နောက်ဆုံးတော့ မင်းထက် ငါ သာသွားပြီကွ
Vol. 12 Ch. 1191
သူသည်ကား စုန့်ချွဲက လွဲ၍ တခြားမဟုတ်ပေ။
သူ၏အရှိန်အဝါသည် အားနည်းပြီး ယိမ်းယိုင်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းနေသည်။ နေရာအတော်များများ၌ သွေးနှင့် အသားကြားမှ အရိုးအား မြင်နိုင်၏။ သူ၏ရင်ဘတ်ပေါ်တွင် မြင်ရသော အနက်ရောင်အငွေ့လက်ဝါးရာကြောင့် သူ၏ ယင်အင်္ဂါငါးခုနှင့် ယန်အင်္ဂါခြောက်ခုမှာ ပျက်စီးလုနီးပါး ဖြစ်သွားလေသည်။
သူက မျက်လုံးတစ်ဖက် ဆုံးရှုံးထားပြီး နောက်ဆုံးအခြေအနေသို့ ရောက်နေမှန်း သိသာသည်။ သူက စိတ်ဆန္ဒစွမ်းအားသက်သက်ဖြင့်သာ တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်ကျန်နေသည့်အလားပင်။
အစောပိုင်းက မိစ္ဆာမင်းသားသည် သူ၏နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများအားလုံးကို မူလနတ်ဆိုးမင်းသားနှင့် အခြားကောင်းကင်ဧကရာဇ်များက ပိုင်ရှောင်ချန်းကို အချိန်ဆွဲနေရာတွင် ကူညီရန် စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် မိစ္ဆာမင်းသားမှာ လုံးဝရူးသွပ်လာခဲ့ပြီ ဖြစ်သည်။ သူက စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မို ယိုင်လဲအောင် ရက်ပေါင်းများစွာကြိုးစားခဲ့ပြီး အောင်မြင်ရန် လက်တစ်ကမ်းသာလိုတော့သည့် အရေးကြီးသောအဆင့်တစ်ဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန် စုန့်ချွဲက မိစ္ဆာမင်းသားစံအိမ်ကို ဇွတ်တိုးဝင်လာခဲ့၏။ သူက အနက်ရောင်ဝတ်စုံ တလွင့်လွင့်နှင့် လက်ထဲတွင် လှံကိုကိုင်စွဲ၍ သူ့လမ်း၌ ရပ်သည့် နတ်အဆင့်ကျင့်ကြံသူများကို သုတ်သင်ကာ မဟာခန်းမထံ တဖြေးဖြေး ရောက်ရှိသွားလေသည်။
အရေးကြီးဆုံးအခိုက်အတန့် ရောက်ရှိလာချိန်မှာပင် သူက သူ၏မဆုတ်မနစ်သော ပြတ်သားခြင်းများနှင့်အတူ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် အားဖြည့်ပေးထားသော သူ၏လှံဖြင့် တံခါးကို ထိုးချလိုက်သည်။ သူ့ဘဝ၏ ဤအခိုက်အတန့်တွင် သူသည် သေခြင်း၊ရှင်ခြင်းအကြောင်းကိစ္စများအား ဂရုမစိုက်သောကြောင့် တံခါးကို ဖျက်စီးရန် အားထုတ်ရာတွင် ဘာမှမထိမ်ချန်ထားတော့ပေ။
တံခါး အစိတ်စိတ်အမြွှာမြွာကျိုးကြေသွားသောအခါ မိစ္ဆာမင်းသားကား အဆုံးစွန်ထိ ရူးသွပ်လာတော့သည်။ သူ၏ ဉာဏ်နီဉာဏ်နက်များ၊ လျှို့ဝှက်အကြံအစည်များအားလုံး ဤအခိုက်အတန့် ရောက်လာခဲ့သည့်တိုင် စုန့်ချွဲက သူ့ကို ကြားဝင်နှောင့်ယှက်လိုက်လေပြီ။ သူက စိတ်တိုကာ သူ၏ ဒေါသများအားလုံးကို စုန့်ချွဲအပေါ် ပုံချတော့သည်။
