အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
ဟိုတယ်ခန်းထဲမှာ Faxစက်၊ ကွန်ပျူတာနဲ့ ပရင်တာတွေ တပ်ဆင်ထားပါတယ်။ ကျွန်တော်တို့ အားလုံး စုပေါင်းပြီး ရောက်လာတဲ့ စာရွက်စာတမ်းတွေကို စီစစ်ကြတယ်။ ညှိနှိုင်းမှုတွေကို ဦးဆောင်ခဲ့တဲ့ အစ်မဟျွန်းဂျူး က စာရွက်စာတမ်းအားလုံးကို သေသေချာချာ ပြန်စစ်သလို အယ်လီ ကလည်း ဥပဒေကြောင်းအရ ပြဿနာရှိမရှိ တစ်ခုချင်းစီ လိုက်စစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ချရမယ့်သူအနေနဲ့ ကျွန်တော်က ရှေ့မှာ ချပေးထားတဲ့ စာရွက်စာတမ်းတွေကို ကြည့်ပြီး အတည်ပြုပေးခဲ့တယ်။
ဒါပေမဲ့ အရာအားလုံးကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ လုပ်နေကြတာတော့ မဟုတ်ပါဘူး။ CarOS ရွှေ့ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး Golden Gate ရုံးချုပ်နဲ့ တိုင်ပင်ဖို့ ဆုံးဖြတ်ခဲ့ကြသလို Golden Gate ရဲ့ ကုမ္ပဏီချင်း ပေါင်းစည်းရေးနဲ့ ဝယ်ယူရေး ကျွမ်းကျင်သူတွေကလည်း FCA Group နဲ့ ညှိနှိုင်းဖို့ အီတလီကို ပျံသန်းသွားကြပါပြီ။
တခြား လွှဲပေးလို့ရတဲ့ အလုပ်အသေးလေးတွေအတွက်တော့ K Company ကို အသုံးပြုခဲ့ပါတယ်။
ကျွန်တော်လည်း စီနီယာ ဆန်းယော့နဲ့ မစကားမပြောဖြစ်တာ ကြာပြီမလို့ စကားပြောဖြစ်ခဲ့တယ်။
စီနီယာ ဆန်းယော့က "ရိုနယ် ရဲ့ လူမှုကွန်ရက်ကနေ မင်းသတင်းတွေ ကြားနေရတယ်" လို့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပါတယ်။
"..."
ဒိုင်ယန် နဲ့ မတူတာက ရိုနယ် ဟာ သူ့ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုတွေအတွက် လူမှုကွန်ရက်ကို တက်တက်ကြွကြွ အသုံးချတာပါပဲ။ တကယ်လို့ ရိုနယ် ရဲ့ နာမည်ကို ရှာကြည့်လိုက်ရင် OTK Company ဆိုတဲ့ နာမည်က ဆက်စပ်ရှာဖွေမှုအနေနဲ့ အလိုအလျောက် ပေါ်လာမှာပါ။
"ကျွန်တော်တို့ကို သိပ်ပြီး အသုံးမချပါနဲ့ဦးဗျာ..."
ဒါပေမဲ့ ဒီလိုမျိုးနဲ့ပဲ အောင်ပွဲရမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ကြိုဆိုရမှာပါပဲ။
"စီနီယာတို့ဘက်မှာကော အခြေအနေ ဘယ်လိုရှိလဲ"
"မကြာသေးခင်ကမှ ပြောင်းတာ ပြီးသွားတယ်။ မင်းကော ကိုရီးယားကို ဘယ်တော့ ပြန်လာမှာလဲ"
"ဒီက အလုပ်တွေ အားလုံးပြီးတာနဲ့ ကျွန်တော်တို့ အတူတူ ပြန်လာခဲ့ပါ့မယ်”
"မြန်မြန်ပြန်လာခဲ့။ မင်း ကိုရီးယားမှာ မရှိတော့ ဒီမှာ ပျင်းစရာကြီး ဖြစ်နေတယ်ကွ”
"ဟုတ်ကဲ့ပါ။ ပြန်ရောက်မှ အေးဆေး စကားပြောကြတာပေါ့”
ကျွန်တော်တို့ကတော့ နည်းနည်း လှုပ်ရှားလို့ရသေးပေမဲ့ အစ်မဟျွန်းဂျူး ကတော့ ကိုယ်ပွားနှစ်ယောက် ရှိနေရင်တောင် အလုပ်တွေက လက်မလည်နိုင်အောင် ဖြစ်နေပါတယ်။ သူက အိပ်ချိန်တောင် မရှိဘဲ ၁၅ မိနစ်လောက် တစ်ဖြတ်စီ ခဏပဲ မှေးပြီး အလုပ်ထဲကိုပဲ အားစိုက်ထားတာပါ။ သိပ်ပြီး အရေးမစိုက်တတ်တဲ့ တက်ဂယူ ကတောင် "ဒါက ရုံးမှ မဟုတ်တာ၊ အဝတ်အစားကို သက်တောင့်သက်သာလေး ဝတ်ပါလား" လို့ ပြောယူရတယ်။
ဂျင်းဘောင်းဘီ ဒါမှမဟုတ် လေ့ကျင့်ခန်းဝတ်စုံတွေ ဝတ်ထားတဲ့ ကျွန်တော်တို့နဲ့ မတူဘဲ ဟျွန်းဂျူး ကတော့ ခါးမြင့်စကတ်နဲ့ အဖြူရောင် ဘလောက်စ်အင်္ကျီကိုပဲ ဝတ်ထားပြီး ဆံပင်ကိုလည်း သေသေသပ်သပ် စည်းထားပြီး ကလစ်နှိပ်ထားကာ ကျောကိုလည်း မတ်မတ်ထားပြီး စားပွဲမှာ ထိုင်ကာ အလုပ်ကို အာရုံစိုက်နေပါတယ်။
"နမော်နမဲ့မလုပ်မိစေနဲ့”
တကယ်တော့ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတဲ့နေရာမှာ တကယ့်ကို စေ့စပ်သေချာလွန်းတာပါ။ တခြားသူတွေဆီကနေ သင်ယူသင့်တယ်ဆိုတာ သိနေပေမဲ့ တကယ်တမ်း လက်တွေ့လုပ်ဖို့ကျတော့ ကျွန်တော်တို့လည်း လုပ်နိုင်မယ် မထင်ပါဘူး။
"နောက်ဆုံးတစ်ခေါက် ထပ်စစ်ကြည့်ဦး”
"ဟုတ်ကဲ့”
အစ်မဟျွန်းဂျူး က သူ့လက်ထဲ ရောက်လာတဲ့ သဘောတူညီချက်ပါ အပိုဒ်တိုင်းကို အယ်လီ နဲ့အတူ သေသေချာချာ စစ်နေတုန်း ရုတ်တရက် စားပွဲပေါ်က ဖုန်းက တုန်ခါလာပါတယ်။
ဝီး... ဝီး...
