← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅)

ကျွန်တော်တို့ ဟိုတယ်ခန်းထဲမှာ Video Call ပြောနေကြပါတယ်။

တော်တော်လေး စိတ်တိုနေတဲ့ပုံပေါက်တဲ့ အစ်မ ဟျွန်းဂျူးရဲ့နောက်မှာတော့ အယ်လီ က တောက်ပတဲ့ အပြုံးနဲ့ လက်ဝှေ့ယမ်းပြနေပါတယ်။ Video Callကနေ မြင်ရတာဆိုပေမဲ့ အယ်လီ့ မျက်နှာကို မြင်လိုက်ရတာက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။

"နင်က ရိုနယ် ကို ထောက်ခံမလို့လား။ စိတ်များ လွတ်သွားပြီလား"

တက်ဂယူ ကတော့ အလန့်တကြားနဲ့ အစ်မ ဟျွန်းဂျူးကို ချော့ဖို့ ကြိုးစားနေပါတယ်။

"မဟုတ်ပါဘူး။ မမရယ်။ အရင် စိတ်လျှော့ပါဦး"

အစ်မက ဒီအကြောင်းကို သိသွားတာက ကျွန်တော်တို့ ပြောပြလို့... မဟုတ်ဘူး၊ မီဒီယာတွေမှာ ပါလာလို့ပါ။

ကျွန်တော် စားပွဲပေါ်က New York Times သတင်းစာကို ကြည့်လိုက်ပါတယ်။

[ရိုနယ် စတန်ပါ၊ OTK Company နဲ့ လျှို့ဝှက် တွေ့ဆုံ]

ရီပတ်ဘလီကန် သမ္မတလောင်း ရိုနယ် စတန်ပါ ဟာ LA မှာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အပြီးမှာ သူပိုင်ဆိုင်တဲ့ ဟိုတယ်မှာပဲ OTK Company နဲ့ လျှို့ဝှက် တွေ့ဆုံခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ သူဟာ သတ်မှတ်ထားတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီး တစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့တာပါ။ အဲဒီဆွေးနွေးပွဲမှာ ဒေါ်လာသန်းပေါင်းများစွာသော ထောက်ပံ့ကြေးတွေ အကြောင်း ပြောဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

OTK Company ဟာ Startup နယ်ပယ်၊ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်နဲ့ Derivative ထုတ်ကုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးတဲ့ ကုမ္ပဏီတစ်ခုအဖြစ် လူသိများပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ Brexit အကြပ်အတည်းမှာလည်း ပေါင်ငွေတွေကို ရောင်းချပြီး သန်းထောင်နဲ့ချီ အမြတ်ထုတ်ခဲ့တာကြောင့် "လင်းတ အဖွဲ့ " လို့တောင် အမည်ပြောင် ပေးခံထားရတာပါ။

ရိုနယ် ဟာ ဒိုင်ယန် ရဲ့ မဲဆွယ်စည်းရုံးရေးကို ထောက်ပံ့နေတဲ့ Wall Street ငွေကြေးရှင်တွေကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်လည်း OTK Company ဆီကနေ အလှူငွေ အမြောက်အမြား လက်ခံခဲ့တယ်ဆိုတာ ပေါ်ထွက်လာတာကြောင့် လူထုရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

ရိုနယ် နဲ့ တွေ့တာက ဒီလောက်အထိ ပြဿနာကြီးသွားလိမ့်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားခဲ့ပါဘူး။

ပင်မမီဒီယာ အများစုက ဒိုင်ယန် ဘက်ကို ပါနေကြတာဆိုတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို မိသွားသလိုမျိုး အဆိုးမြင်တဲ့ လေသံနဲ့ ရေးသားကြတာပါ။

ရိုနယ် ဘက်ကတော့ ရှင်းပြမယ့်အစား မီဒီယာတွေရဲ့ ဝေဖန်မှုကို ဇာတ်ရှိန်မြှင့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ သံသယတွေ ဖြစ်အောင် လုပ်ခဲ့ပါတယ်။

ကြော်ငြာခ တစ်ပြားမှ မကုန်ဘဲ မီဒီယာကို အသုံးချသွားတာပေါ့။ တကယ့်ကို စီးပွားရေးသမား ပီသပါပေတယ်။

"ဘာလို့ ရိုနယ် နဲ့ အရင်ဆုံး သွားတွေ့ရတာလဲ။ အခု အမေရိကန် သမ္မတရွေးကောက်ပွဲ ဘယ်လိုဖြစ်နေလဲဆိုတာ နင် သိရောသိရဲ့လား"

အစ်မ ဟျွန်းဂျူးရဲ့ စကားကြောင့် တက်ဂယူ က စတန်ပါ အကြောင်းကို ယုံကြည်မှုရှိရှိနဲ့ ထုတ်ပြောလိုက်ပါတယ်။

"ရွေးကောက်ပွဲကို ပိုကာ ကစားတာနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်..."

"ဘာလို့ ပိုကာ အကြောင်း ထည့်ပြောနေတာလဲ။ အဲဒါကို ချန်ထားလို့ မရဘူးလား"

"ဟုတ်ကဲ့"

တက်ဂယူ က နှုတ်ခမ်းဆူပြီး ပြန်ဖြေလိုက်တယ်။

"အစ်မက ဘာလို့ ကျွန်တော့်ကိုပဲ စိတ်တိုနေတာလဲ။ ဒါ ကန်ဂျင်ဟူ ရဲ့ ဆုံးဖြတ်ချက်လေ"

တကယ်ပါပဲ၊ ဒီကောင်က သူ့အစ်မရှေ့ရောက်ရင် ဘာမှ မတတ်နိုင်တော့ပါဘူး။

အစ်မ ဟျွန်းဂျူးက စခရင်အပြင်ဘက်ကို လက်လှမ်းလိုက်ပြီး မကြာခင်မှာပဲ ဆေးလိပ်တစ်လိပ်ကို ပါးစပ်မှာ ခဲလိုက်ပါတယ်။ အယ်လီ ကလည်း စောင့်နေပုံရပြီး ဆေးလိပ် မီးညှိပေးလိုက်တယ်။

"ဟူး..."

အစ်မ ဟျွန်းဂျူးက အသက်ပြင်းပြင်း ရှူလိုက်ပါတယ်။ ဆေးလိပ်ငွေ့တွေက စခရင်ကို ဖြတ်ပြီး ကျွန်တော်တို့ ထိုင်နေတဲ့နေရာအထိ ရောက်လာသယောင်ပါပဲ။

"CarOS နဲ့ တွေ့ပြီးရင် မော်တော်ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပြီးမှ ဘာလို့ ရုတ်တရက်ကြီး တခြားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲထဲ ပါသွားရတာလဲ"

ကျွန်တော်က စခရင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"အမေရိကန် ဈေးကွက်က အဲဒီလောက်အထိ အရေးကြီးလို့ပါ။ ရိုနယ် သမ္မတ ဖြစ်လာရင် အမေရိကန်မှာ အခြေစိုက်ပြီး ထုတ်လုပ်တဲ့ ကားကုမ္ပဏီတွေက အကျိုးကျေးဇူး ရမှာဖြစ်ပေမဲ့ တခြားနေရာမှာ ထုတ်ပြီး တင်ပို့တဲ့ ကုမ္ပဏီတွေကတော့ အခြေအနေ မဟန်တော့ဘူး"

ဥပမာပြောရရင် အွန်ဆောင်း မော်တာပေါ့။

အွန်ဆောင်း မော်တာ က ဂျော်ဂျီယာ မှာ စက်ရုံတစ်ခု ဖွင့်ထားပါတယ်။ ဒါပေမဲ့ အဲဒါတင် မလုံလောက်လို့ မက္ကဆီကိုမှာ စက်ရုံ သုံးခု ရှိပြီး တစ်ခုကတော့ အခုမှ ဆောက်နေတုန်းပါ။

တကယ်လို့ ရိုနယ် သမ္မတ ဖြစ်လာရင် အမေရိကန်ကို အများကြီး တင်ပို့နေရတဲ့ အွန်ဆောင်း မော်တာ အကြီးအကျယ် ထိခိုက်မှာ သေချာတယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့က အမေရိကန် ဈေးကွက်မှာ အခြေချနိုင်မှာဖြစ်ပြီး နောက်တက်လာမယ့် အစိုးရဆီကနေ မက်လုံးတွေနဲ့ ထောက်ပံ့မှုတွေကို ရရှိမှာပါ။ အဲဒီမှာ ထုတ်တဲ့ကားတွေက ဈေးကွက်ထဲမှာ အလုပ်ဖြစ်မလားဆိုတာကတော့ တခြားကိစ္စပေါ့။

"ပြောတာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ အဲဒါက ရိုနယ် သမ္မတ ဖြစ်မှလေ"

ကျွန်တော်က ယုံကြည်မှုရှိရှိနဲ့ ပြောလိုက်ပါတယ်။

"ရိုနယ် က သမ္မတ ဖြစ်လာမှာပါ"

အယ်လီ က အံ့ဩသွားပြီး မျက်လုံးအပြူးသား ဖြစ်သွားတယ်။

"ဒါက မယုံနိုင်စရာပဲ"

"ငါ ဘယ်တုန်းက အဓိပ္ပာယ်မရှိတာတွေ ပြောဖူးလို့လဲ"

"အဲဒါက ဟုတ်ပါတယ်၊ ဒါပေမဲ့..."

