← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

Ch 81

( ယုစုကျန်း၏ တိုက်ခိုက်မှု)

အနက်ရောင်တစ္ဆေကို ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှာ သန့်စင်ပြီးသည်နှင့် လုယန် အချိန်မဖြုန်းတော့ဘဲ တစ္ဆေအမဲလိုက်ပွဲကြီးကို စတင်ရန် ထွက်သွားလိုက်တော့သည်။

“ အခုချိန်မှာဦးစားပေးလုပ်ရမှာက တစ္ဆေတွေအများကြီးကိုသတ်ပြီး ကမ္ဘာ့ယင်ချီအစွမ်းတွေကို စုပ်ယူရမယ်”

“ ပြီး မွေးဖွားရာလျှို့ဝှက်ချက် ကြည့်ခြင်းသိုင်းကို ကျင့်ကြံဖို့လဲ လုပ်သင့်ပြီ။ ​အာ ပြီးတော့ ယုစုကျန်းရဲ့ အခြေအ​နေကိုလဲ စစ်ဆေးရအုံးမယ်”

“ အကုန်လုံးအဆင်ပြေမယ်ဆိုရင်.. ငါ့မှာ နဂိုရှိပြီးသား အဆင့်သုံးနဂါးချီနဲ့ သူတော်စင်သူခိုးသိုင်းရဲ့မြင့်မားတဲ့ အဆင့်အတန်းရယ်.. မွေးဖွားရာလျှို့ဝှက်ချက် ကြည့်ခြင်းသိုင်းကို အောင်မြင်လာမှာရယ်နဲ့ ဒီထဲက ကမ္ဘာ့ယင်ချီစွမ်းအင်တွေကို လုံလောက်အောင် စုဆောင်းပြီးရင် အဆင့်တက်ဖို့ ငါးဆယ်ရာခိုင်နှုန်းရှိမယ်။ နောက်ဆုံး.ယုစုကျန်းကို ပြန်စုပ်ယူပြီးရင် ခြောက်ဆယ်ရာခိုင်နှုန်း ရှိသွားပြီ”

သို့ပေမဲ့ လုယန် မျက်မှောင်ကြုတ်သွားပြန်သည်။

သူ့အနေနှင့် ခြောက်ဆယ်ရာခိုင်နှုန်းက ယုံကြည်၍ မရနိုင်သေးသလို ခံစားရလို့ပင်။ ယန်ရှန်းကျန့်ယန်ဆီက အဆင့်တက်ခြင်း တံဆိပ်ပြားကိုပါ ရနိုင်ခဲ့ပါက၊ အဆင့်တက်နိုင်စွမ်း ခုနှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သွားပြီး ကြိုးစားကြည့်ဖို့ တန်သွားပါလိမ့်မည်။

“ အဲ့ဒါကမရနိုင်တာတော့ မဟုတ်ဘူး”

သူသာ ဤလျှို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်ခဲ့ပြီး အထဲက ဓားချီကို ဖြေရှင်းလိုက်နိုင်ပါက၊ ယန်ရှန်းကျန့်ယန်နှင့် အပေးအယူလုပ်လို့ရနိုင်လောက်သည်။

“ ဒါဆို ငါသေသေချာချာ စီစဥ်ဖို့လိုပြီ”.

လုယန်သည် ဤဘဝမှာ မြစ်သုံးသွယ်အဖွဲ့ဝင် တစ်ယောက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် နတ်ဆိုးဂိုဏ်း၏ ပုံစံအရ သူသာ ယန်ရှန်းကျန့်ယန်နှင့် သာမာန်အပေးအယူ လုပ်ဖို့ ကြိုးစားလိုက်လျှင် အသတ်ခံလိုက်ရပြီး.. ပိုင်ဆိုင်သမျှပဲ ဓားပြတိုက်ခံရနိုင်သည်။

“ ငါ ယုစုကျန်းနဲ့ အကွက်ရွှေ့ကြည့်ရမယ်”

ထိုအတွေးကြောင့် လုယန် သူ၏ပုံရိပ်ခွဲကို လျှို့ဝှက်နယ်မြေ၏ တစ်နေရာမှာ ပုန်းခိုနေစေလိုက်ပြီး အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အပြင်ဘက်က မူရင်းခန္ဓာကိုယ်ဆီ ပြန်ရောက်သည်နှင့် ယုစုကျန်းကို စတင်စစ်းဆေးတော့၏။

ရှေးဦးသူတော်စင်ဂိုဏ်း၏ တိမ်ပင်လယ်အတွင်းတွင်…

ယုစုကျန်းသည် ရုပ်သေးရုပ် ဖြစ်တာ အလွန်ကြာခဲ့ပြီဖြစ်သည့်အတွက် လုယန် အားစိုက်စရာမလိုဘဲ သူမ၏တည်နေရာကို အလွယ်တကူ ရှာတွေ့ခဲ့လေသည်။

ကောင်းကင်ပြုပြင်တောင်ထွတ်ရှိ မြစ်သုံးသွယ်အဖွဲ့နှင့် သက်ဆိုင်သော ဂူတစ်ခုအတွင်း၌…

ဂူအပြင်၊ ဂူအထဲ နှစ်ခုလုံးမှာ လူတွေပြည့်နေလေရဲ့.. အကုန်လုံးက လူရွယ်တစ်ယောက်ကို ဝိုင်းထားကြပြီး မြှောက်ပင့်ပြောဆိုနေကြသည်။

“ ကြီးမြတ်တဲ့နတ်စွမ်းအင်ကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းတူအကိုလျို။ ဒီပုံအတိုင်းဆို မကြာခင် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တက်လှမ်းနိုင်တော့မှာပဲ”

“ အနာဂတ်မှာ ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါအုံး အကိုလျို”.

