← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇)

ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မှာ ဂျိန်း ရဲ့ လွှမ်းမိုးမှုက အတော်လေး ပါဝင်ပါတယ်။ သူက ဆယ်စုနှစ်ပေါင်းများစွာ စီအီးအို အဖြစ် တာဝန်ယူခဲ့ပြီး Golden Gate ကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်လာအောင် စွမ်းဆောင်ခဲ့သူပါ။

ပြန်စဉ်းစားကြည့်ရင် ခေါင်းဆောင်တစ်ယောက်မှာ ထူးချွန်ထက်မြက်တဲ့ ပါရမီတွေ ရှိနေဖို့ထက် တကယ်တော်တဲ့လူတွေကို နေရာမှန်မှာ ဗျူဟာကျကျ ထားနိုင်ဖို့က ပိုအရေးကြီးပါတယ်။

လျှပ်စစ်ကားတွေအပေါ် သံသယရှိနေရင်းနဲ့ မော်တော်ကားလောကထဲ ခြေစုံပစ်ဝင်ခဲ့တာ ဖြစ်ပေမဲ့ အဓိကနည်းပညာတွေသာ လက်ဝယ်မရှိရင် CarOS အနေနဲ့ ဒီလိုစွန့်စားဖို့ သတ္တိရှိမှာ မဟုတ်ပါဘူး။

CarOS က အတုမဲ့ဉာဏ်ရည်၊ ကိုယ်တိုင်မောင်းနှင်မှုစနစ်နဲ့ မော်တော်ကား OS နယ်ပယ်တွေမှာ ထိပ်တန်းက ရှိနေတာပါ။ တခြားသူတွေနဲ့ ပူးပေါင်းတာ ဒါမှမဟုတ် အပ်ကုန်လုပ်တာထက် ဒီလုပ်ငန်းမှာ ရှေ့ကနေ ဦးဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

ဒါ့အပြင် CarOS က အမေရိကန်ကုမ္ပဏီ ဖြစ်သလို ဒါရီလ် ကလည်း အမေရိကန်နိုင်ငံသားတစ်ယောက်ပါ။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်တဲ့ OTK Company က တိုက်ရိုက်ဝယ်ယူတာထက် အမေရိကန်ကုမ္ပဏီဖြစ်တဲ့ CarOSက ဝယ်ယူပြီး စီမံခန့်ခွဲတာကမှ အမေရိကန် မော်တော်ကားကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုပြီး ကိုက်ညီမှာ ဖြစ်ပါတယ်။

ဒါရီလ် ရဲ့ အဖြေကို ကြားပြီးနောက် ကျွန်တော်က စောင့်နေသလိုမျိုး ပြောလိုက်တယ်။

"CarOS ရဲ့ အရင်းအနှီးကို ဒေါ်လာ သန်း ၂သောင်းအထိ တိုးမြှင့်ပေးမယ်”

ကျွန်တော် စဝယ်တုန်းက CarOS ရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၁၀၀ တောင် မပြည့်ပါဘူး။ အခုတော့ မော်တော်ကားသုံး AI နည်းပညာ တိုးတက်လာတာကြောင့် ကုမ္ပဏီတန်ဖိုးက ဒေါ်လာ သန်း ၁ထောင်ကျော်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမဲ့ ကျွန်တော်က အဲဒီတန်ဖိုးထက် အဆ ၂၀ ကျော် တိုးပေးမယ်လို့ ကြေညာလိုက်တာပါ။

ဆာဂျေ က အံ့ဩတကြီးနဲ့ မေးလာတယ်။

"ရှယ်ယာ အချိုးအစားကကော ဘယ်လိုဖြစ်သွားမလဲ”

အုပ်ချုပ်ရေးအဖွဲ့က ရှယ်ယာ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒီမှာရှိနေတဲ့သူ တစ်ယောက်ချင်းစီမှာလည်း CarOS ရဲ့ ရှယ်ယာအနည်းငယ်စီ ရှိကြပါတယ်။

"အုပ်ချုပ်ရေးအဖွဲ့အတွက် ၄ ရာခိုင်နှုန်း ရှယ်ယာကို ကျွန်တော် အာမခံပေးမယ်”

အရင်းအနှီးကို အဆ ၂၀ တိုးလိုက်ပေမဲ့ ရှယ်ယာအချိုးအစားက လေးပုံတစ်ပုံအောက်ပဲ လျော့သွားတာပါ။ ဒါက ရှယ်ယာတန်ဖိုးဟာ အရင်ကထက် ၅ ဆကျော် တိုးလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒေါ်လာ သန်း ၂၁၀,၀၀၀တန် ကုမ္ပဏီရဲ့ ၄ ရာခိုင်နှုန်း ရှယ်ယာက ဒေါ်လာ သန်း ၁သောင်းတန် ကုမ္ပဏီရဲ့ ၁၄ ရာခိုင်နှုန်း ရှယ်ယာထက် ပိုတန်ဖိုးရှိတာ အမှန်ပါပဲ။

"ဘယ်သူ ကန့်ကွက်စရာ ရှိသေးလဲ”

ဘယ်သူမှ မကန့်ကွက်ကြပါဘူး။

ကုမ္ပဏီတန်ဖိုးက ဒေါ်လာ သန်း ၂သောင်းအထိ အလျင်အမြန် တိုးတက်သွားသလို ရှယ်ယာတန်ဖိုးတွေကလည်း အဆပေါင်းများစွာ တက်သွားတာကြောင့် ကန့်ကွက်စရာ အကြောင်းမရှိတော့ပါဘူး။

ကျွန်တော် အမှုဆောင်အရာရှိတွေကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။

"ဒီမှာရှိတဲ့သူတွေ အားလုံးက အမေရိကန် မော်တော်ကားလုပ်ငန်းကို ဦးဆောင်မယ့်သူတွေပဲ။ အခုလိုပဲ ဆက်ပြီး အစွမ်းကုန် ကြိုးစားပေးကြပါ။ ကျွန်တော့်ဘက်ကလည်း အဖက်ဖက်ကနေ ပံ့ပိုးပေးဖို့ ဝန်မလေးပါဘူး”

ပြီးတော့ တစ်ခု ထပ်ဖြည့်ပြောလိုက်တယ်။

"ဪ... နောက်ပြီး ကျွန်တော်က OTK Company ရဲ့ စီအီးအို ဖြစ်တယ်ဆိုတာကိုတော့ လောလောဆယ် လျှို့ဝှက်ထားပေးကြပါ”

အမှုဆောင်အရာရှိတွေ ထွက်သွားပြီးနောက် ဒါရီလ် တစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။

"ခင်ဗျား ဒီလို ဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”

"ခင်ဗျားနဲ့ ကြိုတင်ပြီး မတိုင်ပင်ခဲ့မိလို့ တောင်းပန်ပါတယ်”

ကျွန်တော် သူ့ကို လက်ကမ်းပေးလိုက်ပြီး "နောင်မှာလည်း ခင်ဗျားကိုပဲ အားကိုးရမှာပါ" လို့ ပြောလိုက်ပါတယ်။

ဒါရီလ် က မျက်လုံးတွေ တောက်ပလာရင်း "ခင်ဗျားရဲ့ ယုံကြည်မှုကို ကျွန်တော် အကောင်းဆုံး ပြန်ပေးဆပ်ပါ့မယ်" လို့ ပြန်ပြောပါတယ်။

တက်ဂယူ က ကိုရီးယားလို ဝင်ပြောတယ်။

"အခုလို အချိန်မျိုးမှာ ပိုင်ရှင်ဖြစ်တဲ့သူက တစ်ခုခု ကျွေးသင့်တာ မဟုတ်ဘူးလား”

"ဪ... ဟုတ်သားပဲ”

ဒါက မထင်မှတ်ထားတဲ့ အကြံကောင်းတစ်ခုပါ။

"ဘာကျွေးရင် ကောင်းမလဲ”

"အမေရိကန်တွေဆိုတော့ ပီဇာပေါ့”

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ပြီး ဒါရီလ် ကို မေးလိုက်တယ်။

"ဝန်ထမ်းတွေကို အားပေးတဲ့အနေနဲ့ ပီဇာ ကျွေးချင်လို့။ နီးနီးနားနားမှာ စားလို့ကောင်းတဲ့ ပီဇာဆိုင် ရှိလား”

ဒါရီလ် က ချက်ချင်းပဲ "Silicon Valley မှာတော့ M Pizza က အကောင်းဆုံးလို့ ပြောကြတယ်" လို့ ဖြေပါတယ်။

