← Chapters

ဒေါသူပုန်ထနေသော တိုက်ပွဲ

Vol. 12 Ch. 1189

ဒေါသူပုန်ထနေသော တိုက်ပွဲ

Vol. 12 Ch. 1189

" ဝမ်အာနဲ့ ကျစ်မိုတို့က ငါ့ကလေးတွေကို လွယ်ထားရတာ ... "

ပိုင်ရှောင်ချန်း၏ရင်ထဲဝယ် သူ့တစ်ဘဝလုံးတွင် တစ်ခါမှ မကြုံတွေ့ဖူးခဲ့သည့် မိုးသက်မုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာသဖြင့် တုန်ရီသွားရတော့သည်။

တစ်ဖက်တွင် သူသည် ပျော်ရွှင်သွားရပြီး အခြားတစ်ဖက်တွင် စိုးရိမ်သောကများ ဝင်လာတော့သည်။ ထိုနှစ်ယောက် အသက်ရှိသေးသလားဆိုသည့်အချက်ကိုပင် မသိနိုင်သည့်အတွက် သူ၏စိတ်နှလုံးထဲတွင် မီးတောက်တစ်ခု စတင်လောင်ကျွမ်းလာတော့သည်။

" ရှောင်ချန်း " စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ဆိုလိုက်သည်။

" ကြည့်ရတာ မိစ္ဆာမင်းသားက မင်းရဲ့အပြင်ခန္ဓာကို တော်တော်မျက်စိကျနေတဲ့ပုံပဲ။ မင်းခန္ဓာကို သူရယူဖို့ကြိုးစားတာ မအောင်မြင်ခဲ့တော့ သူ အစီအစဥ်နှစ်ခု ဆွဲခဲ့တာ။ ပထမအစီအစဥ်က ငါတို့ရဲ့သွေးတွေကို ထုတ်ယူဖို့။ ဒုတိယအစီအစဥ်က စုန့်ကျင်းဝမ်နဲ့ ကျိုးကျစ်မိုတို့နှစ်ယောက်ကို ဖမ်းပြီးတော့ မမွေးရသေးတဲ့ မင်းရဲ့ကလေးနှစ်ယောက်ကို အသုံးချပြီး သူတို့ရဲ့သွေးနဲ့ သက်စောင့်ယန်စွမ်းအင်ကို ထုတ်ယူဖို့ပဲ။ မင်းရဲ့သွေးမျိုးဆက်ထဲမှာ ကိန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်နိုင်အောင်လို့ သူဒါတွေအားလုံးကိုလုပ်နေတာ "

ပိုင်ရှောင်ချန်းမှာ နီမြန်းနေသော မျက်ဝန်းကြီးများဖြင့် ခေါင်းကိုနောက်ပစ်၍ ကောင်းကင်ကိုတုန်ခါစေကာ မြေပြင်ကိုကြေမွသွားစေနိုင်သည့် အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ သူ၏ရင်ထဲတွင် ရုတ်တရက် ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားသော မိုက်ရူးရဲဆန်သည့် ဒေါသများ ပေါက်ဖွားလာတော့သည်။

သူတို့က သူ၏ တာအိုလက်တွဲဖော်များနှင့် သားသမီးများ မဟုတ်ပါလော။

မိစ္ဆာမင်းသားမှာ အလွန်ယုတ်မာလှသော ရည်ရွယ်ချက်ဖြင့် သူတိူ့ကိုအသုံးချရန်ကြံစည်နေသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းမှာ သက်ရှိအရာအားလုံးကို သွေးများစွန်းထင်းသွားစေတော့မည့်အလား အသိစိတ်ပျောက်လုမတတ် ဒေါသများထွက်သွားရပြီ ဖြစ်သည်။

သတ္တိအကြောင်ဆုံး၊ သည်းထိတ်ရင်ဖိုများကို မခံစားနိုင်သောလူတစ်ယောက်ပင် ဤကဲ့သို့သော အခြေအနေမျိုးကို လင်သင့်ခံနိုင်မည်မဟုတ်ပဲ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွားကြမည်သာဖြစ်သည်။