စုန့်ချွဲက သူ၏နတ်အဆင့်ကျင့်ကြံခြင်းအခြေဖြင့် နောက်တွန့်မသွားခဲ့။ တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်သည့် မိစ္ဆာမင်းသားအား စတင်တိုက်ခိုက်တော့သည်။
တိုက်ပွဲက ပိုင်ရှောင်ချန်းနှင့် ကောင်းကင်တံတားတာအိုကြားက ပထမဆုံးတိုက်ပွဲ၏ ခမ်းနားကြီးကျယ်သော အဆင့်အထိ မရောက်သော်လည်း လွန်စွာ လေးနက်သည်။ စုန့်ချွဲက အနှစ်နှစ် အလလ တည်ဆောက်ခဲ့သော အသတ်အဖြတ်အရှိန်အဝါအားလုံး ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲဝင်စစ်သည်နှစ်ယောက်မှာ အကြိတ်အနယ်တိုက်ခိုက်လိုက်ကြသဖြင့် သွေးများ တဖွားဖွားလွင့်စင်နေတော့သည်။
စုန့်ချွဲသည် မိစ္ဆာမင်းသားအတွက် ပြိုင်ဘက်မဟုတ်ကြောင်း သိသည့်တိုင် တိုက်ခိုက်ရန် သွေးကြောင်နေခြင်းမရှိပေ။
သူက သူ၏ ချစ်လှစွာသော အဒေါ်ဖြစ်သူအတွက် တိုက်ခိုက်နေသည် မဟုတ်ပါလော။
သူက ကျိုးကျစ်မိုကို ဂရုမစိုက်သော်လည်း စုန့်ကျင်းဝမ်ကိုတော့ အလွယ်တကူ လျစ်လျူရှုမထားနိုင်ပေ။ သူမက သူ၏အရင်းနှီးဆုံးဆွေမျိုး ဖြစ်သည်။ သူမ၏ဆူထွက်နေသော ဗိုက်ကို သူ မြင်သောအခါ အဖေဖြစ်သူ ပိုင်ရှောင်ချန်းသာ ဖြစ်နိုင်သော သူ၏တူလေးအတွက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကိုလည်း သူ သိသည်။
သူသည် ပိုင်ရှောင်ချန်းထက် အမြဲသာချင်ခဲ့ပြီး သူ့ကို ဘယ်တော့မှ သဘောမကျခဲ့သော်လည်း မြေခဓားကမ္ဘာချောက်တွင် ပထမဆုံးတွေ့ဆုံခဲ့စဥ်ကတည်းက ပိုင်ရှောင်ချန်းက သူ့အတွက် လုပ်ပေးခဲ့သည့် အရာရာတိုင်းကို မေ့မရပေ။ စုန့်ချွဲသည် မာနကြီးသော လူတစ်ယောက်ဖြစ်သော်လည်း သူ့ဘဝ၏ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းအပေါ် ရန်ငြှိုးတစ်စုံတရာ မခံစားရချေ။ ထို့ပြင် သူသည် ပိုင်ရှောင်ချန်းက သူ၏အထက်လူကြီးဖြစ်ကြောင်း သဘောပေါက်သော်လည်း လိုက်မီနိုင်သည်ဟု သူ့ကိုယ်သူ အမြဲယုံကြည်ထားခဲ့သည်။
သို့ဖြစ်၍ သူက တိုက်ခိုက်ရန်လာခြင်းဖြစ်သည်။ သူ၏အဒေါ်အတွက်၊ သူ၏တူလေးအတွက် .... ပိုင်ရှောင်ချန်း၏ သွေးသားအတွက်။
သူက သူသေကိုယ်သေ တိုက်ခိုက်လိုသော ဆန္ဒများပြည့်နှက်လျက် နောင်တမရှိဘဲ တိုက်ခိုက်နေခဲ့လေသည်။
မိစ္ဆာမင်းသားမှာ တုန်လှုပ်နေရပြီဖြစ်သည်။ ယခင်က သူ၏ပြင်းထန်သောတိုက်ကွက်များအား ခံနိုင်သည့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သူ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သို့ေသာ် စုန့်ချွဲက ထပ်ကာထပ်ကာ ကြံ့ကြံ့ခံနေရာ မိစ္ဆာမင်းသားအတွက် သူ၏မန္တန်အစီအရင်ကို ဆက်လုပ်ရန် မဖြစ်နိုင်တော့ပေ။