အဲဒါကို ကြားတော့ တက်ဂယူ က အံ့ဩသွားတယ်။

"ဒါ ငါတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီပဲလေ”

"အတိအကျပဲ”

Silicon Valley ကနေ စတင်ခဲ့တဲ့ M Pizza ဟာ အခုဆို ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုလုံးတင် မကဘဲ တခြားပြည်နယ်တွေအထိပါ ဆိုင်ခွဲတွေ တိုးချဲ့နေတာပါ။

ဒီအထိ ရောက်နေမှတော့ မြည်းကြည့်သင့်တာပေါ့ မဟုတ်ဘူးလား။

ဒါရီလ် က ကုမ္ပဏီတွင်း အသံလွှင့်စနစ်ကနေ ဝန်ထမ်းတွေကို ချက်ချင်း စုရုံးလိုက်ပါတယ်။ သူတို့တွေ အလုပ်တွေကို ခဏရပ်ပြီး ပထမထပ် လော်ဘီ မှာ စုဝေးလာကြတယ်။

အဲဒီမှာ ဒါရီလ် က ခုနကတင် အစည်းအဝေးမှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ကြေညာလိုက်ပါတယ်။

"OTK Company ရဲ့ ပံ့ပိုးမှုနဲ့ CarOS ဟာ ကားကုမ္ပဏီတစ်ခုကို ဝယ်ယူပြီး ကားတွေ တိုက်ရိုက်ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီနေ့ကစပြီး ငါတို့က ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားလုပ်ငန်းကို ဦးဆောင်သွားကြမယ်”

"ဝိုး..."

ဝန်ထမ်းတွေဆီက လက်ခုပ်သံတွေနဲ့ အားပေးသံတွေ ဟိန်းထွက်လာပါတယ်။

ကျွန်တော်ကတော့ ဖုန်းထဲမှာ app တစ်ခု သွင်းပြီး M Pizza မှာ အော်ဒါ တင်လိုက်ပါတယ်။ တက်ဂယူ က စုဝေးနေတဲ့ ဝန်ထမ်းတွေကို ကြည့်ပြီး ပြောလာတယ်။

"ပီဇာ အချပ် ၂၀၀ လောက်တော့ မှာရမယ် ထင်တယ်”

"..."

အဓိက ရှယ်ယာရှင်တွေအတွက်များ လျှော့ဈေး မရှိဘူးလား မသိဘူး။

OTK Company နဲ့ မစ်ရှီဂန် ပြည်နယ်အစိုးရကြားက ညှိနှိုင်းမှုတွေကတော့ အရှိန်အဟုန်နဲ့ စတင်နေပါပြီ။

ဒါကိုတော့ အစ်မဟျွန်းဂျူး ကပဲ ဦးဆောင်ပြီး ညှိနှိုင်းတာပါ။

အစ်မ က ဌာနခွဲမန်နေဂျာ အနေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ကိစ္စအဝဝကို ညှိနှိုင်းဆောင်ရွက်ပါတယ်။

ရတ်စ်ဘဲ ဒေသတစ်ခုလုံးမှာ ပိတ်ထားတဲ့ စက်ရုံတွေနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေတာကြောင့် ကျွန်တော်တို့ဘက်က အသာစီးရနေတဲ့ အခြေအနေပါ။

ညှိနှိုင်းမှုတွေ မစခင်မှာ အစ်မဟျွန်းဂျူး က ရှင်းရှင်းလင်းလင်း ပြောထားတယ်။

"တကယ်လို့ ပံ့ပိုးမှုတွေက မလုံလောက်ဘူးဆိုရင်တော့ ဒီထရိုက်မှာ မဟုတ်ဘဲ အိုဟိုင်းယိုး ရေကန်နားက တခြား စက်မှုဇုန်တွေမှာ ထပ်မံ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမှာပါ”

ဒီထရိုက်ရဲ့ ပြယုဒ်ကို ထည့်တွက်ပြီး ရုံးချုပ်နဲ့ အဓိက ထုတ်လုပ်ရေး စင်တာတွေကို ဒီမှာ ထားဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ ရတ်စ်ဘဲ ရဲ့ တခြားနေရာတွေမှာ စက်ရုံတွေ ဆောက်ဖို့ကလည်း အဆင်ပြေနေတာပဲလေ။

မစ်ရှီဂန် ပြည်နယ်အစိုးရကတော့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိဖို့အတွက် အသည်းအသန် သဘောတူညီမှု ရယူချင်နေတာပါ။ စက်ရုံမြေနေရာ အခမဲ့ ငှားရမ်းတာ၊ အခြေခံ အဆောက်အအုံ တိုးချဲ့ပေးတာနဲ့ အခွန်ခံစားခွင့်တွေလိုမျိုး အဖက်ဖက်ကနေ ကူညီပေးဖို့ အဆိုပြုလာကြပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေ ရှိလာရင် အလုပ်အကိုင်တွေ တိုးလာမယ်၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ပေးရတာတွေ လျော့သွားမယ်။ ကုမ္ပဏီက အမြတ်ရရင် အခွန်ရမယ်၊ အလုပ်သမားတွေရဲ့ လစာကနေလည်း ဝင်ငွေခွန် ရဦးမှာပါ။

ဒါက ဒေသခံ စီးပွားရေးကို ပြန်လည် နိုးထစေသလို အိမ်ခြံမြေ ဈေးနှုန်းတွေ တက်လာတာအပြင် တခြား ကောင်းကျိုးတွေ အများကြီးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

အစ်မဟျွန်းဂျူး က အစိုးရနဲ့ ပြင်းပြင်းထန်ထန် ညှိနှိုင်းနေချိန်မှာ ကျွန်တော်တို့ကတော့ ဝယ်ယူမယ့် လုပ်ငန်းတွေကို ဆက်ပြီး ရှာဖွေနေပါတယ်။

ရောင်းဖို့ရှိတဲ့ မော်တော်ကားကုမ္ပဏီတွေနဲ့ Brand တွေက အများကြီးပါပဲ။ အဲဒီထဲမှာ အမေရိကန်ရဲ့ အကြီးဆုံး သုံးခုကတော့ GM၊ Ford နဲ့ Chrysler တို့ပါ။ အထူးသဖြင့် GM ဆိုရင် ကိုရီးယားနဲ့ အတော်လေး နီးစပ်ပါတယ်။

"ဒါပေမဲ့ သူတို့က ပြည်တွင်းဈေးကွက်မှာ နိုင်ငံခြားကားတွေကို ယှဉ်ဖို့ ရုန်းကန်နေရတယ် မဟုတ်လား”

"ဟုတ်တယ်လေ”

ကိုရီးယားကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေတောင် ထွက်ခဲ့ဖူးတာပါ။ လောလောဆယ်တော့ GM ဘက်က ငြင်းထားပေမဲ့ သြစတြေးလျက Holden စက်ရုံကို ပိတ်လိုက်တာကို ကြည့်ရင် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

GM နဲ့ Ford တို့က အရောင်းအေးနေတဲ့ ဟျွန်းဂျူး Brandတွေနဲ့ စက်ရုံတွေကို ရောင်းချဖို့ ကျွန်တော်တို့ဆီကို ကမ်းလှမ်းလာကြပါတယ်။

ကျွန်တော်တို့ကတော့ Chrysler ကို အရင်ဆုံး အာရုံစိုက်လိုက်ပါတယ်။ Chrysler Group ဟာ ငွေကြေးအကြပ်အတည်း ကာလမှာ ဒေဝါလီခံခဲ့ရပေမဲ့ ကယ်ဆယ်ရေး ရန်ပုံငွေတွေနဲ့ အသက်ဆက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အီတလီရဲ့ Fiat Group နဲ့ ပူးပေါင်းပြီး FCA(Group Fiat Chrysler Automobiles) ဖြစ်လာခဲ့တာပါ။

အဲဒီလို ပူးပေါင်းတဲ့အချိန်တုန်းကတော့ အကြီးစား မော်တော်ကား အုပ်စုကြီးနှစ်ခု ပူးပေါင်းတာကြောင့် ကောင်းကျိုးတွေ အများကြီး ရလာမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။

Chrysler ကို တစ်ချိန်က Mercedes-Benz ကို ပိုင်ဆိုင်တဲ့ Daimler Group က ဝယ်ခဲ့ဖူးသလို ဥရောပဈေးကွက်မှာ Fiatနဲ့အတူ ရုန်းကန်ခဲ့ရတာပါ။