ကျွန်တော် ဒီလောက် သေချာနေတာကတော့ ဟောကိန်းကို မြင်ခဲ့လို့ပါ။

သာမန်ဆိုရင်တော့ ရိုနယ် သမ္မတ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်လည်း စိတ်ကူးမိမှာ မဟုတ်ပါဘူး။

အစ်မ ဟျွန်းဂျူးက စိတ်ညစ်နေတဲ့ပုံနဲ့ သူ့နဖူးကို ဖိထားပါတယ်။

"လက်ရှိ ထောက်ခံမှုနှုန်းတွေနဲ့ဆိုရင် ရိုနယ် က ဘယ်လိုနည်းနဲ့ သမ္မတ ဖြစ်လာမှာလဲ"

"မဲအများဆုံး ရတိုင်းလည်း သမ္မတ ဖြစ်လာတာ မဟုတ်ဘူးလေ"

ကျွန်တော်တို့ သမ္မတရွေးကောက်ပွဲလို့ ခေါ်နေကြတဲ့ အမေရိကန် ရွေးကောက်ပွဲက တကယ်တော့ သမ္မတကို တိုက်ရိုက် ရွေးတာ မဟုတ်ဘဲ ပြည်နယ်တစ်ခုစီရဲ့ ကိုယ်စားလှယ်တွေကို ရွေးတာပါ။ အဲဒီ ကိုယ်စားလှယ်တွေကမှ အမေရိကန် သမ္မတကို ထပ်ပြီး မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ မဲရာခိုင်နှုန်း ဘယ်လောက်ပဲ ဖြစ်ဖြစ် အနိုင်ရတဲ့သူက အဲဒီပြည်နယ်ရဲ့ ကိုယ်စားလှယ် အားလုံးကို သိမ်းကျုံးယူသွားတာပါ။

ဒါကြောင့် အရေးကြီးတာက စုစုပေါင်း မဲအရေအတွက် မဟုတ်ဘဲ ကိုယ်စားလှယ်မဲ ဘယ်လောက်အထိ ရမလဲဆိုတာပါပဲ။ မဲအရေအတွက် ဘယ်လောက်ပဲ များများ၊ ကိုယ်စားလှယ်မဲမှာ ရှုံးနေရင်တော့ နောက်ဆုံးမှာ ရှုံးမှာပါပဲ။

တကယ်တော့ အရင်တုန်းကလည်း မဲအရေအတွက် နည်းပေမဲ့ ကိုယ်စားလှယ်မဲ အများစု ရရှိပြီး အနိုင်ရခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

"ဒိုင်ယန် က အခုလောလောဆယ် ကိုယ်စားလှယ်မဲ ၃၅၀ လောက်နဲ့ တည်ငြိမ်နေတဲ့ အခြေအနေမှာ ရှိတယ်"

စုစုပေါင်း ကိုယ်စားလှယ်မဲ ၅၃၈ မဲ ရှိပါတယ်။

သမ္မတ ဖြစ်လာဖို့အတွက် အနည်းဆုံး ၂၇၀ မဲ ရဖို့ လိုပါတယ်။

"အဲဒီထဲက မဲ ၈၀ ကို ရိုနယ် က ဘယ်လိုနည်းနဲ့ လုယူမှာလဲ"

ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ဒေသတွေ ရှိသလို ရီပတ်ဘလီကန်ပါတီ အားကောင်းတဲ့ ဒေသတွေလည်း ရှိပါတယ်။ အဲဒီပြည်နယ်တွေမှာတော့ ဘယ်သူနိုင်မလဲဆိုတာ ကြိုသိနေသလောက်ပါပဲ။

ကွာခြားချက်က ၁ ရာခိုင်နှုန်းပဲ ဖြစ်ဖြစ်၊ ၉၀ ရာခိုင်နှုန်းပဲ ဖြစ်ဖြစ် ရလဒ်က အတူတူပဲမလို့ အဲဒီလိုနေရာတွေကို လုံးဝ လက်လွှတ်လိုက်တာက ပိုကောင်းပါတယ်။

အဲဒီအစား အားပြိုင်မှု ပြင်းထန်တဲ့ ပြည်နယ် တွေကို အနိုင်ရဖို့ပဲ အာရုံစိုက်ကြရတာပါ။ အဲဒီဒေသကနေ ကိုယ်စားလှယ်မဲ ဘယ်လောက် ရမလဲဆိုတာကပဲ ရလဒ်ကို အဆုံးအဖြတ် ပေးမှာပါ။

"ရတ်စ်ဘဲ ဒေသက ရိုနယ် ဘက်ကို ပါသွားလိမ့်မယ်"

"ဘာ"

အစ်မဟျွန်းဂျူး နဲ့ အယ်လီ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အံ့ဩသွားကြပါတယ်။

ကျွန်တော် ရိုနယ် နဲ့ တစ်နာရီကြာ ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

အမေရိကန်ရဲ့ ဂရိတ်လိတ်စ် ဒေသတစ်ဝိုက်မှာ "ရတ်စ်ဘဲ" လို့ လူသိများတဲ့ စက်မှုဇုန် နယ်မြေကြီး ရှိပါတယ်။

ဝစ္စကွန်းဆင်း၊ အီလီနွိုက်၊ အင်ဒီယားနား၊ မစ်ရှီဂန်၊ အိုဟိုင်းယိုး၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ နယူးယောက် ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေ ပါဝင်တဲ့ ဒီဒေသဟာ တစ်ချိန်က အမေရိကန် ကုန်ထုတ်လုပ်ငန်းရဲ့ အဓိက အချက်အချာ ဖြစ်ခဲ့တာပါ။

စက်မှုတော်လှန်ရေးရဲ့ မွေးရပ်မြေဖြစ်တဲ့ ဗြိတိန်ကို ကျော်ဖြတ်ပြီး အမေရိကန်ဟာ Fordism လို့ခေါ်တဲ့ အမြောက်အမြား ထုတ်လုပ်တဲ့ စနစ်ကို တည်ထောင်ခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ကြီးမားတဲ့ စက်မှုအင်အားနဲ့ မဟာမိတ်တွေကို အောင်ပွဲရအောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ လစ်ဘရယ်စီးပွားရေးစနစ် ထွန်းကားလာတဲ့အခါ အာရှက ကုန်ပစ္စည်းတွေ ဝင်ရောက်လာပါတယ်။ ဂျပန်က ကားတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အမေရိကန်ဆီ တင်ပို့ခဲ့သလို နောက်ပိုင်းမှာ တောင်ကိုရီးယားနဲ့ တရုတ်တို့ကလည်း အပြိုင်အဆိုင် တင်ပို့လာကြပါတယ်။

ကုန်သွယ်ရေး ကန့်သတ်ချက်တွေ တစ်ခုပြီးတစ်ခု ပျက်ပြယ်သွားတဲ့အခါ ၂၀ ရာခိုင်စုနှောင်းပိုင်းမှာ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေ စတင် ဆုတ်ယုတ်လာပါတယ်။ မော်တော်ကား လုပ်ငန်းလည်း အဲဒီထဲမှာ ပါဝင်တာပေါ့။

ငွေရေးကြေးရေး အကြပ်အတည်း ကာလမှာ အမေရိကန် ကားကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ဒေဝါလီခံခဲ့ကြပါတယ်။ အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ပြန်လည် နာလန်ထူနိုင်ခဲ့ပေမဲ့ စက်ရုံတွေ ပိတ်ပစ်တာနဲ့ အလုပ်သမားတွေ လျှော့ချတာတွေကတော့ နောက်ဆက်တွဲ ဖြစ်လာခဲ့ပါတယ်။

ကီဗင် လူးဝစ် ဆိုတဲ့သူဟာ ဒီထရိုက် က ကားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ပါ။

ဒါပေမဲ့ သူ အလုပ်လုပ်တဲ့ စက်ရုံက အလုပ်သမားခ သက်သာတဲ့ မက္ကဆီကိုကို မနှစ်က ပြောင်းသွားခဲ့ပါတယ်။

