မိစ္ဆာဧကရာဇ်ကို ခုခံခြင်း
Vol. 12 Ch. 1193
ပိုင်ရှောင်ချန်းမှာ ထာဝရနယ်မြေများထဲရှိ မိစ္ဆာဧကရာဇ်မြို့တော်ထဲမှ ပျောက်ကွယ်သွားပြီး မိစ္ဆာဧကရာဇ်မှာလည်း ထိုနည်းတူပင်။
အပြင်ဘက် မည်းမှောင်နေသော ဟင်းလင်းပြင်ကြီးထဲတွင် အလင်းရောင်တစ်ခုတည်းသာ ရှိနေပြီး ၎င်းမှာ မီးတိုင်ပေါင်းများစွာ လင်းလက်နေသကဲ့သို့ ဖြစ်နေသည့် ယပ်တောင်စုတ်ကြီးထဲမှ ပေါ်ထွက်နေခြင်းဖြစ်သည်။ ထိုယပ်တောင်ကြီးပေါ်ရှိ ပင်မရင်ပြင်ပေါ်တွင် အစောင့်အရှောက်ဝိညာဥ် ပိုင်ရှောင်ချီမှာ မတ်တတ်ရပ်လျက်သားဖြင့် မိန်းမပျိုနှစ်ယောက်နှင့် လူသေအလောင်းတစ်ခုကို ကူရာကယ်ရာမဲ့စွာ ကြည့်နေသည်။
ထိုမိန်းမပျိုနှစ်ယောက်မှာ အလွန်ချောမောလှပပြီး အလွန်အမင်းအားအင်လျော့နည်းနေပါသော်လည်း အသက်ရှင်နေဆဲပင်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချီမှာ သူ၏ခေါင်းထဲရှိ ကျယ်ပြန့်လှသော ဗဟုသုတများစွာကို မွှေနှောက်ရှာဖွေခဲ့ပါသော်လည်း ထိုမိန်းမပျိုများ၏ ဗိုက်များ အဘယ်ကြောင့် ကြီးမားနေရသည်ကိုမူ မသိနိုင်လောက်အောင် ဖြစ်နေသည်။
" ဘာတွေဖြစ်နေတာတုန်း " သူကငြီးတွားလိုက်သည်။
" ဘာကိစ္စ အဲဒီအရှက်မရှိတဲ့ မျိုးမစစ်ကောင်က ဒီပေါ်ကို လူသေအလောင်းတစ်လောင်း ပို့လိုက်ရတာတုန်း "
ပိုင်ရှောင်ချီမှာ လက်ရှိအခြေအနေများကို မကျေမနပ်ဖြစ်နေတော့သည်။ ဤမိန်းမပျိုနှစ်ယောက်နှင့် ပိုင်ရှောင်ချန်းအကြား ဆက်ဆံရေးကို သူက မသိသဖြင့် ဘေးနားတွင်သာ ဆောင့်ကြောင့်ထိုင်၍ သက်ပြင်းများချလျက် စိုက်ကြည့်နေတော့သည်။
ပိုင်ရှောင်ချန်းထွက်သွားသည်မှာ သိပ်မကြာသေးသည် ဖြစ်၍ ပိုင်ရှောင်ချီမှာ အိပ်စက်ခွင့်ပင် မရှိလိုက်ပေ။ သူသည် သခင်အသစ်တစ်ယောက် ရသွားသည့်ကိစ္စကို သူ၏ခေါင်းထဲမှ မထုတ်နိုင်လောက်အောင်ဖြစ်နေရသည်။ သူ နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ် နေခဲ့ရပြီးမှ ယခုလိုဖြစ်သွားခဲ့ရသည်မှာ အနည်းငယ် စိတ်ဓာတ်ကျစရာကောင်းနေသဖြင့် အဆက်မပြတ် သက်ပြင်းများချနေမိတော့သည်။
ထို့နောက် ရုတ်တရက်ဆိုသလို သူ၏အမူအရာပြောင်းလဲသွားပြီးနောက် စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များဖုံးလွှမ်းနေသော မှုန်ကုတ်ကုတ်မျက်နှာပေးမှာ ပျောက်ကွယ်သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် ရွှင်ပြသော အပြုံးတစ်စပေါ်လာတော့သည်။ သူသည် မျက်နှာချိုသွေးလိုက်ပြီး ပင်မရင်ပြင်ပေါ်ရှိ တစ်နေရာဘက်သို့လှည့်၍ ဦးညွှတ်လိုက်သည်။
ထိုနေရာတွင် ပိုင်ရှောင်ချန်း ပြန်ပေါ်လာနေသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အပြီးတိုင် ပြန်မရောက်လာသေးခင်မှာပင် စိုးရိမ်မှုများ ဖုံးလွှမ်းနေသည့်လေသံဖြင့် အော်ပြောလိုက်တော့သည်။
