← Chapters

လင်းရွှင်းဖုန်း၏ ရည်မှန်းချက်

Vol. 31 Ch. 307

လင်းရွှင်းဖုန်း၏ ရည်မှန်းချက်

Vol. 31 Ch. 307

​

​လီချင်းချိုးသည် ဝေထျန်းရှုံးနှင့် အတန်ကြာ စကားပြောဆိုပြီးနောက်တွင်မှ ထိုနေရာမှ ထွက်ခွာခဲ့လေသည်။

​ယွမ်လီသည် ကောင်းကင်နေမင်းနယ်ပယ် အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်သေးကြောင်း ဝေထျန်းရှုံး၏ ပြောစကားများကြောင့် လီချင်းချိုးက ထိုနယ်ပယ်အပေါ် များစွာ မျှော်လင့်ချက်များ ထားရှိလာမိသည်။

​သို့သော် သူ့ရဲ့ လက်ရှိခွန်အားမှာ ထိုနယ်ပယ်ရှိ ကျွမ်းကျင်သူများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဟု ခံစားနေရ၏။ သူ့ရဲ့ စွမ်းအားမှာ ယွမ်လီထက်ပင် များစွာ သာလွန်နေသည်ဖြစ်ရာ၊ ထို ‘ဓမ္မပုံရိပ်’ ဆိုသည်မှာ မည်မျှပင် အစွမ်းထက်စေကာမူ မိမိအား လုံးဝ ယိမ်းယိုင်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

​သေချာသည်မှာ လီချင်းချိုးသည် မိမိ၏ ခွန်အားကို စမ်းသပ်ရန်အတွက် ကောင်းကင်နေမင်းနယ်ပယ်မှ မဟာကျင့်ကြံသူတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ လိုက်လံရှာဖွေ တိုက်ခိုက်မည့်သူ မဟုတ်ပေ။ သို့သော် ဓာသခင်နှင့် လက်ရည်စမ်းနိုင်သေးသည်။ဤသည်ကလည်း မိမိ၏ အစွမ်းဖြင့် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မလားဆိုသည်ကို သိရှိရန် ဖြစ်၏။

​သူသည် လင်းရှောင်ခြံဝင်း သို့ ပြန်လည်ရောက်ရှိလာပြီး ယွမ်လီ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ ယွမ်လီ၏ အရှိန်အဝါက ချင်းရှောင်ဂိုဏ်းထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို သူ အာရုံခံမိနေ၏။ ထိုမျှ ပူပြင်းပြင်းထန်လှသော အရှိန်အဝါမျိုးမှာ အသက်ရှူခြင်းကို ဖုံးကွယ်သည့် နည်းစနစ်တစ်ခုခုကို မသုံးစွဲပါက အလွယ်တကူ သိရှိသွားနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ဝေထျန်းရှုံးက ယွမ်လီကို ထိုကဲ့သို့သော လျှို့ဝှက်နည်းစနစ်တစ်ခု သင်ကြားပေးရန် စီစဉ်ထားပြီး ဖြစ်၏။

​လီချင်းချိုးက စားပွဲရှည်ကြီးတွင် ထိုင်လျက် လက်ဖက်ရည် သောက်သုံးရင်း တွေးတောနေသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော မိစ္ဆာဘေးဒုက္ခကြောင့် ချင်းရှောင်ဂိုဏ်းတပည့်များစွာ စတေးခဲ့ရလေပြီ။ ဤသည်မှာ အဆုံးသတ်မဟုတ်ဘဲ မြောက်ဘက်မှ မိစ္ဆာနယ်မြေနှင့် စတင် ရင်ဆိုင်ရခြင်းသာ ဖြစ်သည့်အတွက်၊ သင်ခန်းစာယူကာ ပိုမိုပြင်ဆင်ရမည် ဖြစ်သည်။

​“ကိုးပြည်ထောင်နယ်မြေကို ကာကွယ်ဖို့ဆိုရင် နယ်စပ်တွေမှာ ကင်းစခန်းတွေ တည်ဆောက်ရမယ်... ဒါမှ သတင်းအချက်အလက်တွေ ဂိုဏ်းဆီကို ချက်ချင်း ရောက်လာနိုင်မှာ...”