ပြဿနာတက်နေတဲ့ ကုမ္ပဏီတွေ ပူးပေါင်းလိုက်တာက တကယ်ပဲ အကျိုးရှိပါ့မလား။

"ဒါပေမဲ့ တခြားကုမ္ပဏီတွေနဲ့ မတူတာက ဒါက Platform မျှဝေသုံးစွဲပြီး ကုန်ကျစရိတ် လျှော့ချတာမျိုး မဟုတ်ဘူး၊ အမြတ်အစွန်း ရရှိမှုကလည်း အတော်လေး နည်းနေသေးတယ်”

FCA အုပ်စုရဲ့ စီအီးအို က ကုမ္ပဏီကို ရောင်းဖို့ တင်ထားတာ သုံးနှစ်ရှိပြီ ဖြစ်ပေမဲ့ သင့်တော်တဲ့ ဝယ်သူ မတွေ့သေးပါဘူး။

တကယ်တော့ ချက်ချင်း အရောင်းစာရင်းတွေကို ကြည့်ရင်တော့ သိပ်ပြီး မဆိုးလှပါဘူး။

ဒါပေမဲ့ အရှုံးပေါ်နေတာကြောင့် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ထက် အရောင်းတက်ဖို့ကိုပဲ အာရုံစိုက်နေရပြီး လျှပ်စစ်ကားတွေနဲ့ ကိုယ်တိုင်မောင်းနှင်မှုစနစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုက လုံးဝ မရှိသလောက်ပါပဲ။

စိတ်ဝင်စားခဲ့ကြတဲ့ GM နဲ့ Hyundai တို့တောင် ဝယ်ဖို့ အစီအစဉ်ကို လုံးဝ လက်လျှော့သွားကြတာပါ။ ဒီအချိန်မှာပဲ ကျွန်တော်တို့က ဝယ်ယူဖို့အတွက် ရှေ့ထွက်လာခဲ့တာပါ။

ကျွန်တော်တို့က အမေရိကန်မှာ အခြေစိုက်တဲ့ Chrysler ကို အရင်ဆုံး ဝယ်ယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ကံကောင်းတာက FCA အုပ်စုဘက်က အပြုသဘောနဲ့ တုံ့ပြန်လာပါတယ်။

"ပြီးတော့ Maseratiကိုပါ တစ်ခါထဲ ထည့်ဝယ်ပေးနိုင်မလားလို့ မေးကြည့်လိုက်ဦး”

"..."

"သူတို့တွေက ဒီရက်ပိုင်းမှာ ရောင်းကောင်းနေလို့များ ထည့်ဝယ်ခိုင်းနေတာလား”

ဖုန်းနဲ့ အီးမေးလ် ကနေပဲ ညှိနှိုင်းနေတာက အကန့်အသတ်တွေ ရှိပါတယ်။ အကြမ်းဖျင်း ပုံစံပေါ်လာပြီ ဆိုတာနဲ့ အစ်မဟျွန်းဂျူး က အမေရိကန်ကို ကိုယ်တိုင် လေယာဉ်နဲ့ ပျံသန်းလာခဲ့ပါတယ်။ အယ်လီ ကလည်း အလုပ်ကိစ္စနဲ့ အတူ လိုက်ပါလာခဲ့တာပါ။ သူတို့တွေ ဝန်ထမ်းတွေနဲ့ တွေ့ဖို့ ဒီထရိုက်ကို တန်းသွားကြတယ်။ Silicon Valley က အလုပ်တွေ ပြီးသွားတဲ့ ကျွန်တော်တို့လည်း သူတို့နဲ့ သွားပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"လက်မှတ်တွေ ကြိုတင်မှာပေးဖို့ ပြောလို့ရမလား" လို့ ကျွန်တော် မေးလိုက်ပါတယ်။

ဟင်နရီ က ခေါင်းခါလိုက်တယ်။

"အဲ့လိုလုပ်ဖို့ မလိုပါဘူး”

"ဘာလို့လဲ”

"ဒီနားက လေဆိပ်မှာ ကိုယ်ပိုင်ဂျက်လေယာဉ် တစ်စင်း စီစဉ်ထားပြီးပြီ”

တက်ဂယူ က အံ့ဩသွားတယ်။

"အဲ... ကိုယ်ပိုင်ဂျက်လေယာဉ်တဲ့လား”

ကျွန်တော်လည်း အံ့ဩသွားမိတယ်။ အမေရိကန်က ကိုရီးယားထက် အဆ ၁၀၀ နီးပါး ကျယ်ဝန်းတာကြောင့် ရထားထက် လေယာဉ်ကို ပိုပြီး အားကိုးကြတာပါ။ ဒါကြောင့်လည်း အမေရိကန် သူဌေးကြီး အများစုက ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ရှိကြတာပေါ့။ ရိုနယ် ဆိုရင်လည်း ချွင်းချက် မဟုတ်ပါဘူး။ အိမ်ခြံမြေ သူဌေးကြီး တစ်ယောက်အနေနဲ့ သူဟာ သူ့ရဲ့ ဇိမ်ခံ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အမေရိကန် တစ်ခွင်ကို လှည့်လည်ပြီး သူဌေးတွေဆီကထက် အလုပ်သမားတွေဆီက ပိုပြီး ထောက်ခံမှု ရအောင် လုပ်ဆောင်နိုင်ခဲ့တာက တကယ့်ကို ဟာသဆန်ဆန်ပါပဲ။

ဒါတွေ ထားပါတော့။ ကျွန်တော်တို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ် စီစဉ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဟိုတယ်မှာ အထုတ်တွေ ပြင်ပြီးတာနဲ့ ဟင်နရီ လိုက်ပါလာတဲ့ လင်မိုဇင်း ကား နဲ့ လေဆိပ်ကို တန်းသွားခဲ့ကြပါတယ်။

အားနာတာနဲ့ ကျွန်တော်က "ကျွန်တော်တို့ဘာသာ သွားလို့ ရပါတယ်ဗျာ" လို့ ပြောလိုက်မိတယ်။

အဲဒါကို ဟင်နရီ က လှည့်ပြုံးပြရင်း "မဟုတ်တာ။ ခင်ဗျားတို့နဲ့အတူ ရှိနေချိန်မှာ ဘေးကနေ ကြည့်ပြီး သင်ယူဖို့ အဖိုးက အတင်းခိုင်းလိုက်တာဗျ" လို့ ဖြေပါတယ်။

"ဪ..."

တကယ်လို့ လိုက်ပါပို့ဆောင်ဖို့ပဲ ဆိုရင် တခြားတစ်ယောက်ယောက်ကို တာဝန်ပေးလည်း ရတာပဲလေ။ ဒါက Golden Gate စီအီးအို ရဲ့ မြေးကိုယ်တိုင် ကျွန်တော်တို့ ခရီးစဉ်ကို လိုက်ပါစောင့်ရှောက်ပေးနေရတဲ့ အကြောင်းရင်းပါပဲ။

တက်ဂယူ က ကျွန်တော့်ကို ကြည့်ပြီး ကိုရီးယားလို ပြောတယ်။

"ဒီကောင်က ငါတို့ဆီက ဘာသင်ယူစရာ ရှိလို့လဲ”

ကျွန်တော် ခေါင်းငြိမ့်လိုက်ပါတယ်။

"အဲဒါက ပြဿနာပဲ”

ဒီရက်ပိုင်းမှာ OTK Company ရဲ့ နာမည်ကျော်ကြားမှုကြောင့် ကျွန်တော့်ကို ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်လို့ လူတွေက ထင်နေကြတာပါ။ ကျွန်တော်က ကြိုတင်မြင်နိုင်တဲ့ စွမ်းအားပေါ်မှာ အခြေခံပြီး အထင်ကြီးစရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တာ မှန်ပေမဲ့ ကျွန်တော့်ဆီကနေ သင်ယူစရာ ရှိမရှိကတော့ မသေချာပါဘူး။

ကျွန်တော့်ဆီကထက် အစ်မဟျွန်းဂျူး ဆီက သင်ယူတာက ပိုပြီး ကောင်းမလား မသိဘူး။

လေဆိပ်ကို ရောက်တဲ့အခါ Gulfstream အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်က အသင့် စောင့်နေပါတယ်။ အတွင်းပိုင်းကိုတော့ အစည်းအဝေးခန်းလိုမျိုး ပြင်ဆင်ထားပြီး အစကတည်းက စီးပွားရေး လုပ်ငန်းတွေအတွက် ဒီဇိုင်းဆွဲထားတာပါ။ တက်ဂယူ က အံ့ဩတကြီး လှည့်ကြည့်နေပါတယ်။