အဲဒီနေ့မှာ ကီဗင် နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံး အလုပ်လက်မဲ့ ဖြစ်သွားပြီး အစိုးရရဲ့ ထောက်ပံ့ကြေးကိုပဲ အားကိုးနေရတဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။

သူ့ရဲ့ အိမ်မက်တွေက သာမန်ပါပဲ။

သူက အကြီးအကျယ် အောင်မြင်မှုတွေ မရရင်တောင်မှ ကောင်းမွန်တဲ့ ခင်ပွန်းတစ်ယောက်နဲ့ ဂုဏ်ယူစရာကောင်းတဲ့ အဖေတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အလုပ်ပြုတ်သွားတာက သူ့ရဲ့ အဲဒီအိမ်မက်တွေကိုပါ လုယူသွားခဲ့ပါတယ်။

အလုပ်မရှိဘဲ အိမ်မှာပဲ ထိုင်နေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရတဲ့ စိတ်ဝေဒနာကို အလုပ်လက်မဲ့ ဖြစ်ဖူးတဲ့သူတွေပဲ သိနိုင်မှာပါ။

သူ လုပ်နိုင်တာကတော့ တီဗီကိုပဲ ငေးကြည့်နေဖို့ပါပဲ။ တစ်ခါတလေကျရင် အလုပ်ပြုတ်သွားတဲ့ သူငယ်ချင်းတွေနဲ့ အရက်ဆိုင်မှာတွေ့ပြီး ဘီယာသောက်ရင်း အရင်က ကောင်းခဲ့တဲ့ အချိန်တွေကို လွမ်းဆွတ်နေရုံပါပဲ။

အဲဒီတုန်းကတော့ စက်ရုံထဲက ပတ်လမ်းတွေက မနားတမ်း လည်ပတ်နေပြီး အော်ဒါတွေကို အမီထုတ်ဖို့ သူတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာပါ။

သူ ရှာထားတဲ့ ပိုက်ဆံနဲ့ ကားဝယ်တယ်၊ အိမ်ဝယ်တယ်၊ အိမ်ထောင်ကျတယ်။ ကလေးတွေကလည်း လိမ္မာကြပြီး သူကတော့ မိသားစုကို စောင့်ရှောက်ဖို့ ပိုပြီး ကြိုးစားခဲ့တယ်။

ဒါပေမဲ့ ရလဒ်ကတော့ ဒါပါပဲ။

ဆိုင်တွေ ပိတ်ကုန်ပြီး လမ်းတွေကလည်း ခြောက်ကပ်ကုန်တယ်။ လူငယ်တွေက အလုပ်ရှာဖို့ တခြားနေရာကို ထွက်သွားကြပြီး အိမ်တွေကလည်း ရောင်းမထွက်တော့ဘူး။

ခြံဝင်းထဲမှာ 'ရောင်းရန်ရှိသည်' ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ အိမ်အလွတ်တွေပဲ ကျန်ခဲ့တယ်။

ဒီမိုကရက်တစ်တွေ အုပ်ချုပ်တဲ့ ၈ နှစ်တာအတွင်းမှာ ဘာမှ တိုးတက်မလာခဲ့ပါဘူး။ ငွေရေးကြေးရေး အကြပ်အတည်းအပြီးမှာ ဘဝက ဆက်ပြီး ခက်ခဲနေပေမဲ့ မီဒီယာတွေကတော့ စီးပွားရေး ပြန်ကောင်းနေပြီလို့ပဲ ပြောနေကြတာ။

Wall Street က ငွေရေးကြေးရေး ကုမ္ပဏီတွေကတော့ နေ့တိုင်း ပိုက်ဆံတွေနဲ့ ပျော်ပါးနေကြသလို Silicon Valleyမှာလည်း အိုင်တီ ပညာရှင်တွေ မလောက်မင ဖြစ်နေကြတယ်။

ဒါဆို သူတို့အတွက်ကရော ဘာထူးလဲ။

သူကတော့ အလုပ်လက်မဲ့ ဖြစ်နေတုန်း၊ မြို့ကလည်း ပျက်စီးနေတုန်းပဲလေ။

ရွေးကောက်ပွဲ ကာလ ပြန်ရောက်လာတဲ့အခါ ဒီမိုကရက်တစ် အမတ်လောင်း ဒိုင်ယန် ကတော့ အရင်ပုံစံအတိုင်းပဲ ပြောနေတုန်းပါ။ ဒါပေမဲ့ ရီပတ်ဘလီကန် အမတ်လောင်း ရိုနယ် ကတော့ မတူပါဘူး။

တခြား နိုင်ငံရေးသမားတွေနဲ့ မတူဘဲ သူက အမေရိကန်ရဲ့ လက်ရှိ အခြေအနေကို တဲ့တိုး ပြောဆိုခဲ့ပါတယ်။

အလုပ်သမား လူတန်းစား အများအပြား ရှိတဲ့ ဒီထရိုက်ဟာ ကြာမြင့်စွာကတည်းက ဒီမိုကရက်တစ်ပါတီရဲ့ ခံတပ် ဖြစ်ခဲ့ပါတယ်။ လူကြီးဖြစ်ကတည်းက ကီဗင်ဟာ ဒီမိုကရက်တစ် အမတ်လောင်းကလွဲရင် တခြားသူကို တစ်ခါမှ မဲမပေးဖူးပါဘူး။

ရိုနယ် က ရတ်စ်ဘဲ ဒေသမှာ မဲဆွယ်ရင်း အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကို ပြန်အသက်သွင်းရမယ်လို့ ဟစ်အော်နေချိန်မှာ ဒိုင်ယန် ကတော့ ဘာမှ မလုပ်ဘဲ ငြိမ်နေပါတယ်။

ဒီမိုကရက်တစ်ပါတီက အလုပ်သမား လူတန်းစားကို စိတ်မဝင်စားဘူးဆိုမှတော့ ငါတို့က ဘာလို့ သူတို့ကို မဲပေးရမှာလဲ။

ဒီမြို့က အပြောင်းအလဲ တစ်ခု လိုအပ်နေပါပြီ။

အဲဒီနေ့မှာပဲ ကီဗင် က ခြံဝင်းထဲမှာ ရိုနယ် ရဲ့ နာမည်ပါတဲ့ ဆိုင်းဘုတ်ကို စိုက်လိုက်ပါတယ်။ ဒေသခံ ရီပတ်ဘလီကန်ပါတီထဲကိုလည်း ဝင်လိုက်ပါတယ်။

ကီဗင် က သူ့သူငယ်ချင်းတွေကို ရိုနယ် ကို မဲပေးဖို့ တိုက်တွန်းပေမဲ့ အများစုကတော့ အဆိုးမြင်ကြပါတယ်။

"ရိုနယ် က အကျင့်ပျက်တဲ့ စီးပွားရေးသမားကြီးပါကွာ"

"ဒိုင်ယန် ကို ငါ မကြိုက်ပေမဲ့ ရိုနယ် ကတော့ တကယ်ကို ပြဿနာကောင်ကွ"

"ရိုနယ် သမ္မတ ဖြစ်လာရင်ကော ဘာထူးမှာမလို့လဲ"

အဲဒီအချိန်မှာပဲ ရိုနယ် က ဒီထရိုက်ကို တစ်ခေါက် ထပ်ပြီး လာဦးမယ်ဆိုတဲ့ သတင်း ရောက်လာပါတယ်။

မဲဆွယ်တဲ့နေရာဖြစ်တဲ့ ဘောလုံးကွင်းထဲကို ရီပတ်ဘလီကန်တွေတင်မကဘဲ မဲပေးပိုင်ခွင့်ရှိတဲ့ အမေရိကန် နိုင်ငံသားတိုင်း လာနိုင်ပါတယ်။

ဒီထရိုက်၊ အနီးနားက မြို့တွေနဲ့ ကျေးလက်ဒေသတွေကနေ လူတွေဟာ တိမ်တိုက်တွေလို အုပ်စုလိုက် ရောက်လာကြပါတယ်။

ခုံနေရာ ၄၀,၀၀၀ ကျော် ပြည့်နှက်နေပြီး ဒီမိုကရက်တစ် ခံတပ်က ဆန့်ကျင်ဘက် ထောက်ခံသူတွေတောင် ပါလာကြတယ်။

မီဒီယာတွေကလည်း အလုအယက် သတင်းယူနေကြပြီး ကင်မရာတွေက အဲဒီအခြေအနေကို တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေချိန်မှာပဲ ရိုနယ် စတန်ပါ က ကွင်းထဲကို ရောက်လာပါတယ်။

"ဝိုး..."