​လီချင်းချိုးက စားပွဲပေါ်သို့ ညာလက်ဖြင့် ခေါက်လျက် တိတ်ဆိတ်စွာ တွေးတောနေမိ၏။ တယ်လီပို့အစီအရင်များနှင့် ချင်းရှောင်အမိန့်ပြားများကို အဆင့်မြှင့်တင်ရန်မှာလည်း အလွန်ပင် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။

​ဝေထျန်းရှုံး ရှိနေသဖြင့် ဤနယ်ပယ်မှ သုတေသနလုပ်ငန်းများအတွက် ပြဿနာမရှိသော်လည်း၊ အခက်အခဲမှာမူ ‘ပစ္စည်းများ’ ပင် ဖြစ်၏။ ချင်းရှောင်ဂိုဏ်းအနေဖြင့် ပိုမိုအားစိုက်ထုတ်ကာ ကိုးပြည်ထောင်နယ်မြေအတွင်းရှိ အခွင့်အရေးများကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ၎င်းမှာ တပည့်များကို ယခင်ကထက် ပိုမိုစေလွှတ်ရမည်ဟု ဆိုလိုခြင်းပင်။

​ချင်းရှောင်ဂိုဏ်း၌ အရန်တပည့်အင်အား အလုံအလောက် ရှိနေသဖြင့် ဤကိစ္စမှာ ပြဿနာမဟုတ်သော်လည်း၊ အဓိကမှာ သူတို့ကို မည်သို့ စည်းရုံးလှုံ့ဆော်မည်နှင့် ဆုလာဘ်များကို မည်သို့ သတ်မှတ်မည်ဆိုသည့် အချက်ပင် ဖြစ်၏။ တာအိုကံကြမ္မာရမှတ်ဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်သော်လည်း၊ ထိုသို့မဟုတ်သည့်အတွက်ကြောင့်ပင် ဂိုဏ်းပြိုလဲမသွားစေရန် ဆုလာဘ်ကိန်းဂဏန်းများကို သူ သေသေချာချာ တွက်ချက်ရပေလိမ့်မည်။

​အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး ညနေစောင်းအချိန်သို့ ရောက်ရှိလာသောအခါ ယွမ်လီ နောက်ဆုံးတွင် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် သွေးစွန်းနေသော အဝတ်အစားများက ထင်ရှားလွန်းမည်ကို စိုးရိမ်သဖြင့် လမ်းခရီးတွင် အခြားတပည့်များထံမှ ဂိုဏ်းဝတ်ရုံတစ်စုံကို တောင်းယူဝတ်ဆင်လာခဲ့သည်။ သို့သော် ဆံပင်ဖြူများမှာမူ တောင်ပေါ်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လူအများ၏ အကြည့်များကို ဆွဲဆောင်နေခဲ့သည်။

​သူသည် လင်းရှောင်ခြံဝင်းအတွင်းသို့ တစ်ကိုယ်တည်း လျှောက်လှမ်းဝင်လာပြီး၊ စားပွဲရှည်ကြီး၏ ရှေ့မှောက်၌ ဒူးထောက်ချလိုက်လေသည်။

​“ဆရာ... တပည့် ပြန်လာပါပြီ” ဟု ယွမ်လီက ခေါင်းငုံ့လျက် ဆိုလိုက်၏။ သူသည် ဆရာသခင်အား မော့ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေရှာသည်။

​လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ဘာလို့ ဒူးထောက်နေတာလဲ”

​“တပည့်က ညီငယ်ရှောင်ကို ဒဏ်ရာရအောင် လုပ်ခဲ့မိတဲ့အပြင်... ဆရာသခင်ရဲ့ စကားကိုလည်း နားမထောင်ဘဲ ခေါင်းမာခဲ့ပါတယ် ဒီတပည့်ကို အပြစ်ပေးပါ”

​ယွမ်လီက လေးလံသောလေသံဖြင့် ဖြေကြားလိုက်၏။ သူသည် အမှန်တကယ်ပင် မိမိကိုယ်မိမိ အပြစ်ရှိသည်ဟု ခံစားနေရခြင်းဖြစ်ပြီး၊ ရုတ်တရက် ရရှိလာသော စွမ်းအားများကြောင့် မောက်မာသွားခြင်း အလျှင်းမရှိပေ။

​လီချင်းချိုးက သူ့ကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ “မတ်တတ်ရပ်စမ်း” ဟု ဆိုလိုက်သည်။

​ယွမ်လီက ဆရာသခင်ကို မော့ကြည့်လိုက်ပြီး ဆရာ့မျက်နှာထက်မှ အမူအရာကို မြင်တွေ့ရသောအခါ ရင်ထဲ၌ ဝမ်းနည်းမှုများ လှိုက်တက်လာခဲ့သည်။ သူသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်မှသာ မတ်တတ်ရပ်လိုက်သည်။