"ဒီလိုမျိုး တစ်စင်းကို ဘယ်လောက် ပေးရလဲ”

"ဝမ် သန်း ၅သောင်းလောက် ရှိမယ်”

"ငါတို့လည်း တစ်စင်းလောက် ဝယ်ကြမလား”

"ဝယ်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ငါတို့က ကိုယ်ပိုင်ဂျက်လေယာဉ်ကို သုံးဖို့ လိုလို့လား”

အမေရိကန်၊ ဥရောပ ဒါမှမဟုတ် သြစတြေးလျလို ကျယ်ဝန်းတဲ့ တိုက်ကြီးတွေအတွက်တော့ သင့်တော်ပေမဲ့ ကိုရီးယားမှာတော့ သိပ်မလိုလှပါဘူး။ ဂျေဂျူးကျွန်း ဒါမှမဟုတ် အရှေ့တောင်အာရှ သွားရင်တော့ အဆင်ပြေမှာပါ။

ကျွန်တော်တို့ စားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပါတယ်။ လေယာဉ် ပျံတက်ပြီးနောက် ငြိမ်သွားတဲ့အခါ ဟင်နရီ က ခါးပတ်ကို ဖြုတ်ပြီး ပြောလာတယ်။

"ဝိုင် တစ်ခွက်လောက် သောက်မလား”

"ဘီယာကော မရှိဘူးလား”

တက်ဂယူ ရဲ့ စကားကြောင့် ဟင်နရီ ခဏ တွေဝေသွားပါတယ်။

"တကယ်တော့ ကျွန်တော်လည်း ဝိုင်ထက် ဘီယာကို ပိုကြိုက်တယ်”

ကျွန်တော်တို့ ဘီယာတစ်ဘူးစီ ယူလိုက်ကြပါတယ်။ ဟင်နရီ နဲ့ တစ်ခွက်လောက် သောက်ဖို့ စဉ်းစားနေတာ ကြာပြီဆိုတော့ အခုက အတော်ပဲပေါ့။

"ချီးယားစ်”

တက်ဂယူ ရဲ့ အော်ဟစ်သံနဲ့အတူ ကျွန်တော်တို့ ဘူးတွေကို တိုက်လိုက်ကြပါတယ်။

ဘီယာကို တစ်ငုံ သောက်ရင်း ဟင်နရီ ကို မေးလိုက်တယ်။

"ခင်ဗျားရဲ့ အဖိုးက ဘယ်လို လူမျိုးလဲ”

ဟင်နရီ က ဂုဏ်ယူစွာနဲ့ ပြန်ဖြေပါတယ်။

"သူက တကယ့်ကို ထူးချွန်တဲ့ လူတစ်ယောက်ပါ။ ကျွန်တော့် အဖိုးဖြစ်လို့တင် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလည်း သူ့ကို အရမ်း လေးစားပါတယ်”

ကျွန်တော် ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။

"ကျွန်တော်လည်း အတူတူပါပဲ။ Golden Gate ကြီးထွားလာဖို့အတွက် သူ့ရဲ့ အခန်းကဏ္ဍက အများကြီး ပါဝင်ခဲ့တယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး”

ဟင်နရီ က ကျွန်တော်တို့နဲ့ စကားပြောချင်ပုံ ရပါတယ်၊ ဇာတ်လမ်းတွေ အများကြီး ပြောပြနေခဲ့တာပါ။ ဟင်နရီ ဟာ ငယ်စဉ်ကတည်းက သူ့အဖိုးကို ကြည့်ပြီး ရင်းနှီးမြှုပ်နှံမှုဘက်ကို စိတ်ဝင်စားလာခဲ့တာလေ။

ဒါကြောင့်လည်း ဟားဗတ် မှာ ဒဿနိကဗေဒ နဲ့ ဘွဲ့ရခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ MBA ကိုပါ တက်ခဲ့တာပေါ့။

တက်ဂယူ က မေးခွန်းတစ်ခု ထုတ်ပါတယ်။

"ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားတာကို ဘာလို့ ဒဿနိကဗေဒကို မေဂျာကို ယူခဲ့တာလဲ”

"ရင်းနှီးမြှုပ်နှံမှုဆိုတာ လူတွေကို နားလည်ခြင်းကနေ စတင်ရမယ်လို့ အဖိုးက ပြောခဲ့ဖူးတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ဒဿနိကဗေဒက အခြေခံဖြစ်ရမယ်တဲ့”

ကောင်းမွန်တဲ့ မူဝါဒတွေ ရှုံးနိမ့်ရတဲ့ အကြီးမားဆုံး အကြောင်းရင်းက လူတွေရဲ့ စိတ်နှလုံးကို မထိတွေ့နိုင်လို့ပါပဲ။ အဲဒီအတိုင်းပဲ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှုံးနိမ့်ရတာလည်း အတူတူပါပဲ။

ဈေးကွက်ဆိုတာ အေးစက်တဲ့ ယုတ္တိဗေဒနဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာပဲ ရွေ့လျားနေတာ မဟုတ်ဘဲ လူတွေရဲ့ ကြောက်ရွံ့မှုတွေနဲ့ အဆင်အခြင်မဲ့မှုတွေ ရောပြွမ်းနေတဲ့ နေရာပါ။

အဲဒီကြားထဲက အမှန်တရားကို မြင်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်ပါ။

ကိုယ့်မှာ အေးစက်တဲ့ ယုတ္တိဗေဒရော၊ တိရိစ္ဆာန်တွေလို ပင်ကိုဗီဇရော ရှိနေဖို့ လိုအပ်ပြီး တစ်ခါတလေ ယုတ္တိဗေဒကို အားကိုးလိုက်၊ တစ်ခါတလေ ပင်ကိုဗီဇကို အားကိုးလိုက်နဲ့ ဈေးကွက်အပြောင်းအလဲပေါ် မူတည်ပြီး လိုက်လျောညီထွေ နေတတ်ရပါမယ်။

ဒါပေမဲ့ ပိုက်ဆံနဲ့ ပတ်သက်လာရင်တော့ အသိတရားရော စိတ်ခံစားချက်ရော ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ ဘာလို့ ပုံမှန်လူတစ်ယောက်က ကာစီနို ထဲ ရောက်သွားရင် စိတ်လွတ်ပြီး လောင်းကြေးတွေ ထပ်တတ်ကြတာလဲ။

"ခင်ဗျား အဖေကော Golden Gate မှာပဲ အလုပ်လုပ်တာလား”

ကျွန်တော့်မေးခွန်းကို ဟင်နရီ ခေါင်းခါပြပါတယ်။

"မဟုတ်ပါဘူး။ အဖေ့မှာ ရင်းနှီးမြှုပ်နှံမှု ပါရမီ မရှိဘူးလို့ အဖိုးက ပြောခဲ့တယ်။ သူကိုယ်တိုင်လည်း သိပ်ပြီး စိတ်မဝင်စားပါဘူး။ အခုတော့ တက္ကသိုလ်တစ်ခုမှာ ပါမောက္ခအဖြစ် အလုပ်လုပ်နေပါတယ်”

"ဒါဆို ခင်ဗျားကျတော့ကော”

ဟင်နရီ က ထပ်ပြီး ပြုံးလိုက်ပြန်တယ်။

"ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်မှာ ရင်းနှီးမြှုပ်နှံသူ ဖြစ်ဖို့ အရည်အချင်းတွေ ရှိတယ်လို့ အပြောခံရပါတယ်”

ဒါဆို ခင်ဗျားကို အမွေဆက်ခံဖို့ ပြင်ဆင်ပေးနေတာပေါ့။ နောင်မှာ ဟင်နရီ ဟာ Golden Gate ရဲ့ စီအီးအို ဖြစ်လာနိုင်တာပဲ။

"ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်”

"ဘာများလဲ”

"ရိုနယ် က တကယ်ပဲ သမ္မတ ဖြစ်လာမယ်လို့ ခင်ဗျား ထင်လား”

ဒါကို မေးတာက ခင်ဗျားလည်း ဒိုင်ယန် က ဆက်ပြီး အသာစီး ရနေတုန်းပဲလို့ ယုံကြည်နေလို့ မဟုတ်လား။ ဒီထရိုက်မှာ အခြေအနေ ပြန်ကောင်းလာတယ် ဆိုပေမဲ့ ဒိုင်ယန် က ထောက်ခံမှု ပိုများနေတာကတော့ အမှန်ပဲလေ။