သို့သော် သူသည် သူ၏ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများအားလုံးကို မဆုံးရှုံးသွားသေးပေ။ အကယ်၍ သူသာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ကို ကယ်တင်ရန် သွားလိုက်မည်ဆိုပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြေမရှိကြောင်း သိထားသည်။ သူသည် ဘဝတစ်လျှောက်လုံး သေခြင်းတရားကို ကြောက်ရွံ့ခဲ့ပြီး အမြဲလိုလိုပင် အန္တရာယ်များသော လမ်းကို ရှောင်ကွင်း၍ ဘေးကင်းသောလမ်းပေါ်တွင်သာ လျှောက်လေ့ရှိခဲ့သည်။

သို့သော် ယခုတွင်မူ သူသည် မည်သည်ကိုမှ ဂရုမစိုက်တော့ပေ။ ဓားတောင်ကိုကျော်ကာ မီးပင်လယ်ကို ဖြတ်သန်းရမည်ဆိုလျှင်တောင်မှ သူသွားကယ်ဦးမည်သာ ဖြစ်သည်။ သူ့အသက်ပင် ဆုံးရှုံးပါစေ သူ သွားကယ်မည် ဖြစ်သည်။

" သေတာ ဘာဆန်းလို့လဲ "

ထိုသို့သော စိတ်ခံစားချက်များမှာ ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲတွင် ယခင်က လုံးဝမရှိခဲ့ဘူးပေ။ သို့သော် ယခုတွင်မူ ထိုခံစားချက်များက သူ၏အသိစိတ်ကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

သူသည် အသိစိတ်ပျောက်လုမတတ် ဒေါသထွက်နေပါသော်လည်း ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူထောင်သောင်းများစွာကို လှည့်ကြည့်မိလိုက်သောအခါတွင် အကယ်၍ သူသာ သူတို့ကို ဤနေရာတွင်ထားရစ်ခဲ့မည်ဆိုပါက သူတို့ အန္တရာယ်များစွာနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်းကို သိလိုက်သည်။ ထို့အပြင် သူတို့အား မြောက်ပိုင်း၏ဓားကြီးထဲတွင်ထည့်၍ ခေါ်ဆောင်သွားပြီး သူသေဆုံးသွားမည်ဆိုပါကလည်း အလားတူဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရဦးမည်သာဖြစ်သည်။ သူသည် သူ၏အသက်ကိုစွန့်ရန် အဆင်သင့်ဖြစ်နေပါသော်လည်း ထိုလူများအားလုံးကို သူနှင့်အတူ သေမင်းခံတွင်းဝသို့ ခေါ်မသွားရက်ပေ။

သူ့တွင် ရွေးချယ်စရာ မရှိသလောက်နည်းနေပြီဖြစ်သည်။ သူသည် တွေဝေမနေပဲ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ဓားကိုလက်ညှိုးထိုးလိုက်သည်။ ထိုအခါ ထိုဓားမှာ တုန်ရီသွားပြီး ဆွဲငင်အားတစ်ခုကိုထုတ်လွှတ်၍ ကောင်းကင်တံတားနယ်မြေကျင့်ကြံသူအားလုံးကို အထဲသို့ စုပ်ယူသွားတော့သည်။ လီချင်းဟောက်နှင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတို့ပင် ပါဝင်သည်။

ထို့နောက် ပိုင်ရှောင်ချန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး မြောက်ပိုင်း၏ဓားကြီးကို အဝေးတစ်နေရာသို့ အလင်းတန်းတစ်ခုအသွင်အဖြစ် စေလွှတ်လိုက်တော့သည်။ သူသည် ထိုဓားကြီးကို ယပ်တောင်စုတ်ကြီးထံ ပို့ရန်တွေးခဲ့သေးသည်။ သို့သော် သူသည် ယပ်တောင်ကြီး၏ ပိုင်ရှင်ဖြစ်နေသည့်တိုင်အောင် ဤကဲ့သို့ လူအများကြီးကို ထိုအပေါ်သို့ပို့၍ မရနိုင်ပေ။

" ကုန်းစွန်းဝမ်အာရေ။ ငါ ပိုင်ရှောင်ချန်း … မင်းကို အကူအညီတစ်ခုတောင်းရဦးမယ်။ ငါ့လူတွေနဲ့ ဒီဓားကြီးကိုယူသွားပြီး မဟာကောင်းကင်သခင်ဆီကို ပို့ပေးပါ "

