← Chapters

ငါ့လမ်းမှာ လာရှုပ်တာလား၊ သေစမ်းကွာ

Vol. 12 Ch. 1190

ငါ့လမ်းမှာ လာရှုပ်တာလား၊ သေစမ်းကွာ

Vol. 12 Ch. 1190

လေပေါ်တွင် ပိုင်ရှောင်ချန်းက နတ်ဘုရားဇီဝိန်ချုပ်သိုင်းဖြင့် ဝိရူပက္ခကို တွန်းထုတ်လိုက်ပြီး မူလနတ်ဆိုးမင်းသားနှင့် အခြားသော ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများကို လျစ်လျူရှုလိုက်ပြီး မိစ္ဆာမင်းသားစံအိမ်ထံ ဦးတည်သွားတော့သည်။

သူသည် စိတ်မရှည်တော့သဖြင့် သူ၏လမ်းတွင် ပိတ်ရပ်နေသူတိုင်း ဘေးသို့တွန်းထုတ်ခံရလျှင်ခံရ၊ မခံရလျှင် အသတ်ခံရသည်။

မည်သူမှ သူ့အားမတားဆီးနိုင်ကြပေ။

ဝိညာဥ်ဝါးမျိုသခင် မျက်မှောင်ကြုတ်သွားတော့သည်။ သူသည် ပါးနပ်ပြီး အန္တရာယ်ဆိုလျှင် ဝေးဝေးမှရှောင်သည့် လူစားမျိုးဖြစ်၍ အခြားသောအခြေအနေများတွင်ဆိုလျှင် ဖာသိဖာသာ နေလိုက်မည်ဖြစ်ပြီး ဤအချင်းအရာများကို သူ့စရိတ်နှင့် သူသွားစေရန် လွှတ်ပေးထားလိုက်မည်သာဖြစ်သည်။

သို့သော်လည်း သူတို့က မိစ္တာဧကရာဇ်မြို့တော်၏ အလယ်တည့်တည့်သို့ရောက်နေသည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ မိစ္ဆာမင်းသားဆီသို့ ရောက်ရှိသွားပြီး ဆိုးဆိုးရွားရွား ကိစ္စရပ်များကို လုပ်လိုက်ပါက မိစ္ဆာဧကရာဇ် အမျက်ထွက်သွားမည်သာဖြစ်သည်။ ဝိရူပက္ခမှာ ယခင်က မိစ္ဆာမင်းသားနှင့် တွဲ၍ အလုပ်မလုပ်ဖူးခဲ့သည့်အတွက် အနည်းငယ်ခံသာနိုင်သေးသည်။ သို့သော် ဝိညာဥ်ဝါးမျိုသခင်မှာ မိစ္ဆာမင်းသားနှင့် အချိန်အတော်အတန်ကြာအောင် အနီးကပ် အလုပ်တူတူတွဲလုပ်နေခဲ့သည်ဖြစ်ရာ သူသည် အခြားရွေးချယ်စရာမရှိတော့ပဲ တစ်ခုခုလုပ်ရန် ကြိုးစားလိုက်ရတော့သည်။ သူသည် မိုးမြေဧကရာဇ်ကိုယ်ပွားနှင့် ပတ်သတ်သော ကိစ္စရပ်မှာ ဖြစ်ပွားခဲ့သည့် အချင်းအရာများကို ပြန်တွေးလိုက်ပြီးနောက် အသုံးဝင်မည်ဟုထင်ရသော ဗျူဟာတစ်ခုကို အသုံးပြုလိုက်တော့သည်။

" မူလနတ်ဆိုးမင်းသား၊ ကောင်းကင်တံတားတာအို။ ငါတို့တွေ ပိုင်ရှောင်ချန်းကို မိစ္ဆာမင်းသားစံအိမ်ထဲ လုံးဝ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး။ မိစ္ဆာဧကရာဇ်ကြီးက အချိန်မရွေး တံခါးပိတ်ကျင့်စဥ်ထဲကနေ ပြန်ထွက်လာတော့မှာ "

သူ၏နှုတ်မှ ထိုစကားများထွက်လာချိန်မှာပင် သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအင်အမြောက်အမြားကို အသုံးပြု၍ ပိုင်ရှောင်ချန်း၏ လမ်းကြောင်းပေါ်သို့ တည်နေရာရွှေ့ပြောင်းလိုက်တော့သည်။