သူ့ရဲ့ စိတ်နှလုံးအတွင်း၌မူ လီချင်းချိုးသည် ဆရာသခင်သာမက၊ ဖခင်တစ်ဦးလည်း ဖြစ်ပေသည်။ သူ မှတ်မိသမျှ အချိန်ကာလတစ်လျှောက်လုံးတွင် လီချင်းချိုး၏ ဘေး၌သာ ရှိနေခဲ့ပြီး၊ လီချင်းချိုး၏ ပြုစုစောင့်ရှောက်မှုဖြင့်သာ ကြီးပြင်းလာခဲ့ရခြင်း ဖြစ်၏။

​ယွမ်ချီ၏ သေဆုံးမှုက သူ့အား များစွာ တုန်လှုပ်စေခဲ့သကဲ့သို့၊ ယခု နိုးထလာမှုကလည်း သာမန်လူတို့ မခံစားနိုင်လောက်သော ဝေဒနာများကို သည်းခံစေခဲ့ရသည်။ ဆရာသခင်နှင့် ပြန်လည်တွေ့ဆုံရကာ ထိုကရုဏာသက်သော အကြည့်များကို ရင်ဆိုင်မိသောအခါ၊ ရင်ထဲ၌ ခံစားချက်များ ပြည့်လျှံလာပြီး မျက်လုံးများမှာလည်း နီရဲလာလေတော့သည်။

​“ယွမ်ချီအတွက် ကလဲ့စားချေဖို့ဆိုတာ မင်းတစ်ယောက်တည်းရဲ့ ဆန္ဒမဟုတ်ဘူး။ ချင်းရှောင်ဂိုဏ်း တစ်ခုလုံးရဲ့ ဆန္ဒလည်း ဖြစ်တယ်။ နောက်နောင်ကျရင်တော့ မင်းရဲ့ ခံစားချက်တွေနောက်ကိုပဲ လိုက်မသွားဖို့ သတိထားပါ” ဟု လီချင်းချိုးက လေးနက်စွာ ပြောကြားလိုက်သည်။

​ယွမ်လီက အသက်ပြင်းပြင်းရှူကာ ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

​လီချင်းချိုးက ဆက်လက်၍…

“မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ထူးခြားတယ်။ ဒါကို တခြားသူတွေကို မပြောနဲ့ဦး။ မင်းအနေနဲ့ ခန္ဓာကိုယ်ကျင့်ကြံရေး နည်းလမ်းတစ်ခုခုကို လေ့ကျင့်ရင်း တိုးတက်လာတယ်လို့ပဲ ဟန်ဆောင်ထားလိုက်၊ နားလည်လား” ဟု ဆိုလေသည်။

​ယွမ်လီမှာ မှင်တက်သွားပြီး သူ့ဆရာသခင် ဘာကို ဆိုလိုသည်ကို နားမလည်ဘဲ ဖြစ်နေ၏။

​လီချင်းချိုးက သူ့အား ကြည့်လျက်….

“မင်းရဲ့ ခန္ဓာကိုယ်ကို ‘ဖျက်ဆီး၍မရနိုင်သော ကြီးစိုးသူခန္ဓာကိုယ်’ လို့ ခေါ်တယ်။ အဲဒါဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့ ကံတရားကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်း လူသားတို့ရဲ့ သန့်စင်သောခန္ဓာကိုယ်ပဲ။ မင်းရဲ့ နိုးထလာမှုက ကောင်းကင်ယံမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေခဲ့ပြီးပြီ။ အခြားသော ကျင့်ကြံရေးဂိုဏ်းကြီးတွေကလည်း ဒါကို တွက်ချက်မိကြလိမ့်မယ်။ ရှေ့လျှောက် ပြဿနာတွေ ရှိလာနိုင်တယ်” ဟု ရှင်းပြလေသည်။

​ယွမ်လီမှာ ပါးစပ်ဟလိုက်သော်လည်း ပြောလိုသော စကားများကို ပြန်လည် မျိုချလိုက်ရသည်။ဤမျှ အစွမ်းထက်သော ခွန်အားကို ရရှိထားသဖြင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသလိုသော်လည်း၊ ၎င်းက ဂိုဏ်းအတွက် ကြီးမားသော ပြဿနာများ ယူဆောင်လာနိုင်သည်ဟူသော အချက်ကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