ကျွန်တော် ရယ်လိုက်ပါတယ်။

"ဒီနှစ်ထဲမှာ ဘာတွေပဲ ဖြစ်လာပါစေ၊ အံ့ဩနေစရာ မလိုတော့ပါဘူး”

ကျွန်တော်တို့ မသိလိုက်ခင်မှာပဲ အရှေ့မှာ ဘီယာဘူးခွံတွေ စုပုံလာပါပြီ။

စကားတွေ အမျိုးမျိုး ပြောနေရင်းနဲ့ ပြတင်းပေါက် အပြင်ဘက်က ဒီထရိုက်မြို့ရဲ့ မြင်ကွင်းက လှမ်းမြင်နေရပါပြီ။

အခန်း (၇၈)

အစ်မဟျွန်းဂျူး နဲ့ အယ်လီ က ဒီထရိုက် မြို့တော်ခန်းမအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေကြတာပါ။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ဆိုက်ရောက်တာနဲ့ လေဆိပ်မှာ အသင့်စောင့်နေတဲ့ လင်မိုဇင်းနဲ့ ဟိုတယ်ကို တန်းသွားခဲ့ကြတယ်။ ဟိုတယ်လော်ဘီရောက်တော့ သူတို့နှစ်ယောက်နဲ့ ဆုံပါတယ်။

အယ်လီ က လက်ကမ်းကြိုဆိုရင်း "နှစ်ယောက်လုံးနဲ့ မဆုံရတာ ကြာပြီနော်" လို့ နှုတ်ဆက်တယ်။

တကယ်လည်း သူတို့နဲ့ မတွေ့ရတာ တော်တော်ကြာသွားပြီလို့ ခံစားရပါတယ်။ ပြန်စဉ်းစားကြည့်ရင် တကယ့်ကို အချိန်အတော်ကြာသွားတာပါ။

ကျွန်တော်လည်း ဝမ်းသာအားရပဲ "နေကောင်းကြရဲ့လား" လို့ ပြန်နှုတ်ဆက်လိုက်ပါတယ်။

အယ်လီ က မျက်မှောင်ကြုတ်ပြီး "မကောင်းပါဘူး၊ ဂျက်စီကာက အလုပ်တွေပဲ တပုံကြီး ခိုင်းနေတာ။ အမေရိကန်လာရင် နည်းနည်းနားရမယ် အောက်မေ့တာ" လို့ ညည်းတွားရှာတယ်။

အစ်မဟျွန်းဂျူး ကတော့ အတော်လေး ပင်ပန်းနေပုံရပါတယ်။ သူက အမြဲတမ်း အဲဒီလို ပုံစံမျိုး ရှိတတ်ပေမဲ့ ဒီနေ့တော့ ပိုပြီး ဆိုးနေသလိုပဲ။

"ပင်ပန်းနေပုံရတယ်၊ အဆင်ပြေရဲ့လား" လို့ ကျွန်တော် မေးလိုက်မိတယ်။

အစ်မဟျွန်းဂျူး က သက်ပြင်းချရင်း "နင်တို့နှစ်ယောက်သာ အခုလောက် အလုပ်မများရင် ငါလည်း အဆင်ပြေမှာပါ" လို့ ပြောပါတယ်။

ကိုရီးယား ဌာနခွဲမှာ အခြေအနေတွေ ရှုပ်ထွေးနေတဲ့ကြားက အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ပျံသန်းလာရတာဆိုတော့ နားချိန်တောင် ရှိမှာ မဟုတ်ပါဘူး။

ကျွန်တော်လည်း ခေါင်းကုတ်ရင်း "တောင်းပန်ပါတယ်၊ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားမယ်လို့ မထင်ထားမိလို့ပါ" လို့ ပြန်ပြောလိုက်တယ်။

အစကတော့ အေးအေးဆေးဆေးပဲ သွားဖို့ စီစဉ်ထားတာပါ၊ ဒါပေမဲ့ ဘယ်လိုကနေ ဘယ်လို အခြေအနေတွေက ဒီလောက်အထိ တရှိန်ထိုး ဖြစ်ကုန်လဲ မသိပါဘူး။

"ဒီလူက ဘယ်သူလဲ" လို့ အယ်လီ က မေးလာတယ်။

ကျွန်တော်တို့ နောက်မှာတော့ ဟင်နရီ က ဘာကြောင့်မှန်းမသိ မျက်နှာတွေ နီရဲပြီး တိတ်တိတ်လေး ရပ်နေပါတယ်။

လေယာဉ်ပေါ်မှာ သောက်လာတဲ့ ဘီယာရှိန်က မပြေသေးလို့လား မသိဘူး။

ကျွန်တော်ကပဲ သူ့ကိုယ်စား မိတ်ဆက်ပေးလိုက်တယ်။

"ဒါက ဟင်နရီ ဂိုးမန်း ပါ။ Golden Gate စီအီးအို ဂျိန်း စီ ဂိုးမန်း ရဲ့ မြေးပေါ့”

ကျွန်တော့်စကားကြောင့် အယ်လီ က အံ့ဩသွားသလို အစ်မဟျွန်းဂျူး မျက်နှာမှာလည်း အံ့ဩတဲ့အရိပ်အယောင်လေး ဖြတ်ပြေးသွားပါတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မကတော့ ကိုရီးယား ဌာနခွဲမှာ အလုပ်လုပ်နေတဲ့ အယ်လီကင် ပါ။ ဒါကတော့ ကိုရီးယား ဌာနခွဲ မန်နေဂျာ ဂျက်စီကာအို ပါ”

ဟင်နရီ က အံ့ဩတကြီးနဲ့ ခေါင်းငုံ့နှုတ်ဆက်ရှာတယ်။

"ဪ... ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဟင်နရီ ပါ”

ဟင်နရီ ဟာ အယ်လီ ရဲ့ မျက်လုံးကိုတောင် တည့်တည့်မကြည့်ဘဲ ထူးထူးခြားခြား မျက်နှာတွေ နီမြန်းနေပါတယ်။

မဟုတ်မှလွဲရော...။

တက်ဂယူ က ကျွန်တော့်နားကပ်ပြီး တိုးတိုးလေး ကပ်ပြောတယ်။

"သူ အယ်လီ ကို စိတ်ဝင်စားနေပုံပဲ”

ကျွန်တော်လည်း မြင်နေရတာပဲလေ။

တက်ဂယူ က သူ့တံတောင်ဆစ်နဲ့ ကျွန်တော့်နံဘေးကို တွန်းရင်း "မင်း နည်းနည်းလောက် စိတ်လျှော့ဦး" လို့ ပြောလာတယ်။

"ငါက ဘာလို့လဲ”

အစ်မဟျွန်းဂျူး က "မိတ်ဆက်တာတွေ ပြီးပြီဆိုရင် နှစ်ယောက်လုံး ငါ့နောက်ကို လိုက်ခဲ့ကြဦး" လို့ ပြောပြီး အခန်းထဲကို ခေါ်သွားပါတယ်။

ကျွန်တော်တို့ ဟိုတယ်ခန်းထဲကို ဝင်လိုက်ကြတယ်။

သိပ်မကြာသေးခင်အထိ အခန်းထဲမှာ တစ်ယောက်ယောက်က ဆေးလိပ်သောက်ထားသလိုမျိုး ဆေးလိပ်နံ့တွေ ပြည့်နေ ပါတယ်။

ကျွန်တော်က အယ်လီ ကို "အခန်း အတူတူ သုံးနေကြတာတော့ မဟုတ်ပါဘူးနော်။ ဆေးလိပ်ငွေ့ ရှူမိတာက ကျန်းမာရေးအတွက် မကောင်းဘူးလေ" လို့ ပြောလိုက်တယ်။

"အခန်းကတော့ သီးသန့်စီပါ။ ဒါပေမဲ့ အိပ်တဲ့အချိန်ကလွဲရင် အမြဲတမ်း အတူတူ ရှိနေကြတာပဲလေ။ ငါ့အသားအရေကို ထိခိုက်ကုန်ရင်တော့ ဒုက္ခပဲ”

တက်ဂယူ က ဝင်ပြောတယ်။

"အလယ်တန်းကတည်းက ဆေးလိပ်ငွေ့ဒဏ် ခံလာရတဲ့သူတစ်ယောက်အနေနဲ့ ပြောရရင် ဒါကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်”

