← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

Ch 83

( ပျော်ရွှင်ဖွယ်ပူးပေါင်းမှု)

လုယန်၏ စကားကြောင့် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ သူ့အပေါ်ထားသော သဘောထားတွေပင် ပြောင်းလဲသွားသည်။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ရယ်မောကာ စကားစလိုက်၏။

“ မင်းကမဆိုးဘူးပဲ။ ငါ့ရဲ့သားမက်ဖြစ်ဖို့ စိတ်ဝင်စားလား”

ထိုစကားကြောင့် လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။

“ ကျုပ်သိသလောက် သခင်ကြီးရဲ့ သားမက်က အကိုကျောက် မဟုတ်ဘူးလား”

“ ရှဟယ်ရဲ့ ပိုင်ဆိုင်မှုကို မင်း လုသွားခဲ့တာပဲ။ ငါလိုချင်တဲ့သားမက်က ပန်းလုံအမွေအနှစ် ရှိထားတဲ့သူပဲ။ ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အဖက်မလုပ်စွာ ပြုံးလိုက်ပြီး စကားဆက်သည်။

“ မင်းရဲ့တောင်းဆိုမှုက စိတ်ဝင်စားဖို့ကောင်းပေမဲ့ မင်းအနောက်မှာ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူရဲ့ အထောက်အပံ့မရှိတာ သေချာပေါက်ပဲ။ ဒီလိုဆိုမှတော့ မင်းသာငါ့သားမက်လုပ်လိုက်ရင် ငါ့မိသားစု ဖြစ်သွားပြီ။ မင်းငါ့ရဲ့ အကူအညီ ရလာမှာပေါ့”

စကားမဆုံးခင်မှာပဲ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က လက်တစ်ဖက် ယမ်းလိုက်သည်။ ချက်ချင်းပဲ လုယန်၏ ပတ်ဝန်းကျင်က ပြောင်းလဲလာကာ၊ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသော လမင်းကြီးကို မြင်လိုက်ရ၍ ကောင်းကင်ပြုပြင်တောင်ထွတ်ကို ရောက်လာပြီမှန်း နားလည်လိုက်သည်။

“ ချန်အာ ထွက်ခဲ့”

ထိုအသံဆုံးသည်နှင့် တောက်ပသော အလင်းတစ်ခု ရောက်ရှိလာခဲ့ပြီး နောက်တစ်စက္ကန့်တွင်… နဖူးစပ်မှာ ဟင်္သါငှက်ပုံ အမှတ်အသားပါသော အလွန်ကျက်သရေရှိသည့် မိန်းမလှတစ်ယောက်ကို သူ မြင်လိုက်ရသည်။

“ အဖေ.. နောက်တစ်ယောက်လား”

ထိုမိန်းကလေး၏ နဂိုပျင်းရိရိ ပုံစံက ယုစုကျန်းကို မြင်သည်နှင့် အံ့သြသွားလေကာ

“ အဖေ.. ဘယ်သူဖြစ်ဖြစ် သမီး စိတ်ထဲမထားပေမဲ့ မိန်းမကြီးကျ…”

“ ကဲ..ဒီသမီးနဲ့တော့၊ အဖေမင်းကို ဒီပိတ်ရက်မှာ သေချာကျင့်ကြံဖို့ မပြောထားဘူးလား။ မင်းသာ အဖေပေးတဲ့ နတ်စွမ်းအင်သိုင်းကို ကျင့်ကြံထားရင် ဒီမိန်းမနဲ့ ပတ်သတ်တဲ့ အမှန်တရားကို မမြင်စရာလား”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ကူကယ်ရာမဲ့စွာ လှည့်ကြည့်လာပြီး.. သူမ၏ အသိစိတ်ပင်လယ်ထဲကို နတ်အာရုံပို့ပေးလိုက်ရင်း အဖြစ်အပျက်တစ်ခုလုံးကို ပြောပြလိုက်သည်။

ထို့နောက် ထိုသူက လုယန်ကို လှည့်ကြည့်လာပြန်သည်။

“ ဒါငါ့သမီး ချန်ရွှေချင်၊ သူမက နတ်ဖီးနှစ်ခြောက်ကောင်သိုင်းကို အဓိက ကျင့်ကြံထားတယ်။ မင်းက နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို ကျင့်ကြံတာဆိုတော့ မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံရဲ့ ဖူးစာဖက်တွေလို လိုက်ဖက်ကြတာပဲ”

“ မင်းတို့နှစ်ယောက် စေ့စပ်ပြီး နှစ်ကိုယ်တွဲ ကျင့်ကြံမယ်ဆိုရင် ခြောက်နဲ့ကိုးနဲ့ ပူးပေါင်းမှုမှာ အခြေခံတည်ထောင်ခြင်းအဆင့် ရတနာတစ်ခုနဲ့ ညီမျှတဲ့ အကျိုးကို ထုတ်ပေးလိမ့်မယ်”

လုယန် ချက်ချင်း အဖြေမပေးသေးဘဲ အတွေးနစ်သွားခဲ့သည်။

အမှန်တိုင်းပြောရလျှင်

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ ဖိတ်ခေါ်မှုက သူ့နှလုံးသားကို မွှေနှောက်သွားခဲ့ပါသည်။ သူသာ သဘောတူလိုက်ပါက သူကော၊ သူမအတွက်ကော အခွင့်အရေးတစ်ခု ရလာလိမ့်မည်။