ထိုအခါ အဝေးတစ်နေရာတွင် ကုန်းစွန်းဝမ်အာမှာ ခံစားချက်ပေါင်းစုံရောယှက်နေသည့် မျက်နှာအမူအရာဖြင့် ပေါ်ထွက်လာသည်။ သူမသည် အစောကတည်းက ရောက်ရှိနေခဲ့သည်ဖြစ်ပြီး ပိုင်ရှောင်ချမ်းအား ကူညီသင့်၊ မကူညီသင့် တွေးတောနေခဲ့သည်။ သို့သော်အဆုံးတွင်မူ သူမ ကူညီစရာ မလိုလိုက်ပေ။

သူမ၏ နာမည်ကို သူခေါ်လိုက်ခြင်းကြောင့် သူမရောက်နေခဲ့သည်ကို သူသိနေသည်ဆိုသောအချက်မှာ ထင်ရှားပေသည်။ သူမက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်နေစဥ် သူသည် နောက်သို့လှည့်ကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဥက္ကာပျံအလား မိစ္ဆာဧကရာဇ်မြို့တော်ဆီသို့ ပြန်၍ဦးတည်သွားတော့သည်။

" သူက ငါ့ကို ဒီလောက်တောင် ယုံတာလား "

သူမ တွေးနေတော့သည်။ ထို့နောက် သူမသည်လည်း နောက်သို့လှည့်၍ လှစ်ခနဲလှုပ်ရှားလိုက်ပြီး မြောက်ပိုင်း၏ဓားကြီးနောက်သို့ လိုက်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ လူပေါင်းထောင်သောင်းများစွာ၏ အသက်ကို သူမ၏လက်ထဲတွင် ယုံယုံကြည်ကြည် အပ်နှံခဲ့သည်ဖြစ်ကြောင်း သူမက သိသည်။ ထို့အပြင် သူလုပ်ရန်ကြံစည်နေသည့်အရာကို သူမတားဆီးနိုင်မည် မဟုတ်ကြောင်းကိုလည်း သူမက သိသည်။ ထိုအချင်းအရာများအားလုံးကြောင့် သူမမှာ အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။

ထိုစဥ် ပိုင်ရှောင်ချန်းမှာ လက်ဖျားခါရလောက်သော အမြန်နှုန်းမျိုးဖြင့် မိစ္ဆာဧကရာဇ်မြို့တော်ဖြစ်သော အရိုးနဂါးကြီးဆီသို့ သွားနေတော့သည်။

မြောက်ပိုင်း၏ဓားကြီးကို လက်လွှတ်လိုက်ရသည့်အတွက် သူ၏တိုက်ပွဲစွမ်းရည်က အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားရပါသော်လည်း အခြားရွေးချယ်စရာမရှိကြောင်း သူက သိသည်။ သူ့အား ဗဟိုဘိုးဘေးကြီးဟု ခေါ်ဆိုခဲ့သည့် လူများကို ဘေးကင်းအောင်ထားနိုင်မည့်နည်းလမ်းမှာ ထိုတစ်ခုသာရှိသည်။ သွေးထွက်သံယိုတိုက်ပွဲကြီးတစ်ခုကို အာရုံထွေပြားစရာများ မပါပဲ တိုက်ခိုက်နိုင်မည့်နည်းလမ်းမှာ ထိုတစ်ခုသာရှိသည်လည်း ဖြစ်သည်။

" မိစ္ဆာမင်းသား။ ဒီနေ့ ငါမင်းကို မသတ်နိုင်ဘူးဆိုရင် ငါ့ကိုယ်ငါ လူလို့ မခေါ်ထိုက်တော့ဘူးကွ "

" သေစမ်း... သေစမ်း....သေစမ်း.... "

ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် ဝန်းရံနေသည့် သတ်ဖြတ်လိုသော အငွေ့အသက်ကြီးမှာ သူ့အား အဖျက်စွမ်းအားကြီးမားသော ကြယ်ပျံတစ်လုံးအလား ရှေ့သို့တွန်းပို့ပေးနေတော့သည်။

