← Chapters

ဂိုဏ်းချုပ်၏ မြေးတပည့်

Vol. 31 Ch. 309

ဂိုဏ်းချုပ်၏ မြေးတပည့်

Vol. 31 Ch. 309

​

​“တစ္ဆေသင်္ဘော ဟုတ်လား”

​လီချင်းချိုး ထိုစကားကို ကြားလိုက်ရသောအခါ များစွာ စိတ်ဝင်စားသွားမိသည်။ လူအများအပြား မြင်တွေ့ခဲ့ကြသည်ဆိုလျှင် ၎င်းမှာ အမှန်တကယ် ရှိနေသည်မှာ သေချာလှပေသည်။

​သူသည် တောင်ဘက်မှ ကောင်းကင်ငရဲပင်လယ်ကို အမြဲတမ်း သတိထားနေခဲ့သူဖြစ်ရာ၊ ထို့ကြောင့်ပင် သံသတ္တုရိုင်းဆိပ်ကမ်းမြို့ သို့ အပြင်စည်းတပည့်များစွာကို စေလွှတ်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ ထိုနေရာတွင် တပ်စွဲထားသော တပည့်အရေအတွက်မှာ တစ်ထောင်ကျော်ရှိနေပြီဖြစ်ရာ၊ ၎င်း၏ အင်အားမှာ ကျုံးထျန်းမသေမျိုးမြို့တော် ပြီးလျှင် ဒုတိယအလိုက်နိုင်ဆုံး ဖြစ်နေပြီး၊ ထျန်းရှန်းဝိညာဉ်ကန်ထက်ပင် ပိုမိုအင်အားတောင့်တင်းနေပြီ ဖြစ်သည်။

​ရှောင်ဝူချင်းက ခေါင်းညိတ်ပြလျက် ထိုတစ္ဆေသင်္ဘောနှင့် ပတ်သက်သော အခြားသတင်းအချက်အလက်များကို အသံတိုးတိုးဖြင့် တင်ပြလေသည်။ သတင်းပို့ပြီးနောက်တွင် လီချင်းချိုးထံမှ အခြားညွှန်ကြားချက်များ မရှိတော့သည်ကို မြင်သောအခါ အရိုအသေပေး၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။

​ဘေးတွင် ရှိနေသော ကျန်းယွီချွန်းသည်လည်း ထိုသတင်းအားလုံးကို နားထောင်နေခဲ့သည်။ သူတို့အနေဖြင့် ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း ခံစားမိသော်လည်း၊ ယနေ့တွင်ပင် အလောတကြီး စီစဉ်စရာမလိုသေးဟု သူက ယူဆထားသည်။

​ခေတ္တအကြာတွင်။

​ယန်ကျွယ်တိန်က ဝိုင်အိုးတစ်လုံးကို ကိုင်လျက် ထိုင်ချလိုက်ပြီး “ဟိုကောင်လေး ကျန်းကျောက်ရှားရော ဘယ်ရောက်နေလဲ... မမြင်မိပါလား” ဟု စပ်စုလိုက်သည်။

​ကျန်ရှိသောသူများမှာလည်း မသိကြောင်း ခေါင်းယမ်းပြကြသည်။

​လီစစ်ဖုန်းက ရယ်မောလျက် “သူက ယွမ်လီကို သွားပြီး စိန်ခေါ်ရာကနေ ရှုံးလာတာလေ... အခုတော့ သူ့ရဲ့ မသေမျိုးဂူထဲမှာ အရှက်သည်းပြီး အောင်းနေတယ်” ဟု ဆိုလေသည်။

​ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ အကြည့်များ လီစစ်ဖုန်းထံသို့ ရောက်ရှိသွားကြသည်။ယွမ်လီသည် ယခင်ကနှင့် မတူတော့ကြောင်း သူတို့ သိထားကြသော်လည်း၊ အတိအကျ မည်မျှအထိ သန်မာလာသည်ကိုမူ မည်သူမျှ မသိကြပေ။

​ကျန်းကျောက်ရှားကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သည်မှာ သေချာလှပေသည်။

​‘ယွမ်လီက ဂိုဏ်းအတွင်းမှာ ဒုတိယအစွမ်းအထက်ဆုံးသူ ဖြစ်သွားပြီလား’ ဟု လူအများက တွေးတောမိလိုက်ကြသည်။

​လီစစ်ဖုန်းသည် ကျန်းကျောက်ရှားအတွက် မျက်နှာမထောက်တော့ဘဲ ထိုစဉ်က အခြေအနေကို ပြန်လည်ပြောပြလေသည်။