သို့ပေမဲ့ ဤနေရာက ရှေးဦးသူတော်စင်ဂိုဏ်းပဲ။

ရှေးဦးသူတော်စင်ဂိုဏ်းမှာရှိသော အခွင့်အရေးတိုင်းက ပြဿနာမရှိတာ ဖြစ်နိုင်ပါ့မလား။

သို့ပေမဲ့ အဆုံးမှာ သူပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

“ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ကျုပ်သေချာပေါက် သဘောတူရမှာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်အဆင့်တက်ဖို့ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပေးစေလိုတယ်”

“ ရတာပေါ့” ကောင်းကင်ပြုပြင်တောင်ထွတ်သခင် စိတ်လိုက်လက်ရ ရယ်မောလိုက်တော့၏။

“ မင်းရဲ့ကျင့်ကြံဆင့် ပိုမြင့်ရင် ငါ့သမီးနဲ့ ကျင့်ကြံတဲ့အခါ ပိုအကျိုးထူးမှာပဲ။ ဖေကံကောင်း ကိစ္စကိုလဲ ငါကူညီပေးလို့ရတယ်။ စိတ်မပူနဲ့၊ ငါဝင်ပါလိုက်ရင် အဲ့ကောင်ရဲ့ငါးစာက ဘာမှ သတိထားမိမှာမဟုတ်ဘူး”

“.. ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီး”

လုယန် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်သည်။

“ ပျော်ရွှင်ဖွယ် ပူးပေါင်းခြင်းပေါ့”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ပြုံးလိုက်ပြီး

“ ပျော်ရွှင်ဖွယ် ပူးပေါင်းခြင်းပါ”

အသံဆုံးသည်နှင့် လုယန် အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကလည်း လက်တစ်ဖက်ယမ်းပြီး.ယုစုကျန်းကို သူမလှိုဏ်ဂူရှိရာ ပြန်ပို့လိုက်တော့၏။

ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတိုင်းကို ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ဖျက်လိုက်သောကြောင့် ယုစုကျန်း ဘာကိုမှ မမှတ်မိခဲ့ပေ။.

ထိုအချိန်မှပဲ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ သမီး ချန်ရွှေချင်က မျက်လုံးလေးဖွင့်လာရင်း နူးညံ့စွာပြောလိုက်သည်။

“ အဖေ၊ ဒီလူက မြေခွေးလိုပဲ ဉာဏ်နီဉာဏ်နက်များတယ်။ အဖေသူနဲ့ ပူးပေါင်းချင်တာ သေချာလား”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အေးစက်စက် ရယ်မောလိုက်လေကာ

“ ဉာဏ်နီဉာဏ်နက်များတယ်ဟုတ်လား။ ဒါအသင့်တော်ဆုံးပဲ။ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ ဘယ်တပည့်က ဉာဏ်နီဉာဏ်နက်မများလို့လဲ။ ပူးပေါင်းတဲ့ကိစ္စက အဖေဒီတိုင်းပြောလိုက်တာ။ ဒါမှ ဒီကောင်လန့်ပြီး ခြေရာဖျောက်မသွားမှာလေ”

ထိုစကားကြောင့် ချန်ရွှေချင် သိချင်စွာ မေးလိုက်တော့သည်။

“ ဒါဆို အဖေကသူ့ကို ကူညီဖို့ အစီအစဥ် မရှိဘူးပေါ့”

“ မဟုတ်ဘူး၊ အဖေ ကူညီမှာ”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ခေါင်းယမ်းရင်း ဆက်ပြောသည်။

“ ကြည့်ရတာ ဖေကံကောင်းရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းပုံပဲ။ မဟုတ်ရင် ဘာလို့ တပည့်အငယ်တွေကို မကြာခဏ ကံကောင်းတဲ့သူအဖြစ် ပစ်မှတ်ထားပြီး ငါးမြှားဂိမ်းဆော့နေမှာလဲ”

“ ဒါကြောင့်ပဲ လူသန်ကြီးက ဖေကံကောင်းရဲ့ မီးအိမ်ရှင်ကို တပ်မတ်ရဲနေတာ”

“ ဒီအခြေအနေမှာ ဖေကံကောင်းကို အကွက်ချပြီး သူ့ရဲ့ကံကောင်းမှုတွေ အလကားကုန်ဆုံးအောင် လုပ်လိုက်နိုင်ရင် လူသန်ကြီးက အဖေ့ကို ကျေးဇူးကြွေး တင်သွားပြီ”.

“ ဘာလို့မလုပ်ရမှာလဲ”

“ ပြီးတော့ အစောကကောင်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းကို အခြေခံပြီး အကွက်ကြီးကြီး ရွှေ့နေတာ။ အဖေသူ့ရဲ့ မူရင်းခန္ဓာကိုယ်ရှိတဲ့နေရာကို အလွယ်လေး ရှာဖွေလို့ရတယ်”

“ အရင်တုန်းက အဖေ့ရဲ့ရှာဖွေမှုကနေ လွတ်မြောက်ခဲ့ပုံကို ကြည့်ရသလောက် ဒီကောင့်မှာ ချီသန့်စင်ခြင်းထက် မြင့်တဲ့ အဆင့်အတန်းတစ်ခုရှိနေတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေက ကျောက်ရှဟယ်ထက် အများကြီးပိုကောင်းတယ်။ အဲ့ဒီကောင်ရဲ့ မူရင်းခန္ဓာကိုယ်ကို ရှာတွေလို့ ကောင်းကင်ပြုပြင်စစ်မှန်သိုင်းနဲ့ အကုန်စုပ်ယူပစ်လိုက်ရင် သမီးအတွက် အဆင့်တက်ဖို့ သုံးဆယ်ရာခိုင်နှုန်းလောက် ရလာလိမ့်မယ်”