"ဘာလဲ”

"အတူတူ သောက်လိုက်တာပဲ။ ကိုယ်တိုင်တိုက်ရိုက်သောက်ရင် တဆင့်ခံ ဆေးလိပ်ငွေ့ဒဏ်ကနေ ရှောင်ရှားနိုင်တယ်လေ”

"ဒါကတော့ အဓိပ္ပာယ်မရှိလိုက်တာ”

အစ်မဟျွန်းဂျူး က ဆေးလိပ်တစ်ငုံ ရှိုက်လိုက်ပြီး ကျွန်တော်တို့ ချက်ချင်းပဲ အစည်းအဝေး စလိုက်ကြပါတယ်။

"ညှိနှိုင်းမှုတွေ ဘယ်လိုရှိလဲ”

"မစ်ရှီဂန် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းမှုတွေကတော့ ပြီးသလောက် ရှိနေပါပြီ။ ရုံးချုပ်နဲ့ စက်ရုံမြေနေရာ ရထားပြီးပြီ။ အခြေခံ အဆောက်အအုံပိုင်းကိုတော့ ပြည်နယ်ဘက်က တာဝန်ယူပေးမှာပါ။ အခွန်ခံစားခွင့်တွေနဲ့ တခြား ပံ့ပိုးမှုတွေလည်း ရဖို့ သဘောတူထားတယ်”

"FCA ဘက်ကကော”

"သူတို့ရဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန် ရောက်လာဖို့ ရှိတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီး အရှုံးပေါ်နေတဲ့ Brandတွေနဲ့ စက်ရုံတွေကို စာရင်းရှင်းထုတ်ပစ်ချင်ပုံရတယ်”

"အောင်မြင်နေတဲ့ Brandတွေကိုတော့ သူတို့ လက်လွှတ်မှာ မဟုတ်ဘူးလေ”

"ဘာပဲဖြစ်ဖြစ် Chrysler ကို ဝယ်လိုက်တာက ငါတို့ ခြေလှမ်းတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ။ လျှပ်စစ်ကား ကုမ္ပဏီတစ်ခုကိုပါ ထပ်ဝယ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ စိတ်ထဲမှာ သင့်တော်တဲ့ ကုမ္ပဏီ ရှိလား”

"အကြီးမားဆုံး ပြဿနာက အမေရိကန် သမ္မတ ရွေးကောက်ပွဲပဲ။ အခု ကမ္ဘာတစ်ဝှမ်းလုံးက ဒါကိုပဲ အာရုံစိုက်နေကြတာ မဟုတ်လား”

"အမေရိကန်က ကမ္ဘာ့ GDP ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပေမဲ့ သူ့ရဲ့ လွှမ်းမိုးမှုက အဆပေါင်းများစွာ ပိုတယ်။ အပြတ်အသတ် သာလွန်တဲ့ စစ်အင်အားနဲ့ ဒေါ်လာကို အရန်ငွေကြေးအဖြစ် သုံးထားတာကြောင့် နိုင်ငံအတော်များများက အမေရိကန်ရဲ့ မူဝါဒတွေနဲ့ အတိုးနှုန်းတွေအောက်မှာ လွှမ်းမိုးခံနေရတာလေ”

"ဒါကြောင့်လည်း နိုင်ငံတိုင်းက အမေရိကန် ရွေးကောက်ပွဲကို စောင့်ကြည့်နေရတာပေါ့”

"ကိုရီးယားမှာကော ဘယ်လို သဘောထားကြလဲ”

"ရိုနယ် ကိုတော့ လုံးဝ ကန့်ကွက်ကြတာပဲ”

"အဲဒါက လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောတာလား၊ ဒါမှမဟုတ် လုံးဝ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းနေကြတာလား”

"နှစ်ခုလုံးပဲ”

"... သူက တော်တော်လေး လူမုန်းများပုံရတယ်။ ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း အငြင်းပွားစရာ စကားတွေ တော်တော်များများ ပြောခဲ့တာကိုး”

"တခြားနိုင်ငံတွေလည်း ဒီလိုပါပဲ။ အစ္စရေး ကလွဲရင် ရိုနယ် ကို ထောက်ခံတဲ့ နိုင်ငံ မရှိသလောက်ပါပဲ။ သူက မွတ်စလင် ဆန့်ကျင်ရေးသမား ဖြစ်နေတာကိုး”

"တကယ်လို့ တခြားသူတွေ အားလုံးက ဒိုင်ယန် ကို ထောက်ခံနေချိန်မှာ ငါတို့က ရိုနယ် ဘက်က ရပ်တည်ပေးရင် တကယ်လို့ သူသာ သမ္မတ ဖြစ်သွားခဲ့ရင် Brexit တုန်းကထက်တောင် ပိုပြီး ပြဿနာ တက်နိုင်တယ်”

အစ်မဟျွန်းဂျူး ရဲ့ မျက်နှာမှာ စိုးရိမ်စိတ်တွေ အထင်အရှား ပေါ်နေပါတယ်။

"ဘာလို့ ရိုနယ် ကိုမှ သွားထောက်ခံရတာလဲ။ ဒိုင်ယန် ကို ထောက်ခံတာကမှ ပိုကောင်းဦးမယ်”

"ကျွန်တော်လည်း အဲဒီလို လုပ်ချင်တာပေါ့၊ ဒါပေမဲ့ ဟိုဘက်ကမှ လက်မခံတာပဲ။ တကယ်လို့ ဒိုင်ယန် သာ သမ္မတလောင်း ဖြစ်လာခဲ့ရင် အခြေအနေက အခုထက် ပိုကောင်းလာမှာလား”

"ရိုနယ် ရဲ့ တက်ကြွတဲ့ အရောင်းမြှင့်တင်မှုတွေကြောင့် OTK Company ကလည်း အာရုံစိုက်ခံနေရတယ်။ ရိုနယ် က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တိုးတက်မှုတွေကို သူ့အောင်မြင်မှုအဖြစ် အမြဲ တင်နေတာ။ အဲဒီကျေးဇူးကြောင့်ပဲ OTK Company က CarOS ကို ပိုင်ဆိုင်ပြီး မော်တော်ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေတယ် ဆိုတာ တစ်ကမ္ဘာလုံး သိသွားတာလေ။ ဒီလို လူသိအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရမလားတောင် မသိဘူး”

"အကောင်းဘက်ကပဲ တွေးကြတာပေါ့။ အခြေအနေသာ ကောင်းသွားရင် အမေရိကန် သမ္မတကို ကျောထောက်နောက်ခံ ရလိုက်သလို ဖြစ်သွားမှာ မဟုတ်လား”

ကိုရီးယားမှာတော့ စီးပွားရေးလောကနဲ့ နိုင်ငံရေးလောကက တစ်သားထဲလိုပါပဲ။ ဒါကြောင့် ကျွန်တော်က အွန်ဆောင်း ကော်ပိုရေးရှင်း ကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် နောက်ကောက်မကျန်ခဲ့ဖို့ နိုင်ငံရေးလောကနဲ့ လက်တွဲဖို့က ရှောင်လွှဲလို့ မရပါဘူး။ ကိုယ့်ဘက်ကနေ ရပ်တည်ပေးမယ့်သူ တစ်ယောက်တော့ လိုအပ်ပါတယ်။ အဲဒီလူကသာ အမေရိကန် သမ္မတ ဖြစ်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

"ဒါကတော့ အဆင်ပြေသွားတဲ့ အခါမှ ပြောရမယ့် စကားပါ”

"အဆင်ပြေသွားမှာပါ။ ကျွန်တော့်ကို ယုံပါ" လို့ ကျွန်တော် အာမခံလိုက်ပါတယ်။

အစ်မဟျွန်းဂျူး က ခေါင်းငြိမ့်ပြတယ်။

"သိပါတယ်။ ဂျင်ဟူ။ နင် လုပ်သမျှမှာ အကြောင်းပြချက်ကောင်းကောင်း ရှိမှာပါ”

Brexit ပြီးတဲ့နောက်မှာတော့ ယုံကြည်မှုက ပိုပြီး တိုးလာခဲ့တာပါ။

အယ်လီ ကလည်း ဝင်ပြောတယ်။

"ငါလည်း ဂျင်ဟူ ကို ယုံပါတယ်”