"အားပေးသံတွေနဲ့ လှောင်ပြောင်သံတွေ တစ်ပြိုင်ထဲ ထွက်ပေါ်လာပါတယ်။

ရိုနယ် ကတော့ အဲဒီအခြေအနေကို ဂရုမစိုက်တဲ့ပုံနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြုံးပြပြီး သူ့ထောက်ခံသူတွေကို လက်ပြနှုတ်ဆက်လိုက်တယ်။

ကွင်းအလယ်က စင်ပေါ်မှာ ရပ်လိုက်ရင်း ရိုနယ် က မိုက်ခရိုဖုန်းကို ကိုင်ပြီး မိန့်ခွန်း စပြောပါတော့တယ်။

"ဒီမှာ ထူးချွန်တဲ့ အမေရိကန် နိုင်ငံသားတွေ အများကြီးပဲ။ ဝိုး။ ဟိုမှာတော့ ဒိုင်ယန် လွှတ်လိုက်တဲ့သူတွေကို မြင်နေရတယ်။ သူက မင်းတို့ကို ဆိုင်းဘုတ်တွေ ကိုင်ပြီး ဒီကိုလာဖို့ ပိုက်ဆံပေးလိုက်တာလား။ ဟုတ်မှာပေါ့၊ ဒီမိုကရက်တစ်ပါတီမှာ မဲဆွယ်ရန်ပုံငွေတွေ အများကြီး ရှိတာပဲ။ ဘာလို့လဲဆိုတော့ သူက အကျင့်ပျက် စီးပွားရေးသမားတွေ၊ ငွေရေးကြေးရေးသမားတွေနဲ့ ပေါင်းနေတာကိုး"

သူက စစချင်းမှာတင် ရိုနယ် အကြောင်းကို ဘာမှ မကွယ်မဝှက်ဘဲ တဲ့တိုး ပြောချလိုက်တာပါ။

"ဘူး..."

အရပ်မျက်နှာ အသီးသီးက လှောင်ပြောင်သံတွေ ထွက်လာပေမဲ့ ရိုနယ် ကတော့ အာရုံမစိုက်ပါဘူး။

"အရင်တုန်းက ဒီထရိုက်ဟာ အမေရိကန် ကုန်ထုတ်လုပ်ငန်းရဲ့ ပြယုဂ် ဖြစ်ခဲ့တယ်။ GM၊ Ford၊ Chrysler ဆိုတဲ့ အမေရိကန်ရဲ့ ထိပ်တန်း ကားကုမ္ပဏီကြီး သုံးခုရဲ့ စက်ရုံတွေ အများကြီး ရှိခဲ့တဲ့ မော်တော်ကားလုပ်ငန်းရဲ့ အချက်အချာနေရာပေါ့။ တစ်ချိန်က Motor City လို့တောင် လူသိများခဲ့တာ။ ဒါပေမဲ့ အခု အဲဒီကုမ္ပဏီတွေ ဘယ်ရောက်ကုန်ပြီလဲ။ လူတွေ ကားမစီးကြတော့လို့လား။ အားလုံးက မြင်းလှည်းတွေပဲ စီးနေကြလို့လား။ ဒါမှမဟုတ် လူရိုင်းတွေလိုပဲ ခြေကျင် လျှောက်နေကြလို့လား"

ရိုနယ် က ခါးကို ကိုင်းပြီး မိုက်ခရိုဖုန်းကို ပုဆိန်တစ်ခုလို လွှဲပြရင်း လူရိုင်းတစ်ယောက်လို ဟန်ဆောင်ပြလိုက် တာကြောင့် သူ့ရဲ့ ရယ်ချင်စရာ လုပ်ရပ်ကို ကြည့်ပြီး လူအုပ်ကြီးက ရယ်မောလိုက်ကြပါတယ်။

ရိုနယ် က လက်ကို မြှောက်ပြီး အော်ပြောလိုက်တယ်။

"အကြောင်းရင်းကို ငါ သိတယ်။ မင်းတို့လည်း သိမှာပါ။ ငါတို့ရဲ့ မော်တော်ကား လုပ်ငန်းဟာ တောင်ကိုရီးယားနဲ့ ဂျပန်ရဲ့ ဖျက်ဆီးမှုကို အကြီးအကျယ် ခံလိုက်ရတာ။ Hyundai နဲ့ Toyota တွေဟာ နှစ်တိုင်း အမေရိကန် ဈေးကွက်ထဲကို ကားအစီးရေ သန်းနဲ့ချီပြီး သွင်းနေကြတာလေ။ သူတို့က အမေရိကန် ကားတွေကို မဝယ်ကြဘူး၊ ဒါဆို ငါတို့ကကော ဘာလို့ သူတို့နိုင်ငံက ကားတွေကို ဝယ်ရမှာလဲ"

သူ့စကားကြောင့် ထောက်ခံသူတွေကြားထဲမှာ ဒေါသသံတွေ ထွက်ပေါ်လာပါတယ်။

"ဟေးးး..."

"ရိုနယ်။ ရိုနယ်"

ကီဗင် လည်း အသံတွေ တုန်ယင်တဲ့အထိ ရိုနယ် ရဲ့ နာမည်ကို အော်ဟစ်နေပါတယ်။

အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ ဆန့်ကျင်ဘက် ထောက်ခံသူတွေကလည်း "ဒိုင်ယန်။ ဒိုင်ယန်" လို့ အော်ကြပါတယ်။

"အကျင့်ပျက် အထက်တန်းလွှာတွေ ထွက်သွားကြစမ်း"

"ဒီထရိုက်က ဒီမိုကရက်တစ်ပါတီကို ထောက်ခံတယ်"

သာမန်ဆိုရင်တော့ သူက အဲဒီလူတွေကို မဲဆွယ်ပွဲထဲကနေ ချက်ချင်း နှင်ထုတ်ပစ်တာမျိုး ဒါမှမဟုတ် လုံးဝ အဝင်မခံမှာမျိုး လုပ်မှာပါ။ ဒါပေမဲ့ ဒီနေ့တော့ မတူပါဘူး။

သူတို့က သူ့ကို ပိုပြီး ထင်ပေါ်စေမယ့် နောက်ခံလူတွေပဲလေ။

"ဒီမိုကရက်တစ်တွေ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့လဲ။ သူတို့က အမေရိကန်ကို လုံးဝ ပျက်စီးအောင် လုပ်ခဲ့တာ။ ဒါတောင်မှ ဒိုင်ယန် က Wall Street ငွေရေးကြေးရေးသမားတွေနဲ့ အဆင်ပြေပြေ စကားပြောရင်း အမေရိကန်ရဲ့ အနာဂတ်အကြောင်း ပြောနေသေးတယ်။ သူက လိမ်ညာသူပဲ"

ဒိုင်ယန် ရဲ့ နာမည်ပါတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရှေ့ဆုံးတန်းကနေ အော်ပြောလိုက်တယ်။

"ရှင်လည်း ငွေရေးကြေးရေးသမားတွေနဲ့ ကစားခဲ့တာပဲလေ"

ရိုနယ် က အဲဒီစကားကို လက်လွှတ်မခံပါဘူး။ သူက အဲဒီစကား ထွက်လာအောင် တမင် ရန်စခဲ့တာလို့တောင် ပြောလို့ ရပါတယ်။

"ဒီက အမျိုးသမီးက ငါ့ကို တစ်ခုခု ပြောချင်နေတဲ့ ပုံပဲ။ ကျေးဇူးပြုပြီး သူ့ကို မိုက်ခရိုဖုန်း ပေးလိုက်ပါဦး"

ဝန်ထမ်းတွေက အမျိုးသမီးကို မိုက်ခရိုဖုန်း ပေးလိုက်ပြီး ကင်မရာကလည်း အဲဒီအမျိုးသမီးရဲ့ မျက်နှာကို အာရုံစိုက်လိုက်ပါတယ်။

အဲဒီအမျိုးသမီးက ရိုနယ် ကို ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။

"သိပ်မကြာသေးခင်တုန်းက ရှင်ဟာ OTK Company နဲ့ တွေ့ပြီး ဒေါ်လာ သန်းပေါင်းများစွာ လက်ခံခဲ့တယ် မဟုတ်လား။ ရှင်က လိမ်ညာသူပဲ။ လူလိမ်ကြီး"

ရိုနယ် က စိတ်ထဲကနေ ပြုံးလိုက်ပြီး ယုံကြည်မှုရှိရှိနဲ့ ပြန်ဖြေလိုက်တယ်။

"ဟုတ်ပါတယ်။ ကျွန်တော်က OTK Company ရဲ့ စီအီးအို နဲ့ တွေ့ပြီး အကူအညီ တောင်းခဲ့ပါတယ်"

သတင်းထောက်တွေ အံ့ဩသွားကြတယ်။

ရိုနယ် ဟာ မီဒီယာတွေရဲ့ ဝေဖန်မှုကို အမြဲတမ်း တည့်တည့်မဖြေဘဲ ရှောင်လွှဲခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒီအချက်ကို ဝန်ခံလိုက်ပါတယ်။

ဒိုင်ယန် ရဲ့ ထောက်ခံသူတွေက လှောင်ပြောင်ကြပါ တော့တယ်။

"ဘူး..."