“ ဂိုဏ်းတူအကိုလျို ကျွန်တော့်ကို မှတ်မိလား။ ကျွန်တော်တစ်ခါက အကို့ကို နေ့လည်စာ လိုက်ကျွေးဖူးတယ်လေ”

အဓိကဇာတ်လိုက် လျိုဝူယန်း၏ ပုံစံက တည်ငြိမ်နေသေးပေမဲ့ မျက်နှာကြီးက အလွန်ကျေနပ်နေဟန်ရှိသည်။ ဘယ်လိုပင်ပြောပြော၊ သူကလက်ရှိမှာ တော်တော်လေး ငယ်ရွယ်သေးသည်။ ကြီးမြတ်တဲ့နတ်စွမ်းအားကို ရရှိလိုက်ခြင်းက အခြေခံတည်ထောင်ခြင်းနယ်ပယ်အတွက် ​လှေကားတစ်ထစ်စာ အခွင့်အရေးပဲမလား။

လျိုဝူယန်း၏ နှလုံးသားထဲမှာ ဂုဏ်ယူမှုတစ်ချို့ အမြစ်တွယ်လာသည်။

“ ကျုပ်ရဲ့ပထမအကိုကြီးက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ခဲ့ပြီး အမတသခင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အနာဂတ်မှာ ကျုပ်လဲ သူ့လိုမျိုး အဆင့်တက်နိုင်တော့မှာပဲ”

ထိုအချိန်မှာ အပြင်ဘက်က လူတစ်ယောက်သည် အလောတကြီး အထဲဝင်လာကာ၊ အလွန်အံ့အားသင့်စွာ ပြောလိုက်၏။

“ အမစုကျန်းရောက်​နေတယ်”

စက္ကန့်ပိုင်းအတွင်းမှာပဲ လှပသော ကိုယ်လုံးလေးတစ်ခု ဝင်လာတာ မြင်လိုက်ရသည်။

ဆွဲဆောင်မှုပြင်းလွန်းသော ခန္ဓာကိုယ်နှင့် အေးစက်စက်မျက်နှာလေးအပြင် ချီသန့်စင်ခြင်းအဆင့်ခြောက် ကျင့်ကြံမှုကိုပါ ရရှိထားသောကြောင့် သူမပုံစံက ရေခဲတောင်ထိပ်မှာ တစ်ထီးတည်းပွင့်နေသော ကြာပွင့်တစ်ပွင့်လို ထည်ဝါနေသည်။ ထိုအေးစက်စက် မျက်နှာဖုံးအောက်မှာ ဘယ်လိုဆွဲဆောင်မှုပြင်းသော ဟန်ပန်တွေ ရှိ​နေအုံးမလဲဆိုတာ လူတွေကို သိချင်စိတ် ဖြစ်အောင် ဆွဲဆောင်နေလေ၏။

“ လှလိုက်တာကွာ”

ယုစုကျန်းကို ကြည့်နေသော မျက်လုံးများစွာသည် အလင်းတွေ တဖိတ်ဖိတ် ယိုလာတော့၏။

“ အမစုကျန်းက တကယ်တော်တာ၊ သူကတစ်နှစ်အတွင်း တရားဝင်တပည့်တစ်ယောက် ဖြစ်လာတဲ့အပြင် ကျင့်ကြံဆင့်တွေ တိုးလာလိုက်တာဆိုတာ မကြာခင်မှာ အဆင့်တက်တာနဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းနယ်ပယ်ကိုတောင် ရောက်တော့မယ်”

“ ဂိုဏ်းတူအကိုလျိုကို စုကျန်း နှုတ်ဆက်ပါတယ်ရှင့်”

ယုစုကျန်းက ဖြေးညှင်းစွာ လမ်းလျှောက်လာပြီး လျိုဝူယန်း၏ အရှေ့တည့်တည့်မှာ ရပ်ကာ ခါးလေးကွေးညွတ်လိုက်သည်။ သူမ၏ပုံစံက ချဲ့ကားနေဟန်မရှိပဲ.. သူမ၏ကျက်သရေရှိသော ဟန်ပန်က မြင်သူတိုင်း၏ နှလုံးသားကို ယားယံလာအောင် လုပ်နေသည်။

“ ညီမလေးစုကျန်းက တွေးပေးတတ်တာပဲ”

လျိုဝူယန်း ကျေနပ်စွာပြုံးလိုက်သည်။ ယုစုကျန်းက ကောင်းကင်ပြုပြင်တောင်ထွတ်မှာ နာမည်ကြီးအလှဘုရင်မ တစ်ပါးဖြစ်ပြီး အပြင်ထွက်တာရှားလှသည်.. အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတတ်သည်ပင်။ ဒီနေ့သူ၏ ဖိတ်ကြားချက်ကို လက်ခံပြီး ရောက်လာခဲ့သော သူမကြောင့် လျိုဝူယန်း ကျေနပ်နေပြီး သဘောခွေ့သော မျက်နှာကြီး ဖြစ်နေလေ၏။

“ အကိုကျောက်နဲ့ အမချင်းဟဲ့”

ယုစုကျန်း၏ အကြည့်က လျိုဝူယန်း ဘေးမှာရှိနေသော ကျောက်ရှဟယ်အပေါ် ကျရောက်သွားကာ.. ကျောက်ရှဟယ်နှင့် အတူပါလာသော ချင်းဟဲ့ကိုပါ ကြည့်မိသွားသည်။

“ ပြီးတော့ အကိုလု ကောပဲ။ အကိုတို့ရဲ့ ဂရုစိုက်ပေးမှုကို ကျေးဇူးတင်ပါတယ်”

ထို့နောက် သူမက ကျောက်ရှဟယ်၏ တစ်ဖက်ဘေးမှာရပ်နေသော ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ တပည့် လုယွမ်ချန်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပဲ ဘာမှမဖြစ်ခဲ့သည့်အတိုင်း မျက်လွှာပြန်ချလိုက်၏။

မကြာခင်မှာ စားပွဲစတင်လေသည်။

လျိုဝူယန်းနှင့် ယုစုကျန်းအနားမှာပဲ တပည့်တွေက ပျားအုံနားက ပျားတွေလို ဝန်းရံနေကြသည်။ တစ်ဖက်က ကပ်ဖားယပ်ဖား လုပ်နေချိန်မှာ တစ်ဖက်က ရမ္မက်တွေပြင်းထန်နေပြီး လေထုက ရှုတ်ထွေးနေတော့သည်။