မျက်နှာပြင်ပေါ်မှာတော့ မသိတဲ့ နံပါတ်တစ်ခု ပေါ်နေပါတယ်။
ဒိုင်ယန် ဘက်ကများ ဖြစ်မလား။
ကျွန်တော် ဖုန်းကိုင်ဖို့ ဝေခွဲမရ ဖြစ်နေတုန်း အယ်လီ က "ဘာလို့ ဖုန်းမကိုင်တာလဲ" လို့ မေးလာတယ်။
အယ်လီ က ကျွန်တော့်ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေပါတယ်။
"ဒါ ဟို ဖန်ကောင်မလေးလား ဘာလားဆိုတာလား”
"... အဲဒါ မဖြစ်နိုင်တာ”
ဖန်ကောင်မလေး ဆိုတာ ဘာကြီးလဲ။
နံပါတ်ကတော့ အမေရိကန်က နံပါတ် ဖြစ်ပုံရပါတယ်။
ကျွန်တော် ဖုန်းကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
"ဟယ်လို”
[မတွေ့ရတာ ကြာပြီနော် မစ္စတာကန်။ ဂျိန်း ပါ။]
ဖုန်းဆက်လာတဲ့သူက တခြားသူမဟုတ်ဘဲ Golden Gate ရဲ့ စီအီးအို ဂျိန်း စီ ဂိုးမန်း ပါ။
သူ ကျွန်တော့်ဆီက ဘာလိုချင်လို့ပါလိမ့်။
"ဟုတ်ကဲ့။ မင်္ဂလာပါ ခင်ဗျာ”
[အခု OTK Company ကြောင့် အမေရိကန် နိုင်ငံရေးလောကမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေတယ်။ မင်းတို့က ဒိုင်ယန် ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်လို့ ကြားတယ်။]
သတင်းတွေက တကယ်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတာပဲ။
ကျွန်တော် သူ့ကို မေးလိုက်တယ်။
"ဘယ်သူ သမ္မတ ဖြစ်လာမယ်လို့ ထင်လဲ"
[ယုတ္တိတန်တန် စဉ်းစားရင်တော့ ဒိုင်ယန် ပေါ့။ ဒါပေမဲ့ လူတွေက အမြဲတမ်း ယုတ္တိရှိရှိ လုပ်ဆောင်ကြတာ မဟုတ်ဘူးမလား။]
ဒိုင်ယန် က တည်ငြိမ်တယ်။ သူက သူ့ရဲ့ မူဝါဒတွေကို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ရှင်းပြပြီး တခြားသူတွေကို ဆွဲဆောင်တယ်။
အခြားတစ်ဖက်မှာတော့ ရိုနယ် က စိတ်လှုပ်ရှားလွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ ပေးမယ့်အစား သူ့ရဲ့ ယုံကြည်ချက်တွေကို အသံကျယ်ကျယ်နဲ့ပဲ အတင်းပြောတတ်တာပါ။ သူ စကားပြောပြီးတာနဲ့ သူ့စကားထဲက မှားယွင်းချက်တွေကို ထောက်ပြတဲ့ ဆောင်းပါးတွေ ချက်ချင်း ပေါ်လာမှာလား။
ဒါပေမဲ့လည်း ကျိုးကြောင်းဆီလျော်တဲ့ နားချမှုတွေထက်စာရင် ထိခိုက်နစ်နာနေရတယ်လို့ ခံစားနေရတဲ့သူတွေအတွက်တော့ စိတ်ခံစားမှု ပြင်းပြင်းထန်ထန် ပြောဆိုချက်တွေက ပိုပြီး ထိရောက်တတ်ပါတယ်။ အမှားအယွင်းလေးတွေ နည်းနည်းပါးပါး ရှိရင်ကော ဘာဖြစ်မှာလဲ။
"တကယ်လို့ OTK Company သာ ရိုနယ် ဘက်က ရပ်တည်မပေးခဲ့ရင် ဒိုင်ယန် နိုင်မှာ သေချာတယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ အခုတော့ ဘယ်လို ဖြစ်လာမလဲဆိုတာ မသေချာတော့ဘူး”
"ဒီတစ်ခေါက်တော့ ကျွန်တော် အကူအညီတွေ အများကြီး ရခဲ့ပါတယ်" လို့ ကျွန်တော် ပြောလိုက်တယ်။
ဂျိန်း သာ မရှိရင် ရိုနယ် နဲ့ ဆက်သွယ်ဖို့ ခက်ခဲမှာပါ။
"ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်”
"ဘာများလဲ ခင်ဗျာ”
"ဟင်နရီ ကို မစ္စတာကန်ကပဲ ကြည့်ရှုစောင့်ရှောက် ပေးစေချင်တယ်။ OTK Company က သူ့ကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်”
"ဗျာ..."
ဒီလို မထင်မှတ်ထားတဲ့ အလုပ်ကမ်းလှမ်းမှုကြောင့် ကျွန်တော် အံ့ဩသွားရတယ်။
"ကျွန်တော့်ဆီကနေ သူ သင်ယူစရာ ဘာမှ မရှိပါဘူး”
ရှေ့နေတွေ ဒါမှမဟုတ် ဆရာဝန်တွေလို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ မတူတာက ရင်းနှီးမြှုပ်နှံသူတွေမှာ လက်မှတ်တွေ ဘာတွေ မလိုပါဘူး။ ပိုက်ဆံရှိတဲ့သူ ဘယ်သူမဆို ငွေကြေးဈေးကွက်ထဲကို ဝင်လို့ရပါတယ်။ စနစ်တကျ ငွေကြေးရင်းနှီးမြှုပ်နှံမှု ပညာတွေကို အချိန်အတော်ကြာ သင်ယူထားတဲ့ ထိပ်တန်းပညာရှင်တွေ ရှိသလို ရင်းနှီးမြှုပ်နှံမှုထဲကို မတော်တဆ ရောက်လာတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ဒုတိယ အမျိုးအစားထဲက ဖြစ်မှာပါ။ တကယ်လို့ ရင်းနှီးမြှုပ်နှံမှုမှာ ဖြတ်လမ်းတွေနဲ့ နတ်ဘုရားတွေ ရှိမယ်ဆိုရင်တော့ ကျွန်တော်က နတ်ဘုရားလို့ပဲ သတ်မှတ်ခံရမှာပါ။ ကျွန်တော်က ကျောင်းတောင် မပြီးသေးသလို MBA ဘွဲ့လည်း မရှိပါဘူး။
ကျွန်တော့်စကားကို ကြားတော့ ဂျိန်း က ခပ်ဖွဖွ ရယ်ပါတယ်။
"အများကြီး သင်ယူထားရုံနဲ့တင် ထက်မြက်တယ်လို့ မဆိုလိုဘူးလေ။ ဘဝဆိုတာကလည်း ရင်းနှီးမြှုပ်နှံမှုလိုပဲ အမြဲတမ်း စာအုပ်ကြီးအတိုင်း ဖြစ်မလာတတ်ဘူး မဟုတ်လား”
အစ်မဟျွန်းဂျူး ကို ကြည့်ရုံနဲ့တင် Golden Gate မှာ တစ်ကမ္ဘာလုံးက ထိပ်တန်း အရည်အချင်းရှိသူတွေ ပြည့်နေတယ်ဆိုတာ သိနိုင်ပါတယ်။
ဒါကိုတောင် Golden Gate မှာ မထားဘဲ ကျွန်တော့်လို လူမျိုးဆီကို လာပြီး အပ်နှံတယ်ဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာပါပဲ။
"ဒါကို ဟင်နရီ ကော သိလား”
"သူကိုယ်တိုင်လည်း ဒီအခွင့်အရေးကို လိုချင်နေတာပါ။ ဒဏ္ဍာရီလာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်နဲ့ အလုပ်အတူတူ လုပ်ရဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပဲလေ”
ဒီလောက်အထိ ပြောလာမှတော့ ငြင်းဖို့ မသင့်တော်တော့ပါဘူး။ ကျွန်တော်လည်း ခေါင်းငြိမ့်လိုက်တယ်။
"နားလည်ပါပြီ”
ဟင်နရီ က ကျွန်တော့်ထက် အသက်ကြီးသလို သူ့ရဲ့ ငွေကြေးဆိုင်ရာ အသိပညာတွေကလည်း ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်။
နောက်ပိုင်းကျမှ သူ့မြေးကို ဖျက်ဆီးပစ်တယ်ဆိုပြီး အပြစ်တင်မခံရဖို့ပဲ ဆုတောင်းရမှာပေါ့။
"မစ္စတာကန် အကြောင်းက အရမ်း လူသိများသွားပြီ။ ဖြည်းဖြည်းချင်း ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းမယ်”
အမေရိကန်ကို ရောက်ကတည်းက ကျွန်တော်က လူသိရှင်ကြား လှုပ်ရှားနေတာကြောင့် နေရာအနှံ့မှာ ကျွန်တော့်ရဲ့ အထောက်အထားတွေက ပေါ်နေပါတယ်။ ဘယ်ဘက်ကနေ သတင်းပေါက်ကြားသွားလဲ မသိပေမဲ့ OTK Company ရဲ့ စီအီးအို ဟာ အသက် ၂၀ အရွယ် အာရှသား လူငယ်လေးတစ်ယောက် ဖြစ်တယ်ဆိုတာကို မီဒီယာတွေက ထုတ်ဖော်ခဲ့ကြတယ်။