"ထွက်သွားစမ်း။ ရိုနယ်"

ရိုနယ် က လက်ကို မြှောက်ပြီး "ငါ ဘာတတ်နိုင်မှာလဲ" ဆိုတဲ့ ပုံစံနဲ့ ပုခုံးတွန့်ပြလိုက်တယ်။

လှောင်ပြောင်သံတွေ နည်းနည်း တိတ်သွားတဲ့အခါ ရိုနယ် က မိုက်ခရိုဖုန်းကို ပြန်ကိုင်လိုက်ပါတယ်။

"ငါက မဲဆွယ်ရန်ပုံငွေတွေ ယူနေတယ်လို့ ပြောခဲ့လို့လား။ မီဒီယာတွေက အားလုံး လိမ်ညာသူတွေပဲ။ သူတို့ပြောတာကို မယုံကြနဲ့။ ငါ လက်ခံခဲ့တာက မဲဆွယ်ရန်ပုံငွေ မဟုတ်ဘူး။ ကတိတစ်ခုထဲပါ"

အခုကတော့ ဗုံးကြဲရမယ့် အချိန်ပါပဲ။

ရိုနယ် က မဲဆွယ်ပွဲကို အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး အသံကို မြှင့်ကာ အော်ပြောလိုက်ပါတယ်။

"အမေရိကန်ရဲ့ မော်တော်ကား လုပ်ငန်းမှာ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံဖို့ OTK Company ဆီကနေ ကျွန်တော် ကတိ ရရှိထားပါတယ်။ ကျွန်တော်တို့ ဒီထရိုက်က စက်ရုံတွေကို ပြန်ဖွင့်မယ်။ တရားမဝင် ဝင်ရောက်လာသူတွေ မဟုတ်ဘဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ နိုင်ငံသားတွေကို အလုပ်ခန့်မယ်။ ပိတ်ထားတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ပြီး မြို့ကို ပြန်လည် အသက်သွင်းမယ်။ ဒီမိုကရက်တစ်တွေက ဒီမြို့ကို ပျက်စီးနေတဲ့ စက်မှုမြို့ပျက်ကြီး ဖြစ်အောင် လုပ်ခဲ့ရင် ကျွန်တော်ကတော့ အလင်းရောင်တွေ ပြည့်နေတဲ့ မြို့ကြီး ဖြစ်အောင် ပြောင်းလဲပေးမယ်"

အခန်း (၇၆)

ခဏလောက်တော့ မဲဆွယ်စည်းရုံးရေးနယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ရိုနယ် ရဲ့ စကားတွေက တကယ့်ကို တုန်လှုပ်စရာကောင်းလွန်းလို့ပါ။

တစ်ချိန်က ကုန်ထုတ်လုပ်ငန်းရဲ့ ဂုဏ်ဆောင်ဖြစ်ခဲ့တဲ့ ဒီထရိုက်ဟာ အခုတော့ စွန့်ပစ်ခံမြို့ကြီးတစ်မြို့ ဖြစ်နေပါပြီ။ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်က ထွက်ခွာသွားကြပြီဖြစ်သလို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ မိုးမျှော်တိုက်ကြီးတွေကလည်း ဘယ်သူမှမရှိဘဲ ဟောင်းလောင်းကြီး ဖြစ်နေပါတယ်။

လမ်းမီးတွေကလည်း မလင်းတော့ဘူး။ လမ်းတွေကလည်း ပျက်စီးနေသလို ရေပေးဝေရေးနဲ့ လုံခြုံရေးလိုမျိုး အခြေခံဝန်ဆောင်မှုတွေတောင် ရဖို့ ခက်ခဲနေတဲ့ နေရာပါ။

ဒီမြို့ပျက်ကြီးကို ပြန်လည်အသက်သွင်းပေးမယ်လို့ ကတိပေးပြီး တက်လာတဲ့ အုပ်ချုပ်ရေးမှူးအသစ်ကလည်း ပြည်နယ်အစိုးရမှာ ပိုက်ဆံမရှိဘူးလို့ပဲ ထပ်ခါတလဲလဲ ပြောနေခဲ့တာပါ။

ဒါပေမဲ့ အခု ဒီနေရာမှာ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံမယ် ဟုတ်လား။

အဲဒီအချိန်မှာပဲ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပါတယ်။

"လူလိမ်"

အဲဒီအသံက ဒိုင်ယန် ကို ထောက်ခံတဲ့ လူလတ်ပိုင်း အမျိုးသမီးဆီက လာတာပါ။ သူက မိုက်ခရိုဖုန်းကို ကိုင်ထားတုန်းပဲလေ။

"ရှင်သာ သမ္မတဖြစ်သွားရင် စကားတွေ ပြောင်းသွားမှာ မဟုတ်လား။ ရှင့်စကားကို ကျွန်မတို့က ဘယ်လိုယုံရမှာလဲ။ ရင်းနှီးမြှုပ်နှံမှုအတွက် ကတိရထားတယ် ဟုတ်လား။ အဲဒီကတိကို တည်ပါ့မယ်ဆိုတဲ့ အာမခံချက်က ဘယ်မှာလဲ"

ငြင်းဆိုလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ရိုနယ် ကတော့ ခေါင်းပဲ ငြိမ့်ပြလိုက်ပါတယ်။

"နင်ပြောတာ မှန်ပါတယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲကာလမှာ ကတိအမျိုးမျိုး ပေးတတ်ကြတာပဲ။ ဒါပေမဲ့ သမ္မတဖြစ်သွားရင်တော့ တစ်ခုမှ မလုပ်ပေးကြတော့ဘူး။ ငါကိုယ်တိုင်လည်း နိုင်ငံရေးသမားတွေရဲ့ စကားတွေကြောင့် အကြိမ်ကြိမ် အလိမ်ခံခဲ့ရဖူးတယ်။ နိုင်ငံရေးသမားတွေကလည်း မဲဆွယ်တိုင်း လိမ်ညာနေတာပဲ။ ဒါပေမဲ့ ငါကတော့ မတူဘူး။ ငါ သမ္မတ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ ဒီရင်းနှီးမြှုပ်နှံမှုကတော့ ကတိပေးထားတဲ့အတိုင်း အကောင်အထည်ဖော်လိမ့်မယ်"

ဒိုင်ယန် ရဲ့ ထောက်ခံသူတွေက စောင့်နေသလိုမျိုး လှောင်ပြောင်ကြပြန်ပါတယ်။

"ဘူး..."

"လိမ်နေတာ။ လိမ်နေတာ"

လှောင်ပြောင်သံတွေ ကျယ်လောင်လာတဲ့အခါ ရိုနယ် က စိတ်ထဲကနေ ခိုးပြုံးလိုက်ပါတယ်။

"ငါက လိမ်နေတယ်လို့ မင်းတို့ ထင်နေတာလား။ ငါ့ကို မယုံဘူးလား။ ကောင်းပြီလေ။ ဒါဆိုရင် ငါ့စကားတွေကို သက်သေပြပေးမယ့်သူတစ်ယောက်ကို ခေါ်ပေးမယ်"

လူတစ်ယောက် စင်ပေါ်ကို တက်လာပါတယ်။ လူအုပ်ကြီး အံ့ဩသွားကြတယ်။

သူ့နာမည်က ဟူးဘဲလ် ဘတ်တလာ ပါ။ သူက ဒီထရိုက်မြို့ တည်ရှိရာ မစ်ရှီဂန်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးလောင်း တင်မကဘဲ ဒီမိုကရက်တစ်ပါတီဝင် တစ်ယောက်လည်း ဖြစ်သလို ဒိုင်ယန် ရဲ့ မဲဆွယ်စည်းရုံးရေးကိုလည်း ကူညီပေးနေသူပါ။

ဒါပေမဲ့ သူက ဘာလို့ ရီပတ်ဘလီကန် အမတ်လောင်းရဲ့ မဲဆွယ်ပွဲမှာ ပေါ်လာရတာလဲ။

သူ့မှာ အကြောင်းရင်း ရှိပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့နှစ်ယောက်ထဲ သီးသန့်တွေ့ဆုံချိန်မှာ ရိုနယ် က သူ့ကို အရှက်ခွဲခဲ့တာပါ။

