မိစ္ဆာမင်းသားကို သတ်ဖြတ်ခြင်း
Vol. 12 Ch. 1192
သူဇနီးများ၊ ကလေးများကို သတ်ရန် ကြိုးစားခဲ့သည့်လူတစ်ယောက်ကို မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက လက်တုံ့မပြန်ဘဲနေနိုင်မည်နည်း။
ကောင်းကင်တံတားကျင့်ကြံသူတစ်သောင်း၏ သွေးများ ထုတ်ယူရန် ကြိုးစားခဲ့သည့်လူတစ်ယောက်ကို မည်သည့်အတွက်ကြောင့် လက်တုံ့မပြန်ဘဲ နေနိုင်မည်နည်း။
စုန့်ချွဲ၏ သေဆုံးခြင်းအတွက် မည်သည့်အတွက်ကြောင့် လက်တုံ့မပြန်ဘဲ နေနိုင်မည်နည်း။
သူက အသတ်အဖြတ်အရှိန်အဝါ တဟုန်းဟုန်းတောက်လောင်နေလျင် ရိပ်ခနဲလှုပ်ရှားလိုက်ကာ ထိတ်ထိတ်ပျာပျာ ထွက်ပြေးနေသော မိစ္ဆာမင်းသားနောက် မလွတ်တမ်းလိုက်လိုက်သည်။
" မင်း .... သေသင့်တယ် "
သူက ထူးခြားဆန်းကြယ်သော အနီရောင်အလင်းဖြင့် မျက်လုံးများ တောက်ပနေလျက် ဟိန်းဟောက်လိုက်သည်။ သူသည် ရှေ့တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားပြီးနောက် မိစ္ဆာမင်းသားအရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။
သူက လက်ကိုဝှေ့ယမ်းကာ အရိုးမှ အသားများ လှီးထုတ်နိုင်ပုံရသော အေးစိမ့်စိမ့်လေတစ်ချက် ပို့လွှတ်လိုက်သည်။ ၄င်းက ဧရာမပါးစပ်ပေါက်ကြီးသဖွယ် မိစ္ဆာမင်းသားအား ဝါးမျိုရန်အလား လှမ်းဟပ်လိုက်သည်။
မိစ္ဆာမင်းသားမှာ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ပိုင်ရှောင်ချန်း၏ပုံရိပ် သဲသဲကွဲကွဲဖြစ်မလာခင် သူ့ပတ်လည်ရှိ အရာအားလုံးက သေစေနိုင်သော အေးစက်မှုဖြင့် ပြည့်နှက်သွားပြီ ဖြစ်သည်။
" အဖေ သားကို ကယ်ပါဦး "
သူက အထိတ်တလန့်အော်လိုက်သည်။ လေအေးများက သူ့ကို မထိခင် အင်ပါယာနန်းတော်အတွင်းမှ ကြောက်စရာကောင်းသော စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ချက်ချင်းပင် အပေါ်ထက်ရှိ တိမ်တိုက်များက ဧရာမမျက်နှာကြီးအသွင် အတူတကွပြောင်း၍ တလိပ်လိပ်ထလာလေသည်။ ၄င်းမှာ ဒေါသမထွက်ပါလျက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေပြီး တော်ဝင်သရဖူတစ်ခု ဆောင်းထား၏။ ၄င်းသည်ကား မိစ္ဆာဧကရာဇ်ကလွဲ၍ တခြားမဟုတ်ပေ။
" အတင့်ရဲလိုက်တာ ပိုင်ရှောင်ချန်း "
သူက တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောလိုက်သော်လည်း ၄င်းတွင် သက်ရှိသက်မဲ့အရာအားလုံးကို တုန်လှုပ်သွားစေသော စွမ်းအင်များပါဝင်နေပြီး သက်ရှိအရာအားလုံး၏ နှလုံးသားများထဲသို့ အကြောက်တရားများ ကျရောက်သွားစေတော့သည်။ ပိုင်ရှောင်ချန်းပင် မွန်းကြပ်လာသည့်အလား ခံစားလိုက်ရ၏။