ယေဘုယျအားဖြင့်တော့ ဒါကို 'ကောလာဟလ' လို့ပဲ သတ်မှတ်ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက်က ဒီလောက်အထိ ကြီးမားတဲ့ ကိစ္စကြီးကို လုပ်နိုင်တယ်ဆိုတာ ယုံဖို့ ခက်ခဲလို့ပါပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အထောက်အထားက လူသိရှင်ကြား ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ။
ဖုန်းချလိုက်ပြီးတဲ့နောက် တက်ဂယူ က ကျွန်တော့်ကို မေးပါတယ်။
"ဘယ်သူလဲ”
ကျွန်တော်လည်း ခုနက ဖုန်းပြောခဲ့တဲ့အကြောင်းကို ပြောပြပြီး အစ်မဟျွန်းဂျူး ရဲ့ အမြင်ကို မေးလိုက်တယ်။
"ဟင်နရီ ကို လက်ခံလိုက်တာ အဆင်ပြေပါ့မလား”
ခဏလောက် စဉ်းစားပြီးတဲ့နောက် အစ်မဟျွန်းဂျူး က ပြောတယ်။
"မဆိုးပါဘူး။ ဂျိန်း စီ ဂိုးမန်းက သူ့ကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ထားတယ်ဆိုရင် သူလည်း သူ့အလုပ်သူ ကောင်းကောင်း လုပ်နိုင်မှာပါ”
တက်ဂယူ က ခေါင်းငြိမ့်တယ်။
"ဟုတ်တယ်။ ငါတို့ဆီမှာလည်း ဝန်ထမ်းတွေ လိုနေတာပဲလေ။ ပိုင်ဆိုင်မှု သန်း ၅သောင်း ကျော်ရှိတဲ့ ကုမ္ပဏီတစ်ခုကို ရှယ်ယာရှင် သုံးယောက်ထဲနဲ့ လည်ပတ်နေတာက ဖြစ်သင့်ရဲ့လား”
"······"
အဲဒါလည်း ဟုတ်တာပါပဲ။
တကယ်လို့ ဟင်နရီ သာ ဝင်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပထမဆုံး ဝန်ထမ်း ဖြစ်လာမှာလား။ အစ်မဟျွန်းဂျူး က ပင်ပန်းနေပုံနဲ့ မျက်မှန်ကို ချွတ်ပြီး မျက်လုံးတွေကို ပွတ်ရင်း ပြောတယ်။
"လောလောဆယ်တော့ သူ့ကို ခေါ်ထားလိုက်ပါ”
"ဟုတ်ကဲ့”
ဟင်နရီ က ဘေးခန်းမှာ လုံခြုံရေးတွေနဲ့အတူ ရှိနေတာပါ။ ကျွန်တော် အဲဒီကို သွားပြီး "သတင်း ကြားပြီးပြီနော်" လို့ ပြောလိုက်တယ်။
ဟင်နရီ က ပြုံးရင်း "အတူတူ အလုပ်လုပ်ရမှာ ဂုဏ်ယူပါတယ်" လို့ ပြောပါတယ်။
ကျွန်တော်တို့ အတူတူ ထွက်လာခဲ့ကြတယ်။ ဟင်နရီ ဝင်လာတာနဲ့ အစ်မဟျွန်းဂျူး က ထရပ်ပြီး လက်ကမ်းနှုတ်ဆက်ပါတယ်။
"OTK Company ကနေ ကြိုဆိုပါတယ်" လို့ သူ ပြောလိုက်တယ်။
ဟင်နရီ က မျက်နှာလေး နီပြီး လက်ဆွဲနှုတ်ဆက်ရင်း "ကျေးဇူးတင်ပါတယ်။ အတူတူ အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်" လို့ ပြန်ဖြေတယ်။
နှုတ်ဆက်လို့တောင် မဆုံးသေးဘူး။ အစ်မဟျွန်းဂျူး က သူ့လက်ထဲကို စာရွက်စာတမ်း အထပ်လိုက်ကြီး ထည့်ပေးလိုက်ပါတယ်။
"အခုချက်ချင်းပဲ အလုပ်စကြရအောင်"
"ဪ... ဟုတ်ကဲ့ပါ" လို့ ဟင်နရီ က ပြန်ဖြေပြီး သူ့ကုတ်အင်္ကျီကို အမြန်ချွတ်ကာ ထိုင်လိုက်ပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက တောင့်တောင့်တင်းတင်း ရှိတာကို ကြည့်ရင် ပုံမှန် လေ့ကျင့်ခန်း လုပ်ပုံရပါတယ်။ တက်ဂယူ က ကျွန်တော့်နားကို တိုးတိုးလေး လာပြောတယ်။
"ငါ့အစ်မရဲ့လက်အောက်မှာ အလုပ်မလုပ်ရတာ ငါတို့ ကံကောင်းတယ်နော်”
ကျွန်တော်လည်း ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။
"အမှန်ပဲ”
Brexit ပြီးတဲ့နောက်မှာတော့ K Company ဟာ ကိုရီးယားမှာ နာမည်အကြီးဆုံး ဘဏ္ဍာရေး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
အခုအချိန်အထိ ကိုရီးယား ဘဏ္ဍာရေး ဈေးကွက်ဟာ နိုင်ငံခြားသားတွေအတွက် ကစားကွင်းတစ်ခုလို ဖြစ်နေခဲ့တာပါ။ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုဘဏ်တွေနဲ့ PFE တွေက အိမ်ခြံမြေ၊ စတော့၊ စာချုပ်စာတမ်းတွေနဲ့ Derivative တွေကနေ ပိုက်ဆံတွေ အပုံလိုက်ကြီး ရနေချိန်မှာ ကိုရီးယား ဘဏ္ဍာရေး ကုမ္ပဏီတွေကတော့ နိုင်ငံခြားကနေ သိသိသာသာ အကျိုးအမြတ် မရခဲ့ကြပါဘူး။
ဒါပေမဲ့ ကုမ္ပဏီ တည်ထောင်ပြီး နှစ်နှစ်အတွင်းမှာတင် တစ်ကမ္ဘာလုံးက Derivative ဈေးကွက်ကို သိမ်းကျုံးပြီး ဝမ် သိန်းပေါင်း ၅ကုဋေနီးပါး ရယူနိုင်ခဲ့တဲ့ ကုမ္ပဏီတစ်ခု ပေါ်ထွက်လာပါတယ်။
မီဒီယာတွေကလည်း ဒီအကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြတာကြောင့် စီအီးအို ပတ်ဆန်းယော့ ဟာ နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ "ကိုရီးယားရဲ့ ဝါရင် ဘတ်ဖတ်" လို့တောင် တင်စားခံခဲ့ရတာပါ။
K Company ဟာ တစ်ချိန်က startup နယ်ပယ်က ကုမ္ပဏီလေးတစ်ခုသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ ထိပ်တန်း ရင်းနှီးမြုတ်နှံမှုဘဏ်တွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့အထိ ကြီးထွားလာပါပြီ။ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး ၅ ခုကလွဲရင် ဒီလောက်အထိ ငွေသားအင်အား တောင့်တင်းတဲ့ ကုမ္ပဏီမျိုး ရှိဖို့က တော်တော်လေး ရှားပါတယ်။
ဒီပိုက်ဆံတွေကို ဘယ်လို သုံးမလဲဆိုတာက လူအများ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ startup တွေမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံမှာလား၊ ကုမ္ပဏီတွေ ဝယ်ယူမှာလား၊ ဒါမှမဟုတ် ဘဏ္ဍာရေး ဈေးကွက်ထဲမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံမှာလား။
တကယ်တော့ K Company ရဲ့ အထောက်အထား အမှန်နဲ့ ပတ်သက်ပြီး သံသယတွေ အများကြီး ရှိနေခဲ့တာပါ။
ပတ်ဆန်းယော့ ရဲ့ ရင်းနှီးမြှုပ်နှံမှု စွမ်းရည်ကိုတော့ ဘယ်သူမှ သံသယ မရှိကြပါဘူး။ ဒါပေမဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေက ဘယ်ကနေ ရောက်လာတာလဲ ဆိုတာကတော့ မရှင်းလင်းပါဘူး။
ကော်ပိုရေးရှင်းရဲ့ ၉၈ ရာခိုင်နှုန်းကို နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထားပေမဲ့ အဲဒီ ကုမ္ပဏီက ဘယ်သူလဲဆိုတာ မသိရသေးပါဘူး။ ဘယ်သူကများ ရန်ပုံငွေ ထောက်ပံ့ပေးထားတာလဲ။
မီဒီယာတွေတင် မကဘဲ စီးပွားရေးလောကနဲ့ နိုင်ငံရေးလောကကပါ K Company ကို စိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေး လုပ်ငန်းရှင်တွေကတော့ ဘဏ္ဍာရေးလုပ်ငန်းစုသစ်ကြီးတစ်ခု ပေါ်ထွက်လာတာကို အတော်လေး စိုးရိမ်နေကြတာပါ။