"ခင်ဗျားက ကိုယ့်ကိုကိုယ် မကူညီဘူးဆိုရင်တော့ မစ်ရှီဂန်အစား ဝစ္စကွန်းဆင်း ဒါမှမဟုတ် အိုဟိုင်းယိုးနဲ့ သွားပြီး ညှိနှိုင်းရမှာပဲ"

ရတ်စ်ဘဲ ပြည်နယ်တွေက ရင်းနှီးမြှုပ်နှံမှု ရဖို့အတွက် အပြိုင်အဆိုင် ဖြစ်နေကြတာပါ။

တကယ်လို့ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို သူက ငြင်းပယ်ခဲ့တယ်ဆိုတာ လူသိရှင်ကြား ဖြစ်သွားရင် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံရမှာ သေချာပါတယ်။ အဲဒါဆိုရင် သူ နောက်တစ်ကြိမ် အရွေးခံရဖို့ လမ်းစ ပျောက်သွားမှာပါ။

ပြန်စဉ်းစားကြည့်တော့လည်း ဒါက မဆိုးတဲ့ အဆိုပြုချက်တစ်ခုပါပဲ။ သူက ရင်းနှီးမြှုပ်နှံမှု ရအောင် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တယ်ဆိုတာ ပေါ်သွားရင် သူ့ရဲ့ ရာထူးပြန်ရဖို့က အေးဆေးပါပဲ။

ဒါကြောင့် သူက ရိုနယ် ရဲ့ မဲဆွယ်ပွဲကို လိုလိုလားလား တက်ရောက်ခဲ့ပြီး မိုက်ခရိုဖုန်းကို ယူလိုက်တာပါ။

အုပ်ချုပ်ရေးမှူး ဟူးဘဲလ် က မဲဆွယ်ပွဲကို ဝေ့ကြည့်ရင်း ယုံကြည်မှုရှိရှိ ပြောလိုက်ပါတယ်။

"ရိုနယ် ပြောတာတွေ အားလုံး မှန်ပါတယ်။ အခု ပြည်နယ်အစိုးရက OTK Company နဲ့ ညှိနှိုင်းနေပြီး ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်း အကောင်အထည်ဖော်တော့မှာပါ။ ရိုနယ် က ဒီထရိုက်ကို ပြန်လည် အသက်သွင်းနိုင်အောင် ကျွန်တော် ကူညီသွားမှာပါ"

ဒီလိုလုပ်တာကြောင့် သူ့ပါတီကနေ အရေးယူခံရနိုင်ပေမဲ့ အရေးမကြီးပါဘူး။ ပြဿနာတက်ရင် ပါတီ ပြောင်းလိုက်ရုံပါပဲ။ အရေးကြီးတာက ဒီမိုကရက်တစ်ပါတီ မဟုတ်ဘဲ သူ့ကို အုပ်ချုပ်ရေးမှူး ဖြစ်အောင် တင်မြှောက်ခဲ့တဲ့ ဒီနေရာက မစ်ရှီဂန် ပြည်သူတွေပဲလေ။

အတိုက်အခံဘက်က အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကပါ ထောက်ခံပေးလိုက်ပြီဆိုတော့ ဘယ်သူမှ သူ့စကားကို မချေပရဲတော့ပါဘူး။

ရိုနယ် က "ဒီအချိန်ကစပြီး အမေရိကန်မှာ မူဝါဒ တစ်ခုထဲပဲ ရှိတော့မယ်" လို့ ကြေညာသလိုမျိုး လက်နှစ်ဖက်ကို မြှောက်လိုက်ပါတယ်။

ပြီးတော့ ဖြည်းဖြည်းချင်းနဲ့ အလေးအနက် ပြောလိုက်တယ်

" America First(အမေရိကန် ဦးစားပေးပဲ)"

အမေရိကန် အလုပ်သမားတွေအတွက် ဒီထက်အရေးကြီးတဲ့ မူဝါဒ ဘာရှိဦးမှာလဲ။

ကီဗင် တစ်ယောက် ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်သွားပါတယ်။

စက်ရုံတံခါးတွေ ပွင့်လာမယ်။ အလုပ်တွေ ပြန်စမယ်။ သူတို့တွေ ကြွေးမြီတွေ ဆပ်နိုင်မယ်။ ကလေးတွေကိုလည်း စောင့်ရှောက်နိုင်မယ်။

အသုံးမကျတဲ့ အလုပ်လက်မဲ့ အလုပ်သမားဘဝကနေ ကောင်းမွန်တဲ့ မိဘတစ်ယောက် ပြန်ဖြစ်နိုင်တော့မယ်။

ရိုနယ် ကို ထောက်ခံခဲ့တာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ။

သူက သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပါတယ်။ ခုနကတင် ဒိုင်ယန် ကို ထောက်ခံနေတဲ့ သူငယ်ချင်းတွေတောင် အခုတော့ အော်ဟစ်အားပေးနေကြပါပြီ။

" America First "

"ဟေးးး..."

မဲဆွယ်ပွဲကြီး တစ်ခုလုံး ပြိုကျတော့မတတ် အားပေးသံတွေ ဟိန်းထွက်နေပါတယ်။

ရိုနယ် က ချဲ့ကားထားတဲ့ အမူအရာ၊ အပြောအဆိုတွေနဲ့ ဆက်ပြီး ဟစ်အော်နေတယ်။

"လိမ်ညာသူတွေနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတဲ့ မီဒီယာတွေကို တော်လောက်ပါပြီ။ သူက အိမ်ဖြူတော်နဲ့ လွှတ်တော်ထဲမှာ အမေရိကန်ကို ဖျက်ဆီးနေချိန်မှာ ငါကတော့ ဒီနေရာမှာ အမေရိကန်ရဲ့ လက်တွေ့ဘဝကို ပြောင်းလဲပေးနေခဲ့တာကွ။ ကဲ… ပြောကြစမ်း။ ဘယ်သူက လူလိမ်လဲ။ ဘယ်သူက အမှန်တရားကို ပြောနေတာလဲ။ သူလား၊ ငါလား။ CNN လား၊ ငါလား"

အဖြေကတော့ ရှင်းနေပါပြီ။

"ရိုနယ်။ ရိုနယ်"

ဒိုင်ယန် ကို ထောက်ခံခဲ့တဲ့ လက်တွေ ပြန်ကျသွားပါတယ်။ ဒိုင်ယန် နဲ့ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုတဲ့ ဆိုင်းဘုတ်တွေ၊ စာတမ်းတွေ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပါတယ်။

"ဟေးးးး..."

ရိုနယ် က စင်အလယ်ကနေ အဲဒီမြင်ကွင်းကို ကြည့်နေပါတယ်။

သူ့နာမည်က တစ်ကွင်းလုံး ဟိန်းနေတော့တာပါပဲ။

"ရိုနယ် စတန်ပါ"

"ရိုနယ် စတန်ပါ"

ရိုနယ် က သူ့ရဲ့ ညာဘက်လက်ကို မြှောက်ပြီး အားပါးတရ အော်လိုက်ပါတယ်။

" Make America Great Again (အမေရိကန်ကို တစ်ကျော့ပြန် အင်အားကြီးအောင် လုပ်ကြစို့)"

ဒါက သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြစ်သလို အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်မယ်ဆိုတဲ့ ကတိလည်း ဖြစ်ပါတယ်။

အဲဒီအချိန်အထိတော့ လူတွေက ဒါကို အလိမ်အညာလို့ ထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ သူက ဒါကို လက်တွေ့ဖြစ်လာအောင် ဒီနေရာမှာတင် သက်သေပြခဲ့ပါတယ်။

မဲဆွယ်ပွဲကို ရောက်နေတဲ့ မဲဆန္ဒရှင်တွေက တစ်စိတ်တစ်ဝမ်းထဲ အော်ဟစ်လိုက်ကြပါတယ်။

" Make America Great Again "

မဲဆွယ်ပွဲက တကယ့်ကို ရူးသွပ်စရာကောင်းလွန်းလှပါတယ်။ ရော့ခ်စတားတစ်ယောက်ရဲ့ ဖျော်ဖြေပွဲကို ကြည့်နေရသလိုပါပဲ။

ဒီမြင်ကွင်းကို ကင်မရာတွေက အပြည့်အစုံ ရိုက်ကူးပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားစေပါတယ်။

[ရီပတ်ဘလီကန် သမ္မတလောင်း ရိုနယ် က OTK Companyကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးနိုင်ခဲ့။]

[OTK Company က အမေရိကန် မော်တော်ကားလုပ်ငန်းမှာ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံ။]

[ရိုနယ် ရဲ့ အမေရိကန်ကို ဦးစားပေးမှု။]

[ရိုနယ် စတန်ပါ။ ရတ်စ်ဘဲလ် ဒေသကို ကယ်တင်သူ။]