ပိုင်ရှောင်ချန်းသည် သူ စွန့်စားမှုကြီးတစ်ခု လုပ်ဆောင်နေကြောင်း သိသည်။ မိစ္ဆာမင်းသားကို သတ်ရန် ကြိုးစားခြင်းက အရဲစွန့်ရာကျလေသည်။ သူသည် မိစ္ဆာဧကရာဇ်၌ ဘယ်သူမှမသိသည့် အစီအစဥ်များ၊ လျှို့ဝှက်အကြံအစည်များရှိသည်ကို လောင်းကြေးထပ်နေသည်သာမက မိစ္ဆာမင်းသားက မိစ္ဆာဧကရာဇ်အတွက် အမှန်တကယ် အရေးမကြီးကြောင်း လောင်းကြေးထပ်နေခြင်းလည်း ဖြစ်သည်။
ဤမိစ္ဆာဧကရာဇ်ကား တကယ့် မိစ္ဆာဧကရာဇ်မဟုတ်သည် မဟုတ်ပါလော။
မိစ္ဆာဧကရာဇ် ယခုလေးတင် ပြောခဲ့သည့် စကားလုံးများက မြေပြင်အားလုံး တုန်လှုပ်သွားစေသော်လည်း ပိုင်ရှောင်ချန်းက အံကြိတ်၍ အရှိန်လျှော့ရန် သို့မဟုတ် ထွက်ပြေးရန်အစား သူ၏ကျင့်ကြံခြင်းအခြေခံကို ပို၍ပြင်းထန်စွာပင် တွန်းပို့လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းရင်း ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော လေပြင်းတစ်ချက် ထုတ်လွှတ်လိုက်ရာ မိစ္ဆာမင်းသားအား ချက်ချင်းလွှမ်းခြုံသွားလေသည်။
လေများက သူ၏အရေပြားကို စုတ်ဖြဲပစ်ပြီး သူ၏အရိုးများကို ပြင်းထန်သောနာကျင်မှုဖြင့် ထိုးနှက်လာတော့သည်။ လေများအတွင်းမှ ပဲ့တင်ထပ်လာသော အော်သံများမှာ လူသံမပေါက်လုနီးပါးပင်။
အပေါ်ထက် ကောင်းကင်ရှိ မိစ္ဆာဧကရာဇ်မျက်နှာကြီးက သတ်ဖြတ်လိုစိတ်များ တလက်လက်တောက်ပနေလျက် အေးစက်ပြီး ကျဥ်းမြောင်းသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မျက်နှာကြီးက ပုံပျက်ရှုံ့တွသွားပြီး ပိုင်ရှောင်ချန်းထံ ပြေးဝင်လာသည့် ဧရာမလက်ကြီးတစ်ဖက် ပေါ်လာတော့သည်။
" မင်း သေချင်နေမှတော့ ငါဖြည့်ဆည်းပေးရမှာပေါ့"
ဤသည်မှာ လောကနတ်ဘုရားတစ်ပါး၏ လက်ဝါးချက်တစ်ချက်ဖြစ်၍ ဝိရူပက္ခနှင့် ဝိညာဥ်ဝါးမျိုသခင်တို့ အပါအဝင် ရှိသမျှလူတိုင်း၏ နှလုံးသားများအထဲသို့ အကြောက်တရားများ ချက်ချင်း ရိုက်ထည့်လိုက်တော့သည်။
လက်ဝါးကြီး နိမ့်ဆင်းလာစဥ် ကြီးမားသောစွမ်းအင်ကြီး ပါဝင်နေသောကြောင့် ပိုင်ရှောင်ချန်းပတ်လည်ရှိ အရာအားလုံး ချုပ်နှောင်ပိတ်ပင်ခံလိုက်ရ၏။
စောင့်ကြည့်နေသောသူများ ပြောနိုင်သည်မှာ သူ့အတွက် ရွေးချယ်စရာ တစ်ခုတည်းရှိသည်။ သူ့အနေဖြင့် မိစ္ဆာမင်းသားအား သတ်ရန် ကြိုးစားနေသည်ကို လက်လျှော့ပြီး အတတ်နိုင်ဆုံး ထွက်ပြေးရမည် ဖြစ်သည်။
သူက ခေါင်းမာမာဖြင့် မလျှော့တမ်းလုပ်လျှင်တော့ မိစ္ဆာမင်းသားကို သူသတ်နိုင်ကောင်းသတ်နိုင်လောက်သော်လည်း သူကိုယ်တိုင်လည်း ထိုကိစ္စတွင် သေချာပေါက်သေဆုံးမည် ဖြစ်သည်။
ယပ်တောင်အစုတ်ကြီး၏ အဆင့် ( ၉၉ ) ကို မအောင်မြင်ခင်ဆိုပါက ပိုင်ရှောင်ချန်းမှာ မည်သို့လုပ်ရမည်ကို ဝေခွဲရခက် ခဲ့လောက်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူက ထိုအဆင့်ကို အောင်မြင်ခဲ့ပြီဖြစ်၍ လောကနတ်ဘုရားတစ်ပါးထံမှ ထိုးနှက်ချက်ကို ခံခဲ့ဖူးလေသည်။
