပေးရန် လိုအပ်ပေသည်။

​ထို့နောက်တွင်မူ လီချင်းချိုးက ဝေထျန်းရှုံး၏ မသေမျိုးဂူဆီသို့ ပျံသန်းသွားလေတော့သည်။

​ဝေထျန်းရှုံးသည်လည်း ချင်းရှောင်တောင်ပေါ်၌ပင် နေထိုင်ခြင်းဖြစ်ပြီး၊ လီချင်းချိုး၏ ဂူနှင့် သိပ်မဝေးလှပေ။ ထိုအချိန်၌ သူသည် ဂူအတွင်း၌ မရှိဘဲ၊ ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်လျက် မျက်မှောင်ကြုံ့ကာ အဝေးသို့ လှမ်းကြည့်နေသည်။

​လီချင်းချိုး သူ့​ဘေး၌ ဆင်းသက်လိုက်သောအခါ၊ သူသည် အသိပြန်ဝင်လာပြီး ဂိုဏ်းချုပ်အား အရိုအသေပေးရန် လှည့်လိုက်လေသည်။

​“ဂိုဏ်းချုပ်... အဲဒီ အစွမ်းထက်တဲ့ အရှိန်အဝါကို ဂိုဏ်းချုပ်လည်း ခံစားမိလိုက်တယ် မဟုတ်လား။”ဟု ဝေထျန်းရှုံးက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

​ယွမ်လီ၏ အရှိန်အဝါက သူ့အား ထိတ်လန့်သွားစေခဲ့သဖြင့်၊ ၎င်းမှာ ရန်သူတစ်ဦး ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် သတိလက်လွတ် သွားရောက်ကြည့်ရှုခြင်း မပြုရဲခဲ့ပေ။

​သူ့ရဲ့ ကျင့်ကြံမှုမှာလည်း အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသဖြင့်၊ အရာရာကို သတိကြီးစွာ ထားရှိနေရခြင်း ဖြစ်၏။

​“ငါ ခံစားမိပါတယ်။ မင်း စိုးရိမ်စရာ မလိုပါဘူး။ အဲဒါ ငါ့ရဲ့ တပည့်တစ်ယောက်ပဲ၊ မင်းလည်း သူ့ကို တွေ့ဖူးပါတယ်။” ဟု လီချင်းချိုးက တည်ငြိမ်စွာ ပြောကြားလိုက်သည်။

​“တပည့်တစ်ယောက်တဲ့လား... ဘယ်သူလဲဟင်။”

​ဝေထျန်းရှုံးမှာ အံ့အားသင့်သွားရသည်။ လီချင်းချိုး၏ အစွမ်းအထက်ဆုံးတပည့်မှာ ဝိညာဉ်အသိအာရုံအဆင့်၌သာ ရှိသေးသည် မဟုတ်ပါလား။ သူတို့က မည်သို့ကြောင့် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်နိုင်ရသနည်း။

​လီချင်းချိုးက ဖုံးကွယ်ထားခြင်း မရှိဘဲ “ယွမ်လီပါ… သူက ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာပါ။” ဟု ပြန်လည်ဖြေကြားလိုက်သည်။

​ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည့် အချိန်မှစ၍ ဝေထျန်းရှုံး၏ သစ္စာစောင့်သိမှုမှာ အစဉ်တစိုက် မြင့်တက်လာခဲ့ပြီး၊ သူ၏ စရိုက်မှာလည်း ယုံကြည်ထိုက်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

​ယွမ်လီတဲ့လား….

​ဝေထျန်းရှုံး၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံမှုပဲ ရှိသေးတာကို ငါ မှတ်မိနေပါတယ်။ ဒီလောက်အထိ ကြီးမားတဲ့ အဆင့်ကျော်တာမျိုးဆိုရင်... သူက ရှေးဟောင်း ‘လူသားတို့ရဲ့ သန့်စင်သောခန္ဓာကိုယ်’ ပိုင်ရှင်တစ်ဦးများ ဖြစ်နေလို့လား။” ဟု အံ့သြတကြီး ရေရွတ်လိုက်လေသည်။

​လီချင်းချိုးက စိတ်ဝင်စားသွားပြီး “ရှေးဟောင်း လူသားတို့ရဲ့ သန့်စင်သောခန္ဓာကိုယ်ဆိုတာ ဘာလဲ” ဟု စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

​ဝေထျန်းရှုံး၏ အမူအရာမှာ ရှုပ်ထွေးသွားပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် အားယူလိုက်ရသည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်….