​“ယွမ်လီရဲ့ လက်သီးက အရမ်းမြန်တာဗျ... သူက ကျွန်တော့်ရဲ့ တတိယစီနီယာအစ်ကို (ကျန်းကျောက်ရှား) ရှေ့မှာ လက်သီးတစ်ချက် ဝှေ့လိုက်ရုံပဲ၊ စီနီယာအစ်ကိုမှာ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘူး။ လက်သီးတစ်ချက်တည်းနဲ့ပဲ ပွဲ ပြတ်သွားတာ။ စီနီယာအစ်ကိုမှာ ဒဏ်ရာမရပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ အကြီးအကျယ် ထိခိုက်သွားပုံပဲ။ ကျွန်တော် သူ့နောက်မှာ ရပ်နေတာတောင် အဲဒီလက်သီးရဲ့ အရှိန်အဝါကြောင့် တုန်လှုပ်သွားမိတယ်။ ယွမ်လီကတော့ အရင်ကနဲ့ လုံးဝကို မတူတော့ဘူး။ မိစ္ဆာဘေးဒုက္ခကို သူတစ်ယောက်တည်း ဖြိုခွင်းနိုင်တာ မဆန်းပါဘူး။ သူက အခုဆိုရင် အကြီးအကဲရှန်ယွဲ့နဲ့ ရွှီနင်းတို့ထက်တောင် ပိုပြီး သန်မာနေနိုင်တယ်။ တစ်ဂိုဏ်းလုံးမှာဆိုရင်တော့ စီနီယာအစ်ကိုကြီး (လီချင်းချိုး) တစ်ယောက်ပဲ သူ့ကို ဖိနှိပ်နိုင်မယ် ထင်တယ်”

​ထိုလက်သီးချက်ကို ပြန်လည်တွေးတောမိသောအခါ လီစစ်ဖုန်းမှာ ကြက်သီးတဖြန်းဖြန်းပင် ထသွားမိ၏။ ယွမ်လီသည် ခွန်အားကြီးမားရုံတင်မကဘဲ သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါမှာလည်း အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။

​‘ငါမှလွဲ၍ မည်သူရှိသနည်း’ ဟူသော ရှုံးနိမ့်ခြင်းမရှိသည့် ထိုသို့သော အရှိန်အဝါမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လီချင်းချိုးနှင့် ရှန်ယွဲ့တို့ပင်လျှင် ထိုကဲ့သို့သော အရှိန်အဝါမျိုးကို တစ်ခါမှ မထုတ်ဖော်ခဲ့ဖူးချေ။

​စားပွဲရှည်၏ ထောင့်တစ်နေရာတွင် ထိုင်နေသော ရှန်ယွဲ့က ထိုစကားကို ကြားသောအခါ တည်ငြိမ်စွာဖြင့်ပင် လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးနေ၏။

​ကျန်းယွီချွန်းက ရှန်ယွဲ့ဘက်သို့ လှည့်ကြည့်ကာ “အကြီးအကဲရှန်... ခင်ဗျားရော ယွမ်လီကို ဘယ်တော့လောက် သွားပြီး စမ်းကြည့်ဦးမလဲ” ဟု စနောက်လိုက်သည်။

​အခြားသူများကလည်း ရှန်ယွဲ့ကို ဝိုင်းကြည့်လိုက်ကြ၏။ ရှန်ယွဲ့မှာ ပုံမှန်အားဖြင့် အလွန်တည်ကြည်လွန်းသဖြင့် သူ ရှုံးနိမ့်သည်ကို လူတိုင်းက မြင်ချင်နေကြခြင်းပင်။

​ရှန်ယွဲ့၏ အမူအရာမှာ မပြောင်းလဲဘဲ “ငါက ဘာလို့ ကိုယ့်ထက်ငယ်တဲ့ တပည့်တစ်ယောက်ကို သွားပြီး စိန်ခေါ်ရမှာလဲ” ဟုသာ ပြန်လည်ပြောကြားလိုက်သည်။

​သူသည် ယွမ်လီ မည်မျှ သန်မာသည်ကို အသေအချာ မသိသော်လည်း၊ ယွမ်လီ နိုးထလာစဉ်က ထုတ်လွှတ်ခဲ့သော အရှိန်အဝါမှာမူ သူ့မှတ်ဉာဏ်ထဲ၌ စွဲထင်နေဆဲ ဖြစ်၏။ ထိုနေ့မှစ၍ ရှန်ယွဲ့သည်လည်း ထိုအရှိန်အဝါ၏ သက်ရောက်မှုကို ခံစားခဲ့ရပြီး ဓားတာအိုကို ဆက်လက်လေ့လာရန် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