​“စိတ်မပူပါနဲ့... အနာဂတ်မှာ မင်းရဲ့ ပါရမီနဲ့ ခွန်အားကို စိတ်ကြိုက် ထုတ်ဖော်ပြသနိုင်မှာပါ။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်အမျိုးအစားကိုတော့ လျှို့ဝှက်ထားရမယ်”

လီချင်းချိုးက ယွမ်လီ၏ အတွေးကို ဖောက်ထွင်းမြင်သည့်အလား ပြုံးလျက် ဆိုလိုက်သည်။

​ထိုစကားကို ကြားသောအခါမှသာ ယွမ်လီ ပြန်လည်ပြုံးရွှင်လာလေတော့သည်။ ယနေ့ရရှိလာသော ခွန်အားအတွက် များစွာ ကြိုးစားအားထုတ်ခဲ့ရသည်ဖြစ်ရာ၊ ၎င်းကို အပြင်သို့ ထုတ်မပြရဟု ဆိုပါက အလွန်ပင် စိတ်မကောင်းဖြစ်ရပေလိမ့်မည်။

​“အခြေအနေတွေကို ပြောပြစမ်းပါဦး။ လောကတစ်ခွင်က မိစ္ဆာချီတွေ အတော်လေး ပျောက်ကွယ်သွားပြီပဲ။ ဒါဟာ မင်းနဲ့ ပတ်သက်နေမှာ သေချာတယ်”

လီချင်းချိုးက ရလဒ်ကို သိရှိထားပြီးဖြစ်သော်လည်း၊ ဂိုဏ်းသို့ အစီရင်ခံရန်အတွက် ယွမ်လီအား ပြန်လည်မေးမြန်းနေခြင်း ဖြစ်သည်။

​ယွမ်လီက စကားလုံးများကို စုစည်းကာ လမ်းခရီးတွင် ကြုံတွေ့ခဲ့ရသော တိုက်ပွဲများအားလုံးကို အစအဆုံး ပြန်လည်ပြောပြလေတော့သည်။ ကင်းခြေများမိစ္ဆာ ဦးဆောင်သော မိစ္ဆာကြီးများကို သုတ်သင်ပြီးနောက်တွင်မူ လမ်းခရီး၌ အခြားမိစ္ဆာများနှင့် ထပ်မံ မတွေ့ဆုံခဲ့ရကြောင်း သူက ဆိုသည်။

ယွမ်လီသည် ကင်းခြေများမိစ္ဆာ ပြောကြားသွားခဲ့သော ‘မိစ္ဆာသခင်’ ဟူသည့် အကြောင်းအရာကိုလည်း ထုတ်ဖော်ပြောကြားလိုက်ပြီး၊ ဆရာသခင်အနေဖြင့် ထိုကိစ္စကို အထူးအလေးထားစေလိုကြောင်း ဆိုလေသည်။

​တစ်နာရီနီးပါးခန့် စကားပြောဆိုပြီးနောက်တွင်မှ လီချင်းချိုးက သူ့အား အနားယူစေပြီး၊ နောက်နေ့မနက်တွင် ဝေထျန်းရှုံးကို သွားရောက်ရှာဖွေရန် မှာကြားလိုက်လေသည်။ ဝေထျန်းရှုံးက မိမိအား အရှိန်အဝါ ဖုံးကွယ်သည့် လျှို့ဝှက်နည်းစနစ်တစ်ခု သင်ကြားပေးမည်ဖြစ်ကြောင်း ကြားရသောအခါ ယွမ်လီသည် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

​ညဉ့်နက်လာသောအခါ လင်းရှောင် ခေါင်းလောင်းသံ မြည်ဟိန်းလာလေသည်။ ခန်းမသခင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ယွမ်လီ၏ အရှိန်အဝါမှာ ကမ္ဘာတုန်ဟီးစေခဲ့သည်ဖြစ်ရာ၊ သူတို့အားလုံးမှာ ၎င်းကို အာရုံခံမိထားကြပြီးဖြစ်သဖြင့် တွေ့ဆုံမိသည်နှင့် ထိုအကြောင်းကိုသာ တမြည့်မြည့် ပြောဆိုနေကြသည်။ အချို့က လီချင်းချိုးအား မေးမြန်းကြသော်လည်း၊ လီချင်းချိုးကမူ ၎င်းကို သူ သတိပြုမိကြောင်းသာ ပြောကြားပြီး အစစ်အမှန် အမှန်တရားကိုမူ ထုတ်ဖော်မပြောခဲ့ပေ။

