လွန်ကဲလာသော အမျက်ဒေါသများ
Vol. 12 Ch. 1188
ကောင်းကင်ဧကရာဇ် ဝိရူပက္ခ၏ နောက်တွင်ကား မန္တန်ဝင်္ကပါနှင့်ပတ်သက်၍ ဖြစ်ပျက်နေသည်များအား စစ်ဆေးသိရှိခဲ့ကြသော မြို့ထဲရှိ အခြားကောင်းကင်ဧကရာဇ်များနှင့်သက်ဆိုင်သည့် နတ်ဘုရားအာရုံစီးကြောင်းများ ဖြစ်သည်။
သူတို့ထဲမှအများစုက တမင် အတန်ငယ် နောက်ချန်နေကြလေသည်။ ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်ကျဲ့တိကို ယခုလေးတင် သတ်ဖြတ်ခဲ့ပြီး ဝိညာဥ်ဝါးမျိုသခင်ကို ဒဏ်ရာအကြီးအကျယ် ရစေခဲ့ရာ သူတို့အားလုံး အတော်လေးတုန်လှုပ်နေကြသည် မဟုတ်ပါလော။
မူလနတ်ဆိုးမင်းသားကဲ့သို့ ကောင်းကင်ဧကရာဇ်တချို့က အလွန်ကြောက်လန့်သွားကြသဖြင့် နတ်ဘုရားအာရုံသာ ပို့လွှတ်ရဲကြ၍ ကောင်းကင်ဧကရာဇ် ဝိရူပက္ခကို ဦးဆောင်စေလေသည်။
တခြားတစ်ဖက်တွင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခသည် မိစ္ဆာဧကရာဇ်မြို့၌ အစွမ်းထက်ဆုံးကောင်းကင်ဧကရာဇ်ဖြစ်ပြီး အချိန်အတော်ကြာကတည်းက ပိုင်ရှောင်ချန်းကို မုန်းတီးနေခဲ့၏။ သူသည် ယပ်တောင်အစုတ်ကြီးအပေါ်မှာတုန်းက ပိုင်ရှောင်ချန်းကို မသင်္ကာဖြစ်ခဲ့ပြီး မိုးမြေဧကရာဇ်နှင့် မတော်တဆမှုအတောအတွင်းမှာလည်း ခံခဲ့ရသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက မန္တန်ဝင်္ကပါအား ချိုးဖော်ရန် ကြိုးစားသောအခါ သူက နှောင့်ယှက်ရန် နည်းနည်းလေးပင် တုံ့ဆိုင်းမနေပေ။
ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်ပြီး ကောင်းကင်ဧကရာဇ်ဝိရူပက္ခသာ သူ မန္တန်ဝင်္ကပါအား ဖောက်ထွင်းနေရာတွင် နှောင့်ယှက်လာပါက မိစ္ဆာဧကရာဇ်မြို့မှ အခြားကောင်းကင်ဧကရာဇ်များလည်း လာလိမ့်မည်ကို သတိထားမိလေသည်။
ထိုသို့ဖြစ်လျှင် သူသည် အန္တရာယ်တွင်းထဲ ကျသွားမည်သာမက စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် အခြားသူများကို ကယ်ရန်လည်း ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ထိုသည်က မိစ္ဆာဧကရာဇ် နောက်ဆုံး ပေါ်လာနိုင်သည့်အချက်အား မဖော်ပြရသေးပေ။
သူလှုပ်ရှားစဥ်ကတည်းက အချိန်များများစားစား မကုန်သေး၍ မိစ္ဆာဧကရာဇ် မည်မျှကြာကြာ တံခါးပိတ်ကျင့်ကြံနေမည်အပေါ် လောင်းကြေးမထပ်ရဲပေ။ သူ ထွက်လာပါက ကံဆိုးမိုးမှောင်ကျမည် ဖြစ်သည်။
" အဲဒီတော့ ကောင်းကင်ဧကရာဇ် ကျဲ့တိကို သတ်တာက သူတို့ကို ကြောက်မသွားစေဘူးပေါ့လေ။ အင်း ငါ ဝိရူပက္ခကို အနိုင်ယူလိုက်ရင်တော့ သူတို့နှလုံးသားထဲ အကြောက်တရားတွေ ရိုက်ထည့်နိုင်လိုက်မှာပဲ "