မူလနတ်ဆိုးမင်းသားနှင့် ကောင်းကင်တံတားတာအိုတို့မှာလည်း အလွန်တည်ကြည်နေသည့် မျက်နှာအမူအရာများဖြင့် ဝှက်ဖဲများကိုထုတ်သုံး၍ ကူညီလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာ သူတို့ခုခံမှုကို အကြိမ်ပေါင်းများစွာ ဆက်တိုက်ဝင်တိုက်နေပါသော်လည်း သူတို့ကို မကျော်နိုင်ပေ။ ထိုအချိန်တွင် သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ဒေါသမီးများမှာ အလွန်အမင်း ပြင်းထန်နေပြီဖြစ်သည်။

" မင်းတို့တွေ သေချင်နေကြတာလား "

နတ်ဘုရားဇီဝိန်ချုပ်သိုင်း၏ သွေးမြူခိုးများ ကျုံ့ဝင်သွားပြီး ပိုင်ရှောင်ချန်းတစ်ယောက် ပေါ်ထွက်လာတော့သည်။ သူသည် တွေဝေမနေပဲ ရှေ့သို့ခုန်အုပ်လိုက်ပြီး ကောင်းကင်တံတားတာအိုအား ဝင်တိုက်လိုက်တော့သည်။

ကောင်းကင်တံတားတာအိုမှာ ခုန်ရှောင်ရန်ကြိုးစားလိုက်ပါသော်လည်း သူ၏ပုခုံးမှာ ဝင်အတိုက်ခံလိုက်ရသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာသည်။ သူ၏ လက်မောင်းတစ်ဖက်လုံးနီးပါး ချက်ချင်းပင် ကျိုးကြေသွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။ သူမည်သည့်အရာမှ ဆက်မလုပ်နိုင်ခင် ပိုင်ရှောင်ချန်းက အသက်ရှည်မီးအိမ်နှင့် ရွှယ်ကျဲကော်တုတို့ကို ထုတ်သုံးလိုက်ပြီး ဝိညာဥ်ဝါးမျိုသခင်နှင့် မူလနတ်ဆိုးမင်းသားတို့ ကြားဝင်မနှောင့်ယှက်နိုင်စေရန် တားဆီးလိုက်သည်။ ထို့နောက် သူသည် သတ်ဖြတ်လိုစိတ်များ တဖျတ်ဖျတ် လက်နေသည့်မျက်ဝန်းများဖြင့် တောင်ဖြိုသိုင်းနှင့် ထာဝရဧကရာဇ်လက်သီးတို့ကို ထုတ်သုံးလိုက်သည်။

ထိုတိုက်ကွက်ကြီး သူ့ကိုမထိနိုင်ခင် ကောင်းကင်တံတားတာအို၏ မျက်လုံးများမှာ ရုတ်တရက် အနက်ရောင်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးခိုးများ စိမ့်ထွက်လာကာ အကာအကွယ်တစ်ခုကို ဖန်တီးလိုက်တော့သည်။

၎င်းအကာအကွယ်မှာ စွမ်းအားကြီးမားသော အတားအဆီးတစ်ခုဖြစ်သည်။ ကောင်းကင်ဧကရာဇ်ကျဲ့တိအား အပြင်းအထန်ဒဏ်ရာရသွားစေခဲ့သည့် ပိုင်ရှောင်ချန်း၏လက်သီးချက်မှာ ကောင်းကင်တံတားတာအိုအား ဒဏ်ရာအနည်းငယ်ပင်မရစေဘဲ နောက်သို့မီတာရာဂဏန်းအနည်းငယ်လောက်သာ တွန်းထုတ်နိုင်လိုက်သည်။ ထို့အပြင် တန်ပြန်ဒဏ်ကြောင့် ပိုင်ရှောင်ချန်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။ တချိန်ထဲမှာပင် အနက်ရောင်မီးခိုးမျှင်များမှာ သူ၏ပတ်ပတ်လည်တွင် သံခြေချင်းများအဖြစ် ရစ်ပတ်လာသောကြောင့် သူ၏ပါးစပ်မှ သွေးများစီးကျလာပြီး အားအင်ပြန်ပြည့်နိုင်စွမ်းကို အစွမ်းကုန်ထုတ်သုံးလိုက်ကာ နောက်သို့ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ ထိုစဥ် မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့က သူ့အား တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