" အစောင့်အရှောက်လေး။ အကာအကွယ်အစီအရင်ကို ဖွင့်လိုက်။ ငါတို့တိုက်ခိုက်ခံနေရပြီ "
ပိုင်ရှောင်ချန်း၏ အနောက်တွင် အခြားလူရိပ်တစ်ခုပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချီမှာ အသားများ တုန်ရီသွားသည်။ တချိန်ထဲမှာပင် လောဘနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် လောကနတ်ဘုရားအဆင့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။
" နောက်ဆုံးတော့ ... ငါပြန်ရောက်လာခဲ့ပြီ။ ဒီ မိုးမြေဧကရာဇ်ယပ်တောင်က ငါ့အပိုင်ပဲ "
ပိုင်ရှောင်ချီမှာ အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏အင်္ကျီလက်ကိုဝှေ့ယမ်း၍ မိန်းမပျိုနှစ်ယောက်နှင့် လူသေအလောင်းတို့ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည်နောက်သို့ဆုတ်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ ပျက်စီးနေသောယပ်တောင်ကြီးတစ်ခုလုံး တုန်ခါသွားပြီး စူးရှတောက်ပသောအလင်းရောင်များကို ထုတ်လွှတ်လိုက်တော့သည်။ တချိန်ထဲမှာပင် ယပ်တောင်၏ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်ကြီးမှာ စွမ်းအားကြီး အငွေ့အသက်များနှင့်အတူ ထိုးထွက်လာပြီး မိစ္ဆာဧကရာဇ်ထံ ဦးတည်သွားတော့သည်။
အန္တရာယ်များကို တုံ့ပြန်နိုင်သည့် အခုအခံစနစ်များစွာကို တချိန်ထဲတွင် ထုတ်လွှတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာလည်း တစ်ပြိုက်နက်ထဲမှာပင် ပိုင်ရှောင်ချီနှင့် ပူးပေါင်းလိုက်ပြီး သူ၏လက်ကျန်စွမ်းအားအကုန်လုံးကိုထုတ်၍ မိစ္ဆာဧကရာဇ်အား ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။
မိစ္ဆာဧကရာဇ်မှာ လက်ရှိတွင် ခန္ဓာကိုယ်တစ်ဝက်မျှသာ ပေါ်လာသေးသည်။ သူ၏မျက်နှာသွင်ပြင်များကို မြင်နေရပြီဖြစ်ပြီး သူ၏နတ်ဘုရားအာရုံမှာလည်း ယပ်တောင်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်သည်။ သို့သော် အခုအခံစနစ်များ၏ အငွေ့အသက်များနှင့် သူ၏နတ်ဘုရားအာရုံတို့ ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ထိုနတ်ဘုရားအာရုံမှာ လွင့်စင်ပျောက်ကွယ်သွားရသည်။ ထို့အပြင် မိစ္ဆာဧကရာဇ်မှာ ခန္ဓာကိုယ်အပြည့် ဆက်လက်ပေါ်ထွက်လာစေရန် ကြိုးစားလိုက်ပါသော်လည်း တွန်းကန်အားတစ်ခုက သူ့ကိုတွန်းထုတ်နေကြောင်း ခံစားလိုက်ရတော့သည်။
ထို့ကြောင့် မိစ္ဆာဧကရာဇ်မှာ အကြီးအကျယ် အံ့အားသင့်သွားရသည်။ သူသည် ပြင်ပြင်ဆင်ဆင် လာခဲ့သည်ဖြစ်ပါသော်လည်း ယပ်တောင်၏ အစောင့်အရှောက်ဝိညာဥ်မှာ ပိုင်ရှောင်ချန်း၏ အမိန့်များကို နာခံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