​အားလုံး စုစုံသွားသောအခါ လီချင်းချိုးက တိုက်ရိုက်ပင် ပြောကြားလိုက်လေသည်။

​“မိစ္ဆာဘေးဒုက္ခကို ဖြေရှင်းပြီးပါပြီ။ ယွမ်လီက နောက်ကွယ်က မိစ္ဆာဘုရင်ကို သုတ်သင်လိုက်ပြီး၊ ကျန်တဲ့ မိစ္ဆာတွေလည်း ထွက်ပြေးကုန်ကြပါပြီ”

​ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံးမှာ မှင်တက်သွားကြရသည်။ ဤဘေးဒုက္ခကြီးက ဤမျှ ရုတ်တရက်ကြီး အဆုံးသတ်သွားလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့သလို ထိုသူရဲကောင်းမှာ ယွမ်လီ ဖြစ်နေခြင်းကလည်း အံ့သြစရာပင်။

​လီချင်းချိုးက သူတို့အား ထပ်မံမေးမြန်းခွင့် မပေးဘဲ……

“ဒီဘေးဒုက္ခမှာ ‘မိစ္ဆာသခင်’ လို့ခေါ်တဲ့ မိစ္ဆာတစ်ကောင် ပါဝင်ပတ်သက်နေပြီး၊ သူက မြောက်ဘက်က မိစ္ဆာနယ်မြေက လာတာ ဖြစ်နိုင်တယ်။ ငါတို့တွေ သင်ခန်းစာယူရမယ်။ အခုကစပြီး ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဓိကရည်မှန်းချက်က တယ်လီပို့အစီအရင်တွေနဲ့ ချင်းရှောင်အမိန့်ပြားတွေပဲ ဖြစ်ရမယ်။ မြောက်ဘက်နယ်စပ်ရဲ့ အပြင်ဘက်မှာ ကင်းစခန်းတွေ တည်ဆောက်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...” ဟု ဆိုကာ အစီအစဉ်များကို တစ်ခုပြီးတစ်ခု ချပြလေသော်လည်း၊ လူတိုင်း၏ စိတ်နှလုံးမှာမူ ယွမ်လီ၏ အောင်မြင်မှုအပေါ်၌သာ ရှိနေကြဆဲပင်။

​ယနေ့ ပေါ်ထွက်ခဲ့သော ထိုကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါမှာ အမှန်တကယ်ပင် ယွမ်လီနှင့် ပတ်သက်နေသည်များလား။

ဝေထျန်းရှုံးကတော့ ‘မိစ္ဆာသခင်’ ဟူသော အမည်ကို ကြားလိုက်သောအခါ မျက်မှောင်ကြုံ့သွားမိသည်။ ထင်ရှားသည်မှာ ဤအမည်ကို ယခင်က ကြားဖူးထားခြင်းပင် ဖြစ်၏။

​တယ်လီပို့အစီအရင်များ တည်ဆောက်ရေးနှင့် ပတ်သက်၍ လီချင်းချိုးက လူတိုင်းအား ဆွေးနွေးစေလိုက်သည်။

ဆောင်းရာသီနှင်းများ တဖြည်းဖြည်း တိတ်သွားခဲ့ပြီဖြစ်ကာ၊ ညကောင်းကင်ယံ၌ တောက်ပလှသော လမင်းကြီး ပေါ်ထွက်လာပြီး လင်းရှောင်ခြံဝင်းအတွင်းသို့ အလင်းရောင်များ ဖြာကျနေလေတော့သည်။

​နံနက်စောစောအချိန်၊ နေမင်း ထွက်ပေါ်လာခဲ့ပြီ…..

​သပ်ရပ်စွာ ဝတ်ဆင်ထားသော လင်းရွှင်းဖုန်းက အခန်းအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ သူသည် ထျန်းချင်းမသေမျိုးဂိုဏ်း တပည့်များ ဝတ်ဆင်သည့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး၊ ခါး၌ ဓားတစ်လက်နှင့် သိုလှောင်အိတ်တစ်ခုကို ချိတ်ဆွဲထားရာ၊ မသေမျိုးတစ်ဦး၏ အငွေ့အသက်များ ပြည့်နှက်နေလေသည်။ လင်းလင်ကျိုး မှာ နိုးနှင့်နေပြီဖြစ်ကာ ခြံဝင်းအတွင်း၌ တံမြက်လှည်းနေ၏။