သူတို့က ရန်သူလား၊ မဟာမိတ်လား။
ပြိုင်ဘက်လား၊ ဒါမှမဟုတ် စီးပွားဖက်လား။
စီးပွားရေး လုပ်ငန်းစုကြီးတွေတောင်မှ သတိထားနေကြရ ပါတယ်။ အားလုံးထက်ပိုပြီး K Company က ပိုင်ဆိုင်ထားတဲ့ startup တွေက အဓိက စိုးရိမ်စရာ ဖြစ်နေတာပါ။
နယ်ပယ်သစ်တွေကို ဝင်ရောက်လာတဲ့ startup တွေဟာ K Company ရဲ့ ပံ့ပိုးမှုနဲ့ တစ်နေ့ထက်တစ်နေ့ အောင်မြင်လာနေကြပါတယ်။
ချက်ချင်းကြီးတော့ မသိသာသေးပေမဲ့ K Company က ရှယ်ယာပိုင်ဆိုင်ထားတဲ့ ဒီ startup တွေဟာ အနာဂတ်မှာ လုပ်ငန်းစုကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့ ပြည်တွင်း လုပ်ငန်းနယ်ပယ်တွေကို နှောက်ယှက်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။
ပြိုင်ဘက်အသစ် ပေါ်လာမှာကို ဘယ်သူမှ မလိုလားကြပါဘူး။ သူတို့ အင်အားမကြီးလာခင်မှာပဲ နှိပ်ကွပ်ပစ်ဖို့ ဒါမှမဟုတ် ဝယ်ယူပစ်ဖို့ ကြိုးစားကြရမှာပါ။ ဒါပေမဲ့ K Company ရဲ့ ငွေကြေးအင်အားက သူတို့ နောက်ကွယ်မှာ ရှိနေတာကြောင့် ဒါက မလွယ်ပါဘူး။
ဒါကြောင့် စီးပွားရေး လုပ်ငန်းစုကြီးတွေ စုပေါင်းပြီး K Company ကို စစ်ဆေးဖို့နဲ့ ကန့်သတ်ဖို့ အစိုးရကို ဖိအားပေးခဲ့ကြပါတယ်။ မကြာခင်မှာပဲ အိမ်ပြာတော်က လှုပ်ရှားလာခဲ့တယ်။
လက်ရှိ သမ္မတ ပက်ဆီဟျွန်း ဟာ ရွေးကောက်ပွဲတုန်းက စီးပွားရေးလောကဆီကနေ အပြည့်အဝ ထောက်ခံမှု ရခဲ့သလို အာဏာရနေချိန်မှာလည်း ဆက်ပြီး ထောက်ခံမှု ရနေသူပါ။ ဒါကြောင့် သူတို့ရဲ့ ဆန္ဒကို လွယ်လွယ်ကူကူပဲ ဖြည့်ဆည်းပေးခဲ့ပါတယ်။
သမ္မတက အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ ယွန်ဆီဝန် ကို ညွှန်ကြားလိုက်ပါတယ်။
" K Companyကို စုံစမ်းစစ်ဆေးလိုက်ပါ”
အမျိုးသား ထောက်လှမ်းရေးဌာန ဆိုတာကတော့ မူလက အမျိုးသား လုံခြုံရေးအတွက် သတင်းအချက်အလက်တွေ စုဆောင်းရတဲ့ အဖွဲ့အစည်းပါ။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ထိပ်တိုက်တွေ့နေရတဲ့ စစ်ပြေငြိမ်းစ နိုင်ငံရဲ့ အနေအထားအရ ဒီဌာနရဲ့ အရေးပါမှုကိုတော့ ပြောနေစရာ မလိုပါဘူး။
ဒါပေမဲ့ လက်တွေ့မှာတော့ နည်းနည်း ကွဲပြားနေပါတယ်။
အရင် အစိုးရလက်ထက်ကတည်းက သမ္မတရဲ့ ရင်းနှီးတဲ့ လက်ရုံးတွေကိုပဲ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ကြပြီး အစိုးရရဲ့ အစောင့်အရှောက်လိုမျိုး တာဝန်ယူစေခဲ့တာပါ။
အမျိုးသား ထောက်လှမ်းရေးဌာန ဟာ K Company ကို လျှို့ဝှက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ စီအီးအို ပတ်ဆန်းယော့ တင်မကဘဲ ဝန်ထမ်းအားလုံးကိုပါ စောင့်ကြည့်မှုအောက်မှာ ထားလိုက်ပါတယ်။
ဒါက စုံစမ်းစစ်ဆေးမှုဆိုတာထက် တရားမဝင် စောင့်ကြည့်တာမျိုး ဖြစ်နေပေမဲ့ ဘယ်သူကမှတော့ ဒါကို သံသယ မရှိကြပါဘူး။
တရားမဝင် စောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး အရင်က အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးပေမဲ့ အားလုံးကတော့ ဖုံးဖိခံလိုက်ရတာ ဒါမှမဟုတ် တရားစွဲဆိုတာတောင် မခံရတာမျိုးတွေ ရှိခဲ့တာပါ။
အရာအားလုံးက နိုင်ငံအတွက်ဆိုတော့ ဘယ်မှာ တရားမဝင်တာ ရှိမှာလဲ။ ရန်ပုံငွေ အရင်းအမြစ်က မြောက်ကိုရီးယားနဲ့ ပတ်သက်နေပုံရတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့တင် အရာအားလုံးကို ခွင့်ပြုထားကြတာပါ။
စုံစမ်းစစ်ဆေးမှု စတင်ပြီး မကြာခင်မှာပဲ အရင်က မသိရသေးတဲ့ အချက်အလက် တချို့ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
K Company ဟာ စတင် တည်ထောင်ကတည်းက အမေရိကန် ရင်းနှီးမြုတ်နှံမှုဘဏ် တစ်ခုဖြစ်တဲ့ Golden Gate နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပြီး ငွေကြေး အရောင်းအဝယ် အားလုံးကို Golden Gate ကနေတစ်ဆင့် လုပ်ဆောင်နေတာပါ။
ကိုယ်တိုင် ရင်းနှီးမြှုပ်နှံတာအပြင် K Company ဟာ OTK Company က လွှဲအပ်ထားတဲ့ အလုပ်တွေကိုလည်း သီးခြား လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါက K Company နဲ့ OTK Company တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာကို ပြနေတာပါ။
"ဒါဆိုရင်... OTK Company က K Company ကို ငွေကြေးအရ ပံ့ပိုးပေးနေတာလား”
ဝန်ထမ်းစာရင်းထဲမှာတော့ အိုတက်ဂယူ နဲ့ ကန်ဂျင်ဟူ ဆိုတဲ့ နာမည်တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်က လစာ အမြောက်အမြား ရနေပေမဲ့ ကုမ္ပဏီကိုတော့ တစ်ခါမှ ခြေဦးမလှည့်ကြပါဘူး။ ပြီးတော့ အိုတက်ဂယူ ရဲ့ အစ်မက တခြားသူမဟုတ်ဘဲ Golden Gate ရဲ့ ကိုရီးယား ဌာနခွဲ အကြီးအကဲ အိုဟျွန်းဂျူး ဖြစ်နေပါတယ်။
အခြေအနေတွေက ပေါ်လွင်လာပါပြီ။
"ဒီလူတွေက ဘယ်သူတွေလဲ”
အဲဒီအချိန်မှာပဲ OTK Company ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ရိုနယ် နဲ့ ပူးပေါင်းပြီး အမေရိကန် မော်တော်ကားလုပ်ငန်းမှာ ဒေါ်လာ သန်း ၂သောင်း ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ပေါ်ထွက်လာပါတယ်။
ဒါတွေ အားလုံးက အိုတက်ဂယူ နဲ့ ကန်ဂျင်ဟူ တို့ အမေရိကန်ကို ထွက်သွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့တာပါ။
နောက်ထပ် ထွက်လာတဲ့ ဆောင်းပါးကတော့ ပိုပြီး အံ့ဩဖို့ ကောင်းပါတယ်။ OTK Company ရဲ့ စီအီးအို ဟာ အသက် ၂၀ အရွယ် အာရှသား လူငယ်လေး ဖြစ်တယ်ဆိုတဲ့ သတင်းပါ။
အမျိုးသား ထောက်လှမ်းရေးဌာန က ပတ်ဆန်းယော့ ရဲ့ ဖုန်းပြောဆိုမှု မှတ်တမ်းတွေကို ရယူခဲ့ပါတယ်။ သူက ဖုန်းနံပါတ်တွေကို ခဏခဏ ပြောင်းလဲခဲ့သလို ကန်ဂျင်ဟူ၊ အိုဟျွန်းဂျူး တို့နဲ့လည်း မကြာခဏ ဆက်သွယ်ခဲ့တာကို တွေ့ရပါတယ်။
Brexit မတိုင်ခင်နဲ့ ပြီးတဲ့နောက်မှာကော မကြာသေးခင်ကအထိပါ ဖုန်းပြောဆိုမှုတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။