[ရိုနယ် ရဲ့ ရိုက်ခတ်မှု။ ဒိုင်ယန် ဘယ်လို တုံ့ပြန်မလဲ။]

မီဒီယာတွေမှာ ဒီသတင်းတွေပဲ အပြည့် ဖြစ်နေပါတယ်။ ရိုနယ်ရဲ့ ဒီထရိုက် မဲဆွယ်ပွဲ ဗီဒီယိုဟာ YouTube မှာ တစ်ရက်ထဲနဲ့ ကြည့်ရှုသူ ၁ သန်းကျော်သွားပါတယ်။

ဗီဒီယိုကို ကြည့်ရင်း တက်ဂယူ က ခေါင်းခါလိုက်တယ်။

"သောက်ကျိုးနည်း။ အိုင်ဒေါ ပွဲတစ်ခု ကြည့်နေရသလိုပဲ"

"သူက ဒီအတိုင်း ရီပတ်ဘလီကန် သမ္မတလောင်း ဖြစ်လာတာ မဟုတ်ဘူးလေ"

ကျွန်တော်တို့က အသုံးဝင်တဲ့ ဖဲချပ်တွေကို ထုတ်ပေးလိုက်တာကို ရိုနယ် က ကောင်းကောင်း အသုံးချသွားတာပါ။

မကြာခင်ကအထိတော့ လူတွေက ရိုနယ် ဟာ မဲရဖို့အတွက်ပဲ ကုန်ထုတ်လုပ်ငန်းတွေကို ပြန်အသက်သွင်းမယ်လို့ ပြောနေတာလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ သူက သမ္မတ မဖြစ်ခင်တင် မကဘူး။ ရွေးကောက်ပွဲ မတိုင်ခင်မှာတင် အဲဒီကတိကို တည်အောင် လုပ်ပြလိုက်ပါတယ်။

အကျိုးကျေးဇူးတွေက မစ်ရှီဂန်မှာပဲ အဓိကရှိနေတာ ဖြစ်ပေမဲ့ ရတ်စ်ဘဲ ဒေသတစ်ခုလုံးကတော့ ဝမ်းသာအားရ ဖြစ်နေကြပါတယ်။ ပိုပြီး ထူးခြားတာကတော့ မဲဆန္ဒရှင်တွေက ရိုနယ် ရဲ့ စကားတွေကို အလေးအနက် စတင်စဉ်းစားလာကြတာပါပဲ။

ဒါကြောင့်မလို့ ထိုးဆင်းနေတဲ့ ထောက်ခံမှုနှုန်းက ရုတ်တရက် ၃ ရာခိုင်နှုန်း ပြန်တက်လာပါတယ်။ တကယ့် လက်တွေ့ ထောက်ခံမှုက ဒီထက်တောင် ပိုများနိုင်ပါတယ်။

ဒိုင်ယန် က ၁၀ ရာခိုင်နှုန်းလောက်နဲ့ ဆက်ပြီး အသာစီး ရနေတုန်းဆိုပေမဲ့ အခြေအနေ ပြောင်းလဲဖို့အတွက် မျိုးစေ့ကတော့ စိုက်ပျိုးပြီးသွားပါပြီ။

"တကယ်တော့ အမေရိကန်မှာ စက်ရုံတွေ ဆောက်တာက သိပ်ပြီး ကောင်းတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး" လို့ တက်ဂယူ က မှတ်ချက်ပေးတယ်။

"ဘာလို့လဲ"

"အလုပ်သမားခတွေက ဈေးကြီးတယ်လေ။ ကုမ္ပဏီ အခွန်တွေကလည်း များတယ်"

ဒါကြောင့်မလို့ အမေရိကန် ကုမ္ပဏီတွေကိုယ်တိုင်က အမေရိကန်က စက်ရုံတွေကို ပိတ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပြောင်းကုန်ကြတာပေါ့။ ရလဒ်အနေနဲ့ကတော့ စက်မှုဇုန် နယ်မြေတွေ အလျင်အမြန် ပျက်စီးသွားတာပါပဲ။

ဒါပေမဲ့လည်း ကျွန်တော်တို့က ကိုရီးယားဝမ် သိန်းပေါင်း ၂၂ကုဋေနဲ့ ညီမျှတဲ့ ဒေါ်လာ သန်း ၂သောင်းကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရိုနယ် က အခွန်လျှော့ပေါ့ပေးမယ်။ အမျိုးမျိုး ကူညီပေးမယ်လို့ ကတိပေးထားပါတယ်။ အဲဒီကတိတွေ တည်ဖို့ဆိုရင်တော့ သူက သမ္မတ ဖြစ်လာရမှာပါ။

ကျွန်တော်တို့အပေါ် ဝေဖန်မှုတွေ အများကြီး လာတော့မယ်လို့ ခံစားနေရပေမဲ့ ဒီလှေပေါ်ကို ရောက်နေမှတော့ အဆုံးထိ သွားကြည့်ရမှာပါပဲ။

"ဒိုင်ယန် ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်မိတယ်" လို့ တက်ဂယူ က ကျွန်တော့်ပုခုံးပေါ် လက်တင်ပြီး မေးလိုက်ပါတယ်။

"သူ အခုလောက်ဆို မင်းကို ကျိန်ဆဲနေလောက်ပြီ”

"..."

ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲ စခန်းမှာ အရေးပေါ် အစည်းအဝေး တစ်ခု လုပ်ခဲ့ပါတယ်။ သမ္မတလောင်း ဒိုင်ယန် အပါအဝင် အဓိက ရွေးကောက်ပွဲ တာဝန်ရှိသူတွေ တစ်နေရာတည်းမှာ စုရုံးနေကြတာပါ။ သူတို့ရဲ့ စိတ်ထဲမှာ "OTK Company" ဆိုတဲ့ နာမည်ကို ပြန်တွေးနေကြပါတယ်။

"ဒီကောင်တွေကတော့ကွာ..."

ရွေးကောက်ပွဲက ပြီးသလောက် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး ဒီလူတွေက ရိုနယ် နဲ့ လက်တွဲပြီး လူထုရဲ့ အမြင်ကို ပြောင်းလဲပစ်လိုက်ပါတယ်။

ဒိုင်ယန် ကတော့ တည်ငြိမ်တဲ့ အမူအရာကို ထိန်းထားပါတယ်။

"သူတို့လက်ထဲမှာ ဘာဝှက်ဖဲတွေ ရှိနေလဲဆိုတာကို အနည်းဆုံးတော့ စစ်ဆေးခဲ့သင့်တာ"

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအသေးလေးတစ်ခုက အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ သူတို့ လုံးဝ မထင်ထားခဲ့ပါဘူး။ သူတို့က နိုင်မှာ သေချာနေပြီလို့ ယုံကြည်လွန်းခဲ့တဲ့အတွက် တွေ့ဖို့တောင် ငြင်းခဲ့တာလေ။

"ငါနဲ့ မတွေ့ရလို့ သူတို့က ရိုနယ် ဆီ သွားတွေ့ကြတာလား"

တကယ်လို့ သူသာ OTK Company နဲ့ မဟာမိတ် ဖွဲ့ခဲ့ရင် အလုပ်သမား လူတန်းစားတွေကို စည်းရုံးပြီး သူ့ရဲ့ ရာထူးကို ပိုပြီး ခိုင်မာအောင် လုပ်နိုင်ခဲ့မှာပါ။ အခုမှ နောင်တရနေတာကတော့ အရမ်း နောက်ကျသွားပါပြီ။

ကံကောင်းတာကတော့ လူထုရဲ့ အမြင်က လုံးဝကြီး ပြောင်းပြန်လှန်မသွားသေးတာပါပဲ။ ရတ်စ်ဘဲ ပြည်နယ် အနည်းငယ် ပြောင်းသွားရင်တောင်မှ ရွေးကောက်ပွဲ တစ်ခုလုံးရဲ့ လားရာကိုတော့ အကြီးအကျယ် မထိခိုက်နိုင်ပါဘူး။ သူက ကိုယ်စားလှယ်မဲ ၃၀၀ ကျော်ကို ဆက်ပြီး ရထားတုန်းပဲလေ။

သူ့ရဲ့ နယ်မြေတွေကိုပဲ ကောင်းကောင်း ထိန်းထားနိုင်ရင် သမ္မတ အေးဆေး ဖြစ်နိုင်ပါတယ်။ ဒိုင်ယန် က နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်တယ်။

"ဖလော်ရီဒါမှာ မဲဆွယ်ဖို့ အစီအစဉ် ဆွဲလိုက်ပါ"