၄င်းက ဖြစ်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်နေပုံပေါ်သော်လည်း နတ်အဆင့်ကျင့်ကြံသူလေးတစ်ယောက်သာဖြစ်သော စန့်ချွဲက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်အထိ တောင့်ခံနေလေသည်။ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့နှစ်ယောက်က မန္တန်အစီအရင်ထဲတွင် မလှုပ်မယှက်ထိုင်နေကာ နှိုင်းယှဥ်၍မရလောက်အောင် အားနည်းနေသည့်ပုံပေါ်သော်လည်း သူတို့အသက်ရှိနေဆဲဖြစ်ကြောင်း သူ မြင်နိုင်သည်။
ထို့ပြင် သူတို့၏ကလေးများလည်း အန္တရာယ်ကင်းနေသေးသည်။
သူသာ လုံလောက်သောအချိန်အထိ မတောင့်ခံနိုင်ခဲ့ပါက အကျိုးဆက်များကား စိတ်ကူးကြည့်ရန်ပင် ဆိုးရွားလွန်းမည်ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အထိ ခံရန် စုန့်ချွဲမှာ သေစေနိုင်သောဒဏ်ရာများ ခံစားနေရပါသော်လည်း ကြံ့ကြံ့ခံထား၏။ မိစ္ဆာမင်းသားက သူ့ကို သူတတ်နိုင်သမျှအရာအားလုံး ပစ်ခတ်နေစဥ် စုန့်ချွဲသည် နာကျင်မှုနှင့် ဒဏ်ရာများကို လျစ်လျူရှူပြီး သူ့ကိုယ်သူ တစ်ခုတည်းသောအရာသာ ထပ်တလဲလဲပြောနေ၏။
အားတင်းထား၊ အားတင်းထား၊ အားတင်းထား။
နောက်ဆုံး ပိုင်ရှောင်ချန်းက ကောင်းကင်မှ တဟုန်ထိုး ဆင်းသက်လာပြီး မိစ္ဆာမင်းသားက စံအိမ်ထဲ ဝင်ရောက်လာသောအခါ ထိုအရာအားလုံး ထိုက်တန်ခဲ့ပြီဖြစ်ကြောင်း စုန့်ချွဲ သိလိုက်လေသည်။
မိစ္ဆာမင်းသားကား တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်လွှတ်နေရသဖြင့် ဟောဟဲလှိုက်နေကာ ရူးသွပ်နေသည်။
" မင်းဘာလို့ မသေသေးတာတုန်း။ ချီးတဲ့မှပဲ။ သေစမ်း "
ပိုင်ရှောင်ချန်း ချဥ်းကပ်လာနေသည်ကို မြင်လိုက်ရ၍ မိစ္ဆာမင်းသား၏နှလုံးသားမှာ ခံပြင်းခြင်းများဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။
" နီးနေပြီ။ အရမ်းနီးနေပြီ"
မိစ္ဆာမင်းသားက သေအံ့မူးမူးဖြစ်နေသော စုန့်ချွဲကို အငြှိုးကြီးကြီးစိုက်ကြည့်ကာ လှည့်ပြီး ပျံပြေးသွား၏။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက ထွက်ပြေးနေသော မိစ္ဆာမင်းသားကို လျစ်လျူရှုကာ ပင်မခန်းမဆောင်ထံ အပြေးအလွှားသွား၍ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ အန္တရာယ်ကင်းကြောင်း အတည်ပြုလိုက်လေသည်။ ထို့နောက် သူက ဝမ်းနည်းပူဆွေးမှုများဖြင့် သေအံဆဲဆဲ စုန့်ချွဲကို လှည့်ကြည့်လိုက်သည်။
စုန့်ချွဲက ပိုင်ရှောင်ချန်းကို မော့ကြည့်နိုင်လိုက်ပြီးနောက် တဖြေးဖြေး ပြုံးလိုက်လေသည်။