" မင်းက ဒီယပ်တောင်ကြီးကို တကယ်ပဲ ထိန်းချုပ်နိုင်သွားပြီလား။ မဖြစ်နိုင်တာ။ ဒီရတနာနဲ့ ချိတ်ဆက်ဖို့ဆိုတာ အင်မတန် ခက်တာလေ။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုနည်းနဲ့မှ ချိတ်ဆက်နိုင်မှာမဟုတ်ဘူး။ အဆင့်တစ်ရာလုံးကို ကျော်ဖြတ်ရုံတင်မကဘူး အစောင့်အရှောက်ဝိညာဥ်ရဲ့ ခုခံမှုကိုလည်း ရင်ဆိုင်ရသေးတာလေ။ အဲဒီလောက်တောင် ခက်ခဲတာကို "
မိစ္ဆာဧကရာဇ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါသော်လည်း တွန်းကန်အား၏ အငွေ့အသက်များမှာ ဆက်လက်၍သာ အားအင်ကြီးထွားလာတော့သည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်၍ အနက်ရောင်မီးတောက်များကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။
ထိုမီးတောက်များနှင့်အတူ လောကနတ်ဘုရားအဆင့် စွမ်းအားများ ပါဝင်လာသဖြင့် တွန်းကန်အားကြီးကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်နိုင်လိုက်သည်။
" သောက်ကျိုးနည်း။ သောက်ကျိုးနည်းကွာ။ တောက်... "
ပိုင်ရှောင်ချီမှာ လွှတ်ခနဲ ကျိန်ဆဲမိလိုက်တော့သည်။
ဘေးနားတွင်မူ ပိုင်ရှောင်ချန်းမှာ အလွန် စိုးထိတ်နေပြီဖြစ်သည်။
" သူ့ကို ဒီကနေ ရအောင်ထုတ်။ မထုတ်နိုင်လို့ကတော့ ငါတို့တွေ ကိစ္စတုံးပြီ။ လုပ်စမ်းပါဟ။ မင်းက အစောင့်အရှောက်ဝိညာဥ်မလား။ ဒါက မိုးမြေဧကရာဇ် ရတနာတစ်ခုလေ။ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်လောက်ကို နှင်ထုတ်ရတာ အဲဒီလောက် ခက်နေရလား "
ပိုင်ရှောင်ချီမှာ လိုက်နာရမည့် ကျင့်ဝတ်ထုံးတမ်းများကို ဂရုစိုက်မနေတော့ပဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
" မင်းပါးစပ်ပိတ်ထားစမ်း။ အခုဟာက အသက်ရှင်နေတဲ့ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူဟ။ သူက ယပ်တောင်အပြင်ဘက်မှာ ရောက်နေရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ အခု သူက ယပ်တောင်ထဲကို တစ်ဝက်လောက်ရောက်နေပြီ။ တောက်ကွာ။ ငါလည်း တတ်နိုင်သမျှ လုပ်နေတာပဲ "
ပိုင်ရှောင်ချီ၏ လေသံကို ပိုင်ရှောင်ချန်းမှာ ဒေါသထွက်နေရန် အချိန်မရှိပေ။ သူသည် စိုးစိုးထိတ်ထိတ်ဖြင့် ပြန်၍အော်ပြောလိုက်တော့သည်။ " ငါတို့ပူးပေါင်းရအောင်။ ငါတို့အရင်က ရထားတဲ့ မိုးမြေဧကရာဇ် လက်တစ်ဖက်ကို သုံးလိုက်တော့။ ဒီမျိုးမစစ်ကောင်ကြီးကို ဒီကနေ နှင်ထုတ်မှကိုရမှာ "
ပိုင်ရှောင်ချီမှာ လက်ခံရန် အနည်းငယ်တွေဝေသွားပါသော်လည်း ရှုံးနိမ့်ရန် မဖြစ်ကြောင်းကို သိထားသည်။ ထို့ကြောင့် သူသည်အံကိုကြိတ်၍ ပိုင်ရှောင်ချန်းနှင့် ပူးပေါင်းလိုက်ပြီး ယပ်တောင်၏မျက်နှာပြင်ထဲတွင် ရှိနေသော ဝံပုလွေတစ်ကောင်၏ လက်နှင့်တူသော လက်တစ်ဖက်ကို ဖြည်းညင်းစွာ ထွက်ပေါ်လာစေလိုက်တော့သည်။
ထိုအခါ မိစ္ဆာဧကရာဇ်မှာ ပင့်သက်ရှိုက်သွားတော့သည်။