လေများမှာ တရွှီရွှီတိုက်ခတ်နေပြီး မြေပြင်မှာ တုန်ရီနေပြီဖြစ်သည်။ ထိုပြင်းအားကြီးကို တောင့်မခံနိုင်သည့် လေထုကြီးမှာ အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားသည်။ ဖြစ်ပျက်နေသည့် အချင်းအရာများကို မြင်လိုက်ရသည့် မိစ္ဆာဧကရာဇ်မြို့တော်ထဲမှ ကျင့်ကြံသူများမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး ထိုဖိအားကြီး၏ ချေမွခြင်းကိုခံနေရသကဲ့သို့ ခံစားနေရတော့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ စိတ်ဆန္ဒစွမ်းအားများ ဝရုန်းသုန်းကားဖြစ်လာကြသည်ကိုပင် ခံစားလိုက်ရတော့သည်။

နတ်အဆင့်ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများအားလုံး အံ့သြတုန်လှုပ်စွာ ပင့်သက်ရှိုက်သွားကြပြီး သံရုံးထဲမှ ကျင့်ကြံသူများမှာ အဆိုးဆုံးပင် ဖြစ်သည်။

မိစ္ဆာဧကရာဇ်မြို့တော်တစ်ခုလုံးက အသက်ရှူကြပ်စေသော ဖိအားကြီးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး မျက်ဝန်းများ မြောက်မြားစွာက လေဟုန်ခွင်း၍ ပျံသန်းလာနေသည့် ပိုင်ရှောင်ချန်းအား ကြည့်နေကြသည်။

သူ၏ပန်းတိုင်မှာမူ သိသာပေသည်။ သူက မိစ္ဆာမင်းသား စံအိမ်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။

သူသည် ရက်စက်ကြမ်းကြုတ်ဖွယ် ဓားတစ်ချောင်းပမာ လေကိုခွင်း၍ မိစ္ဆာမင်းသားဆီသို့ သွားနေခြင်း ဖြစ်သည်။

မိစ္ဆာမင်းသားစံအိမ်ထဲရှိ မိစ္ဆာမင်းသား၏ လက်အောက်ငယ်သားအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုစဥ် မိစ္ဆာမင်းသားမှာ သီးသန့်အခန်းတစ်ခန်းထဲတွင် ရှိနေပြီး ရူးသွပ်နေသည့်မျက်နှာအမူအရာဖြင့် သူ၏ရှေ့တွင်တည်ဆောက်ထားသည့် မန္တန်အစီအရင်ကို ကြည့်နေသည်။

" နင်တို့ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့။ မလောက်လေးမလောက်စား တိရစ္ဆာန်လေးတွေ "

ထို မန္တန်အစီအရင်မှာ ယင်ယန်သင်္ကေတတစ်ခုပုံစံရှိပြီး မျက်လုံးများ ပိတ်နေကြသည့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ကို ချုပ်နှောင်ထားသည်။ သူတို့နှစ်ယောက်စလုံးမှာ အသားများ တုန်ရီနေကြပြီး မျက်နှာများမှာ ဖြူဆုတ်၍ နာကျင်မှုများကြောင့် ရှုံ့မဲ့နေသည်။ သူတို့၏ပတ်ပတ်လည်တွင် အနက်ရောင်မီးခိုးငွေ့များ တလိပ်လိပ်ထနေပြီး သူတို့၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်၍ သူတို့နှင့် သူတို့၏ မမွေးရသေးသောကလေးများထံမှ သွေးနှင့် အဆီအနှစ်များကို စုပ်ယူနေကြသည်။

ကံကောင်းသည်မှာ စုန့်ကျင်းဝမ်၏လက်ဖျံပေါ်တွင် ဆေးမင်ကြောင်ထိုးကွင်းတစ်ခုရှိနေပြီး ၎င်းမှာ သူမနှင့် ကျိုးကျစ်မိုတို့နှစ်ယောက်စလုံးကို ခရမ်းရောင်အကာအကွယ်အလင်းတန်းတစ်ခုဖြင့် ဝန်းရံပေးထားသည်။ အနီးကပ်သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုက ထိုဆေးမင်ကြောင်ထိုးကွင်း၏ပုံမှာ ဘရူဆာဖြစ်နေသည်ကို တွေ့နိုင်မည် ဖြစ်သည်။

မန္တန်အစီအရင်ကို အနက်ရောင်မီးခိုးများ၏ မူလရင်းမြစ်ဖြစ်သော သွေးရောင်လွှမ်းနေသော စင်မြင့်တစ်ခုပေါ်တွင် တည်ဆောက်ထားသည်။