လုယန် ပုံစံက စဥ့်တီတုံးပေါ် ရောက်နေသော ငါးတစ်ကောင်နှင့် ဆင်တူလေသည်။

သို့ပေမဲ့ ချန်ရွှေချင် အနည်းငယ် စိတ်ပူစွာ ပြောလိုက်သည်။

“ ဒါပေမဲ့ အကိုက သူ့လက်ထဲမှာမလား”

“ စိတ်မပူနဲ့” ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ဂရုမစိုက်စွာ ပြောလိုက်သည်။

“ ရှီနန်သာ အဖေ့မျက်စိအောက် ပေါ်လာနိုင်တာနဲ့ အကုန်ပြန်ကောင်းသွားလိမ့်မယ်။ သူ့ရဲ့ဝိညာဥ် ပြိုကွဲထားရင်တောင်မှ အဖေပြန်စုစည်းပေးနိုင်တယ်”

“ ဒီသောက်ဘိုးတော်မှာ မကောင်းတဲ့အကြံ ရှိနေတာပဲဖြစ်ရမယ်”

လျှို့ဝှက်နယ်မြေအပြင်ဘက်ရှိ လုယန် မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးက အလွန်အေးစက်နေခဲ့သည်။

“ သူငါ့ကို အကွက်ချပြီး ငါ့ရဲ့မူရင်းခန္ဓာကိုယ်ကို ရှာချင်တာပဲဖြစ်မယ်။ သူ့သမီးအတွက် မီးပေါင်းဖိုလို အသုံးချရအောင်လို့လေ”

“ ချန်ရှီနန်ကို ဓားစာခံအဖြစ် ခြိမ်းခြောက်တဲ့ကိစ္စကလည်း အာမမခံနိုင်သေးဘူး”

“ အဲ့ဘိုးတော်က ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တောင်ထွတ်သခင်တစ်ယောက်ပဲ။ အခြေခံတည်ထောင်ခြင်းတပည့်တွေ ကြားမှာတောင်မှ အင်အားကြီးတဲ့သူတစ်ယောက်.. အဲ့လိုလူက မိသားစုဆက်နွယ်မှုကို ဂရုစိုက်မှာတဲ့လား”

လုယန် ခေါင်းကိုပဲ တဗြင်းဗြင်း ကုတ်လိုက်တော့သည်။

အရမ်းခက်ခဲတာပဲ.. တစ်ခြားသူတွေ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ဘယ်လို အဆင့်တက်လိုက်ကြလဲ သူ မစဥ်းစားတတ်တော့ပါချေ။

သူတို့အားလုံးက ကြီးမြတ်သော နတ်စွမ်းအင်ပါဝင်သည့် သိုင်းတစ်ခု၊ အခြေခံတည်ထောင်ခြင်းအဆင့် ရတနာတစ်ခု၊ ထို့နောက် အခြေခံတည်ထောင်ခြင်းအဆင့် လျှို့ဝှက်သိုင်းတစ်ခုကို ကျင့်ကြံလိုက်ပြီး.. သုံးဆယ်ရာခိုင်နှုန်းလောက်နှင့် ကြိုးစားလိုက်ကြတာပဲလား။

“ ချီးပဲ၊ ငါမဖြစ်မနေ လောင်းကစားလုပ်ရတော့မယ်”

လုယန်၏ အကြည့်က လျှို့ဝှက်နယ်မြေဝင်ပေါက်ကို ပြန်ရောက်သွားသည်။ သူသည် အခုချိန်ထိ လုံခြုံစွာ ပုန်းနေနိုင်ခဲ့သော်လည်း.. တစ်သက်လုံးပုန်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပါချေ။

“ ပြီးတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းက အဲ့ဘိုးတော် ဖန်တီးထားတာ၊ ငါယုစုကျန်းကို စုပ်ယူလိုက်တာနဲ့ တစ်ခါထဲ ခြေရာခံမိသွားမှာပဲ။ အဲဲ့ဒီအချိန်ကျရင် ငါ့မှာ အားကိုးစရာ ဒီလျှို့ဝှက်နယ်မြေပဲ ရှိတော့တယ်။ ဒါမှမဟုတ် ဒီထဲက ဓားချီကိုသုံးပြီး သူ့ကိုတိုက်ခိုက်ရမလား”

လျှိို့ဝှက်နယ်မြေအတွင်းက ဓားချီသည် လုယန်၏ လုံခြုံရာ နိဗ္ဗာန်လေးဖြစ်သည်။

သူသာ အထဲမှာပုန်းနေနိုင်သရွေ့ သူ့ကိုရှာတွေ့သွားခဲ့လျှင်တောင်.. ဖေကံကောင်းဖြစ်စေ၊ ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ဖြစ်စေ အထဲဝင်လာရဲမှာမဟုတ်ပေ။

ထိုအချိန်ကျလျှင် လျှိို့ဝှက်နယ်မြေထဲက ကမ္ဘာ့ယင်ချီစွမ်းအင်တွေကို အမြန်စုပ်ယူလိုက်ပြီး မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို ကျင့်ကြံရမည်။ ပြီးလျှင် သူ၏အလောင်းကို ပြန်အသက်သွင်းပြီး အလောင်းအသွင်ပြောင်းခြင်း အမတသိုင်းကို ပြီးပြည့်စုံလိုက်မည်။ ဒီထက်ပိုပြီး လှုပ်ရှားလို့ မရတော့လျှင်လည်း၊ ရာခိုင်နှုန်းခြောက်ဆယ်နှင့် အဆင့်တက်ကြည့်ဖို့ ကြိုးစားရတော့မည်။

လျှို့ဝှက်နယ်မြေ၏ အဝင်ပဲခွင့်ပြုပြီး ပြန်ထွက်လို့မရနိုင်သော ပြဿနာကိုတော့ လုယန် စိတ်မပူပါချေ။ သူ အဆင့်တက်နိုင်ပြီးတာနှင့် ကိုယ့်ကိုယ်ကို သတ်သေပစ်လို့ရသည်ပဲ။