ထိုမြင်ကွင်းက လျိုဝူယန်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံးမှာ ထိုကပ်ဖားယပ်ဖားကောင်တွေ အများကြီးနှင့် ကြုံတွေ့ဖူးသောကြောင့် ဘယ်လိုလိုက်လျော ညီထွေပြုမူရမလဲ ကောင်းမွန်စွာ သိပြီးသားပင်။ သို့ပေမဲ့ ယုစုကျန်း ဘယ်လိုတုံ့ပြန်မလဲ သူ သိချင်လှသည်။

သူမကို လှမ်းကြည့်လိုက်သောအခါမှာ.. သူမ၏မျက်နှာက ထုံးစံအတိုင်း အေးစက်စက်ဆိုပေမဲ့ လူတွေကိုမုန်းတီးသွားအောင်.မပြုလုပ်ဘဲ အလိုက်သင့် တုံ့ပြန်ပေးနေသည်။ သူမက လူတိုင်းကို စကားပြန်ပြောပေးပြီး ရင်းနီးသလို ခံစားရအောင် လုပ်နေပေမဲ့ နောက်တစ်စက္ကန့်မှာ တစ်ခြားသူနှင့် ပျော်ရွှင်စွာ စကားပြောနေလိမ့်မည်။

တစ်နည်းပြောရလျှင် လူတိုင်းကို ကြိုးရှည်ရှည်နှင့်ဆွဲနေတာပဲ။ သို့ပေမဲ့ ဘယ်သူကမှ မသိခဲ့ကြပေ.. သိလျှင်တောင်မှ သူမက သူတို့ကို ဂရုစိုက်ပါလျက်နှင့် ချဥ်းကပ်ရခဲယဥ်းအောင် ဖန်တီးနေသည်ဟုသာ ထင်ကြလိမ့်မည်။

‘ သနားစရာကောင်တွေ၊ ဒီမိန်းမဆီမှာ ကစားခံနေကြတယ်’

လျိုဝူယန်း မနေနိုင်စွာ တွေးမိလိုက်သော်လည်း.. အစကနေအဆုံးအထိ သူမနှင့်ပတ်သတ်ပြီး သူတစ်နည်းတစ်ဖုံ စိတ်ဝင်စားနေမိခဲ့သည်။ သူမသည် သူ၏ဖိတ်ကြားမှုကြောင့် ပွဲကိုရောက်လာခဲ့သည့်တိုင်အောင် သူနှင့် နီးစပ်နိုင်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။

သူမပုံစံက ကျင့်ကြံမှုမှာပဲ အာရုံစိုက်ထားသည့် ကြင်နာမလိုနှင့် ပြတ်သားကာ၊ အေးစက်သော မိန်းမတစ်ယောက်ပင်။

‘ စိတ်ဝင်စားဖို့ကောင်းတယ်’

ညနေပိုင်းကိုရောက်မှပဲ စားပွဲကြီးအဆုံးသတ်သွားသည်။ ယုစုကျန်းက ကျက်သရေရှိသော ဟန်ပန်နှင့်ပဲ အနားရောက်လာကာ၊ လျိုဝူယန်းကို အရိုအသေပေးလိုက်သည်။

“ နောက်ကျနေပြီဆိုတော့ စုကျန်း ပြန်ပြီးကျင့်ကြံပါတော့မယ်”

လျိုဝူယန်း တစ်ချက်ရယ်မောလိုက်ကာ

“ ညီမလေးအခက်တွေ့ခဲ့ရပြီ။ ညီမလေးက ပုံမှန်တစ်ယောက်ထဲပဲ ကျင့်ကြံနေတတ်တာကို အခုလိုအကို့ဖိတ်ကြားမှုကြောင့် လာခဲ့ရတာ၊ ဒီမှာလူတွေအများကြီးနဲ့ တောက်လျှောက် ပြောနေရတော့ စိတ်ရှုတ်သွားမှာပဲ”

“ … အကိုနားလည်ပေးတာ ကောင်းတယ်”

ယုစုကျန်း မော့ကြည့်လာခဲ့သည်။ သူမ၏အေးစက်စက်မျက်နှာက အနည်းငယ် နွေးထွေးသွားသည်။ သူမကတကယ်ကို လျိုဝူယန်းကို စိတ်ရှုတ်သလိုဟန်နှင့် ကြည့်လာပြီး အခက်တွေ့စွာ အရွှန်းဖောက် ပြောလိုက်လေ၏။

သူမ၏ထိုအပြုအမူက ပွဲတစ်လျှောက်လုံးမှာ တပ်ဆင်ထားသော အေးစက်စက်မျက်နှာဖုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူမ၏စိတ်ဆိုးနေပုံလေးက ရေခဲတောင်မှ ရေခဲကြီးအရည်ပျော်သွားသည့်နှယ် လျိုဝူယန်း၏ နှလုံးသားကို ရိုက်ခတ်သွားသည်။ အေးစက်စက် အလှနတ်ဘုရားမ၏ တစ်ခြားဘက်ခြမ်းကို မတော်တဆ တွေ့လိုက်ရခြင်းကြောင့် လျိုဝူယန်း မနေနိုင်စွာ စိတ်လှုပ်ရှားသွားသည်။

သို့ပေမဲ့ လျိုဝူယန်း ချက်ချင်းပဲ ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်လိုက်ကာ ရယ်မောလိုက်တော့၏။

“ အကို့အမှားပါ။ ညီမလေးအနာဂတ်မှာ ကျင့်ကြံမှုပိုင်း အခက်တွေ့တာမျိုးရှိရင် အကို့ကို အချိန်မရွေးလာမေးလို့ရပါတယ်”

“ ဒါဆိုကျေးဇူးပါ ဂိုဏ်းတူအကိုလျို”

ယုစုကျန်း အနည်းငယ် ကျေနပ်သွားဟန်ရပြီး ဒူးလေးကွေးညွတ်ကာ အရိုအသေပြုပြီးတာနှင့် စောင့်ကြည့်နေသော မျက်လုံးတွေအောက်က ကျော့မော့စွာ ထွက်သွားလိုက်သည်။