"ကျေးဇူးတင်ပါတယ်" လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။

အစ်မဟျွန်းဂျူး က ဆေးလိပ်ကို ငြှိမ်းလိုက်ပြီး လက်ခုပ်တီးလိုက်တယ်။

"ကဲ... အခုကစပြီး အလုပ်စကြရအောင်”

အစိုးရဆီက ပံ့ပိုးမှုရဖို့ ညှိနှိုင်းတာ၊ FCA Group နဲ့ ဝယ်ယူဖို့ ဆွေးနွေးတာ၊ CarOS ရုံးချုပ် ရွှေ့ပြောင်းတာ စတဲ့ အလုပ်တွေက တပုံကြီး စုပုံနေတာပါ။

ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေမှာပဲ မထင်မှတ်ထားတဲ့ လူတစ်ယောက်က ကျွန်တော့်ဆီ ရောက်လာပါတယ်။

ကျွန်တော်က အယ်လီ နဲ့အတူ ဟိုတယ် အစည်းအဝေးခန်းကို သွားခဲ့ပါတယ်။ အဲဒီမှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ မျက်မှန်တပ်ထားတဲ့ ထိပ်ပြောင်ပြောင် လူတစ်ယောက်က ရောက်နှင့်နေပါပြီ။ သူက အသားဖြူဖြူ၊ နဖူးပြောင်ပြောင်နဲ့ ဆိုတော့ ကြည့်ရတာ နည်းနည်းတော့ စိုးရိမ်နေပုံရတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က OTK Company ရဲ့ စီအီးအို ပါ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ရှေ့နေ အယ်လီ ပါ”

"တွေ့ရတာ ဝမ်းသာပါတယ်”

သူ့မျက်နှာမှာ ခဏလောက်တော့ အံ့ဩတဲ့အရိပ်အယောင် ပေါ်သွားပါတယ်။

အသက် ၂၀ ကျော် အရွယ် အာရှသား လူငယ်လေးတစ်ယောက်က OTK Company လိုမျိုး ဆန်းကြယ်တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေတယ်ဆိုတာ ကြားလိုက်ရရင် စိတ်ဝင်စားဖို့ ကောင်းနေမှာပဲလေ။

ဒါက တကယ်လားလို့ သူ မမေးတာကို ကြည့်ရင် ကျွန်တော့်အကြောင်း သတင်းအချက်အလက်တွေ ကြိုရထားပုံပါပဲ။

"ကျွန်တော်က ဂျိုအယ်ပါ”

သူက ဒိုင်ယန် ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတွေမှာ အဓိက ဗျူဟာမှူး ဖြစ်ပြီး ကြော်ငြာတွေကအစ လူထုစည်းဝေးပွဲ အစီအစဉ်တွေအထိ အားလုံးကို တာဝန်ယူထားသူပါ။

ဒီလောက် အလုပ်များနေတဲ့ကြားက သူ ကျွန်တော့်ဆီ ရောက်လာတာလား။ ဒါမှမဟုတ် အရမ်း အလုပ်များနေလို့ပဲ ကျွန်တော့်ဆီ ရောက်လာတာလား။

နှုတ်ဆက်ပြီးတာနဲ့ ကျွန်တော်တို့ ထိုင်လိုက်ကြပါတယ်။

"အရင်ကလည်း ခင်ဗျားနဲ့ တွေ့ဖို့ ကမ်းလှမ်းခဲ့ဖူးတယ်၊ အခုမှပဲ တကယ် ဆုံဖြစ်ကြတော့တယ်”

ကျွန်တော့်စကားကြောင့် ဂျိုအယ် က ခပ်နွမ်းနွမ်းလေး ပြုံးလိုက်တယ်။

"ကျွန်တော်လည်း အဲဒါကို နောင်တရမိပါတယ်။ စောစောစီးစီး တွေ့ဖြစ်ခဲ့ရင် ပိုကောင်းမှာ”

"ကျွန်တော့်ဆီက ဘာများ လိုချင်လို့လဲ”

သူက ကျွန်တော့်မေးခွန်းကို တိုက်ရိုက်ပဲ ဖြေပါတယ်။

"ခင်ဗျားတို့ရဲ့ အကူအညီကို လိုချင်ပါတယ်”

တွေ့ဖို့ ကမ်းလှမ်းကတည်းက ဒီလို တောင်းဆိုလာမယ်ဆိုတာ ကျွန်တော် ခန့်မှန်းထားပြီးသားပါ။

"အဲဒါက ဘာကို ဆိုလိုတာလဲ”

"ကျွန်တော်တို့ရဲ့ သမ္မတလောင်းကလည်း OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အပြုသဘောပဲ မြင်ပါတယ်။ ဒါပေမဲ့ အလျင်စလို ဖြစ်နေတာကိုတော့ စိုးရိမ်နေကြတယ်။ လက်ရှိ အစိုးရနဲ့ သဘောတူညီချက်ကို မချုပ်ဆိုရသေးဘူး ဆိုတာကိုလည်း သိထားပါတယ်။ အဲဒီ သဘောတူညီချက် လက်မှတ်ထိုးမှာကို ခဏလောက် နောက်ဆုတ်ပေးဖို့ ဘယ်လို သဘောရလဲ”

"ကျွန်တော့်ကို ကတိဖျက်ခိုင်းနေတာလား”

ဂျိုအယ် က ခေါင်းခါပြပါတယ်။

"ခဏလောက် ဆိုင်းငံ့ပေးရုံတင်ပါ”

ရိုနယ် က OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှုကို သူ့ရဲ့ အောင်မြင်မှုအဖြစ် အသည်းအသန် ကြေညာနေတာပါ။ တကယ်လို့ ဒီလို အခြေအနေမှာ ကျွန်တော်တို့ဘက်က စိတ်မဝင်စားတော့သလိုမျိုး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုကို ပြန်ရုပ်သိမ်းချင်သလိုမျိုး လုပ်လိုက်ရင် သူ့အတွက် အကြီးအကျယ် ထိခိုက်သွားမှာပါ။

ဘယ်ဘက်ကပဲ ကြည့်ကြည့် အမေရိကန် မော်တော်ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာကတော့ အကျိုးရှိတာ အမှန်ပဲလေ။

ဒါကို ခင်ဗျားတို့က ဒီလို တောင်းဆိုလာတာလား။ ဒါကိုပဲ နိုင်ငံရေးလို့ ခေါ်တာလား။

"ဒီလို လုပ်ပေးရင် ကျွန်တော့်အတွက် ဘာအကျိုးရှိမလဲ”

"ခင်ဗျား သိတဲ့အတိုင်း ရတ်စ်ဘဲ ဒေသက ပြည်နယ်အုပ်ချုပ်ရေးမှူး အများစုက ဒီမိုကရက်တွေပါ။ သမ္မတလောင်း ဒိုင်ယန် က ကိုယ်တိုင်မောင်းနှင်မှုစနစ်ဆိုင်ရာ စည်းမျဉ်းတွေကို လျှော့ချပေးဖို့ ယာဉ်မောင်းမဲ့ကားတွေကို တရားဝင်ခွင့်ပြုဖို့နဲ့ အမေရိကန် မော်တော်ကားလုပ်ငန်း တိုးတက်ဖို့အတွက် ကိုယ်တိုင်မောင်းကားတွေမှာ ထောက်ပံ့ကြေးတွေ ပေးဖို့ စီစဉ်ထားပါတယ်”

CarOS အတွက် အကျိုးရှိမယ့် ဥပဒေတွေကို ပြင်ဆင်ပေးမလို့လား။

ကျွန်တော် စားပွဲပေါ်ကို လက်ချောင်းလေးတွေနဲ့ တောက်လိုက်ပါတယ်။

ကျွန်တော် စဉ်းစားနေတာကို မြင်တော့ ဂျိုအယ် က တိုးတိုးလေး ပြောလာတယ်။

"ရတ်စ်ဘဲက ပြည်နယ်အနည်းငယ်မှာ ရှုံးနိမ့်သွားတာက အခြေအနေတစ်ခုလုံးကို မထိခိုက်နိုင်ဘူးဆိုတာ ခင်ဗျား နားလည်မှာပါ။ ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှု လုပ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ရွေးကောက်ပွဲက နီးကပ်လာပါပြီ။

ရိုနယ် က အခြေအနေ ပြန်ကောင်းအောင် လုပ်နေတယ် ဆိုပေမဲ့ အသာစီးရနေတာကတော့ ဒိုင်ယန် ပါပဲ။