သို့ပေမဲ့ ရွှေအမြုတေကျင့်ကြံသူ၏ ဓားချီက ယုံကြည်လို့မရနိုင်သေးပေ။

သူ့အရင်ဘဝ အတွေ့အကြုံအရ.. ဓားချီက အထဲက သက်ရှိတွေအားလုံးကို သတ်ပစ်ခဲ့သည်။ သို့ပေမဲ့ သတ်ပစ်ရသော အကြောင်းအရင်းကို လုယန်အခုထိ ရှာမတွေ့သေးဘူး။

“ ဒီမေးခွန်းရဲ့အဖြေက ဗလာတစ္ဆေဂိုဏ်းနဲ့ပဲ သက်ဆိုင်မှာ”

လုယန် အနီရောင်ရုပ်ထုကို ရုတ်တရက် အမှတ်ရလိုက်ကာ၊ အတွေးများသွား၏။

“ အဲ့ရုပ်ထုကိုကြည့်ရတာ ဟိုးအရင်တိုက်ခိုက်ခံရမှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတစ်​ယောက်နဲ့တူတယ်”

“ သူတစ်ခုခု ရန်စလိုက်လို့ ဓားချီက နယ်မြေတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်တာများ ဖြစ်နေမလား”

လုယန်၏ မျက်နှာထားကြီး တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။

“ ကြည့်ရတာ လျှို့ဝှက်နယ်မြေကိုသုံးပြီး ဒီဘက်က ရန်သူတွေကို ခုခံဖို့မကြိုးစားခင် အထဲက ဗလာတစ္ဆေဂိုဏ်းကို အရင်ဖြေရှင်းရတော့မှာပဲ။ မဟုတ်လို့ကတော့ ငါဘာမှမလုပ်လိုက်ရဘဲ ဓားချီကြောင့် ရှောနေမယ်”

လုယန် နောက်ဆုံးမှာ ဆုံးဖြတ်ချက်လိုက်တော့သည်။

သူ့ဘဝတစ်ခုလုံးကို လောင်းကြေးထပ်လိုက်​ပြီး မူရင်းခန္ဓာကိုယ်ဖြင့် လျှို့ဝှက်နယ်မြေထဲ ဝင်သွားလိုက်တော့၏။

…..

Ch 84

( တစ္ဆေနယ်မြေကိုသိမ်းပိုက်မယ်)

လျှို့ဝှက်နယ်မြေအတွင်းရှိ ဗလာတစ္ဆေဂိုဏ်းချုပ် တည်ရှိရာနေရာ၌..

ဤနေရာသည် လျှို့ဝှက်နယ်မြေ၏ တစ်ခြားနေရာများလို မဟုတ်ပေ။ ဗလာတစ္ဆေဂိုဏ်း၏ အဆင့်ဆင့်ရှင်းလင်းမှုကြောင့် တစ္ဆေကင်းလွတ်နေရာက တဖြည်းဖြည်း ကြီးမားလာကာ၊ အဆုံးမှာ မြို့လေးတစ်ခု ဖြစ်လာခဲ့သည်။ ထိုမြို့ကို ဥပဒေမဲ့မြို့ဟု ခေါ်ကြသည်။

မြို့အလယ်တည့်တည့်တွင် တိမ်တွေထဲထိ ထိုးဖောက်ဝင်ရောက်နေသော ရုပ်ထုကြီးတစ်ခု တည်ရှိလေ၏။

လျှို့ဝှက်နယ်မြေထဲရှိ သက်ရှိအများစုသည် မြို့ထဲမှာပဲ စုဝေးနေထိုင်ကြသည်.. သူတို့အားလုံး အချိန်စက္ကန့်မရွေး ရုပ်ထုကို မြင်နိုင်အောင် အလယ်တည့်တည့်မှာ ထားထားတာပဲ ဖြစ်ရပေမည်။

ထိုရုပ်ထု၏ ပုံစံက မလွဲမသေ ဗလာတစ္ဆေဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးပဲ ဖြစ်လေသည်။ ရုပ်ထုကြီး၏ အောက်တည့်တည့်တွင် ရွှေရောင်နန်းတော် တည်ရှိပြီး… ထိုနေရာမှာ အကြီးအကဲရှစ်ဦး တံခါးပိတ်ကျင့်ကြံနေကြသည်။

ဗလာတစ္ဆေဂိုဏ်းမှာ ဂိုဏ်းခေါင်းဆောင် မရှိသလို.. တည်ထောင်သူဘိုးဘေးသည်လဲ ဘယ်နေရာရောက်နေမှန်း မသိရသောကြောင့် မြို့၏ကိစ္စအဝဝကို အကြီးအကဲရှစ်ဦးကပဲ ကိုင်တွယ်ကြသည်။

ပုံမှန်နေ့ရက်တွေမှာ အကြီးအကဲရှစ်ဦးထဲက တာဝန်ရှိအကြီးအကဲတစ်ဦးသာ နိုးနေပြီး ကျန်ခုနှစ်ယောက်က အိပ်ဆတ်နေတတ်သည်။

ဗလာတစ္ဆေဂိုဏ်း၏ နည်းလမ်းက ကိုယ့်ခန္ဓာကိုယ်ကို ရင်းပြီး တစ္ဆေကို ဝင်ပူးခိုင်းကာ၊ တစ္ဆေ၏အစွမ်းကို အငှားယူသုံးခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ထိုသူ၏သက်တမ်းက အများကြီးတိုတောင်းသွားသည်။ အကယ်၍ သူတို့သာ မအိပ်နေလျှင် နှစ်အနည်းငယ်နေတာနှင့် သေဆုံးသွားလိမ့်မည်။