​သူ့ရဲ့ ဓားတာအိုသည်လည်း ထိုကဲ့သို့ ပြင်းထန်ရဲရင့်လှသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်လာရန် သူ မျှော်လင့်နေမိသည်။ သို့သော် သူ့ရဲ့ သိမြင်မှုများမှာ အောင်မြင်မှုအဆင့်သို့ မရောက်သေးသဖြင့် ယွမ်လီကို သွားရောက်စိန်ခေါ်ရန် စိတ်ကူးမရှိသေးပေ။

​“ဒါဆို စီနီယာအစ်မရွှီနင်းကို ခဏခဏ သွားစိန်ခေါ်နေတာကရော ဘာသဘောလဲ” ဟု လီစစ်ကျင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

​ရှန်ယွဲ့နှင့် ရွှီနင်းတို့မှာ လက်ရည်စမ်းမှု အများဆုံးဖြစ်သော်လည်း၊ နောက်ပိုင်းတွင် သူတို့၏ တိုက်ပွဲရလဒ်များကို အပြင်သို့ ထုတ်ဖော်ပြောဆိုခြင်း မရှိကြတော့ပေ။

​“အဲဒါက တစ်ကဏ္ဍ၊ ဒါက တစ်ကဏ္ဍလေ... ရွှီနင်းကို ဘယ်သူကများ တပည့်ငယ်တစ်ယောက်လို ဆက်ဆံရဲလို့လဲ” ဟု ရှန်ယွဲ့က လီစစ်ကျင်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

​ဤမောင်နှမနှစ်ယောက်မှာ အမှန်တကယ်ပင် ဆိုးသွမ်းလှပေသည်။ ယွမ်လီကို ချီးကျူးချင်လျှင် ချီးကျူး၊ မိမိကိုပါ ဘာကြောင့် ဆွဲထည့်နေကြသနည်း။ ယွမ်လီကို ရှုံးခဲ့သူမှာ မိမိမဟုတ်ပါလား။

​ရှန်ယွဲ့၏ ပြောစကားမှာ ငြင်းချက်ထုတ်ရန် ခက်ခဲလှပေသည်။ ရွှီနင်းမှာ လီချင်းချိုး၏ အကြီးဆုံးတပည့်ဖြစ်သည့်အပြင် ထူးခြားသော အဆင့်အတန်းလည်း ရှိသူဖြစ်သည်။ ခန်းမသခင်များပင်လျှင် သူမအား ရိုသေကြရသကဲ့သို့ အနည်းငယ်လည်း ကြောက်ရွံ့ကြသည်ဖြစ်ရာ၊ သူမအား တပည့်ငယ်တစ်ဦးကဲ့သို့ သဘောထား၍ မရနိုင်သည်မှာ အမှန်ပင်။ ၎င်းမှာ ရွှီနင်း၏ ခွန်အားကြောင့်သာမက သူမ၏ စရိုက်နှင့် အရှိန်အဝါကြောင့်လည်း ပါဝင်ပေသည်။

​လီချင်းချိုးက သူတို့ အငြင်းပွားနေကြသည်ကို ကြည့်ရင်း ပြုံးနေမိ၏။ အားလုံးကသာ ယဉ်ကျေးနေကြမည်ဆိုပါက ပျင်းစရာကောင်းလှပေလိမ့်မည်။

​ထို့နောက်တွင် ယွမ်လီ မည်မျှအထိ သန်မာလာသနည်းဟူသော ခေါင်းစဉ်သို့ ပြန်လည်ရောက်ရှိသွားကြသည်။ ချန်ချန်းဟိုင်က ဂိုဏ်းအတွင်းရှိ ပါရမီရှင်များကို ယွမ်လီအား သွားရောက်စိန်ခေါ်စေရန် လှုံ့ဆော်သင့်ကြောင်း အကြံပြုလေသည်။ ၎င်းမှာ တပည့်များအနေဖြင့် ယွမ်လီ၏ ခွန်အားကို သိရှိကာ သူ့အား ပိုမိုလေးစားလာစေရန်နှင့် ပါရမီရှင်များကိုလည်း ပိုမိုကြိုးစားလာစေရန် ရည်ရွယ်ခြင်း ဖြစ်၏။ ဤအကြံပြုချက်ကို အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

​ထိုစဉ်မှာပင်…..