သူက ရွေးချယ်စရာမရှိကြောင်း သိ၍ ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်ကာ ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝဆင့်ခေါ်ကာ မြောက်ပိုင်း၏ မဟာဓားအား မန္တန်ဝင်္ကပါအပေါ် လွှဲချလိုက်သည်။
ဝင်္ကပါထဲ ဓားထိုးစိုက်သွားသဖြင့် ဝုန်းခနဲပေါက်ကွဲသံ မြည်ဟည်းသွားကာ ဝင်္ကပါမှာ ပြင်းပြင်းထန်ထန် တသိမ့်သိမ့်တုန်ခါသွားသော်လည်း ထိန်းထားနိုင်သေးသည်။သို့သော် ဝင်္ကပါထဲ ဓားဖြင့် ထိုးချလိုက်ခြင်းက အတွင်းရှိလူများအတွက် အန္တရာယ်အနည်းငယ် လျော့ချလိုက်သည်သာမက ဝင်္ကပါက အလိုအလျောက် ပြန်လည်ပြုပြင်ရန်လည်း များစွာ ပို၍ ခက်ခဲသွားစေလေသည်။
ပိုင်ရှောင်ချန်းက မော့ကြည့်ကာ ကြောက်ခမန်းလိလိအပြင်အားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ကာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခထံ တဟုန်ထိုးပြေးဝင်လိုက်သည်။
" သေချင်နေလား "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ပိုင်ရှောင်ချန်း ကျဲ့တိအား သတ်ခဲ့သည်ကို မမြင်ခဲ့၍မဟုတ်။ ပိုင်ရှောင်ချန်းက သူ့ထက်ပိုအစွမ်းထက်နေလျှင်တောင်မှ သူကိုင်တွယ်နိုင်ဦးမည်ဟု ယုံကြည်နေသေး၍ ဖြစ်သည်။ အထူးသဖြင့် ယခု သူက မြောက်ပိုင်း၏ မဟာဓားအား ကိုင်ဆောင်မထားခြင်းကြောင့်ဟုဆိုလျှင် ပိုမှန်သည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာစဥ် ပိုင်ရှောင်ချန်းက ထာဝရဧကရာဇ်လက်သီးကို အမြင့်ဆုံးအဆင့်နီးပါး ထုတ်လွှတ်လိုက်သည်။
ဝုန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲသွားရာ မိုးကောင်းကင်နှင့်မြေပြင်တွင် ရောင်စုံအလင်းများ ပြိုးပြိုးပြက်ပြက် တဖျပ်ဖျပ်လက်သွား၏။ ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားကာ နောက်ယိုင်သွားလေသည်။ ဝိရူပက္ခမှာလား ထိုနည်းတူ မျက်လုံးများ စူးရှတောက်ပပြီး အံ့သြခြင်းများ သူ့နှလုံးသားထဲ ပြည့်နှက်သွားကာ တုန်လှုပ်နေ၏။ သူပင် ယခုလေးတင် ပိုင်ရှောင်ချန်း ပစ်လွှတ်လိုက်သည့် လက်သီးချက်ကြောင့် အံ့သြမှင်သက်သွားရသည်။
သူ နောက်တစ်ဖန် မတိုက်ခိုက်နိုင်ခင် ပိုင်ရှောင်ချန်းမှာ ဒဏ်ရာများ သက်သာလာနေပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်စဖြင့် နောက်ထပ် ထာဝရဧကရာဇ်လက်သီးတစ်လုံး ထုတ်လွှတ်လိုက်သည်။
နားကွဲလုမတတ် ထစ်ခြုန်းမြည်သံများကြားနိုင်ပြီး ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြန်သည်။ သို့သော် သူက ချုပ်တည်းခြင်းမရှိ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ငါးကြိမ်ဆက်တိုက် တိုက်ခိုက်ပြီး ပြန်လည်ခုခံခံလိုက်ရသည်။ သို့သော် ကောင်းကင်ဧကရာဇ်ဝိရူပက္ခမှာ မနည်းခုခံနေရပြီး သွေးများအန်ကာ နောက်သို့ ယိမ်းယိုင်သွား၏။