"လောကနတ်ဘုရားတွေက အစွမ်းထက်တယ်။ ဒါပေမဲ့ သူ ငါ့ကို သတ်ချင်ရင် အဲဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး "
ပိုင်ရှောင်ချန်းက မော့ကြည့်၍ သူ၏ အပြင်အားအလုံးစုံနှင့် ကျင့်ကြံခြင်းအခြေခံကို အမြင့်ဆုံးအရှိန်ဖြင့် လည်ပတ်ရင်း အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်သည်။ သူက လိပ်ဒယ်အိုးကို ထုတ်မသုံးသော်လည်း နတ်ဘုရားစွမ်းရည်တစ်ပုံတခေါင်းကိုလည်း ပစ်လွှတ်လိုက်သည်။ သူရင်ဆိုင်နေရသည်မှာ ပုံရိပ်ယောင်လက်ဝါးကြီးသာဖြစ်သည် မဟုတ်ပါလော။ ထို့ပြင် ယပ်တောင်စုတ်ကြီးအပေါ်က သူ၏အတွေ့အကြုံများပြီးနောက် သူ ယုံကြည်ချက်ရှိလေသည်။ ထိုအဆင့် ( ၉၉ ) နောက်ပိုင်း သူသည် လောကနတ်ဘုရားပညာရှင်တစ်ယောက်ထံမှ တိုက်ကွက်တစ်ကွက်ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ခံစားရ၏။
သူက တစ်ချက်လေးပင် တုံဆိုင်းမနေဘဲ အတိတ် ပြန်လည်ဝင်စားခြင်းကျမ်းကို အသုံးပြုကာ မရေမတွက်နိုင်သော မှော်သင်္ကတများစွာအား လောကနတ်ဘုရားလက်ဝါးကြီးကို ဝိုင်းရံစေလိုက်သည်။ ၄င်းတို့အတွင်း ပုံရိပ်မြောက်မြားစွာ ပေါ်လာသဖြင့် မိစ္ဆာဧကရာဇ်၏ မျက်လုံးများကျဥ်းမြောင်းသွားပြီး ၄င်းတို့၏ သက်ရောက်မှုအား ဆန့်ကျင်လိုက်သည်။ သို့သော် ထိုသို့အချိန်ဖြုန်းလိုက်သည့် တခဏလေးအတွင်း ပိုင်ရှောင်ချန်းက ရှင်သန်ခြင်းနှင့်သေခြင်းတရား၏ ဂိတ်တံခါးများကို ဆင့်ခေါ်လိုက်သည်။
လက်ကြီး နီးကပ်လာစဥ် ၄င်းမှာ ရှင်ခြင်းမှ သေခြင်းသို့ ဖြတ်သန်းနေသည့််အလား အားနည်းသထက် အားနည်းလာ၏။ ၄င်းတို့အားလုံးက တွေးတောရန်ပင် ကြာနေမည့် အချိန်အတွင်း ဖြစ်ပျက်သွားပြီးနောက် လက်ဝါးကြီးက ရိုက်ချလိုက်လေသည်။
တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားကာ အင်ပါယာနန်းတော်နှင့်တကွ မိစ္ဆာဧကရာဇ်တစ်မြို့လုံးပါ တသိမ့်သိမ့်တုန်လှုပ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာ ပြိုကျသွားလေသည်။
မရေမတွက်နိုင်သော စောင့်ကြည့်နေသူများက အလန့်တကြား အော်လိုက်ကြသည်။ ထိုအချိန် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားများ ဖျက်စီးချေမှုန်းခံလိုက်ရ၏။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားများမှာ လောကနတ်ဘုရားတိုက်ကွက်တစ်ကွက်ကို အလွယ်တကူ တောင်ခံနိုင်စွမ်းမရှိပေ။
သို့သော် တိုက်ကွက်ကား အထူးသဖြင့် အတိတ်ဘဝပြန်လည်ဝင်စားခြင်းကျမ်းနှင့် ရှင်သန်ခြင်းနှင့်သေခြင်းတရားဂိတ်တံခါးများဖြင့် ရိုက်နှက်ခံလိုက်ပြီးနောက်ပိုင်း သိသာစွာပင် ဖြစ်သင့်သည်ထက် ပို၍ အားပျော့သွားလေသည်။ နားကွဲလုမတတ် ပေါက်ကွဲမှုကြီးနှင့် ပါးစပ်မှသွေးများ ပန်းထွက်သွားသည်မှအပ ပိုင်ရှောင်ချန်းက ရပ်နေသေးသည်။