" အခွင့်ကောင်းပဲ "

ဝိညာဥ်ဝါးမျိုသခင်က ရေရွတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏ပတ်ပတ်လည်တွင် အပြာရင့်ရောင် ပင်လယ်ကြီးတစ်စင်း ပေါ်ထွက်လာသည်။ ထိုပင်လယ်ကြီးမှာ ဟပြဲနေသည့် ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် လျင်မြန်စွာ ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းအား ခုန်အုပ်လိုက်တော့သည်။

မူလနတ်ဆိုးမင်းသားမှာလည်း အလားတူလှုပ်ရှားလိုက်သဖြင့် သူ၏ပတ်ပတ်လည်တွင် တောက်ပသော အနီရောင်အလင်းတစ်ခု ဝန်းရံသွားသည်။ တချိန်ထဲမှာပင် သူ၏နောက်တွင် ဦးချိုနှစ်ချောင်း ပေါက်နေသည့် ကြက်သွေးရောင် နတ်ဆိုးကြီးတစ်ကောင်ပေါ်လာတော့သည်။ ၎င်းမှာ မာန်ဖီကာ ပိုင်ရှောင်ချန်းထံ ခုန်ဝင်သွားတော့သည်။

ထိုအန္တရာယ်ကြီးများကို ရင်ဆိုင်နေရချိန်တွင် ပိုင်ရှောင်ချန်းကမူ ရယ်မောလိုက်သည်။ ထို့နောက် ရူးသွပ်မှုများ၊ ပြတ်သားမှုအရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်ယူလိုက်သည်။

မူလနတ်ဆိုးမင်းသားမှာ မျက်နှာပျက်သွားပြီး ဝိညာဥ်ဝါးမျိုသခင်မှာမူ ကျယ်လောင်စွာ ပင့်သက်ရှိုက်မိသွားတော့သည်။ သူတို့နှစ်ယောက်စလုံးက ပိုင်ရှောင်ချန်း ကိုင်ထားသည့်အရာကြီးကို အတိအကျ မသိပါသော်လည်း ၎င်းထံမှ သူတို့ခံစားနေရသည့် ကြောက်မက်ဖွယ်စွမ်းအားကြီးကြောင့် အံ့သြတုန်လှုပ်သွားရတော့သည်။

ထို့အပြင် ၎င်းမှာ သာမန် နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက် မဟုတ်ပေ။ ၎င်းကို မိုးမြေဧကရာဇ်တစ်ပါး၏ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုအနှစ်သာရမှ အကူအညီကိုရယူ၍ ဖန်ဆီးထားခြင်းဖြစ်ရာ ထိုအနှစ်သာရ အချို့ပင် ပါဝင်နေသည်။

" မဟန်ဘူးဟေ့ "

" အဲဒီအငွေ့အသက်.... အဲဒီအငွေ့အသက် ငါတို့ကိုထိသွားလို့မဖြစ်ဘူး "

သူတို့က ချက်ချင်းပင် နောက်သို့ဆုတ်လိုက်ကြပါသော်လည်း နှေးကွေးလွန်းနေသည်။

သူတို့နှစ်ယောက် လှုပ်ရှားလိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက ထိုရောင်စုံခြယ်မီးတောက်ကို ချေမွလိုက်သဖြင့် ဧရာမပေါက်ကွဲမှုကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်တွင် ထစ်ချုန်းသံကြီးတစ်သံကြောင့် မိစ္ဆာဧကရာဇ်မြို့တော်ကြီးတစ်ခုလုံး တုန်ရီသွားပြီး အားပြင်းသော တုန်ခါလှိုင်းကြီးတစ်လှိုင်းမှာလည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ အရိုးနဂါးကြီးပင် တုန်ရီသွားရပြီး ၎င်း၏မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော အဆောက်အဦပေါင်းများစွာမှာ ပြိုကျကုန်တော့သည်။

ထိုအချင်းအရာများမှာ ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ ထိုနှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်က ပျံ့နှံ့သွားပြီး ၎င်းနှင့် ထိတွေ့သမျှအရာအားလုံးကို ဝါးမျိုနေသည်။ မကြာသေးမီက ကျင့်ကြံသူတစ်စုမှာ ပိုင်ရှောင်ချန်းအား ဝန်းရံရန် စိုင်းပြင်းနေခဲ့ကြပြီး သူ၏ ခရီးစဥ်နှောင့်နှေးသွားခဲ့ရသည့်မြင်ကွင်းကို ဝမ်းမြောက်စွာ ကြည့်နေခဲ့ကြသည်။