"အိုတက်ဂယူ နဲ့ ကန်ဂျင်ဟူ အကြောင်းကို ဆက်ပြီး စုံစမ်းစစ်ဆေးလိုက်”
ဖုန်းမှတ်တမ်းတွေအပြင် ငွေကြေးလွှဲပြောင်းမှုတွေကိုပါ စစ်ဆေးလိုက်တဲ့အခါမှာတော့ အရေးကြီးတဲ့ အထောက်အထားကို တွေ့လိုက်ရပါတယ်။ OTK Company ကနေ လွန်ခဲ့တဲ့ နှစ်နှစ်က ပြည်တွင်းကို ငွေလွှဲထားတဲ့ မှတ်တမ်းတွေကို တွေ့လိုက်တာပါ။
သူတို့က ကန်ဂျင်ဟူ ဆီကို ဝမ် သန်း ၁၃၀၀ နှစ်ကြိမ်တောင် လွှဲခဲ့သလို အိုတက်ဂယူ ဆီကိုတော့ ဝမ် သန်း ၁၃,၀၀၀အထိ အမြောက်အမြား လွှဲထားခဲ့တာပါ။
တရားမဝင် စုဆောင်းထားတဲ့ ဒီသတင်းအချက်အလက် တွေကြောင့် ယွန်ဆီဝန် တစ်ယောက် ကောက်ချက်ချနိုင်ခဲ့ပါတယ်။
"တကယ်တော့ OTK Company ဆိုတာ အိုတက်ဂယူ ကုမ္ပဏီ (Oh Taek-gyu Company) ကို ပြောတာပဲ"
ပတ်ဆန်းယော့ ဘာလို့ K Company ရဲ့ စီအီးအို ဖြစ်လာလဲ ဆိုတာကလည်း ရှင်းသွားပါပြီ။ ကန်ဂျင်ဟူ က သူ့ကျောင်းက စီနီယာ ပတ်ဆန်းယော့ ကို အိုတက်ဂယူ နဲ့ မိတ်ဆက်ပေးခဲ့လို့ပါပဲ။
အရာအားလုံးက ကွက်တိပါပဲ။
"အိုတက်ဂယူ က OTK Company ရဲ့ စီအီးအို ပဲ"
အခန်း (၈၀)
အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ ယွန်ဆီဝန် ဆီကနေ အစီရင်ခံစာကို လက်ခံရရှိပြီးတဲ့နောက် သမ္မတ ပက်ဆီဟျွန်း တစ်ယောက် အံ့ဩသွားရတယ်။
သူက K Company ကိုပဲ စုံစမ်းခိုင်းခဲ့တာဖြစ်ပေမဲ့ "OTK Company" ဆိုတဲ့ မမျှော်လင့်ထားတဲ့ အသုံးအနှုန်းကြောင့် အံ့အားသင့်သွားတာပါ။
"ဒါ တကယ်ပဲလား"
စာပွဲပေါ်မှာ ဓာတ်ပုံတချို့ကို ဖြန့်ခင်းထားပါတယ်။ အဲဒီထဲက အပေါ်ဆုံးဓာတ်ပုံကတော့ ဆံပင်တိုတို၊ မျက်မှန်နဲ့ ကိုယ်လုံးကိုယ်ထည် ခပ်ဝဝ အသက် ၂၀ အရွယ် အမျိုးသားတစ်ယောက်ရဲ့ ပုံပါ။
"အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်မယ်ဆိုရင် အိုတက်ဂယူ က OTK Company ရဲ့ စီအီးအို ဖြစ်သလို အရာအားလုံးရဲ့ နောက်ကွယ်က အဓိကလူလည်း ဖြစ်ပုံရပါတယ်"
ပက်ဆီဟျွန်း ကတော့ အခုထိ မယုံနိုင်သေးတဲ့ မျက်နှာထားနဲ့ပါ။
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ OTK Company ရဲ့ လှုပ်ရှားမှုတွေဟာ တစ်ကမ္ဘာလုံးက ဘဏ္ဍာရေးလောကကို တုန်လှုပ်စေခဲ့တာပါ။ L6 ပေါက်ကွဲမှုကို ကြိုတင်ဟောကိန်းထုတ်ပြီး ကိုရီးယားဈေးကွက်မှာ သန်းထောင်နဲ့ချီ မြတ်ခဲ့သလို နာမည်ကြီး startup တွေရဲ့ ရှယ်ယာတွေကိုလည်း startup နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ Brexit အကြပ်အတည်းတုန်း ကလည်း ဗြိတိန်နဲ့ ဂျပန်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်တွေမှာ အဆမတန် များပြားလှတဲ့ အကျိုးအမြတ်တွေ ရယူခဲ့တာပါ။
တက္ကသိုလ်တောင် မတက်ခဲ့ဖူးတဲ့ အသက် ၂၆ နှစ်အရွယ် အထက်တန်းအောင်ရုံပဲ ရှိသေးတဲ့သူက ကျွမ်းကျင်တဲ့ ဘဏ္ဍာရေး ပညာရှင်တွေကိုတောင် ကျော်ဖြတ်ပြီး ဒါတွေအားလုံးကို စီစဉ်နိုင်ပါ့မလား။
ယွန်ဆီဝန် က တည်တည်ငြိမ်ငြိမ်ပဲ ပြောတယ်။
"အိုတက်ဂယူ က မထင်မှတ်ရအောင် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေနိုင်ပါတယ်"
"ဘာ"
"သူ့ရဲ့အစ်မ အိုဟျွန်းဂျူး ဆိုရင်လည်း အသက်ငယ်ငယ်လေးနဲ့ Golden Gate ရဲ့ ကိုရီးယား ဌာနခွဲ အကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့ ထူးချွန်တဲ့ ဘဏ္ဍာရေး ထိပ်တန်းပညာရှင်တစ်ယောက်ပဲလေ။ အစ်မဖြစ်သူက ဒီလောက်အထိ လုပ်နိုင်ရင် မောင်ဖြစ်သူကလည်း ထူးခြားနေနိုင်တာပဲ မဟုတ်လား"
"ဒါလည်း ဟုတ်တာပါပဲ..."
အရည်အချင်းဆိုတာ ဖုံးထားလို့ မရပါဘူး။
ပက်ဆီဟျွန်း က ခေါင်းငြိမ့်ပြီး ပြောတယ်။
"သူက အခုထိ သူ့ရဲ့ ပါရမီတွေကို ဖုံးကွယ်ထားတာလား။ အဲဒါကြောင့်ပဲ ကျောင်းမတက်ခဲ့တာလား"
"သူက သင်ယူစရာ ဘာမှမရှိဘူးလို့ ထင်လို့ မတက်ခဲ့တာ ဖြစ်ပုံရတယ်။ သူဟာ ကျောင်းဝင်ခွင့်တောင် လျှောက်လွှာမတင်ခဲ့တာကို သိထားပါတယ်"
တကယ်လို့ ကာယကံရှင်သာ အဲဒီမှာ ရှိနေရင် အတော်လေး ကြောင်သွားမှာ ဖြစ်ပေမဲ့ အခန်းထဲမှာ ရှိနေတဲ့ နှစ်ယောက်ကတော့ နားလည်မှုလွဲပြီး အပီအပြင်ကို ဆွေးနွေးနေကြတာပါ။
ပက်ဆီဟျွန်း က နောက်ထပ် လူငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို ညွှန်ပြလိုက်တယ်။
"ဒါဆို ဒီလူကကော"
"သူ့နာမည်က ကန်ဂျင်ဟူ။ အခု ကိုရီးယားတက္ကသိုလ်မှာ စီးပွားရေးပညာ သင်နေတာပါ။ အိုတက်ဂယူ နဲ့ အလယ်တန်းကတည်းက သူငယ်ချင်းတွေ ဖြစ်ပုံရတယ်။ သူက ရင်းနှီးမြှုပ်နှံမှုတွေမှာ တိုက်ရိုက်မပါဝင်ပေမဲ့ အိုတက်ဂယူ ရဲ့ ညွှန်ကြားချက်အရ ပတ်ဆန်းယော့ နဲ့ အိုဟျွန်းဂျူး တို့ကို အဓိက ဆက်သွယ်ပေးရတဲ့သူပါ"
"ဒါဆို သူက ရင်းနှီးတဲ့ လက်ရုံးလို့ ပြောလို့ရတာပေါ့"
"ဟုတ်ကဲ့။ အခု သူတို့ အတူတူ နေထိုင်ကြသလို အိုတက်ဂယူနဲ့အတူ အလုပ်တွေ လုပ်နေကြတာပါ။ အခုတစ်ခေါက် အမေရိကန်ကိုလည်း အတူတူ သွားကြတယ်။ အိုတက်ဂယူ က ကန်ဂျင်ဟူ ကိုလည်း ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်ပုံရပါတယ်။ သူ့ကို K Company မှာ အလုပ်သွင်းပေးထားသလို ဝမ် သန်း ၁,၃၀၀ နှစ်ကြိမ်တောင် သီးခြား လွှဲပေးထားသေးတယ်။ မနှစ်က ယောင်ဂျုံး ကျွန်း က BMW အရောင်းဆိုင်မှာ ကတ်နဲ့ ကားဝယ်ပေးခဲ့သလို လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း K Company နာမည်နဲ့ Porsche တစ်စီး ဝယ်ပေးထားပါတယ်"
သူတို့တွေက တော်တော်လေး အဆင်ပြေပြေနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတာလား။
"သူကတော့ တကယ့်ကို ကံကောင်းတဲ့ကောင်ပဲ"
ယွန်ဆီဝန် က ဓာတ်ပုံကို ညွှန်ပြရင်း ဆက်ပြီး ရှင်းပြပါတယ်။
ကန်ဂျင်ဟူ က သူ့ရဲ့ စီနီယာ ပတ်ဆန်းယော့ ကို အိုတက်ဂယူ နဲ့ မိတ်ဆက်ပေးခဲ့ပြီး ပတ်ဆန်းယော့ ရဲ့ ပံ့ပိုးမှုနဲ့ အိုတက်ဂယူ က ဝမ် သန်း ၇သောင်း ရယူကာ K Company ကို တည်ထောင်ခဲ့တာပါ။