ကျောက်ရှဟယ်၏ မျက်လုံးတွေလဲ လက်ခနဲဖြစ်သွားသည်။

နောက်တစ်စက္ကန့်မှာ သူက ချင်းဟဲ့ကိုပါ ခေါ်ပြီး လျိုဝူယန်းကို နှုတ်ဆက်ပြီးသည်နှင့် လှည့်ထွက်သွားသည်။

လျိုဝူယန်း အပြင်ပိုင်းမှာ ဘာမှမပြောသော်လည်း၊ သံသယဝင်နေသောကြောင့် ကျောက်ရှဟယ်အနောက်ကို ချီစွမ်းအင်အနည်းငယ် ထည့်လိုက်ပြီး အာရုံခံနေလိုက်သည်။

ကျောက်ရှဟယ်က လျိုဝူယန်း၏ လှိုဏ်ဂူက ထွက်သွား​ပြီးတာနှင့် သူနှင့်တာအိုဆွေးနွေးဖို့ လုပ်နေသော ချင်းဟဲ့ကို နှုတ်ဆက်လိုက်သည်။

ထို့နောက်သူ၏ ဂူကိုပြန်သွားကာ၊ တံခါးပိတ်ကျင့်ကြံမည်ဟု သတင်းလွှင့်လိုက်သည်။ ထို့နောက် ကိုယ်ပျောက်မန္တာန်စာရွက်ဖြင့် ယုစုကျန်း၏ လှိုဏ်ဂူရှိရာကို တိတ်တဆိတ် ချဥ်းကပ်သွားလေသည်။ သူမ၏ ဂူအဝကို ရောက်သည်နှင့် လျှို့ဝှက်နည်းလမ်းဖြင့် အတားအဆီးကိုဖျက်ဆီးပြီး အထဲဝင်သွားခဲ့သည်။

ကျောက်ရှဟယ်၏ မြင်ကွင်းထဲကို အခန်းအလယ်က စားပွဲပေါ်မှာထိုင်နေ​သော ကျော့ရှင်းနေသည့် ကျောပြင်တစ်ခု ဝင်ရောက်လာသည်။

ကျောက်ရှဟယ် ချက်ချင်း နှလုံးခုန်မြန်သွားပြီး ရမ္မက်ပိုး ထကြွလာတော့၏။

“ စုကျန်း..”

“ ဟင်း..”

ယုစုကျန်းက သူမ၏သွယ်လျသော လည်တန်းလေးကို အနည်းငယ်ဆန့်တန်းပြီး ခပ်ဖျော့ဖျော့ ညည်းလိုက်သည်။ သို့သော် ကျောက်ရှဟယ်ကိုတော့ ချဥ်းကပ်ခွင့်ပြုထားလေ၏။.

မကြာခင်မှာပဲ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ဖြစ်သွားခဲ့သည်။

စားပွဲမှာတုန်းက သူမ၏အေးစက်စက်ပုံစံနှင့် အလွန်ကွဲပြားသော အသွင်အပြင်ကြောင့် ကျောက်ရှဟယ်တစ်ယောက် အင်အားတွေ ပြည့်ဝသွားသလို ခံစားလိုက်ရ၏။

အချိန်ကြာမြင့်သော တိုက်ပွဲတစ်ခုအပြီးမှာ နှစ်ယောက်လုံး မောပန်းစွာ ခဏနားလိုက်ကြသည်။

အိပ်ယာပေါ်မှာ ယုစုကျန်းက ကျောက်ရှဟယ်အနားကို တိုးကပ်လိုက်ပြီး ခပ်တိုးတိုး ပြောလာ၏။

“ ရှဟယ်.. ကျွန်မ ဒီတိုင်းဆက်မနေချင်တော့ဘူး။ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ပြောလို့ မရဘူးလားဟင်”

“ စုကျန်း.. ကိုယ့်အခက်အခဲကို နားလည်ပေးပါကွာ”

ကျောက်ရှဟယ်က ဆက်မပြောတော့ဘဲ သူမ၏ပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်နေခဲ့သည်။ တကယ်တော့ အမှန်တရားက ရှင်းရှင်းလေးပင်။ ကျောက်ရှဟယ်က လက်တလောမှာ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ သမီးနှင့် လက်ထပ်ပွဲစီစဥ်ခံထားရ​လေသည်။ ဤအခြေအနေနှင့် သူ့မှာဘယ်လိုလုပ် တာအိုလ​က်တွဲဖော် ရှိနိုင်မည်နည်း။ သူတို့၏ ဆက်ဆံရေးက ဖုံးကွယ်လို့ပဲ ရနိုင်လိမ့်မည်။

ကျောက်ရှဟယ် အနည်းငယ်.အပြစ်ရှိစိတ် ခံစားနေရတော့သည်။

ယုစုကျန်းလို ရိုးသားသော မိန်းမငယ်လေးကို သူကလှည့်စားမိနေသည်မလား..

ထိုသို့ဖြင့် အချိန်တစ်ချို့ကြာသည်အထိ တီတီတာတာ ပြောပြီးနောက် ကျောက်ရှဟယ်က ဆေးလုံးတစ်ချို့ ချန်ထားခဲ့ပြီး တွန့်ဆုတ်စွာထွက်သွားခဲ့တော့သည်။

ကျောက်ရှဟယ် ထွက်သွားသည်နှင့် ယုစုကျန်း၏ မျက်နှာပေါ်က နူးညံ့မှုတွေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

သူမက ဆေးလုံးတွေကိုဖွက်လိုက်ပြီး ကျောက်စိမ်းပြားမှာ အချက်အလက်တစ်ချို့ ရိုက်ထည့်လိုက်သည်။

ခဏကြာပြီးနောက်

“ ဒေါက်ဒေါက်.. ဒေါက်ဒေါက်ဒေါက်”

လျှို့ဝှက်အချက်ပေးသံကို ကြားလိုက်ရသည်နှင့် ယုစုကျန်း ချက်ချင်း တံခါးသွားဖွင့်လိုက်သည်။ အထဲကို ပုံရိပ်တစ်ခု အလောတကြီးဝင်လာပြီး သူမကို လက်မောင်းထဲထည့်ကာ တစ်ခါထဲ ချုပ်ထားလိုက်ပြန်၏။