​ယွမ်လီက လင်းရှောင်ခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့၏။ သူ ရောက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူ့ ဆံပင်ဖြူများကို မြင်တွေ့ရသောအခါ အဆင့်မြင့်အရာရှိများမှာ စိတ်မကောင်း ဖြစ်သွားကြရ၏။ သူတို့အားလုံး ယွမ်ချီကို သိကျွမ်းခဲ့ကြသလို၊ ဤညီအစ်ကိုနှစ်ယောက်ကြားမှ သံယောဇဉ် မည်မျှနက်ရှိုင်းကြောင်းလည်း သိရှိထားကြသည်။

​ယွမ်ချီပင် သေဆုံးခဲ့ရပြီဆိုလျှင် အနာဂတ်တွင် သူတို့ထဲမှ မည်သူမဆို ထိုကဲ့သို့သော ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရနိုင်သည် မဟုတ်ပါလား။ ချင်းရှောင်ဂိုဏ်း မည်မျှပင် အစွမ်းထက်လာစေကာမူ၊ မတော်တဆမှုများနှင့် မိမိတို့ မယှဉ်နိုင်သော တည်ရှိမှုများကိုမူ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့တွေးတောမိသောအခါ လူတိုင်း၏ စိတ်ဓာတ်များ အနည်းငယ် ကျဆင်းသွားကြရသည်။

​ယွမ်လီမှာမူ ထိုအခြေအနေကို သတိပြုမိပုံမပေါ်ပေ။ သူသည် လီချင်းချိုး၏ အနောက်သို့ လာကာ ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် စကာင်လိုက်လေသည်။

​“ဆရာသခင်... တပည့် တပည့်တစ်ယောက်လောက် လက်ခံချင်ပါတယ်... ဖြစ်နိုင်ပါ့မလားခင်ဗျာ”

​ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး စိတ်ဝင်စားသွားကြ၏။ လီချင်းချိုး၏ တပည့်များသည် ဂိုဏ်းအတွင်းရှိ အခြားတပည့်များကို လမ်းညွှန်ပေးနေကြသော်လည်း၊ ကိုယ်ပိုင်တပည့်အဖြစ်မူ မည်သူမျှ မွေးစားခြင်း မရှိကြသေးပေ။

​အကယ်၍ ယွမ်လီက တပည့်တစ်ယောက် စတင်လက်ခံလိုက်မည်ဆိုပါက ဂိုဏ်းချုပ်၏ သွေးမျိုးဆက်မှာ ဆက်လက်လက်ဆင့်ကမ်းသွားမည် ဖြစ်၏။ အရေးအကြီးဆုံးမှာ သူတို့၏ သားသမီးများကို ဂိုဏ်းချုပ်၏ မျိုးဆက်အတွင်းသို့ ထည့်သွင်းပေးနိုင်မည့် အခွင့်အရေး ရရှိလာခြင်းပင် ဖြစ်သည်။

​လီချင်းချိုးက ယွမ်လီဘက်သို့ လှည့်ကြည့်လိုက်သည်။ ယွမ်လီကမူ ပွင့်လင်းရိုးသားစွာဖြင့်ပင် ဆရာသခင်အား လေးနက်စွာ ကြည့်နေလေသည်။

​“မင်းမှာ ရွေးချယ်ထားတဲ့လူ ရှိနေပြီလား”

​“မရှိသေးပါဘူး... တပည့်အနေနဲ့ ဂိုဏ်းအတွက် ပိုပြီးတော့ ပံ့ပိုးပေးချင်လို့ပါ”

​“ကောင်းပြီလေ... ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင်တပည့်နဲ့ သာမန်တပည့် ဆက်ဆံရေးကိုတော့ သေသေချာချာ ခွဲခြားရမယ်။ မင်းရဲ့ ကိုယ်ပိုင်တပည့်ကို ငါ့ဆီကို ခေါ်လာပြရမယ်၊ ပြီးတော့ မင်းရဲ့ စီနီယာအစ်မနဲ့ ညီငယ်တွေနဲ့လည်း မိတ်ဆက်ပေးရမယ်... နားလည်လား”

​လီချင်းချိုးက လေးနက်စွာ ပြောကြားလိုက်ရာ ယွမ်လီကလည်း ချက်ချင်းပင် ကတိပေးလိုက်သည်။

​ယွမ်လီ တပည့်လက်ခံတော့မည်ဟူသော သတင်းကြောင့် အဆင့်မြင့်အရာရှိများ ပိုမိုစိတ်အားထက်သန်လာကြ၏။ လီချင်းချိုးသည် ယွမ်လီအား သူတို့နှင့်အတူ ထိုင်ကာ စကားပြောစေလိုက်သည်။ ဤသည်မှာ ယွမ်လီကို အဆင့်မြင့်အရာရှိများ၏ အသိုင်းအဝိုင်းအတွင်းသို့ ဝင်ရောက်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး၊ အနာဂတ်တွင် ယွမ်လီအား ကြီးလေးသော တာဝန်များ ပေးအပ်တော့မည်ဖြစ်ကြောင်း လူတိုင်း သိရှိသွားကြလေသည်။