လူထုစစ်တမ်းတွေအရ သူက လူကြိုက်များမှုတင် မကဘဲ ရွေးကောက်ခံ ကိုယ်စားလှယ် မဲအရေအတွက်မှာပါ ဦးဆောင်နေတာပါ။

ပညာရှင်တွေကတော့ ဒိုင်ယန် ဟာ ကိုယ်စားလှယ်မဲ ၃၁၀ ကနေ ၃၄၀ ကြား အသာလေးရပြီး သမ္မတ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂျိုအယ် ကတော့ ယုံကြည်မှုတွေ ပြည့်နေပုံရတယ်။

သူ့ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် လက်ခံလိမ့်မယ်လို့ အဲဒီလောက်တောင် စိတ်ချနေတာလား။

ကျွန်တော်က ဆက်ပြီး ထောက်ခံနေဦးမယ် ဆိုရင်တောင် ရိုနယ် နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကသာ အားပေးမှုကို ရုပ်သိမ်းလိုက်ရင် ဒိုင်ယန် နိုင်ဖို့က သေချာသွားပါပြီ။

"ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိတယ်”

"ဘာများလဲ”

"ခင်ဗျား ကိုယ်တိုင် ကျွန်တော့်ဆီ လာဖို့ တကယ်ပဲ လိုလို့လား”

"အပြတ်အသတ် အောင်နိုင်ဖို့အတွက်ပါ”

"ခင်ဗျားက ဘယ်လို အပြောင်းအလဲမျိုးကိုမှ အဖြစ်မခံချင်ဘူးပေါ့လေ”

ကျွန်တော့်ရဲ့ ရွေးချယ်မှုက အမေရိကန် သမ္မတကို ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အတွေးက တစ်မျိုးကြီးပါပဲ။

ဒါပေမဲ့လည်း အဖြေကတော့ ထွက်ပြီးသားပါ။

"ကျွန်တော် ငြင်းပါရစေ”

မထင်မှတ်ထားတဲ့ အဖြေကြောင့် ဂျိုအယ် ရဲ့ မျက်နှာက တောင့်ခဲသွားပါတယ်။

"ခင်ဗျား နောင်တရလိမ့်မယ်နော်”

အကြပ်ကိုင်တာလား။

ကျွန်တော် ခပ်ဖွဖွ ရယ်လိုက်မိတယ်။

"စီးပွားရေးမှာ ယုံကြည်မှုက အသက်ပဲ။ ပိုက်ဆံ ရှုံးသွားရင် ပြန်ရှာလို့ ရပေမဲ့ ယုံကြည်မှု ပျက်သွားရင်တော့ အားလုံး ပြီးသွားပြီ။ သမ္မတလောင်း ဒိုင်ယန် လည်း ဒါကို နားလည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်”

နားမလည်ပေးရင်လည်း ဘာမှ လုပ်လို့ မရတော့ဘူးလေ။

ဂျိုအယ် ဟာ ဘာစကားမှ ထပ်မပြောတော့ဘဲ ထိုင်ရာက ထသွားပါတယ်။ အခုဆို ဒိုင်ယန် ဘက်နဲ့ လုံးဝ လမ်းခွဲလိုက်ရပြီလား။ စိတ်ထဲမှာတော့ မကောင်းလှပါဘူး။ ရန်သူ မဖြစ်ချင်ခဲ့တာတော့ အမှန်ပါပဲ။

အယ်လီ က ကျွန်တော့်ကို မေးတယ်။

"ဘာလို့ ငြင်းလိုက်တာလဲ”

ကျွန်တော်ကတော့ ထင်ရှားနေတဲ့ အတိုင်းပဲ ပြန်ဖြေလိုက်တယ်။

"နိုင်ငံရေးသမားတွေရဲ့ စကားကို ယုံလို့ မရဘူးလေ”

သမ္မတ ဖြစ်လာမယ်ဆိုတဲ့ ဒိုင်ယန် ရဲ့ စကားတွေက တကယ်ပဲ လက်တွေ့ ဖြစ်လာမှာလား။

GM နဲ့ Ford လိုမျိုး ကားကုမ္ပဏီကြီးတွေအပြင် ထိပ်တန်း IT လုပ်ငန်းတွေကလည်း ဒိုင်ယန် ရဲ့ ရွေးကောက်ပွဲကို ထောက်ခံပေးနေကြတာပါ။ သူတို့ကသာ ကန့်ကွက်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အကျိုးရှိမယ့် ဥပဒေတွေကို သူတို့ တကယ်ပဲ ပြဋ္ဌာန်းပေးနိုင်ပါ့မလား။

အဓိကကတော့ ဒိုင်ယန် က ဒါကို တိုက်ရိုက် ကတိပေးခဲ့တာ မဟုတ်သလို ဘယ်စာရွက်စာတမ်းပေါ်မှာမှလည်း ရေးမထားတာကြောင့် နောက်ပိုင်းမှာ သူ့ကို တာဝန်ယူခိုင်းဖို့ နည်းလမ်း မရှိပါဘူး။

"ဒါဆို ရိုနယ် ကျတော့ကော”

သူကရော နိုင်ငံရေးသမား မဟုတ်ဘူးလား ဆိုတာကတော့ မေးစရာပါ။

"ရိုနယ် က မော်တော်ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ကို အစကတည်းက ဦးဆောင်ခဲ့တာလေ။ သူ သမ္မတ ဖြစ်လာရင်လည်း ဒါကို အစွမ်းကုန် ပံ့ပိုးပေးမယ်လို့ လူသိရှင်ကြား ကတိပေးထားပြီးသား”

အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေကို ပြန်လည် နိုးထစေဖို့ ဆိုတဲ့ အချက်ကနေ ကြည့်ရင် သူ ကျွန်တော်တို့ကို နှိပ်ကွပ်စရာ အကြောင်း မရှိပါဘူး။

"ပြီးတော့ သူကိုယ်တိုင်ကလည်း စီးပွားရေးသမား တစ်ယောက် ဖြစ်နေတာကြောင့် ဖြစ်နိုင်သမျှ သူ့ကတိကို တည်အောင် လုပ်လိမ့်မယ်လို့ ထင်တယ်”

အနည်းဆုံးတော့ နိုင်ငံရေးသမားတစ်ယောက်ထက်စာရင် ပိုပြီး ယုံကြည်ရတာပေါ့။

"ဒါတွေက ရိုနယ် သမ္မတ ဖြစ်လာမယ့် အချိန်ကို ပြောတာမလား။ တကယ်လို့ ဒိုင်ယန် သာ သမ္မတ ဖြစ်သွားရင် အမေရိကန်မှာ စီးပွားရေး ဆက်လုပ်ဖို့ ခက်ခဲသွားနိုင်တယ်”

"ရိုနယ် ရွေးကောက်ခံရမှာပါ”

အယ်လီ ကတော့ ဇဝေဇဝါ ဖြစ်နေပုံရတယ်။

ကျွန်တော် ဘာလို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေတာလဲ ဆိုတာကို သူ တွေးနေမှာပါ။

"အဲဒါထက် ရိုနယ် ဆီကို ဖုန်းဆက်ပြီး ကျွန်တော့်ရဲ့ စိုးရိမ်မှုတွေကို ပြောပြထားရမယ်”

ဒိုင်ယန် ရဲ့ ရွေးကောက်ပွဲ ဗျူဟာမှူးနဲ့ ကျွန်တော် တွေ့ခဲ့တယ်ဆိုတဲ့ အချက်က ရိုနယ် ဆီကိုလည်း ရောက်သွားမှာ သေချာပါတယ်။

မလိုအပ်ဘဲ သံသယတွေ မဝင်လာအောင် သူ့ကို စိတ်ချအောင် လုပ်ထားရမယ်။ အစိုးရနဲ့ သဘောတူညီချက်ကိုလည်း ချက်ချင်း လက်မှတ်ထိုးလိုက်ဖို့လိုနေပါပြီ။

"တကယ်လို့ ရိုနယ် သမ္မတ ဖြစ်လာပေမဲ့ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ မနိုင်ခဲ့ရင်ကော”

ကျွန်တော် ရယ်ရင်းနဲ့ ပြောလိုက်ပါတယ်။

"စိုးရိမ်စရာ မရှိပါဘူး”

နောက်ထပ် လေးနှစ်ဆိုရင်တော့ OTK Company ဟာ အမေရိကန်ရဲ့ နိုင်ငံရေး အခြေအနေကို စိုးရိမ်နေစရာ မလိုတော့တဲ့အထိ ကြီးထွားလောက်ပါပြီ။

All Chapters