သို့ပေမဲ့ အခုချိန်မှာ အကြီးအကဲခြောက်ယောက်တိတိ နိုးကြားနေလေ၏။

အကြီးအကဲခေါင်းဆောင်က ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေခဲ့ပြီး.. အကုန်လုံးကို ကြည့်လိုက်သည်။ ဖိုးသူတော်ဆိုသော နာမည်နှင့် လိုက်ဖက်စွာ ထိုသူက အမြဲတမ်း ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်လေ့ရှိသည်။ ငယ်ရွယ်သောမျက်နှာပေါက်နှင့် ပိန်ပိန်ရှည်ရှည် ကိုယ်ခန္ဓာရှိပြီး မျက်နှာထက်မှာ ကျောချမ်းဖွယ်ကောင်းသော အေးစက်စက်အပြုံးတစ်ခု တပ်ဆင်ထားလေ့ရှိသည်။

“ ဘိုးဘေးရုပ်ထုငယ် ဖျက်ဆီးခံလိုက်ရတယ်။ ဒီကိစ္စ​က ပေါ့သေးသေးလုပ်လို့မရဘူး”

“ ဘိုးဘေးဆီကနေ အမိန့်ကျလာပြီ။ ရုပ်ထုငယ်ကိုဖျက်ဆီးတဲ့ ရန်သူကို တွေ့အောင်ရှာရမယ်လို့”

“ ဒါကြောင့် ကျုပ်မင်းတို့ကို နှိုးလိုက်ရတာ”

ပြောနေရင်းမှ ဖိုးသူတော်သည် ထိုင်ခုံအလွတ်နှစ်ခုကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

“ ညီလေးဝမ်နဲ့ ညီလေးယု ဘယ်မှာလဲ”

ချပ်ဝတ်တန်ဆာအပြည့် ဝတ်ထားပြီး လက်မောင်းပေါ်မှာ ကျွဲခေါင်းကို အလှဆင်ထားသော ခန္ဓာကိုယ့်တောင့်တောင့် လူကြီးတစ်ယောက်က ထိုင်ခုံကထကာ ဖြေလာသည်။

“ သူတို့က သူတို့နေရာမှာပဲ.. အချိန်လိုသေးတာမို့ ထလို့မရကြသေးတာ”

ထိုစကားကိုကြားသောအခါ ဖိုးသူတော် ခေါင်းညိတ်လိုက်သည်။

“ ရတယ်၊ ဒါကအရမ်းလျင်လိုသေးတာလဲ မဟုတ်ဘူး”

သို့သော် ထိုအသံမဆုံးခင်မှာပဲ အမဲရောင်ဝတ်စုံကို ဝတ်ထားသော ခပ်ဝဝ လူကြီးတစ်ယောက်က ဒေါသတကြီး မတ်တပ်ရပ်လာပြန်ကာ ကျယ်လောင်စွာ ပြောလာ၏။

“ ကျုပ်တို့ကိုကျ ခေါ်ပြီး ဘာကိစ္စ သူတို့ကို အချိန်ပေးရတာလဲ”

“ ကျုပ်တို့ရဲ့ မှတ်တမ်းတွေအရဆိုရင် ဘိုးဘေးလောက် ကျင့်ကြံဆင့်ရှိတဲ့သူ တစ်ယောက်မှ အထဲဝင်မလာဖူးသေးဘူး။ ဘိုးဘေးထက် ကျင့်ကြံဆင့်နိမ့်တဲ့သူတွေ ဆိုရင် ကျုပ်တို့ဖြေရှင်းလိုက်ဖို့ အလွယ်လေးပါ။ ဒီရက်ပိုင်းအထဲဝင်လာဖူးတဲ့ ​သူတွေ ပြောခဲ့တာအရ သူတို့က ရှန်းဝူဂိုဏ်းကဆို”

.

“ ဒီမှာ ထိုင်စောင့်နေမဲ့အစား ကျုပ်တို့ ရှေ့ထွက်ဖြေရှင်းလိုက်ကြမယ်”

“ နေ့ နတ်ဘုရားနဲ့ ညနတ်ဘုရားတို့လဲ နိုးနေပြီးသားပဲ။ သူတို့အကူအညီနဲ့ဆိုရင် လျှို့ဝှက်နယ်မြေအတွင်းအပြင် အားလုံးကို ရှာဖွေလို့ရတယ်။ အပြင်ကမ္ဘာကလာတဲ့ ရန်သူက ကျုပ်တို့လက်က မလွတ်နိုင်ပါဘူး”

“ အကိုပြောတဲ့စကားက အမှန်ပဲ” ထောက်ခံလိုက်သည့်သူက ချောမောသော လူရွယ်တစ်ယောက်ဖြစ်ပြီး နဖူးမှာ မျက်လုံးတစ်လုံးအပိုရှိသည်။ ထိုသူက အပြုံးတစ်ခုနှင့် စကားဆက်လာ၏။

“ အပြင်ကမ္ဘာက မြေခွေးရိုင်းတစ်ကောင်လောက်က ကျုပ်တို့ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ”

ဗလာတစ္ဆေဂိုဏ်း၏ အကြီးအကဲရှစ်ဦးသည် ယခင်ကနာမည်တွေ ရှိခဲ့ကြပေမဲ့ အကြီးအကဲ ဖြစ်လာကတည်းက သူတို့ထိန်းချုပ်ထားသော တစ္ဆေပေါ်မူတည်ပြီး နာမည်ကိုခေါ်ကြတော့သည်။ ဖိုးသူတော်၊ မရဏအရှင်၊ ကျွဲခေါင်း၊ မြင်းမျက်နှာ၊ နေ့နတ်ဘုရား၊ ညနတ်ဘုရား၊ ဝမ်တရားသူကြီးနဲ့ ဝူတရားသူကြီး စသည်ဖြင့် သူတို့၏ စွမ်းရည်ပေါ်မူတည်ကာ နာမည်တွင်ကြသည်။