​လင်းလင်ကျိုး၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့ရသောအခါ လင်းရွှင်းဖုန်းက “လင်ကျိုး... မင်း နေ့တိုင်း ဒီလောက်အထိ စောစောထနေစရာ မလိုပါဘူး။ ဒီခြံဝင်းထဲမှာတော့ မင်းရဲ့ဆရာ ငါကပဲ အရာရာကို ဆုံးဖြတ်တာပါ။ မင်းအနေနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ နေထိုင်လို့ ရပါတယ်။” ဟု ဆိုလိုက်သည်။

​လင်းလင်ကျိုးသည် တံမြက်စည်းကို ကိုင်လျက် လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး…

“ဆရာ... ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သာ အပျင်းကြီးနေရင် ဒီဘဝမှာ မသေမျိုးဖြစ်ဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် တက်ကြွနေအောင် အမြဲတမ်း တွန်းအားပေးနေတာပါ။”

​ထိုစကားများက လင်းရွှင်းဖုန်းအား ပြန်လည်ပြောဆိုရန် စကားလုံးမဲ့သွားစေခဲ့သည်။ သူ ကျင့်ကြံနေသည့် အချိန်ကြာလာလေလေ၊ ကျင့်ကြံခြင်းလမ်းစဉ်၏ ရက်စက်မှုကို ပိုမိုနားလည်လာလေလေပင်။ ဝိညာဉ်အမြစ် မရှိပါက မည်သို့မျှ ကျင့်ကြံ၍ မရနိုင်သည်မှာ အမှန်တရားဖြစ်သော်လည်း၊ လင်းလင်ကျိုး၏ စိတ်ဓာတ်ကို မပျက်စီးစေချင်ပေ။

​လင်းရွှင်းဖုန်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှသာ “ဒါဆိုရင်လည်း အရမ်း မပင်ပန်းစေနဲ့ဦး။ ဒီနေ့ ဆရာ ပြန်လာတာ နည်းနည်း နောက်ကျလိမ့်မယ်။” ဟု မှာကြားလိုက်သည်။

​“ဟုတ်ကဲ့ပါ သခင်”

​လင်းလင်ကျိုးက ပြန်လည်ဖြေကြားလိုက်ပြီးနောက်၊ လင်းရွှင်းဖုန်းက ဓားပျံပညာကို အသုံးပြုကာ တောင်တန်းများကြားတွင် ပျောက်ကွယ်သွားသည်အထိ လိုက်လံကြည့်ရှုနေမိသည်။ ဆရာသခင် ထွက်ခွာသွားပြီးနောက်တွင်မှ သူသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ထို့နောက် လက်ထဲမှ တံမြက်စည်းကို မြေပြင်ပေါ်သို့ ရိုက်ချပစ်ချင်သော်လည်း၊ နောက်ဆုံးတွင်မူ ထိုသို့ မလုပ်ဖြစ်ခဲ့ပေ။

​သူ့အတွက် ကျင့်ကြံနိုင်ခြေ မျှော်လင့်ချက်မှာ အလွန်ပင် သေးငယ်လှကြောင်း သူ ကောင်းစွာ သိရှိထားသည်။ ဤအရာများကို သူ မည်သူ့အတွက် လုပ်ဆောင်နေသနည်းဆိုသည်ကိုပင် သူ မသိတော့ပေ။ ဆရာသခင် မြင်တွေ့စေရန်လား။ သို့သော် ဆရာသခင်မှာလည်း သူ့အား ကူညီရန် နည်းလမ်းမရှိသည်မှာ ထင်ရှားလှပေသည်။

ထျန်းချင်းမသေမျိုးဂိုဏ်းမှ လူများ မြင်တွေ့စေရန်လား…

မမလေးရွှန်းအာမှလွဲ၍ အခြားမည်သူကများ သူ့အား အဖက်လုပ်ကာ ကြည့်ဖူးကြသနည်း။

​သူ စဉ်းစားမိလေလေ ပို၍ စိတ်ဓာတ်ကျလာလေလေပင်။ သူ့ထံ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏ ဆရာသခင် လာခဲ့သော ကိုးပြည်ထောင်နယ်မြေသို့ သွားရောက်ကာ၊ ဆရာသခင်၏ အခြားသောတပည့်များ မည်သို့ရှိကြသနည်း၊ သူတို့သည်လည်း မိမိကဲ့သို့ပင် ကျင့်ကြံလိုစိတ်များ ပြင်းပြနေကြသလားဆိုသည်ကို သွားရောက်ကြည့်ရှုလိုသည့် အတွေးပင် ဖြစ်၏။ ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် စိတ်ထဲ၌ အမြစ်တွယ်ကာ ရှင်သန်လာလေတော့သည်။

​အခြားတစ်ဖက်တွင်မူ….