“သမိုင်းတစ်လျှောက် ကျင့်ကြံရေးလမ်းစဉ်ပေါ်ထွက်လာခဲ့တဲ့ အချိန်ကစပြီး၊ လောကီကမ္ဘာမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတချို့ ရှိခဲ့ကြပါတယ်။ သူတို့တွေဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့ ကံတရားတွေကို ပိုင်ဆိုင်ထားကြပြီး၊ သူတို့ရဲ့ ပါရမီကလည်း သာမန်လူတွေထက် များစွာ သာလွန်ကြတယ်… သူတို့ကို ‘လူသားကမ္ဘာရဲ့ သန့်စင်သောခန္ဓာကိုယ်များ’ လို့ ခေါ်ကြတာပါ။ အဲဒီခန္ဓာကိုယ်တွေမှာ အမျိုးအစား အများကြီး ရှိပါတယ်။ မင်း ပြောပြတဲ့ အချက်တွေအရဆိုရင် ယွမ်လီက နိုးထလာဖို့ လိုအပ်တဲ့ သန့်စင်သောခန္ဓာကိုယ် အမျိုးအစား ဖြစ်ရမယ်။ ဒီလိုခန္ဓာကိုယ်မျိုးက မွေးကတည်းက အစွမ်းထက်နေတဲ့ ခန္ဓာကိုယ်တွေထက်တောင် ပိုပြီး သန်မာပါသေးတယ်။ သူ ပိုင်ဆိုင်ထားတာက ဘယ်လိုခန္ဓာကိုယ်မျိုးလဲဆိုတာ ငါ အသေအချာ မသိပေမဲ့၊ အချက်တစ်ချက်ကတော့ သေချာနေပါတယ်။” ဟု ဆိုလေသည်။

​“ဘာလဲဟင်။”

​“ချင်းရှောင်ဂိုဏ်းက ကောင်းချီးပေးခံလိုက်ရပြီ ဆိုတဲ့ အချက်ပဲ!”

​ဝေထျန်းရှုံး၏ လေသံမှာ အလွန်အမင်း စိတ်လှုပ်ရှားလာပြီး….

“ကောင်းကင်ငရဲပင်လယ်မှာတောင် လူသားသန့်စင်သောခန္ဓာကိုယ်တစ်ဦး ပေါ်ထွန်းလာတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ငါတို့အနေနဲ့ ယွမ်လီကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးရမယ်။ သူက နေမင်းထွန်းလင်းခြင်းနယ်ပယ်ကို သေချာပေါက် ကျော်တက်သွားပြီး ပိုမိုမြင့်မားတဲ့ နယ်ပယ်အဆင့်ကို ရောက်ရှိသွားလိမ့်မယ် ဒါဆို သူက ‘ထာဝရ မသေမျိုး မဟာမိတ်အဖွဲ့’ ရဲ့ အုပ်ချုပ်မှုကို ဖြိုခွင်းနိုင်မယ့် အဓိက ပုဂ္ဂိုလ်ကြီး ဖြစ်လာပါလိမ့်မယ်!” ဟု အားတက်သရော ပြောကြားလိုက်လေတော့သည်။

​တုန်လှုပ်မှုများ ပြီးဆုံးသွားသောအခါ သူ့ ရင်ထဲ၌ ကြီးမားလှသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားလေသည်။

​ချင်းရှောင်ဂိုဏ်း၌ ကြီးမားသော အလားအလာများ ရှိနေကြောင်း သူ ခံစားခဲ့ရပြီး ဖြစ်သော်လည်း၊ ဤနေရာ၌ လူသားသန့်စင်သောခန္ဓာကိုယ်တစ်ဦး ပေါ်ထွန်းလာလိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ခဲ့ပေ။ ၎င်းမှာ အိပ်မက်တစ်ခုအလားပင်။

​သူ ရုတ်တရက် လှည့်ကြည့်ကာ လီချင်းချိုး၏ လက်မောင်းကို ဆုပ်ကိုင်လျက်…. “ဒီအကြောင်းကို တခြား ဘယ်နှစ်ယောက် သိကြသေးလဲ။” ဟု စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