အဲဒီနောက်မှာတော့ OTK Company နဲ့ K Company တို့က ပူးပေါင်းပြီး အလုပ်လုပ်ခဲ့ကြတယ်။ OTK Company က နိုင်ငံခြား startup တွေမှာ ရင်းနှီးမြှုပ်နှံချိန်မှာ K Company က ပြည်တွင်း startup တွေမှာ ရင်းနှီးမြှုပ်နှံတယ်။ Brexit အကြပ်အတည်းတုန်းကလည်း OTK Company က နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်ကို ပစ်မှတ်ထားချိန်မှာ K Company က Derivative ဈေးကွက်ကို ပစ်မှတ်ထားခဲ့တာပါ။
အဲဒီအတွက် အကျိုးအမြတ်အနေနဲ့ ပတ်ဆန်းယော့ က K Company ရဲ့ ရှယ်ယာ ၂ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။
လောလောဆယ်မှာတော့ OTK Company ရဲ့ ပိုင်ဆိုင်မှုဟာ ဝမ် သိန်းပေါင်း ၄၀ကုဋေ ကနေ ၅၀ကုဋေ ကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါက ရှယ်ယာ ဈေးကွက်တန်ဖိုးအရဆိုရင်တင် ထိပ်တန်း ချေဘော (မိသားစုကြီး)၁၀ ခုထဲမှာ ပါဝင်နေတာပါ။
ဒီလောက်အထိ ကြီးမားတဲ့ ကုမ္ပဏီကို လူနည်းစုလေးနဲ့ပဲ လည်ပတ်နေတာလား။ သိသာတာကတော့ မဟုတ်နိုင်ပါဘူး။
သူတို့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာလား။
"OTK Company ရဲ့ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံကို အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး"
"အခုအချိန်အထိတော့ အဲဒါက အမှန်ပဲ"
ဒါကို အတည်ပြုဖို့ဆိုရင် ဒဲလားကျွန်း မှာရှိတဲ့ ကုမ္ပဏီရဲ့ မှတ်ပုံတင် မှတ်တမ်းတွေကို စစ်ဆေးရမှာ ဖြစ်ပေမဲ့ အမေရိကန် တရားရုံးရဲ့ အမိန့်မရှိဘဲ မဖြစ်နိုင်ပါဘူး။
ကိုရီးယားမှာတော့ အမျိုးသား ထောက်လှမ်းရေးဌာန က တရားမဝင် သတင်းအချက်အလက်တွေကို အလိုရှိသလောက် ရနိုင်ပေမဲ့ နိုင်ငံခြားမှာတော့ မဖြစ်နိုင်ဘူးလေ။
ဒါ့အပြင် ဒဲလားကျွန်း က အမေရိကန်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတာပါ။ တကယ်လို့ မလိုအပ်တာတွေ သွားလုပ်လို့ မိသွားရင် သံတမန်ရေးရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
"OTK Company..."
OTK Company ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ရိုနယ်နဲ့ ပူးပေါင်းပြီး CarOS လို့ ခေါ်တဲ့ လက်အောက်ခံ ကုမ္ပဏီကနေတစ်ဆင့် မော်တော်ကား လုပ်ငန်းထဲကို တက်တက်ကြွကြွ ဝင်ရောက်နေပါတယ်။
ဒီအချက်က ပက်ဆီဟျွန်း ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လူအများ မသိကြပေမဲ့ သူက မော်တော်ကား လုပ်ငန်းနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတာကြောင့် ဘယ်လို အပြောင်းအလဲမျိုးကိုမဆို အကဲဆတ်နေတာပါ။
အစီရင်ခံစာအဆုံးမှာ ယွန်ဆီဝန် က အလုပ်တွေ ပြီးသွားတာကြောင့် ထွက်သွားပါတယ်။ ပက်ဆီဟျွန်း ကတော့ ထိုင်ခုံမှာ မှီရင်း အတွေးထဲ နစ်နေမိတယ်။
" ဥက္ကဋ္ဌကြီး ဟန်မင်းဂူ နဲ့ စကားခဏလောက် ပြောရမယ် ထင်တယ်"
သူက စားပွဲအံဆွဲကို ဖွင့်ပြီး သူ့ဖုန်းကို ထုတ်လိုက်ပါတယ်။
[CarOS က Chrysler ကို ဝယ်ယူဖို့ ညှိနှိုင်းနေစဉ်အတွင်း]
[ဝယ်ယူမယ့် ပမာဏက ဒေါ်လာ သန်း ၆ထောင် ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရ]
[အမေရိကန် မော်တော်ကား လုပ်ငန်းရဲ့ Big 3 ကို ပြန်လည် ဖွဲ့စည်းခြင်း]
[CarOS က ရုံးချုပ်ကို ဒီထရွိုက်ဆီ ရွှေ့ပြောင်းမယ့် အစီအစဉ်ကို ကြေညာ]
[စီအီးအို ဒါရီလ် က နောက်နှစ်အတွင်းမှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေရဲ့ ခေတ်ကို ဖော်ဆောင်ပေးမယ်လို့ ကတိပြု]
[အမေရိကန် မော်တော်ကား လုပ်ငန်းရဲ့ အနာဂတ်အတွက် OTK Company က ဘာတွေကို မျှော်မှန်းထားသလဲ]
OTK Company နဲ့ FCA Group တို့ကြားက ဝယ်ယူရေး ညှိနှိုင်းမှုတွေက တဖြည်းဖြည်း တိုးတက်လာနေပါတယ်။ လုပ်ထုံးလုပ်နည်း အနည်းငယ် ကျန်သေးပေမဲ့ Chrysler ဟာ မကြာခင်မှာပဲ CarOS ရဲ့ လက်အောက်ကို ပြဿနာမရှိဘဲ ရောက်ရှိလာတော့မှာပါ။
ဒီ ကြီးမားတဲ့ အရောင်းအဝယ်ကြောင့် အွန်ဆောင်းမော်တာ အပါအဝင် တစ်ကမ္ဘာလုံးက မော်တော်ကား ကုမ္ပဏီတွေက သတိထားနေကြရပါတယ်။
တကယ်တော့ Chrysler ကိုယ်တိုင်ကတော့ သိပ်ပြီး ထူးခြားတာမျိုး မဟုတ်ပါဘူး။ အဆင့်မြင့် နည်းပညာတွေ မရှိသလို အမေရိကန်ရဲ့ Big 3 ထဲမှာလည်း အရည်အသွေးအရ အောက်ဆုံးမှာ ရှိနေတာပါ။
အရင်ကလည်း Daimler Group နဲ့ ပေါင်းလိုက်၊ ပြန်ခွဲလိုက် လုပ်ခဲ့သလို အဲဒီနောက်မှာလည်း FCA Group နဲ့ ပေါင်းခဲ့ပြန်တာမလို့ ဒီတစ်ခါမှာလည်း ပြန်ရောင်းခံရတာလားလို့ တွေးစရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ အဓိက အာရုံစိုက်ခံရတာကတော့ CarOS ပါပဲ။
"ကျွန်တော်တို့ CarOS ကို ဝယ်ဖို့ အခွင့်အရေး လက်လွတ်လိုက်ရပုံပဲ"
ဟန်မင်းဂူ ရဲ့ ရှေ့မှာ ရပ်နေတာကတော့ မျက်မှန်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ပါ။ သူ့နာမည်က ဟန်ချန်ယောင်း ဖြစ်ပြီး ဟန်မင်းဂူ ရဲ့ သားကြီးဖြစ်သလို အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ ဒု-ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
"မူလကတော့ ကျွန်တော်တို့ CarOS ကို ရောင်းဖို့ အစီအစဉ် မရှိခဲ့ပါဘူး"
OTK Company ဆီကို စပြီး ရောင်းလိုက်တုန်းကတော့ အသုံးမကျတဲ့ ပိုင်ဆိုင်မှုတစ်ခုကို ဖယ်ရှားလိုက်နိုင်ပြီလို့ပဲ ထင်ခဲ့တာပါ။ ညှိနှိုင်းရေး အဖွဲ့ကိုတောင် ရက်ရက်ရောရော ဆုချခဲ့သေးတယ်။ ဒါပေမဲ့ အခုတော့ ဘယ်လိုဖြစ်လာပြီလဲ။
တစ်နှစ်တောင် မပြည့်သေးဘူး။ CarOS က အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ သူတို့ရဲ့ မော်တော်ကား AI က ပြည့်စုံသွားသလို သူတို့ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ နည်းပညာကလည်း အွန်ဆောင်း ကော်ပိုရေးရှင်း ပိုင်ဆိုင်ထားတာထက် ကျော်လွန်သွားပါပြီ။