ခါတိုင်းထက်ပို၍ တက်ကြွဖျတ်လတ်သော ပုံစံဖြင့် ပိုင်ရှောင်ချန်းက သူ့နောက် ဆတ်ခနဲ လိုက်သွားသည်။ အဝေးရှိ မူလနတ်ဆိုးမင်းသားနှင့် အခြားကောင်းကင်ဧကရာဇ်များမှာ ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် ပင့်သက်ရှိုက်သွားကြလေသည်။
ပိုင်ရှောင်ချန်းသည် ရူးသွပ်မှုများဖြင့် လွှမ်းမိုးခံနေရပုံရပြီး သူလုပ်လိမ့်မည်ဟု သူတို့ တစ်ခါမှ စိတ်မကူးနိုင်ခဲ့သော အရာများကို လုပ်နေတော့သည်။ သူတို့အတွက် သူက အတိတ်ကနှင့် လုံးဝကွာခြားနေသည်။ ယခုတွင် သူကား သိသာစွာပင် သံမဏိသွေးကြောများဖြင့် လှုပ်ရှားသက်ဝင်နေလေသည်။
သူက သွေးများ တပွက်ပွက်အန်နေသည်အထိ သိသိသာသာ ဒဏ်ရာရနေသည်။ သူ၏ ပြန်လည်ကုစားခြင်းစွမ်းအားများဖြင့်ပင် ထိုမျှဆိုးရွားသော ဒဏ်ရာများအား ခံနိုင်လောက်သည့် ပုံမပေါ်ပေ။
ထိုကဲ့သို့ ရူးသွပ်ခြင်းများ၊ သံမဏိသွေးကြောများထောင်ထနေသော လူတစ်ဦး၏ ရှေ့မှောက်တွင် ရဲစွမ်းသတ္တိရှိသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခပင် သွေးများအန်နေရပြီး ချီတုံချတုံဖြစ်နေပုံရသည်။
ပိုင်ရှောင်ချန်းက ပါးစပ်မှ သွေးများကို သုတ်၍ ပြောသည်။
" လာစမ်းပါ "
ထို့နောက် သူက ထာဝရဧကရာဇ်လက်သီးများထပ်မံ ထုတ်လွှတ်ကာ ရိပ်ခနဲလှုပ်ရှားလိုက်ရာ အရိပ်ဧကရာဇ်များက ဖျက်စီးခြင်းစီးကြောင်းတစ်ခု ထုတ်လွှတ်လိုက်သဖြင့် ကောင်းကင်နှင့်မြေပြင်တဝှမ်း တသိမ့်သိမ့်တုန်လှုပ်သွားတော့သည်။ သူသည် ပို၍သာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိုက်သဖြင့် သူ့ကိုယ်သူ မည်သည့်ထိခိုက်ဒဏ်ရာရစေကာမူ လုံးဝအရေးမထားသည့် ပုံရလေသည်။
ပိုင်ရှောင်ချန်းက သူ့ကို အားဖြည့်ပေးနေသော ထာဝရအတွဲေကြာင့် လွယ်လင့်တကူ အလျှော့ပေးမည့်ပုံ မရပေ။ သူက သူ၏ရန်သူကို သတ်လျှင်သတ် သို့တည်းမဟုတ် ကြိုးစားရင်း အသေခံမည်သာ ဖြစ်သည်။
ဝိရူပက္ခက အသတ်အဖြတ်အရှိန်အဝါ တဟုန်းဟုန်းတောက်နေလျက် အားတင်း၍ တန်ပြန်တိုက်ခိုက်လိုက်သည်။ သွေးခုနစ်ပွက် အန်ပြီးနောက် သူ၏မျက်နှာ ပျက်သွားတော့သည်။
" မင်း တကယ် အသေခံတိုက်နေတာလား ပိုင်ရှောင်ချန်း "
သူက အော်လိုက်သည်။ သူ့အနေဖြင့် အော်ဟစ်ကျိန်ဆဲနေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ လက်မောင်း စုတ်ပြဲသွားပြီး အရေပြားအောက်မှ အရိုးများ ပေါ်ထွက်လာ၏။ သူက သွေးများ တပွက်ပွက်အန်နေပြီး ထွက်လာသည့်သွေးများကား ကိုယ်တွင်းအင်္ဂါအတုံးအတစ်များဖြင့် ပြည့်နှက်နေသည်။