မိစ္ဆာမင်းသားဖော်လိုက်သည့် မန္တန်လက်ကွက်များကြောင့် မန္တန်အစီအရင်မှာ အဆက်မပြတ် လည်ပတ်နေသည်။ အချိန်အနည်းငယ်အကြာတွင် မိစ္ဆာမင်းသားမှာ ရုတ်တရက် ခေါင်းမော့လာပြီး သတင်းပို့ပေလွှာတစ်ခုကို ထုတ်ယူလိုက်တော့သည်။

" တောက် … ဘယ်သူကမှ သူ့ကိုမတားနိုင်တော့ဘူးလား။ မင်းကငါ့ကို သတ်ချင်တယ်ပေါ့ ဟုတ်လား ပိုင်ရှောင်ချန်း။ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ မင်းနဲ့ငါ ဘယ်သူကပိုမြန်မလဲ ကြည့်ကြသေးတာပေါ့။ ငါက အောင်မြင်ခါနီးနေပြီကွ "

သူသည် ဒေါသစိတ်များကြောင့် ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် သူ၏ခမည်းတော်ထံ သတင်းတစ်ခုပေးပို့လိုက်သည်။ အချိန်အတော်အတန် ကြာမြင့်သွားပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရလိုက်သဖြင့် သူ ပျာယာခတ်သွားပြီး မြို့တော်ထဲရှိ ကောင်းကင်ဧကရာဇ်များထံသို့ သတင်းပေးပို့လိုက်တော့သည်။

သူသည် သူတို့၏ အကူအညီကိုရယူနိုင်ရန်အတွက် နစ်နာကြေးအမြောက်အမြားပေးမည်ဟု ကတိပေးထားခဲ့သည်ဖြစ်ပြီး အဆုံးသတ်တွင် တုံ့ပြန်မှုတစ်ခုပြန်ရလိုက်သဖြင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် သူသည် စိတ်ပူနေဆဲပင်ဖြစ်၍ သူ၏လက်အောက်မှ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများအား ပိုင်ရှောင်ချန်းကိုတားဆီးရန် အမိန့်ပေးလိုက်သေးသည်။

မိစ္ဆာမင်းသားစံအိမ်ထဲမှ ထိပ်သီးအဆင့်ကျင့်ကြံသူများမှာ အခြားရွေးချယ်စရာမရှိတော့သဖြင့် မာန်တင်း၍ အပြင်သို့ ပျံထွက်သွားကြတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မိစ္ဆာဧကရာဇ်မြို့တော်၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့ဆီသို့ လျင်မြန်စွာ ချဥ်းကပ်လာနေပြီဖြစ်သည်။

မိစ္ဆာမင်းသား၏ ခြွေရံသင်းပင်းများ သူ့ဆီသို့ မရောက်ခင် သူ၏ဆုလာဒ်များပေးမည်ဆိုသော ကတိကို လက်ခံခဲ့သည့် ကောင်းကင်ဧကရာဇ်များမှာ အရင်ဆုံးရောက်လာကြသည်။ ကောင်းကင်တံတားတာအို၊ မူလနတ်ဆိုးမင်းသား၊ ဝိညာဥ်ဝါးမျိုသခင် နှင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခတို့အားလုံး ရောက်ရှိလာကြသည်။

သူတို့မှာ ပထမဆုံး ပိုင်ရှောင်ချန်းအား ရပ်တန့်သွားအောင် နားချရန် ကြိုးစားလိုက်ကြသည်။

" နောက်ဆုတ်စမ်း ပိုင်ရှောင်ချန်း "

" မိစ္ဆာဧကရာဇ်ကြီးက တံခါးပိတ်ကျင့်စဥ်ကနေ အချိန်မရွေးထွက်လာနိုင်တယ် ပိုင်ရှောင်ချန်း။ အသိစိတ်ရှိစမ်းပါ။ ငါတို့တွေညှိနှိုင်းလို့ ရပါတယ်။ ဒီလိုလုပ်စရာ အကြောင်းမရှိပါဘူး "

အခြား အခြေအနေများတွင်ဆိုလျှင် ပိုင်ရှောင်ချန်းမှာ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နိုင်ခြေ ရှိသေးသည်။ သို့သော် ယခုတွင်မူ သူ၏မျက်ဝန်းများမှာနီမြန်းနေပြီဖြစ်ပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များမှာလည်း ယခင်နှင့် လုံးဝမတူလောက်အောင် မြင့်တက်နေပြီဖြစ်သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ယခုလောက် လူသတ်ချင်စိတ်များ မပေါက်ခဲ့ဘူးပေ။