" မဖြစ်နိုင်ဘူး "
ကောင်းကင်ဧကရာဇ် ဝိရူပက္ခ ပင့်သက်ရှိုက်သွား၏။
အခြားကောင်းကင်ဧကရာဇ်များသည်လည်း ဆွံ့အသွားပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများကား ဆိုဖွယ်မရှိတော့ပေ။ သူတို့မှာ မိစ္ဆာဧကရာဇ်မြို့တော်ရှိ မျက်ဝါးထင်ထင် တပ်အပ်မြင်နေရသည့်မြင်ကွင်းအား မယုံနိုင်လုနီးပါးပင်။
မိစ္ဆာဧကရာဇ်၏ ကိုယ်အစစ်မှာမူ အင်ပါယာနန်းတော်ထဲက သီးသန့်အခန်းတွင် လေးလေးနက်နက် မလှုပ်မယှက်ထိုင်နေပြီး သူ၏မျက်လုံးများ၌ လေးနက်သောအမူအရာတစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွား၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်စ သူ၏မျက်နှာတွင် ဖြစ်တည်သွားသည်။
ထိုအရာအားလုံး ဖြစ်ပျက်နေစဥ် ပိုင်ရှောင်ချန်းက မိစ္ဆာမင်းသားအပေါ်အသုံးပြုခဲ့သည် အေးစိမ့်သောလေများက သူ၏ အရိုးမှ အသွေးအသား၊ အရေပြားများအား ဆက်လက်စုတ်ဖြဲနေပြီး သူ၏အရိုးမှာ မည်သည့်အရာမှ မရှိတော့သည်အထိ လုံးပါးပါးနေတော့သည်။
သူက အရှင်လတ်လတ် အရေခွံနွှာခံနိုင်ရသောကြောင့် အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး သူ၏အရိုးပျက်စီးသွားလေပြီ။
မကြာခင် သူ၏ဝိညာဥ်သာကျန်ရှိတော့၍ ပိုင်ရှောင်ချန်းက လှမ်းဆွဲလိုက်သည်။
သူသည် အစက မိစ္ဆာမင်းသားကို သတ်ပစ်ရန်သာ ကြံစည်ခဲ့သော်လည်း စိတ်ပြောင်းလိုက်၏။ ထိုသည်က သက်သာလွန်းသည်။ လက်စားချေခြင်းက မိစ္ဆာမင်းသားကို ထိုကဲ့သို့ ရိုးရိုးရှင်းရှင်းသေခွင့်မပေးရန် အကြုံပြုနေလေသည်။
အပြစ်များအား ကျေအေးပေးရန်က သက်ညှာလွန်းလှသည်။ အင်ပါယာနန်းတော်ထဲက ကောင်းကင်တံတားအလောင်းရုပ်သေးရုပ်များ၊ ဗဟိုဧကရာဇ်၏ နောက်ဆုံးထွက်သက် အကြည့်၊ မန္တန်ဝင်္ကပါတွင် ပိတ်မိခဲ့သော ကောင်းကင်တံတားကျင့်ကြံသူတစ်သောင်း။ ပိုင်ရှောင်ချန်း၏ ဇနီးများ၊ ကလေးများ ကျရောက်ခဲ့ရသည့် သေစေနိုင်သောအန္တရာယ်။ နောက်ဆုံး စုန့်ချွဲ၏ သေဆုံးခြင်း။
ထိုအရာများအားလုံးကြောင့် သူသည် မိစ္ဆာမင်းသားအား ဘယ်နည်းနှင့်မှ အလျင်အမြန် သက်သက်သာသာ သေခွင့်ပေးမည်မဟုတ်ပေ။
ထို့ကြောင့် သူက မိစ္ဆာမင်းသား၏ ဝိညာဥ်ကို ကျွမ်းကျင်စွာ နုတ်ယူလိုက်သည်။
" မင်းက လူတွေနဲ့ ကိုယ်ချင်းလဲရတာ ကြိုက်တယ်မလား။ ရုပ်သေးရုပ်တွေ လုပ်ရတာ ကြိုက်တယ်မလား။ မင်း လူတွေကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်ရတာ ကြိုက်တယ်မလား"
ဤစကားလုံးများ ပိုင်ရှောင်ချန်း၏ ပါးစပ်မှ ထွက်လာသည်တွင် မိစ္ဆာမင်းသားဝိညာဥ်၏ မျက်နှာပေါ်၌ အတိုင်းထက်အလွန် ကြောက်လန့်သွားသော အရိပ်အယောင် ပေါ်လာတော့သည်။
" အဖေ့ သားကို ကယ်ပါဦး"