သို့ထိတိုင် ပိုင်ရှောင်ချန်းက လွန်စွာ ရူးသွပ်နေသော အခြေအနေတွင်ဖြစ်၍ သူ၏အသတ်အဖြတ်အရှိန်အဝါက အလွန်ပြင်းထန်နေလေရာ ဝိရူပက္ခမှာ ဆက်လက်တိုက်ခိုက်ရမည်လား ဝေခွဲမရဖြစ်နေတော့သည်။ ဤအချိန်တွင် အနိုင်ရခြင်းကပင် သူ့ကို အလွန်အန္တရာယ်များစေမည်ဖြစ်သည်။
" တန်မှာ မဟုတ်ဘူး"
သူက ပိုင်ရှောင်ချန်း၏ နောက်ထပ်တိုက်ကွက်မှ ရုတ်တရက် နောက်ဆုတ်လိုက်သည်။ ၄င်းက မျက်နှာပျက်စရာဖြစ်ပါသော်လည်း အန္တရာယ်များလွန်းလေသည်။ ဝိညာဥ်ဝါးမျိုသခင်နည်းတူ သူလည်း ထွက်ပြေးရန် ရွေးချယ်လိုက်ပြီး အစကတည်းက ပါဝင်ပတ်သက်မိသည်ကိုပင် နောင်တရသွားတော့သည်။
အဝေးရှိ မူလနတ်ဆိုးမင်းသားနှင့် အခြားကောင်းကင်ဧကရာဇ်များက ဖြစ်ပျက်နေသည်များအား မြင်တွေ့လိုက်ကြပြီး တအံ့တသြ ပင့်သက်ရှိုက်သွားကြသည်။ သူတို့က ကြောင်တောင်တောင်နှင့် အကြည့်များဖလှယ်ပြီးနောက် မြို့ထဲ ပြန်လည်ဦးတည်လိုက်လေသည်။
" ထားလိုက်တော့ ။ သူ မြို့ထဲမှာ ပြဿနာမရှာသရွေ့ ဒီအတိုင်း တစ်ယောက်တည်း ထားထားသင့်တယ် "
" ဒီကောင် သေချာပေါက် ရူးနေပြီ "
" မိစ္ဆာဧကရာဇ် တံခါးပိတ်ကျင့်ရင် ကျင့်နေလောက်ပေမယ့် ဒီလိုသာဆက်ဖြစ်နေရင် သူ သေချာပေါက်ထွက်လာပြီး ကိုင်တွယ်လိမ့်မယ်"
ပိုင်ရှောင်ချန်းက ထွက်ပြေးသွားသော ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို လျစ်လျူရှု၍ မြောက်ပိုင်း၏ မဟာဓားထံ ပျံဆင်းလိုက်သည်။သူက အသက်မနည်းရှူကာ ဓားရိုးမှ ဆွဲကိုင်ပြီးနောက် မန္တန်ဝင်္ကပါထဲမှ ဆွဲထုတ်လိုက်သည်။ သူ၏ဒဏ်ရာများ သက်သာသွားချိန်မှာပင် သူသည် ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားနှစ်မျိုးလုံးကို ဆင့်ခေါ်ကာ ဓားကို အောက်သို့ ထပ်မံ လွှဲချလိုက်သည်။
" ပွင့်စမ်း "
ဝုနျးးးးးးးးးးးး
သူက မန္တန်ဝင်္ကပါထဲ ဓားထိုးစိုက်ထားခဲ့သည့် နေရာကို ထိလိုက်ရာ အက်ကြောင်းများ အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် မန္တန်ဝင်္ကပါ ပေါက်ကွဲထွက်သွား၏။
ဖုန်များ ပျောက်သွားသည်နှင့် အတွင်းရှိ ကောင်းကင်တံတားကျင့်ကြံသူတစ်သောင်း မော့ကြည့်လိုက်ကြသည်။ သူတို့က အားနည်းနေကြသည့်တိုင်အောင် အသက်ဘေးမှလွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်လေသည်။ ထို့နောက် သူတို့က ပိုင်ရှောင်ချန်းကို မြင်လိုက်ကြ၏။ တချို့က သူ့ကို မသိကြသော်လည်း အတော်များများက သူ၏မိတ်ဆွေများ ဖြစ်ကြသည်။ များမကြာမီ မျက်ရည်များ စီးကျလာကြတော့သည်။
" ဗဟို ဘိုးဘေးကြီး "
" အဲဒါ ဗဟိုဘိုးဘေးကြီးပဲ "
" ဗဟိုဘိုးဘေးကြီး ငါတို့ကို လာကယ်တယ် "