“ မလုပ်.. အကိုလု..မလုပ်နဲ့။ လွှတ်.. ကျွန်မက အဲ့လိုလူမဟုတ်ဘူး”

“ ဘာကိုမဟုတ်ရမှာလဲ၊ ဖြူစင်ချင်ယောင် ဆောင်နေတဲ့မိန်းမပျက်မ။ မင်း ကျောက်ရှဟယ်ကို မမေ့နိုင်သေးတာ ငါသိတယ်။ အေး ဒါကိုလည်းမမေ့နဲ့ မင်းငါ့ကို ငြင်းလို့မရဘူး”

“ဟင့်ဟင့်”

နောက်ထပ်နှစ်နာရီနေပြီးနောက် လုယွမ်ချန်း ကျေနပ်စွာ ပြန်ထွက်သွားသည်။ ယုစုကျန်း တစ်ယောက်သာ အိပ်ယာပေါ်မှာ တရှုံ့ရှုံ့ငိုနေရင်း ကျန်နေခဲ့သည်။ မကြာခင်မှာပဲ သူမ၏အနောက်ကနေ ခြေသံခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။

ယုစုကျန်း အလန့်တကြား နောက်လှည့်ကြည့်လိုက်၏။ အစီအစဥ်အတိုင်းပဲ.. သူမမှန်းထားသည့် ပုံရိပ်တစ်ခုကို မြင်လို​က်ရသောအခါ သူမ ကြောက်လန့်တကြား အော်လိုက်တော့သည်။

“ အကို..အကိုလျို”

ယုစုကျန်း အချိန်အကြာကြီး စိုက်ကြည့်နေမိပြီး အသံထွက်မလာတော့ပေ..

မကြာခင်မှာ လျိုဝူယန်း၏ ခံစားချက်အပြည့်နှင့်သက်ပြင်းချသံ တစ်ခုသာ ကြားလိုက်ရသည်။

“ သူမကတကယ်ကို ပါရမီရှင်ပဲ”

ဤအချိန်အနည်းငယ်အတွင်းမှာ ယုစုကျန်း၏ အသက်မွေးဝမ်းကြောင်းက အခုလောက် စုံလင်သွားလိမ့်မည်ဟု လုယန် မထင်ခဲ့မိပါချေ။ သူ နားမလည်နိုင်သော်လည်း၊ နှလုံးသားထဲက လေးစားမိသွားသည်။

……

Ch 82

( ကျားပါးစပ်ကအစာကို လုယူခြင်း)

ကျောက်ရှဟယ်နှင့် လုယွမ်ချန်းလို လျိုဝူယန်းသည် တနှာကြီးသောကောင် မဟုတ်သောကြောင့် ဖြစ်ရပ်အားလုံးကို အစကနေ အဆုံးထိ စိတ်ဝိညာဥ်အာရုံဖြင့်သာ လေ့လာခဲ့သည်။

သို့ပေမဲ့ သူ၏စားပွဲမှာတုန်းက နှင်းကြာပွင့်တစ်ပွင့်လို ထည်ဝါခမ်းနားနေခဲ့သော မိန်းမလှလေးက အခုလိုမျိုး အိပ်ယာထက်မှာ ညိုးငယ်နေပုံနှင့် မျက်ရည်လေးစမ်းတမ်းစမ်းတမ်း ဖြစ်နေပုံက သူ၏နှလုံးသားထဲက ခံစားချက်တွေကို မွှေနှောက်ပစ်နေသလို ခံစားလိုက်ရ၏။

“ ညီမလေးယု”

လျိုဝူယန်း အသက်တစ်ချက် ရှုသွင်းပြီး လက်တစ်ဖက်မြှောက်ကာ အဖြူရောင်အလင်းဖြင့် ယုစုကျန်းကို ဖုံးပစ်လိုက်သည်.. သူတို့နှစ်ယောက်ကြားက အနေခက်နေသော လေထုကို အနည်းငယ် သက်သာစေလိုက်၏။

ယုစုကျန်း၏ မျက်နှာထက်က စိတ်သက်သာမှုတစ်ချို့နှင့်အတူ ကျေးဇူးတင်သော မျက်ဝန်းများကို လျိုဝူယန်း မြင်လိုက်ရသည်။

သို့ပေမဲ့ မကြာခင်မှာ သူမပုံစံက ကူကယ်ရာမဲ့ဟန် ဖြစ်လာပြီး.. အနည်းငယ် လှောင်ပြောင်ကာ ပြောလိုက်လေ၏။

“ အကိုလျိုကို ဒီလိုအမြင်မသင့်တဲ့ မြင်ကွင်းမျိုး တွေ့လိုက်ရစေတာ စိတ်မကောင်းပါဘူး။ ကျေးဇူးပြုပြီး ဒီကိစ္စကို ဖုံးကွယ်ပေးနိုင်မလား”

“ ညီမလေးယု အများကြီး စိတ်မပူပါနဲ့”

လျိုဝူယန်း သက်ပြင်းအသာချလိုက်သည်။ အစကနေ ကြည့်ခဲ့ရသလောက် အကြောင်းအရာအတိအကျကို သူ မသိပါသော်လည်း၊ လုယွမ်းချန်းက သူမကို အကျပ်ကိုင်ထားဟန်ရသည်။

“ ကျုပ် လျှို့ဝှက်ပေးထားမှာပါ”

“ ကျေးဇူး…”

ယုစုကျန်း၏ မျက်နှာလှလှလေးက ပိုခါးသက်လာကာ.. မျက်ဝန်းတစ်စုံသည် ပုလဲလုံးတစ်လုံးပေါ် မိုးစက်တွေရွာချလိုက်သည့်နှယ် မျက်ရည်စတွေ တွဲခိုလာတော့သည်။ သူမ၏ အကြည့်တစ်ချက်က လူတစ်ယောက်၏ စာနာသနားစိတ်ကို ဆွဲဆောင်ဖို့ အပြည့်အဝ လုံလောက်ပါလေ၏။ မကြာခင်မှာပဲ လျိုဝူယန်း ဇာတ်ကြောင်းတစ်ခုလုံးကို မေးမြန်းတော့သည်။.