အစောပိုင်းက ထောက်ခံခဲ့သော မျက်လုံးသုံးလုံး လူရွယ်သည် နေ့နတ်ဘုရားဖြစ်ပြီး အစောင့်အရှောက် နတ်ဘုရားနှစ်ပါးအနက် တစ်ယောက်ပင်။

နာမည်အတိုင်းပင် သူ၏နဖူးပြင်၏ တတိယမျက်လုံးက ပုံဏ္ဍာန်အားဖြင့် နေမင်းနှင့်ဆင်တူပြီး ရွှေ​ရောင်ရှိသည်။ ထိုမျက်လုံးကိုဖွင့်လိုက်လျှင် လျှို့ဝှက်နယ်မြေထဲက အရာအားလုံးကို မြင်နိုင်သည်။

ညနတ်ဘုရားကတော့ ဆန့်ကျင်ဘက်.. လျှို့ဝှက်နယ်မြေအတွင်းက ပုန်းကွယ်နေသော အရာအားလုံးကို မြင်နိုင်လေသည်။

သူတို့နှစ်ဦးပူးပေါင်း အလုပ်လုပ်လိုက်လျှင် နယ်မြေအတွင်းက ကိစ္စအားလုံးက လက်ဖဝါးပေါ်က အမှတ်အသားတစ်ခုလို ရှင်းလင်းမြင်သာသွားသည်။ ဘယ်လောက်အင်အားကြီး ရန်သူဖြစ်နေပါစေ၊ သူတို့၏ပူးပေါင်းမှုကနေ မလွတ်​မြောက်နိုင်ဘူး။

လက်ရှိအားဖြင့် အကြီးအကဲတွေထဲမှာ နှစ်ဖွဲ့ ကွဲနေတော့သည်။

ဖိုးသူတော်၊ ​ကျွဲခေါင်းနှင့် မြင်းမျက်နှာက လူရှစ်ယောက်လုံးဆုံမှ ဘိုးဘေးရုပ်ထုငယ်ကို ဖျက်ဆီးခဲ့သော ရန်သူကို သွားရှာချင်သည်။

တဖက်က မရဏအရှင်၊ နေ့နတ်ဘုရားနှင့် ညနတ်ဘုရားကတော့ အလွန်အမင်း ယုံကြည်ချက် ရှိနေ၏။ သူတို့မျက်စိထဲမှာ အပြင်ကမ္ဘာက ရန်သူက ထူးထူးခြားခြား မဟုတ်ပါချေ။ သူတို့တွေ အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေခဲ့ကြသည်။

“ ညီလေးတို့က ဂရုမစိုက်တတ်လိုက်တာ”

ဖိုးသူတော်က ခေါင်းယမ်းလိုက်ကာ အပြုံးမပျက် ဆက်ပြောလေသည်။

“ ဒီကိစ္စက အဲ့ဒီရန်သူက ဘိုးဘေးရုပ်ထုငယ်ကို ဖျက်ဆီးသွားလို့ ဂိုဏ်းမျက်နှာပျက်ရတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး”

“ တကယ်တော့ ဒီတစ်ခေါက် အပြင်ကမ္ဘာက ရန်သူက ကျုပ်တို့ရဲ့မဟာအစီအစဥ်ကြီးနဲ့ သက်ဆိုင်နေတယ်”

“ မင်းတို့တွေသိပါတယ်၊ ဒီနေရာကကောင်းတာ မှန်ပေမဲ့ ဒါကလှောင်ချိုင့်တစ်ခုပဲ။ ကျုပ်တို့တွေ အဆင့်ပိုမြင့်ချင်ရင် ​ဒီနေရာက ထွက်သွားကိုသွားရမယ်”

“ အိုး” မရဏအရှင်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားကာ သွေးတိုးစမ်းသည့်အနေဖြင့် မေးလိုက်သည်။

“ ဒါဆို အကိုပြောချင်တဲ့သဘောက အဲ့ဒီကောင်က ကျုပ်တို့ဒီနေရာက ထွက်သွားဖို့ကို ကူညီနိုင်တယ်ပေါ့လေ။ မဖြစ်နိုင်တာ၊ ဘယ်သူက ကောင်းကင်ဓားချီကို ဖြေရှင်းနိုင်လို့လဲ”

ထိုစကားလုံးတွေ ထွက်သွားသည်နှင့် အကြီးအကဲတွေအားလုံး၏ မျက်နှာပေါ်မှာ ကြောက်ရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။ ထိုကောင်းကင်ဓားဆိုတာ တကယ်တော့ လျှို့ဝှက်နယ်မြေအပေါ်မှာရှိနေသော ရွှေအမြုတေဓားချီ ဖြစ်လေ၏။ နှစ်တစ်သောင်းကြာသည့်တိုင်အောင် ထိုဓားချီက လူတိုင်း၏ အိပ်မက်ဆိုး ဖြစ်နေဆဲပင်။ ဘယ်သူကမှ ယှဥ်ပြိုင်တိုက်ခိုက်ဖို့ တွေးတောင်မတွေးရဲခဲ့ဘူး။

“ ကျုပ်တို့ မနိုင်တာနဲ့ အပြင်ကမ္ဘာကဘယ်သူမှ မနိုင်တော့ဘူးလို့ မဆိုလိုဘူး”