သေမင်းနှင့်ရင်ဆိုင်နေရချိန်မှာပင် သူသည် မားမားမတ်မတ်ရပ်တည်နေသေး၏။ သူက နေထိုင်ရာကမ္ဘာကြီးမှ ထွက်သွားရတော့မည့်အတွက် သူ့မျက်လုံးများထဲတွင် နောင်တများဖြင့် တလက်လက်ရွှန်းလဲ့နေပါသော်လည်း ယောက်ျားပီသပြီး ခန့်ညားနေသေးသည်။ သူက အက်ကွဲနေသော အသံဖြင့် ပြော၏။
" ပိုင်ရှောင်ချန်း ... “
" ငါတို့ မြေခဓား ကမ္ဘာချောက်မှာ တွေ့ခဲ့တုန်းက ငါ့အတွက်ဖြစ်ရမယ့် ကောင်းကင်စီးကြောင်းစွမ်းအင်ကို မင်း လုယူခဲ့တယ်။ မင်းက ငါ့ထက် နှာတစ်ဖျားလေးပဲ သာသွားခဲ့တာ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလဲ အတူတူပဲ။ နှာတစ်ဖျားလေး သာသွားပြန်တယ်... “
" အဏ္ဏဝါခေါ်သံဂိုဏ်းမှာကော အတူတူပဲ...ပြီးတော့ မဟာတံတိုင်း။ ငါတို့နှစ်ယောက်လုံးက မှော်မန္တန်တစ်ခုရဲ့ ကျိန်စာမိနေတဲ့အတိုင်းပဲ။ မြေရိုင်းဒေသမှာတောင်မှ မင်းက ငါ့ထက် သာနေသေးတယ်... “
" ငါ သိချင်နေခဲ့တာ ... မင်းငါ့ထက် အမြဲသာနေဦးမှာလားဆိုပြီးတော့ "
သူက ဘေးသို့ အတန်ငယ်ယိမ်းယိုင်သွားလေသည်။ ထိုအချိန်တွင် သူက မျက်လုံးများ မနည်းဖွင့်နေရပြီး သူ၏အသိစိတ် တစတစပျောက်ကွယ်နေကြောင်း အာရုံရလိုက်၏။ သူ၏ နောက်ဆုံးလက်ကျန် စွမ်းအင်များ ကုန်ခမ်းသွားစဥ် သူက နောက်ဆုံးစကားလုံးများအား ပြောလိုက်သည်။
" ပိုင်ရှောင်ချန်း … မင်းက အမြဲ ငါ့ထက်သာခဲ့တယ်။ မင်း အမြဲ ငါ့ကို အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ... ငါ စုန့်ချွဲ မင်းထက် သာသွားပြီကွ "
ထို့နောက် သူက ခေါင်းနောက်လှန်ပြီး အူလှိုက်အသည်းလှိုက်ရယ်မောလိုက်သည်။ သူက ဖြည်းညင်းစွာ မျက်လုံးများပိတ်လိုက်သဖြင့် မျက်ရည်များ သူ၏မျက်နှာတစ်လျှောက် စီးကျလာတော့သည်။ သူ ထပ်မံ တောင့်မထားနိုင်တော့ပေ။ သူ၏လက်ထဲရှိ လှံသည် ပြာဖြစ်သွားပြီး သူ မြေပေါ်သို့ ပြိုလဲကျသွားလေသည်။
စုန့်ချွဲ သေဆုံးသွားခဲ့ပြီလော။
သူ၏ဘဝတစ်လျှောက်လုံး သူက ပိုင်ရှောင်ချန်းကို အမြဲလိုက်မီရန် ကြိုးစားရင်း အနိုင်မခံ အရှုံးမပေး ရုန်းကန်ခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်တွင် သူပြောခဲ့သည့်အတိုင်း အမှန်တကယ် ပိုင်ရှောင်ချန်းထက် သာသွားလေပြီ။
သူက သေခြင်းတရားအား အရှုံးမပေးချင်ပါသော်လည်း ရွေးချယ်စရာမရှိပေ။ သို့သော် သူ၏အသိစိတ်က တစတစ ပျောက်ကွယ်နေသည်နှင့်အမျှ သူပျော်ရွှင်နေလေသည်။
ပိုင်ရှောင်ချန်းမှာ စုန့်ချွဲ၏စတေးမှုမပါဘဲ သူ၏ဇနီးများနှင့် ကလေးများ သေဆုံးမည်ဖြစ်ကြောင်း ကောင်းကောင်းသိသဖြင့် တဆတ်ဆတ်တုန်ရီနေလျက် စုန့်ချွဲအလောင်းကို ကြည့်နေ၏။ စုန့်ချွဲကား သူတို့အတွက် သူ့အသက်ကို စတေးသွားခဲ့လေပြီ။
" စုန့်ချွဲ ... "