CarOS ရဲ့ နည်းပညာ အဆင့်အတန်းကို စစ်ဆေးနေတဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကလည်း သူတို့ရဲ့ အံ့ဩမှုကို မဖုံးကွယ်နိုင်ကြပါဘူး။ အွန်ဆောင်း MBS ရဲ့ ဥက္ကဋ္ဌ ကန်မင်ချော က ခေါင်းခါရင်း ပြောတယ်။
"သူတို့က ကျွန်တော်တို့ထက် နည်းပညာပိုင်းမှာ သုံးနှစ်ကျော်လောက် ရှေ့ရောက်နေတယ်။ အလိုအလျောက် မောင်းနှင်နိုင်တဲ့ နည်းပညာကို တီထွင်နေတဲ့ ကုမ္ပဏီအားလုံးထဲမှာ သူတို့က အကောင်းဆုံး နည်းပညာကို ပိုင်ဆိုင်ထားတာလို့ ပြောလို့ရတယ်"
ဒီလို ကုမ္ပဏီမျိုးကို ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ရဲ့ ထက်ဝက်တောင် မရှိတဲ့ ဈေးနှုန်းနဲ့ ရောင်းလိုက်မိတာပါ။
အခုမှ နောင်တရနေလို့လည်း မထူးတော့ပါဘူး။ ငါးအကြီးကြီးက လွတ်သွားပြီလေ။
ဒါကို သိလိုက်ရတဲ့အခါမှာတော့ ရှယ်ယာရှင်တွေရဲ့ ကန့်ကွက်မှုတွေက တားမရ ဆီးမရ ဖြစ်လာပါတယ်။ ဒီလောက် အနာဂတ် တန်ဖိုးရှိတဲ့ ကုမ္ပဏီကို ဘာလို့ ရောင်းလိုက်တာလဲပေါ့။
ရှယ်ယာရှင် အသေးစားလေးတွေရဲ့ တိုင်တန်းချက်တွေကို လျစ်လျူရှုလို့ ရပေမဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းထက်မက ပိုင်ဆိုင်ထားတဲ့ Hedge fund တွေနဲ့ အစိုးရ ရန်ပုံငွေ အဖွဲ့တွေရဲ့ ကန့်ကွက်မှုကိုတော့ လျစ်လျူရှုလို့ မရပါဘူး။
နောက်ဆုံးမှာတော့ ဥက္ကဋ္ဌ ဟန်မင်းဂူ ကိုယ်တိုင် ပါဝင်လာပြီး ရှယ်ယာတွေ ပြန်ဝယ်တာနဲ့ အမြတ်ဝေစုပေးတာတွေကို တိုးမြှင့်ကာ ရှယ်ယာရှင်တွေကို သူတို့ရဲ့ တန်ဖိုးကို ပြန်ပြီး သုံးသပ်ဖို့ တိုက်တွန်းခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် CarOS က လုံးဝ ကြီးမားမလာခင်မှာ တစ်ခုခု လုပ်ရပါလိမ့်မယ်။
တကယ်လို့ ဒါက ကိုရီးယား ကုမ္ပဏီတစ်ခုသာ ဖြစ်နေရင် ကိစ္စတွေက ပိုလွယ်မှာပါ။ ဝန်ထမ်းတွေ လျှော့ချပစ်တာ နည်းပညာ ခိုးယူတာ ဒါမှမဟုတ် စည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်နှောင်ပစ်တာမျိုးတွေ လုပ်လို့ရပါတယ်။ ကစားဖို့ ဝှက်ဖဲတွေ အများကြီး ရှိပါတယ်။
ဒါပေမဲ့ CarOS က အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်သလို ရုံးချုပ်ကလည်း အမေရိကန်မှာ ရှိတာပါ။ ဒါက အရင် နည်းလမ်းတွေက အသုံးမဝင်တော့ဘူး ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် သူတို့က မလိုလားပေမဲ့လည်း ရှယ်ယာချင်း လဲလှယ်ဖို့ ကမ်းလှမ်းခဲ့ကြတယ်။ အွန်ဆောင်း ရဲ့ ရှယ်ယာတချို့ကို လွှဲပေးပြီး CarOS ရဲ့ ရှယ်ယာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်ကို ရယူဖို့ စီစဉ်ခဲ့တာပါ။
CarOS အတွက်ဆိုရင်လည်း တစ်နှစ်ကို ကားအစီးရေ ၈ သန်းကျော် ရောင်းနေရတဲ့ အွန်ဆောင်း နဲ့ ပူးပေါင်းရမှာက ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တစ်ခု ဖြစ်နေမှာပါ။
အစပိုင်းမှာတော့ စီအီးအို ဒါရီလ် တောင်မှ အပြုသဘောနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ညှိနှိုင်းမှုတွေက မကြာခင်မှာ ဖြစ်လာတော့မလိုပါပဲ။ ဒါပေမဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ OTK Company က ဝင်ရောက် စွက်ဖက်လိုက်တဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။
သူတို့မှာ ပိုလျှံတဲ့ ရန်ပုံငွေတွေ ရှိနေတာကြောင့် ရှယ်ယာတွေ ပေးပြီး အွန်ဆောင်း ကို ဖက်တွယ်ထားဖို့ မလိုတော့တာကြောင့် ကားကုမ္ပဏီကို ဝယ်ယူဖို့အတွက် တိုက်ရိုက် လှုပ်ရှားခဲ့တာပါ။
CarOS ရဲ့ Software နည်းပညာနဲ့ Chrysler တို့ ပူးပေါင်းလိုက်ရင် ပထမဆုံး အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတစ်စီး ပေါ်ထွက်လာနိုင်တယ်လို့ မျှော်မှန်းထားကြ ပါတယ်။
မကြာသေးခင်က မော်တော်ကား လုပ်ငန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အနှောင့်အယှက်တွေက အဓိကအားဖြင့် လျှပ်စစ်ကားတွေ ကြောင့်ပါ။ Nicola နဲ့ BID လိုမျိုး မသိတဲ့ ကုမ္ပဏီတွေ ပေါ်လာပြီး ရိုးရာ ကားထုတ်လုပ်သူတွေကို ခြိမ်းခြောက်လာခဲ့တာလေ။
ဒါပေမဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေ ယူဆောင်လာမယ့် အပြောင်းအလဲတွေနဲ့ နှိုင်းယှဉ်ရင်တော့ လျှပ်စစ်ကားတွေက စွမ်းအင် အစားထိုးမှုတစ်ခုသာ ဖြစ်ပါတယ်။ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေကတော့ လူသားတွေရဲ့ ဘဝနဲ့ ပတ်သက်တဲ့ အရာအားလုံးကို တော်လှန်ပြောင်းလဲပစ်မှာပါ။
ဟန်ချန်ယောင်း က ပြောတယ်။
"နည်းပညာက ပြည့်စုံသွားရင်တောင် စီးပွားဖြစ် ထုတ်လုပ်ဖို့က မလွယ်ပါဘူး"
အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေ စီးပွားဖြစ် ထွက်လာဖို့အတွက် ကျော်ဖြတ်ရမယ့် အခက်အခဲတွေ အများကြီး ရှိနေသလို ဥပဒေ ပြင်ဆင်ချက်တွေကလည်း အရေးကြီးဆုံး ဖြစ်နေပါတယ်။
လက်ရှိ ဥပဒေအရ လူသားတွေက မထိန်းချုပ်တဲ့ အလိုအလျောက် မောင်းနှင်မှုက တရားမဝင်ပါဘူး။ ယာဉ်မောင်းတွေက စတီယာရင်ပေါ်မှာ လက်တင်ထားရသလို ရှေ့လမ်းကိုလည်း စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။
"OTK Company က ရိုနယ် နဲ့ ပူးပေါင်းထားတာပါ။ တကယ်လို့ သူတို့သာ နိုင်သွားရင် ကျွန်တော်တို့အတွက် အကြီးအကျယ် ထိခိုက်မှုတွေ ရလာနိုင်ပါတယ်"
ရိုနယ် က သူ့ရဲ့ မိန့်ခွန်းတွေမှာ တောင်ကိုရီးယားနဲ့ ဂျပန် ကားထုတ်လုပ်သူတွေကို ဝေဖန်လေ့ ရှိပါတယ်။ သူ့ရဲ့ အော်ဟစ်ဆဲဆိုမှုတွေထဲမှာ အွန်ဆောင်း လည်း မကြာခဏ ပါလေ့ရှိတာပါ။
ဒါကြောင့် အွန်ဆောင်း ဟာ သူ့ရဲ့ အမေရိကန် ဌာနခွဲကနေတစ်ဆင့် ဒိုင်ယန် ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုကို တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့တယ်။ ရိုနယ် ရွေးကောက်ခံရမှာကို ဘယ်လိုနည်းနဲ့မဆို တားဆီးဖို့ သူတို့ ဆုံးဖြတ်ထားကြတာပါ။
"အဲဒီလို ဖြစ်လာဖို့ အခွင့်အရေးက နည်းပါတယ်။ မင်းလည်း သိသားပဲ"