ကြည့်ရသရွေ့ ထိုစကားလုံးများကိုသာ ယခု သူ ပြောနိုင်ပုံရလေသည်။ သို့သော် သူ ဆက်မပြောနိုင်ခင် ပိုင်ရှောင်ချန်းက ဝိညာဥ်ကို သူ၏အိတ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူ ဆုတ်ခွာရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေများတွင် သူက ကြီးမားသောကပ်ဘေးကြီးတစ်ခု ဖြစ်ပွားစေခဲ့ပြီဖြစ်ကြောင်း သူ သိသည် မဟုတ်ပါလော။
၄င်းမှာ ရှိသမျှကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေမည့် ကပ်ဘေးကြီးဖြစ်သည်။ သူသည် ကျဲ့တိကို သတ်ခဲ့ပြီး မူလနတ်ဆိုးမင်းသားနှင့် မိစ္ဆာမင်းသားတို့နှစ်ယောက်လုံးကို ဖမ်းဆီးခဲ့လေသည်။
ဤအချိန်တွင် သူက မိစ္ဆာဧကရာဇ်နိုင်ငံအတွင်း၌ ဘယ်နည်းနှင့်မှ အသက်ရှင်ရက် နေနိုင်တော့မည် မဟုတ်ပေ။ သူသည် မိစ္ဆာဧကရာဇ်က အမှန်တကယ် လူကိုယ်တိုင် ပေါ်လာမည်လား မသေချာသော်လည်း အတည်ပြုရန် စောင့်မနေနိုင်ကြောင်း သိထားသည်။
" ယပ်တောင်ဆီပြန်ဖို့ အချိန်ကျပြီ "
သူက ဆုံးဖြတ်ချက်ချပြီးနောက် အတွေးတစ်ခုပို့လွှတ်လိုက်ရာ စတင်ပျောက်ကွယ်လာတော့သည်။ သို့သော် သူ ထိုသို့ပျောက်ကွယ်နေစဥ် အင်ပါယာနန်းတော်မှ တရွှီရွှီအသံတစ်သံ ပဲ့တင်ထပ်လာ၏။
အင်ပါယာနန်းတော်၏ မဟာခန်းမဆောင်တံခါးများ ဝုန်းခနဲပွင့်ထွက်သွားပြီး အလင်းတန်းတစ်တန်း တဟုန်ထိုးထွက်လာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားလေသည်။ ထိုသည်ကား အင်ပါယာဝတ်ရုံများဝတ်ဆင်ထားပြီး တော်ဝင်သရဖူတစ်ခု ဆောင်းထားသော မိစ္ဆာဧကရာဇ်ကလွဲ၍ တခြားမဟုတ်ပေ။
သူက လျှပ်စီးကဲ့သို့ အလွန်လျင်မြန်စွာ လှုပ်ရှားကာ ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်တွင် ပေါ်လာပြီးနောက် မျက်လုံးများများ တဖျပ်ဖျပ်လက်နေလျက် မန္တန်လက်ကွက်တစ်ကွက်ဖော်၍ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
" မိုးမြေဧကရာဇ်ယပ်တောင်ကို မင်း ရခဲ့တာ ငါသိတယ် ပိုင်ရှောင်ချန်း။ ဒီအချိန်အထိ ငါ မင်းကို စောင့်ကြည့်နေခဲ့တာ။ တဆိတ်လောက် … ငါ့ကို မိုးမြေဧကရာဇ်ရဲ့ ယပ်တောင် အပေါ် မင်းနဲအတူ ပြန်ခေါ်သွားပေးကွာ "
ပိုင်ရှောင်ချန်းကလွဲ၍ မည်သူမှ ထိုစကားလုံးများ မကြားရသော်လည်း ထိုစကားများက ချက်ချင်း သူ၏ခေါင်းကို ချာလပတ်လည်သွားစေတော့သည်။
မိစ္ဆာဧကရာဇ်၏လက်ချောင်းက လေကိုဖြတ်၍ ဝှေ့ယမ်းလိုက်စဥ် သူနှင့် ပိုင်ရှောင်ချန်း၏ ကြား၌ ထူးဆန်းသော ဆယ်သွယ်မှုတစ်ခု ဖြစ်တည်လာ၏။ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားစဥ် တစတစ ပျောက်ကွယ်လာပြီး လောဘများ၊ မျှော်လင့်ချက်များဖြင့် မျက်နှာဝင်းလက်တောက်ပနေသော မိစ္ဆာဧကရာဇ်သည်လည်း သူ့နည်းတူ ပျောက်ကွယ်သွားတော့သည်။