​သူတို့အုပ်စုသည် ညနေစောင်းအထိ စကားဖောင်ဖွဲ့နေခဲ့ကြသည်။ လီချင်းချိုးက ယွမ်လီအား နောက်နေ့တွင် သံသတ္တုရိုင်းဆိပ်ကမ်းမြို့သို့ သွားရောက်ကာ တစ္ဆေသင်္ဘောအကြောင်းကို စုံစမ်းရန် မှာကြားလိုက်သော်လည်း၊ ပင်လယ်နက်အတွင်းသို့မူ မဝင်ရန် သတိပေးလိုက်လေသည်။

​နောက်နေ့နံနက်စောစောတွင် ယွမ်လီ တောင်အောက်သို့ ဆင်းသွားသည်နှင့်တစ်ပြိုင်နက်၊ သူ တပည့်လက်ခံတော့မည်ဟူသော သတင်းမှာ ဂိုဏ်းတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့၏။ တပည့်များစွာ စိတ်လှုပ်ရှားနေကြသကဲ့သို့၊ အထက်တန်းလွှာမိသားစုများမှာလည်း သူတို့၏ သားသမီးများကို ယွမ်လီထံသို့ မည်သို့ပို့ရမည်ကို စတင်တိုင်ပင်နေကြပြီ ဖြစ်သည်။ သူတို့ တန်ဖိုးထားသည်မှာ ယွမ်လီ၏ ခွန်အားမဟုတ်ဘဲ၊ ဂိုဏ်းချုပ်၏ မြေးတပည့်ဟူသော အဆင့်အတန်းပင် ဖြစ်၏။ ဂိုဏ်းချုပ်၏ မျိုးဆက်အတွင်းသို့ ဝင်ရောက်နိုင်ပါက အနာဂတ်တွင် ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေး ရရှိနိုင်သည်မဟုတ်ပါလား။

​အခြားတစ်ဖက်တွင်မူ လီချင်းချိုးသည် အမှောင်ခန်းမသို့ ရောက်ရှိလာခဲ့သည်။ ထိုခန်းမရှိ တပည့်အရေအတွက်မှာ နှစ်ရာကျော်နေပြီဖြစ်သော်လည်း၊ ထက်ဝက်ကျော်မှာ လေ့ကျင့်ရေးအဆင့်၌သာ ရှိနေသေးသည်။ ထိုတပည့်များသည် ရေရှည်လျှို့ဝှက်တာဝန်များကို ထမ်းဆောင်ရသူများဖြစ်သဖြင့် လေ့ကျင့်ရေးမှာ အလွန်ပင် ခက်ခဲလှပေသည်။

​ခန်းမသခင် မိုကျိုဟုန်က လီချင်းချိုးအား ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ပြီး၊ သူတို့နှစ်ဦးမှာ ခန်းမသခင်၏ ဂူအတွင်း၌ စကားပြောဆိုကြလေသည်။

​“နတ်ကိုးပါးဂိုဏ်းက မိစ္ဆာနယ်မြေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတယ်။ ဒါကို ငါတို့ သေသေချာချာ စုံစမ်းရမယ်... အခြေအနေ ဘယ်လိုရှိလဲ” ဟု လီချင်းချိုးက မိုကျိုဟုန်၏ ကုလားထိုင်တွင် ထိုင်လျက် မေးမြန်းလိုက်သည်။

​နတ်ကိုးပါးဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေတစ်ခွင်တွင် လူအများ၏ စိတ်နှလုံးကို လှည့်စားဖျက်ဆီးနေခဲ့ခြင်း ဖြစ်၏။ မိစ္ဆာသားရဲများ ဆုတ်ခွာသွားပြီးနောက်တွင် သူတို့သည်လည်း ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သော်လည်း လီချင်းချိုးကမူ သူတို့ကို လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။

​မိုကျိုဟုန်က “လောလောဆယ်တော့ သံသယဖြစ်ဖွယ်လူတချို့ကို ခြေရာခံထားပြီး စောင့်ကြည့်နေပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ဝမ်ရှန်းကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာ ရှီယီရှန်းပဲ… သူက အခု မြောက်ဘက်ကို ဦးတည်သွားနေပါတယ်။ သူ့အနားမှာ ကျွန်တော်တို့တပည့်တွေ ရှိနေပြီး သတင်းတွေလည်း အဆက်မပြတ် ပို့နေပါတယ်” ဟု ပြန်လည်ဖြေကြားလေသည်။