လင်းရွှင်းဖုန်းသည် ဓားပျံပေါ်တွင် ရပ်လျက် ခမ်းနားလှသော တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်သန်းသွားနေသည်။ ထျန်းချင်းမသေမျိုးဂိုဏ်းမှာ အလွန်ပင် ကျယ်ဝန်းလှပြီး၊ ကိုးပြည်ထောင်နယ်မြေထက်ပင် ပိုမိုကြီးမားလေသည်။

ဤမသေမျိုးဂိုဏ်းသည် တပည့်တစ်ဦးအတွက် တောင်တစ်တောင်လုံးကိုပင် ကိုယ်ပိုင်ကျင့်ကြံရာနယ်မြေအဖြစ် ပေးအပ်နိုင်စွမ်း ရှိသည်။

​လမ်းခရီးတစ်လျှောက်မှ ရှုခင်းများမှာ လင်းရွှင်းဖုန်းအား မိန်းမောသွားစေသည်။ သူသည် ဤရှုခင်းများကို မြင်တွေ့နေရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း၊ မြင်တွေ့ရတိုင်း ရင်သပ်ရှုမော ဖြစ်ရမြဲပင်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော မသေမျိုးတို့၏ မြင်ကွင်းများကို မိမိမျက်စိဖြင့် မြင်တွေ့ရမှသာ မိမိသည် အမှန်တကယ်ပင် မသေမျိုးဖြစ်အောင် ကျင့်ကြံနေခြင်းဖြစ်ကြောင်း ယုံကြည်နိုင်သောကြောင့်ပင်။

​လမ်းခရီးတွင် ထျန်းချင်းမသေမျိုးဂိုဏ်းမှ တပည့်များစွာနှင့် ဆုံတွေ့ခဲ့ရသည်။ သူတို့နှင့် နှိုင်းယှဉ်ပါက သူသည် အလွန်ပင် နိမ့်ကျလှ၏။ အကြောင်းမူကား ထိုတပည့်များသည် သားရဲများကို စီးနင်းလာခြင်း သို့မဟုတ် အဆင့်မြင့်မှော်ပစ္စည်းများပေါ်တွင် ရပ်လာကြခြင်းဖြစ်ပြီး၊ သူတို့၏ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိထက် များစွာ ပိုမိုခမ်းနားလှသောကြောင့် ဖြစ်သည်။

​လင်းရွှင်းဖုန်းသည်လည်း ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူ့ရဲ့ ဆရာသခင် ချင်းရှောင်ဘိုးဘေးကပင် သူ့အား ‘သိုင်းပညာဒဏ္ဍာရီ’ တစ်ဦး ဖြစ်လာနိုင်ကြောင်း ချီးကျူးခဲ့ဖူးသဖြင့်၊ စိတ်အတွင်း၌မူ သူသည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့သူ ဖြစ်သည်။

ယခုမူ သူသည် ထျန်းချင်းမသေမျိုးဂိုဏ်းအတွင်း၌ မည်သူမျှ မသိရှိကြသော အလွန် သေးငယ်လှသည့် တပည့်တစ်ဦးသာ ဖြစ်သော်လည်း၊ တစ်နေ့တွင်မူ ထျန်းချင်းမသေမျိုးဂိုဏ်းအတွင်း အတောက်ပဆုံးသော တည်ရှိမှုတစ်ခု ဖြစ်လာရမည်ဟု ကြုံးဝါးထားလေသည်။

​အနာဂတ်အပေါ် ထားရှိသော မျှော်လင့်ချက်များဖြင့် လင်းရွှင်းဖုန်းက ဓားပျံကို ပိုမိုအရှိန်မြှင့်ကာ ပျံသန်းသွားလေတော့သည်။ သူသည် ဖန်းရွှမ်း၏ ကျင့်ကြံရာနယ်မြေသို့ သွားရောက်ကာ တရားနာရန် သွားနေခြင်း ဖြစ်၏။

​နှစ်နာရီခန့် ကြာပြီးနောက်တွင်….

တောင်ခါးပန်းတစ်ခု၌ ….