“ ဒီတော့ မင်းနဲ့ ညီလေးကျောက်နဲ့က ရည်းစားတွေပေါ့.. ညီလေးကျောက်ကို တောင်ထွတ်သခင်က တပည့်အဖြစ် မခေါ်ခင်ထဲက မင်းတို့က ကြိုက်နေခဲ့ပြီး အခုအဲ့ကိစ္စကို ညီလေးလုက သိသွားတော့ မင်းကို ခက်ခဲအောင်လုပ်နေတာလား။ မင်းက ညီလေးကျောက်ကို စဥ်းစားပေးပြီး ညီလေးလုကို အလိုက်သင့်ဆက်ဆံရာကနေ နောက်ဆုံး ညီလေးလုဆီမှာ မတရားလုပ်ခံလိုက်ရပြီး ဒီအ​​ခြေအနေ ရောက်သွားတာပေါ့လေ”

လျိုဝူယန်းသည် ယုစုကျန်းကို ကြည့်ကာ သက်ပြင်းထပ်ချလိုက်၏။

မြစ်သုံးသွယ်အဖွဲ့၏ ဒုတိယအကို တစ်ယောက်အနေနှင့် ကျောက်ရှဟယ်၏ အခြေအနေကို သူကောင်းစွာ သိပါသည်။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ သားမက်က ဘယ်လိုလုပ် အပြင်မှာ တာအိုလက်တွဲဖော် ထားခွင့်ရှိမှာလဲ။

ယုစုကျန်း ကစားခံနေရတာပဲ။

အချိန်တစ်ခုကြာပြီးနောက်မှာ ယုစုကျန်း အားတင်းပြီး ထိုင်လိုက်ကာ ခပ်တိုးတိုး ပြောလာသည်။

“ အကိုလျို အချိန်လည်း မစောတော့ဘူး။ ကျွန်မလဲ နားချင်ပြီမို့.. စိတ်မရှိပါနဲ့နော် အကိုလျို”

“ အင်း၊ နားလည်ပြီ”

ယုစုကျန်း ရှက်နေတာကို နားလည်သည့်အတွက် လျိုဝူယန်း ခေါင်းသာညိတ်လိုက်သည်။ သို့ပေမဲ့ သူလည်း အရှုတ်အထွေး အခြေအနေထဲ ဝင်မပါလိုသောကြောင့် သက်ပြင်းပဲ ချနိုင်တော့၏။

“ ကျုပ် သွားတော့မယ်”

သူ ချက်ချင်း လှည့်ထွက်သွားလိုက်တော့သည်။

လျိုဝူယန်း ထွက်သွားမှသာ ယုစုကျန်း ဂူတံခါးကို သွားပိတ်လိုက်သလို… သူမမျက်နှာထက်က ဝမ်းနည်းရိပ်တွေ ချက်ချင်းပျောက်ကွယ်သွားပြီး ထိုအစား ဘာကိုမှ အဖက်မလုပ်သော အေးစက်စက် မျက်နှာထားတစ်ခု ပြန်ဖြစ်သွားသည်။

“ .. ဒီလောက်ဆို လုံလောက်သင့်ပြီ”

ကျောက်ရှဟယ်၊ လုယွမ်ချန်းနှင့် လျိုဝူယန်း.. သူတို့သုံးယောက်လုံးက ဒီအချိန်အတွင်းမှာ ယုစုကျန်း ရွေးချယ်ထားသော အကောင်းဆုံးငါးများဖြစ်ပြီး အခုလို ပြဇာတ်ကြီးကို လှပစွာဖန်တီးထားခဲ့သည်။

လူတစ်ဦးချင်းဆီအတွက် သူမ၏ဇာတ်ရုပ်က မတူညီပါချေ။

ဥပမာပြောရလျှင် ကျောက်ရှဟယ်က မိန်းမပွေသော သူ ဖြစ်သောကြောင့် သူမက ထိုသူနှင့်ချစ်ကျွမ်းဝင်နေသလို ဟန်ဆောင်ရင်း၊ လျှို့ဝှက်ချစ်သူတစ်ယောက် ဖြစ်လာခဲ့သည်။

လုယွမ်ချန်းကိုကျ အနီးကပ်စုံစမ်းပြီးနောက်မှာ ထိုသူက တောင်ထွတ်သခင်၏ ကျောက်ရှဟယ်ကို အလေးပေးမှုကြောင့် တိတ်တိတ်လေး မနာလိုနေမှန်း သူမ ရှာတွေ့သွားခဲ့သည်။ သူမကလည်း ကျောက်ရှဟယ်၏ တာအိုအဖော်အဖြစ် ချဥ်းကပ်လိုက်တော့၏။ ထိုသို့ဖြင့် အရိုက်ခံချင်သူနှင့် ရိုက်ချင်သူတို့.. တွေ့ကြလေတော့သည်။

သို့ပေမဲ့ လျိုဝူယန်းကိုတော့ မတူညီပေ။

လျိုဝူယန်းက ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်နေပြီး အ​ခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ရန် ရည်ရွယ်ထားသူဖြစ်သည်။ သူ့အတွက် မိန်းမတွေဆိုတာ အရိုးခြောက်တွေအပြင် ဘာမှမထူးခြားဘူး။

သို့ပေမဲ့ လူတစ်ယောက်က အေးစက်လေလေ၊ ထိုသူ၏ ခံစားချက်က လေးနက်လေလေ ဖြစ်သည်။

ရိုးရိုးလေးပြောရလျှင်တော့ လျိုဝူယန်းအတွက် သူမ၏ပြဇာတ်နာမည်က ပြည့်တန်ဆာမကို ကယ်တယ်ခြင်းပဲ ဖြစ်သည်။ လျိုဝူယန်းက တကယ်ပဲ ပါဝင်လာခဲ့လျှင်လည်း သူမက ထိန်းချုပ်ပစ်လိုက်မည်။

အကယ်လို့ ထိုသူက ဘေးထွက်နေခဲ့လျှင်လည်း ကိစ္စမရှိပါချေ။ ဘယ်လိုပင်ပြောပြော၊ လျိုဝူယန်းက သူမအတွက် အရန်တစ်ယောက်ပဲ။