" မင်းတို့အားလုံး ငါ့ရဲ့ရှေ့ကနေ ဖယ်ကြစမ်း "

သူက စကားများပြောကာ အချိန်ဖြုန်းမနေပေ။ ချက်ချင်းပင် တောင်ဖြိုသိုင်းကိုထုတ်သုံးလိုက်ပြီး သူ၏အပြင်အားများနှင့် သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်များကိုပါ ထည့်ပေါင်းလိုက်တော့သည်။ ထာဝရပြုစားခြင်းအတတ်နှင့် နတ်ဘုရားဇီဝိန်ချုပ်သိုင်းကိုပင် ထုတ်သုံးလိုက်သေးသည်။

သူသည် မူလနတ်ဆိုးမင်းသားနှင့် ကောင်းကင်တံတားတာအိုတို့ကို ဝင်တိုက်လိုက်သဖြင့် အုန်းခနဲမြည်သံကြီးတစ်သံ ပေါ်ထွက်လာသည်။ သူတို့၏ပါးစပ်များထဲမှ သွေးများပန်းထွက်လာကြပြီး သူတို့နှစ်ယောက်လုံး နောက်သို့လွင့်စင်သွားကြသည်။ ဝိညာဥ်ဝါးမျိုသခင် နှင့် ဝိရူပက္ခတို့မှာမူ လက်ရှိအခြေအနေကို တွေဝေနေဆဲဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်း၏လမ်းကိုပိတ်ရန် ကြိုးစားလိုက်ကြဆဲပင်။

တအုန်းအုန်းမြည်သံများ ထပ်၍ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ သွေးများအန်ကာ သူ၏ရင်ဘတ်ကြီးမှာလည်း ချိုင့်ဝင်နေပြီဖြစ်သည်။ သို့သော် သူသည် ဂရုမစိုက်ပဲ ရူးသွပ်စွာရယ်မောလိုက်ပြီး ဝိရူပက္ခကို လှမ်း၍ဖမ်းဆုပ်လိုက်ပြီး ခေါင်းဖြင့် ပြင်းထန်စွာ ဆောင့်လိုက်တော့သည်။

ဝိရူပက္ခမှာ သွေးများအန်ထွက်လာပြီးနောက် ပိုင်ရှောင်ချန်းက သူ၏မျက်နှာမှ အသားကို ကိုက်ဖြတ်ပစ်တော့မည့်အလား သူ၏ပါးစပ်ကိုဟနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ဝိရူပက္ခမှာ တွေဝေမနေပဲ ကြီးကြီးမားမား ပေးဆပ်ကာ လျှို့ဝှက်မှော်အတတ်တစ်ခုကိုသုံး၍ ဆုတ်ခွာလိုက်ရသည်။

" သူတကယ်ရူးသွားပြီပဲ "

ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများနှင့် လုံးထွေးသတ်ပုတ်နေစဥ် မိစ္ဆာမင်းသား၏ လက်အောက်ငယ်သားများမှာ အခြားကျူးကျော်သူတစ်ယောက်နှင့် ရင်ဆိုင်ရန် အပြင်သို့ပျံထွက်လာကြသည်။

ထိုကျူးကျော်သူမှာ သူ၏ လွင့်ပျံနေသော အနက်ရောင်ဆံနွယ်များနှင့် လိုက်ဖက်မှုရှိသည့် အနက်ရောင်ဝတ်စုံကို ဆင်မြန်ထားပြီး လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူသည် နတ်အဆင့်တွင်သာရှိသေးပါသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်၍တိုက်ခိုက်နိုင်လောက်အောင် စွမ်းနေပြီဖြစ်သည်။

ထိုလူကား စုန့်ချွဲပင်။

သူသည် ကောင်းကင်ဧကရာဇ်များ တိုက်ခိုက်နေသည့် တိုက်ပွဲကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် မိစ္ဆာမင်းသားစံအိမ်ထံ ဦးတည်သွားလိုက်တော့သည်။

" ဒေါ်လေး ကျင်းဝမ်။ ဒေါ်လေးကိုကယ်ဖို့ ကျွန်တော် စုန့်ချွဲ ရောက်လာပြီ "

All Chapters