​လီချင်းချိုးက “မင်းနဲ့ ငါပဲ သိတာပါ။” ဟု ပြန်ဖြေလိုက်သည်။

​“ကောင်းတယ်၊ ကောင်းတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အကြောင်းကို အပြင်ကို လုံးဝ မပြန့်စေရဘူး။ မဟုတ်ရင် ချင်းရှောင်ဂိုဏ်းက ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူသားသန့်စင်သောခန္ဓာကိုယ်တစ်ဦး ပေါ်ထွန်းလာတဲ့အခါ၊ ကောင်းကင်ယံမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်တတ်သလို၊ ကံကြမ္မာရဲ့ ဖော်ပြချက်တွေမှာလည်း ပေါ်ထွက်လာတတ်ပါတယ်။ အဲဒီ ဂိုဏ်းကြီးတွေထဲက ကျွမ်းကျင်သူတွေက သူ့ရဲ့ ပေါ်ထွန်းလာမှုကို ကြိုတင်တွက်ချက်မိနေကြပြီ ဖြစ်နိုင်တယ်။ အဲဒီလိုသာဆိုရင် သူတို့တွေ စုံစမ်းဖို့အတွက် လူတွေကို သေချာပေါက် စေလွှတ်ကြလိမ့်မယ်။” ဟု ဝေထျန်းရှုံးက သတိလက်လွတ် ဖြစ်နေသူတစ်ဦးအလား စိုးရိမ်တကြီး ပြောကြားလေသည်။

​ထိုစကားကို ကြားသောအခါ လီချင်းချိုး မျက်မှောင်ကြုံ့သွားပြီး “ဒါကို တွက်ချက်လို့ ရတာလား။” ဟု အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

​ဝေထျန်းရှုံးက သူ့ကို မော့ကြည့်ရင်း ပြုံးပြလိုက်ကာ….“ပေါ်ထွန်းလာမှုကိုပဲ တွက်ချက်လို့ ရတာပါ။ သူ့ရဲ့ အတိအကျ တည်နေရာကိုတော့ တွက်လို့မရပါဘူး။ မဟုတ်ရင် သူတို့တွေက ကျင့်ကြံသူတွေမဟုတ်ဘဲ မသေမျိုးတွေ ဖြစ်ကုန်ကြမှာပေါ့။ ရှေးခေတ်ကတည်းက ပါရမီရှင်တွေက ပြည်သူတွေကြားမှာ အမြဲတမ်း ပြန့်ကျဲနေတတ်ကြပြီး၊ ကျင့်ကြံရေးဂိုဏ်းတွေက သူတို့ကို ရှာဖွေသိမ်းသွင်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြရတာပါ။” ဟု ရှင်းပြလေသည်။

​လီချင်းချိုးလည်း ထိုအခါမှသာ စိတ်သက်သာရာ ရသွားသည်။ ယွမ်လီကြောင့် အလွန်အမင်း အစွမ်းထက်လှသော ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရမည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

​ယွမ်လီ၏ ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်း ပြန့်နှံ့မသွားစေရန်အတွက်၊ သူ့အား အလွန်အမင်း ထင်ပေါ်ကျော်ကြားအောင် ပြုလုပ်ပေး၍ မရနိုင်တော့ပုံရပေသည်။

​သူသည် ယွမ်လီနှင့်လည်း စကားပြောကာ ဤကိစ္စနှင့် ပတ်သက်၍ သတိပေးရဦးမည် ဖြစ်၏။

​လီချင်းချိုး တွေးတောနေသည်ကို မြင်တွေ့ရသောအခါ ဝေထျန်းရှုံး ကျေနပ်သွားသည်။ လီချင်းချိုးအနေဖြင့် မိမိကိုယ်မိမိ အထင်ကြီးလွန်းသွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ စိုးရိမ်ပူပန်မှုနှင့် ကြိုတင်ပြင်ဆင်မှုများ ရှိနေခြင်းမှာ ကောင်းမွန်သည့် အချက်ပင် ဖြစ်သည်။

​ခေတ္တမျှ စဉ်းစားပြီးနောက် လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်ရင်း “လက်ရှိ ယွမ်လီက နေမင်းထွန်းလင်းခြင်းနယ်ပယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသလား။” ဟု မေးမြန်းလိုက်သည်။

​“နေမင်းထွန်းလင်းခြင်းနယ်ပယ်ကို ခြိမ်းခြောက်ဖို့ ဟုတ်လား... မင်း နောက်နေတာလား။”

​ဝေထျန်းရှုံးသည် ကြီးမားလှသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား သူ့ကို စိုက်ကြည့်နေ၏။

​ “ယွမ်လီရဲ့ အရှိန်အဝါက ကြောက်စရာကောင်းတာတော့ အမှန်ပါပဲ။ နေမင်းထွန်းလင်းခြင်းနယ်ပယ်အောက်မှာဆိုရင်တော့ သူ့ကို ယှဉ်နိုင်မယ့်သူ မရှိနိုင်ဘူး။ သူက နေမင်းထွန်းလင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနဲ့တောင် အပေးအယူ လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလောက်ပါပဲ။” ဟု ဆိုလေသည်။

​လီချင်းချိုးက မျက်မှောင်ပင့်လျက်….