" မိုးမြေဧကရာဇ်တစ်ပါးရဲ့ လက်ပါလား "
သူက တအံ့တသြရေရွတ်မိလိုက်သည်။ အစက သူသည် ဤယပ်တောင်ကြီးပေါ်သို့ရောက်သည်နှင့် ၎င်းအား အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ပိုင်ရှင်အသစ် ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် အခြေအနေအားလုံး ကပြောင်းကပြန်ဖြစ်သွားရပြီဖြစ်သည်။
မိစ္ဆာဧကရာဇ်မှာ လက်ဗလာြဖင့် ထွက်သွားရန် ဆန္ဒမရှိသေးပေ။ ရုတ်တရက် သူ၏မျက်လုံးများမှာ မည်းနက်သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ ကြက်သီးထဖွယ် အငွေ့အသက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအငွေ့အသက်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံတို့ တစ်သားထဲပေါင်းစည်းသွားသောအခါတွင် သူသည် ရုတ်တရက် ပို၍ အစွမ်းထက်လာတော့သည်။
သူ၏ပတ်ပတ်လည်တွင် အနက်ရောင်မီးတောက်များ တောက်လောင်လာပြီး တွန်းကန်အား၏ အငွေ့အသက်များကို တွန်းထုတ်နေတော့သည်။ ထို့နောက် သူ၏အသွင်အပြင်မှာ ပို၍ပင်ရှင်းလင်းပြတ်သားလာပြီး ပင်မရင်ပြင်ပေါ်သို့ ခြေတစ်လှမ်းပင် လှမ်းလာတော့သည်။ သူ အပြည့်အဝပေါ်ထွက်လာရန် အချိန်အနည်းငယ်သာ လိုတော့သည်။
ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီတို့ နှစ်ယောက်စလုံးမှာ စိုးထိတ်နေကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ သွေးအချို့ကိုထွေးထုတ်၍ စွမ်းအားများထပ်မံရယူလိုက်ပြီး ပိုင်ရှောင်ချီမှာလည်း သူ့ကိုယ်သူ ဒဏ်ရာရသွားစေလောက်သည်အထိ သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်တော့သည်။ သူတို့နှစ်ယောက်မှာ ပူးပေါင်း၍ မိုးမြေဧကရာဇ်လက်ကြီးကို မိစ္ဆာဧကရာဇ်ထံ ပို၍ပင်လျင်မြန်စွာ ရောက်သွားစေရန် အားစိုက်လိုက်ကြသည်။ မိစ္ဆာဧကရာဇ်ကြီး အပြည့်အဝ မထွက်ပေါ်လာနိုင်ခင်မှာပင် ထိုလက်ကြီးမှာ သူ့အားဝင်တိုက်သွားသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာတော့သည်။
" လာရာလမ်းအတိုင်း ပြန်စမ်း "
ပိုင်ရှောင်ချန်းက အော်ပြောလိုက်သည်။
ဧရာမ မိုးမြေဧကရာဇ်လက်ကြီးမှာ ကောင်းကင်များကိုပင်ဖျက်ဆီး၍ မြေပြင်ကြီးကို အမှုန့်ချေပစ်နိုင်လောက်အောင် စွမ်းသည်။ ထိုလက်ကြီးက မိစ္ဆာဧကရာဇ်ပေါ်သို့ ကျရောက်လာသောအခါ သူသည် အသားများတုန်ရီလာပါသော်လည်း သူ၏မျက်လုံးများမှာ ပို၍ပင်မည်းနက်သွားပြီး သူ၏ပတ်ပတ်လည်တွင် မီးတောက်များစွာ ထပ်၍တောက်လောင်လာတော့သည်။ မကြာမီ ထိုမီးတောက်များမှာ ပေါင်းစည်းသွားကာ မီတာရာပေါင်းများစွာ မြင့်မားသော ဧရာမမီးတောက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် အော်ဟစ်မြည်တမ်း၍ အနီးသို့ရောက်လာနေသည့် မိုးမြေဧကရာဇ်လက်ကြီးကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။