သို့သော် သူတို့မှာ မည်သည့်အရာကိုမှ မလုပ်နိုင်ခင် သူတို့၏ဘဝတစ်လျှောက်လုံး၌ တစ်ခါမှ မျက်ဝါးထင်ထင် မကြုံတွေ့ခဲ့ရဖူးသော မီးတောက်ကြီးတစ်ခုကို မြင်လိုက်ရတော့သည်။ မီးတောက်များမှာ သူတို့၏ခန္ဓာကိုယ်များကို လွှမ်းမိုးသွားကြသဖြင့် သူတို့က ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်စွာ ခံစားလိုက်ရပြီးနောက် ပြာပုံဘဝသို့ ရောက်သွားကြတော့သည်။

အနီးအနားရှိ အဆောက်အဦများထဲတွင် လူများ ရှိမနေကြတော့ပေ။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများအကြားမှ တိုက်ပွဲမှာ အဆင့်နိမ့်ကျင့်ကြံသူများ၏ အဝေးကနေသာ လှမ်း၍ကြည့်ရဲသည့် တိုက်ပွဲတစ်ခုသာ ဖြစ်သည်။

မူလနတ်ဆိုးမင်းသားနှင့် ဝိညာဥ်ဝါးမျိုသခင်တို့မှာ ဗဟိုချက်နှင့် အနီးဆုံးဖြစ်နေသောကြောင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အားလုံးကို ထုတ်သုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ရသည်။ သို့သော်လည်း သူတို့မှာ ဒဏ်ရာများစွာ ရရှိသွားကြပြီး တုန်လှုပ်ခြောက်ခြားမှု အရိပ်အယောင်များ ထင်ဟပ်နေသည့်မျက်ဝန်းများဖြင့် သွေးများအန်နေကြတော့သည်။ သူတို့နှစ်ယောက် ထိုမီးတောက်ထဲမှ ထိုးထွက်လာနိုင်ချိန်တွင် ဝိညာဥ်ဝါးမျိုသခင်မှာ အနည်းငယ်ပိုလျင်မြန်နေခဲ့ပြီး မူလနတ်ဆိုးမင်းသားမှာမူ နောက်တွင်ကျန်ရစ်ခဲ့ရသည်။

အကယ်၍ သူတို့မှာသာ တိုက်ရိုက်ထွက်ပြေးနိုင်သည့် အခွင့်အရေးတစ်ခု ရှိမည်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ဦးမည်ပင် ဖြစ်သည်။ ထိုအချိန်တွင် ကျောက်လူ့ဘီလူးကြီးတစ်ကောင် မီးတောက်ထဲမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ထိုသို့ပေါ်ထွက်လာပြီးနောက် ဆက်ဖြစ်သွားသော အရာများကို မည်သူမှ မမြင်လိုက်ပါသော်လည်း ထိုမီးတောက်ထဲမှထွက်လာသည့် ဝေဒနာများဖုံးလွှမ်းနေသော အော်ဟစ်မြည်တမ်းသံများကိုမူ ကြားလိုက်ရတော့သည်။ ကောင်းကင်တံတားတာအိုမှာ ပင့်သက်များရှိုက်ကာ နောက်သို့ဆုတ်သွားပြီး ဝိညာဥ်ဝါးမျိုသခင်မှာမူ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်သွားတော့သည်။

ဝိရူပက္ခမှာ အဝေးတစ်နေရာတွင် ရောက်နေသည်ဖြစ်သော်လည်း သူပင် အရှိန်ထပ်တင်လိုက်ပြန်သည်။

ထိုမီးတောက်ကြီးမှာ အသက်ရှူကြိမ်ဆယ်ကြိမ်တိတိ ဆက်လက်လောင်ကျွမ်းပြီးနောက် ငြိမ်းသက်သွားသောအခါတွင် ရှေ့သို့လျောက်လှမ်းလာသည့် ကျောက်လူ့ဘီလူးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုကျောက်လူ့ဘီလူးကြီးထံမှ ကျောက်စကျောက်နများ ကွာကျလာပြီးနောက် ဒဏ်ရာရနေပါသော်လည်း ထာဝရအတွဲကြောင့် ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည့် ပိုင်ရှောင်ချန်းတစ်ယောက် ပေါ်ထွက်လာတော့သည်။ တစ်ခဏအတွင်း သူ၏ အသွေးအသားအားလုံး အကောင်းပတိ ပြန်ဖြစ်သွားသည်။