ဖိုးသူတော်က တစ်ချက်ရယ်လိုက်ပြီး ဆက်ပြောသည်။

“ ဘိုးဘေး ဒီအစီအစဥ်ကို ဆွဲထားတာကြာပြီ။ ကျုပ်တို့သာ အဲ့ဒီရန်သူကိုဖမ်းနိုင်သရွေ့ သူ့ရဲ့အင်အားနဲ့ ဓားချီကနေ လွတ်မြောက်နိုင်လိမ့်မယ်”

ဖိုးသူတော်၏ ပြတ်သားသော စကားလုံးများက အပြည့်အဝယုံကြည်ထားကြောင်း ဖော်ပြနေသည်။

မရဏအရှင်နှင့် ကျန်တဲ့လေးယောက်စလုံး အနည်းငယ် သံသယ ဝင်နေသေးသည့်တိုင်အောင် ဘိုးဘေး၏အမိန့်နှင့် အစီအစဥ်ဆိုသည့်စကားကြောင့် ဘာမှထပ်မပြောလာကြတော့ပေ။

ထိုအချိန်မှာပဲ ခန်းမအတွင်းရောက်ရှိလာသော အရှိန်အဝါနှစ်ခုကို ရလိုက်ပြီး.. လွတ်နေသော ထိုင်ခုံနှစ်ခုံပေါ်ကို လူနှစ်ယောက် ရောက်လာသည်။ တစ်ယောက်က စုတ်တံနှင့် စာရွက်ကိုကိုင်ထားပြီး ကျန်တစ်ယောက်က ကြေးမုံတစ်ခု ကိုင်ထားလေရဲ့။

“ ဝမ်တရားသူကြီးနဲ့ ဝူတရားသူကြီးလဲ ရောက်ပြီ”

ထိုမြင်ကွင်းကြောင့် ဖိုးသူတော်က ရယ်မောလိုက်ပြီး ဆက်​ပြောသည်။

“ ကောင်းတယ်၊ ဒါဆို နေ့နတ်ဘုရားနဲ့ညနတ်ဘုရားက အဲ့လူကို ရှာဖွေပါ။ နေရာသိတာနဲ့ ကျွဲခေါင်းနဲ့မြင်းမျက်နှာက သွားဖမ်းချေ”

ထိုစကားကိုကြားသောအခါ နတ်ဘုရားနှစ်ပါးလုံးက တတိယမျက်လုံးကို ဖွင့်လိုက်ကြသည်။

နောက်တစ်စက္ကန့်မှာ သူတို့နှစ်ယောက်လုံး မှင်သက်သွားကြ၏။

“ ညီလေးတို့..” ဖိုးသူတော် မျက်မှောင်ကြုတ်သွားပြီး လေသံနိမ့်ဖြင့် ပြောလိုက်တော့သည်။

“ ရုပ်ထုငယ်ကို ဖျက်ဆီးခဲ့တဲ့ ရန်သူက ဖုံးကွယ်တာ အရမ်းတော်လို့ ညီလေးတို့ အဖြေမရှာနိုင်လို့လား”

“ မဟုတ်ဘူး”

နတ်ဘုရားနှစ်ပါး၏ မျက်နှာထားက မယုံကြည်နိုင် ဖြစ်နေရာမှ၊ တွန့်ဆုတ်စွာ ပြောလာကြသည်။

“ သူကဘယ်မှာမှ မပုန်းနေဘူး။ အခုမြို့ပြင်ရောက်နေပြီ”

ဥပဒေမဲ့မြို့အပြင်တွင် လုယန်သည် မူရင်းခန္ဓာကိုယ်ဖြင့် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေခဲ့သည်။ သူ့၏ လက်တစ်ဖက်မှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ကိုင်ထား၏။

သူ့လိုမျိုးလူတစ်ယောက်က တစ်စုံတစ်ယောက်၏ နှာခေါင်းအောက်မှာ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။ သူက ဤလျှို့ဝှက်နယ်မြေကို ခံတပ်အဖြစ် အသုံးချဖို့ ကြံစည်ထားပြီးမှတော့ အထဲမှာ ရှိနေသော ဗလာတစ္ဆေဂိုဏ်းကို ရင်ဆိုင်ရမှာ သဘာဝပဲလေ။

ထို့အပြင် သူသည် ဗလာတစ္ဆေဂိုဏ်း၏ အနောက်မှာရှိနေသော ထိုဘိုးဘေးဆိုသည့် ပုဂ္ဂိုလ်ကို တွေ့ချင်လှပါသေး၏။

“ အရင်နှုတ်ဆက်ကြတာပေါ့”

လုယန် ဆုံးဖြတ်လိုက်သည်နှင့် သူ့ခေါင်းအနောက်မှာ လမင်းကဲ့သို့ အလင်းဝိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက သူတော်စင်သူခိုး၏ရွှေစင်ခန္ဓာကိုယ်ကို အသုံးပြုပြီး ဥပဒေမဲ့မြို့ကို အပေါ်ကနေ စီးမိုးကြည့်လိုက်တော့သည်။

တစ်ချိန်ထဲမှာ ဗလာတစ္ဆေဂိုဏ်းရှိ ဂိုဏ်းသားအားလုံး တုံ့ပြန်မှုတစ်ခုကို ခံစားလို​က်ရသည်။ သို့ပေမဲ့ သူတို့တွေ နားမလည်နိုင်ခဲ့ချေ။ သူတို့ခန္ဓာကိုယ်အတွင်းထဲက တစ္ဆေတွေက စတင်လှုပ်ရှားလာပြီး မတောင့်ခံနိုင်စွာ စူးစူးရဲရဲ အော်ဟစ်နေသည်ကိုသာ သိရှိလိုက်ကြသည်။