ထို မိုးမြေဧကရာဇ်လက်ကြီးမှာ ထိုဧရာမမီးတောက်ကြီးကို ဝင်တိုက်သောအခါတွင် ထိုမီးတောက်ကြီးမှာ သိမ့်ခနဲတုန်ရီသွားသည်။ အနည်းငယ်အကြာတွင် ၎င်းမှာ ပြိုလဲပျက်စီးသွားတော့သည်။ ထို့နောက် သူ၏ပတ်ပတ်လည်တွင် ဝန်းရံနေသည့် ထူးဆန်းသော အငွေ့အသက်ကြီးကြောင့် ထိုမိုးမြေဧကရာဇ်လက်ကြီးမှာ ထူးဆန်းစွာပင် ရုတ်တရက် တစ်ခဏမျှ ရပ်တန့်သွားရသည်။
မိစ္ဆာဧကရာဇ်မှာ ထိုအချက်ကို အခွင့်အကောင်းယူ၍ အပြည့်အဝ ပေါ်ထွက်လာနိုင်စေရန် ကြိုးစားလိုက်သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများအားလုံးနှင့်အတူ နတ်ဘုရားအာရုံကိုပါ ထုတ်လိုက်ပြီး မိုးမြေဧကရာဇ်လက်ကြီးအား ဆက်၍တိုက်ခိုက်စေလိုက်သည်။
"ဖြစ်ချင်ရာဖြစ် စွန့်စားရတော့မှာပဲ "
ပိုင်ရှောင်ချီက အော်ဟစ်လိုက်သည်။ သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ရှေ့သို့ပြေးသွားကာ မိုးမြေဧကရာဇ် လက်မောင်းကြီးနှင့် တစ်သားထဲဖြစ်အောင် ပေါင်းစည်းလိုက်သည်။ အနည်းငယ်အကြာတွင် ထိုလက်ကြီးထံမှ မိုးမြေဧကရာဇ်တစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
မိစ္ဆာဧကရာဇ်၏ ပတ်ပတ်လည်ရှိ မီးတောက်များမှာ အချိန်မရွေး ငြိမ်းသက်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကြသဖြင့် သူ မျက်နှာပျက်သွားတော့သည်။ သူသည် အပြည့်အဝပေါ်ထွက်လာပြီဖြစ်ပါသော်လည်း လက်ကြီးက သူ့နောက်သို့ မလွတ်တမ်းလိုက်နေသဖြင့် သူ့ထံ ချဥ်းကပ်လာနေသည့်တိုက်ကွက်ကြီးကို မရှောင်တိမ်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် အော်ဟစ်မြည်တမ်း၍ ထိုလက်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
ထို့နောက် ထွက်ပေါ်လာသည့် အုန်းခနဲမြည်ဟည်းသံကြောင့် ယပ်တောင်ကြီးတစ်ခုလုံး အပြင်းအထန် တုန်ရီသွားတော့သည်။
" မင်းအမြဲတမ်း ပုန်းရှောင်နေလို့မရဘူး ပိုင်ရှောင်ချန်း "
မိစ္ဆာဧကရာဇ်က အော်ဟစ်လိုက်သည်။ သူသည် သူ၏စိတ်ဆန္ဒကြောင့်မဟုတ်ပါသော်လည်း မိုးမြေဧကရာဇ်လက်ကြီး၏တိုက်ခိုက်မှုနှင့် ၎င်းမှပေါ်ထွက်နေသည့် မိုးမြေဧကရာဇ် အငွေ့အသက်ကြီးကြောင့် သူ၏လာရာအရပ်သို့ ပြန်သွားနေရပြီဖြစ်သည်။ မိစ္ဆာဧကရာဇ်အတွက်မူ သူ၏ရှေ့ရှိတံခါးပေါက်မှာ ပွင့်နေပါသော်လည်း အတွင်းဝင်၍ မရ သကဲ့သို့ ခံပြင်းစရာကောင်းနေတော့သည်။
မိစ္ဆာဧကရာဇ် ပျောက်ကွယ်သွားသောအခါ ပိုင်ရှောင်ချီမှာ ဖြူဆုတ်နေသောမျက်နှာဖြင့် မိုးမြေဧကရာဇ်လက်ကြီးထဲမှ ပျံထွက်လာသည်။ သူသည် ပင်မရင်ပြင်ပေါ်သို့ မဆင်းသက်နိုင်ခင် သတိလစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ သွေးအနည်းငယ် အန်ထုတ်လိုက်ပြီးနောက် တင်ပျဥ်ခွေထိုင်၍ အားအင်ပြန်ပြည့်လာစေရန် အာရုံစိုက်လိုက်တော့သည်။