“နေမင်းထွန်းလင်းခြင်းနယ်ပယ်က ဘယ်လိုများ ထူးခြားလို့လဲဟင်။” ဟု မေးမြန်းလိုက်သည်။

​ဝေထျန်းရှုံးက လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့်….

“နေမင်းထွန်းလင်းခြင်းနယ်ပယ်ကို အမှန်တကယ်တော့ ‘ကောင်းကင်နေမင်း နယ်ပယ်’လို့ ခေါ်တာပါ။ အဲဒီနယ်ပယ်က ကောင်းကင်နဲ့မြေကြီးကြားမှာ ချိတ်ဆက်မှုတစ်ခု တည်ဆောက်ပြီး ‘ဓမ္မပုံရိပ်’ တစ်ခုကို ဖန်တီးလိုက်တာပါ။ အဲဒီ ဓမ္မပုံရိပ်က ကောင်းကင်ဘုံရဲ့ အရှိန်အဝါလို သက်ရှိသားရဲ အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိပါတယ်… ဒီအရှိန်အဝါရဲ့ အတိအကျ နက်နဲမှုတွေကိုတော့ မင်း ကိုယ်တိုင် အဲဒီနယ်ပယ်ကို ရောက်တဲ့အခါ သိလာပါလိမ့်မယ်။ ငါ ပြောနိုင်တာ တစ်ခုကတော့ အဲ့ဒီ့နယ်ပယ်ကို ရောက်ရှိမှသာ စစ်မှန်သော ‘မဟာကျင့်ကြံသူ’ လို့ အခေါ်ခံနိုင်မှာ…” ဟု ရှင်းပြပေးလေသည်။

​ကောင်းကင်နေမင်း နယ်ပယ်!

​လီချင်းချိုး တောင့်တစိတ်များဖြင့် နားထောင်နေမိ၏။

​“အကယ်၍ ချင်းရှောင်ဂိုဏ်းမှာ အဲ့ဒီ့နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာမယ်ဆိုရင်တော့ ငါတို့တွေ ဇီယန်ကျွန်းနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ပါပြီ။” ဟု ဝေထျန်းရှုံးက စိတ်အားထက်သန်စွာ ဆိုလေသည်။ အကြောင်းမူကား သူကိုယ်တိုင်သည်လည်း ထိုနယ်ပယ်ရှိ မဟာကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့်ပင်။

​လီချင်းချိုးသည် လက်ရှိတွင် ဝိညာဉ်အသိအာရုံအဆင့် ဆဋ္ဌမအဆင့်၌သာ ရှိသေးသော်လည်း၊ ထိုနယ်ပယ်နှင့် သိပ်မဝေးတော့ဟု သူ ခံစားနေရသည်။

​ယွမ်လီသည် ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ် နိုးထလာပြီးနောက်၊ ကျင့်ကြံရေးပါရမီ အလွန်နိမ့်ကျသည့် အဆင့်မှ ထူးချွန်သည့် အဆင့်သို့ ခုန်တက်သွားခဲ့ပြီ ဖြစ်၏။ လီချင်းချိုးအနေဖြင့်လည်း ကြီးစိုးသူခန္ဓာကိုယ်ကို ကူးယူထားပြီးဖြစ်ရာ၊ ကျင့်ကြံရေးပါရမီမှာလည်း တိုးတက်လာခဲ့ပေလိမ့်မည်။

​ဂိုဏ်းရှိ တပည့်များ ပိုမိုသန်မာလာရန် သူ မျှော်လင့်သော်လည်း၊ ‘ကောင်းကင်နေမင်း နယ်ပယ်’ သို့ ပထမဆုံး ရောက်ရှိသူမှာမူ မိမိကိုယ်တိုင်သာ ဖြစ်ရမည်ဟု သူ ဆုံးဖြတ်လိုက်လေတော့သတည်း။

All Chapters