နောက်တစ်စက္ကန့်မှာ…

“ အထက်တန်းစားယင်စုပ်ယူသိုင်း”

လုယန် တစ်နေရာကို လက်ညိုးထိုးပြီး တစ်ဝက်ပိုင်းလိုက်သည်။ ချက်ချင်းဆိုသလို တစ်မြို့လုံးကို လွှမ်းခြုံထားသော အလင်းသည်လည်း တိတ်တဆိတ် ပြိုကွဲသွားပြီး အလွန်ခြောက်ခြားဖွယ် ကောင်းသော လူသတ်အရိပ်အငွေ့များ ထွက်ပေါ်လာ၏။

အစ်..အစ်..အစ်

ထိုအရိပ်အငွေ့က မြို့ထဲက သာမာန်သူတွေအပေါ် မသက်ရောက်ပေမဲ့ တစ္ဆေထိန်းချုပ်သူတွေအားလုံး အထိန်းချုပ်မဲ့စွာ ကိုယ့်လည်ပင်းကိုယ် ညှစ်လိုက်ကြလေရဲ့။

နာကျင်စွာအော်ဟစ်သံတွေ ထွက်လာသည့်တိုင်အောင် မရပ်တန့်ခဲ့ပေ.. နောက်ဆုံး ရေပန်းတစ်ခုလို သွေးတွေဖွာထွက်လာခဲ့သည်။

ဘုတ်

မရေမတွက်နိုင်သော ခေါင်းတွေ မြေပြင်ပေါ် ပြုတ်ကျလာ၏။ ထိုတိုးသဲ့သဲ့ အသံတွေက မြို့အနှံ့ပျံ့နှံ့နေခဲ့ပြီး ကမ္ဘာပျက်မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

တစ္ဆေထိန်းချုပ်သူတွေ သေဆုံးမှုကြောင့် အထိန်းအကွတ်မဲ့သွားသော တစ္ဆေတွေက မြို့ထဲလျှောက်မသွားခဲ့ဘဲ ကောင်းကင်ပေါ်တက်​ကာ လုယန်ရှိရာကို အပြေးလာနေကြသည်။

လုယန်ကလည်း စာလိပ်ကိုဖြည်ချပြီး တစ်ကောင်မကျန် သန့်စင်ပေးလိုက်သည်။ တစ်နာရီမကျော်သော အချိန်အတွင်းမှာ သူ့လက်ထဲကို တစ္ဆေတစ်ထောင်နီးနီး ရောက်လာခဲ့၏။

“ သောက်ရူးကောင်”

ထိုအချိန်မှာပဲ မြို့အလယ်တည့်တည့်ရှိ နန်းတော်ကနေ ကောင်းကင်ထက်ကို ထိုးတက်လာ​သော သွေးနီရောင်အလင်းတန်းများကို တွေ့လိုက်ရသည်။ ထိုအထဲမှာ ဒေါသအလွန်ထွက်နေကြသော အကြီးအကဲရှစ်ယောက် ရှိနေသည်ပင်။

သူတို့တွေက မတရားသေဆုံးခဲ့ရသော ဂိုဏ်းသားတွေကို အနည်းငယ်သော်မျှ ဂရုမစိုက်ပါချေ။

သို့ပေမဲ့ သူတို့ကို ဒေါသထွက်စေခဲ့တာက၊ လုယန်၏ တစ္ဆေတွေကိုစုဝေးနေ​သော လုပ်ရပ်ပဲဖြစ်သည်။ တစ္ဆေတစ်ကောင်ချင်းစီတိုင်းက ဂိုဏ်းအတွက် အရေးပါသော ပစ္စည်းတွေပဲ.. လုယန်၏ လုပ်ရပ်က ဂိုဏ်း၏အုတ်မြစ်ကို လုယူနေတာနှင့် မခြားပေ။

ဖိုးသူတော် ချက်ချင်း အရှေ့တိုးလိုက်သည်။

“ ဘိုးဘေးရဲ့ရုပ်ထုငယ်ကို ဖျက်ဆီးလိုက်တာ မင်းလား”

လုယန်က ထိုသူကို လျစ်လျူရှုလိုက်သည်။ ထိုအစား တစ်စုံတစ်ခုကို အာရုံခံနေသည့်နှယ် လှည့်ပတ်ကြည့်နေပြီး အဆုံးမှာ မိုးထိုးမတတ် မြင့်မားနေ​သော ရုပ်ထုကြီးပေါ် အကြည့်ရောက်သွားသည်။

“ ဒီမှာပဲ”

နောက်တစ်စက္ကန့်မှာ လုယန်၏ပုံရိပ်က ရပ်နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားလေ၏။

“ ဟမ်”

အကြီးအကဲရှစ်ယောက်လုံး မျက်နှာပျက်သွားကာ လှည့်ပတ်ရှာတော့သည်။ ထိုအချိန်မှာပဲ မြို့အလယ်တည့်တည့်က ရုပ်ထုအပေါ်မှာ ကြာပန်းပုံစံ တရားထိုင်နေဟန်ဖြင့် ရှိနေသော လုယန်ကို.မြင်လိုက်ကြရသည်။

လုယန်က မျက်လွှာချပြီးနောက် ရုပ်ထုကို အပြုံးတစ်ခုဖြင့် ကြည့်ကာ မေးလိုက်လေ၏။

“ ကဲ..ကျုပ်တော့ ခင်ဗျားဖိတ်ခေါ်ခဲ့တဲ့အတိုင်း ရောက်လာခဲ့ပြီ။ ခင်ဗျားဘယ်မလဲ”

…….

All Chapters