​လီချင်းချိုးက ခေါင်းညိတ်ပြလျက် “ငါတို့လူတွေကို အလွန်အမင်း ဖိအားမပေးပါနဲ့... သရုပ်မှန် ပေါ်သွားမှာ စိုးလို့ပါ” ဟု မှာကြားလိုက်သည်။

​“ကျွန်တော် သေသေချာချာ ကိုင်တွယ်ပါ့မယ်”

​“နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်... ကောင်းကင်ငရဲပင်လယ်က ကျင့်ကြံရေးဂိုဏ်းတွေဆီကို လူလွှတ်ပြီး ချင်းရှောင်ဂိုဏ်းအတွက် မျက်စိနဲ့ နားသဖွယ် လုပ်ဆောင်ပေးဖို့ လိုတယ်”

​“စိတ်ချပါ ဂိုဏ်းချုပ်... ကျွန်တော် ဒါအတွက် ကြိုတင်ပြင်ဆင်နေပါပြီ။ ယုံကြည်ရတဲ့ လူငယ်သုံးယောက်ကို ရွေးချယ်ထားပါတယ်။ သူတို့တွေက ပင်လယ်ပြင်ကို ထွက်ရမှာဆိုတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း ပိုမြင့်နေဖို့ လိုမယ်ထင်တယ်။ ခန်းမရဲ့ အရင်းအမြစ်တွေကိုလည်း သူတို့အတွက် အသုံးချနေပါတယ်” ဟု မိုကျိုဟုန်က လေးနက်စွာ ပြောလိုက်သည်။ သူသည် ‘အလိုက်သင့်နေထိုင်နိုင်ခြင်း’ နှင့် ‘ထိုးဖောက်ဝင်ရောက်ခြင်း’ ကံကြမ္မာများကို ပိုင်ဆိုင်ထားသူဖြစ်သည့်အလျောက်၊ အမှောင်ထဲတွင် လုပ်ဆောင်ရသော လက်ရှိဘဝကို များစွာ သဘောကျနေသူ ဖြစ်သည်။

​လီချင်းချိုးက ခေါင်းညိတ်ပြီး… “ဂိုဏ်းက ပိုပြီးတော့ ကြီးမားလာပြီဖြစ်လို့ အရင်လို အရင်းအမြစ်တွေကို စိတ်ကြိုက် ခွဲဝေပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ အောင်မြင်မှုတွေကိုတော့ သေသေချာချာ မှတ်တမ်းတင်ထားမှာဖြစ်ပြီး၊ အဲဒီအပေါ် မူတည်ပြီး ထိုက်တန်သလို ခွဲဝေပေးသွားမှာပါ။ ဘယ်သူ့ကိုမှ မတရားမလုပ်စေရပါဘူး” ဟု ဆိုလေသည်။

​ဤအချက်ကို လီချင်းချိုးကိုယ်တိုင် ပိုမိုနက်ရှိုင်းစွာ ခံစားနေရခြင်း ဖြစ်၏။ ဂိုဏ်းကို တည်ဆောက်ရန်အတွက် အရင်းအမြစ်များစွာ လိုအပ်နေပြီဖြစ်ရာ၊ သူကိုယ်တိုင်ပင်လျှင် အရင်းအမြစ်များကို မိမိစိတ်ကြိုက် ယူငင်၍ မရနိုင်တော့ပေ။ အကယ်၍ သူကသာ အကျိုးအမြတ်များကို ကိုယ်ကျိုးအတွက် သိမ်းပိုက်နေမည်ဆိုပါက ခန်းမအသီးသီး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေပေလိမ့်မည်။ ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ကပင် ဂိုဏ်း၏ အရင်းအမြစ်များကို စနစ်တကျ စီမံနိုင်ရန်အတွက် လီချင်းချိုးအား တရားဝင် ‘ဂိုဏ်းချုပ်ခံစားခွင့်’ တစ်ခု သတ်မှတ်ရန် တိုက်တွန်းနေကြပြီ ဖြစ်သည်။

​လီချင်းချိုးသည် နောက်ဆုံးတွင် အာဏာနည်းပါးသော ဘုရင်တစ်ပါး၏ အတွေးကို နားလည်သွားခဲ့လေပြီ။ လောကကြီးသည် ဧကရာဇ်ပိုင်ဆိုင်သည့် အရာဖြစ်သော်လည်း၊ လောကရှိ ငွေကြေးများမှာမူ ဧကရာဇ်ပိုင်ဆိုင်သည့် အရာများ မဟုတ်ကြပေ။