ပိုင်ရှောင်ချန်းမှာ ထိုကြွေးကြော်သံများကြောင့် ရင်မအေးနိုင်ပေ။ သူက ဤအချိန်တွင် အလွန်တရာအားနည်းနေပုံပေါ်သည့် လီချင်းဟောက်နှင့် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးကို ချက်ချင်း အာရုံစိုက်လိုက်သည်။ သူက လီချင်းဟောက်ထံ အပြေးအလွှားသွား၍ ထူပေးလိုက်လေသည်။
" ဦးလေးလီ "
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နောက်ဆုံးမြင်ခဲ့စဥ်ကတည်းက အချိန်မည်မျှကြာခဲ့သည်ကို ထည့်တွက်ပါက ပျော်ရွှင်ဖွယ်ရာပြန်လည်ဆုံစည်းခြင်းတစ်ခု ဖြစ်သင့်သည်။ လီချင်းဟောက်မှာ သိသိသာသာ စိတ်လှုပ်ရှားနေသော်လည်း ရုတ်တရက် မျက်နှာထား တင်းမာခက်ထန်သွားပြီး ပိုင်ရှောင်ချန်း၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
" ရှောင်ချန်း "
သူက အလွန်စိုးရိမ်နေသော လေသံဖြင့် ပြောသည်။
" မင်း စုန့်ကျင်းဝမ်နဲ့ ကျိုးကျစ်မိုကို သွားကယ်ရမယ် "
ပိုင်ရှောင်ချန်းက ထိုစကားများကြားသောအခါ တစ်ကိုယ်လုံးတုန်တက်သွားပြီး ရုတ်တရက် အသက်မရှူနိုင်တော့ပေ။ သူသည် ထိုအမျိုးသမီးနှစ်ဦးကို နှစ်ပေါင်းများစွာ လိုက်ရှာနေခဲ့သည့်တိုင် ယခု ဤအန္တရာယ်အခိုက်အတန့်မှ သူတို့နာမည်ကို ကြားလိုက်ရလေသည်။
" သူတို့ကို မိစ္ဆာမင်းသား ဖမ်းခေါ်သွားတယ်" လီချင်းဟောက်က ဆက်ပြောသည်။
" မင်း သူတို့ကို သွားကယ်ရမယ်"
လီချင်းဟောက်နည်းတူ အလွတ်စိတ်ပူနေပုံဖြင့် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက ထပ်ပြောသည်။
" ရှောင်ချန်း သူတို့ ကိုယ်ဝန်ရှိနေတယ်။ ပြီးတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ပြုမူနေတာကိုကြည့်ရတာ မင်းက အဖေဖြစ်ရမယ်။ သူတို့ ဘာလို့ အကြာကြီး ကိုယ်ဝန်ရှိနေလဲ ငါ မသိပေမယ့် ကျင်းဝမ် ငါ့ကို ပြောတာကတော့ သူ သေချာပေါက် မင်းရဲ့ကလေးကို လွယ်ထားရတာပဲ။ သွား သူတို့ကိုသွားကယ် "
" ဘယ်လို "
ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား စိတ်ဝိညာဥ်ထဲအထိ တုန်လှုပ်သွားတော့သည်။ အခြားလူများက အခြေအနေကို နားလည်လောက်မည် မဟုတ်သော်လည်း သရဲကြီးဘုရင်က သူ့ကို ပြောခဲ့သည့်အရာပေါ် အခြေခံ၍ သူ၏သွေးဆက်နှင့် ထာဝရအသက်ရှည်နည်းသိုင်းကြောင့် အမျိုးသမီးနှစ်ယောက်လုံး၏ ကိုယ်ဝန်ဆောင်ကာလမှာ ဤမျှကြောက်စရာကောင်းလောက်အောင် ကြာရှည်နေခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။ ဤအခိုက်အတန့်တွင် မကြာသေးခင်က သူ ခံစားခဲ့ရသည့်အရာမှာ ဒေါသထွက်သည်ဟူ၍ မထည့်တွက်နိုင်လောက်အောင် ဖြစ်သွားရ၏။ ယခု သူက စိတ်ကူးနိုင်သည်ထက် ကျော်လွန်သော၊ သူ ဘာမှစဥ်းစားမရတော့လောက်အောင် သူ့တစ်ကိုယ်လုံး တဟုန်းဟုန်းတောက်လောင်နေသော အမျက်ဒေါသများက ဖုံးလွှမ်းသွားတော့သည်။