လင်းရွှင်းဖုန်းတယောက် ကော်ဇောပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူ့ ပတ်ဝန်းကျင်၌ တပည့်ပေါင်း ဆယ်ဂဏန်းကျော် ရှိနေကြပြီး၊ သူသည် နောက်ဆုံးတန်း၌ ထိုင်နေရခြင်း ဖြစ်၏။ ဖန်းရွှမ်းမှာမူ အရှေ့ဆုံး၌ သူတို့ကို မျက်နှာမူကာ ထိုင်နေလေသည်။ သူမသည် မန္တန်တစ်ခုကို ရှင်းပြပြီးစီးသွားခဲ့ပြီ ဖြစ်၏။ လင်းရွှင်းဖုန်းမှာမူ ထိုမန္တန်မှာ အလွန်ပင် နက်နဲလွန်းလှသဖြင့် အသည်းအသန် စဉ်းစားနေရရှာသည်။

​“မကြာသေးခင်က မိုးပြာနဂါးနယ်မြေ မှာ မငြိမ်မသက်မှုတွေ ရှိလာနိုင်တယ်။ ဒါကြောင့် အပြင်ကို လေ့ကျင့်ရေး သိပ်မထွက်ကြနဲ့ဦး။”

​ဖန်းရွှမ်း၏ ပြောစကားကြောင့် လင်းရွှင်းဖုန်းအပါအဝင် အားလုံး၏ အာရုံမှာ သူမထံသို့ ရောက်ရှိသွားကြသည်။ လင်းရွှင်းဖုန်းသည် မိုးပြာနဂါးနယ်မြေအကြောင်းကို သိပ်မသိရှိလှပေ။ ဤဒေသကို မိုးပြာနဂါးနယ်မြေဟု ခေါ်ကြောင်းနှင့်၊ ထျန်းချင်းမသေမျိုးဂိုဏ်းမှာ ထိုဒေသအတွင်းရှိ ကျင့်ကြံရေးဂိုဏ်းများစွာထဲမှ တစ်ခုသာ ဖြစ်ကြောင်းကိုသာ သူ သိထားခြင်း ဖြစ်၏။ ဤအချက်ကပင် မိုးပြာနဂါးနယ်မြေသည် ကိုးပြည်ထောင်နယ်မြေနှင့် မယှဉ်နိုင်လောက်အောင်ပင် အလွန်ကျယ်ဝန်းကြောင်း ဖော်ပြနေပေသည်။

​“စီနီယာအစ်မ... ဘယ်လိုမျိုး မငြိမ်မသက် ဖြစ်တာလဲဟင်”

​ရှေ့ဆုံးတန်းမှ တပည့်တစ်ဦးက မနေနိုင်ဘဲ မေးမြန်းလိုက်ရာ၊ အားလုံးကလည်း ဖန်းရွှမ်းကို စူးစိုက်ကြည့်လိုက်ကြသည်။

​နတ်သမီးလေးတစ်ပါးအလား လှပလှသော ဖန်းရွှမ်းသည် အေးစက်သော အမူအရာ ရှိနေပြီး၊ သူမ၏ မျက်လုံးများမှာလည်း ရေကန်အလား တည်ငြိမ်နေ၏။ သူမက ညင်သာစွာဖြင့်….

​“မကြာသေးခင်က လူသားတို့ရဲ့ သန့်စင်သောခန္ဓာကိုယ် တစ်ခု ပေါ်ထွန်းလာခဲ့ပြီ။ အတိအကျ ဘယ်နေရာမှာလဲဆိုတာကို ဘယ်သူမှ မသိကြပေမဲ့၊ ငါတို့ဂိုဏ်းက ဘိုးဘေးသခင် တစ်ဦးကတော့ သူ့ရဲ့ ပေါ်ထွန်းလာမှုကို တွက်ချက်မိထားပြီးပြီ။ မိုးပြာနဂါးနယ်မြေက တခြားဂိုဏ်းတွေလည်း ဒါကို သေချာပေါက် တွက်ချက်မိကြမှာပဲ။ သူတို့တွေဟာ အဲဒီ သန့်စင်သောခန္ဓာကိုယ်ကို သေချာပေါက် လိုက်လံရှာဖွေကြလိမ့်မယ်။ အဲဒီခန္ဓာကိုယ် ပေါ်ထွက်လာတာနဲ့ တစ်ပြိုင်နက် တိုက်ပွဲကြီးတစ်ခုကတော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး။ မင်းတို့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့သာ အဲဒီလိုလူမျိုးနဲ့ ကြုံခဲ့ရင်၊ ထွက်ပြေးဖို့တောင် အခွင့်အရေး ရမှာ မဟုတ်ဘူး။”​ဟု ဆိုလေတော့သတည်း။

All Chapters