​မိုကျိုဟုန်သည်လည်း လီချင်းချိုး၏ အခက်အခဲကို နားလည်ပေးနိုင်ပါသည်။ အမှန်တကယ်မူ လီချင်းချိုးက သူတို့အပေါ် အလွန် ရက်ရောခဲ့ပြီး ဖြစ်၏။ အမှောင်ခန်းမရှိ တပည့်တိုင်း၏ ခံစားခွင့်မှာ အခြားဌာနများထက် ပိုမိုမြင့်မားသည့်အပြင်၊ သူတို့၏ ဆွေမျိုးများအတွက်ပါ ကျင့်ကြံရေးအခွင့်အရေးများ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခြင်းမှာ သူတို့အတွက် အကြီးမားဆုံးသော လှုံ့ဆော်မှုပင် ဖြစ်၏။ ယခုအခါ ချင်းရှောင်ဂိုဏ်းသည် တပည့်ရွေးချယ်ရာတွင် အလွန် မြင့်မားသော စံနှုန်းများ ထားရှိထားပြီ ဖြစ်သည်။

သာမန်လူတစ်ယောက်အနေဖြင့် တိုက်ရိုက် ‘မှတ်ပုံတင်တပည့်’ ဖြစ်လာရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပြီး၊ အားလုံးမှာ ‘အခြေခံလုပ်သားတပည့်’ အဖြစ်မှသာ စတင်ကြရခြင်း ဖြစ်သည်။

​လီချင်းချိုးက ထိုခန်းမ၌ တစ်နာရီခန့် နေထိုင်ခဲ့ပြီး၊ တပည့်တိုင်းနှင့် စကားပြောဆိုအားပေးပြီးမှသာ ထွက်ခွာခဲ့လေသည်။ ဤလုပ်ရပ်ကြောင့် ထိုတပည့်များမှာ အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွသွားကြရ၏။ လီချင်းချိုး သူတို့၏ အမည်များကို တစ်ဦးချင်းစီ မှတ်မိနေခြင်းက ဂိုဏ်းချုပ်၏ စိတ်ထဲတွင် သူတို့ ရှိနေသည်ဟူသော အချက်ကို သက်သေပြနေခြင်းပင် မဟုတ်ပါလား။

​...

​နွေဦးရာသီ ရောက်ရှိလာသောအခါ မိစ္ဆာဘေးဒုက္ခ၏ သက်ရောက်မှုများမှာ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းသည် အနာဂတ်အတွက် ဆက်လက်ချီတက်နေသကဲ့သို့၊ သာမန်ပြည်သူများသည်လည်း မိမိတို့၏ ဝမ်းစာအတွက် ပြန်လည်ရုန်းကန်နေကြရ၏။

​ဤကာလအတွင်း ချင်းရှောင်ဂိုဏ်း၌ ဝိညာဉ်အသိအာရုံအဆင့်ရှိသော တပည့်သစ် နှစ်ဦး ထပ်မံပေါ်ထွက်လာခဲ့သည်။ သူတို့မှာ လီရန် နှင့် မြို့စားမင်း လုချင်းတို့ ဖြစ်ကြသည်။ မြို့စားမင်းလုချင်းမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ လီချင်းချိုးကိုယ်တိုင် လျှို့ဝှက်ပျိုးထောင်ပေးခဲ့သူ ဖြစ်သည့်အတွက် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိသွားခြင်းမှာ သဘာဝကျလှပေသည်။

​လီချင်းချိုးက လီရန်အား မြောက်ဘက်နယ်စပ်ရှိ မြို့သစ်ကို စောင့်ကြပ်ရန် တိုက်ရိုက်စေလွှတ်လိုက်၏။ လီရန်ကလည်း မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ပေ။ ထိုမြို့သစ်ကို လီချင်းချိုးက ‘မိစ္ဆာနှိမ်နင်းရေး မသေမျိုးမြို့တော်’ဟု အမည်ပေးထားသည်။