သူ၏ပါးပြင်တစ်လျှောက် မျက်ရည်များစီးကျလာကာ သူ ရေရွတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ ခံစားနေရသည့် နာကျင်မှုမှာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ရမ်းပစ်နိုင်သည့် အမျိုးအစားဖြစ်သည်။ သူက ရုတ်တရက် မြေရိုင်းဒေသ၊ မဟာတံတိုင်း၊ အဏ္ဏဝါခေါ်သံဂိုဏ်း၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် နောက်ဆုံး.... မြေခဓားကမ္ဘာချောက်ထဲရှိ သူတို့၏ပထမဆုံး တွေ့ဆုံမှုတိုင်အောင် စုန့်ချွဲနှင့် အမှတ်တရဟောင်းများကို ပြန်တွေးတောမိနေသည်။
" မင်းက ... တကယ့်လက်ရွေးစင်ပါကွာ "
ပိုင်ရှောင်ချန်းမှာ မျက်ရည်များအား မတားဆီးနိုင်ပါသော်လည်း တချိန်တည်းမှာပင် အချိန်က အကန့်အသတ်ရှိကြောင်း သိလေသည်။ မည်မျှခက်ခဲပါစေ၊ နာကျင်မှုများ၊ ဝမ်းနည်းမှုများကို သူသည်းခံရမည် ဖြစ်သည်။ သူက စုန့်ချွဲ၏အလောင်းကို ယပ်တောင်အစုတ်ကြီးထံ အလျင်အမြန်ပို့လိုက်ပြီးနောက် လှည့်၍ မဟာခန်းမဆောင်ရှိ မန္တန်အစီအရင်ကို ဖျက်စီးလိုက်သည်။
စုန့်ကျင်းဝမ်၏လက်မောင်းပေါ်ရှိ ဆေးမင်ကြောင်မှလာနေသော ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းကို မြင်သောအခါ ထိုအရှိန်အဝါကို သူ ချက်ချင်း မှတ်မိလိုက်၏။
" ဘရူဆာ… "
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့၏ ဆူထွက်နေသော ဗိုက်များကို ကြည့်ကာ လှမ်းထိလိုက်သည်။ သူတို့အထဲတွင် ရွေ့လျားနေသည့် သူ၏မမွေးသေးသော ကလေးများကို အာရုံရလိုက်လေသည်။ သူတို့မှာ ပျော်ရွှင်နေကြပုံပေါ်၏။ သူတို့ မည်မျှသေးငယ်ပြီး အားနည်းသည်ကို စဥ်းစားကာ ပိုင်ရှောင်ချန်းသည် ယခုတွင် သူတို့ကို ကာကွယ်ခြင်းက သူ့ဘဝ၌ အရေးအကြီးဆုံးတာဝန်ဖြစ်ကြောင်း သိလိုက်လေသည်။
" သားတို့ အမေတွေက အရင်က သားတို့ကို ကာကွယ်ပေးခဲ့တယ် " သူက ရေရွတ်လိုက်သည်။
" ဒါပေမဲ့ အခုချိန်ကစပြီး အဖေ သားတို့ အန္တရာယ်မဖြစ်အောင် ထားပေးမယ် "
သူ့ရင်ထဲရှိ ခံစားချက်များအား မည်သို့ဖော်ပြမည်ကို မသေချာသဖြင့် သူက သတိလစ်နေသော စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုကို ယပ်တောင်အစုတ်ကြီးထံ အလျင်အမြန်ပို့လိုက်သည်။
ယခုတွင် သူသည် ယပ်တောင်၏ ပိုင်ရှင်ဖြစ်သောကြောင့် လူအများအား သူတို့မတိုက်ခိုက်သရွေ့ ပို့လွှန်ရန်မှာ ရိုးရှင်းသောအလုပ်တစ်ခု ဖြစ်သည်။ သူက စေလွှတ်လိုက်ပြီးနောက် ခေါင်းမော့လိုက်သည်။
ထွက်သွားမည့်အစား သူက လက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
မိစ္ဆာမင်းသား အသက်ရှင်နေသေးသည် မဟုတ်ပါလော။