သမ္မတ ရွေးကောက်ပွဲက အခုဆိုရင် တစ်လတောင် မလိုတော့ပေမဲ့ ဒိုင်ယန် က အခုထိ သိသိသာသာ ရှေ့က ပြေးနေတုန်းပါ။ အဲဒါကို သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ ဟန်ချန်ယောင်း က CarOS နဲ့ ပတ်သက်ပြီး ရှုံ့ချတဲ့စကားတွေ ပြောလိုက်တယ်။
"အမေရိကန် ဈေးကွက်မှာ နည်းနည်းလောက် လွှမ်းမိုးနိုင်ရင်တောင် ပြည်တွင်း ဈေးကွက်ထဲကို ဝင်ရောက်ဖို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခက်ခဲလိမ့်မယ်"
ဟန်မင်းဂူ က ခေါင်းငြိမ့်ပြီး ပြောတယ်။
"OTK Company နဲ့ CarOS တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ကြရအောင်"
"ဟုတ်ကဲ့" လို့ ဟန်ချန်ယောင်း က ပြောပြီး အစည်းအဝေးခန်းထဲက မထွက်ခင် ဦးညွှတ်နှုတ်ဆက်လိုက်ပါတယ်။
ဒါက ကိစ္စကြီးတစ်ခုလို့ သူ မထင်ပေမဲ့ စိတ်ထဲမှာတော့ နည်းနည်း မတင်မကျ ဖြစ်နေမိတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက ကြီးထွားလာပြီး ပြိုင်ဘက် ဖြစ်လာတာကတော့ ရှောင်လွှဲလို့ မရပါဘူး။
"အစေခံက သူဌေးဖြစ်လာပြီး သခင်ကို ပြန်တော်လှန်သလိုမျိုးပဲ မဟုတ်လား" လို့ သူက ခပ်ပြုံးပြုံးလေး တွေးနေတုန်း ရုတ်တရက် သူ့ဖုန်းက မြည်လာပြီး 'VIP' ဆိုတဲ့ နာမည် ပေါ်လာပါတယ်။
ဟန်မင်းဂူ က ယဉ်ယဉ်ကျေးကျေးပဲ ဖုန်းကိုင်လိုက်တယ်။
"[ငါ ပက်ဆီဟျွန်း ပါ]"
"ဟုတ်ကဲ့ပါ။ သမ္မတကြီး"
လက်ရှိ သမ္မတ ပက်ဆီဟျွန်း ဟာ စီးပွားရေးလောကကနေ လာသူဖြစ်သလို စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ ကုမ္ပဏီကြီးတွေအပေါ် တော်တော်လေး ဖော်ရွေသူပါ။ သူက စီးပွားရေး ကြီးထွားဖို့နဲ့ အလုပ်အကိုင်တွေ တိုးပွားလာဖို့အတွက် ကောင်းမွန်တဲ့ စီးပွားရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးမယ်လို့ ကတိပေးခဲ့သလို ရွေးကောက်ခံရပြီးနောက်မှာလည်း အဲဒီကတိကို သစ္စာရှိရှိ တည်ခဲ့သူ ဖြစ်ပါတယ်။
စီးပွားရေးက တကယ်ပဲ ကြီးထွားလာလား ဒါမှမဟုတ် အလုပ်အကိုင်တွေ တိုးလာလားဆိုတာကို ဟန်မင်းဂူ မသေချာပေမဲ့ ကုမ္ပဏီကြီးတွေကတော့ ကောင်းမွန်တဲ့ စီးပွားရေး ပတ်ဝန်းကျင်မှာ အောင်မြင်လာကြတာကတော့ ထင်ရှားပါတယ်။
ပက်ဆီဟျွန်း ဟာ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ ရင်းနှီးသလို အထူးသဖြင့် အွန်ဆောင်းနဲ့တော့ တကယ့်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။
ဒါကြောင့် အွန်ဆောင်း ကော်ပိုရေးရှင်း ဟာ အစိုးရရဲ့ အပြည့်အဝ ပံ့ပိုးမှုအောက်မှာ ဈေးကွက်ဝေစုနဲ့ ပို့ကုန်တွေကို တိုးမြှင့်ပြီး အောင်မြင်လာခဲ့တာလေ။
အလုပ်တွေ စုပြုံလုပ်တာနဲ့ ဥပဒေကြောင်းအရ အခွန်ရှောင်တာတွေကနေတစ်ဆင့် အမွေဆက်ခံခွန်တွေကို လျှော့ချနိုင်ခဲ့သလို တရားရုံးမှာလည်း ငွေအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် အပြစ်မရှိကြောင်း စီရင်ချက်တွေကိုတောင် ရယူနိုင်ခဲ့ကြပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် အရှိန်တက်လာတဲ့ မတော်တဆမှုတွေမှာလည်း ထုတ်လုပ်သူဘက်မှာ အမှားမရှိဘူးလို့ ဆုံးဖြတ်ချက် ထွက်ခဲ့တာကြောင့် ကားတွေကို ပြန်ပြီး သိမ်းဆည်းရမယ့် recall ကိစ္စတွေကို အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ခဲ့ပါတယ်။
[ဒီတစ်ခေါက် PAS မက္ကဆီကို စက်ရုံ တည်ထောင်တဲ့ နေရာမှာ မင်းက အများကြီး ကြိုးစားပေးခဲ့တယ်လို့ ငါ ကြားပါတယ်]
ဟန်မင်းဂူ က ပြုံးရင်း ပြောတယ်။
"ဟားဟား။ ကျွန်တော် ဘာလုပ်ပေးလို့လဲဗျာ။ အဆင့်မြင့် နည်းပညာတွေ ရှိတဲ့ သမဝါယမ အသင်းတစ်ခုကို ပံ့ပိုးပေးရတာက သဘာဝကျပါတယ်"
[နောင်လည်း အတူတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်]
"ဒါပေါ့ခင်ဗျာ။ အွန်ဆောင်း နဲ့ PAS တို့ ကြီးထွားလာဖို့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ သမ္မတကြီးဘက်ကလည်း ဆက်ပြီး ပံ့ပိုးပေးပါဦးလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"
"ဒါပေါ့။ အွန်ဆောင်း ရဲ့ တိုးတက်မှုက နိုင်ငံရဲ့ တိုးတက်မှုနဲ့ အတူတူပဲ မဟုတ်လား"
ခဏလောက် အပြန်အလှန် နှုတ်ဆက်ပြီးတဲ့နောက် ပက်ဆီဟျွန်း က အဓိက အကြောင်းအရာကို စပြောပါတယ်။
"ဒါနဲ့... OTK Company ရဲ့ စီအီးအို က အသက် ၂၀ အရွယ် ကိုရီးယား လူငယ်လေးတစ်ယောက် ဆိုတဲ့ ကောလာဟလကို ကြားပြီးပြီလား"
ရုတ်တရက် စကားဝိုင်းက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
"ကြားတော့ ကြားဖူးပါတယ်။ ဒါပေမဲ့..."
ဒါကို အမေရိကန် နိုင်ငံရေးလောကမှာ ပထမဆုံး စပြီး ပြောခဲ့ကြတာပါ။ CarOS မှာ အသက် ၂၀ အရွယ် အာရှသား လူငယ်လေးတွေကို တွေ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်လာခဲ့တယ်။
ဒါပေမဲ့ အဲဒီလူက တကယ်ပဲ OTK Company ရဲ့ စီအီးအို ဟုတ်မဟုတ် ဆိုတာကတော့ မသေချာပါဘူး။
"ငါ့မှာ OTK Company နဲ့ ပတ်သက်ပြီး ဝေမျှစရာ သတင်းအချက်အလက် တချို့ ရှိတယ်"
ပက်ဆီဟျွန်း ဟာ အမျိုးသား ထောက်လှမ်းရေးဌာန ကနေတစ်ဆင့် သူ သိလိုက်ရတဲ့ အချက်အလက်တွေကို အကျဉ်းချုပ် ပြောပြလိုက်ပါတယ်။ ဟန်မင်းဂူ ကတော့ ဒီသတင်းကို ကြားပြီး အံ့ဩသွားရတယ်။
"ဒါ တကယ်ပဲလား။ OTK Company ရဲ့ စီအီးအို က ကိုရီးယားလူမျိုးတဲ့လား"
"ငါလည်း အတူတူပါပဲ။ ဒီအတိုင်း ထားလို့ မရတော့ဘူးလို့ ငါ ခံစားရတယ်။ ငါတို့ဘက်ကနေလည်း အစီအစဉ်တစ်ခုခု ဆွဲထားသင့်တယ် မဟုတ်လား"
စီးပွားရေးသမားတစ်ယောက်ဖြစ်သလို နိုင်ငံရေးသမား တစ်ယောက်လည်း ဖြစ်တဲ့ ပက်ဆီဟျွန်း ဟာ စေ့စပ်သေချာပြီး သတိကြီးသူပါ။ သူ့ရဲ့ လေသံအရဆိုရင် သူက အစီအစဉ်တစ်ခု ဆွဲထားပြီးပုံရပါတယ်။
ဟန်မင်းဂူ ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သူ မေးလိုက်တယ်။
"သမ္မတကြီးမှာ အကြံကောင်း ရှိလို့လား"