မြောက်ဘက်နန်းတော်မှ ဧကရာဇ်သည်လည်း ဂိုဏ်းအား မြို့တည်ဆောက်ရာတွင် ကူညီရန် စစ်သားအမြောက်အမြား စေလွှတ်ပေးခဲ့၏။ ၎င်းမှာ သူတို့အတွက်လည်း ကောင်းမွန်သော ကိစ္စဖြစ်သည်။ချင်းရှောင်ဂိုဏ်းက မြောက်ဘက်ကို ကာကွယ်ပေးထားမည်ဆိုပါက သူတို့ ရင်ဆိုင်ရမည့် ခြိမ်းခြောက်မှုများစွာ လျော့ပါးသွားမည် မဟုတ်ပါလား။

​ဤသတင်းမှာ မြောက်ဘက်နယ်စပ်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး မြောက်ပိုင်းသားများစွာကလည်း ချင်းရှောင်ဂိုဏ်းကို ပိုမိုယုံကြည်လာကြလေသည်။ ချင်းရှောင်ဂိုဏ်းမှ ‘အခြေခံဓာတ်ငါးပါး’ ဒဏ္ဍာရီများနှင့် လီချင်းချိုး၏ အမည်မှာလည်း မြောက်ဘက်တစ်ခွင်တွင် ကျော်ကြားလှပေသည်။

​မြို့သစ်တည်ဆောက်ရေးကိစ္စများ အခြေကျသွားသောအခါ လီချင်းချိုးက ကျင့်ကြံမှုအပေါ်၌သာ အာရုံစိုက်နေတော့သည်။

​တောင်အောက်သို့ ဆင်းသွားပြီး တစ်လအကြာတွင် ယွမ်လီ ပြန်လည်ရောက်ရှိလာခဲ့သည်။

လီချင်းချိုးသည် သူ့အား လင်းရှောင်ခြံဝင်းအတွင်း၌ တစ်ဦးတည်း တွေ့ဆုံခဲ့သည်။

​“ဆရာ... အဲဒီတစ္ဆေသင်္ဘောက ဖမ်းရခက်လွန်းပါတယ်၊ ကျွန်တော် ခြေရာခံလို့ မရခဲ့ဘူး။ အဲဒါက ပုံရိပ်ယောင်တခုဖြစ်နေမလားလို့ကျွန်တော် သံသယရှိပါတယ်။ သေချာတာတစ်ခုကတော့ အဲဒီသင်္ဘောက သံသတ္တုရိုင်းဆိပ်ကမ်းမြို့ကိုတော့ ဘာမှအန္တရာယ်မပေးပါဘူး၊ ဒါပေမဲ့ နောက်ထပ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ယူဆောင်လာမလားဆိုတာကိုတော့ ကျွန်တော် မသေချာဘူးခင်ဗျာ”

​ယွမ်လီက မျက်မှောင်ကြုံ့လျက် တင်ပြလေသည်။ ကြီးစိုးသူခန္ဓာကိုယ် နိုးထလာမှုကြောင့် ရရှိခဲ့သော ယုံကြည်မှုများ အနည်းငယ် လျော့ပါးသွားခဲ့ရ၏။ သူသည် အရာရာကို လုပ်ဆောင်နိုင်စွမ်း မရှိသေးကြောင်း သိရှိသွားခဲ့ခြင်းပင်။

​လီချင်းချိုးက ခေါင်းညိတ်ပြီး…. “ရပါတယ်... အဲဒီအချက်ကို အတည်ပြုနိုင်တာနဲ့တင် လုံလောက်ပါပြီ။ နောက်မှ ဝေထျန်းရှုံးကို တစ်ခေါက် သွားခိုင်းလိုက်မယ်” ဟု ဆိုသည်။

​ယွမ်လီကလည်း ခေါင်းညိတ်လိုက်သည်။ ဤအဖြစ်အပျက်ကြောင့် သူသည် စုံစမ်းစစ်ဆေးမှုများထက် တိုက်ပွဲဝင်ရန်အတွက်သာ ပိုမိုသင့်လျော်ကြောင်း သဘောပေါက်သွားခဲ့သည်။

​ထို့နောက်တွင်မူ လီချင်းချိုးက ဝတ်ရုံလက်စအတွင်းမှ မှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး ယွမ်လီထံသို့ တွန်းပေးလိုက်သည်။

​“ဒါတွေက ဂိုဏ်းထဲကို ရောက်တာ တစ်နှစ်မပြည့်သေးတဲ့ တပည့်သစ်တွေပဲ။ သူတို့ရဲ့ ပါရမီတွေကတော့ တော်တော်လေး ကောင်းကြတယ်။ မင်း သွားပြီးတော့ သူတို့ကို စစ်ဆေးကြည့်လို့ ရပါတယ်။ တပည့်လက်ခံမလား၊ မလက်ခံဘူးလားဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောကြားလိုက်လေတော့သတည်း။

All Chapters