သူသည် ထိုသို့ လမ်းလျှောက်၍ထွက်လာပြီး သတိလစ်နေသော မူလနတ်ဆိုးမင်းသားကို သူနှင့်အတူ ဆွဲခေါ်လာသည်။

သူသည် သူ့အားမသတ်ပဲ သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်ကာ ဘေးဘီဝဲယာကို တစ်ခဏမျှကြည့်လိုက်ပြီးနောက် မိစ္ဆာမင်းသားစံအိမ်ဆီသို့ တစ်ဖန်ပြန်၍ ဦးတည်သွားတော့သည်။

ထိုနေရာတစ်ဝိုက်ရှိ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများသာမက မိစ္ဆာဧကရာဇ်မြို့တော်ထဲရှိ အခြားကျင့်ကြံသူများပါ သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြီးကြောင့် ဆွံ့အနေကြတော့သည်။ ဝိရူပက္ခပင် အံ့သြတုန်လှုပ်သွားရသည်။

အစောပိုင်းကတည်းက သူသည် စွန့်စားရန် ဆန္ဒမရှိခဲ့သည်ဖြစ်ရာ ယခုတွင် ပို၍ပင် ဆန္ဒမရှိတော့ပေ။ ရောင်စုံခြယ် မီးတောက်ကြီး၏ ပေါက်ကွဲမှုကို မြင်တွေ့လိုက်ရပြီးနောက် သူ၏စိတ်နှလုံးသားထဲတွင် အကြောက်တရားများကို ခံစားနေရပြီဖြစ်သည်။

" မိစ္ဆာမင်းသားအတွက်ဆိုရင်တောင် သူ့ကိုရန်စဖို့ မတန်ဘူး။ ပြီးတော့ ငါ့ကို သူက အချိန်ပဲဆွဲခိုင်းခဲ့တာ။ ဆွဲပြီးသွားပြီလို့ ငါတော့ထင်တာပဲ "

ပိုင်ရှောင်ချန်း၏ လမ်းကို မည်သူမှပိတ်မနေတော့သလို မိစ္ဆာဧကရာဇ်မှာလည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။ ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းအရင်းကို တွေးတောနေရန် အချိန်မရှိပေ။ သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် တရိပ်ရိပ် မြင့်တက်လာနေသည့် မောပန်းနွမ်းနယ်မှုကို လျစ်လျူရှုလိုက်ပြီး မိစ္ဆာမင်းသားစံအိမ်ထဲသို့ ဝင်ရောက်သွားတော့သည်။

သူ ဝင်သွားလိုက်သည်နှင့် တစ်ပြိုက်နက် အလောင်းများပုံနေသည်ကို မြင်လိုက်ရသည်။

ထိုအလောင်းများမှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်စေ၊ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများဖြစ်စေ နည်းလမ်းတစ်ခုထဲဖြင့် အသတ်ခံခဲ့ရသည်သာ ဖြစ်သည်။ ထိုနည်းလမ်းမှာ နဖူးကို လှံတစ်ချောင်းဖြင့် ထိုးဖောက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ၏နတ်ဘုရားအာရုံကို အလျင်အမြန် ထုတ်လွှတ်လိုက်သောအခါ အဆုံးသတ်တွင် ပင်မခန်းမထဲရှိ မြင်ကွင်းကို တွေ့လိုက်ရတော့သည်။ ထိုခန်းမထဲတွင် အနက်ရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် သူနှင့်ရင်းနှီးသော မျက်နှာတစ်ခုကို လှမ်းမြင်လိုက်ရသည်။

ထိုလူမှာ သွေးများဖြင့် ရွှဲရွှဲစိုနေကာ ထိုသွေးစက်များမှာ သူ့ခန္ဓာကိုယ်မှ စီးကျ၍ မြေပြင်ပေါ်တွင် ရေအိုင်ငယ်လေးတစ်ခုအသွင်ဖြင့် စုဝေးနေလေသည်။

All Chapters