ဒါက သူ့ရဲ့ အမှားပါပဲ။

အစီအစဉ်တွေ အားလုံးကို ဖျက်ပြီးရင်တောင်မှ သူက ရတ်စ်ဘဲ ဒေသကို ချက်ချင်း ပြေးသွားသင့်တာပါ။ လူဖြူ အလုပ်သမား လူတန်းစား မဲဆန္ဒရှင်တွေကို သူ ချော့မော့ဖို့ လိုအပ်ခဲ့ပါတယ်။

သူသာ အဲဒီလို လုပ်ခဲ့ရင် ရတ်စ်ဘဲ ဒေသကို လက်လွှတ်လိုက်ရရင်တောင်မှ တခြားဒေသက အလုပ်သမား လူတန်းစားတွေကို စည်းရုံးနိုင်ခဲ့မှာသေချာပါတယ်။ မသေချာတဲ့ အောင်ပွဲတွေကို အားကိုးမယ့်အစား သေချာတဲ့ ဒေသခံတွေရဲ့ စိတ်ခံစားမှုတွေကို သူက ချော့မော့ချင်ခဲ့တာပါ။

ဂျိုအယ် အပါအဝင် ဗျူဟာမှူးတွေကလည်း သူ့ရဲ့ အယူအဆကို သဘောတူခဲ့ကြပါတယ်။

ဒိုင်ယန် က ဖလော်ရီဒါကို သွားနေချိန်မှာ ရိုနယ် က ဆိုရှယ်မီဒီယာပေါ်မှာ "သူက ရတ်စ်ဘဲ ဒေသကို လုံးဝ စွန့်ပစ်လိုက်ပြီ" လို့ ဝေဖန်ခဲ့ပါတယ်။

အဲဒီအတောအတွင်းမှာပဲ လူထုရဲ့ အမြင်က တခြားတစ်ဖက်ကို လည်သွားပါတော့တယ်။

Silicon Valley မှာ ရှိတဲ့ CarOS ရုံးချုပ်။

ကျွန်တော်တို့ ဒါရီလ် နဲ့ အဖွဲ့သားတွေကို အစည်းအဝေးခန်းထဲမှာ တွေ့ခဲ့ပါတယ်။

ကျွန်တော်က သူတို့ကို ပြောလိုက်တယ်။

"OTK Company က အမေရိကန် မော်တော်ကားလုပ်ငန်းမှာ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ခင်ဗျားတို့ ကြားပြီးလောက်ပြီ ထင်တယ်။ အခု မစ်ရှီဂန် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းနေကြပါပြီ"

ညှိနှိုင်းမှုတွေကိုတော့ အစ်မဟျွန်းဂျူး ရဲ့ တာဝန်အောက်မှာ လုပ်နေပါတယ်။ သူက ကိုရီးယား ဌာနခွဲကြောင့်လည်း အလုပ်များနေတာဆိုတော့ ကျွန်တော်တို့ကြောင့် အိပ်တောင် မအိပ်ရတဲ့ အခြေအနေပါ။

"ကျွန်တော်တို့က သုတေသန စင်တာကိုတော့ ဒီမှာပဲ ထားခဲ့ပြီး CarOS ရုံးချုပ်ကိုတော့ ဒီထရိုက်ကို ပြောင်းဖို့ စီစဉ်ထားတယ်"

ကျွန်တော့်စကားကြောင့် ဒါရီလ် က အံ့ဩသွားတယ်။

"ဘာ...ဘာ ပြောလိုက်တာလဲ"

"CarOS က နောင်မှာ မော်တော်ကား လုပ်ငန်းရဲ့ အဓိက player ဖြစ်လာတော့မှာ။ ရုံးချုပ်ကို စက်ရုံတွေရှိတဲ့ နေရာကို ပြောင်းတာက ပိုကောင်းတယ်"

ရိုင်ယန်က ကန့်ကွက်စကား ပြောလာပါတယ်။

"တကယ်လို့ OTK Company က ဝယ်လိုက်မယ့် ကားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပြဿနာရှိလာရင်..."

ကျွန်တော်က ခေါင်းခါလိုက်တယ်။

"ပူးပေါင်းဆောင်ရွက်တာ မဟုတ်ဘူး။ နောင်မှာ ပူးပေါင်းဆောင်ရွက်ဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကားကုမ္ပဏီကို ဝယ်မှာက OTK Company မဟုတ်ဘဲ CarOS ဖြစ်မှာမလို့ပဲ"

"တကယ်လား"

ဆော့ဖ်ဝဲလ်နဲ့ ဟာ့ဒ်ဝဲလ် ကုမ္ပဏီတွေကို သီးခြားစီ စီမံခန့်ခွဲတာက ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်မလို့ CarOS ကို Holding Company အဖြစ် ထားပြီး ကားကုမ္ပဏီကိုတော့ လက်အောက်ခံ ကုမ္ပဏီ အဖြစ် ထားဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်တော် ဒါရီလ် ကို ကြည့်လိုက်တယ်။

"ခင်ဗျား လုပ်နိုင်မလား"

သူ့ရဲ့ မျက်လုံးတွေက တုန်ယင်သွားပါတယ်။ ကျွန်တော့်စကားရဲ့ အဓိပ္ပာယ်ကို သူ နားလည်မှာပါ။

တကယ်လို့ ကျွန်တော် ပြောတဲ့အတိုင်း ဖြစ်လာရင် သူက ဒေါ်လာ သန်း ၂သောင်းကျော် တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုရဲ့ စီအီးအို ဖြစ်လာမှာပါ။ ဟုတ်ပါတယ်။ ရှယ်ယာ အများစုကိုတော့ ကျွန်တော်တို့ကပဲ ပိုင်ဆိုင်ထားမှာလေ။

ဒါက တက်ဂယူ နဲ့ အစ်မဟျွန်းဂျူး တို့နဲ့ ဆွေးနွေးပြီးမှ ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။

ဒါရီလ် က ပြီးပြည့်စုံတဲ့ ကိုယ်တိုင်မောင်းနှင်မှု နည်းပညာကို ဖန်တီးချင်တဲ့ စိတ်အားထက်သန်မှုနဲ့ CarOS ကို ဦးဆောင်လာခဲ့တာပါ။ CarOS ကို အွန်ဆောင်း မော်တာ က ဝယ်ယူခဲ့စဉ်မှာတောင် သူက အပြင်ပန်း ဖိအားတွေကို အရှုံးမပေးဘဲ သူ့ရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သူပါ။

သူက နောင်မှာလည်း ဆက်ပြီး ကောင်းကောင်း လုပ်နိုင်မှာ သေချာပါတယ်။

ဆာဂျေ က မေးလိုက်တယ်။

"ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားဘာသာ ဆုံးဖြတ်နိုင်တဲ့ အနေအထားမှာ ရှိလို့လား။ OTK Companyကကော ဘယ်လို ထင်လဲ"

"ကျွန်တော့်စကားကပဲ OTK Company ရဲ့ ရပ်တည်ချက်ပါ"

"ဘာလို့လဲ..."

ကျွန်တော်ကတော့ ထပ်ပြီး မကွယ်ဝှက်တော့ဘဲ ယုံကြည်မှုရှိရှိ ပြောလိုက်ပါတယ်။

"ဘာလို့လဲဆိုတော့ ကျွန်တော်က OTK Company ရဲ့ စီအီးအို မလို့ပဲ"

"..."

အားလုံး တိတ်ဆိတ်သွားကြပါတယ်။ အံ့ဩသွားတဲ့အခါ ခဏလောက် စကားမပြောနိုင်တာက သဘာဝပါပဲ။

ခဏကြာတော့ ဆာဂျေ က အံ့ဩတကြီးနဲ့ ပြောလိုက်တယ်။

"ဒါ... ဒါက မဖြစ်နိုင်တာ"

"အခုမှ ထုတ်ပြောလိုက်တဲ့အတွက် တောင်းပန်ပါတယ်။ ဘယ်သူ့ကိုမှ လှည့်စားဖို့ ရည်ရွယ်ချက် မရှိပါဘူး"

ကျွန်တော် CarOS ရဲ့ အမှုဆောင် အရာရှိတွေကို ဝေ့ကြည့်ပြီး ဆက်ပြောလိုက်တယ်။

"ကျွန်တော်တို့က အရင်လိုပဲ ဆက်ပြီး ပံ့ပိုးပေးသွားမှာပါ။ ဒါပေမဲ့ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ လိုချင်တဲ့ ကားကို ဖန်တီးပါ။ CarOS ထုတ်တဲ့ ကားတွေ လမ်းပေါ်မှာ မောင်းနေတာကို ခင်ဗျားတို့ မမြင်ချင်ကြဘူးလား"

ခဏကြာတော့ ဒါရီလ် က ပြတ်သားတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ လုပ်ပါ့မယ်"

All Chapters