ယုစုကျန်း အများကြီး စိတ်ရှုတ်မခံပါချေ။ သူမ၏ငါးကန်က အကျယ်ကြီးပဲ.. ငါးကြီးတစ်ကောင်လွတ်သွားလည်း ကိစ္စမရှိပါချေ။ လျိုဝူယန်း၏ ပြဇာတ်က မထင်ထားသော လှည့်ကွက်တွေဖြစ်သွားနိုင်သည်ပဲ။

လူတစ်ဦးပေါ်မူတည်ပြီး နည်းလမ်း​ပြောင်းခြင်းက ယုစုကျန်း အကျွမ်းကျင်ဆုံး အရာပင်။ ငါးကြီးတစ်ကောင် လွတ်သွားလျှင်တောင်မှ သူမဆီကို မဖိတ်ခေါ်ဘဲ ရောက်လာသော ငါးသေးလေးတွေ အများကြီး ရှိနေသေးသည်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူမ၏ကျင့်ကြံမှုက အခုလို ခုန်တက်လာရသည်မလား။

“ မိုက်လိုက်တာမိုက်လိုက်တာ”

အရိုးတောင်ထဲမှာရှိနေသော လုယန်တစ်ယောက် ယုစုကျန်း၏ ထူးချွန်လှသော အရည်အချင်းကို အလွန်ချီးကျူးချင်သွားသည်။ သူမသာ ဒီပုံစံအတိုင်း ဆက်သွားပါက၊ တကယ်ပဲ တပည့်တွေအားလုံးကို ကျော်သွားလိမ့်မည်။

“ ဒါပေမဲ့ သူမရဲ့အကွက်တွေက အရမ်းရဲတင်းလွန်းနေတာ စိတ်မကောင်းစရာပဲ”

မကြာခင်မှာ လုယန် လက်ကွက်ဖော်လိုက်သည်နှင့် ခေါင်းအနောက်မှာ အလင်းဝိုင်းတစ်ခု ပေါ်လာပြီး ဖြစ်လာနိုင်သော အကြောင်းအရာမျိုးစုံထွက်လာသည်.. အဆုံးမှာ ရလဒ်တစ်ခုဆီကိုသာ ဦးတည်နေ၏။

“ မင်း ဘာလုပ်နေတာလဲ”

ရုတ်တရက် အနောက်က ကြားလိုက်ရသော အသံကြောင့် ယုစုကျန်း လန့်သွားခဲ့သလို ပြင်ဆင်ထားသည့် လုယန်ပင် တံတွေးမြိုချလိုက်ရသည်။

အဖြူအမည်းတာအိုဝတ်စုံကို ဝတ်ထားသော လူရွယ်တစ်​ယောက်က သတိပေးခြင်းမရှိဘဲ ယုစုကျန်း၏ ဂူထဲကို ရောက်လာခဲ့သည်။ ထိုသူ၏ အရိုးတွေကပင် အမတတစ်ပါးလို အရှိန်အဝါတွေ ရနေလေသည်။ ထိုသူက ဆံပင်တွေ​ဖြူဖွေးနေသော်ငြား၊ ငယ်ရွယ်သော မျက်နှာပေါက်ကို ပိုင်ဆိုင်ထား၏။ မျက်နှာထက်မှာ အပြုံးတစ်ခု တပ်ဆင်ထားသော်လည်း၊ အေးစက်စက် အကြည့်က လူတွေ၏နှလုံးသားထဲကို ဖောက်ဝင်နေသည့်နှယ် ယုစုကျန်းကို လန့်ဖြန့်သွားစေခဲ့သည်။

ချက်ချင်းဆိုသလို ယုစုကျန်း၏ မျက်နှာလှလှလေး တောင့်တင်းသွားသည်။ ထိုမျှမကသေး.. သူမ၏ အတွေးတွေအားလုံးပါ အေးခဲသွားသည့်နှယ်၊ ကျောက်ရုပ်တစ်ရုပ်လို မလှုတ်မယှက် ဖြစ်သွားခဲ့သည်။

သို့ပေမဲ့ ထိုအရာက အသေးစားတိုက်ခိုက်မှုလေးသာ ရှိသေးသည်။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ကြည့်နေတာက သူမကို မဟုတ်ပေ။ ထိုအစား ထိုသူက ကံကြမ္မာကြိုးမျှင်တွေမှတစ်ဆင့် နောက်ကွယ်က လုယန်ကို ကြည့်နေခဲ့တာဖြစ်သည်။

“ ဘယ်တပည့်ကောင်းကများ ငါ့အပိုင်တပည့်တွေကို ထိရဲတာလဲ”

“ မင်း ဘယ်နေရာကနေ ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းကို ခိုးခဲ့တာလဲ”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်နှင့် ရင်ဆိုင်နေရသည့်တိုင်အောင် လုယန် တည်ငြိမ်နေဆဲပင်။ ကျော​က်ရှဟယ်ကော၊ လုယွမ်ချန်း ကောက ထိုသူ၏ တပည့်တွေပဲ။ ထို့အပြင် သူရခဲ့သည့် ကောင်းကင်ဘုံလျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းကလည်း ကျောက်ရှဟယ်ဆီက ဖြစ်သည်။

ထို့အပြင် ကျော​က်ရှဟယ်ကကော ဘယ်နေရာက ရခဲ့တာဖြစ်မလဲ.. အထဲမှာ ပါဝင်သော နှစ်ကိုယ်တွဲကျင့်ကြံမှုကို ကြည့်ရသလောက် အများကြီး စဥ်းစားဖို့ မလိုပါချေ။ ထိုသိုင်းကို ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ဖန်တီးထားတာပဲ။

ယုစုကျန်းကို ကောင်းကင်သမီးတော်အဖြစ် ပံ့ပိုးပေးဖို့ စီစဥ်ကတည်းက လုယန်သည် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ဆီမှာ ရှာတွေ့သွားဖို့ ပြင်ဆင်ထားပြီးသားပင်။

သို့ပေမဲ့ သေချာပေါက် သူကိုယ်တိုင် တွေ့မှာမဟုတ်ပေ.. ယုစုကျန်းကို အနည်းငယ်ခံစားခိုင်းရမှာပဲ။ ယုစုကျန်းကို အသုံးပြုပြီး ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကို အပြင်ထွက်အောင် မြှားခေါ်ပြီးမှပဲ သူမမှတစ်ဆင့် တွေ့ဆုံဖို့ စီစဥ်ထားခဲ့သည်။

“ သေးငယ်တဲ့နည်းလမ်းလေးတွေနဲ့ သခင်ကြီးကို ဟာသဖြစ်စေရပါပြီ”

လုယန် ကံကြမ္မာကြိုးမျှင်မှတစ်ဆင့် ယုစုကျန်း၏ ကိုယ်ကို ထိန်းချုပ်လိုက်တော့သည်။

“ ကျုပ်က သခင်ကြီးနဲ့ အပေးအယူလေး တစ်ခုပဲလုပ်ချင်တာ”

“ မင်းလား”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က မျက်ခုံးတစ်ဖက်ပင့်သွားကာ၊ မေးခွန်းထုတ်လိုက်တော့သည်။

“ အဲ့တုန်းက ပန်းလုံသခင်ကြီးရဲ့ အမွေအနှစ်ကို လုယူခဲ့တဲ့သူက ဖေကံကောင်း မဟုတ်ဘဲ မင်းပေါ့လေ”

သို့သော် ထိုသူက ဒေါသထွက်ဟန်မပြဘဲ ထိုအစား ပြုံးကာဆက်ပြောသည်။

“ စိတ်ဝင်စားစရာပဲ”

“ မင်းက ဘာအဆင့်ရှိလို့ ငါနဲ့အပေးအယူလုပ်ချင်ရတာလဲ”

“ သခင်ကြီးရဲ့ သွေးမျိုးဆက်နဲ့ပါ”

လုယန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ အကိုချန်ကို အခုကျုပ် ကယ်တင်ပေးထားတာ။ သခင်ကြီးရဲ့သားဖြစ်သူ ဝိညာဥ်ပြိုကွဲပြီး သေသွားမှာတော့ မမြင်ချင်ဘူးမလား”

“ ရှီနန်လား”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားတော့သည်။

သူ ကံကြမ္မာကြိုးမျှင်တွေကို စတင်တွက်ချက်လိုက်စဥ်မှာ အကာအကွယ် မရှိတော့သော လျိုရှင်း၏ လုပ်ရပ်တွေကို သိရှိသွားခဲ့သည်။

သို့သော် သူ ဘယ်လောက်ပဲ ရှာဖွေပါစေ.. အကြောင်းအရာတွေက လျိုရှင်းဆီမှာပဲရပ်တန့်သွားပြီး ချန်ရှီနန်၏ သတင်းကို မရနိုင်တော့ပေ။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင် သိချင်သွားတော့သည်။ ဒါကသေချာပေါက် နောက်ကွယ်မှာ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူရှိနေတာဖြစ်ရမည်.. မဟုတ်လျှင်လည်း အခြေခံတည်ထောင်ခြင်းအဆင့် အလွန်ကောင်းသော ရတနာတစ်ခု ပါဝင်နေတာပဲ။ ဘယ်လိုပင်ဆိုဆို ထိုကောင်လေး၏ သူ့ကိုခြိမ်းခြောက်ရဲသော သတ္တိကိုတော့ လေးစားပေးရပေမည်.. ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်ဖြစ်ဖို့ ထိုက်တန်ပါလေသည်။

“ ပြောစမ်း”

အချိန်တစ်ခုကြာပြီးနောက် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ပြောလိုက်သည်။

“ မင်းက ရှီနန်ကို ဘာနဲ့လဲလှယ်ချင်တာလဲ။ အခြေခံတည်ထောင်ခြင်းအဆင့် ရတနာလား။ ဒါမှမဟုတ် ကြီးမြတ်တဲ့နတ်အစွမ်းရှိတဲ့သိုင်းလား”

“ တစ်ခုမှမဟုတ်ဘူး”

လုယန် ခေါင်းယမ်းလိုက်သည်။

“ ကျုပ်က ယုစုကျန်းကို အသုံးပြုပြီး ရှောင်ရှစ်ယီကို ကောင်းကင်ဘုံလျှို့ဝှက်ချက် ခိုးယူခြင်းသိုင်း သုံးချင်တယ်။ ကံတရားဖုံးကွယ်ဖို့အတွက် သခင်ကြီးရဲ့ အကူအညီလိုတယ်”

“ အိုး..ဟုတ်လား”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ မျက်နှာက သိသာစွာပြောင်းလဲသွားကာ၊ လုယန်ကို စိတ်ဝင်တစား ကြည့်လိုက်ပါတော့၏။

“ မင်းက ဖေကံကောင်းကို ဆန့်ကျင်ချင်နေတာလား”

လုယန် ပြုံးလိုက်လေကာ

“ အတိအကျပဲ”

ရှောင်ရှစ်ယီက ဖေကံကောင်း၏ သားကောင်ဖြစ်သည်။ ယုစုကျန်းသာ ရှောင်ရှစ်ယီကို သွားထိလိုက်လို့ကတော့ သူကိုယ်တိုင်တောင် ကယ်တင်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် ကျားပါးစပ်က အစာကိုလုချင်လျှင် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတစ်ဦး၏ အကူအညီ လိုအပ်ပြီး.. ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကလည်း အသင့်တော်ဆုံးပင်။ ချန်ရှီနန်ကို ဓားစာခံအဖြစ် သုံးလို့လည်းရသည်။ ထို့အပြင် သူနှင့်ဖေကံကောင်းက ဆက်ဆံရေးမကောင်းကြပေ။

သေချာပေါက် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်နှင့် ပူးပေါင်းလျှင် အန္တရာယ်များမှာကို လုယန် သိပါသည်။ တစ်ချက်မှားတာနှင့် သစ္စာဖောက်ခံရလိမ့်မည်။ ဒါက ကျားတစ်ကောင်၏.ပါးစပ်က အစာကိုလုဖို့ နောက်ကျားတစ်ကောင်နှင့် ပူးပေါင်းခြင်းသာ ​ဖြစ်သည်။

…..

All Chapters